ခန်းဆောင်နီအိပ်မက် @ အခန်း - ၂
ယန်ကျင်မြို့တွင် သခင်မ ကျီပင်
ကွယ်လွန်ခြင်း။
ဆုစိန်က ယွန်း စံအိမ်ကြီးအကြောင်းကို
ပြောပြခြင်း။
စစ်ဘုရင်တွင်၊ တူယှဉ်ပြိုင်ကြ
တိုက်ခိုက်ကြလည်း၊ မည်သူကနိုင်
မည်သူနိုင်ဟု၊ ပိုင်ပိုင်ဆုံးဖြတ်
ခက်တတ်ကြ၏။ အမွှေးတိုင်မီး
ကုန်ခါနီးလျက်၊ လက်ဖက်ရည်ခွက်
အဆက်မပြတ်၊ သောက်တတ်ကြလည်း
အနိုင်အရှူး၊ ဆုံးဖြတ်မရ
ဖြစ်တတ်ကြ၏။ တိုးတက်ပိမ့်လော
ပျက်ပိမ့်လောဟု၊ တွေးတောမရ
ကြံဆ၍မူ၊ ကြားလူကိုသာ မေးကြရာ၏။
တံခါးဝတွင် စကားပြောသံများကို
ကြားသည့်အခါ၌ ဖန်စုသည် အကျိုးအကြောင်းကို စုံစမ်းရန် အပြင်သို့ ခပ်သုတ်သုတ်
ထွက်လာခဲ့လေ၏။
“ရှိယင်ဆိုတဲ့လူ ရှိသလား။
မြန်မြန်ခေါ်ပေးစမ်းဗျာ” ဟု မင်း ချင်းလုလင်တို့က ခပ်ထန်ထန်ပြော၏။
“ကျုပ်နာမည်က ရှိယင်မဟုတ်ပါဘူး၊ ဖန်စုပါ။ ရှိယင်ဆိုတာက ကျုပ် သမက်ပါ။
ဒါပေမယ့် ရှိယင်က လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်ကပဲ ဝတ်ကြောင်ကိုစွန့်ပြီး
တောထွက်သွားပါပြီ။ မောင်ရင်တို့က ရှိယင်နဲ့ တွေ့ချင်လို့လား” ဟု
မျက်နှာချိုသွေးသည့် အပြုံးဖြင့်ပေး၏။
“ဒါတွေ ကျုပ်တို့ မသိဘူး။
ကျုပ်တို့က မြို့ဝန်အမိန့်နဲ့လာတာ။ ခင်ဗျားက ယောက္ခမဆိုယင် ခင်ဗျားလိုက်ပြီး
ဖြေရှင်းလှည့်။ ကျုပ်တို့ ဒီကို နောက်တစ်ခေါက် မလာနိုင်ဘူး”
မင်းချင်းတို့သည် ဖန်စုအား ထုချေခွင့်
မပေးတော့ဘဲ အတင်း ဆွဲခေါ်သွားကြလေ၏။ အိမ်သူအိမ်သားများမှာ အကြောင်းရင်းကို မသိကြဘဲ
ကြောက်ရွံ့ ထိတ်လန့် ကျန်ရစ်ခဲ့ကြ၏။
ည ရှစ်ချက်တီး အချိန်လောက်တွင်မူ
ဖန်စုသည် ဝမ်းမြောက်၀မ်းသာဖြင့် အိမ်သို့ ပြန်ရောက်လာလေ၏။ အကျိုးအကြောင်း မေးမြန်းသည့်
အခါတွင် ဖန်က
ခု မြို့ဝန်အသစ်က ဆုချောင်ဇာတိတဲ့။
နာမည်က ယုဆုန်တဲ့။ ငါ့သမက် ရှိယင်ရဲ့ မိတ်ဆွေဟောင်းကြီး တစ်ဦးတဲ့။ ငါတို့ အိမ် ရွှေကဖြတ်သွားတုန်း
အပ်ချည် ဝယ်နေတဲ့ ချောဆင့်ကို မြင်သွားတော့ ရှိယင်ဟာ ဒီကိုပြောင်းလာပြီလို့
သူထင်လိုက်သတဲ့။ ရှိယင်ရဲ့ အကြောင်းကို ပြောပြတော့ သူတော်တော်
စိတ်ထိခိုက်သွားပုံရတယ်။ ငါ့မြေးလေး ယန်လင်း (မကြာဖြူ) အကြောင်းကိုလဲ မေးလိုက်သေးတယ်။
ငါက မီးထွန်းပွဲတော်တုန်းက ပျောက်သွားတယ်လို့ ပြောလိုက်တော့ မပူပါနဲ့တဲ့၊
အရှာခိုင်းပေးပါ့မယ်တဲ့။ တွေ့မှာပါတဲ့၊ စကားပြောဆို ပြီးလို့ ပြန်ခါနီးကျတော့
ငါ့ကို ငွေစင်နှစ်ကျပ်သားလဲ ပေးလိုက်သေးတာ
ဖန်စု၏ ဇနီးမှာ ထိုစကားကို
ကြားရသည့်အခါတွင် များစွာ ဝမ်းသာလျက် ရှိလေ၏။ သို့ဖြင့် ထိုနေ့ညကို လွန်မြောက်ခဲ့လေ၏။
နောက်တစ်နေ့ မနက်စောံစော၌ 'မြို့ဝန် ယုဆုန်ထံမှ မင်းချင်း လုလင်တစ်ယောက် ရောက်လာကာ ကျေးဇူးဆပ်သည့်
သဘောဖြင့် ငွေစင်ထုပ် နှစ်ထုပ်နှင့် ရှိယင်၏ ဇနီးအတွက် ဖဲစ တစ်ဝတ်စာ လာရောက်
ပို့လေ၏။ ထို့ပြင် အတွင်း စာတစ်စောင် ပေးလိုက်လျက် ထို စာထဲတွင် မြို့ဝန်မင်းက
ချောဆင့်အား ဒုတိယ ဇနီးအရာ မြှောက်လို ကြောင်း၊ ထို့အတွက် ရှိယင်၏ ဇနီးက
ချောဆင့်အား နားချ ပေးစေလိုကြောင်းဖြင့်လည်း ဖော်ပြထားလေ၏။ ဖန်စုက ဝမ်းသာ၍
မဆုံးပြီ။ ဖန်စုသည် မြို့ဝန်ကို မျက်နှာအားရ လုပ်ချင်လွန်းသဖြင့် သမီးဖြစ်သူအား
ချောဆင့်ကို နားချပေးရန် အတင်းတိုက်တွန်းလျက် ရှိလေ၏။ ထိုနေ့ည၌ ဖန်စုသည်
ချောဆင့်ကို ဝေါဖြင့်တင်ကာ မြို့ဝန်ထံသို့ ကိုယ်တိုင်လိုက်ပို့လေ၏။
မြို့ဝန်မင်း ယုဆုန်
ကျေနပ်အားရဖြစ်ပုံမှာ ပြောဖွယ် မရှိတော့ချေ။ မြို့ဝန်မင်းသည် ဖန်စုအား ငွေစင်တစ်ရာ
ပေးလိုက်ပြီး ရှိယင်၏ ဇနီးကိုလည်း လက်ဆောင်များ ပေးလိုက်ကာ သမီးငယ် ယန်လင်း
(မကြာဖြူ) ကို စုံစမ်းလျက်ရှိကြောင်း၊ ထိုအတောအတွင်းတွင် ကျန်း မာရေးကို
ဂရုစိုက်စေလိုကြောင်းဖြင့် မှာလိုက်လေ၏။ ဖန်စုသည် အိမ်သို့ ပြန်ခဲ့လေ၏။ ဤတွင်
ဖန်စု၏ အခန်းကို ချန်လှပ်ခဲ့တော့မည်။
ချောဆင့်ကား အခြားသူမဟုတ်။ ဆူချောင်တွင်
နေစဉ်က ပန်းခြံထဲမှနေ၍ ယုဆုန်နှင့် မျက်လုံးချင်းဆုံမိခဲ့သော အိမ်စေ သူငယ်မပင်
ဖြစ်လေ၏။ မျက်လုံးချင်း တစ်ချက် ဆုံလိုက်မိသည့်အတွက် ကတော်မယားအဖြစ်
ချီးမြှင့်မြှောက်စားခံရသည်ကို မယုံနိုင်အောင် ဖြစ်လျက် ရှိလေ၏။ တစ်နှစ်အတွင်းတွင်
သားယောက်ျားလေးတစ်ယောက် ဖွားမြင်သည့်အခါ၌ ချောဆင့်မှာ နှစ်ထပ်ကွမ်း ကံကောင်းလျက်
ရှိပေ၏။ နောက် ခြောက်လခန့် အကြာတွင် ယုဆုန်၏ ဇနီးမှာ ရောဂါဖြစ်ပြီး
ကွယ်လွန်ခဲ့လေရာ မြို့ဝန် ယုဆုန်သည် ချောဆင့်ကို မယားကြီးအရာသို့
မြှောက်ပြန်သည်တွင် ချောဆင့်၏ အခြေအနေမှာ မြင့်သည်ထက်မြင့် လာခဲ့လေ၏။
မျက်စိလည်၍၊ မြစ်ဝယ်မျောလာ
ပန်းဗေဒါလည်း၊ လေလာခိုက်ဆင့်
အောင်လံလွှင့်၏။
ထိုနှစ်က ရှိယင်ထံမှ ငွေနှင့်
အဝတ်အစားတို့ကို ရပြီးနောက် ယုဆုန်သည် လပြည့်ကျော် တစ်ရက်နေ့တွင်
ရွှေမြို့တော်သို့ ထွက်လာခဲ့လေ၏။ ယုဆုန်သည် စာပြန်ပွဲတွင် ကောင်းစွာ ဖြေဆိုနိုင်သည့်အတွက်
ရွှေနန်းတော်ကြီးမှ ချီးမြှင့်သော ဘွဲ့ကို ရရှိကာ နယ်တစ်နယ်တွင် ခန့်ထားခြင်း
ခံရလေ၏။ ယခုအချိန်၌မူ မြို့ဝန်မင်း ရာထူးကို ရနေလေပြီ။
ယုဆုန်သည် စာအုပ်အချုပ် ကောင်းသည့်တိုင်
