ခန်းဆောင်နီအိပ်မက် @ အခန်း - ၁
ချင်ရှိယင်သည် အိပ်မက်ထဲတွင်
မနောမယိဒ္ဓိ ကျောက်စိမ်းတုံးကို
မြင်မက်ခြင်း။
ကျိယုကုန်သည်ဆင်းရဲနွမ်းပါးစဉ်တွင်
မိန်းပငယ်တစ်ဦးကို စွဲလမ်းခြင်း။
ယခုအခန်းသည် ဝတ္ထု၏ အဖွင့်ခန်း ဖြစ်၏။
ကျောက်စိမ်းတုံး၏ အကြောင်းကို ရေးသည့် ဤဝတ္ထု၌ စာရေးသူသည် မိမိ မြင်မက်ခဲ့သည့်
အိပ်မက်အချို့ကို မှတ်ဘမ်းတင်လို၏။ သို့ရာတွင် စာရေးသူသည် “မနောမယိဒ္ဓိ”
ကျောက်စိမ်းတုံးကို ပုံခိုင်း၍ ရေးခြင်းဖြင့် ဖြစ်ရပ်မှန်များကို ဖုံးကွယ်ရန်
ကြိုးစားခဲ့၏။ ထို့ကြောင့် ချင်ရှိယင် (“အဖြစ်မှန်များကို ဖုံးကွယ်ခြင်း” ဟု
အဓိပ္ပာယ်ထွက်၏။) စသည့် အမည်များကို အသုံးပြုထားသည်။ သို့ဖြစ်လျှင် ဤဝတ္ထုထဲတွင် ဖော်ပြထားသည့်
အဖြစ်အပျက်များသည် မည်သို့သော အဖြစ်အပျက်များနည်း၊ ဇာတ်ဆောင်တို့သည်
မည်သူတို့နည်း။ ဤအကြောင်းနှင့် ပတ်သက်၍ စာရေးသူက ဤသို့ဆို၏။
“အလုပ်လဲများ၊ ဖုန်လဲများတဲ့ ဒီလောကကြီးထဲမှုာ ကျုပ် ထွန်းထွန်းပေါက်ပေါက်
လုပ်ခဲ့တာဆိုလို့ ဘာမှမရှိခဲ့ဘူး၊ ဒီတွင် ကျုပ်သိခဲ့ဖူးတဲ့ မိန်းကလေးတွေအကြောင်းကို
သဘိရပြီး သူတို့ တစ်ယောက်ချင်းအကြောင်းကို ပြန်စဉ်းစားမိတယ်။ ဒီလို စဉ်းစားလိုက်တဲ့အခါကျတော့
သူတို့အားလုံးဟာ အမူအကျင့်မှာရော အသိအလိမ္မာမှာပါ ကျုပ်ထက် သာလွန်တာကို တွေ့ရတယ်၊ ယောင်္ကျားရဲ့
ဂုဏ်သိက္ခာကိုတောင် မထောက်ဘဲ ရှက်ရှက်နဲ့ ဖွင့်ပြောရယင် ကျပ်ဟာ သူတို့တက်
အများကြီး နိမ့်ကျနေတာကို တွေ့ရတယ်။ ဒါပေမယ့် ပြန်ပြင်လို့ မရတော့တဲ့အတွက်
ဒီအချိန်ကျမှ နောင်တရနေလို့လဲ အကျိုးမထူးတော့ပါဘူး၊ တကယ်တော့ ဘာမှ မတတ်နိုင်တော့ဘူ။
“ဘုန်းတော်ကြီးသော ဘုရင်ဧကရာဇ်ရဲ့ ပစားပေးခြင်း
ခံရတဲ့အတွက်ကြောင့် တစ်ကြောင်း၊ ဘိုးဘွားမိဘများရဲ့ အရှိန်အဝါကြောင့် တစ်ကြောင်း
ကျုပ်ဟာ ပိုးဖဲ ကတ္တီပါတွေကို ဝတ်ခဲ့ရပါရဲ့၊ စည်းစိမ်ရှိရှိ ကြီးပြင်းခဲ့ရပါရဲ့၊
ဒါပေမယ့် ကျုပ်ဟာ မိဘဆရာသမားများနဲ့ မိတ်ဆွေရောင်းရင်းတွေရဲ့ ဆုံးမ ပဲ့ပြင်မှုတွေကို
လျစ်လျူပြုခဲ့တယ်။ ဒါ့ကြောင့် ကျပ်ဟာ ကျုပ်ရဲ့ သက်တမ်းတစ်ဝက်လောက်ကို အချည်းနှီး
အကျိုးမဲ့ ဖြုန်းတီးပစ်ခဲ့တယ်၊ အတတ်ပညာဆိုလို့ တစ်ခုမှ တတ်ကျွမ်းခဲ့ဘူး။ ခုတော့
ဒီအကြောင်းတွေကို ဖွင့်ရေးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်၊ ဒါပေမယ့် ကျုပ်ရဲ့
ပြစ်မှုတွေဟာ ဘယ်လောက်ပဲ ကြီးလေးသည့်တိုင် ကျုပ်အပြစ်တွေကို ဖုံးကွယ်ချင်တဲ့
အတွက်၊ ဒါမှမဟုတ် ကျုပ်ရဲ့ တစ်ကိုယ်ကောင်းအတွက်တော့ ဒီ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေအကြောင်းကို
ဖုံးဖိ မထားထိုက်ပေဘူးပေါ့။
“ခုအချိန်မှာ ကျုပ်ရဲ့အိမ်က သက်ငယ်မိုး ထရံကာထားတဲ့ တဲကလေး၊ မီးဖိုက မြေမီးဖို၊
အိပ်တော့လဲ ကြိုးခုတင်ပေါ်မှာ အိပ်လို့၊ ဒါပေမယ့် ဒီလိုနေရတဲ့အတွက် ကျုပ်ကို အထင်သေးမှာစိုးလို့
ကျုပ်ရင်ထဲရှိတာတွေကို ဖွင့်မပြောဘဲ မနေပါဘူး။ ဟုတ်တယ်...မနက်ခင်း လေပြည်၊
ညနှင်းစက်၊ တဲ့ဝက မိုးမခပင်တွေနဲ့ ကျုပ်ခြံထဲက ပန်းပွင့်တွေကို မြင်ရထိတွေ့ရတော့
ကျုပ် ကလောင်ကိုင်ချင်လာတယ်။ ကျုပ်ဟာ စာပေကဗျာမှာ မကျွမ်းကျင်ပါဘူး၊ ဒါပေမယ့်
ကိစ္စမရှိပါဘူး၊ ချစ်စရာကောင်းတဲ့ ဒီမိန်းမချောကလေးတွေ အကြောင်းကို ကျုပ်သိတဲ့
သာမန်လူပြိန်း စကားနဲ့ပဲ ရေးမယ်။ ဒီလို ရေးလိုက်မယ်ဆိုယင် စာဖတ်သူတွေကို
အာရုံအပြောင်းအလဲပေးနိုင်မယ်၊ နေ့စဉ် ကြုံတွေ့နေရတဲ့ သောကဗျ'ပါဒတွေကိုလဲ မေ့ပျောက်နိုင်စေလိမ့်မယ်လို့ ကျုပ်သင်တယ်။ ဒါကြောင့် ကျုပ်ဟာကျိယုဆုန်ဆိုတဲ့
(‘လူပြိန်း စကားဖြင့်ရေးသာ ဝတ္ထု”) အမည်ကို တပ်လိုက်ခြင်းဖြစ်တယ်”
အဆွေစာဖတ်သူ။ ဤဝတ္ထု မည်သို့
ဖြစ်ပေါ်လာသည်ကို သင် သိပါသလော။ ကျုပ်၏ အဖြေသည် ယုံတမ်းပုံပြင်ကဲ့သို့ ဖြစ်ကောင်း
ဖြစ်နေလိမ့်မည်။ သို့ရာတွင် အသေအချာ စဉ်းစားကြည့်လျှင် လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းသည်ကို
တွေ့ရပါလိမ့်မည်။ ထို့ကြောင့် သင်တို့ စိတ်ထဲတွင် သံသယ ပျောက်သွားအောင် ကျုပ်
ရှင်းပြပါမည်။
အခါတစ်ပါး၌ မဟာပဗ္ဗတတောင်ရှိ
အသူရာချောက်၌ နေထိုင်သော နုဝါမည်သော နတ်သမီးသည် မိုးကောင်းကင်ကြီးကို ပြင်ဆင်ရန်အတွက်
ကျောက်တုံး ကျောက်ခဲတို့ကို အရည်ကျိုခြင်း ပြု၏။ ထိုနောက် သုံးသောင်း ခြောက်ထောင် ငါးရာ
တစ်ခုသော ကျောက်တုံးငယ်တို့ကို သွန်းထု၏။ ကျောက်တုံးငယ် တစ်ခုစီသည် အမြင့်ပေ
တစ်ရာ့နှစ်ဆယ်ရှိ၍ အကျယ် စတုရန်းပေ နှစ်ရာ့လေးဆယ်ရှိ၏။ ထို နတ်သမီးသည်
ထိုကျောက်တုံးတို့အနက်မှ ကျောက်တုံး သုံးသောင်း ခြောက်ထောင် ငါးရာကိုသာ
အသုံးပြုပြီး ကြွင်းသော ကျောက်တုံးတစ်တုံးကိုမူ မေတ္တာတောင်ခြေရင်းသို့
ပစ်ချလိုက်၏။ နှစ်ကာလ ရှည်ကြာသည့်အခါ၌ ထိုကျောက်တုံးသည် မနောဝိညာဉ်ကို ရလာခဲ့၏။
အခြားသော ကျောက်တုံးတို့မှာ မိုးကောင်းကင်ကြီးကို ပြင်ဆင်ရာတွင်
အသုံးပြုခြင်းခံရပြီး မိမိမူကား စွန့်ပစ်ခံရလေခြင်းဟု အရှက်ရကာ ထိုကျောက်တုံးသည်
ပူဆွေးသည်ဖြစ်၍ နေ့ညမစဲ သည်းထန်စွာ ငိုကြွေးခြင်းပြု၏။
တစ်နေ့သ၌ ကျောက်တုံးသည် မိမိ၏ အဖြစ်ကို
အောက်မေ့ ပူဆွေးလျက်ရှိစဉ် ဗုဒ္ဓ၏ သားတော် မထေရ်တစ်ပါးနှင့် တာအိုရဟန်းတစ်ပါးတို့
အဝေးမှ ကြွလာသည်ကို မြင်ရ၏။ ထိုရဟန်း နှစ်ပါးစလုံးသည် တင့်တယ်သော အသရေနှင့်
ကြည်ညိုဖွယ် အဆင်းကို ဆောင်၏။
ရဟန်းနှစ်ပါးသည် ကျောက်တုံးဆီသို့
ရောက်လာကာ သင့်တင့် လျောက်ပတ်စွာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးနောက် အလ္လာပ သလ္လာပ
စကားဆိုကြ၏။
ယခုအချိန်တွင် ယပ်မြီးဖျားမှ
ပန်းပွားလုံးငယ်မျှလောက်သာ ကျန်သည့် အရည်အသွေးလဲ့သော ကျောက်တုံးကို မြင်သည့်အခါ၌
မထေရ်သည် ကောက်ယူ၍ လက်ဝါးပေါ်သို့ ဘင်ပြီးလျှင် ဤသို့ဆို၏။ “အသင်သည်
အဖိုးတန်ကျောက်မျက်တစ်ပါးနှင့် တူ၏။ သို့ရာတွင် ယခုအချိန်၌ တကယ့်တန်ဖိုး မရှိသေး၊ ထို့ကြောင့်
လူအပေါင်းတို့ သင့်ကိုမြင်လျှင် ထူးခြားသော ပစ္စည်းမှန်းသိစေရန် သင့်ကိုယ်တွင် ငါ
ကမ္ဗည်းစာတမ်း ရေးထိုးပေးအံ့။ ထိုနောက် ငါတို့သည် အသင့်အား သာယာဝပြောသော
တိုင်းပြည်တစ်ပြည်မှ မှူးကြီးမတ်ရာ သေနာပတိ အဆင့်ရှိသော မွန်ရည်ယဉ်ကျေးသည့်
အိမ်ထောင်စုတစ်စုသို့ ပို့ဆောင်ပေးအံ့။ ထိုအရပ်၌ ပန်းပွင့်တို့သည် ဝေဆာစွာ ပွင့်ဖူး၍
မိုးမခပင်တို့သည်လည်း စည်ပင်စွာ ပေါက်ရောက်ကြကုန်၏၊ ထိုအိမ်သည်
စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသည်ဖြစ်၍ အသင်သည်လည်း မတောင့်မတ မကြောင့်မကြ
