ခန်းဆောင်နီအိပ်မက် @ အခန်း - ၃


လင်ယုဟိုက်က ဆရာတစ်ဦးခန့်ရန်

သူ့ယောက်ဖထံ ထောက်ခံခြင်း။

သခင်မကြီး မယ်မယ်က မိတဆိုး မြေးမကလေးကို အခေါ်လွှတ်ခြင်း။


ဆက်အံ့။ ယုဆုန် လှည့်ကြည့်လိုက်သည့်အခါတွင် မိမိကဲ့သို့ပင် အရာမှ နုတ်ပယ်ခံရသဖြင့် ဇာတိဖြစ်သည့် ယန်ကျို့သို့ ပြန်ရောက်နေသော မိတ်ဆွေဖြစ်သူ ကျန်းယုကွေကို တွေ့ရ၏။ ယခု အချိန်တွင် အရာမှ နုတ်ပယ်ခံရသူများကို ပြန်လည်ခန့်ထားရန် လျှောက်ထားနိုင်သည်ဟု ရွှေမြို့တော်တွင် သတင်းပေါ်ထွက်လျက် ရှိသဖြင့် ကျန်းယုကွေသည် ထိုသတင်းကို လိုက်လံ စုံစမ်းလျက် ရှိလေ၏။ ကျန်းယုသည် ယုဆုန်ကို မြင်လျှင် အော်ဟစ် နှုတ်ဆက်ပြီးနောက် ထိုသတင်းကောင်းကို ပြောပြ၏။ ယုဆုန်မှာလည်း ထိုသတင်းကို ကြားသည့်အခါတွင် ဖြစ်မြဲဓမ္မတာ အတိုင်း ဝမ်းသာလျက် ရှိလေ၏။ သို့ဖြင့် သူတို့နှစ်ယောက်သည် စကားအနည်းငယ် ပြောဆိုကြပြီးနောက် ခွဲခွာလာခဲ့ကြ၏။

သူတို့ သတင်းကို ကြားသည့် အခါ၌ ဆုစိန်ကလည်း ရွှေမြို့တော် ရောက်လျှင် လင်ယုဟိုက်ထံမှ တစ်ဆင့် ကျိချိန်၏ ထောက်ခံချက်ဖြင့် လျှောက်လွှာတင်ရန် အကြံပေးလေ၏။ ယုဆုန်သည် သူ့ အကြံပေးချက်ကို လက်ခံကာ ထိုသတင်းမှန် မမှန် နန်းတွင်း အမိန့်တော် ပြန်တမ်းကို ကြည့်ရန် ရွှေမြို့တော်သို့ ပြန်လာခဲ့လေ၏။

နောက်တစ်နေ့တွင် ယုဆုန်သည် သူ့ကိစ္စကို လင်ယုဟိုက်အား ပြောပြလေ၏။ လင်ယုဟိုက်က ဝမ်းသာအားရဖြင့်

“ဟန်ကျလိုက်လေဗျာ၊ ကျုပ်ဇနီး ဆုံးကတည်းက ရွှေမြို့တော်မှာရှိတဲ့ ကျုပ်ယောက္ခမကြီးက သူ့မြေးမကလေးကို ဆုံးမပဲ့ပြင်တဲ့လူ ရှိတော့မှာ မဟုတ်ဘူးလို့ ပူနေတာ။ ခု ကျုပ်သမီးလေးကို ခေါ်ဖို့ လှေနှစ်စင်းနဲ့ မိန်းမ ယောက်ျား အစေတော်တွေ ရောက်နေကြတယ်။ ဒါပေမယ် ့ ကျုပ်က ကလေး နေမကောင်းသေးတာနဲ့ ဆိုင်းထားတယ်။ ကျုပ်ကလဲ ကျုပ် သမီးကလေးကို ဂရုတစိုက် စာသင်ပေးတာနဲ့ ကျေးဇူးတင်လွန်းလို့ ဘယ်လို ကျေးဇူးဆပ်ရမလဲလို့ အောက်မေ့နေတာ။ ခုတော့ ကျုပ်အဖို့ အတော်ဖြစ်သွားတာပေါ့။ ကဲ ဒီတော့ ဒီအတွက် ဘာမှု့မစိုးရိမ်နဲ့။ စိတ်အေးအေးသာ နေပေတော့။ ကျုပ်လဲ ဒါတွေမြင်လို့ ကျုပ် ယောက်ဖဆီကို ကြိုတင် စာရေးပြီးပါပြီ။ ခင်ဗျားကို ကူညီလိုက်ပါလို့ ရေးထားပါတယ်။ စရိတ်စကတို့ ငွေရေးကြေးရေးတို့အတွက်လဲ ဘာမူ မပူပါနဲ့။ ကျုပ် ယောက်ဖဆီကို အားလုံး ရေးလိုက်ပြီးပါပြီ” ယုဆုန်သည် ကျေးဇူးတင်လွန်းသဖြင့် လင်ယုဟိုက်ကို ဦးညွှတ် လိုက်ပြီးနောက်

“နောင်ကြီး ယောက်ဖရဲ့ ရာထူးအဆင့်ကကော ခင်ဗျာ။ ဟိုရောက်ယင် ကျွန်တော် ပြောမှား ဆိုးမှုား မရှိအောင်လို့ မေးထားရတာပါ”

လင်ယုဟိုက်က ပြုံးလိုက်လျက်

“ကျုပ်ယောက်ဖက ခင်ဗျားတို့ ဆွေမျိုးစုက ဆင်းသက်လာတာပဲဗျ။ သူတို့က မြို့စားကြီး ယွန်ကူရဲ့ မြေးတွေ။ ကျုပ်ယောက်ဖ အကြီး ကျိရှဲဟာ မျိုးရိုး စဉ်ဆက်အရ ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက်။ ယောက်ဖ အလတ် ကျိချိန်က လုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနမှာ လက်ထောက် အတွင်းဝန်။ သဘောလဲ ကောင်းပါတယ်။ ဟန်ကြီးပန်ကြီးလဲ မရှိပါဘူး။ ဒါ့ကြောင့် ကျုပ် သူ့ဆီကို စာရေးပေးလိုက်တာပေါ့။ အကယ်၍သာ သူက ဓနဂုဏ်မောက်တယ်၊ ဘဝင်မြင့်တယ် ဆိုလို့ရှိယင် ခင်ဗျားက မူနဲ့လူပဲ။ ခင်ဗျားကို သက်သက်မဲ့ အရှက်ခွဲသလို ဖြစ်နေမူးပေါ့။ ကျုပ်ကိုယ်တိုင်ကလဲ သူများကို အောက်ကျနောက်ကျ လုပ်ရတာမျိုးကို မကြိုက်ပါဘူး”

ထိုအတိုင်းဆိုလျှင် မနေ့က ဆုစိန် ပြောလိုက်သည့် စကားနှင့် ကိုက်ညီနေသည့်အတွက် ယုဆုန်သည် ကျေးဇူးတင်သည့် အနေဖြင့် ဦးညွှတ်ပြန်၏။

“နောက်လဆန်း နှစ်ရက်နေ့ဆိုယင် ကျုပ် သမီးလေးကို ရွှေမြို့တော်ကို လွှတ်မယ်လို့ စိတ်ကူးထားတယ်ဗျ၊ ခင်ဗျားအဖို့လဲ အဆင်ပြေလိမ့်မယ် ထင်ပါတယ်””

ယုဆုန်သည် ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ကာ လင်ယုဟိုက် ပေးလိုက်သည့် စရိတ်စက၊ လက်ဆောင်ပစ္စည်းတို့ကိုယူ၍ ပြန်လာခဲ့လေ၏။

သူတပည့်မကလေး ထိုက်ယုသည် နာလန်ထစ ဖြစ်သည့်အတွက် အဖေနှင့် မခွဲလိုသည့်တိုင် ဘွားအေ၏ ဆန္ဒအရ ရွှေမြို့တော်သို့ လိုက်ရတော့မည် ဖြစ်လေ၏။