လောကြီးခြင်း၊ အကွပ်အညှပ် ပြင်းထန်ခြင်း၊ အထက်လူကြီးများအား မောက်မာစွာ
ဆက်ဆံခြင်း၊ မာနကြီးခြင်းတို့ကြောင့် သူ့ကို များစွာ မကြိုက်ကြချေ။ သို့ဖြင့်
နှစ်နှစ်မျှ မကြာမီ အထက်အာဏာပိုင်တို့က ယုဆုန်အား အရေးယူရန် အခွင့်ကြုံလာလေ၏။
ယုဆုန်အား “အကောက်ကြံသည် ရွှေနန်းတော် ထုံးစံဓလေ့များကို သွေဖီသည်၊
ရိုးသားဖြောင့်မတ်ဟန်ဆောင်ကာ တပည့်မွေးပြီး မိမိနယ်တွင် ဆူပူအောင် လှုံ့ဆော်သည်။
နယ်သူနယ်သားတို့ကို ညှဉ်းပန်းနှိပ်စက်သည်” ဟု စွပ်စွဲလာကြလေ၏။
ထိုသတင်းကို ဘုန်းတော်ကြီးသောဘုရား
ကြားတော်မူသည့်အခါတွင် လွန်စွာ အမျက်ထွက်ရကား ယုဆုန်ကို အရာမှ ထုတ်ပယ်လေ၏။
ထိုအမိန့်စာ ရောက်သည့်အခါ၌ ထိုနယ်တွင်ရှိသည့် အရာရှိများမှာ ဝမ်းမြောက်ဝမ်းသာ
ရှိကြလေ၏။ ယုဆုန်သည် စိတ်ပျက် ဒေါသထွက်ခြင်း ဖြစ်သည့်တိုင် ထိုအမူအရာကို
ဖုံးကွယ်ကာ ခါတိုင်းကဲ့သို့ပင် ရွှင်လန်း ဟန်ဆောင်လျက်ရှိ၏။ အလုပ်လွှဲပြီးနောက်
ယူဆုန်သည် မိမိအမှုထမ်းစဉ် စုဆောင်းရရှိခဲ့သည့် အရင်းအနှီးတို့ကို ယူ၍
ဇာတိရပ်ရွာသို့ ပြန်ခဲ့လေ၏။ ထိုနောက်၌ ယုဆုန်သည် ဇနီး သား သမီးတို့ကို အခြေကျအောင်
ပြုလုပ်ပေးပြီးနောက် သူကိုယ်တိုင်မှာမူ နိုင်ငံတစ်ဝန်းရှိ ထင်ရှားသော
နေရာဒေသများကို လှည့်လည်ကြည့်ရှုရန် လေကိုကျောပိုး၍ လရောင်ကို အိတ်ထဲထည့်ကာ
ခရီးထွက်ခဲ့လေ၏။
သို့ခရီးလှည့်လည်ခဲ့သည်ဖြစ်ရာ တစ်နေ့တွင်
ယုဆုန်သည် ယန်ကျို မြို့သို့ ရောက်သွား၏။ ထိုမြို့၌ ဆားခွန်တော်ဝန်အဖြစ် ဆောင်ရွက်နေသူမှာ
စာပြန်ပွဲတွင် တတိယစွဲခဲ့သည့် လင်ဟိုက်ဆိုသူ မိတ်ဆွေဟောင်းတစ်ဦး ဖြစ်လေ၏။
လင်ဟိုက်သည် ဆုချောင်ဇာတိဖြစ်ပြီး မကြာသေးမီက စာစစ်တော်အဖြစ် ခန့်အပ်ခံခဲ့ရလျက်
ယခုအချိန်တွင်မူ ဘုန်းတော်ကြီးသော ဘုရားကိုယ်တိုင်က ဆားခွန်တော်ဝန်အဖြစ် ခန့်အပ်ထားခြင်း
ခံရသူဖြစ်၏။ ယခုရာထူးကို ရခဲ့သည်မှာ တစ်လကျော်ကျော်မျှသာ ရှိသေး၏။
လင်ဟိုက်မတိုင်မီ မျိုးရိုး ငါးဆယ်ခန့်က
ဘိုးဘေးတစ်ဦးမှာ မှူးမတ်ကြီးအဖြစ် ဘွဲ့ထူး ဂုဏ်ထူး ချီးမြှင့်ခြင်း ခံခဲ့ရ၏။
ထိုဘွဲ့ထူး ဂုဏ်ထူးကို မျိုးဆက် သုံးဆက်တိုင်တိုင် ချီးမြှင့်ခြင်း ခံခဲ့ရ၏။ ယခု
ရွှေနန်းတက်လျက်ရှိသော ဘုရင်မင်းမြတ်မှာ ဘိုးတော် ဘေးတော်များထက် အပေးအကမ်း၊ အချီးအမြှောက်
ရက်ရောသည့်အလျောက် ထိုဘွဲ့ကို နောက်ထပ် မျိုးဆက် တစ်ဆက်အထိခံရန်
ပေးသနားတော်မူခဲ့၏။ ထို့ကြောင့် ထိုဘွဲ့ကို လင်ဟိုက်၏ ဖခင် လက်ထက်အထိ ခံစားနိုင်ခွင့်
ရှိခဲ့ပေ၏။ သို့ရာတွင် လင်ဟိုက်တို့ အမျိုးသည် မျိုးရိုး ကောင်းရုံမျှမက
ယဉ်ကျေးသိမ်မွေ့၍ စာပေကျမ်းဂန် နားလည်သည့် အမျိုးလည်း ဖြစ်သည့်အတွက်
လင်ဟိုက်သည်လည်း စာတော်ပြန်ပွဲကို ဝင်ရောက်ဖြေဆိုကာ ယခုရာထူးသို့
ရောက်ရှိခဲ့ခြင်းဖြစ်လေ၏။ သို့ရာတွင် လင်ဟိုက်တို့ အမျိုးမှာ များစွာ သားသမီး
မထွန်းကားကြချေ။ လင်ဟိုက်တွင် ဝမ်းကွဲများရှိသော်လည်း သားချင်းအရင်းဟူ၍ မရှိပေ။
ယခုအချိန်၌ လင်ဟိုက်မှာ အသက်လေးဆယ် ရှိလေပြီ။ သူ၏ တစ်ဦးတည်းသော သားငယ်မှာ မနှစ်က
အသက်သုံးဆယ်အရွယ်ရောက်တွင် ဆုံးခဲ့လေသည်။ လင်ဟိုက်တွင် အမြှောင်မယား
အများအပြားရှိသည့်တိုင် မည်သူကမျှ သားယောက်ျားကလေး မထွန်းကားခဲ့ချေ။ သို့ရာတွင်
မတတ်နိုင်ပြီ။ မယားကြီးဖြစ်သူ ကျိမင်းနှင့် ထိုက်ဟုဆိုသော သမီးကလေးတစ်ယောက်
မွေးခဲ့ရာ ယခုအချိန်တွင် ငါးနှစ်ရှိလေပြီ။ မိဘနှစ်ပါးသည် သမီးလေး ထိုက်ယုကို
အလွန်ချစ်ခင်ကြ၏။ သမီးလေးမှာ ရုပ်ကလည်းချော၊ ဉာဏ်ကလည်းကောင်းသဖြင့်
သားယောကျ်ားလေးအစား ထွန်းထွန်း ပေါက်ပေါက်ဖြစ်အောင် ပညာသင်ပေးရန် ရည်ရွယ်ထားကြ၏။
ဆုံးသွားသည့် သားလေးကို ဤနည်းအားဖြင့် အစားထိုးရန် စိတ်ကူးထားကြလေ၏။
ယုဆုန်သည် အအေးမိကာ နေထိုင်မကောင်း
ဖြစ်သဖြင့် တည်းခိုရိပ်သာတွင် တစ်လကျော်ကျော်ခန့် အခန်းအောင်း နေရလေ၏။ နေထိုင်
မကောင်းသဖြင့် အားကလည်းနည်း၊ စရိတ်ကလည်း ပွန်းလာပြီ ဖြစ်သည့် အလျောက် ယုဆုန်သည်
တစ်နေရာရာသို့ သွား၍ အပန်း ဖြေအနားယူရန် စိတ်ကူးလျက် ရှိလေ၏။ ထိုစဉ် ဆားခွန်တော်ဝန်သည်
သူ့သမီးကလေးအတွက် စာပြ ဆရာတစ်ယောက်ကို ရှာဖွေလျက်ရှိကြောင်း မိတ်ဆွေနှစ်ယောက်ထံမှ
သိရလေ၏။ ထို မိတ်ဆွေနှစ်ယောက်၏ ထောက်ခံချက်ဖြင့် ယုယုန်သည် စာပြဆရာ ရခဲ့သည်တွင်
နေရေး ထိုင်ရေးလည်း အဆင်ပြေ သွားလေ၏။ အိမ်စေနှစ်ယောက် ထိန်းသည့် ကလေးမကလေး
တစ်ယောက်တည်းကိုသာ စာပြရသည့်အတွက် ယုဆူန်အဖို့လည်း ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။
ကလေးမမှာ အနည်းငယ် ချူချာသည့်အတွက် သင်ခန်းစာကို မှန်မှန် မတက်နိုင်ချေ။
ထို့ကြောင့် ယုဆုန်၏ တာဝန်သည်လည်း များစွာ မကြီးလှချေ။
မျက်စေ့တစ်မှိတ်အတွင်း၌ နောက်တစ်နှစ်
ကုန်ဆုံးသွားပြီးနောက် ကလေးမကလေး၏မိခင် ကျိမင်းမှာ မမျှော်လင့်ဘဲ နာမကျန်းဖြစ်ကာ
ကွယ်လွန်သွားခဲ့၏။ ကလေးမကလေးသည် မိခင် မကျန်းမာစဉ် သူတတ်နိုင်သမျှ
ပြုစုစောင့်ရှောက်ကာ ကွယ်လွန်သွားသည့် အခါတွင်လည်း ထုံးစံကို အတိအကျ လိုက်နာလျက်