နေနိုင်ပေ၏”
ထိုအခါ၌ ကျောက်တုံးသည်
များစွာဝမ်းမြောက်ခြင်းဖြစ်၏။
“တပည့်တော်အား မည်သို့သော
ဂုဏ်ထူးဝိသေသများ သနားတော်မူမည်ကို သိပါရစေဘုရား၊ ဘယ်အရပ်
ဘယ်ဒေသသို့ ပို့ဆောင်မည်ဆိုသည်ကိုလည်း သိပါရစေဘုရား”
“မမေးလေနဲ့ဒကာ၊ အချိန်တန်တော့ သိရမှာပ’ဟု
မထေရ်မြတ် မိန့်၏။
ထိုသို့ဆို၍ မထေရ်မြတ်သည် ကျောက်တုံးကို
သင်းပိုင်ကြားတွင် ညှပ်ကာ တာအိုရဟန်းနှင့်အတူ ကြွတော်မူလေ၏။
သို့ဖြင့် နောင် ကပ်ကမ္ဘာများစွာ
ကြာသည့်အခါ၌ ဘဒ္ဒန္တကဿပ မည်သော ရဟန်းတစ်ပါးသည် မဂ်ဖိုအလို့ငှာ မဟာပဗ္ဗတတောင်တန်း
မေတ္တာတောင်ခြေရင်းရှိ အသူရာချောက်သို့ ကြွလာ၏။ ဆရာတော်သည် ကျောက်တုံးကြီး တစ်တုံးပေါ်တွင်
ရေးထွင်းထားသည့် ကမ္ပည်းစာတစ်ခုကို မြင်သည်တွင် ထိုကမ္ပည်းစာကို ဖတ်ရှုကြည့်၏။
ကမ္ဗည်းစာတွင် ကောင်းကင်ကို ပြင်ဆင်ရာ၌ အသုံးပြုခြင်း မခံရဘဲ လူ့ပြည်သို့
ပစ်ချခံရသည့် ကျောက်တုံးတစ်တုံး ရှိခဲ့ကြောင်း၊ ထိုကျောက်တုံးသည် အဖိုးတန်
ကျောက်စိမ်းတစ်လုံး ဖြစ်သွားကြောင်း၊ ထိုကျောက်တုံးကို အရဟတ္တဖိုလ်သို့
ဆိုက်ခဲ့ကြသော မထေရ်မြတ်နှစ်ပါးက လူ့ပြည်သို့ ဆောင်ယူတော် မူခဲ့ကြကြောင်း၊
ထိုကျောက်တုံးသည် ဝမ်းသာခြင်းနှင့် ဝမ်းနည်းခြင်း၊ ပေါင်းဖော်ခြင်းနှင့်
ကွေကွင်းခြင်း၊ ပူခြင်းနှင့် အေးခြင်း စသည့် လောကဓံတရားတို့ကို
ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီ ဖြစ်ကြောင်းနှင့် ရေးထားပြီး ကျောဘက်တွင်
ဂါထာတစ်ပုဒ်ကိုလည်း ရေးထိုးထားလေ၏။
ကောင်းကင်မိုးပြာကို
ပြင်ခွင့်မကြုံသဖြင့်
လောကမြေတစ်ခွင်သို့ ငါဆင်းသက်ခဲ့သည့်တိုင်
အချည်းနှီးသာတည်း။
လူ့ဘုံနတ်ဘုံတွင် ကျင်လည်ရသည့် ငါ့ဘဝကို
ဤတွင် ငါကမ္ပည်းထိုးပါ၏။
ဤငါ၏ ပုံပြင်ကို မည်သူအား ပြောရပါမည်နည်း။
ထိုဂါထာ၏ အောက်တွင်မူ လူ့ပြည်တွင်
ထိုကျောက်တုံး ကျရာအရပ်၊ လူ့ပြည်တွင် ထိုကျောက်တုံး လူဝင်စားဖြစ်ရာ ထိုကျောက်တုံး၏
အဖြစ်အပျက်တို့နှင့်တကွ ထိုကျောက်တုံး လူဝင်စား၏ အိမ်ထောင်ရေးကိစ္စများကို
ရေးသားထားသည့်ပြင် အပြင်းပြေဖတ်ရန် လင်္ကာတိုကလေးများကိုလည်း ရေးသားထားလေ၏။ ‘သို့ရာတွင်
ထိုကျောက်တုံး လူဝင်စားပြန်ဖြစ်ရာ ခုနှစ်၊ တိုင်းပြည်နှင့် မင်းဆက် တို့ကိုကား
ဖော်ပြထားခြင်းမရှိချေ။
ဘဒ္ဒန္တကဿပသည် ကျောက်တုံးကို ဤသို့ ဆို၏။
“အသင်ကျောက်တုံး၊ ဤတွင် ကမ္ပည်းရေးထိုးထားသည့်
ပုံပြင်သည် အများသူငါ သိထိုက်သော စိတ်ဝင်စားဖွယ် ပုံပြင် ဖြစ်သည်ဟု သင်ယူဆပုံရ၏။
သို့ရာတွင် ငါ့အမြင်အရ ပြောရလျှင်... ပထမအားဖြင့် သင့်ပုံပြင်ထဲ၌ မင်း၏အမည်နှင့်
ခုနှစ်ကိုရှာမတွေ့၊ ဒုတိယအားဖြင့် ထိုက်တန်၍ သစ္စာရှိသော မှူးကြီးမတ်ကြီးများ၏ အကြောင်းနှင့်
၎င်းတို့ မည်သို့မည်ပုံ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ကြသည် ဆိုသည့် အကြောင်းကိုလည်း
ငါရှာမတွေ့၊ သင့်ပုံပြင်၌ တဏှာနှင့် မောဟနိုင်ငံသို့ လိုက်နေကြသည့်
မိန်းမတို့အကြောင်းသာ ပါ၏။ (ဟန်မင်းဆက်ခေတ်က ကျမ်းတတ်စာတတ် အမျိုးသမီးများ ဖြစ်ခဲ့ကြသော)
ပန်ကျောက်နှင့် ဆိုင်ယင်တို့နှင့်ပင် ယှဉ်ခြင်းငှာ မထိုက်သော၊ သေးနုတ်သော
အရည်အချင်းများနှင့် သေးနုတ်သည့် ပါရမီတို့မျှလောက်သာရှိသည့် မိန်းမတို့
အကြောင်းသာ ပါ၏။ ဤကမ္ပည်းကျောက်စာပါ သင့်ပုံပြင်ကို ငါကူးယူ၍ ဖြန့်ဝေသည့်တိုင်
မည်သူမျှ စိတ်ပင်စားဖွယ်ရာ အကြောင်းမရှိ”
ထိုအခါ၌ ကျောက်တုံးက ပြုံးလျက်
“အရှင်သည်
ရိုးဖြောင့်လွန်းလှ၏၊ ခုနှစ် သက္ကရာဇ်ကို မသိလျှင် လွယ်ပါ၏၊ သက္ကရာဇ်မသိလျှင်
ဟန်မင်းဆက်ခေတ်နှင့် တန်မင်းဆက်ခေတ်ဟု အလွယ်ပြောရိုးရှိပါသည်။ အရှင်သည် ထိုခေတ်က
ဖြစ်သည်ဟု ပြေးလိုက်လျှင်ပြီးပါသည်။ ရှေးက ပုံပြင်ဝတ္ထုများသည် ခေတ်မသိလျှင်
ဟန့်ခေတ်နှင့် ထန်ခေတ်ဟု ပြောတတ်ကြပါသည်။ ယခု ကျွန်ုပ်၏ ဝတ္ထုမှာ သူတို့နှင့်မတူ
တစ်မူထူးခြား၍ သက္ကရာဇ်ကို ဖော်ပြခြင်းမရှိသည်တစ်ချက်၊ ကျွန်ုပ်ကိုယ်တိုင်
အမှန်တကယ် ကြုံတွေ့ရသည့် အဖြစ်အပျက်များကိုသာ ရေးပြခြင်းဖြစ်သည် တစ်ချက်၊
ထိုနှစ်ချက်ကြောင့်ပင်လျှင် ကျွန်ုပ်၏ ပုံပြင်သည် သူတို့ထက် ထူးသည့်ထက်ပင် ပုံပြင်
ပီသနေပါသေးသည်။ အရှင်သည် အဘယ့်ကြောင့် မင်းဆက်နှင့် ခုနှစ်သက္ကရာဇ်တို့ကို မေးတော်မူနေရသနည်း။
ဈေးကွက်တွင် သွားလာနေကြသည့် သာမန်လူပြိန်းတို့မည်သည် ကျမ်းကြီး ကျမ်းခိုင်တို့ထက်
အရွှင်အပြုံး၊ အပေါ့အလွင် စာတို့ကိုသာ ကြိုက်တတ်ကြသည်။ များစွာသော ဝတ္ထုတို့သည်
ပြည့်ရှင်ဘုရင်များနှင့် မှူးကြီးမတ်ရာတို့ကို အသရေပျက်စေသည့်
ထိုးဇာတ်မျိုးသာပါဝင်ကြ၏၊ သို့မဟုတ်လျှင်လည်း ဇနီးမယားများ၊ သားသမီးများ လော်လီ
ဖောက်ပြားကြသည့် အကြောင်းတို့သာ ပါဝင်ကြကုန်၏၊ ကာမေသုကိစ္စနှင့် ပါဏာတိကိစ္စ
(ဖိုမလိင်ကိစ္စနှင့် သတ်ဖြတ်ကြသည့်ကိစ္စ) တို့သာ ပါဝင်ကြ၏။
လေညင်းနှင့်လရောင်ဂိုဏ်းမှ စာရေးဆရာတို့ကား ထိုထက်ပင် ဆိုးသေး၏၊ ၎င်းတို့သည်
လူငယ်များအား ညစ်ညမ်းသော စာပေနှင့် အညစ်အကြေးတို့ကိုပေး၍ ဖျက်ဆီးကြ၏၊
မိန်းမချောများနှင့် သုခမိန်တို့၏ အချစ်ဇာတ်လမ်းတို့သည်လည်း တစ်ပုံစံတည်းဖြင့်
ဖန်တရာတေအောင် ရေးခဲ့ကြပြီဖြစ်၍ ထိုစာပေများ အားလုံးသည်လည်း ညစ်ညမ်းမှုထဲတွင်သာ
ဝဲလည်၍ နေကြကုန်၏။ ထိုဝတ္ထုများသည် သမိုင်းတွင်ရှိခဲ့ကြသော ချောမောခန့်ညား၍
နှလုံးရည်နှင့် ပြည့်စုံသော မင်းပျိုမင်းလွင်များနှင့် လှပယဉ်ကျေးသော
မိန်းမချောများ အကြောင်းကို ပုံတူကူး၍ ရေးခဲ့ကြ၏။ သို့ရာတွင် ကိုယ့်ရည်းစားစာ
ကဗျာကို ထည့်ချင်သောအခါ၌ စာရေးဆရာသည် ပုံစံကျ ဇာတ်လိုက်များနှင့်
ဇာတ်လိုက်မင်းသမီးများ အကြောင်းကို ရေးတတ်ကြ၏၊ ပြဇာတ်တွင် လူပြက်ထည့်သည့်နှယ်
သူတို့နှစ်ဦးကြားတွင် အထင်လွှဲ အမြင်လွဲဖြစ်၍ အလွမ်းခန်း ဖွင့်နိုင်ရန်အတွက်
ကုန်းကောင် တစ်ကောင်ကိုလည်း ထည့်ပေးတတ်ပါသည်။ တစ်ရံတစ်ခါတွင်လည်း စာတတ်ပေတတ်
ကျွန်မိန်းမတို့ကို ပညာရှိစကားတွေ အပြောခိုင်း ကခိုင်းတတ်ပါသည်။ ထို့ကြောင့်
ထိုဝတ္ထုများအားလုံးသည် ဝိရောဓိများနှင့် ပြည့်နှက်လျက်ရှိပြီး
သဘာဝယုတ္တိလည်းကင်းမဲ့နေကြပါသည်။
“တပည့်တော် ငယ်ရွယ်စဉ်က
တွေ့ခဲ့ရသည့် မိန်းကလေးများမှာ ထိုဝတ္ထုများထဲက မိန်းကလေးများထက် အဆများစွာ သာပါသည်။
သို့ဆိုလိုက်ခြင်းကြောင့် တပည့်တော်၏ ပုံပြင်ထဲမှ ဇာတ်ဆောင်များသည်
ရှေးဝတ္ထုကြီးများမှ ဇာတ်ဆောင်များထက် သာလွန်သည်ဟု ပြောခြင်းမဟုတ်ပါ။ သို့ရာတွင်
