သိသောသူမည်ကား ကြားပါစေ . . .( ၉ ) @ သိုးဆောင်း

 


လွမ်းရက်အချို့ ကြာပြီနောက် . . .


ကို . . . 

အလုပ်တွေတအားပင်ပန်းနေလားဟင် . . .

ကျန်းမာရေးကို ဂရုစိုက်နော်။ ပင်လယ်ထဲမှာ ကို့ကို တကယ်ပဲ စိတ်မချဘူး။ သင်္ဘောပေါ်က လူတွေနဲ့ရော အဆင်ပြေရဲ့လား။ အဆင်ပြေအောင် ဆက်ဆံနော် ကို။ အလုပ် တစ်ခါမှ မလုပ်ဘူးတော့ အဆင်မပြေမှာ သုန္ဒရီအရမ်းပဲ စိုးရိမ်တယ်။

ကို အဆင်ပြေအောင် ညတိုင်းဘုရားမှာ မေတ္တာပို့ ဆုတောင်းပေးတယ်။ ကို့ကိုလည်း ညတိုင်းကန်တော့ပြီးမှ အိပ်တယ် သိလား။ တစ်ခါမှ မခွဲဘူးတော့ ကို့ကို အရမ်းလွမ်းတယ်ကွာ။ သုန္ဒရီကတော့ အဆင်ပြေပါတယ်။ Roll call ပြည့်အောင် အတန်းချိန် မှန်မှန်တက်တယ်။ စာမှန်မှန်ကျက်တယ်။

ကို့ကို လွမ်းတဲ့စိတ်ကို ဒါတွေနဲ့ပဲ ကုစားနေတာလေ။ နေလည်း ကောင်းတယ်။ တစ်ခုပဲ . . . ကို့ကို လွမ်းရင် ငိုချင်တာကိုတော့ သုန္ဒရီ မတားနိုင်ဘူး။

ဒေါ်လေးကတော့ သူ့ရှေ့မှာ ကို့ကို လွမ်းတယ်လို့ ညည်းမိရင် "ညည်းတို့က ပိုကို ပိုလွန်းတယ်တဲ့" ။ မပိုပါဘူးနော် ကို။ တကယ်လွမ်းလို့ လွမ်းတယ်ပြောတာပဲ။ ကိုလည်း သုန္ဒရီကို လွမ်းတယ်မလား။ လွမ်းရင် ကျန်းမာရေးကို ဂရုစိုက်။

မြန်မြန်ပြန်လာနိုင်အောင် ကြိုးစား။ အရက်တွေ တအားကြီး မသောက်နဲ့။ သင်္ဘောကမ်းကပ်ရင်လည်း ကောင်မလေးတွေ မကြည့်နဲ့။

ဒါပဲနော်။ ကြည့်ရင်တော့ သုန္ဒရီက စိတ်ဆိုးမှာဗျ။ သုန္ဒရီမသိဘူးလည်း မထင်နဲ့။ သုန္ဒရီက စိတ်ကူးနဲ့ ကို့လှုပ်ရှားမှုအားလုံးကို ကြည့်နေတာ . . .

ကို့ရဲ့ သုန္ဒရီ


E-mail ပို့ထားတာလေးတွေ ဖွင့်ဖတ်ပြီး စိတ်ကူးနဲ့ ကြည်နူးမိတာ နေ့တွေညတွေ မရေတွက်နိုင်ပါဘူး။ အလွမ်းဖြေစရာ ဒါလေးရှိလို့ တော်သေးရဲ့။ တစ်ခါတလေတော့လည်း အနားယူမယ့် အချိန်ထဲ ကဖဲ့ပြီး သူမနဲ့ တမေ့တမော ဖုန်းပြောဖြစ်ပါတယ်။

ရတဲ့ပိုက်ဆံ ဖုန်းကပ်ဖိုးနဲ့ ကုန်သွားမှာစိုးလို့ တားယူရတဲ့အထိပါပဲ။ မတတ်နိုင်ဘူးလေ။ မိုးလင်းမိုးချုပ် ပင်လယ်ပြင်ထဲနေရတဲ့ဘဝကြုံးဖူးမှ သိနိုင်မှာမဟုတ်လား ။ သူမကို လွမ်းတာတစ်ခုကလွဲပြီး ကျန်တာ အားလုံးကတော့ အဆင်ပြေပါတယ်။