မိခင်ကို အောက်မေ့ လွမ်းဆွတ်သောအားဖြင့် အခန်းအောင်းလျက် ရှိ၏။ ယုဆုန်သည် အလုပ်မှု
နုတ်ထွက်ရန် စိတ်ကူးသေး၏။ သို့ရာတွင် လင်ဟိုက်က ပူဆွေး သောက ရောက်ချိန်တွင်
သမီးငယ် ပညာသင် ပျက်မည်စိုးသည့်အတွက် ကွက်ခွင့် မပြုချေ။ သမီးငယ်မာ စိတ္တဇဖြစ်ကာ
ကျန်းမာရေး ချူချာ လာခဲ့ပြန်၏။ ထို့ကြောင့် သင်ခန်းစာများကို အချိန်အတန် ကြာမျှ ရပ်ဆိုင်း
ထားခဲ့ရ၏။ ယုဆုန်မှာ အချိန်အားများစွာ ရနေသည့်အတွက် ရာသီဥတု သာယာလျှင်
ထမင်းစားပြီးတိုင်း လမ်းလျှောက် ထွက်လေ ရှိပေ၏။
တစ်နေ့တွင် ယုဆုန်သည်
ရှုမျှော်ခင်းကောင်းကောင်း ကြည့်ရန် မြို့ပြင်သို့ လမ်းလျှောက် ထွက်လာခဲ့၏။
တောင်ရိုးများအကြားရှိ စိမ်းညိုသော တောအုပ်များနှင့် ဝါးတောများထဲတွင်
စမ်းချောင်းကလေးများသည် တသွင်သွင် စီးဆင်းလျက် ရှိကြ၏။ တောအုပ်များကြားတွင်
တစ်ပိုင်းတစ်စ ပုန်းကွယ်နေသည့် ဘုရားဝတ်ကျောင်း တစ်ဆောင်ကိုလည်း မြင်ရ၏။
ဘုရားဝတ်ကျောင်း အဝင်ဝမှာ ပျက်စီးလျက် ရှိလေပြီ။ မဟာရံတံတိုင်းတို့သည်လည်း
ပြိုကျကုန်ကြပြီ။ ဘုရားမုခ်တွင်မူ “မဟာသတိပဌာန စေတီတော်” ဟူသော ကမ္ပည်းစာကို
တွေ့ရလေ၏။ မုခ်ဦး ဘေးတစ်ဖက်တစ်ချက်ရှိ ကျောက်တိုင်များပေါ်တွင်လည်း
လင်္ကာတစ်ပိုဒ်ရေးထို ထားလေ၏။
သေသည်၏ နောက်မှာ၊ ဥစ္စာတွေကျန်ရစ်
ရှိခဲ့ပြန် ထိုဘဝမှာ ပေးမလှူဖြစ်။
လမ်းဆုံးမှပင်၊ သတိသမ္ပဇဉ်ဝင်မိ
လမ်းလျှောက်သူ ဘယ်ညာကွေ့ဖို့ သတိရ၏။
“အင်း၊ စာကလဲ
သိပ်သည်းကျစ်လျစ်ပါပေတယ်။ အဓိပ္ပာယ်ကလဲ လေးနက်ပါပေတယ်။ တန်ခိုးကြီးဘုရားတွေကို ငါ
ဖူခဲ့ဖူးပေါင်း များလှပြီ။ ဒါပေမယ့် ဒီလိုလေးနက်တဲ့ ကမ္ပည်းစာမျိုးကို ငါတစ်ခါမူ
မတွေ့ဖူးပါကလား။ ကြည့်ရတာကတာ့ လူ့ဘ၀ကြီးကို ခါးခါးသီးသီး ကြုံတွေ့သွားပြီး
ကိုယ်ပြုခဲ့တဲ့ ဒုစရိုက်တွေကို နောင်တ သံဝေဂ ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တစ်ဦးက ရေးထိုး
လှူဒါန်းခဲ့ဟန်တူရဲ့။ အထဲဝင် မေးကြည့်ဦးမှ” ဟု ယုဆုန် စိတ်ကူးမိ၏။
သို့ရာတွင် ဘုရားကျောင်းထဲသို့
ရောက်သည့်အခါတွင် ယာဂုကျိုနေသည့် တုန်တုန်ချည့်ချည့် ကပ္ပိယအိုကြီးတစ်ယောက်ကိုသာ
တွေ့ရလေ၏။ ယုဆုန်သည် ထိုကပ္ပိယအိုကြီးကို အတင်မကြီးလှသည်နှင့် အထူးအထွေ မမေးတော့ဘဲ
တစ်ခွန်းစ နှစ်ခွန်းစသာ မေး၏။ ကပ္ပိယအိုကြီးမူာ နားလေးဟန် ရှိသည့်ပြင် ဉာဏ်ကလည်း
ထိုင်းလိုက်သေး၏။ သူ့စကားများမှာလည်း ဗလုံးဗထွေး ဝိုးတိုးဝါးတားမျှသာ ဖြစ်လေ၏။
ယုဆုန်သည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာကာ
ယမကာ တစ်ခွက်နှစ်ခွက် သောက်ရန် ရွာထဲရှိ ဘုံဆိုင်လေးတစ်ခုထဲသို့ ဝင်ခဲ့၏။ အထဲသို့ ဝင်လိုက်စဉ်
ယမကာသောက်နေသူ တစ်ယောက်သည် မတ်တတ်ရပ်လိုက်ပြီးနောက် ရယ်ရယ်မောမောဖြင့်
ဆီးကြိုနှုတ်ဆက်လိုက်သည်ကို တွေ့ရလေ၏။
“ကြည့်စမ်းဗျာ၊ တွေ့မှတွေ့တတ်ပလေ”
ထိုလူမှာ ရွှေမြို့တော်တွင် သူနေခဲ့စဉ်က
ပစ္စည်းအဟောင်းအမြင်း ရောင်းသည့် လျှံဆုစိန် ဆိုသူ ဖြစ်၏။ ယုဆုန်သည် ဆုစိန်၏
အဟောင်းအမြင်းရောင်းသည့် လုပ်ငန်းကို သဘာကျ၏။ သူ့အရည်အချင်းကို သိ၏။ ဆုစိန်ကလည်း
ပညာတတ် ယုဆုန်လို လူမျိုးတစ်ယောက်ကို ကူညီအားပေးချင်၏။ သို့ဖြင့်
သူတို့နှစ်ယောက်သည် ရင်းနှီးသော မိတ်ဆွေများ ဖြစ်သွားကြ၏။
“အလို ရောင်းရင်းကြီး၊
ဘယ်တုန်းက ရောက်နေတာလဲ။ ကြည့်စမ်းဗျာ၊ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ လုံးလုံးကို မမျှော်လင့်ဘူး။
ဒီနေရာမှာ လာတွေတာတော့ ကြုံတောင့်ကြုံခဲပဲ”
ယုဆုန်က လှိုက်လှဲ့ဝမ်းမြောက်စွာ
နှုတ်ဆက်သည်။
““မနှစ်က နှစ်ကုန်ခါနီးမှာ
ကျွန်တော် မြို့ကို ပြန်သွားတယ်ဗျ။ ခု ရွှေမြို့တော်အသွားမှာ မိတ်ဆွေတစ်ယောက်ဆီကို
ခဏ ဝင်လည်တာ။ သူကလဲ အတင်းတား၊ ကျွန်တော့်မှာလဲ အလုပ်ကိစ္စ သိပ်အရေးတကြီး မရှိတာနဲ့
ဒီမှာ အတော်ကြာ သောင်တင်နေတာ။ လလယ်လောက် ဆိုယင်တော့ ပြန်မယ်။ ဒီနေ့တော့ ကျွန်တော့်
မိတ်ဆွေကလဲ အလုပ်များနေတာနဲ့ မြို့ထဲ လျှောက်လည်ရင်း ဒီနားကို ရောက်လာတာ။
ကျွန်တော်လဲ ခင်ဗျားကို တွေ့လိမ့်မယ်လို့ နည်းနည်းလေးမှ မမျှော်လင့်ဘူး”
ဆုစိန်သည် ယုဆုန်ကို သူ့စားပွဲသို့
ခေါ်သွားပြီး အရက်နှင့်စားဖွယ် သောက်ဖွယ်များကို မှာလိုက်လေ၏။ သူတို့နှစ်ယောက်သည်
အရက်ကလေး တမြမြနှင့် ကွဲကွာသွားကြသည့်အတွင်း ကိုယ်ရေးကိုယ်တာများကို ပြောဆိုနေကြ၏။
“ရွှေမြို့တော်ကြီးမှာကော
ဘာသတင်းတွေ့များ ထူးသေးသလဲဗျ” ဟု ယုဆုန်က မေး၏။
“တယ်တော့ မထူးလှပါဘူးဗျာ၊
ဒါပေမယ့် ရွှေမြို့တော်ကြီးက ခင်ဗျားနဲ့ အမျိုးတော်စပ်တဲ့ အမတ်တစ်ဦး အိမ်မှာတော့
ထူးထူးဆန်းဆန်းကိစ္စတစ်ခု ဖြစ်သဗျ”
အလို၊ ရွှေမြို့တော်မှာ ကျုပ်နဲ့
ဆွေမျိုးတော်စပ်တဲ့ မှူးမတ်ရယ်လို့ မရှိပေါင်ဗျာ။ ရောင်းရင်းကလဲ
နောက်မနေစမ်းပါနဲ့”
“မျိုးနွယ်ချင်း မတူသော်လဲ နာမည်အားဖြင့်
ဆွေမျိုးအုပ်စု တစ်ခုတည်းက ဆင်းလာတာ”
ယုဆုန်က မည်သူ့ကို ရည်ရွယ်ကြောင်း မေး၏။
““ယွန်း စံအိမ်ကြီးက ကျိ
မိသားစုလေဗျာ။ သူတို့နဲ့ အမျိုးတော်ရလို့ ကျွန်တော့်ကို ရှက်မနေပါနဲ့ဗျ”
ယုဆုန်က တစ်ချက် ရယ်လိုက်လျက်