တပည့်တော်၏ ပုံပြင်ထဲမှု ဇာတ်ဆောင်များ၏ အကြောင်းသည် ဖတ်သူတို့ကို
စိတ်အပန်းပြေစေပါလိမ့်မည်၊ သောကတို့ကို ပြေပျောက်စေပါလိမ့်မည်၊ တပည့်တော်၏ ပုံပြင်ထဲတွင်ပါသည့်
ကဗျာတို စာတိုကလေးများသည်လည်း ဖတ်သူတို့၏ နှလုံးကို ရွှင်ပြုံးစေပါလိမ့်မည်၊
ဝိုင်အရက်နှင့်တွဲလျှင် အမြည်းကောင်း ဖြစ်ပါလိမ့်မည်။ ကွဲခန်းနှင့် ပေါင်းခန်း၊
ဆွေးခန်းနှင့် ပျော်ခန်း၊ ပျက်စီးခန်းနှင့် ကြီးပွားခန်း စသည်တို့နှင့် ပတ်သက်၍မူ
တပည့်တော်၏ ပုံဝတ္ထုတွင်ပါသည့် အချက်အလက်တို့သည် အားလုံး အမှန်များသာ ဖြစ်ပြီး
တစိုးတစိမျှ ပြောင်းလဲခြင်းမရှိပါ။
“ယနေ့အချိန်၌ ဆင်းရဲသား လက်လုပ်လက်စားတို့၏ နေ့စဉ်ကိစ္စမှာ စားရေးနှင့်ဝတ်ရေး
ဖြစ်ပါသည်။ ချမ်းသာသူတို့မှာကား ဘယ်အခါမျှ မရောင့်ရဲနိုင်ကြပါ။ သူတို့၏
အားလပ်ချိန်များမှာ လော်လီဖောက်ပြားခြင်း၊ ပစ္စည်းဥစ္စာရှာဖွေခြင်း၊ သူတစ်ပါးကို
ဒုက္ခပေးခြင်းဖြင့် အချိန်ကုန်လျက် ရှိပါသည်။ သူတို့တွင် နိုင်ငံရေးကျမ်းစာများ
နီတိကျမ်းများကို ဖတ်ရှုရန် အချိန်မရှိပါ၊ ထို့ကြောင့် ကျွန်ုပ်၏ဝတ္ထုကို ထိုလူများ
ချီးကျူးစရာမလိုပါ၊ အပျင်းပြေအဖြစ်လည်း မဖတ်စေလိုပါ၊ ဝိုင်အရက်နှင့် အစားအသောက်ကို
၀လင်စွာ စားသောက်ပြီးသည့်အခါ သို့မဟုတ် နေ့စဉ်သောကတို့မှ ထွက်ပေါက်ရှာနေသည့်
အခါမျိုးတွင် အငြီးပြေရုံမျှသာ ဖြစ်လိမ့်မည်ဟု’ မျှော်လင့်ပါသည်။ အခြားသော
အပျော်အပါးတို့ကို လိုက်စားမည့်အစား ဤဝတ္ထုကို ဖတ်ကြည့်ခြင်းဖြင့် မိမိတို့၏
ခွန်အားများကို ချွေတာရာ ရောက်စေပြီး အသက်ရှည်စွာ နေနိုင်ပါလိမ့်မည်၊
ရန်ဖြစ်ခြင်း၊ ငြင်းခုံခြင်းတို့မှ ကင်းဝေးနိုင်ပါလိမ့်မည်၊ တံလျပ်နောက်သို့
လိုက်နေရသည့်အဖြစ်မျိုးမှ ရှောင်ရှားနိုင်ပါလိမ့်မည်။
“ထိုမျှမက ဤဝတ္ထုသည် ဆူချင်း၊ ချိုဝင်ချွန်း၊ တန်ညန်၊ စောယုစသည့် (ရှေးခေတ်) သုခမိန်များနှင့်
မိန်းမချောများအကြောင်းကို ရေးထားသည့် တွေ့ချစ်ကွဲညား အညံ့စားဝတ္ထုများနှင့် မတူဘဲ
စာဖတ်သူများအား ဆန်းသစ်မှု တစ်စုံတစ်ရာကို ပေးနိုင်ပါသည်။ အရှင်၏ သဘောထားကို
မိန့်တော်မူပါဘုရား”
ဘဒ္ဒန္တကဿပသည် အတန်ကြာ စဉ်းစားပြီးနောက်
“ကျောက်တုံးပုံဝတ္ထု” ကို ဖတ်ကြည့်လေ၏။ သစ္စာမဲ့မှု၊ မြှောက်ပင့်မှုနှင့်
မကောင်းမှုတို့ကို တိုက်ခိုက်ဝေဖန်ထားသည့် အချက်များကို စာအုပ်ထဲတွင် တွေ့ရပေ၏။
သို့ရာတွင် ခေတ်ကို စောကြောဝေဖန်သည့် စာအုပ်ကား မဟုတ်ချေ။ ထိုပူက သဘောထားကြီးသည့်
မင်းညီမင်းသားများ စိတ်နှလုံးကောင်းရှိသည့် မှူးမတ်များ၊ သနားကြင်နာတတ်သော
ဖခင်များ၊ လူကြီးမိဘကို ကိုင်းရှိုင်းသော သားများနှင့် လူအချင်းချင်း ဆက်ဆံရာတွင်
လိုက်နာစောင့်ထိန်းအပ်သည့် ကျင့်ဝတ်များနှင့်တကွ ကောင်းသောအလုပ်များကို အားပေးချီးကျူးထားသည့်
အချက်များ ပါသည့်အလျောက် အခြားဝတ္ထုများထက်ကား သာပါပေသည်။ ထိုဝတ္ထု၏ အဓိက မဏ္ဍိုင်ကျောရိုးမှာ
အချစ်အကြောင်းပင် ဖြစ်သော်လည်း အဖြစ်အပျက်များကို အမှန်အတိုင်း ဖော်ပြထားပါသည်။
အပျော်အပါးလိုက်စားခြင်း၊ သောက်စားမူးယစ်ခြင်း စသည်တို့ကို အသားပေးရေးထားသည့်
အတုအယောင် စာပေများထက်လည်း သာပါသည်။ ထိုဝတ္ထုမှာ လက်ရှိခေတ်အကြောင်းကို
ရေးသားထားခြင်း မဟုတ်သည့်အတွက် ဆရာတော်သည် ထိုပုံပြင်ဝတ္ထုကို အစအဆုံး ကူးပြီးနောက်
ပုံနှိပ်ထုတ်ဝေသူကို လိုက်လံရှာဖွေလျက် ရှိုလေ၏။
လောကတွင် ရှိရှိသမျှသော အရာတို့သည်
အနှစ်မဲ့မျှသာ ဖြစ်ကြကုန်၏။ နတ္ထိမျှသာ ဖြစ်ကြကုန်၏။ တဏှာလောဘ စသည်တို့သည်
ထို့အထဲမှ ပေါ်ထွက်လာကြကုန်၏။ ရှိရှိသမျှ အရာတို့အတွက် လိုချင်တပ်မက်ခြင်းသည်
နောက်ဆုံး၌ အနှစ်မဲ့သော အရာကို တောင့်တခြင်းသာ ဖြစ်ကြကုန်၏။ ထို့ကြောင့်
တာအိုရဟန်းသည် သူ့ဘွဲ့ကို နတ္ထိရဟန်းဟု အမည်ပြောင်းကာ ပုံဝတ္ထုကိုလည်း
“ကျောက်တုံး၏ ပုံပြင်ဝတ္ထု” ဆိုသော အမည်မှ “နတ္ထိဟန်း၏ မှတ်တမ်း” ဟု
အမည်ပြောင်းလိုက်လေ၏။
ရှန်တောင်မြို့မှ ကွန်ပေရှိဆိုသော
စာရေးဆရာကမူ ထိုဝတ္ထု၏ အမည်ကို “အချစ်၏ကြေးမု” ဟု အမည်ပေး၏။ ထိုနောက် ဇောင်ဆူချင်းဆိုသည့်
စာရေးဆရာမှ ထိုပေစာကို ဆယ်နှစ်တိုင်တိုင် ဖတ်ရှုလေ့လာပြီးနောက် ငါးကြိမ်မျှ
ပြန်ရေး၏။ အခန်းများခွဲကာ ခေါင်းစဉ်တပ်ပေးပြီးလျှင် ဝတ္ထုအမည်ကို “ကျင်လင်းမြို့မှ
မိန်းမချောဆယ့်နှစ်ဦး” ဟု အမည်ပေးပြီးလျှင် အောက်ပါ ကဗျာကလေးကိုလည်း ရေးထား၏။
ခုံမင်နှစ်သက်၊ ဤဖြစ်ပျက်ကို
မျက်ရည်နှင့်သာ၊ ငါရေးပါ၏။
အများသူငါ၊ လူတကာတို့
စာရေးသူကို၊ သူရူးဆိုကြ
ခွန်းဟပြောကြား၊ သူ့စကားလည်း
ကြားသူအလျင်း၊ နာသူကင်း၏။
ဤတွင်ရွေ့ကား ဤဝတ္ထု ဖြစ်ပေါ်လာပုံကို
ရှင်းပြီးဖြစ်သည့်အတွက် ကျောက်တုံးပေါ်တွင်မှုတ်တမ်းတင်ထားသည်တို့ကို ကျွန်ုပ်တို့
ကြည့်ကြကုန်အံ့။
တစ်ရံရောအခါ၌ မြေကြီးသည်
အရှေ့တောင်အရပ်တွင် နိမ့်ဆင်းသွားလေ၏။ ထိုနိမ့်ဆင်းရာအရပ်၌ ဆူချောင်အမည်ရှိ
မြို့တစ်မြို့ရှိ၏။ ထိုမြို့ရှိ ချိန်မင်းတံခါးခေါ် မင်္ဂလာ တံခါးအနီး၌ မှူးမတ်
သူဌေး သူကြွယ်တို့ နေထိုင်ရာ ခမ်းနားသည့် ရပ်ကွက်တစ်ခုရှိပေ၏။
မင်္ဂလာတံခါးအပြင်ဘက် သောင်းတိုင်လမ်းအနီးတွင်မူ သန့်စင်လမ်းဟူသော လမ်းကလေးတစ်ခု ရှိလေ၏။
ထိုလမ်းပေါ်တွင် ရှေးဘုရားတစ်ဆူရှိ၏။ နေရာကျဉ်းကျဉ်းကလေးတွင် တည်ထားသည့်
စေတီဖြစ်သဖြင့် ရှည်မြောမြောသဏ္ဌာန်ရှိသောကြောင့် ထိုဘုရားကို ဗူးဘုရားဟုခေါ်ဝေါ်
သမုတ်ကြလေ၏။ ထိုဗူးဘုရားအနီးတွင်မူ ရှိယင်ဟူသော အမျိုးကောင်းသားတစ်ဦး
နေထိုင်လျက်ရှိ၏။ သူ့ဇနီး ဖန်သည်လည်း သမာသမတ်ရှိ၍ အကျင့်သိက္ခာနှင့် ပြည့်စုံသော
မိန်းမတစ်ဦးဖြစ်၏။ ရှိယင်တို့ လင်မယားသည် ချမ်းသာသော သူကြွယ် မှူးမတ်မျိုး မဟုတ်သည့်တိုင်
၎င်းတို့လင်မယားကို အားလုံး ချစ်ခင်လေးစားကြ၏။
ရှိယင်သည် အေးချမ်းစွာ နေထိုင်သူ
တစ်ယောက် ဖြစ်၏။ ရာထူးဂုဏ်၊ ဓနဂုဏ်တို့ကို မက်မောခြင်း မရှိဘဲ ပန်းပင် စိုက်ခြင်း၊
ဝါးပင်စိုက်ခြင်း၊ ဝိုင်အရက်သောက်ခြင်း၊ ကဗျာစာပေတို့ကို လိုက်စားခြင်းဖြင့်
ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက်ရှိ၏။ ရှိယင်တွင် တစ်ခုသာလို၏။ ရှိယင်သည်
အသက်ငါးဆယ်ကျော်ခဲ့ပြီ။ သို့ရာတွင် သားယောက်ျားလေး မရှိသေးချေ။ ယင်လင်း (မကြာဖြူ)
အမည်ရှိ သုံးနှစ်သမီးကလေး တစ်ဦးသာ ရှိ၏၊
ပူပြင်းရှည်လျားသည့် နွေရာသီနေ့တစ်နေ့၌
ရှိယင်သည် သူ့အိမ်ရှိ ပိဋကတ်ခန်းတွင် ထိုင်၍ စာဖက်လျက်ရှိစဉ် စာအုပ်သည်လက်မှ