လင်ယုဟိုက်က

“အဖေလဲ အသက်ငါးဆယ်ကပ်နေပြီလေ၊ ဒါကြောင့် နောက်ထပ် အိမ်ထောင်သစ်ထူဖို့လဲ စိတ်မကူးတော့ပါဘူး။ ငါ့သမီးကတော့ ငယ်လဲ ငယ်သေးတယ်၊ နုလဲနုနယ်တယ်။ ငါ့သမီးမှာ သွန်သင် ဆုံးမမယ့် အမေလဲ့ မရှိတော့ဘူး။ ကြည့်ရှုစောင့်ရှောက်မယ့် အစ်ကို အစ်မလဲ မရှိဘူး။ ခုလို သမီးရဲ့ ဘွားအေနဲ့ သမီး ဦးလေးတွေရဲ့ သမီးတွေနဲ့ အတူတူ သွားနေတယ်ဆိုယင် အဖေ့မှာလဲ အများကြီး စိတ်အေးသွားရပြီ။ ဒီတော့ ငါ့သမီးလေး လိုက်သွားနော်”

သို့ဖြင့် ထိုက်ယုသည် မျက်ရည်လည်ရွဲဖြင့် ဖခင်နှင့် ခွဲခွာခဲ့ပြီးနောက် ယွန်းစံအိမ်မှ လွတ်လိုက်သည့်မိန်းမ၊ ယောကျား အစေတော်များနှင့်အတူ လှေတစ်စင်းဖြင့် လိုက်လာခဲ့ပြီး ယုဆုန်နှင့် အခြား အစေတော် သူငယ်နှစ်ယောက်တို့က အခြားလှေတစ်စင်းဖြင့် လိုက်လာခဲ့ကြလေ၏။

အချိန်တန်သည့် အခါတွင် သူတို့သည် နေပြည်တော်သို့ ရောက်ကြ၍ မြို့တံခါးမှ ဝင်ခဲ့ကြလေ၏။ ယုဆုန်သည် အဝတ်အစား ကောင်းမွန်သပ်ရပ်စွာ ဝတ်ဆင်ပြီးလျှင် နောက်ပါ အစေတော် သူငယ်နှစ်ယောက်နှင့်အတူ ယွန်းစံအိမ်ကြီးဝင်းဝသို့ လာခဲ့လေ၏။ ဝင်းဝသို့ ရောက်လျှင် ကျိချိန်၏ တူအဖြစ် အပြည့်အစုံ ရေးသားထားသည့် လိပ်စာ ကတ်ပြားကို ပေးလိုက်လေ၏။

ယောက်ဖဖြစ်သူ လင်ယုဟိုက်၏ စာကို ရပြီးဖြစ်သည့် ကျိချိန်သည် ချက်ချင်းပင် ယုဆုန်ကို အခေါ်လွှတ်လိုက်လေ၏။ ယုဆုန်မှာ ခန့်ညားသော ဥပဓိရုပ်ရှိပြီး စကား အပြောအဆိုတွင်လည်း အထက်တန်းကျသည်ကို တွေ့ရလေ၏။ သူ ့အဘိုး မြို့စားကြီး ကဲ့သို့ပင် ကျိချိန်သည် ပညာရှိတို့ကို လေးစားတတ်သူတစ်ယောက် ဖြစ်သည့်အတိုင်း ကျမ်းဂန်စာပေ တတ်ကျွမ်းသူများအား လေးစားစွာ ဆက်ဆံကာ အခက်အခဲတွေ့လျှင် ဝမ်းမြောက်ဝမ်းသာ ကူညီတတ်သူတစ်ဦး ဖြစ်လေ၏။ ထို့ပြင် သူ့ယောက်ဖဖြစ်သူ လင်ယုဟိုက်ကလည်း ထောက်ခံစာ ရေးထားသည့်အတွက် ယုဆုန်ကို ကောင်းစွာ လက်ခံတွေ့ဆုံကာ လိုအပ်သည့် အကူအညီတို့ကို ပေး၏။ ရွှေနန်းတော်ကြီးသို့ လျှောက်လွှာ တင်လိုက်သည့် နေ့မှာပင် ယုဆုန်သည် ခန့်အပ်လွှာကို စောင့်ဆိုင်းရန် အမိန့် ရှိခဲ့လေ၏။ နှစ်လအတွင်းတွင် ယုဆုန်သည် ချင်လင်းမြို့တွင် လစ်လပ်နေသော မြို့ဝန်ရာထူးသို့ ပြောင်းရွှေ့လာခဲ့ရလေ၏။ ယုဆုန်သည် ကျိချိန်ကို နှုတ်ဆက်ကာ မြို့ဝန်ရာထူးကို လက်ခံရန် ထွက်လာခဲ့လေ၏။ ယုဆုန်အကြောင်းကို ရပ်ဦးစို့။

ထိုက်ယု အကြောင်းကို ပြန်ကောက်ရဦးမည်။ လှေဆိပ်သို့ ရောက်သည့်အခါတွင် ယွန်းစံအိမ်ကြီးမှ လွှတ်လိုက်သည့် ဝေါယာဉ်နှင့် ပစ္စည်းများကို သယ်ရန် လှည်းများသည် ဆိပ်ကမ်းတွင် အဆင့်သင့် ရောက်နေကြသည်ကို တွေ့ရလေ၏။ ထိုက်ယုသည် သူ ့ဘွားအေ၏ ယွန်းစံအိမ်ကြီး ခမ်းနားတင့်တယ်ပုံကို အမေ့ထံမှ မကြာခဏ ကြားခဲ့ဖူး၏။ လမ်းခရီးတစ်လျှောက်၌ ထိုက်ယုသည် သူ့ကို လာခေါ်ကြသော အစေတော်များ၏ အပြောအဆို၊ အဆင်အပြင်နှင့်တကွ စားသောက်လာခဲ့ရသော အစားအသောက်တို့သည် ကောင်းမွန်လှချေ၏ဟု အောက်မေ့ခဲ့မိလေ၏။ ထို့ကြောင့် ယွန်းစံအိပ်ကြီးသို့ ရောက်သည့်အခါတွင် အပြောအဆို အနေအထိုင် မမှားရလေအောင်၊ ကဲ့ရဲ့ခြင်း မခံရလေအောင် ဂရုတစိုက် နေထိုင်ပြုမူမည်ဟု စိတ်ကူးပြီးဖြစ်၏။ ရွှေမြို့တော်တွင်းသို့ ဝေါယာဉ်ဖြင့် လာခဲ့စဉ် ထိုက်ယုသည် ဇာကန့်လန့်ကာကြားမှနေ၍ ရွှေမြို့တော်တွင် လှုပ်လှုပ်ရွရွ သွားလာနေကြသည့် လူများကို ချောင်းကြည့်လာခဲ့လေ၏။ ဤသို့ လှုပ်လှုပ်ရှားရှားသွားလာနေကြသော လူများကို ထိုက်ယု တစ်ခါမျှ မတွေ့ဖူးသေးချေ။

အတော်ကြီး သွားမိသည့်အခါတွင် ဝေါထမ်းများသည် လမ်းတစ်လမ်းထဲသို့ ချိုးဝင်လိုက်ပြီးလျှင် ဘေးတစ်ဖက်တစ်ချက်တွင် ခြင်္သေ့ရုပ်ကြီးနှစ်ကောင် ငုတ်တုတ်ထိုင်လျက်ရှိပြီး တံခါးတွင် တိရစ္ဆာန် ခေါင်းရုပ်တပ် ခေါင်းလောင်းကြီးတစ်လုံး ချိတ်ဆွဲထားသည့် တံခါးကြီး သုံးပေါက်ရှေ့တွင် ရပ်လိုက်လေ၏။ ထိုတံခါးသုံးပေါက်ရှေ့၌ လည်း ကိုယ်ကြပ်အင်္ကျီဝတ် အစေတော်သူငယ် ဆယ်ယောက်ခန့် ထိုင်လျက် ရှိသည်ကို တွေ့ရလေ၏။ အလယ်တံခါးကြီးမှာ ပိတ်ထားလျက် ရှိသော်လည်း ဘေး မလွယ်ပေါက်များမှနေ၍ လူအများ သွားလာ ဝင်ထွက်နေကြသည်ကို မြင်ရလေ၏။ အလယ်တံခါးမကြီး၏ မုခ်ဦးတွင်မူ “ဘုန်းတော်ကြီးသော  ဘုရား၏ အမိန့်တော်အရ ဆောက်လုပ်သော ယွန်းစံအိမ်တော်” ဟု ရေးသားထားလေ၏။