သူမ စာထဲမှာ ရေးထားသလိုပါပဲ။ သူ့လှုပ်ရှားမှုအားလုံးကို စိတ်ကူးနဲ့ သိချင်သိနေနိုင်တာမို့ "တအားလွမ်းတာပဲ သုန္ဒရီရယ် "ဆိုတဲ့ စကားကိုတော့ တစ်ရက်မှာ အကြိမ်ပေါင်းများစွာ ပြောဖြစ်ခဲ့တယ်။

သူမ မကြားရရင်တောင် ပင်လယ်ရေတွေက သူမဆီ သယ်ဆောင်သွားပေးနိုင်တယ်လေ။

ဒီအချိန်ဟာ ငမိုးရိပ်ချောင်းဘေး သုန္ဒရီ လမ်းလျှောက်ထွက်နေကျအချိန် ဖြစ်နေတာကိုး။


ကို . . .

သုန္ဒရီ စာမေးပွဲ ဖြေရတော့မှာနော်။ စာမေးပွဲဖြေနိုင်အောင် အားပေးစကား ပြောပေးပါဦး။


ဒီလိုအခါမျိုးမှာတော့ သူမအတွက် တတ်သလောက် မှတ်သလောက် အားပေးစကား ပြောရပါသေးတယ်။ စာမေးပွဲပြီးဆုံးသည့်အခါမျိုးမှာလည်း ဖြေနိုင်၏။ မဖြေနိုင်၏။ E-mail ပြန်ပို့ပေးလေ့ ရှိတယ်။

ဒါပေမဲ့လည်း သင်္ဘောကမ်းနီးချိန်သာ Internet အသုံးပြုရလွယ်တာမို့ တစ်ခါတစ်ခါ သူမပို့ထားတဲ့ စာတွေက ရက်ပေါင်းအတော်ကြာမှ ရောက်လာတတ်တယ်။ အဲဒီအခါမျိုးမှာတော့ စာတွေတန်းစီပြီး ဖတ်ရတာ ထမင်းမေ့ ဟင်းမေ့ပဲ။


ကို . . .

ပြန်လာဖို့ရက် နီးနေပြီနော်။ မပျော်ဘူးလား။ သုန္ဒရီကတော့ ပြက္ခဒိန်ကြည့်မိတိုင်း ပျော်နေတာ သိလား။ အခုမှ တစ်ရက်တစ်က် နေရတာ ကြာသလိုပဲ။ ကုန်ကို မကုန်နိုင်ဘူး။ သုန္ဒရီတို့ မင်္ဂလာနှစ်ပတ်လည်နေ့တောင် ရောက်တော့မယ်နော်။

သုန္ဒရီအတွက် ဘာဝယ်လာမှာလဲ။

ဪ . . . ပြောရဦးမယ်။ ဧည့်ခန်းထဲမှာ သုန္ဒရီတို့ မင်္ဂလာဆောင်ဓာတ်ပုံကို အကြီးကြီးချဲ့ပြီး ချိတ်ထားတယ် . . . သိလား ။ လူ တစ်ကိုယ်လောက် နီးနီးရှိတယ်ကွ။ ကို ပြန်လာမှပဲ နောက်တစ်ပုံ ထပ်ချိတ်တော့မယ်။ ဒီတစ်ခါတော့ သုန္ဒရီ မပါတော့ဘူး။ ကို့တစ်ယောက်တည်းပုံကို ရွေးပြီး ချိတ်ထားမယ်။ ကို့ကို လွမ်းတိုင်း ထိုင်ကြည့်လို့ ရအောင်လေ။

မလိုတော့ဘူးနော်ကို . . .

ကျန်တဲ့အချိန်လေးကို အားတင်းထားဦး . . .

ကို့ရဲ့ သုန္ဒရီ

သုန္ဒရီပြောမှပဲ ခေါင်းအုံးအောက်က ဓာတ်ပုံကို ထုတ်ကြည့်မိတယ်။ ဓာတ်ပုံက အခါခါကြည့်ထားလွန်းလို့ လက်ယောင်လိုက်ပြီး ကြေတောင်နေပြီ။ သူတို့ မင်္ဂလာဦးဓာတ်ပုံလေးပါ။

အထဲမှာ သုန္ဒရီက ပြုံးဝင့်အားကိုးသော မျက်နှာနဲ့ သူ့လက်မောင်းကို ချိတ်ထားတယ်။ ဒီညတော့ အိပ်ပျော်မယ် မထင်တော့ပါဘူး။ ပြန်စာကိုတော့ မျက်ရည်တွေကြားမှပဲ ပြန်ရေးပေးဖြစ်တယ်။ နှလုံးသားက သံနဲ့ အရိုက်ခံထားရသလို စူးအောင့် နင့်နဲလို့။