လွတ်ကျသွားကာ စားပွဲပေါ်တွင် ခေါင်းတင်ပြီး အိပ်ပျော်သွားလေ၏။
အိပ်မက်ထဲ၌ ရှိယင်သည် အရပ်တစ်ခုသို့ သွားရောက်လည်ပတ်
နေစဉ် သူ့အနီးသို့ ဗုဒ္ဓ၏သားဘော် မထေရ်တစ်ပါးနှင့် တာအို ရဟန်းတစ်ပါးတို့
စကားပြောဆို လာကြသည်ကို မြင်ရ၏။ တာအိုရဟန်းက “အဖိုးမတန်သော ဤပစ္စည်းကို အဘယ်သို့ ယူသွားမည်နည်း
ငါ့ရှင်” ဟု မေး၏။
“မစိုးရိမ်နှင့် ငါ့ရှင်၊ မကြာမီတွင် ချစ်မေတ္တာ ဇာတ်လမ်း တစ်ပုဒ်သည် အစပြုတော့အံ့။
သို့ရာတွင် ထိုချစ်မေတ္တာ ဇာတ်လမ်း၌ ပါသူအချို့သည် လူ့ပြည်တွင် မွေးဖွားလာခြင်း
မရှိသေး။ ငါသည် ဤကျောက်တုံးအား ထိုဇာတ်လမ်းတွင် ပါဝင်ရန် ထားပစ်ခဲ့အံ့’’
“သို့ဖြစ်လျှင် ထို ချစ်မေတ္တာ ဇာတ်လမ်းသည်
မည်သည့် အရပ်ဒေသတွင် ပေါ်ပေါက်မည်နည်း ငါ့ရှင်” ဟု မေး၏။
“ထူးဆန်းပေ၏ ငါ့ရှင်၊ သင်သည် ဤအဖြစ်အပျက်မျိုးကို တစ်ခါမျှ မကြားသေး။ အနောက်ဘက်
ဗြဟ္မမြစ် တစ်ဘက်ကမ်း၊ သုံးပါးကျောက်တိုင် အနီး၌ ပုလဲနီပင် တစ်ပင်သည် ရှိ၏။
ထိုအပင်ကို ကျောက်နီနန်းတော်မှ ဥယျာဉ်မှူး ရှန်ယင်းသည် နှင်းရည်တို့ဖြင့် အမြဲတမ်း
သွန်းလောင်းပြုစု၏။ ထိုအပင်သည် မြေကြီးနှင့် ကောင်းကင်မှ ဩဇာတို့ကို သောက်သုံး၏၊
မိုးရေနှင့် နှင်းစက်တို့ကို သောက်သုံး၏။ ကြာလတ်သော် ထိုအပင်သည် အပင်အဖြစ် စုခဲကာ
လူအဖြစ် ပုံသဏ္ဌာန် ပြောင်းလဲသွားပြီးနောက် လှပသော မိန်းကလေးတစ်ယောက် ဖြစ်လာ၏။
ထိုမိန်းကလေးငယ်သည် တစ်နေ့ပတ်လုံး သောကဘုံတွင် လှည့်လည်ပြီးနောက် အချစ်သစ်သီးကို
စားခြင်းဖြင့် ဆာလောင်မှုကို ဖြေဖျောက်ကာ၊ သောကပင်လယ်မှ ရေတို့ကို
သောက်သုံးခြင်းဖြင့် ရေဆာလောင်မှုကို ၈ပြေပျောက်စေ၏။ သို့ရာတွင် ထိုမိန်းမ ငယ်သည်
သူ့အပါ်တွင် ကျွေးမွေး ပြုစုခဲ့သည့် ဥယျာဉ်မှူးအား ကျေးဇူးမဆပ်နိုင်သဖြင့်
စိတ်မကောင်းခြင်းကြီးစွာ ဖြစ်လျက်ရှိ၏။
ထိုအချိန်၌ နတ်ဥယျာဉ်မှူး ရှန်ယင်းသည်
လူ့အသွင် ကိုယ်ယောင်ဖန်ဆင်းကာ လူ့ပြည်သို့ ဆင်းလာခဲ့၏။ ထိုအချိန်သည် ပုလဲနီအတွက်
ကျေးဇူးဆပ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ကြောင်းကို သိကြားမင်း သဘောပေါက်၏။
“ဥယျာဉ်မှူး ရှန်ယင်းသည်
ငါ့အား နှင်းရည်ကိုပေး၏။ သို့ရာတွင် ငါ့၌မူ ထိုကျေးဇူးကို ပြန်ဆပ်စရာရှိဘကားဟု” ပုလဲနီ
ညည်း၏။ ထို့ကြောင့် ယခု ငါသည် ဥယျာဉ်မှူး ရှန်ယင်းနှင့်အတူ လူ့ပြည်သို့
လိုက်သွားအံ့။ ငါ့ဘဝတွင် ငိုနိုင်သမျှသော မျက်ရည်တို့ကို သွန်ချပြီးနောက်
ထိုမျက်ရည်တို့ဖြင့် ဥယျဉ်မှူး ရှန်ယင်း၏ကျေးဇူးကို ဆပ်အံ့ဟု အောက်မေ့၏။
“ဤတွင် ကျေးဇူးတရားကို
မသိတတ်သော နတ်အချို့တို့က သူတို့ပါလူ့ပြည်သို့ ဆင်းလိုက်ကာ ထိုဇာတ်လမ်းထဲတွင်
ပါဝင်လိုစိတ် ပေါ်လာကြ၏”
“အလို၊ ဘယ်လိုလဲ၊
ထူးဆန်းပါလား ငါ့ရှင်။ လောကတွင် မျက်ရည်ဖြင့် အကြွေးဆပ်သည်ဟု ကျွန်ုပ် တစ်ခါမျှ
မကြားစဖူး။ ဤပုံပြင်သည် ကျွန်ုပ်တို့ကြားဖူးသော လေညင်းနှင့် လရောင်ပုံပြင်များထက်
ထူးခြားစရာအကြောင်း ရှိသည်ဟု ကျွန်ုပ် ထင်၏
“ရှေးပုံပြင် ဝတ္ထုကြီးများသည်
ပုံပြင်ထဲမှ ဇာတ်ဆောင်တို့၏ ဘဝကို ကဗျာလင်္ကာတို့ဖြင့် ဖော်ပြခြင်းပြုကြ၏။
၎င်းတို့၏ ကိုယ်ရေးကိုယ်တာများ၊ အစားအစာများ၊ နေ့စဉ် ကိစ္စများအကြောင်းကိုမူ
တစ်ခါမျှ ရေးသားခြင်း မပြုခဲ့ကြ။ ထို့ပြင် လေညင်းနှင့် လရောင် ပုံပြင်တ္ထုမျိုးသည်
ချိန်းတွေကာ ပွေ့ဖက်ကြသည့်ကိစ္စများ၊ ချစ်သူနှစ်ယောက် ထွက်ပြေးကြသည့်
ကိစ္စများလောက်ကိုသာ အသားပေး ရေးကြ၏။ ချစ်သူနှစ်ဦးတို့၏ အချစ်စစ် အချစ်မှန်
အကြောင်းတို့ကိုမူ တစ်ခါမျှ ရေးသားခြင်း မပြုခဲ့ကြ။ ယခု ဤနတ်များအားလုံး လူ့ပြည်သို့
ဆင်းသွားကြသည်ဆိုလျှင် အခြားဝတ္ထုများနှင့်မတူ တစ်မူထူးခြားကာ ချစ်သူများနှင့်
ကာမဘီလူးများ၊ အကျင့်သိက္ခာနှင့် ပြည့်စုံသည့် လူတော် လူကောင်းများနှင့် လူအန္ဓ၊
လူ့ဗာလများ စသည်တို့ကို အားလုံး တွေ့ရတော့မည်’”
‘သို့ဖြင့်လျှင်
ကျွန်ုပ်တို့နှစ်ယောက်ပါ လူ့ပြည်သို့ ဆင်း၍ ထိုအထဲမှ လူဆိုးတို့ကို လူကောင်း
သူကောင်းများ ဖြစ်ရန် ဆုံးမရလျှင် မကောင်းပါသလော”
“သင့်မြတ်ပေ၏။ ငါ့ရှင်။ သို့ရာတွင် ကျွန်ုပ်တို့သည် သိကြားမင်းထံသွားကာ
ပြောဆိုဖွယ်ရှိသည်တို့ကို ပြောဆိုခဲ့ရဦးမည်။ သူတို့ လူ့ပြည်သို့
ဆင်းသွားသည့်အခါတွင် ကျွန်ုပ်တို့လည်း မလှမ်းမကမ်းမှ လိုက်ပါသွားကြမည်။
ယခုအချိန်၌မူ ဤဇာတ်လမ်းထဲတွင် ပါဝင်မည့်သူ တစ်ဝက်ခန့်သာလျှင် လူ့ပြည်သို့
ရောက်သေး၏”
“သို့ဆိုလျှင် ကျွန်ုပ်လည်း သင်နှင့်အတူ
လိုက်အံ့”
“ရှိယင်သည် ရဟန်းနှစ်ပါး
ပြောဆိုနေသည့် စကားများကို အိပ်မက်ထဲတွင် ပီပီသသကြီး ကြားလိုက်ရ၏။ သို့ရာတွင်
ရဟန်းနှစ်ပါး ပြောဆိုနေကြသည့် အဖိုးမတန်သော ပစ္စည်းဆိုသည့် အဓိပ္ပာယ်ကို ကောင်းစွာ
နားမလည်ချေ။ ရှိယင်သည် အောင်းတည်းခြင်းငှာ မဘတ်နိုင်တော့ဘဲ ရဟန်းနှစ်ပါးကို ဦးချနှုတ်ဆက်၏။
“ကိုယ်တော်တို့ကို ဦးချပါတယ်ဘုရား”
ဟု လျှောက်၏။ ရဟန်းနှစ်ပါးက ပြန်၍ နှုတ်ဆက်သည့်အခါတွင် ရှိယင်က
“ပစ္စည်းနှင့်
ပစ္စယုပန်တည်းဟူသော အကြောင်းအကျိုးတို့၏ ပဋိစ္စသမုပ္ပါဒ် တရားသဘောကို ဆွေးနွေးသည့်
အရှင်သူမြတ်တို့၏ တရားကို ကြားနာရသည့်အတွက် များစွာ ကျေးဇူးများလှပါသည်။
သို့ရာတွင် တပည့်တော် ကောင်းကောင်း နားမရှင်းပါဘုရား။ တပည့်တော်ကို ရှင်းလင်း ပြောကြားမယ်ဆိုယင်တော့
ကောင်းစွာ နားစိုက်ပါ့မယ်ဘုရား။ အရှင်နှစ်ပါးရဲ့ ဉာဏ်အလင်းဖြင့် တပည့်တော်ကို
အကျွတ်တရားရအောင် ကူညီပါဘုရား”
ရဟန်းနှစ်ပါးတို့က ပြုံးတော်မူလျက်
“ဤသည်မှာ
ကျွန်ုပ်တို့ကိုယ်တိုင် ထုတ်ဖော် ပြောဆိုခြင်း ပြနိုင်သော ဆန်းကြယ် နက်နဲသည့်
ဂမ္ဘီရတရားဖြစ်၏။ အချိန်တန်သည့်အခါတွင် ကျွန်ုပ်တို့နှစ်ဦးကို အောက်မေ့လိုက်လေး
ထိုအခါ၌ သင်သည် ပူပြင်းလှသော ဤသံသရာကြီးမှ လွတ်မြောက်ရာလမ်းကို တွေ့အံ့”
ရှိယင်သည် ထိုတရားကို တောင်း၍မရတော့ချေ။
“မှန်လှပါဘုရား......ဒီလိုဆိုယင်
တပည့်တော်ဟာ မသိအပ်တဲ့ အရာကို သိအောင် မတောင်းတော့ပါဘူး။ သို့သော်လဲ ခပ်စောစောက
ကိုယ်တော်နှစ်ပါး ပြောဆိုနေကြတဲ့ ပစ္စည်းကိုကော မကြည့်ရဘူးလား ဘုရား””
“သင် သိလိုသပဆိုလျှင်
သင့်ဘဝတွင် ထိုပစ္စည်းနှင့် အကြောင်းကံ ဆုံရအံ့”
ရဟန်းတော်သည် အလွန်လှပ၍ အရည်လဲ့နေသော ကျောက်စိမ်းတုံးကြီးတစ်တုံးကို
ထုတ်၍ပေး၏။ ထိုကျောက်စိမ်းတုံးကြီး၏ ကျောက်ကွက်တစ်ခုပေါ်တွင်မူ “မနောမယိဒ္ဓိ
ကျောက်စိမ်းတုံး” ဟု ကမ္ပည်းထွင်းထား၏။ ရှိယင်က အခြား ကျောက်ကွက်များပေါ်ရှိ