“ဪ ဒါကို ပြောတာလား။ အင်း
အမှန်ပြောရယင်တော့ ကျွန်တော်တို့ ဆွေမျိုးစု အုပ်စုက တော်တော်ကြီးတယ်ဗျ။ အရှေ့
ဟန်မင်းဆက်ကတည်းက ရှိခဲ့တဲ့ ကျဲ့ဖူမျိုးဟာ ပွားပွားလာလိုက်တာ ခုတော့ ဘယ်နယ်ကိုသွားသွား
ကျိမျိုးကို ရှောင်လို့ မလွတ်ဘူး ဖြစ်နေတယ်။ မရေနိုင်ဘူး ဆိုပါတော့။ ယွန်းမျိုးနဲ့
ကျွန်တော်တို့ အမျိုးကတော့ ဆွေမျိုးစု စာရင်းမှာ တစ်အုပ်စုတည်းဗျ။ ဒါပေမယ့် သူတို့က
သိပ်ချမ်းသာပြီး သိပ် အထက်ရောက်နေတော့ ဆွေမျိုးလဲ မစပ်မိပါဘူး။ မစပ်မိတဲ့အပြင်
ခုဆို တဖြည်းဖြည်း စိမ်းသွားကြပြီ၊ တော်တော် ဝေးသွားကြပါပြီ”
“အဲဒီလို မပြောပါနဲ့လေ၊
ခုဆိုယင် ယွန်းမျိုးရော၊ နိန်မျိုးရော တဖြည်းဖြည်း တိမ်ကောရှာပါပြီ။ အယင်တုန်းကလို
ထည်ထည်ဝါ၀ါ မရှိရှာတော့ပါဘူး””
ဆုစိန်သည် သက်ပြင်းချ၏။
“ဘယ်လို ဖြစ်သွားတာလဲဗျာ။
ဟိုတုန်းကတော့ တကယ့် ဆွေကြီးမျိုးကြီးတွေပဲ”
“ဟုတ်ပါတယ်လေ။ ကျွန်တော် သိပါတယ်။ ပြောရမယ်ဆိုယင်တော့ ရာဇဝင်အရှည်ကြီးပဲဗျ”
ယုဆုန်က
“မနှစ်က မင်းခြောက်ဆက် သင်္ချိုင်းဂူဟောင်းတွေကို
ကြည့်ချင်တာနဲ့ ချင်လင်းမြို့ကို ကျွန်တော် ရောက်သွားတယ်ဗျ။ အဲဒီသွားရင်း
ကြုံတာနဲ့ မြို့အနောက်ပိုင်းမှာရှိတဲ့ ကျောက်တုံးမြို့ဟောင်းကို သွားကြည့်တော့
သူတို့ စံအိမ်ကြီးတွေ့နားက ဖြတ်သွားရတယ်။ နည်းတဲ့ စံအိမ်ကြီးတွေမှ မဟုတ်တာကလားဗျာ။
လမ်းမြောက်ဘက် တစ်ခြမ်းလုံး သူတို့ စံအိမ်ကြီးတွေက နေရာယူထားတာပဲ။ နိန်စံအိမ်ကြီးက
အရှေ့ဘက်ကဗျ။ ယွန်း စံအိမ်ကြီးက ကပ်လျက် အနောက်ဘက်က။ အဲ တစ်ခုတော့
သတိထားမိတယ်ဗျို့။ စံအိမ်ဝင်းဝမှာတော့ အဝင်အထွက်၊ အသွားအလာရယ်လို့ သိပ်မရှိလှဘူး၊
ဒါပေမယ့် တံတိုင်းပေါ်ကနေ ကျော်မြင်ရတဲ့ အဆောင်ကြီးတွေ၊ အခန်းကြီးတွေကတော့ တယ်
သားနားတာပဲ။ ဒါတွင်မကဘူး။ စံအိမ်နောက်ဖေး ဥယျာဉ်ထဲက သစ်ပင်တွေ၊
ကျောက်ပန်းပင်တွေကလဲ ဝေဝေဆာဆာပဲ၊ အခြေပျက် အနေပျက်ဖြစ်တဲ့ အရိပ်အယောင်ဆိုလို့ ဘာမှ
မတွေ့ရဘူး”
ဆုစိန်က သဘောကျသွားကာ
တခစ်ခစ်ရယ်လိုက်လျက်
“ခင်ဗျားကလဲ
ရွှေနန်းတော်စာပြန်ပွဲက ဝိဇ္ဇာဘွဲ့ ရလာခဲ့တဲ့လူ လုပ်နေပြီး တယ် အတာကိုးဗျ၊
ကင်းခြေများတို့မည်သည် အသက်သာသေရာ၏၊ ဘယ်တော့မျှ အောက်သို့မကျဆိုတဲ့
စကားပုံရှိသားပဲ။ သူတို့ အခြေပျက်တယ်ဆိုတာ ဆင်ပိန်ကျွဲပါဗျာ။ ဒီ့ပြင်လူတွေထက်တော့
အများကြီး သာသေးတာပေါ့။ သူတို့မှာ ပါးစပ်ပေါက်တွေကလဲ တိုးသည်ထက် ကိုးလာတယ်ဗျာ။
ပေးကမ်းထောက်ပံ့ရမယ့်လူတွေကလဲ အများကြီး။ အိမ်မှာရှိတဲ့ သခင်ကရော ကျွန်တွေကရော
အထက်တန်းကျကျ ဇိမ်နဲ့ နေလာခဲ့ကြရလေတော့ ဒီထက်နိမ့်ပြီး မနေတတ်တော့ဘူးပေါ့။ ဇိမ်နဲ့
စားလိုက်သောက်လိုက် သုံးလိုက် ဖြုန်းလိုက်နဲ့။ ရှေ့ရေးကို ဘာမှ မကြည့်ကြတော့ဘူး။
တစ်နေ့တစ်နေ့ သုံးလိုက် ဖြုန်းလိုက်တာကလဲ ဘယ်နည်းမလဲ။ အကျင့်ပါနေတော့
မချွေတာတတ်တော့ဘူးပေါ့။
အပေါ်ယံကြည့်ယင်တော့ တို့တုန်းကလို
ထည်ထည်ဝါဝါ ခမ်းခမ်းနားနားပါပဲ။ ဒါပေမယ့် သူတို့ ငွေအိတ်ကတော့ ဟောင်းလောင်း ဖြစ်ခါနီးနေပြီဗျ။
ဒါလဲ သိပ်တော့ အရေးမကြီးလှသေးပါဘူး။ မျိုးရိုးကလဲကောင်း၊ ပညာကလဲတတ်တော့
ဘိုးဘွားတွေ လက်ထက်ကလောက် အရည်အချင်း မရှိတော့ဘူးလို့ ဘယ်သူ ထင်ရဲပါ့မလဲ”
“ဟုတ်ရဲ့လားဗျား သူတို့
မျိုးရိုးဟာ ပညာလဲတတ်၊ အနေအထိုင်ကလဲ ပိပြားလေတော့ သားသမီးတွေကို ကြီးပြင်းအောင် ဘယ်လို
မွေးမြူရမယ်ဆိုတာ ကောင်းကောင်း နားလည်တဲ့ မျိုးရိုးပဲ၊ ဒီပြင် ဆွေမျိုးတွေ
အကြောင်းတော့ ကျွန်တော် မပြောတတ်ဘူးဗျာ၊ ဒါပေမယ့် အဲဒီစံအိမ်ကြီး နှစ်အိမ်က
မိဘတွေက သူတို့ ကောင်းကောင်း ပညာသင်ပေးတာပဲ” ဟု ယုဆုန်က တအံ့တဩဖြင့် ပြောလေ၏။
“ဟုတ်ပါတယ်၊ ကျွန်တော်ကလဲ
အဲဒီစံအိမ်ကြီး နှစ်အိမ် အကြောင်းကို ပြောနေတာပါ။ ကျွန်တော် ပြောပြမယ်လေ၊
နိန်မြို့စားနဲ့ ယွန်ကူမြို့စားဟာ တစ်မအေတည်းက မွေးလာတဲ့ ညီအစ်ကို အရင်းခေါက်ခေါက်တွေဗျ။
အစ်ကိုဖြစ်တဲ့ နိန်မြို့စားမှာ သးလေးယောက် ရှိတယ်။ သူသေဘော့ သားလေးယောက်အနက်
အကြီးဆုံးဖြစ်တဲ့ ကျိတိုက်ဟွာက မြို့စားဘွဲ့ကို ဆက်ခံတယ်၊ သူ့မှာ သားနှစ်ယောက် ရှိတယ်။
အကြီးဖြစ်တဲ့ ကျိဖူက ရှစ်နှစ် ကိုးနှစ်သားလောက်မှာ သေသွားတယ်။ ဒါနဲ့
မြို့စားဘွဲ့ကိုသာ အငယ်ဖြစ်တဲ့ ကျိချင်က ဆက်ခံရတယ်။ ဒါပေမယ့် ကျိချန်ဟာ (တာအို)
ဘာသာရေးဘက်ကို သိပ်လိုက်စားသွားပြီး တခြားဘာကိုမှ စိတ်မဝင်စားတော့ဘဲ ဖြစ်သွားတယ်။ အားအားရှိယင်
အဂ္ဂိရတ်ထိုး၊ အာယုသက်တမ်းတိုးဆေးတွေ ချက်တဲ့ အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတယ်ဗျ။
ဒါပေမယ့် ကံကောင်းတာက သူငယ်ငယ်တုန်းက သူ့မှာ ကျိချန်ဆိုတဲ့ သားတစ်ယောက်
မွေးခဲ့လေတော့ အဲဒီသားကိုပဲ မြို့စားဘွဲ့ကို ပေးပြီး သူကတော့ ဓာတ်လုံးပေါက်ဖို့ပဲ
စိတ်ကူးနေတာပဲ။ အိမ်ကိုလဲ မပြန်ဘူး၊ မြို့ရိုး ပြင်ဘက်က တာအိုဘုန်းကြီးတွေဆီကို
သွားပြီး အဲဒီမှာပဲ အချိန်ကုန်တာပဲ။ ကျိချန်မှာ သားတစ်ယောက် ရှိတယ်၊ သူ့နာမည်က
ကျိယုန်တဲ့၊ ခုဆိုယင် ဆယ့်ခြောက်နှစ်လောက်တော့ ရှိရော့ပေါ့။ ကျိချင်ဟာ