ဤစံအိမ်ကြီးကား သူ့ဘွားအေ၏ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့သော စံအိမ်ကြီးဖြစ်ကြောင်း ထိုက်ယု သိလိုက်လေပြီ။

အနောက်ဘက်သို့ ဆက်၍လာခဲ့သည့်အခါ၌ အလားတူ ခမ်းနားသည့် တံခါးမကြီး သုံးပေါက်နှင့် စံအိမ်ကြီးတစ်ဆောင်ကို တွေ့ရပြန်လေ၏။ ထိုစံအိမ်ကြီးမှာ ယွန်းစံအိမ်ကြီး ဖြစ်လေ၏။ ဝေါထမ်းများသည် အလယ်တံခါးမကြီးမှ မဝင်ဘဲ အနောက်ဘက် မလွယ်တံခါးမှ ဝင်လာခဲ့ကြလေ၏။ အတွင်းသို့ ခဲတစ်ပစ်ခန့် ဝင်လာခဲ့၍ ကွေ့တစ်ကွေ့သို့ ရောက်သည့်အခါတွင် ဝေါထမ်းများသည် ဝေါကို ချလိုက်ကာ နောက်သို့ ဆုတ်သွားကြလေ၏။ ထိုက်ယူနောက်မှု လိုက်လာကြသည့် အစေတော်များသည်လည်း ဝေါများပေါ်မှ ဆင်းလာကြကာ ခြေကျင် လျှောက်လာခဲ့ကြလေ၏။ သားနားစွာ ဝတ်ဆင်ထားသည့် အသက် ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ် အရွယ်ခန့် လုလင်လေးယောက် ပေါ်လာကြကာ ထိုက်ယု စီးလာသည့် ဝေါယာဉ်ကို ကောက်ထမ်း၍ မှန်ကူကွက် သစ်သားပေါ်တွင် ပန်းကြွများ ထုထားသည့် ပင်းတံခါးကြီး တစ်ခုဆီသို့ ထမ်းသွားကြသည်တွင် မိန်းမ အစေတော်များသည်လည်း အနောက်မှ လိုက်လာခဲ့ကြလေ၏။ ထိုနေရာသို့ အရောက်တွင် ဝေါထမ်းများသည် နောက်သို့ ဆုတ်သွားကြပြီး မိန်းမ အစေတော်များက ကန့်လန့်ကာကို လာရောက်ဖွင့်ပေးကာ ထိုက်ယုကို တွဲ၍ ခေါ်လျက် ဝင်းတံခါးကြီး တစ်ခုဆီသို့ လာခဲ့ကြပြန်လေ၏။

အတွင်းတွင်မူ ဘေးတစ်ဖက်တစ်ချက်တွင် ဝရန်တာများ ထုတ်ထားပြီး အလယ်ကောင်တွင် အခန်းသုံးခန်းပါ အိမ်ဦးခန်းကြီးကို မြင်လိုက်ရလျက် အခန်းအလယ်တွင်မူ အနီရောင် ကရမက်သား ဘောင်ကွပ်ထားသည့် ကျောက်ဖြူသား ခန်းဆီးလိုက်ကာတစ်ခု ထောင်ထားလေ၏။ ထိုအိမ်ဦးခန်းကို လွန်လျှင်ပင် အဆောက်အအုံကြီးအဝင် တလင်းပြင်သို့ ရောက်လေ၏။ အရှေ့ပိုင်းတွင် ဟင်္သာပြဒါး ခြယ်ထားသည့် တိုင်ကြီးများနှင့် ပန်းကြွတို့ ဖော်ထားသည့် ထုပ်လျောက်များတင် ထားသည့် အခန်းကြီးငါးခန်း တွေ့ရပြီး ထိုအခန်းကြီးတိုင်း၏ ဘေးတွင်လည်း အမိုးမိုးထားသည့် စင်္ကြံကလေးများဖြင့် ပတ်ထားသော အခန်းငယ်များ ရှိသေး၏။ ဝရန်တာ တံစက်မြိတ်များတွင် အရောင်မျိုးစုံရှိသော ကြက်တူရွေးများ၊ ဝါးရောင်းနှင့် အခြားငှက်အမျိုးမျိုးကို လှောင်အိမ်များဖြင့် ချိတ်ဆွဲထားလေ၏။

အနီနှင့်အစိမ်း ဝတ်ထားကြသည့် အစေတော်များသည်လှေကားထစ်များပေါ်မှ ထလာကြကာ သူတို့ကို ပြုံးရွှင်စွာ ဆီးကြိုနှုတ်ဆက်လ၏။

“ဟောတော့်၊ မယ်မယ်က ခုတင် သခင်မလေး အကြောင်းကို ‌ေပြာနေတာ၊ ခု ရောက်လာပြီ” ဟု တစ်ယောက်တစ်ပေါက် ပြောကြသည်။

အစေတော် သုံးလေးယောက်သည် တံခါးမကြီးမှ ခန်းဆီးကို မကာ “သခင်မလေး ထိုက်ယု ရောက်လာပါပြီ” ဟု အတွင်းဘက်သို့ လှမ်းပြောလိုက်ရလေ၏။

အတွင်းဆောင်ဘက်သို့ ထိုက်ယု ဝင်လာသောအခါတွင် ဆံပင်တို့ ငွေရောင် ဖြူဖွေးနေသည့် အဘွားကြီးတစ်ဦးသည် အစေတော် နှစ်ယောက်ကို တွဲလျက် သူ့ထံ လာနေသည်ကို မြင်လိုက်ရလေ၏။ မိမိ၏ အဘွားဖြစ်သည်ကို ထိုက်ဟု သိလိုက်လေပြီ။ ထိုက်ယုက အဘွားကို ဦးချနှုတ်ဆက်ခြင်း မပြုရမီ အဘွားကြီး၏ လက်နှစ်ဖက်သည် ထိုက်ယုကို ပွေ့ဖက်ပြီးသားဖြစ်လျက် ရှိလေ၏။

“ငါ့အသည်းကလေး ဟဲ့ ၊ ငါ့မြေးကလေး ဟဲ ့” ဟု ဆိုကာ အဘွားကြီးသည် ရှိုက်ကြီးတငင် ငိုလျက်ရှိလေ၏။

အစေတော် အားလုံးသည် မျက်နှာကို လက်ဖြင့်အုပ်ကာ ငိုလျက် ရှိလေရာ ထိုက်ယုမှာလည်း မျက်ရည်တွေ စီးကျလာလေ၏။ အခြားသူများက လာရောက် ချော့မော့ကြသည့် အခါတွင်မူ ထိုက်ယုသည် ဘွားအေကို ထိုင်၍ ဦးချခြင်း ပြုနိုင်တော့သည်။ ဤအဘွားကြီးကား အခြားသူမဟုတ်။ ရှိမိသားစုမှ ဆင်းသက်လာသူ ယွန်းကူမြို့စား ကတော်ကြီးဖြစ်၍ ကျိရှဲနှင့် ကျိချိန်တို့၏အမေ ဖြစ်လေ၏။ အဘွားကြီးသည် ထိုက်ယုအား မိသားစုများနှင့် တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးလေ၏။

“ဟောဒါက ညည်းဦးကြီးရဲ့ဇနီး။ ဟောဒါက ညည်းဦးလေးရဲ့ ဇနီး။ ဟောဒါက ဆုံးသွားတဲ့ ညည်းအစ်ကို တစ်ဝမ်းကွဲရဲ့ ဇနီး” ထိုက်ယုသည် သူတို့အားလုံးကို တစ်လှည့်စီ နှုတ်ဆက်လေ၏။ “ ကောင်မတွေ။ ငါ့မြေးမတွေကို သွားခေါ်ချေ ဒီနေ့ အိပ်မှာ ဧည့်သည်ရောက်လို့ စာမသင်နဲ့တော့လို့။ ရပ်လိုက်တော့လို့ ပြောလိုက်စမ်း၊