ကမ္ပည်းစာများကို ဖတ်မည်ပြုစဉ် ရဟန်းသည် ကျောက်စိမ်းတုံးကြီးကို လှမ်းယူလိုက်လျက်
“ယခု ကျွန်ုပ်တို့
အမတဘုံသို့ရောက်ပြီ” ဟု ဆို၏။
သို့ဖြင့် ရဟန်းနှစ်ပါးသည်
မုခ်ဦးကြီးများ ဆင်ယင်ထားသည့် အဆောက်အအုံကြီးတစ်ခုထဲသို့ ဝင်သွားကြလ၏။ မုခ်ဦးမှ
ကျောက်တိုင်ကြီးများပေါ်တွင် “မာယာဘုံ” ဟု ကမ္ပည်းထိုးထားပြီး အောက်၌
အကြင်အရပ်၌ အတုကို အစစ်ထင်၏။
ထိုအရပ်၌ အစစ်သည် အတုဖြစ်ရ၏။
အကြင်အရပ်၌ မဟုတ်ကို အဟုတ်ထင်၏။
ထိုအရပ်၌ အဟုတ်သည် မဟုတ်ဖြစ်ရ၏။
ဟု ရေးထားလေ၏။
ရှိယင်သည် ရဟန်းနှစ်ပါးနောက်သို့ လိုက်သွားစဉ်
တောင်ကို ပြိုလဲ၍ မြေတို့ အက်ကွဲသည့်နှယ်ရှိသော ကြောက်ဖွယ် အသံကြီးတစ်သံကို
ကြားလိုက်ရ၏။ ရှိယင်သည် လန့်အော်လိုက်ပြီးနောက် အိပ်ရာမှ နိုးလာ၏။
ချစ်ချစ်တောက်ပူသော နေရောင်ခြည်သည် ငှက်ပျောရွက်များပေါ်သို့ ထိုးကျနေသည်။
အိပ်မက်ကို ဝိုးဝါးလောက်သာ သတိရှဘော့သည်။
အထိန်းသည် သူ့သမီးငယ် ယင်လင်း (မကြာဖြူ) ကို
ပွေ့၍ ဝင်လာ၏။ ရှိယင်၏စိတ်၌ သူ့သမီး ယင်လင်းသည် တစ်နေ့တခြား လှလာကာ ချစ်စရာကောင်းလာသည်ဟု
ထင်မိ၏။ ရှိယင်သည် သမီးငယ်ကို ပွေ့ချီကာ သူနှင့် အတန်ကြာ ကစားနေပြီးနောက်
လမ်းမတွင် ၀တ်လှည့်နေသူများကို ကြည့်ရန် ဝင်းတံခါးဝသို့ လာခဲ့လေ၏။
ဝတ်လှည့်သူများကို ကြည့်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်တော့မည်ပြုစဉ်
အရူးနှစ်ယောက်ကဲ့သို့ ကျယ်လောင်စွာ စကားပြောဆို ရယ်မောလာကြသည့်
ကိုရင်ကြီးနှစ်ပါးကို မြင်လိုက်၏။ တစ်ပါးမှာ ဖိနပ်စီးထား ခြင်းမရှိချေ။
၎င်း၏ခေါင်းမှာလည်း တစ်ခေါင်းလုံး ဒက်တွေပြည့်နှက်လျက် ရှိလေ၏။ အခြား ကိုရင်ကြီးတစ်ပါးမှမူ
ခြေတစ်ဖက်ကျိုးကာ ဆံပင်မုတ်ဆိတ်တို့ ရှည်လျားလိန်ကောက် ရှုပ်ထွေးလျက်ရှိ၏။
ရှိယင်တို့ သားအဖ ရပ်နေရာ ဝင်းတံခါး၀သို့ ရောက်လာသည့်အခါ၌ တစ်ပါးသည် ရင်ဘတ်စည်တီး
ငိုကြွေးလျက်
“ဟယ် လူမိုက်၊
ကံဆိုးတဲ့သတ္တ၀ါကလေးကို ဘာဖြစ်လို့ ချီပိုး ထားရတာလဲ၊ ဒီကလေးဟာ မိဘကို
ကောင်းကျိုးပေးမယ့် ကလေးမဟုတ်ဘူး” ဟု ဆိုလေ၏။
ရှိယင်သည် စိတ်ဖောက်ပြန်နေသည့်
ကိုရင်ကြီးတစ်ဦးဟု ယူဆကာ မကြားယောင် ပြုနေလေ၏။
“ဟဲ့......ဒကာ၊ ဒီကလေးကို
ကျုပ်ကိုပေး၊ ကျုပ်ကိုပေး” ဟု တောင်း၏။
ရှိယင်သည် သည်းမခံနိုင်တော့ပဲ သမီးငယ် ယင်လင်း
(မကြာဖြူ) ကို တင်းကျပ်စွာ ပွေ့ဖက်လျက် အိမ်ထဲသို့ ပြန်ဝင်ပြေးလာခဲ့၏။
သင်္ကန်းဝတ်သည် သူ့ကို လက်ညှိုးထိုးကာ ရယ်မော ကျန်ရစ်ခဲ့၏။ ထိုနောက်
အောက်ပါသံပေါက်ကို ရှုတ်နေလေ၏။
နုနယ်ကွေးလေး၊ ဤကလေး၊
လူမိုက်မွေးတော့မည်။
ရင်မှာပွေ့သိပ်၊ မျက်စေ့မှိတ်၊
မှန်ရိပ်ပမာညီ။
ကလေးငယ်နော်၊ ငိုဟစ်အော်၊
နှင်းသို့ပျော်တော့မည်။
မီးထွန်းပွဲတော်၊ ရောက်လဘ်သော်
သတိချပ်ကြနော်။
မီးငြိမ်းဆဲဝယ်၊ မီးခိုးနှယ်၊ အမြန်လွှင့်ပျောက်ပြယ်။
ရှိယင်သည် သံပေါက်ကို ကြားသည့်အခါတွင်
အဓိပ္ပာယ်ကို စဉ်းစား၏။ မေးမည်အပြုတွင် အခြားခြေကျိုးနေသည့် ကိုရင်ကြီးက
သံပေါက်ရွတ်သည့် ကိုရင်ကြီးကို လှမ်းပြောသည်မှာ--
““ကဲ…ကိုယ်တော် ကျုပ်တို့
ဒီက လမ်းခွဲကြစို့ရဲ့ လူတိုင်းဟာ ကိုယ့်ကိစ္စကို လုပ်ကြရလိမ့်မယ်ဗျ။ အခုဘဝကနေပြီး
နောက်အသင်္ချေယ ကပ်ကြီးသုံးကပ်ကျတဲ့အခါမှာ ကိုယ်တော့်ကို ကျုပ် နတ်ပြည်မှာရှိတဲ့
ပိုက်မုန်တောင်ထိပ်က စောင့်နေမယ်။ အဲဒီအခါကျတော့ ကိုယ်တော်နဲ့ ကျုပ် လူ့ပြည်ကို
တစ်ခေါက်ဆင်းပြီးတော့ ဒီအဖြစ်အပျက်ကို ပုရပိုက်ကနေ စာရင်းဖျက်ကြသေးတာပေါ့”
“ကောင်းပြီ ငါ့ရှင်”
ကိုရင်ကြီးနှစ်ပါးသည် အရိပ်အယောင်
အစအနမျှ မမြင်ရအောင် ပျောက်ကွယ်သွားကြလေ၏။
ထိုပုဂ္ဂိုလ်နှစ်ဦးသည်
သာမန်လူမဟုတ်ကြောင်း ရှိယင် သိလိုက်သဖြင့် မေးမြန်းစရာရှိသည်တို့ကို
မမေးလိုက်ရလေခြင်း ဟု နောင်တရလျက်ရှိ၏။ ထိုသို့ စိတ်လက်မအီမသာ ဖြစ်လျက်ရှိစဉ်
ဗူးဘုရား တန်ဆောင်းထဲတွင်နေသည့် မိတ်ဆွေတစ်ဦး ရောက်လာလေ၏။ ထိုသူ၏ အမည်မှာ ယုဆုန်ဖြစ်ပြီး
ဆင်းရဲနွမ်းပါးသည့် စာသင်သားတစ်ယောက် ဖြစ်လေ၏။ ယုဆုန်သည် ဟူချောင်မြို့သား
ဇာတိဖြစ်ပြီး မှူးမတ် ပညာရှိမျိုးနွယ်မှ ဆင်းသက်လာသူတစ်ဦးဖြစ်၏။ ဘိုးဘွားများ
လက်ထက် ချမ်းသာ ကြွယ်ဝခဲ့သော်လည်း မိဘများလက်ထက်တွင် စီးပွားပျက်ခဲ့သဖြင့် မိဘတို့
ကွယ်လွန်ကြသည့်အခါတွင် တစ်ကောင်ကြွက်အဖြစ် ကျန်ရစ်ခဲ့လေ၏။ ယုဆုန်သည်
မိမိဇာတိမြို့ရွာတွင် နေထိုင်ခြင်းဖြင့် ကြီးပွားလမ်းမရှိတော့သည်ကို သိသည့်အတွက်
အလုပ်အကိုင်နှင့် စီးပွားရှာရန် ရွှေမြို့တော်သို့ ထွက်လာခဲ့၏။ သို့ရာတွင်
လွန်ခဲ့သည့် နှစ်နှစ်ခန့် ရွှေမြို့တော်သို့ ရောက်လာသည့်အခါတွင် ယုဆုန်လက်ထဲ၌
ပိုက်ဆံ ကြေးငွေ မရှိတော့ချေ။ သို့ဖြင့် ယုဆုန်သည် ဗူးဘုရားမှ
ဘုန်းကြီးကျောင်းထဲတွင် ကပ်ရပ်နေထိုင်ကာ လျှောက်လွှာရေးပေးခြင်း၊
စာရေးပေးခြင်းဖြင့် ထမင်းတစ်လုတ်ကို အနိုင်နိုင်ရှာဖွေ သောက်နေရ၏။ ဤတွင်
ရှိယင်နှင့် မကြာခဏ တွေ့ဆုံ ရင်းနှီးလာ ကြခြင်းဖြစ်ပေ၏။
ယုဆုန်သည် ရှိယင်ကိုနှုတ်ဆက်ပြီးနောက်
“ဝင်းဝကနေပြီး ဘာတွေများ
ကြည့်နေပါလိမ့် ခင်ဗျာ။ မြို့ထဲမှာ ဘာသတင်းတွေများထူးလို့လဲ”
“ဘာမှမထူးပါဘူး
ကျုပ်ညီရယ်၊ ခလေးငိုနေလို့ လမ်းမကို ထွက်ချော့တာပါ။ ပျင်းနေတုန်း
ကျုပ်ညီရောက်လာတာနဲ့ အတော်ပဲ၊ နေပူပူမှာ အပျင်းပြေ စကားပြောရတာပေါ့။
အထဲကိုဝင်ပါဦး”
ရှိယင်သည် သမီးငယ်ကို အိမ်စေတစ်ယောက်အား
လှမ်းပေးလိုက်ပြီးနောက် ပိဋကတ်ခန်းထဲသို့ ဝင်လာခဲ့ကာ သူငယ်ကလေးတစ်ယေက် လာချပေးသော
လက်ဖက်ရှည်ကြမ်းကို သောက်ရင်း၊ ယုဆုန်နှင့် စကားကောင်းနေကြလေ၏။ ထိုသို့ နှစ်ယောက်သား
စကားပြောဆိုနေကြပြီး မကြာမီတွင် အိမ်စေတစ်ယောက် ရောက်လာကာ ယန်း ဆိုသည့်
ဧည့်သည်တစ်ယောက် ရောက်လာကြောင်းဖြင့် လာရောက်ပြောဆို၏။
ရှိယင်က ခွင့်တောင်းကာ
“ကဲ ကျုပ်ညီရေ၊ ဒီမှာ
ခဏနေရစ်ခဲ့ဦးနော်”
“ကိစ္စမရှိပါဘူး နောင်ကြီးရယ်၊
ကျွန်တော်က ဒီကို အမြဲ လာနေတာပဲ၊ ဧည့်သည်မှ မဟုတ်တာ။ သွားသာသွားပါ၊ ကျွန်တော်
စောင့်နေပါ့မယ်” ဟု မတ်တတ်ရပ်၍ပြော၏။
အိမ်ဦးခန်းသို့ ရှိယင်ထွက်သွားသည့်အခါ၌
ယုဆုန်သည် ပေပုရပိုက်များကို လှန်လှော ကြည့်ရှုလျက်ရှိစဉ် အပြင်ဘက်မှ
မိန်းမပျိုတစ်ဦး၏ ချောင်းဟန့်သံကို ကြားလိုက်ရလေ၏။ ယုဆုန်သည် ပြတင်းပေါက်သို့ ထလာကာ
အပြင်သို့ လှမ်းကြည့်လိုက်သည့်ခါ ပန်းခူးနေသော မိန်းမပျိုကလေးတစ်ယောက်ကို
တွေ့ရလေ၏။ မိန်းမပျိုမှာ ကြည်လင်တောက်ပသောမျက်လုံး၊ ကျက်သရေရှိသည့်မျက်ခုံးနှင့်တကွ