လောကီကိစ္စတွေ အားလုံးကို ဘာမှ စိတ်မဝင်စားတော့ဘူး။ သူ့သားကျိခန်ကျတော့လဲ
တစ်မျိုး၊ ဘာပညာကိုမူ မလေ့လာဘဲ အပျော်အပါးနဲ့ပဲ အချိန်ကုန်တာပဲ၊ ခုတော့ ကျိချန်ကြောင့်
နိန်စံအိမ်ကြီး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်တာပေါ့။ ဒါပေမယ့် သူ့ကို ဘယ်သူကမှလဲ ဝင်မပြောရဲကြဘူး။
“အဲဒီ ကျွန်တော်ပြောတဲ့
ထူးထူးဆန်းဆန်း အဖြစ်အပျက်ဖြစ်တဲ့ ယွန်း စံအိမ်ကြီး အကြောင်းကတော့ ဒီလိုဗျ။
မြို့စားကြီး ယွန်ကူ ကွယ်လွန်တော့ သူ့သားကြီး ကျိထိုက်ရှန်က ဘွဲ့ကို ဆက်ခံတယ်၊ ကျိထိုက်ရှန်ဟာ
ချင်လင်းမြို့က အမတ်ကြီးရှိရဲ့ သမီးနဲ့ လက်ဆက်တယ်၊ သူတို့က သားနှစ်ယောက်မွေးတယ်။
တစ်ယောက်ကျိရှဲတဲ့၊ တစ်ယောက် ကျိချိန် တဲ့။ ကျိအိုက်ရှန် ဆုံးတာကတော့ တော်တော်လေး
ကြာသွားပြီ၊ ဒါပေမယ် မြို့စားကတော်ကြီးရှိကတော့ ခုထက်ထိ ရှိသေးတယ်။ သူတို့သားအကြီး
ကျိရှဲက မြို့စားဘွဲ့ကို ဆက်ခံတယ်၊ ကျိချိန်ကတော့ ငယ်ငယ်ကတည်းက စာပေတို့ ဘာတို့ကို
၀ါသနာပါတော့ သူ့အဘိုးက တော်တော်လေး ချစ်တယ်။ ကျိချိန် ကိုယ်တိုင်ကလဲ ရွှေနန်းတော်
စာပြန်ပွဲတွေမှာ ဝင်ဖြေမယ်လို့ အားခဲထားတယ်။ ဒါပေမယ့် ကျိထိုက်ရှန် သေတဲ့အခါကျတော့
အဘိုးကြီးက မှာတမ်းစာ တစ်စောင် ထားပစ်ခဲ့တယ်။ ဘုန်းတော်ကြီးသောဘုရားကလဲ ကွယ်လွန်သူ
မြို့စားကြီးကို ခင်မင်ရင်းစွဲ ရှိလေတော့ မြို့စားဘွဲ့ကို သားအကြီးကို ဆက်ခံခွင့်
ပေးရုံတင်မကဘူး တခြားသားတွေ အကြောင်းကိုလဲ မေးတော်မူသတဲ့၊ ပြီးတော့ ကျိချိန်ကို
ဆင့်ခေါ်တော်မူပြီး ရွှေနန်းတော်ဝန်ကြီး ဌာနတစ်ခုမှာ လက်ထောက် အတွင်းဝန်
ခန့်တော်မူတယ်။ ခုဆိုယင် ဝန်ရှင်တော်မင်းကြီးတောင် ဖြစ်နေပြီဗျ။
“ကျိချိန်ရဲ့ ဇနီးက ဝမ်တဲ့ဗျ။ အဲ သူတို့မှာ ကျိချူဆိုတဲ့ သားကလေးတစ်ယောက်
ထွန်းကားတယ်။ ဆယ့်လေးနှစ်သားမှာ ခရိုင် စာပြန်ပွဲကို ဝင်ဖြေတာ အောင်ခဲ့သဗျ။ သူက
အသက်နှစ်ဆယ် မပြည့်ခင်မှာ ကျိလင်ဆိုတဲ့ သားတစ်ယောက် မွေးတယ်။ ဒါပေမယ် ကလေးက သက်ဆိုးမရှည်ရှာပါဘူး၊
မကျန်းမမာဖြစ်ပြီး ငယ်ငယ်လေးနဲ့ ဆုံးသွားရှာတယ်။ ကိုချိန်ရဲ့ ဒုတိယ ကလေးကတော့
သမီးလေးဗျ။ တော်တော်တော့ ဆန်းသဗျို့ ၊ အဲဒီကလေးက နှစ်ဆန်းတစ်ရက် နေ့ကြီးမှာ
မွေးတာဗျ။ အဲဒီထက် ပိုဆန်းတာက နောက်မွေးတဲ့ သားယောက်ျားလေး တစ်ယောက်ကျတော့
ပါးစပ်ထဲမှာ အလွန် အရည်အသွေးကောင်းတဲ့ မြကျောက်ကြီးတစ်လုံး ငုံပြီး မွေးလာသတဲ့ဗျ။
အဲဒီမြကျောက်ပေါ်မှာလဲ စာတွေရေးထွင်းထားသတဲ့၊ မဆန်းဘူးလားဗျာ”
““အင်း တယ်ဆန်းပါလားဗျို့
၊ တော်တော် ပါရမီထူးမယ့် ကလေးထင်တယ်”
ဆုစိန်သည် မပြုံးချင် ပြုံးချင်
ပြုံးလိုက်လျက်
““အင်း လူတိုင်းကတော့ ဒီလိုပဲ
ထင်ကြတာပဲဗျို့၊ ဘွားအေမြို့စား ကတော်ကြီးကလဲ ဒါကြောင့် သူ့မြေးကလေးကို တော်တော် အလိုလိုက်တယ်။
ကလေး အခါလည်မွေးနေ့မှာ သူ့အဖေ ကျိချိန်က သူ့သားရဲ့ စိတ်ကို စမ်းမယ်ဆိုပြီး ကလေးရှေ့မှာ
ပစ္စည်းတွေကို ကြဲချထားတယ်။ သူ့သား ဘယ်ပစ္စည်းကို ရွေးမလဲလို့ သိရအောင်လို့ပေါ့လေ။
ယုံချင်ယုံ မယုံချင်နေဗျို့ ၊ ကလေးက ဘာတွေကို သွားရွေးတယ်ထင်သလဲ။ နှုတ်ခမ်းတို့
ပါးတို့ကိုဆိုးတဲ့ ဆေးနီဘူးရယ်၊ နံ့သာမှုန့်ဘူးတွေရယ်၊ ဆံထိုးတွေ ဆံညှပ်တွေရယ်၊
လက်ကောက်တွေရယ်၊ အဲဒါတွေကို သွားကောက်တယ်ဗျ။ သူ့အဖေ စိတ်ဆိုးလိုက်ပုံတော့
မပြောပါနဲ့တော့။ သူ့သားဟာ အလကားပဲတဲ့။ ကြီးယင် မိန်းမလိုက်၊ အပျော်အပါးနဲ့
အချိန်ကုန်မယ့်ကောင်တဲ့။ ဒါကြောင့် ဖအေကတော့ သူ့သားကို သိပ်မချစ်လှဘူးဗျ။ ဒါပေမယ့်
ဘွားအေကြီးကတော့ အသည်းစွဲပဲဗျို့၊ ခုဆိုယင် ကလေးက ခုနစ်နှစ်သား ရှစ်နှစ်သားလောက် ရှိရောပေါ့။
အလွန်တော့ အလွန်ကမြင်းဆိုကိုးဗျ။ ဒါပေမယ့် ဉာဏ်ကတော့ အင်မတန်ကောင်းသတဲ့။
တစ်ရာမှာတစ်ယောက် တွေ့ရခဲသတဲ့။ ပြီးတော့ ကလေးနဲ့မလိုက် စကားကြီး စကားကျယ်တွေကိုလဲ
ပြောသတဲ့။ ဥပမာ မိန်းမဆိုတာ ရေနဲ့လုပ်တာ။ ယောက်ျားဆိုတာ ရွှံ့နဲ့လုပ်တာလို့
ပြောသတဲ့။ ပြီးတော့ သားက မိန်းမလေးတွေနဲ့ နေရယင် သန့်ရှင်းတယ်လို့ ထင်တယ်၊ ယောက်ျားလေးတွေနဲ့
နေရယင် ညစ်ပတ်နံစော်နေတယ်လို့ ထင်တယ် လို့လဲပြောသတဲ့။ မဟန်လားဗျာ။ နောင်မှာ
ဒီသူငယ်မျိုးမှ မိန်းမ မလိုက်စားယင် ဘယ်လိုသူငယ်မျိုး လိုက်စားဦးမှာလဲ”
ယုဆုန်က တစ်စုံတစ်ရာကို လေးနက်စွာ
စဉ်းစားမိလိုက်ဟန်ဖြင့်
“ဒီလိုတော့လဲ မဟုတ်သေးဘူးဗျ၊ သူ့ကံဇာတာက ဘယ်လိုမှန်းမှ
မသိတာ၊ သူ့အဖေပြောသလို ဒီကလေးဟာ သောက်စားပျော်ပါးပြီး မိန်းမလိုက်တဲ့ကလေး ဖြစ်မယ်လို့
ထင်ယင်တော့ မှားလိမ့်မယ် ထင်တယ်။ ဒီကလေးအကြောင်းကို နားလည်ချင်ယင် ဒီကလေးနဲ့ ရှေးဖြစ်ကို
မှန်မှန်အဟောထွက်ချင်ယင် ရှေးတုန်းကရှိခဲ့တဲ့ နက္ခတ်ဗေဒင်ကျမ်းတွေနဲ့ ညှိရလိမ့်မယ်။
အတွေ့အကြုံတွေရှိဖို့ လိုလိမ့်မယ်။ သဘာဝနိယာမ တရားတွေကိုလဲ အသိအမှတ်ပြုရလိမ့်မယ်။
သူ့ ကံဇာတာကိုလဲ တွက်ဖို့ လိုလိမ့်မယ်”
ယုဆုန်၏စကားများမှုာ
လေးနက်လွန်းသည့်အတွက် ရှင်းလင်း ပြောပြရန် ဆုစိန်က ပြောလေ၏။ ယုဆုန်က
“အလွန်ကောင်းတဲ့လူတွေနဲ့ အလွန်ဆိုးတဲ့လူတွေမှအပ ကျန်လူတွေအားလုံးဟာ အတူတူချည်းပဲဗျ။