အစေတော်နှစ်ယောက်သည် မယ်မယ်၏ အမိန့်အတိုင်း ဝမ်းကွဲ ညီအစ်မများကို သွားခေါ်ကြလေ၏။ ချက်ချင်းဆိုသလိုပင် အထိန်းသုံးယောက်၊ အစေတော် ငါးယောက်ခြောက်ယောက် ခြံရံ၍ မိန်းမပျို သုံးယောက် ထွက်လာလေ၏။

ပထမတစ်ယောက်မှာ ခပ်ပြည့်ပြည့်၊ အရပ်အမောင်းစပ်သင့်သင့် ဖြစ်လေ၏။ ပါးပြင်များမှာ မှည့်ခါစ သစ်သီးကဲ့သို့ ရွှန်းစိုလျက်ရှိပြီး နှာခေါင်းမှာ ငန်းဆီကဲ့သို့ ချောမွေ့ လျက်ရှိလေ၏။ နူးညံ့သိမ်မွေ့၍ စကားနည်းပြီးလျှင် အပေါင်းအသင်းရလွယ်မည့်ပုံ ရှိလေ၏။

ဒုတိယ တစ်ယောက်မှာ ပခုံးကိုင်းကိုင်း၊ ခါးသေးသေးနှင့် ဖြစ်ပြီး၊ အရပ်မြင့်၍ ကိုယ်လုံးသွယ်ပြီးလျှင် ရှည်သွယ်သော မျက်နှာ၊ လှပထင်ရှားသော မျက်ခုံးများနှင့် ချစ်စရာပြုံးရယ်သော မျက်လုံးများ ရှိလေ၏။ ထိုမိန်းမပျိုကို ကြည့်ရသည်မှာ ကျက်သရေရှိ၍ ထက်မြက် အကင်းပါးဟန်လည်း ရှိပေ၏။ ကြည့်လိုက်ရုံမျှဖြင့် တစ်ဖက်သား၏ ရင်ထဲတွင် ညစ်ညမ်းသည့်စိတ်တို့ ပျောက်ကာ သန့်ရှင်းစင်ကြယ်သော စိတ်မျိုးကို ဖြစ်ပေါ်စေနိုင်သူ ဖြစ်လေ၏။

တတိယ မိန်းမပျိုမှာ ဂေါရီ အရွယ်မျှသာ ရှိသေး၍ ကလေး မျက်နှာကလေးပင် ကောင်းစွာ မပျောက်သေးချေ။

မိန်းမပျို သုံးယောက်စလုံး အဝတ်အစား ဆင်တူ၊ လက်ဝတ် လက်စား ဆင်တူ၊ ဆံထိုးဆံညှပ် ဆင်တူ ဝတ်ဆင်ထားကြလေ၏။

ထိုက်ယုသည် လျင်မြန်စွာ မတ်တတ်ထကာ သူ့ညီအစ်မဝမ်းကွဲများကို နှုတ်ဆက်လေ၏။ တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ပြီး၍ ပြန်ထိုင်လိုက်သည့်အခါတွင် အစေတော်များသည် လက်ဖက်ရည်များကို လာ၍ ပေးလေ၏။ သူတို့အားလုံးသည် ထိုက်ယု၏ အမေအကြောင်းကို ပြောဆိုလျက်ရှိလေ၏။ ဘာရောဂါလဲ၊ သမားတော်များက ဘာဆေးတွေ တိုက်သလဲ၊ အသုဘကို ဘယ်လိုချသလဲ စသဖြင့် ပြောဆိုလျက် ရှိကြလေ၏။ ထိုအထဲတွင် မယ်မယ်မှာ စိတ်အထိခိုက်ဆုံး ဖြစ်လေ၏။ မယ်မယ်က

`ငါ့သားသမီးတွေထဲမှာ ငါ့မြေးရဲ့အမေကို မယ်မယ် အချစ်ဆုံးပဲ။ ခုတော့ သူက ငါ့ရှေ့က သွားနှင့်ပြီ။ အလောင်းကိုတောင် မမြင်လိုက်ရဘူး။ ခု ငါ့မြေးကို မြင်လိုက်ရတော့ သူ့ကိုချည်းပဲ့ သတိရနေတယ်” ဟု ဆိုကာ ထိုက်ယူကို ဖက်၍ ငိုပြန်၏။ အားလုံးက ဝိုင်းဝန်း နှစ်သိမ့်ကြသည့်တိုင် တော်တော်နှင့် မရချေ။

သူတို့အားလုံးသည် ထိုက်ယူ၏ လိမ္မာရေးခြားရှိပုံကို ကြည့်၍ တအံ့တဩ ဖြစ်လျက် ရှိလေ၏။ ထိုက်ယုသည် ကျန်းမာရေး ချူချာ၍ နုနုနယ်နယ် နေခဲ့ရသည့်တိုင် သူတို့နှင့်မတူ တစ်မူထူးခြားလျက် ရှိ၏။ သူတို့သည် ပါးပါးလျလျကလေးသာရှိသည့် ထိုက်ယူကို မြင်သည်၌ မည်သည့်ဆေးဝါးကို မှီဝဲနေသနည်း၊ မည်သည့်သမားတော်နှင့် ကုနေသနည်းဟု မေးမြန်းကြလေ၏။

ထိုက်ယုက ပြုံးလိုက်ကာ

“ထိုက်ယုက နဂိုကတည်းက ဒီလိုပါပဲ။ နို့စို့အရွယ်လောက် ကတည်းက ဆေးနဲ့ ပြတ်ရတယ်လို့ကို မရှိပါဘူး။ သမားတော်များကို ပြတာလဲ စုံလှပါပြီ။ ဒါပေမယ့် သူတို့ပေးတဲ့ ဆေးတွေနဲ့လဲ သိပ်မထူးလှပါဘူး။ ထိုက်ယု သုံးနှစ်သမီးလောက်တုန်းကတော့ ခေါင်းမှာ ဒက်တွေနဲ့ ကိုရင်ကြီးတစ်ပါး အိပ်ကိုရောက်လာပြီး သီလရှင်ဝတ်ဖို့ လာခေါ်တယ်လို့ ပြောသံကြားဖူးပါတယ်။ အဖေ အမေတို့က မထည့်ကြဘူးတဲ့။ ဒီတော့ ကိုရင်ကြီးက ခင်ဗျားတို့ ဒီကလေးနဲ့ ခွဲနိုင်ယင်ခွဲ၊ မခွဲနိုင်ယင် ဒီကလေးဟာ ဘယ်တော့မှ ကျန်းကျန်းမာမာ ရှိမှာမဟုတ်ဘူး။ ဒီလိုမခွဲချင်ယင်လဲ သူ့ကို ငိုသံတို့ဘာတို့ မကြားစေနဲ့၊ မိဘက လွဲလို့ရှိယင်လဲ ဘယ်ဆွေမျိုးနဲ့မှ မတွေ့ပေစေနဲ့။ ဒါမှ ဒီကလေးအတွက် စိတ်ချမ်းချမ်းသာသာ ရှိမယ်။ သူ့ကို ကုစရာ ဒီတစ်နည်းပဲ ရှိတော့တယ်လို့ ပြောသွားသတဲ့။ ဒီတုန်းကတော့ အဲဒီကိုရင်ကြီးဟာ စိတ်မနှံ့လို့ ပြောချင်ရာပြောသွားတာ ဖြစ်မှာပဲဆိုပြီး ဘယ်သူကမှ အလေးမထားခဲ့ဘူးပေါ့လေ။ ထိုက်ယုတော့ ခုထိ ကောလိသိမ်မြစ်တွေကို သောက်ရတုန်းပဲ ရှိပါသေးတယ်”

“အေး အေး၊ ကောင်းတယ်။ မယ်မယ့်မှာလဲ ကောလိသိမ် မြစ်တွေကို ဆေးဖော်ထားတဲ့ ဆေးတစ်ဖုံ ရှိတယ်။ ငါ့မြေးဖို့ တစ်ဖုံ လောက်အဖော်ခိုင်းရဦးမယ်”

ထိုစဉ် နောက်ဖေး တလင်းပြင်ဆီမှ ကျယ်လောင်သော ရယ်သံနှင့်အတူ အသံတစ်သံကို ကြားရလေ၏။

ဟေ့ အဝေးကြီးကလာတဲ့ ဧည့်သည်ကို ငါနှုတ်မဆက်ရသေးဘူး”