ထူးခြားသော ရုပ်လက္ခဏာ ရှိလ၏။ အလွန်အချောကြီး မဟုတ်သည့်တိုင်၊ အတော်
ညှို့ဓာတ်ရှိသူတစ်ဦး ဖြစ်လေ၏။ ယုဆုန်သည် မိန်းမပျိုကို ငေးစိုက်ကြည့်နေမိလေ၏။
ပန်းခူးပြီးပြန်ကာနီးတွင် မိန်းမပျိုသည်
ရက်တရက်မော့်ကြည့် လိုက်လေရာ၊ ယုဆုန်ကို မြင်သွား၏။ ဟုဆုန်၏ အဝတ်အစားမှာ အနည်းငယ်
နွမ်းပါးသည့်တိုင် တောင့်တင်းကြံ့ခိုင်သော ကိုယ်ခန္ဓာ၊ ပွင့်လင်း
ရိုးသားသောမျက်နှာ၊ တည်ကြည်သောနှုတ်ခမ်း၊ ဓားကောက်ကဲ့သို့ ညွှတ်ကွေးသောမျက်ခုံး၊
ကြယ်ပွင့်များကဲ့သို့ ပြိုးပြက်သော မျက်လုံးများ၊ ဖောင်းပြည့်သော ပါးနှစ်ဖက်နှင့်
တကွ ဖြောင့်တန်းသော နှာတံတို့ ရှိသူဖြစ်ပေ၏။ မိန်းမပျို့သည် အိမ်ထဲသို့
ဝင်လာခဲ့ရင်း.... ဩော် လူက အဝတ်အစားသာ နွမ်နွမ်းပါးပါးပေမယ့် တော်တော်
ဥပဓိရုပ်ကောင်းတဲ့ လူတစ်ယောက်ပေပဲ၊ သခင်ကြီး ရှိယင် မကြာခဏ ပြောပြောနေပြီး
အခွင့်သင့်တိုင်း ကူညီချင်တယ်လို့ ပြောတဲ့ ယုဆုန်ဆိုတဲ့သူ ဖြစ်မှာပဲ။ ဟုတ်ပါတယ်၊
သူပါ။ သေချာပါဘွယ်၊ ငါတို့အိမ်ကိုလာတဲ့ ဧည့်တွေထဲမှာ ဆင်းဆင်းရဲရဲဆိုလို့
သူတစ်ယောက်ပဲ ရှိတာပဲ။ ဒီလူဟာ ဒီအခြေအနေနဲ့တင် ရောင့်ရဲမယ့်လူမျိုး မဟုတ်ဘူး၊
တစ်နေ့မှာ ကြီးပွားမယ့်လူလို့ သခင်ကြီးက ပြောတာ မှန်သားပဲ” ဟု တွေးလာလေ၏။
မိန်းမပျိုကလေးကို မြင်လိုက်သည့်အခါတွင်
ယုဆုန်သည်လည်း မိမိအား သဘောကျနေပြီဟု သိလိုက်၏။ မိန်းမပျိုသည် အကင်းပါးပေသည်။
မိမိဆင်းရဲနွမ်းပါး၍ မထင်မရှား ဖြစ်နေဆဲမှာပင် မိမိ၏ တန်ဖိုးကို အကဲဖြတ်တတ်သူ
ဖြစ်ပေသည်ဟု ယုဆုန် ဆုံးဖြတ်လိုက်လေပြီ။
ထိုသို့တွေးနေစဉ် သူငယ်ကလေး ဝင်လာကာ
ဧည့်သည်မှာ အိမ်တွင် ထမင်းစားမည့် ဧည့်သည်ဖြစ်ကြောင်း လာရောက်ပြောဆို၏။ ဤတွင်
နောက်ထပ်စောင့်ဆိုင်းနေစရာ မလိုတော့သည့်အတွက် ယုဆုန်သည် စင်္ကြံလမ်းကလေး တစ်ခုအတိုင်း
လျှောက်လာခဲ့ပြီးနောက် မလွယ်ပေါက်မှ ထွက်လာခဲ့လေ၏။ ဧည့်သည် ပြန်သွားသည့်အခါတွင်လည်း
ရှိယင်သည် ယုဆုန်ကို အခေါ်လွှတ်ခြင်း မပြုတော့ချေ။
သို့ဖြင့် နှစ်သစ်ကူးပွဲတော်သို့
ရောက်လာခဲ့လေ၏။ မိသားစု စားသောက်ကြပြီးသည့်နောက်တွင် ရှိယင်သည် ပိဋကတ်ခန်းထဲတွင်
စားပွဲတစ်ချပ်ကို ခင်းခဲ့ပြီးနောက် ယုဆုန်ကို ဖိတ်ရန် လသာသာလျှင် ဗူးဘုရားဘက်သို့
ထွက်လာခဲ့လေ၏။
ယုဆုန်မှာမူ ရှိယင်၏အိမ်မှ
အိမ်စေသူငယ်မကလေးကို တွေ့ပြီးသည့်နောက်မှစ၍ မိန်းမပျိုကလေးသည် သူ့ကို
စုံမက်နှစ်သက်နေပြီဟု အထင်ရှိကာ သူ့အကြောင်းကိုပင် တွေးနေမိလေ၏။ ယုဆုန်သည်
ဝိုင်းစက်နေသည့် လပြည့်ဝန်းကြီးကို ငေးကြည့်ရာမှ မိန်းမပျိုကို အမှတ်ရကာ
ကဗျာတစ်ပုဒ်ကို ရွတ်လျက်ရှိလေ၏။
ချစ်ကံမွဲ၍၊ ဝမ်းထဲလှိုက်ဆူ ရင်မှာပူ၏၊
ညည်းညူသောယောင် မျက်မှောင်ကုတ်မိ၊
မချိနှလုံး မပြုံးမရှင်၊ ငါ့ရုပ်သွင်လည်း
လေပြည်ထဲတွင်၊ အရိပ်ထင်၏။
ဆွတ်ကြင်သက်မျှ၊ ချစ်နှမသည်
ရွှန်းမြသော်တာ၊ လရောင်ဝါတွင်
ငါ၏အဖော်၊ ဖြစ်စေသောဝ်ဟု
ကော်ရော်ညွတ်ပျောင်း၊ ငါ တောင်း၏။
အကယ်၍သာ၊ လစန္ဒာ၌
အမှတ်သညာ၊ ရှိခဲ့ပါမူ
ပျိုဖြူနှမ၊ ပန်းရုံဝသို့
ပထမအရောင်၊ ပေးဆောင်အံ့။
ထိုသို့ ရွတ်ပြီးနောက် မိမိနှင့်
မိန်းမပျိုကလေးတို့ ကွာလှမ်းသည့်အဖြစ်ကို တွေးမိသဖြင့် ယုဆုန်သည် ဆံပင်တို့ကိုဖွကာ
သက်ပြင်းချလျက် ရှိလေ၏။ ထိုနောက် ကဗျာတိုကလေး တစ်ပုဒ်ကို ရွတ်ပြန်၏။
သေတ္တာထဲမှ၊ ပြည်တန်မြသည်
အဖိုးအနဂ္ဃ၊ မှန်လိမ့်မည်။
ရွှေကြုတ်တွင်လျှိုး၊ ထိုဆံထိုးသည်
မိုးထိအောင်ပင်၊ ပျံလိမ့်မည်။
ထိုစဉ် ရှိယင် ရောက်လာသည့်အတွက်
ဝမ်းသာသွားလေ၏။
“အလို၊ ကျုပ်ညီက
ဘယ်ဆိုးလို့တုံး၊ ရည်မှန်းချက်က တယ်ကြီးပါကလား”
ယုဆုန်မှာ ခပ်ရှက်ရှက်ဖြင့်
“မဟုတ်ရပါဘူး နောင်ကြီးရယ်၊ ရှေးကဗျာဆရာတစ်ယောက်ရဲ့ စာတိုကလေးကို ရွတ်နေတာပါ။
ကျွန်တော်တို့က အမြင့်ကို မမှန်းရဲပါဘူး၊ နောင်ကြီး လာလည်လို့ ဝမ်းသာတယ်ဗျာ”
“ဒီနေ့ညက နှစ်သစ်ကူးညဗျ။
ကျုပ်ညီလဲ ဘုရားကျောင်းထဲမှာ တစ်ယောက်တည်း ပျင်းနေမာပဲလို့ သတိရတာနဲ့ ထလာခဲ့တာ။
ကျုပ် အိမ်အိုကလေးမှာ ဝိုင်အရက်ကလေးဘာလေး လာသောက်လှည့်ဗျာ၊ ကျုပ် ပြင်ထားခဲ့တယ်။
လိုက်နိုင်ယင်တော့ ကောင်းမှာပဲ”
ယုဆုန်အား နောက်ထပ် တောင်းပန်စရာ
မလိုတော့ချေ။
“နောင်ကြီးက ကျွန်တော့်ကို တယ်ပြီး
ဂရုစိုက်တာကိုးဗျ။ လိုက်ပါတယ်ဗျာ၊ ဝမ်းမြောက်ဝမ်းသာ လိုက်ပါတယ်”
သူတို့နှစ်ယောက်သည် ရှိယင်အိမ်ရှေ့ရှိ
တလင်းပြင်သို့ လာခဲ့ကြလေ၏။ လက်ဖက်ရည်ကြမ်း သောက်ပြီးနောက် မိတ်ဆွေနှစ်ယောက်တို့သည်
မြည်းစရာများနှင့် ဝိုင်အရက် သောက်လျက်ရှိလေ၏။ ပထမတွင် ဖြည်းဖြည်းချင်း
သောက်ကြသော်လည်း စကားပြောကြရင်းဖြင့် နှစ်ယောက်စလုံး စိတ်အားထက်သန်ခဲ့ကြလေပြီ။ နောက်ပိုင်းတွင်
အသောက်ကြမ်းလာခဲ့ကြလေ၏။ အနီးတစ်ဝိုက်အိမ်များမှ ပုလွေသံနှင့် စောင်းသံများကို
ကြားရလေ၏။ သီချင်းဆိုသံများမှာလည်း ဆူညံလျက်ရှိပေ၏။ ကောင်းကင်တွင်မူ လပြည့်ဝန်းသည်
ရွှန်းရွှန်းမြမြ သာလျက်ရှိလေ၏။ မိတ်ဆွေနှစ်ယောက်သည် ရွှင်မြူးလာကြကာ တစ်ခွက်ပြီး
တစ်ခွက် သောက်နေကြလေ၏။
ဆယ်ပုံရှစ်ပုံခန့် မူးနေပြီဖြစ်သည့်
ယုဆုန်မှာ ပျော်လွန်းသဖြင့် စိတ်ကို မချုပ်တည်းနိုင်တော့ဘဲ လပြည့်ဝန်းအကြောင်းကို လက်တန်း
ကဗျာတစ်ပုဒ်စပ်၍ ရွတ်ဆိုနေလေပြီ။
လပြည့်ည၌၊ ရွှန်းမြလဝန်း
အပြည့်ထွန်း၏၊ မှော်ယွန်းရွှေပိန်း
ကျောက်စိမ်းဘုံမှာ၊ လရောင်ဖြာလျက်
စန္ဒာငွေပွင့်၊ ရွက်ကုန်လွှင့်သော်
သူ ငါ အစ၊ မျှော်ငေးကြ၏။
“အင်း၊ ကောင်းလိုက်တဲ့
ကဗျာကလေးဗျာ။ ကျုပ်ညီဟာ သာမြင်ညောင်ညပုဂ္ဂိုလ် မဟုတ်ဘူးဆိုတာ ကျုပ် အစကတည်းက သတိထားမိတယ်ဗျ။
ဟောဒီကဗျာမျိုးကို စပ်လိုက်တော့ ကျုပ်ညီဟာ ကြီးပွားဖို့ သိပ်မဝေးတော့ဘူးဆိုတာ
ကျုပ်သိလိုက်ပြီ။ မကြာခင် တိမ်တွေကို စီးရတဲ့ ဘဝကို ရောက်တော့မယ်။
ကဲဗျာ...ချီးကျူးပါရစေဦး”
ရှိယင်သည် ခွက်ကြီးကြီး တစ်ခွက်ထဲသို့
ဝိုင်အရက်ကို လောင်းထည့်လိုက်၏။ ယုဆုန်က တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်ပြီး
သက်ပြင်းချလိုက်၏ ။
“မူးလို့ ပြောတဲ့စကား
မဟုတ်ပါဘူး နောင်ကြီးရာ။ ဘုရင့် စာပြန်ပွဲကိုသာ ဝင်ရယင် ကျွန်တော် ဂုဏ်ထူးထွက်အောင်
ဖြေနိုင်ပါတယ်။ ဒါပေမယ့်....ခက်တာက ကျွန်တော့်မှာ စာပြန်ပွဲကို သွားဖြေဖို့
စရိတ်မရှိဘဲ ဖြစ်နေတယ်။ ရွှေမြို့တော်ကြီးကလဲ အဝေးကြီး၊ ဒီလို လာသမျှလူကို စာရေးပေးနေရတဲ့
လျှောက်လွှာစာရေးဘဝနဲ့ ဘယ့်နှယ်လုပ်ပြီး ရွှေမြို့တော်ကိုသွားဖိုး ”...