အလွန်ကောင်းတဲ့ လူတွေဟာ တိုင်းပြည် အေးချမ်း ငြိမ်သက်တဲ့ မင်္ဂလာအချိန်မှာ
မွေးဖွားလာကြပြီး အလွန်ဆိုးတဲ့ လူတွေကျတော့ အန္တရာယ်တွေ ထူပြောတဲ့ ဗရုတ်ဗရက်
ကာလကြီးမှာ မွေးဖွားလာခဲ့ကြတယ်။ ပထမ အမျိုးအစားက ဘယ်သူတွေလဲဆိုတော့ သူတော်စင်ဘုရင်တွေဖြစ်တဲ့
ရောင်ဘုရင်၊ ရွှန်ဘုရင်၊ ယုဘုရင်၊ ထန်ဘုရင်၊ ဝေဘုရင်၊ ဂူဘုရင်တို့ ဆိုတဲ့
မင်းတွေရယ်၊ အမတ်ကြီးချူ၊ အမတ်ကြီးရောင်၊ ကွန်ဖြူးရှပ်၊ မုန်စီ၊ တုန်ချွန်ရှု၊
ဟန်ယု၊ ချူတန်ယိ၊ ချိန်မင်းညီနောင်၊ ကျန်းတဲ့၊ ချူစီ စတဲ့ သူရဲကောင်းတွေ။
သူတို့တစ်တွေဟာ ပထမအမျိုးအစားတွေ။ ဒုတိယ အမျိုးအစားကတော့ ကွန်၊ ချူ၊ ချိ၊
ချင်ရှိယွန်၊ ဝမ်မန်း၊ စောင်စောင်၊ ဟွန်ဝင်း၊ အန်လူရှန်း၊ ချင်ကွေ့
စတဲ့လူမျိုးတွေပဲ။
“လူကောင်းတွေဟာ လောကကြီးကို
သာယာဝပြောအောင် လုပ်ပေးတယ်။ လူဆိုးတွေကတော့ လောကကြီးကို ကသောင်းကနင်း
ဖြစ်အောင်လုပ်တယ်။ လူကောင်းတွေမှာ လောကကြီးရဲ့ တကယ် အနှစ်သာရဖြစ်တဲ့
ဉာဏ်အမြော်အမြင်ရှိတယ်။ လူဆိုးတွေမှာတော့ မကောင်းတဲ့ အနှစ်သာရဖြစ်တဲ့
ရက်စက်ကြမ်းကြုတ်မှုနဲ့ ဆိုးယုတ်မိုက်များမှုတွေ ရှိတယ်။
“တိုင်းပြည်ကြီးဟာ
ငြိမ်းချမ်းသာယာတယ်၊ ရွှေနန်းတော်ကြီးနဲ့ တောကျေးလက်မှာလဲ ကောင်းတဲ့ အနှစ်သာရရှိတဲ့လူတွေ
အများအပြား ရှိတယ်ဆိုယင် အဲဒီမင်းရဲ့ ရွှေလက်ထက်တော်ဟာ သာယာစည်ပင်တယ်။
အဓွန့်ရှည်တယ်။ ဒီကောင်းတဲ့ အနှစ်သာရတွေဟာ အလျှံပယ် များပြားလာပြီး ဘယ်ကိုမှ
ထွက်စရာမရှိတဲ့အခါကျတော့ ချိုမြတဲ့ နှင်းရည်နဲ့ နုအေးတဲ့ လေပြည်အဖြစ်
အသွင်ပြောင်းသွားပြီး သမုဒ္ဒရာလေးစင်း၊ ကျွန်းလေးကျွန်းကို ပျံ့နှံ့သွားတယ်။
“သို့သော်လဲ
ရက်စက်ကြမ်းကြုတ်မှုနဲ့ ဆိုးယုတ်မိုက်မှုားမှု အနှစ်သာရကတော့ ကြည်လင်တဲ့
ကောင်းကင်နဲ့ တောက်ပတဲ့ နေမင်းကြီးအောက်မှာ ဘယ်ကိုမှ သွားစရာ မရှိတဲ့အတွက်
လိုဏ်ဂူနက်နက်ကြီးကြီးတွေနဲ့ မြေကြီးထဲမှာ အောင်းနေဘယ်။ လေတိုက်လို့ရှိယင်
သို့မဟုတ် တိမ်ဖုံးလို့ရှိယင် အဲဒီမှကောင်းတဲ့ အနှစ်သာရတွေဟာ ဟိုတစ်စ သည်တစ်စ
လွှင့်ပြီး ခြေရာအကောက်ရ ခက်သွားတတ်တယ်။ ဆိုးတဲ့အနှစ် သာရတွေဟာ
လွင့်စဉ်ပျံ့နှံ့သွားပြီး ကောင်းတဲ့အနှစ်သာရတွေနဲ့ တွေ့ကြတယ်။ အဲဒီအခါမှာ
ကောင်းတဲ့ အနှစ်သာရက ဆိုးတဲ့အနှစ်သာရကို အရှုံးမပေးဘူး။ ဆိုးတဲ့အနှစ်သာရက
ကောင်းတဲ့အနှစ်သာရကို မနာလိုဝန်တို့ဖြစ်တယ်။ သူတို့နှစ်ခုဟာ တစ်ခုကိုတစ်ခု
မနိုင်ကြဘူး။ ဘာနဲ့ အလားသဏ္ဌာန် တူသလဲဆိုယင် ဒီအရာတွေဟာ ရေမြေလေမီးစတဲ့ မဟာဘူတ
ဓာတ်ကြီးလေးပါးနဲ့ တူတယ်။ ဒီအရာတွေဟာ လေ့ထဲမှာပျောက် မသွားဘူး။ သို့မဟုတ် အရှုံးမပေးကြဘူး။
နောက်ဆုံး အားကုန်သွား တဲ့အထိ တိုက်ခိုက်သွားကြတယ်။ ဒီတော့ အဲဒီ အနှစ်သာရတွေဟာ
ထွက်ပေါက်ရှာတဲ့ အနေနဲ့ လူတွေရဲ့ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာကြပြီး
လူတစ်ကိုယ်ထဲမှာ အဆိုးနဲ့အကောင်း ဝင်ပြီး ကိန်းဝပ်နေတယ်။ အဲဒီလို လူမျိုးတွေဟာ
သူတော်စင်တွေ သို့မဟုတ် စင်းလုံးချောတဲ့ မဟာပုရိသ ယောက်ျားမြတ်တွေ မဖြစ်နိုင်ဘူး။
သို့သော်လဲ တစ်ပြိုင်နက်တည်းမှာ ကမ်းကုန်အောင်ဆိုးတဲ့ လူဆိုးလူယုတ်တွေလဲ
မဖြစ်နိုင်ဘူး။
“သူတို့မှာရှိတဲ့
ကောင်းတဲ့အနှစ်သာရဖြစ်တဲ့ အသိဉာဏ်တရားကြောင့် ဒီလူတွေဟာ တခြားလူတွေထက်
အထက်တန်းကျတယ်။ ဒါပေမယ် သူတို့ရဲ့ ဆိုးယုတ်မိုက်မှားမှုတွေနဲ့ သဘာဝမကျတဲ့ အပြုအမူတွေကြောင့်
သူတို့ဟာ တခြားသူများထက် အောက်တန်းကျနေပြန်တယ်။ အဲဒီလိုလူမျိုးဟာ ချမ်းသာတဲ့
အထက်တန်းစား မိသားစုမှာ မွေးလာခဲ့ယင် စိတ်ကူးယဉ်တတ်တဲ့ ခပ်ကြောင်ကြောင် လူတွေဖြစ်နေတတ်တယ်။
ဆင်းရဲသော်လဲ ယဉ်ကျေးတဲ့ စာတတ်ပေတတ် မိသားစုမှာ မွေးဖွားလာခဲ့ယင် အင်မတန်
စိတ်ထားမြင့်မြတ်တဲ့ ပညာရှိတွေ ဖြစ်ယင်ဖြစ် ဒါမှုမဟုတ်ယင်လဲ ဝတ်ကြောင်ကိုစွန့်ပြီး
ဓူတင်ကျင့်တဲ ရသေ့ရဟန်းတွေယင်လဲ ဖြစ်သွားတတ်တယ်။ အင်မတန်ကို ဆင်းရဲတဲ မိသားစုက
မွေးဖွားလာဦး၊ ဒီလူမျိုးတွေဟာ မင်းမှုထမ်းတို့ဘာတို့ မဖြစ်နိုင်ဘူး။ သူတစ်ပါးရဲ့
လက်ညှိုးထောင် ခေါင်းညိတ်တွေ မဖြစ်နိုင်ဘူး။ အင်မတန်ထင်ရှားတဲ့ အနုပညာရှင်တွေယင်လဲ
ဖြစ်လာတတ်တယ်။ ဒါမှမဟုတ်ယင်လဲ နန်းတွင်း ပြည့်တန်ဆာတွေယင်လဲ ဖြစ်လာတတ်တယ်။
ကျွန်တော်တို့သမိုင်းမှာ ရှေးတုန်းကရှိခဲ့တဲ့ ဆုယု၊ တောက်ချိန် ယွပ်ချိ၊ ချိကန်၊
လျူလန်ဝမ်နဲ့ ရှိ ဆွေမျိုးဆက်၊ စုကိုခိုရှိ၊ ချင်ရှုပေါက်၊ ထန်ယင်မင်တွမ်၊
ဆွန်ဘုရင် ဟွိဆုန်၊ ဝင်တင်ယွန်၊ မိဖေ့၊ ရှိယန်ညန်၊ လိယန်နဲ့ချင်ကွမ်း၊
နောက်မှာပေါ်ခဲ့တဲ့ နိစန်၊ တန်ယင်၊ ချူယွန်အင်းတို့ စတဲ့လူမျိုးတွေ ဖြစ်တယ်။
ပြီးတော့ရှိသေးတယ်။ လီကွေညန်၊ ဟွမ်ဖန်ကျို၊ ချင်စိန်မိုး၊ ကျိဝေချွန်း၊ ထွမ်ဖိုး၊
ဆွေတောက်၊ ဆွေယင်ယင်း၊ ကျောက်ယွန်းတို့လို လူတွေဟာ အဲဒီလိုလူမျိုးတွေဖြစ်တယ်။
ဒီလူတွေဟာ သူတို့ဆိုင်ရာ နယ်တွေမှာတော့ သူ့နည်းနဲ့သူ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေပဲ။
“ဒါဖြင့် ခင်ဗျားပြောချင်တာက
ဒီလိုလူမျိုးတွေဟာ အောင်မြင်မှု မအောင်မြင်မှုကို လိုက်ပြီး မင်းညီမင်းသား