ထိုအသံကို ကြားသည့်အခါတွင် ထိုက်ယုသည် အံ့အားသင့်လျက်ရှိကာ “ခု ငါတွေ့နေရတဲ့ လူတွေအားလုံး ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့တွေချည်းပဲ။ စကားကိုတောင် ကျယ်ကျယ် မပြောကြဘူး။ ခုအသံကတော့ အသံကလဲ ကျယ်ပါဘိသနဲ့။ ရယ်လိုက်တော့လဲ ဟားတိုက် ရယ်တာပဲ။ ဘယ်သူများပါလိမ့်” ဟု တွေးလျက်ရှိလေ၏။

ထိုသို့ စဉ်းစားလျက်ရှိစဉ် နောက်ဖေးတလင်းပြင်မှ မိန်းမပျို့ တစ်ယောက်သည် အထိန်းများ၊ အစေတော်များ ခြံရံလျက် ခန်းဆောင်ထဲသို့ ဝင်လာလေ၏။ ထိုမိန်းမပျိုမှာ ခပ်စောစောက သူတွေ့ရသည့် ညီအစ်မဝမ်းကွဲ မိန်းကလေးများနှင့် မတူဘဲ ဇာတ်မင်းသမီးတစ်ယောက် ကဲ့သို့ တောက်တောက်ပပ၊ ပြောင်ပြောင်လက်လက် ဝတ်စားထားလေ၏။

မိန်းမပျို၏ခေါင်းတွင် ရွှေနန်းကြိုးမျှင်ကလေးများကို ရက်ထားသည့် ဦးရစ်ကို  ဆောင်းထားပြီး နန်းကြိုး ဇာခက်များကြားတွင်လည်း အဖိုးတန် ကျောက်မျက်ရတနာများနှင့် ပုလဲများကို စီထားလေ၏။ နေမင်းကို မျက်နှာပြုနေသည့် နတ် ငှက်ခါးတောင်ပုံသဏ္ဌာန် ထုထားသော ရွှေဆံညှပ်များတွင်လည်း ပုလဲလုံးများကို သီ၍ အမြိတ်ချ ထားလေ၏။ နရဏီရွှေဖြင့် လုပ်ထားသည့် ဆွဲကြိုးမှာ ခွေနေသည့် နဂါးကြီးတစ်ကောင်၏ပုံ လုပ်ထားပြီး နဂါးရုပ်ကြီးပေါ်တွင်လည်း ကျောက်မျက်ရတနာများ စီခြယ်ထားလေ၏။ လုံချည်တွင် ပယင်းနီဖြင့် စီထားသည့် နှစ်ပင်လိမ် အမြိတ်များ ချထားကာ အဖျားတွင် ပန်းပွားစိမ်းကလေးများ ဆွဲထားလေ၏။

ကိုယ်လုံးတွင် ကပ်နေသည့် ဖဲအင်္ကျီနီပေါ်တွင် လိပ်ပြာရုပ်ကလေးများ၊ ပန်းပွင့်ရုပ်ကလေးများကို ရွှေနန်းမျှင်ဖြင့် ထိုးရက်ထားလေ၏။ တဘက်မှာ စိမ်းပြာနုရောင် ဖြစ်ပြီး အနားတွင် ရှဉ့်မွေး ကွပ်လျက် အလယ်တွင် ပိုးချည်ရောင်စုံဖြင့် အရုပ်များ ထိုးထားလေ၏။ တိန်ညင်းငှက်ပြာရောင် လုံချည်တွင်လည်း ပန်းပွင့်ပုံတွေ ဖော်ထားလေ၏။

ထိုမိန်းမပျို၏ မျက်လုံးများမှာ ဝိုင်းစက် ကြည်လင်လျက်ရှိပြီ၊ မျက်ခုံးများမှာ မိုးမခ ရွက်ကဲ့သို့ ရှည်လျား ကွေးညွတ်လျက် ရှိလေ၏။ ကိုယ်လုံး သေးသွယ်ပြီးလျှင် အမူအရာ သွက်လက် ဖျတ်လတ်လှပေ၏။ နံ့သာ လိမ်းကျံထားပြီး နွေဦး၏ အလှကဲ့သို့ ကျက်သရေ ရှိသော သူ့မျက်နှာသည် ကြောက်စရာကောင်းသည့် သူ့အတွင်းစိတ်ကို ဖုံးကွယ်ပေးနေသကဲ့သို့ ရှိလေ၏။ နီရဲသော နှုတ်ခမ်းများ မပွင့်မီမှာပင် ရယ်သံလွင်လွင်ကို ကြားရလေ၏။

ထိုက်ယုသည် နှုတ်ဆက်ရန် ခပ်သွက်သွက် ထလိုက်လေ၏။ မယ်မယ်က တခစ်ခစ် ရယ်လိုက်လျက်

“ငါ့မြေး သူ့ကို မသိသေးဘူးနော်။ အိမ်မှာတော့ သူဗိုလ်ပဲ။ တောင်ပိုင်းမှာတော့ သူ့ကို ငရုတ်ကောင်းလို့ ခေါ်ကြတယ်။ နတ်ငှက်မယ်လို့လဲ ခေါ်ကြတယ်။

ထိုက်ယုသည် သူ့ကို မည်သို့ခေါ်ရမည်ကို မသိဘဲဖြစ်နေစဉ် ညီအစ်မများထဲမှ တစ်ယောက်က

“သူက အစ်ကို ကျိလျံရဲ့ ဇနီးလေ” ဟု ပြောလေ၏။

ထိုက်ယုသည် လူချင်း မတွေ့ဖူးသည့်တိုင် နတ်ငှက်မသည် သူဦးကြီး ကျိရှဲ၏သား ကျိလျံ၏ဇနီး ဖြစ်ကြောင်းကို ကွယ်လွန်သူ သူ ့အမေ ပြောပြသဖြင့် ကြားဖူးပြီးဖြစ်၏။ သူ့အစ်ကိုဝမ်းကွဲ ကျိလျံသည် ဦးလေး၏ ဇနီး ၀မ်၏တူမနှင့် လက်ထပ်ခဲ့၏။ သူ့ဇနီးသည် ယောက်ျားလေး တစ်ယောက်လို ပညာသင်ကြားခဲ့ပြီး ကျောင်းနာမည် စီဖန် (နတ်ငှက်မယ်) ဟု အမည်တွင်ခဲ့လေ၏။ ထိုက်ယုက ချက်ချင်း ပြုံးပြလိုက်ပြီး “မမ” ဟုခေါ်လိုက်လေ၏ ။

နတ်ငှက်မယ်သည် ထိုက်ယု၏ လက်ကို ဆွဲကိုင်ကာ ထိုက်ဟုကို ခြေဆုံးခေါင်းဆုံး ကြည့်လျက် ရှိလေ၏။ ပြီးနောက် မယ်မယ် အနီး ခေါ်လာခဲ့လေ၏။

နတ်ငှက်မယ်ဓာ ရယ်လိုက်လျက်


“တကယ်ပဲကွယ်၊ ဒီလောက်လှ ဒီလောက်ချောတဲ့ မိန်းကလေးမျိုးကို မမဖြင့် တစ်ခါမှ မမြင်ဖူးသေးဘူး။ နေပုံထိုင်ပုံ ဟန်ပန်ကိုက တခြား ဘယ်မိန်းကလေးနဲ့မှ မတူဘူး။ ထိုက်ယုကို ကြည့်ရတာက အဖေနဲ့ လုံးလုံး မတူဘူး။ အမေဘက် နွှယ်တော့ ကျိမျိုးနဲ့ ပိုပြီးတူတယ်။ မယ်မယ်က ဒါ့ကြောင့် သူ ့မြေးကို တဖွဖွပြောပြီး သတိရရနေတာကိုး။ ညီမမှာ ငယ်ငယ်လေးနဲ့ အမေဆုံးသွားတာကတော့ စိတ်မကောင်းပါဘူးကွယ်။ တကယ်ပဲ” ဟု ဆိုကာ နတ်ငှက်မယ်သည် လက်ကိုင်ပဝါကို ထုတ်၍ မျက်ရည်သုတ်လျက် ရှိလေ၏။