(ခြေလက်ခေါင်းခါး ၊ စည်းဝါးနရီ ပိုင်နိုင်သည် x x x

မိုးမလင်းမီ ရွှေသုန္ဒရီရယ် x x x

ကကြိုးပျောက်မှာ စိုးမိသည် x x x

ခြေလက်ခေါင်းခါး စည်းဝါးနရီ ပိုင်နိုင်သည် x x x 

မိုးမလင်းမီ ရွှေသုန္ဒရီရယ် x x x ကကြိုးပျောက်မှာ စိုးမိသည်)

သေချာပါတယ်။ 

ဒီတစ်ညတော့ သူမကြိုးတွေနဲ့ မိုးလင်းတော့မှာပါ။


. . .


Second Cut


အခန်းတစ်ခုတွင်း၌ . . .

လိုက်ကာကို ဆွဲဖွင့်တော့ နံနက်ခင်းအလင်းရောင်တချို့ အခန်းတွင်းကို ဝင်ရောက်လာတယ်။ မနက်ကိုးနာရီ ထိုးပြီးနေပြီ။ ညက အိပ်ရာဝင်နောက်ကျသွားတာကို သတိရတော့ အတွေးတစ်ခုနဲ့ ပြုံးလိုက်မိပါသေးတယ်။

ဒီနေ့လည်း အပြင်ထွက်ဖို့ ဆန္ဒမရှိသေးဘူး။ အခန်းထဲမှာ ဒီတစ်ရက် ကုန်ဆုံးရဦးမယ်။ မှန်တင်ခုံရှေ့ရောက်တော့ ကိုယ့်မျက်နှာကိုယ် လေ့လာမိတယ်။ ဆံပင်က ပုံမကျတော့ဘူး။

ဆိုင်မှာမညှပ်ဘဲ ကိုယ်တိုင်ညှပ်လို့ တိုတာကတို၊ ရှည်တာကရှည်နဲ့ ကြွက်ကိုက်ထားသလို ဖြစ်နေပြီ။ ဒါလည်း တစ်မျိုးကောင်းပါတယ်။ အရင်မိုးဝေ မဟုတ်တော့ဘဲ မိုးဝေအသစ် ဖြစ်သွားတာပေါ့ ။ အဟင်း . . . ။

ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်လုပ်၊ တအောင့်ကြာတော့ ရေချိုးခန်း ဝင်။

ရေချိုး၊ အဝတ်လဲပြီးတော့ ဆယ်နာရီထိုးနေပြီ။ အစာစားချင်စိတ် မရှိဘူး။ ဒါနဲ့ပဲ ရေနွေးတစ်အိုးတည်ပြီး အသင့်ဖျော်လက်ဖက်ရည်တစ်ထုပ် ဖောက်သောက်လိုက်တယ်။

ခုံမှာ ဝင်ထိုင်တော့ စားပွဲပေါ်က အရာအချို့က သူ့ကို သရောတော်တော် မော့ကြည့်နေရဲ့။

ဘရာဇီးက ဝယ်လာသော ကော်ဖီသုံးဘူး၊ ပြောင်ဝင်လက်ရှနေသော ဓားတစ်လက်၊ နုပ်နုပ်စင်းထားသော သူ့ဆံပင်များ ၊ ပြီးတော့  TV Remote လေးတစ်ခု။

"ဟက်" ခနဲ ရယ်ပြီး Romote ကို ယူဖွင့်တော့ သုံးဆယ်နှစ်လက်မ TV ကြီး ဖျက်ခနဲ လင်းသွားပါတယ်။ ကြည့်လက်စ ဇာတ်ကားတစ်ကားက ပြန်လည် အသက်ဝင်လာတယ်။ လက်ဖက်ရည်ပူပူကို မှုတ်သောက်ရင်း ထိုဇာတ်ကားကို စိမ်ပြေနပြေ ထိုင်ကြည့်နေလိုက်တယ်။

တဖြည်းဖြည်းနဲ့ သူ့စိတ်တွေ ပြောင်းလဲလှုပ်ရှားလာကာ . . .

ပြီးတော့ . . .

ပြီးတော့ . . .

မနေ့က ခံစားမှုတစ်ခု ပြန်လည် အသက်ဝင်လာခဲ့ချေပြီ။


. . .

အပိုင်း - ၁၀ သို့


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်