ဖြစ်ယင်ဖြစ် မဖြစ်ယပ် လူဆိုး သူခိုးဖြစ်တယ်ဆိုတဲ့ သဘောပေါ့”
“ဟုတ်တယ်၊ ကျွန်တော်ဟာ
ရာထူးက နုတ်ပယ်ခံရပြီးတဲ့နောက် နိုင်ငံတစ်ဝန်းကို ခရီးတွေ လျှောက်သွားရှင်း
တော်တော် ထူးခြားတဲ့ ကလေး တစ်ယောက်နှစ်ယောက်ကို တွေ့ခဲ့တယ်၊ ဒါကို ခင်ဗျား မသိသေးဘူး၊
ဒီတော့ စောစောက ခင်ဗျားပြောခဲ့တဲ့ ကျိချိန်ရဲ့သား ပေါက်ယုဆိုတဲ့ သူငယ်ကလေးဟာ အဲဒီ
အမျိုးအစားထဲက ဖြစ်လိမ့်မယ်၊ အနီးစပ်ဆုံး ဥပမာတစ်ခု ပေးမယ်ဗျာ၊ ချင်လင်းမြို့က
ဥပမာတစ်ခုကိုပဲ ကျွန်တော်ပေးမယ်၊ ချင်လင်း တက္ကသိုလ် ကျောင်းတိုက်က
ကျောင်းအုပ်ကြီး ချန်ကို သိတယ်မဟုတ်လာ”
“မသိဘဲ ရှိပါ့မလားဗျာ၊
ချန် ဆွေမျိုးစုနဲ့ ကျိမိသားစုဟာ အပြန်အလှန် ဆွေမျိုး တော်စပ်နေကြတာပဲ၊ အားလုံးလဲ
သင့်သင့် မြတ်မြတ်ပဲ။ ကျွန်တော်ဆိုယင် ချန် မိသားစုနဲ့ အလုပ် လုပ်ခဲ့ဖူးသေးတာပေါ့”
ယုဆုန်က ဆက်၍
“မနှစ်က ကျွန်တော်
ချင်လင်းမြို့မှာ ရှိတယ်ဗျ။ အဲဒီမှာ မိတ်ဆွေတစ်ယောက် ဆက်ပေးတာနဲ့ ချန်ရဲ့အိမ်မှာ
စာပြဆရာလုပ်ခဲ့တယ်။ မိသားစုက အထက်တန်းကျတဲ့ မိသားစုပဲ။ အစက ဒီလောက် အထက်တန်းကျလိမ့်မယ်လို့
ကျွန်တော် မထင်ခဲ့မိဘူး။ အထက်တန်းကျရုံတင် မကဘူး၊ ပစ္စည်းလဲရှိတယ်၊ အနေအထိုင်လဲ
သိက္ခာရှိတယ်၊ ဒီခေတ်မှာ ဒီလိုနေရာမျိုးရဖို့ဆိုတာ မလွယ်ဘူး၊ စာသင်တဲ့ ကလေးလေးက ငယ်ငယ်ပဲရှိသေးတယ်၊
သူ့ကိုသင်ရတာက ခရိုင်စာမေးပွဲဖြေမယ့် ကျောင်းသားကို သင်ရတာထက် ပိုပြီး ခက်သေးတယ်။
သူပြောတဲ့ စကားတွေကိုလဲ ကြည့်ဦးလေ၊ ကျွန်တော် စာသင်ယင် အနားမှာ မိန်းကလေး
နှစ်ယောက် ရှိမှတဲ့။ သူတို့မရှိယင် စာသင်လို့ မဖြောင့်ဘူးတဲ့။ အက္ခရာတွေကိုလဲ
မမှတ်မိဘူးတဲ့။ ခေါင်းထဲမှာ ရှုပ်ထွေးနေတယ်တဲ့။ ပြီးတော့ သူ့အိမ်စေတွေကိုလဲ
ပြောလိုက်သေးတယ်၊ ခင်ဗျားတို့ မှတ်ထားကြတဲ့။ မိန်းကလေးဆိုတဲ့ စကားလုံးဟံာ အင်မတန်
ကျက်သရေရှိတဲ့ စကားလုံးတဲ့။ ခင်ဗျားတို့ ပါးစပ်က ပါးစပ်ပုပ်ကြီးတွေပဲ။ လျှာတွေကလဲ
လျှာပုပ်ကြီးတွေတဲ့။ ဒီတော့ အဲဒီ “မိန်းကလေး” ဆိုတဲ့ စကားကို မပြောခင်
ခင်ဗျားတို့ပါးစပ်ကို ရေသန့်သန့်နဲ့ ဖြစ်ဖြစ် စံပယ် လက်ဖက်မွှေးနဲ့ဖြစ်ဖြစ်
ပလုတ်ကျင်းပြီးမှ ပြောကြတဲ့။ ဒီလိုမဟုက်ယင် ခင်ဗျားတို့ သွားကြီးတွေ ခေါထွက်လာပြီး
ပါးစပ်ကို ဖောက်ထွက် သွားလိမ့်မယ်တဲ့။
“ကျွန်တော့်တပည့်က
အင်မတန်လဲ ဒေါသကြီးတယ်ဗျ၊ ခေါင်းမာလိုက်ပုံကလဲ မပြောနဲ့တော့၊ ဒါပေမယ့်
သင်ခန်းစာပြီးလို့ မိန်းကလေးတွေနဲ့လဲ တွေ့လိုက်ရော လူက လုံးလုံး ပြောင်းသွားတာပဲဗျို့။
မိန်းကလေးတွေနဲ့ တွေ့လိုက်ယင် သူ့လောက် နူးညံ့တဲ့သူ၊ သူ့လောက် သဘောကောင်းတဲ့သူ၊
သူ့လောက် ချိုသာတဲ့သူ မရှိတော့ဘူး၊ မိန်းမကို ဒီလောက် ဝါသနာပါရမလားဆိုပြီး
ဖအေကရိုက်လိုက်တာ ကံကောင်းလို့ မသေတယ်၊ ဒါပေမယ့် သူကတော့ မပြောင်းပါဘူး၊ အယင်က
အတိုင်းပဲ၊ ရိုက်လွန်းလို့ နာလွန်းမက နာတဲ့အခါကျတော့ ညီမရေ၊ မမလေးရေလို့ အော်သဗျ။
ဒါနဲ့ အတွင်းဆောင်မှာရှိတဲ့ မိန်းကလေးတွေက မောင်လေး အရိုက်ခံရယင် ဘာဖြစ်လို့
တို့ကို အော်အော်ခေါ်တာလဲ၊ မရိုက်အောင် တောင်းပန်ပေးဖို့လား၊ မောင်လေး မရှက်ဘူး
လားလို့ စကြ နောက်ကြတော့ သူက ဘယ်လိုပြောတယ် ထင်သလဲ၊ အစတုန်းကတော့ သူ မသိပါဘူးတဲ့။
အော်မိအော်ရာ အော်လိုက်တာပဲတဲ့။ ဒါပေမယ့် သတိထားကြည့်လိုက်တဲ့ အခါကျတာ့ အဲဒီလို
မမတို့ ညီမတို့လို အော်လိုက်ယင် သူ့စိတ်ထဲမှာ နာတာ ကျင်တာတွေ သက်သာသွားတယ်လို့
ထင်တယ်တဲ့။ နာလို့ အဲဒီလိုအော်လိုက်ယင် လက်နဲ့ ယူပစ်လိုက်သလို
အနစပျောက်သွားတယ်တဲ့။ ဒါကြောင့် နာယင် အဲဒီလို အော်တာတဲ့လေ၊ ဒီလောက် ရယ်စရာကောင်းတာမျိုး
ခင်ဗျားကြားဖူးသလား။
“သူ့ဘွားအေကြီးက မြေးကို
တော်တော်ကို အလိုလိုက်တယ်ဗျ၊ ဒါကြောင့် တစ်ခါတလေဆိုယင် သူ့သား၊ ကလေးရဲ့ အဖေကိုရော ဆရာတွေကိုရော
ကြိမ်းမောင်း ဆူပူနေတာပဲ။ ဒါနဲ့ ကျွန်တော်လဲ စိတ်ပျက်ပျက်ရှိတာနဲ့ ငါနဲ့တော့
ဖြစ်မှာမဟုတ်ပါဘူးဆိုပြီး အလုပ်က ထွက်လာခဲ့တာ။ ခင်ဗျားပဲ စဉ်းစားကြည့်လေ၊
ဒီလိုသူငယ်ကလေးသာ ကြီးလာလို့ အမွေဆက်ခံယင် ရှိသမျှ ပစ္စည်းကို ကုန်အောင်
သုံးဖြုန်ပစ်မှာ သေချာတယ်။ ဆရာသမားတွေ မိတ်ဆွေရောင်းရင်းတွေ စကားကိုလဲ နားထောင်မှာ
မဟုတ်ဘူး။ ခက်တာက သူ့ဆွေမျိုးသားချင်းထဲက မိန်းကလေးတွေကလဲ အချောအလှလေးတွေ၊
အလိမ္မာကလေးတွေချည်းပဲ””
ဆုစိန်က
“ကျိ မိသားစုထဲက ကလေးမကလေး
သုံးယောက်ကတော့ တော်ကြပါတယ်။ ကျိချိန်ရဲ့ သမီးအကြီး ယွမ်ချွန်းဆိုယင် စိတ်ကောင်း
နှလုံးကောင်းလဲ ရှိတယ်၊ လူကြီးမိဘကိုလဲ ရိုသေတတ်တယ်၊ စာလဲ တတ်တယ်။ ဒါ့ကြောင့် သူ့ကို
အိမ်ရှေ့ကိုယ်တော်လေးရဲ့ အဆောင်မှာ စာတော်ဖတ် ခန့်ထားတယ်။ ပြီးတော့ အမြှောင်မယား
တစ်ယောက်နဲ့ရတဲ့ ကျိရဲ့ သမီး ယင်ချွန်းရယ်၊ အမြှောင်မယား တစ်ယောက်နဲ့ ရတဲ့
ကျိချိန်ရဲ့ သမီး တန်ကျွန်းရယ်၊ ပြီးတော့ နိန် စံအိပ်က ကျိချန်ရဲ့ ညီမ အငယ်ဆုံး ဆီချွန်းရယ်
ရှိသေးတယ်။ မြို့စားကတော်ကြီးကတော့ သူ့မြေးမတွေကို ချစ်လွန်းလို့ ယွန်း စံအိမ်ကြီးမှာ