မယ်မယ်က နောက်သလိုလိုဖြင့်

“ခုလေးတွင် ကျုပ် မျက်ရည် သုတ်ပြီးတယ်တော့်။ ကျုပ်ကို နောက်တစ်ခါ ငိုအောင် လုပ်တာလား။ ကဲ ကဲ ညည်းညီမလေး ခရီးလဲ ပန်းလာတယ်။ လူကလဲ နုကနုပါဘိသနဲ့။ ခုလေးတွင် မငိုအောင် လုပ်ထားရတာ။ ဒီအကြောင်းကို မပြောကြပါနဲ့တော့

နတ်ငှက်မယ်သည် ပူဆွေးသောက ရောက်နေရာမှ ရွှင်လန်း မြူးတူးသည့် အမူအရာသို့ ချက်ချင်း ပြောင်းသွားလေ၏။

“ဟုတ်တယ်၊ ဟုတ်တယ်၊ မယ်မယ်ပြောတာ မှန်တယ်။ ကျွန်မလဲ ညီမလေးကို မြင်တော့ ဝမ်းသာတာရော ဝမ်းနည်းတာရော ပေါင်းဆုံသွားတယ် ထင်ပါရဲ့။ မယ်မယ့်ကိုတောင် မေ့သွားတယ်။ တကယ်ကတော့ ကျွန်မကို ကြိမ်တုတ်နဲ့တောင် ရိုက်ဖို့ကောင်းနေပြီ” ဟု ဆိုကာ ထိုက်ယု၏ လက်ဝါးကို ဆွဲကိုင်လိုက်ပြီးနောက်

ညီမက အသက် ဘယ်လောက်ရှိပြီလဲဟင်။ စာလဲ သင်နေပြီ မဟုတ်လား။ ဆေးတွေကကော ဘာဆေးတွေများ သောက်သလဲ၊ အိမ်ကို သိပ်လွမ်း မနေနဲ့နော်။ စားကောင်းသောက်ဖွယ်များ စားချင် သောက်ချင်တဲ့ အာသီသရှိယင်၊ ဒါမှမဟုတ် ပျင်းယင် မမကို ပြောနော်။ ပြီးတော့ အထိန်းတော်တွေ အစေတော်တွေ မကောင်းယင်လဲ မမကို ပြော”

ထို့နောက် နတ်ငှက်မယ်သည် အစေတော်များဘက်သို့ လှည့်လိုက်ကာ

"ဟဲ့၊ နင်တို့ မမလေးရဲ့ ပစ္စည်းတွေ အထုပ်အပိုးတွေကို နေရာချ ပြီးကြပလား။ နောက်ပါ အစေတော်တွေကော ဘယ်နှစ်ယောက်ပါသလဲ။ ဟဲ ့ကောင်မတွေ သွား အခန်းတွေကို မြန်မြန် ရှင်းပြီး သူတို့ကို နေရာချပေးလိုက်ဦး။ ဒီလောက်ဆိုယင် နားချင်ကြရော့ပေါ့”

ထိုအတောအတွင်း၌ စားဖွယ်သောက်ဖွယ်များ ရောက်လာသည့်အတွက် နက်ငှက်မယ်က လက်ဖက်ရည်နှင့် ချိုချဉ်ခဲဖွယ်တို့ကို လိုက် တည်ခင်းလျက် ရှိလေ၏။ သူ့အဒေါ် ဝမ်ကမူ အစေတော်များအား လစာများ ထုတ်ပေးပြီးခြင်း ရှိမရှိ မေးမြန်းလျက် ရှိလေ၏

နတ်ငှက်မယ်က

“ပြီးပါပြီ ဒေါ်လေးရဲ့။ ဪ ဒေါ်လေးရေ၊ ခုတွင် ကျွန်မ နောက်ဖေးဆောင်က ပစ္စည်းခန်းထဲမှာ ဖဲစတွေ သွားရှာခဲ့တယ် ဒေါ်လေး။ ဒါပေမယ့် ဒေါ်လေး မနေ့က ပြောတဲ့ ဖဲစမျိုး ရှာလို့မတွေ့ဘူး ဒေါ်လေး။ ဒေါ်လေးများ တစ်နေရာရာမှာ အထားမှားသလာ၊ မသိဘူး”

ဒေါ်လေး ဝမ်က

“အေးကွယ် မတွေ့လဲ ဘယ်တတ်နိုင်မလဲ။ ဟောဒီက ညည်း ညီမလေးကို ချုပ်ပေးဖို့ တွေ့တဲ့ ဖဲစထဲက နှစ်ကိုက်လောက် ဖြတ်ခဲ့ပါ။ ဒီနေ့ညနေ အပ်ချုပ်ဆိုင်ကို ပို့လိုက်နော်။ မမေ ့နဲ့”

“အမယ်လေး၊ မပါဘူး ဒေါ်လေးရဲ့။ ရှာပြီးပါပြီ။ ညီမ ဒီနေ့ရောက်မယ် ကြားကတည်းက အားလုံး အဆင်သင့် လုပ်ပြီးပါပြီ။ ဒေါ်လေး ကြိုက်မကြိုက် ကြည့်ရအောင် ဒေါ်လေး အခန်းထဲကို ပို့ထားခဲ့ပြီ။ ဒေါ်လေး သဘောကျတယ်ဆိုယင် စက်ဆိုင်ကို ပိုလိုက်လေ

ဒေါ်လေးဝမ်ကား သဘောကျကာ တပြုံးပြုံး ဖြစ်နေလေ၏။ 

စားသောက်ဖွယ်များကို သိမ်းပြီနောက် မယ်မယ်သည် ထိုက်ယုအား သူဦးကြီးနှင့် ဦးလေးတို့ကို သွားရောက် နှုတ်ဆက်ရန်အတွက် အစေတော်များအား လိုက်အပို့ခိုင်း လိုက်လေ၏။

ထိုစဉ် ကျိရှဲ၏ဇနီး ဒေါ်လေးဆင့်က ထိုင်ရာမှ ထလိုက်လျက် “ကျွန်မ လိုက်ပို့လိုက်မယ်လေ မယ်မယ်။

အေးအေး ကောင်းသားပဲ။ ညည်းလဲ မလာချင် မလာပါနဲ့တော့အေ။ သူ ဦးကြီး ဦးလေးတွေနဲ့ စကားပြောတုန်း နေပေးလိုက်ပါ”

ဒေါ်လေးဆင့်က “ဟုတ်ကဲ့” ဟု ဆိုကာ ဒေါ်လေးဝမ် အနီးမှ ထိုက်ယုကို ခေါ်လာခဲ့သည်တွင် ကျန် အားလုံးကလည်း အပေါက်ဝသို့ လိုက်ပို့ကြလေ၏။ ပန်းပြောက်ပန်းကြွများ၊ နဂါးရုပ်ကြီးများ ဆင်ထားသည့် တံခါးဝသို့ အရောက်တွင် အဆောင်အယောင်တို့ကို ဝတ်ဆင်ထားကြသည့် တံခါးစောင့် သူငယ်တို့သည် တိန်ညင်းငှက်ပြာရောင် ကန့်လန့်ကာများ ချထားသည့် အပြာရောင် ယွန်းဝေါကြီး တစ်စင်း အနီးတွင် ရပ်လျက် ရှိကြလေ၏။ ဒေါ်လေးဆင့်နှင့် ထိုက်ယုက ဝေါပေါ်သို့ တက်လိုက်သည့်အခါတွင် အစေတော်များသည် ကန့်လန့်ကာများကို ချပေးလိုက်ကြကာ ထမ်းရန် ဝေါထမ်းများကို အမိန့်ပေးလိုက်လေ၏။ အထမ်းသမားများသည် ကရထားကို ကွက်လပ်တစ်ခုဆီသို့ ထမ်းသွားပြီးလျှင် မြည်းတစ်ကောင်တွင် တပ်လိုက်လေ၏။ အနောက်တံခါးမှ ထွက်၍အရှေ့ ဘက်သို့ လာခဲ့ကြ၍ ယွန်းစံအိမ်ကြီး၏ ဗဟိုတံခါးမှ ထွက်လာခဲ့ကာ အနက်ရောင် သုတ်ထားသည့် ယွန်းတံခါး တစ်ခုထဲသို့ ဝင်ခဲ့ကြပြီးနောက် ပွဲတော်များ ကျင်းပလျှင် အသုံးပြုလေ့ ရှိသည့် တံခါးမကြီး တစ်ခုရှေ့တွင် ရပ်လိုက်လေ၏။