ရှိယင်က ကြားဖြတ်လျက်
“အံမယ်လေးဗျာ၊ ဒီလိုဆိုယင်
စောစောက ပြောပါတော့လား။ ကျုပ်ကလဲပဲ ကူညီချင်ပါတယ်၊ ဒါပေမယ့် ကျုပ်ညီက
ဒီအကြောင်းကို တစ်ခွန်းမှ မဟလေတော့ ကျုပ်အနေနဲ့ ဘယ်ပြောလို့ ကောင်းပါ့မလဲ။ ကဲ
ဒီလိုဆိုယင် ဒီကိစ္စအတွက် ဘာမှပူမနေနဲ့တော့။ ကျုပ်လဲ အပါးအနပ်ကြီးထဲက မဟုတ်ပေမယ့်
မိတ်ဆွေဝတ္တရား သိတတ်ပါတယ်ဗျာ။ အတော်ပဲ၊ နောက်နှစ်ဆိုယင် စာပြန်ပွဲ ကျင်းပတော့မှာ။
ကဲ ဒီတော့ ကြာကြာဆိုင်းမနေနဲ့တော့၊ ရွှေမြို့တော်ကို မြန်မြန်သွား။ နွေဦး
အစမ်းစာပြန်ပွဲရှိတယ်၊ အဲဒီမှာ သွားဖြေချေ။ ခရီးစရိတ်ရော ဒီပြင် စရိတ်စကတွေရော
ကျုပ်ပဲ ခံလိုက်မယ်”
ရှိယင်သည် ငွေအချိန် ငါးဆယ်ကျပ်သားနှင့်
ဆောင်းတွင်း ပတ်ရန် အနွေးထည် နှစ်စုံကို အိမ်စေ သူငယ်ကလေးအား အယူခိုင်း လိုက်၏။
“လပြည့်ကျော် သုံးရက်ကတော့
ရက်ရာဇာပဲဗျ။ ခရီးသွားလို့ ကောင်းတဲ့ရက်ပဲ။ လှေတစ်စင်းငှားပြီး စုန်ပေတော့။ နောက်
ဆောင်းတွင်းရောက်မှ တွေ့ကြတာပေါ့။ အဲဒီလောက်ဆိုယင် ကျုပ်ညီလဲ ကြီးပွားလောက်ပါပြီ”
ယုဆုန်သည် အထူးအထွေ လောကွတ်စကား ပြောမနေတော့ဘဲ
ငွေနှင့် အဝတ်အစားများကိုယူကာ စားရင်းသောက်ရင်း စကားပြောလျက် ရှိလေ၏။
ဆယ်ချက်တီးသည့် အခါတွင် ရှိယင်သည် မိတ်ဆွေကို လိုက်ပိုပြီး အိပ်လိုက်သည်မှာ
နောက်တစ်နေ့မနက် နေမြင့်မှ နိုးတော့သည်။ အိပ်ရာမှုနိုးလျှင် မနေ့ညက ကိစ္စကို
သတိရသဖြင့် ရွှေမြို့တော်မှ အရာရှိအချို့ထံ မိတ်ဆက်စာနှစ်စောင် ရေးလျက်ရှိလေ၏။
သို့ရာတွင် ယုဆုန်ကို
အခေါ်ခိုင်းလိုက်သည့် အခါတွင် သူငယ်ကလေး ပြန်လာကာ
“ဒီနေ့မနက် လင်းအားကြီးမှာ
ရွှေမြို့တော်ကို ထွက်သွားပြီလို့ ဆရာတော်ကြီးက ပြောလိုက်ပါတယ် သခင်ကြီး။ ပြီးတော့
ပညာရှာသူ၊ ပညာရှိသူဆိုတာ ပြဿဒါးလေး၊ ရက်ရာဇာလေး အယူမသည်းရဘူး၊ အဆင်ခြင်ဉာဏ်နဲ့
စဉ်းစားပြီး လုပ်သင့်တယ်လို့ သခင်ကြီးကို ပြောလိုက်ပါဆိုပြီး ဆရာတော်ကို
လျှောက်သွားသတဲ့၊ ဒါကြောင့် သွားပြီလို့ နှုတ်ဆက်သွားသတဲ့”
ရှိယင်သည် ထိုအချက်ကို လက်ခံရတော့သည်။
သို့ဖြင့် နေ့ရက်တို့သည် လျင်မြန်စွာ
ကုန်ဆုံးသွားကြလေ၏။ မကြာမီ မီးထွန်းပွဲတော်သို့ ရောက်လာခဲ့လေ၏။ ရှိယင်သည်
သူ့သမီးငယ် ယင်လင်း (မကြာဖြူ) ကို မီးထွန်းပွဲတော်သို့ လိုက်ပြရန် သူ့ အိမ်စေမ
ဖြစ်သူ ဟိုချီအား ခိုင်းလိုက်၏။ ဟိုချိုသည် ကလေးငယ်ကို ပွေ့ချီကာ
မီးရှူးမီးပန်းများနှင့် အိပ်များတွင် ထွန်းညှိထားသော မီးပုံးများကို လိုက်ပြရန် ထွက်သွားလေ၏။
သန်းခေါင်ချိန်လောက်အရောက်၌ ဟိုချီသည် ကလေးငယ်ကို အိမ်တစ်အိမ် လှေကားဝတွင်ချကာ
အပေါ့အပါးစွန့်ရန် ချောင်ကြို ချောင်ကြားသို့ လာခဲ့၏။ ပြန်လာသည့် အခါတွင်မူ
ကလေးငယ်ကို မတွေ့ရတော့ချေ။ ဟိုချီသည် တစ်ညလုံး ကလေးငယ်ကို လိုက်ရှာ၏။ မနက် အရုဏ်တက်တွင်
ကလေးငယ်မပါဘဲ အိမ်သို့ မပြန်ရဲတော့သည့်အတွက် ဟိုချီသည် မြို့တစ်မြို့သို့
ထွက်ပြေးလေ၏။
သမီးငယ် အိမ်သို့ ပြန်မရောက်သည့် အခါတွင်
ရှိယင်တို့ ဇနီး မောင်နှံသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြကုန်၏။ သမီးငယ်
ယင်လင်း (မကြာဖြူ) သည် လူလတ်ပိုင်း အရွယ်သို့ ရောက်နေသည့် သူတို့ လင်မယား၏
တစ်ဦးတည်းသော ကလေး ဖြစ်၏။ ယခု သူတို့၏ တစ်ဦးတည်းသော သမီးငယ် ပျောက်ဆုံးသည့်အခါတွင်
ဇနီးမောင်နှံမှာ မရူးရုံတစ်မည်မျှသာ ကျန်တော့သည်။ နေ့ညမဟူ မျက်ရည်နှင့်မျက်ခွက်
ဖြစ်လျက်ရှိကြပြီး သတ်သေမည် တကဲကဲ ဖြစ်နေကြလေ၏။ တစ်လမျှ ကြာသည့်အခါတွင် ထိုစိတ်ဖြင့်
ရှိယင်သည် အိပ်ရာသို့ လဲလေ၏။ သူ့ ဇနီးလည်း မကြာမီ အိပ်ရာထဲတွင် လဲပြန်သဖြင့်
သမားများကို နေ့စဉ် ပင့်၍ ကုသနေရလေ၏။
တတိယလ လပြည့်နေ့တွင် ဗူးဘုရားမှ စ၍
မီးလောင်လေသည်။ ဖြစ်ပုံမှာ ဘုရားမီး ပူဇော်သော ဘုန်းတော်ကြီးတစ်ပါးက ဆီမီးခွက်ကို
တစ်နေရာတွင် အမှတ်တမဲ့ ချပစ်ခဲ့ရာမှ ပြတင်းအနီးတွင်ရှိသည့် တံခွန်၊ ကုက္ကားများကို
မီးစွဲသည်။ အနီးတွင်ရှိသည့် အဆောက်အအုံများမှာ ဝါးဖြင့် ဆောက်ထားသည့်
တဲများဖြစ်သည့် အတွက်ကြောင့် တစ်ကြောင်း၊ ပျက်စီးဖို့အကြောင်း တိုက်ဆိုင်လာသည့်
အတွက်ကြောင့် မီးသည် အရှိန်ကောင်းလာကာ တစ်အိမ်ပြီးတစ်အိမ် ကူး၍ လျှင်မြန်စွာ
လောင်ကျွမ်းလေရာ မီးတောက်ကြီးများသည် တောင်ကြီးများသဖွယ် မိုးလျက်ရှိပြီး
ရပ်ကွက်တစ်ခုလုံးလည်း ပြာကျသွားလေ၏။ စစ်သားများနှင့် အရပ်သားများ ပူးပေါင်းကာ
မီးကို ဝိုင်းဝန်း ငြိမ်းသတ်ကြသည့်တိုင် မီးကို မနိုင်တော့ချေ။ မီးသည် တစ်ညလုံး
လောင်စရာကုန်၍ အလိုလို ငြိမ်းသွားသည့် အခါတွင် အိမ်ခြေယာခြေ မည်မျှပါသွားသည်ကို
မည်သူမျှ မပြောနိုင်ချေ။ ဗူးဘုရား အနီးတွင်ရှိသည့် ရှိယင်တို့အိမ်မှာ ပြာပုံသာ
ကျန်ခဲ့တော့သည်။ ရှိယင်တို့ လင်မယားနှင့် ကျန်သမျှ အိမ်စေတို့သည် မီးထဲမှ
ထွက်နိုင်ခဲ့ကြသော်လည်း အခြားဘာမျှ မယူနိုင်ခဲ့ကြတော့ချေ။
သို့ဖြင့် ရှိယင်တို့လင်မယားသည် သူတို့ပိုင်
လယ်တောသို့ သွားနေရန် စီစဉ်ကြရ၏။ သို့ရာတွင် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ရေကြီးမိုးခေါင်ခဲ့သဖြင့်
သီးနှံအထွက် ညံ့ဖျင်းခဲ့သည်တွင် ကျေးလက်၌ တောပုန်း ဒမြတို့က လယ်မြေများကို အတင်း
လုယူ တိုက်ခိုက်ကြသောကြောင့် လူထုများမှာ အထိတ်တလန့် ဖြစ်နေကြ၏။ အစိုးရက တောပုန်းဒမြတို့ကို
လိုက်လံ နှိမ်နင်းလျက် ရှိသည့်တိုင် အခြေအနေမှာ ဆိုးသည်ထက် ဆိုးလာခဲ့လေ၏။
သို့ဖြစ်ရကား ရှိယင်သည် တောတွင်လည်း နေ၍မရသည့်အလျောက် လယ်နှင့်ခြံမြေကို ပေါင်နှံကာ
ဇနီးသည်နှင့် အိမ်စေနှစ်ယောက်ကို ခေါ်ပြီးလျှင် ယောက္ခမဖြစ်သူ ဖန်စုထံ ခေတ္တ လာရောက်နေထိုင်ရလေ၏။
ယောက္ခမဖြစ်သူ ဖန်စုသည် တာယုမြို့နယ်သား
ဇာတိဖြစ်၏။ လယ်သမားတစ်ယောက် ဖြစ်သည့်တိုင် ချောင်ချောင်လည်လည်ရှိသူ ဖြစ်လေ၏။
သမီးနှင့် သမက်တို့ ဤသို့ ဆင်းဆင်းရဲရဲဖြင့် လာရောက်ခိုလှုံသည်ကို မကြည်မဖြူ
ဖြစ်လျက်ရှိလေ၏။ ကံအားလျော်စွာ လယ်ပေါင်ခဲ့သည့် ငွေကလေး ပါလာခဲ့သည့်အတွက် ရှိယင်က
ထိုငွေကလေးကို ယောက္ခမထံ အပ်ကာ နောင်အရှည် စားသောက်နိုင်ရန် မြေကလေးတစ်ကွက်
ဝယ်ပေးဖို့ ပြောလေ၏။ သို့ရာတွင် ယောက္ခမ ဖန်စုသည် ငွေတစ်ဝက်ကို သူ
ယူထားလိုက်ပြီးနောက် ကျန်သည့် ငွေကလေးဖြင့် အညံ့စား မြေတစ်ကွက်နှင့် တဲအိုကလေး
တစ်လုံး ဝယ်ပေးလေ၏။ ရှိယင်မှာ စာပေကျမ်းဂန်တွင်သာ ပျော်မွေ့သူ ဖြစ်သည့်အတွက်
အရောင်းအဝယ် လုပ်ငန်းနှင့် လယ်လုပ်ငန်းတို့ကို ဘာမျှမသိချေ။ ရှိယင်သည်
တစ်နှစ်တန်သည် နှစ်နှစ်တန်သည် အရောင်းအဝယ် လုပ်ကြည့်သော်လည်း အရှုံးသာ အဖတ်တင်လေ၏။
ဖန်စုသည် ရှေ့တွင် သမက် ရှိယင်ကို ဆုံးမပြီး၊ ကွယ်ရာတွင်မူ သူ့သမက်သည် ပျင်းရိသည်၊
ညံ့ဖျင်းသည်၊ လက်ဖွာသည် စသည်ဖြင့် အမျိုးမျိုး ပြောဆိုလျက် ရှိလေ၏။
ရှိယင်သည် မနှစ်က သမီးငယ်
ပျောက်ဆုံးခဲ့ရပြီးနောက် မီးလောင် ခံခဲ့ရသည့်အတွက် အကြီးအကျယ် စိတ်ထိက်လျက် ရှိစဉ်
ယခုလည်း မိမိအား လူယုံသတ်လေပြီဟု သိရှိကာ ကြီးစွာ စိတ်မကောင်း ဖြစ်လျက်ရှိလေ၏။