သူ့ အနားခေါ်ထားပြီး ပညာသင်စေသတဲ့ဗျ။ သူတို့ အကြောင်း ကောင်းသတင်း ကြားရပါတယ်”
“ကျွန်တော်ကတော့ သမီး
မိန်းကလေးတွေကို နာမည်မှည့်တဲ့ နေရာမှာ ကျိချန် မိသားစုက နာမည်ပေးပုံတွေကို သဘောကျတယ်ဗျ။
နွေဦးတို့၊ နီနီတို့၊ မွေးတို့၊ ပယင်းတို့ စတဲ့ နာမည်လှလှတွေ မပေးဘဲ ယောက်ျားနာမည်တွေကို
ပေးတယ်။ နို့နေစမ်းပါဦးဗျ။ ကျိချိန် မိသားစုဟာ ဘာဖြစ်လို့ မိန်းကလေးတွေကို
နာမည်ကောင်းကောင်း မပေးတာလဲဗျ”
“ဩော်၊ ခင်ဗျားမသိဘူးလား၊
သူတို့ သမီး အကြီးဆုံးကို ယွမ်ချွန်းလို့ မှည့်တယ်လေ၊
နှစ်သစ်ကူးနေ့မှာမွေးလို့တဲ့။ ဒါ့ကြောင့်မို့ နောက်အငယ်တွေကျတော့လဲ ချွန်းဆိုတဲ့
နာမည်တွေပါကုန်တာပေါ့။ ဒါပေမယ့် နောက်ဆုံးမျိုးဆက်မှာ မွေးတဲ့ မိန်းကလေးတွေရဲ့
နာမည်တွေကိုတော့ ယောက်ျားလေး နာမည်တွေ မှည့်တယ်။ ဥပမာ ခင်ဗျား စာသင်ခဲ့တဲ့အိမ်က ယုဟိုက်ရဲ့
မိန်းမဆိုယင် ယွန်းစံအိမ်က ကျိရှဲနဲ့ ကျိချိန်ရဲ့ ညီမဗျ။ လက်မထပ်ခင်တုန်းက သူ့နာမည်က
ကျိမင်းတဲ့။ ကျွန်တော်ပြောတာ မယုံယင် ခင်ဗျား ပြန်ရောက်တော့ စုံစမ်းကြည့် ပေါ့”
ယုဆုန်သည် စားပွဲကို လက်သီးဖြင့်
တစ်ချက်ထု၍ ရယ်လိုက်လေ၏။
“ဪ၊ လက်စသတ်တော့
ဒါ့ကြောင့် ကျွန်တော်စာသင်တဲ့ တပည့်ကလေးက မင်ကိုအသံထွက်ယင် မိမိနဲ့ ထွက်နေတာကိုးဗျ
။ မင်ကို ရေးယင်လဲ အမြဲတမ်း စုတ်ချက် တစ်ချောင်း နှစ်ချောင်း ကျန်ကျန် နေတယ်။
ဘာဖြစ်လို့လဲလို့ ကျွန်တော် စဉ်းစားနေတာ၊ ခု ခင်ဗျား ပြောမှု အဖြေပေါ်တော့တယ်။
ကလေးမကလေးက သာမန် ခုခေတ် မိန်းကလေးတွေနဲ့ နည်းနည်းမှ မတူဘူး။ စကားအပြောအဆိုမှာရော၊
အနေအထိုင်မှာရော တော်တော်လေး ထူးခြားတယ်။ ကြည့်ရတာကတော့ မအေက တော်တော် ဂရုတစိုက်
သင်ကြားပေးသွားဟန် တူပါရဲ့။ ယွန်းမိသားစုရဲ့ မြေးဆိုယင်လဲ ဒီလိုပဲ ဖြစ်ရမှာ
ပေါ့လေ။ အင်း၊ သူ့မအေက လွန်ခဲ့တဲ့ တစ်လကမှ ဆုံးသွားရှာတာ။ သနားပါတယ်”
“အင်း၊ သူ့ အမေဟာ သူတို့
ဆွေမျိုးစု ညီအစ်မလေးယောက်ထဲမှာ အငယ်ဆုံးဗျ၊ ခုတော့ သူလဲ မရှိတော့ဘူး။
သူ့အစ်မတွေလဲ မရှိတော့ဘူး။ ဒီကလေးမလေးတွေ ကြီးလာယင် ဘယ်လိုယောက်ျား
မျိုးတွေနဲ့များ ရမလဲ မဆိုနိုင်ဘူး” ဟု ဆုစိန်က သက်ပြင်းချ၍ ပြောလေ၏။
“စဉ်းစားစရာပေါ့။ ခပ်စောစောက ကျိချိန်ရဲ့ သားတစ်ယောက်ဟာ မြကျောက်ကို
ပါးစပ်ထဲငုံပြီး မွေးလာတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ပြီးတော့လဲ သားအကြီးက မွေးတဲ့
မြေးလေးတစ်ယောက် ယောက်ျားကလေးတစ်ယောက်လဲ ရှိသေးတယ်လို့ ပြောခဲ့တယ်မဟုတ်လား။
နေစမ်းပါဦး၊ ဘာသာရေးဘက် လိုက်သွားတဲ့ ကျိရှဲမှာကော သားယောက်ျားကလေးတို့ ဘာတို့
မရှိခဲ့ဘူးလား”
“ကျိချိန်မှာ အဲဒီ မြကျောက်ငုံထားတဲ့ သားယောက်ျားလေး တစ်ယောက် မွေးပြီးတော့
အမြှောင်မယားနဲ့ နောက်ထပ်တစ်ယောက် ရသေးတယ်ဗျ။ အဲဒီကလေးအကြောင်းတော့ ဘာမှမသိရဘူး။
ဒီတော့ ကျိချိန်မှာ သားနှစ်ယောက်နဲ့ မြေးတစ်ယောက် ရှိတာပေါ့ဗျာ။ ဘာတွေဖြစ်ကြသလဲတော့
ကျွန်တော်လဲ မပြောတတ်ဘူး။ ကျိရှဲမှာလဲ သားနှစ်ယောက် ရှိတယ်။ အကြီး ကျိလျှံက အသက်နှစ်ဆယ်ကျော်ပြီ။
နှစ်နှစ်လောက်တုန်းကတော့ ကျိချိန်ရဲ့မိန်းမ ဝပ်ဘက်ကပါတဲ့ တူမတစ်ယောက်နဲ့
လက်ထပ်လိုက်တယ်ဗျ။ အကြီး ကျိလျှံက ခုဆိုယင် လက်ထောက်မြို့ဝန် ဖြစ်နေပြီး စာပေတို့
ဘာတို့လဲ မလိုက်စားဘူး။ ဇိမ်နဲ့ စားလိုက်၊ သောက်လိုက်၊ ပျော်လိုက်ပါးလိုက် နေနေတာပေါ့။
သူ့ဦးကြီး ကျိချိန်နဲ့ အတူနေပြီး ကျိချိန်ရဲ့ လုပ်ငန်းကိစ္စတွေကို သူပဲ
စီမံခန့်ခွဲနေတာပဲ။ လက်ထပ်ပြီးကတည်းက မိန်းမရဲ့ အရိပ်အာဝါသအောက်ကို လုံးလုံးရောက်သွားပြီး
မှိန်သွားတာပဲ။ မိန်းမကတော့ တော်တော်လေး တော်တယ်လို့ လူတိုင်းက ပြောကြပါတယ်။
မိန်းမက ရုပ်လဲချော၊ အပြောလဲကောင်း၊ လည်လဲလည်း ထက်လဲထက်ဆိုတော့ တော်တော့
ယောက်ျားထဲမှာတောင် သူ့ကို လိုက်လို့ မမီဘူးတဲ့”
“အင်း၊ ကျွန်တော်လဲ
ဒီလိုပဲ ကြားတယ်။ ကျွန်တော်ကြားတာနဲ့ ကိုက်နေတာပေါ့။ ခု ကျွန်တော်တို့
ပြောသွားတဲ့လူဟာ အဆိုးနဲ့ အကောင်း အနှစ်သာရနှစ် မရောတဲ့ လူတွေပေါ့၊ တစ်ယောက်နဲ့
တစ်ယောက် တယ်ပြီး မကွာလှပါဘူး၊ အတူတူတွေလောက်ပါပဲ ”
ဆုစိန်က
“ကောင်းတာ ဆိုးတာတွေ
ဖယ်ထားလိုက်စမ်းပါဗျာ။ သူများ ကိစ္စတွေ လျောက်ပြောနေလို့ အချိန်ကုန်ပါတယ်။ ကဲ
လုပ်လိုက်ပါဦး၊ တစ်ခွက် တစ်ဖလားလောက်”
“ကျွန်တော် စကားလဲ တော်တော်
များသွားပြီ၊ အရက်လဲ တော်တော်လေးမူးသွားပြီဗျ”
“အတင်းအဖျင်းဆိုတာ အရက်ကလေးသောက်မှ
ပြောလို့ ကောင်းတာဗျ။ လုပ်စမ်းပါဦး၊ သောက်စမ်းပါဦး”
ယုဆုန်သည် ပြတင်းပေါက်မှနေ၍ အပြင်သို့
လှမ်းကြည့်လိုက်၏။
“အလို၊ တော်တော်တောင်
မိုးချုပ်နေပြီဗျို့၊ ခဏကြာယင် ပြိုတံခါးတွေကို ပိတ်ကုန်လိမ့်မယ်။ ကဲ ပြန်ကြစို့
၊မြို့ထဲရောက်မှ ဆက်ပြော ကြသေးတာပေါ့”
သူတို့နှစ်ယောက်သည် ငွေရှင်းလိုက်ကြ၏။
ဆိုင်ထဲမှ ထွက်မည်အပြုတွင် နောက်မှ ခေါ်သံတစ်ခုကို ကြားလိုက်ရ၏။
“ဗျို့ ယုဆုန်၊ တောရွာ
ဇနပုဒ်ကိုလာပြီး ဘာလုပ်နေတာလဲဗျ”
ယုဆုန်သည် လှည့်၍ ကြည့်လိုက်လေ၏။ မည်သူမှန်း သိလိုလျှင် နောက်တစ်ခန်းကို ဆက်ဖတ်ပါလေ။
Comments
Post a Comment