အစေတော်သူငယ်များ ထွက်သွားသည့်အခါတွင် ဝေါတွင် ကန့်လန့်ကာများကို မ လိုက်လေ၏။ ဒေါ်လေးဆင့်သည် ထိုက်ယုကို တလင်းပြင် တစ်ခုဆီသို့ ခေါ်သွား၏။ ဤအဆောက်အအုံများနှင့် ကွက်လပ်မှာ ယွန်းစံအိမ်ကြီး၏ ဥယျာဉ်ထဲမှ အဆောက်အအုံများ ဖြစ်သည်ဟု ထင်ရပေ၏။ နောက်ထပ် တံခါးသုံးပေါက်ကို ဖြတ်သန်းပြီးသည့်အခါတွင် ခန်းဆောင်များ၊ အဆောင်ငယ်များနှင့် အမိုး မိုးထားသည့် စင်္ကြံများကို တွေ့ရလေ၏။ အဆောက်အအုံများမှာ သေးငယ်သည့်တိုင် ဗိသုကာ လက်ရာမြောက်စွာ ဆောက်ထားလေ၏။ ယွန်းစံအိမ်ကြီးလောက် ထုထည် မကြီးသည့်တိုင် သစ်ပင်များ စိုက်ထားပုံ၊ ပန်းပင်များနှင့် ကျောက်ပန်းပင်များ စိုက်ထားပုံတို့မှာ ယွန်းစံအိမ်ကြီးနှင့် အတူတူပင် ဖြစ်လေ၏။

ဗဟိုခန်းမဆောင်ကြီးထဲသို့ ဝင်ခဲ့သည့်အခါတွင် သူတို့နှစ်ယောက်အား လှပစွာ ပြင်ဆင် ၀တ်စားထားသည့် အမြှောင်မယားများနှင့် အိမ်စေတစ်သိုက်သည် သူတို့ကို ဆီးကြို နှုတ်ဆက်ကြလေ၏။ ဒေါ်လေးဆင့်သည် ထိုက်ယုကို တစ်နေရာတွင် အထိုင်ခိုင်းပြီးနောက် ပိဋကတ် တိုက်ခန်းထဲရှိ သူ့ယောက်ျားအား အစေတော် တစ်ယောက်ကို လွှတ်၍ အခေါ်ခိုင်းလိုက်လေ၏။

ခဏကြာလျှင် အခေါ်လွှတ်လိုက်သည့် အစေတော်သည် ပြန်ရောက်လာကာ

“သခင်ကြီးက ပြောလိုက်တယ် မမ။ ခုတလောမှာ သိပ် နေမကောင်းဘူးတဲ့။ ဒါကြောင့် ဒီက မမလေးကို ဒီအချိန်မှာ တွေ့လို့ မကောင်းဘူးတဲ့။ ခုလောလောဆယ်မှာ တော်တော်လေး အနေဆိုး နေတယ်တဲ့။ မမလေးလဲ သိပ်ပြီး အိမ်ကို လွမ်းမနေပါနဲ့တဲ့။ ဒီမှာ ပျော်သလိုသာ နေပါတဲ့။ မယ်မယ်နဲ့ ဒေါ်လေးတို့ ရှိသားပဲတဲ့။ ဘာမှ အားမငယ်နဲ့တဲ့။ ဒီက ဝမ်းကွဲ ညီအစ်မတွေကတော့ ခပ်ပေါ့ပေါ့ ပျော်ပျော် နေကြတာပဲတဲ့။ ဒါပေမယ့် အဖော်တော့ ရမှာပါတဲ့။ ပျော်လဲပျော်သွားမှာပါတဲ့။ သူတို့က ကြင်ကြင်နာနာ မရှိယင် ပြောပါတဲ့။ သူစိမ်းလို မနေပါနဲ့တဲ့”

ထိုက်ယုသည် သူဦးကြီး ပြောလိုက်သည့် စကားများကို မတ်တတ်ရပ်၍ နားထောင်နေလေ၏။ ထိုနောက် ခဏနေပြီး ပြန်ရန် ထလိုက်လေ၏။ ဒေါ်လေးဆင့်က ညစာစားပြီးမှ ပြန်ရန် ပြောသေး၏။

“နေပါစေ ဒေါ်လေးဆင့်၊ ဒုက္ခမရှာပါနဲ့။ ဒေါ်လေးဆင့် ခေါ်တာ ငြင်းဖို့မကောင်းဘူးဆိုတာ သိပေမယ့် ဦးလေးကို သွားပြီး နှုတ်ဆက်ရဦးမှာမို ့လို့ပါ၊ ခွင့်ပြုပါဦး။ နောက်များမှ လာပါဦးမယ်”

‘’အေး အေး။ ဟုတ်တာပေါ့” ဟု ဒေါ်လေးဆင့်က ပြောကာ အသက်ခပ်ကြီးကြီး အစေတော် နှစ်ယောက်အား ရထားသို့ အရောက် လိုက်အပို ့ခိုင်းလိုက်သဖြင့် ထိုက်ယုလည်း နှုတ်ဆက်၍ ပြန်လာခဲ့လေ၏။ ဒေါ်လေးဆင့်သည်လည်း ဝင်းဝ ရောက်အောင်လိုက်ပို့ကာ အစေတော်များအား ညွှန်ကြားစီမံရင်း ကျန်ရစ်ခဲ့လေ၏။

ယွန်း စံအိမ်ကြီးသို့ ပြန်ရောက်သည့် အခါ၌ ထိုက်ယုသည် ရထားပေါ်မှ ဆင်းလေ၏။ အထိန်းတော်များသည် ထိုက်ယုအား အရှေ့ဘက်သို့ ခေါ်လာခဲ့ကြပြီး ကွေ့ပတ်ကာ အဝင်ဝ ခန်းဆောင်တစ်ခုမှနေ၍ တောင်ဘက်သို့ မျက်နှာမူနေသည့် ခန်းဆောင်တစ်ခုကို ဖြတ်သန်းလာခဲ့ကာ ပွဲတော်ကျင်းပသည့် တံခါးမကြီးမှ နေ၍ တလင်းတစ်ခုဆီသို့ သွားကြလေ၏။ မြောက်ဘက်ဆောင်မှာ အခန်းကြီး ငါးခန်းရှိပြီး တစ်ဖက်တစ်ချက်တွင် တောင်ပံများ ရှိလေ၏။ ဤနေရာကား ဤစံအိမ်ကြီးထဲတွင် ဗဟိုအကျဆုံး နေရာဖြစ်ပြီး မယ်မယ်နေသည့် အဆောင်ထက်ပင် ခမ်းနားသည်ကို တွေ့ရလေ၏။

ဤနေရာမှကြည့်လျှင် ဝင်းတံခါးမကြီးဆီသို့ တန်းတန်း ထွက်သွားသော သစ်ရိပ်တို့ ဝေဆာသည့် လမ်းမကြီးကို မြင်ရသဖြင့် ဤနေရာသည် ဗဟိုအတွင်းဆောင်ဖြစ်ကြောင်း ထိုက်ယုသိလိုက်၏။ အတွင်းဆောင်သို့ ရောက်၍ မော့်ကြည့်လိုက်သည့်အခါ၌ ရွှေနဂါးကြီးကိုးကောင် ပန်းကြွဖော်ထားသည့် အပြာရောင် ကျောက်ပြားကြီး ချိတ်ဆွဲထားသည်ကို မြင်လိုက်ရပြီး “မင်္ဂလာ မဟာသုခ ခန်းမဆောင်” ဟု စာလုံးကြီး ရေးထားလေ၏။ ထိုစာတန်း၏ အောက်တွင်မူ ဘုန်းတော်ကြီးသောဘုရားက “ ယွန်းကူမြို့စားကြီး ကျိယွန်အား ထိုကျောက်ပြားကြီး ချီးမြှင့် ပေးသနားတော်မူသည့် နေ့စွဲကို စာလုံးသေးများဖြင့် ရေးသားထားလေ၏။ ဘုန်းတော်ကြီးသော ဘုရား၏ တံဆိပ်တော်ကိုလည်း ရေးခြယ်ထားလေ၏။