အသက်ကြီးလာခြင်း၊ ဆင်းရဲခြင်းနှင့် ကျန်းမာရေး ချို့တဲ့ခြင်းတို့ကြောင့် ရှိယင်ကို
ကြည့်ရသည်မှာ သင်္ချိုင်းသို့ ခြေတစ်ဖက် လှမ်းနေသည့် လူအိုကြီး တစ်ယောက်နှင့်သာ
တူတော့သည်။
တစ်နေ့သ၌ ရှိယင်သည် ပျင်းပျင်းရှိသည်နှင့်
လမ်းထဲတွင် တုတ်ကောက် တစ်ချောင်းဖြင့် လမ်းလျှောက်လျက် ရှိလေ၏။ ထိုစဉ်
လျော်ဖိနပ်ကို စီးကာ စိုက်ပြတ်နေသော သင်္ကန်းကို စည်းထားပြီး ရူးသွပ်နေဟန် ရှိသော
ကိုရင်ကြီး တစ်ပါးသည် ခြေတစ်ဖက် ထော့နင်း ထော့နင်းဖြင့် လျှောက်လာရင်း
ကဗျာတစ်ပုဒ်ကို ဆိုလာလေ၏။
သူငါအစ၊ အမတကို
ရလိုကြလည်း၊ ရွှေစငွေစ
တောင့်တကြ၏၊ ဘဝတစ်လျှောက်
ရှေ့နောက်လိုက်ကြ၊ မရဏမင်း
အတင်းဆွဲခေါ်၊ လာချိန်သော်မှ ရပ်တန့်ကြ၏။
သူငါအစ၊ အမတကို
ရလိုကြလည်း၊ စည်းစိမ်ဥစ္စာ
ဂုဏ်ရှိန်ဝါကို၊ မပယ်လိုကြ
ရှေ့ကသွားသူ၊ ကြီးမြတ်သူတို့
ယခုဘယ်မှာ၊ ရှိကြပါလိမ့်
သူတို့ဌာနေ၊ သင်္ချိုင်းမြေဝယ်
ချုံနွယ်ဆူးခက်၊ ဖုံးအုပ်လျက်တည်း။
သူငါအစ၊ အမတကို
ရလိုကြလည်း၊ မယားလိုလိုက်
အကြိုက်ဆောင်ကြ၊ ချစ်မဝသည့်၊
ရှု၍မငြီး၊ ထိုဇနီးလျှင်
သင့်ကိုချစ်ပါ၊ မည်မျှဆိုစေ
သင်သေခဲ့မူ၊ တစ်ပင်ထူ၏။
သူငါအစ၊ အမတကို
ရလိုကြလည်း၊ ဆုံးမ မပိုင်
ဆိုနိုင်ခက်ခဲ၊ မွေးချင်းထဲ၌
သားလူမိုက်ကြောင့်၊ စိုးရိမ်နောင့်၏။
သားကိုချစ်သည့်၊ မိဘအသင်္ချေ
ရှိကြံပေလည်း၊ လူကြီးမိဘ
တုပ်ကွရိုကျိုး၊ ဦးရှိခိုးသည့်
အမျိုးစစ်လာ၊ သားလိမ္မာကို
ဘယ်မှာတွေ့ရပါသနည်း။
ကဗျာဆုံးသွားသည့်အခါတွင် ရှိယင်က
အနီးသို့ကပ်ကာ
“ကိုရင်ကြီး ဆိုသွားတဲ့ ကဗျာအဓိပ္ပာယ်က
ဘာတဲ့လဲ ဘုရာ့။ တပည့်တော် အထင်ပြောရမယ် ဆိုယင်တော့ လောကမှာ ရှိရှိသမျှ အရာတို့ရဲ့
မမြဲတဲ့ အနိစ္စသဘောကို ပြောတယ်လို့ ထင်တာပဲ”
“အေး၊ ဒီလောက်နားလည်ယင်
ကျုပ်လူက ပညာရှိလို့ ဆိုနိုင်တာပေါ့။ ဒီမှာကျုပ်လူ၊ လောကကြီးမှာ ရှိရှိသမျှသော
ကောင်းမွန်မြင့်မြတ်တဲ့ အရာတွေဟာ တစ်နေ့မှာ အဆုံးသတ်ရမှာချည်းပဲဗျ။ အဆုံးမသတ်သော
ကောင်းမွန်မြင့်မြတ်တဲ့ အရာဆိုလို့ လောကကြီးမှာ တစ်ခုမျှ မရှိဘူးဗျ။ ဒါကြောင့် အဆုံးသတ်ခြင်းဟာ
ကောင်းတယ်ဗျ၊ ကျုပ်လူသိအောင် ပြောလိုက်ဦးမယ်၊ ကျုပ်ကဗျာရဲ့ ခေါင်းစဉ်က ‘ကောင်းမွန်မြင့်မြတ်သော
အရာတို့သည် အဆုံးသတ်ရမည်” တဲ့ဗျ။
ရှိယင်သည် ပင်ကိုကပင် ဉာဏ်ထက်မြက်သူ ဖြစ်လေရာ
ထိုသံပေါက်၏ အခြားသော အဓိပ္ပာယ်ကိုလည်း သဘောပေါက်လိုက်လေပြီ။ ရှိယင်က ပြုံးလိုက်ပြီးနောက်
“ကိုရင်ကြီး ကဗျာကို
တပည့်တော် အဓိပ္ပာယ် ဖွင့်ရမလား ဘုရာ့”
“ဖွင့်နိုင်ယင်
ဖွင့်ပေါ့ဗျာ'
ရှိယင်က ကံဗျာတစ်ပုဒ်ကို ရွတ်လေ၏။
မှူးမတ်တံဆိပ်၊ ချိတ်ဆွဲထားကြ
နန်းမလေသာ၊ တိုက်ခန်းဝါလည်း
ဟာလာဟင်းလင်း၊ ပျက်ပြိုယွင်းခဲ့။
စောင်းညှင်းပတ်သာ၊ သီဆိုရာသော
ဝေဆာသစ်ရိပ်၊ မြက်ခင်းထိပ်ဝယ်
သစ်ရိပ်လည်းညှိုး၊ မြက်လည်းညှိုးခဲ့။
ပန်းကြွခြူးလိမ်၊ ပင့်ကူအိမ်ပျက်
သစ်နက်ပြတင်း၊ ပယင်းခန်းဆီး
အပြီးလဲကြ၊ အလှတင့်ဆန်း
နှုတ်ခမ်းပါးနီ၊ နံ့သာဆီရွှေမှုန့်
ရနံ့ထုံလည်း၊ ဝတ်ရုံလျှောကျ
ဆံစဖြူဖွေး၊ ဇရာဘေးကို
မဝေးမချွတ်၊ ပြေးမလွတ်ခဲ့။
မနေ့ကလျှင်၊ အရိုးဖြူလှ
မြေသို့ကျ၏၊ ယနေ့တွင်မူ
ကူချွဲမြည်ကျက်၊ အချစ်ငှက်၏
သိုက်မြုံထက်သို့၊ လက်လက်ရောင်ခြည်
မီးအိမ်နီမှ၊ စီးဖြာကျ၏။
ရွှေငွေရတနာ၊ ထိုသေတ္တာ၏
ဘေးမှရပ်နေ၊ သူကြွယ်တွေလည်း
လက်ဝေခံတောင်း၊ သူတောင်းစားပမာ
ဖြစ်ရရှာ၏။
တဒင်္ဂတွင်း၊ ဘဝကြွေကျ
မြင်လိုက်ရ၍၊ သက်ပြင်းချမိ
နောက်ခဏတွင်၊ မြင်သမျှလည်း
သေရမည်မှာ၊ ဓမ္မတာတည့်။
ပညာရွှေအိုး၊ လူမခိုးအောင်
အဖိုးတန်စု၊ သားလူလှကို
အဋ္ဌာရဿ၊ သင်ပေးကလည်း
ရတနာသားလှ၊ တစ်နေ့ကျလျှင်
လူဆိုးဒပြ၊ ဖြစ်တတ်ကြ၏။
မိန်းမလှတို့၊ ဓနစည်းစိမ်
မြရိပ်ငြိမ်မှာ၊ နေခဲ့ပါလည်း
တစ်နေ့ခါတွင်၊ ပြည့်တန်ဆာအိမ်ဝ
ရောက်တတ်ကြရှင့်၊ မင်းပါးစိုးခွင်
ဝင်ထွက်ကြသူ၊ ငြူစူမိလျှင်
တစ်နေ့တွင်မူ၊ အသင်လူအ
ထောင်တန်းကျ၏။
တစ်နေ့ကမူ၊ ငတ်ပြတ်သူဖြစ်၊
အင်္ကျီညစ်ထပ်၊ စုတ်ပြတ်ပြတ်နှင့်
ယနေ့တွင်မူ၊ ထိုသူကောင်းစား
သားနားဝတ်ရုံ၊ သူလွှမ်းခြုံ၏။
လောကလူ့ဘုံ၊ ဤဇာတ်ခုံတွင်
ဖုံဖုံပြောင်းကြ၊ ရှုပ်ထွေးကြနှင့်
တေးမြသံချို ၊ စာကောက်ဆို၍
ထိုသူတစ်ယောက်၊ ကွယ်ကာပျောက်လည်း
တစ်ယောက်တေးရှင်၊ ပေါ်မည်ပင်တည့်။
ဘဝသံသရာ၊ လှည့်ပတ်ရာကို
ငါ့ဟာမှတ်ထင်၊ ငါ့အိမ်ပင်ဟု
အသင်လူမိုက်၊ ထင်မိလိုက်၏။
နောက်ဆုံးကျလျှင်၊ အားအင်ကြိုးကုတ်
ငါ့အလုပ်မှ၊ ပေါ်ထွက်ရလာ
ရတနာလည်း ငါတွင်မရ
သူများရ၏။
ခြေတစ်ဖက်ဆာနေသည့် ခပ်ဆန်းဆန်း
ကိုရင်ကြီးသည် လက်ခုပ်လက်ဝါးတီးကာ ..
“မှန်လိုက်လေ ကျုပ်လူရေ၊
မှန်လိုက်လေ” ဟု အော်ဟစ်ပြောဆိုလေ၏။
“ကဲ၊ ဒါဖြင့်
တပည့်တော်တို့ သွားကြစို့”
ရှိယင်သည် ကိုရင်ကြီး၏ ပခုံးပေါ်မှ
အိတ်ကြီးကို သူ့ပခုံးပေါ်သို့ ယူထမ်းလိုက်ပြီးလျှင် အိမ်ကိုပင် မပြန်တော့ဘဲ
ကိုရင်ကြီးနှင့် အတူ ထွက်သွားလေ၏။
ထိုသတင်းကြောင့် အရပ်ထဲတွင်
အုတ်အော်သောင်းတင်း ဖြစ်လျက် ရှိလေ၏။ ထိုသတင်းကို ရှိယင်၏ ဇနီးကြားလျှင်
တရှုပ်ရှုပ် ငိုလျက်သာ ရှိလေ၏။ ရှိယင်၏ ဇနီးသည် အဖေနှင့် တိုင်ပင်ကာ ရှိယင်ကို
လိုက်ရှာသော်လည်း ဘာသတင်းမျှ မကြားရတော့ချေ။ သို့ဖြင့် ရှိယင်၏ ဇနီးသည်
မိတများနှင့်အတူ သွားရောက် နေထိုင်ရလေ၏။ ရှိယင်၏ ဇနီးတွင် အိမ်စေနှစ်ယောက် ရှိနေသေးသည့်အတွက်
သူတို့ သုံးယောက်သည် အဖေ ဖန်စု သုံးဖြုန်းသည့် စရိတ်များကို ထေမိရန်အတွက်
နေ့ရောညပါ အပ်ချုပ်ကြရလေ၏။ ဖန်စုကား မိန်းကလေးများ၏ လုပ်စာကို ထိုင်၍ စားသောက်
သုံးဖြုန်းလျက် ရှိ၏။
တစ်နေ့၌ အိပ်စေနှစ်ဦးအနက် အကြီးဖြစ်သူသည်
ဝင်းတံခါးဝသို့ ထွက်ပြီး အပ်ချည်ဝယ်နေစဉ် “ရှောင်ကြ ရှားကြ” ဟု လမ်းရှင်းရန်
အော်ဟစ်လာသော အသံများကို ကြားရလေ၏။ မြို့ဝန် အသစ်တစ်ယောက် ပြောင်းလာခြင်း
ဖြစ်သည်ဟု ပြောသံကြားရ၏။ အိမ်စေသည် တံခါးကို ကွယ်၍ ကြည့်နေလေ၏။ ရှေ့ဆုံးမှ
စစ်သားများနှင့် ရှေ့တော်ပြေးများသည် နှစ်ယောက်တစ်တွဲ တန်းစီ ဖြတ်သွားကြလေ၏။
ထိုနောက်တွင် ဝေါကြီး တစ်စင်းကို မြင်ရပြီး ဝေါပေါ်၌ ဝတ်လုံနီ၊
ပေါင်းထုပ်အနက်တို့ကို ဆင်ထားသည့် မှူးမတ်တစ်ဦး လိုက်ပါလာသည်ကို မြင်ရလေ၏။ အိမ်စေ
မိန်းမပျိုသည် ထိုမှူးမတ်ကို မြင်သည့်အခါတွင် အံ့အားသင့်လျက် ရှိလေ၏။
သူ့မျက်နှာကို တစ်နေရာရာတွင် မြင်ဖူးလေသလော၊ ယခင်က ထိုမှူးမတ်ကို မြင်ခဲ့ဖူးသလောဟု
စဉ်းစားမိသေး၏။ သို့ရာတွင် အိမ်ထဲသို့ ပြန်ဝင်လာသည့်အခါတွင် ထိုအကြောင်းကို မေ့ပျောက်သွားလေ၏။
ထိုနေ့ည အိပ်ရာသို့ ဝင်ခါနီးတွင်
ကျယ်လောင်သော တံခါးခေါက်သံနှင့်အတူ စကားပြောသံများကို ကြားရလေ၏။ ဖန်စုအား
မြို့ဝန်က ဆင့်ဆိုခိုင်းလိုက်သဖြင့် ယခု လိုက်ခဲ့ရမည် ဖြစ်ကြောင်းဖြင့်
မင်းချင်းလုလင်များက ပြောလေ၏။ ဖန်စုသည် ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေလျက်
ရှိလေ၏။ မိမိသည် မင်းပြစ်မင်းဒဏ် သင့်လေပြီလော။
သိလိုလျှင် နောက်တစ်ခန်းကို ဖတ်ပါလေ။
Comments
Post a Comment