နဂါးရုပ်တို့ ရေးခြယ်ထားသည့် အနီရောင် ကရမက် စားပွဲကြီးပေါ်တွင်မူ ရေညှိ စိမ်းနေအောင် တက်နေသည့် သုံးပေခန့်မြင့်သော သုံးချောင်းထောက် ရှေး ကြေး ဒေါင်းလန်းကြီး တစ်ချပ် ရှိလေ၏။ နံရံပေါ်တွင်မူ နဂါးနက်ကြီးများ လှိုင်းစီးနေသည့်ပုံ ရေးဆွဲထားသည့် ပန်းချီကားလိပ်ကြီးတစ်ချပ်ကို ချိတ်ဆွဲထားလေ၏။ ထိုပန်းချီကား၏ တစ်ဖက်တစ်ချက်၌ ရွှေပန်းခက် ပန်းနွယ်များ ဖော်ထားသည့် ကြေးနီ ဝိုင် အရက်အိုးကြီးတစ်လုံးနှင့် ဖန်အိုးကြီး တစ်လုံးကို ချထားလေ၏။ နံရံတွင်ကပ်လျက် ပရုတ်သား ကုလးထိုင် ဆယ့်ခြောက်လုံးကို စီချ၍ ထားလေ၏။ ထိုကုလားထိုင်တန်း၏ အထက်နံရံတွင်ကား မဟော်ဂနီရောင် တလက်လက် တောက်နေသည့် မှန်ကူကွက်ပေါ်၌ အောက်ပါ စာတမ်းများကို ငွေသားမြှုပ်၍ ရေးထားလေ၏။

“ပလ္လင်ပေါ်မှ ပုလဲတို့သည် နေနှင့်လထက် ကောက်ပကြကုန်၏။ ခန်းဆောင်ထဲရှိ ဂုဏ်ထူးဆောင် တံဆိပ်တို့သည် နေဝင်ချိန်တို့ထက် တောက်ပကြကုန်၏”

အောက်တွင်မူ ထိုစာတန်းကို မြို့စားကြီး ယွန်းကူ၏ မိတ်ဆွေကြီး တစ်ဦးဖြစ်သည့် တုန်ကန်မင်းသားကြီးကိုယ်တိုင် ရေးသားတော်မူခဲ့ကြောင်းဖြင့် စာတန်းထိုးထားလေ၏။

ဒေါ်လေးမှာ ဤ ဗဟိုဆောင်ကြီးတွင် နေလေ့မရှိဘဲ အရှေ့ဘက်ရှိ အဆောင်သုံးဆောင်တွင် အပန်းဖြေ နေလေ့ရှိသဖြင့် အထိန်းတော်များသည် ထိုက်ယုကို အရှေ့ဆောင်ဘက်သို့ ခေါ်သွားကြလေ၏။

အရွှေ့ဆောင်ထဲရှိ ခုတင်မီးဖိုပေါ်တွင် နိုင်ငံခြားဖြစ် မွေးပွ ကော်ဇောကြီးတစ်ထည် ခင်းထားလေ၏။ အလယ်ကောင်တွင် ကတ္တီပါနီအုပ် မှီအုံးများနှင့် စိမ်းပြာနုရောင် ခွခေါင်းအုံးကြီးများ တင်ထားလေ၏။ မှီအုံးနှင့် ခွခေါင်းအုံးများမှာ အဖုံးတွင် နဂါးရုပ်ပန်းပွင့်ကြီးများ ဖော်ထားလေ၏။ အလားတူ နဂါးရုပ်ပန်းပုံ ဖော်ထားသည့် ဖက်ဖူးရောင် မွေ့ရာတစ်ခုကိုလည်း တွေ့ရလေ၏။ အိပ်ရာဘေး တစ်ဖက်တစ်ချက်တွင်မူ ဆီးတော်ပွင့်ပုံ နိုင်ငံခြားဖြစ်ယွန်းစားပွဲကလေးတစ်လုံးစီ ချထားလေ၏။ လက်ဝဲဘက် ယွန်းစားပွဲကလေးပေါ်၌ သုံးချောင်းထောက် ကြေးဒေါင်းလန်းကြီးတစ်ချပ်၊ ဇွန်းများ၊ တူများနှင့် အမွှေးတိုင် သေတ္တာတစ်လုံး ရှိလေ၏။ လက်ယာဘက် စားပွဲပေါ်တွင်မူ ရာသီလိုက် ပေါ်သည့် ပန်းများ၊ ထိုပန်းများ ထိုးစိုက်ထားသည့် ယုချောင် ကြွေထည်စက်ရုံတော်မှု ထုတ်လုပ်သော ခါးသေးသေးနှင့် ကြွေပန်းအိုးတစ်လုံးအပြင် လက်ဖက်ရည်အိုးများနှင့် ထွေးခံတစ်လုံး ရှိလေ၏။ ခုတင်မီးဖို၏ အောက်တွင်မူ အနောက်ဘက်သို့ မျက်နှာလှည့်ထား၍ ပန်းနုရောင် ပန်းပွင့်ကလေးများ ထိုးသည့် အုတ်နီခဲရောင် အစွပ်များ ဖုံးသော လက်တင်ကုလားထိုင်လေးလုံး ချထားပြီးလျှင် ရှေ့တွင်လည်း ခြေတင်ခုံလေးလုံးကို စီ၍ ချထားလေ၏။ ထိုကုလားထိုင်တန်း၏ ဘေးတစ်ဖက်တစ်ချက်၌ လက်ဖက်ရည် ပန်းကန်များနှင့် ပန်းအိုးများ တင်ထားသည့် စားပွဲတစ်လုံးစီ ချထားလေ၏။ အခန်း၏ ကျန်အပိုင်းကိုမူ အကျယ်ဖော်ပြခြင်း မပြုတော့ပြီ။

အထိန်းတော်များက ဖဲနီအုပ်ထားသည့် မှီအုံးနှစ်အုံးရှိသည့် ခုတင်မီးဖိုအစွန်တွင် ထိုင်ရန် ထိုက်ယုကို ပြောကြ၏။ သို့ရာတွင် ထိုနေရာမှာ ခမ်းနား ကြီးကျယ်လွန်းသည့်အတွက် ထိုက်ယုသည် ခုတင်မီးဖို ဘေးတွင်ရှိသည့် ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်လေ၏။ အစေတော်များက လက်ဖက်ရည်လာပေးသဖြင့် ထိုက်ယုသည် လက်ဖက်ရည် သောက်ရင်း အစေတော်များကို အကဲခတ်လျက်ရှိရာ သူတို့အားလုံး နံ့သာလိမ်းခြယ်ထားပုံ၊ ဝတ်စားဆင်ယင်ပုံနှင့် ပြုမူပုံတို့မှာ အခြားသော စံအိမ်ကြီးများမှု အစေတော်များနှင့် မတူဘဲ တစ်မူကွဲလျက်ရှိခြင်းကို ထိုက်ယု သတိပြုမိလေ၏။ ထိုက်ယု လက်ဖက်ရည်သောက်၍ မပြီးမီ အနီရောင် ပိုးအင်္ကျီရှည်၊ ထိုအပေါ်တွင် အပြာရောင် ဖဲလက်ပြတ်အင်္ကျီတို့ကို ဝတ်ထားသည့် အစေတော်တစ်ယောက် ဝင်ရောက်လာလေ၏။ အစေတော် သူငယ်မလေးသည် ပြုံးလျက်

“သခင်မ ဝမ်က မမလေးကို အထဲကို ကြွဖို့ အခေါ်တော် လွှတ်လိုက်ပါတယ်” ဟု ပြောလေ၏။

အထိန်းတော်များသည် ထိုက်ယုအား တောင်ဘက်သို့ မျက်နှာမူနေသော အခန်းသုံးခန်းပါ ခန်းဆောင်တစ်ခုသို့ အရှေ့ဘက် စင်္ကြံအတိုင်း ခေါ်သွားလေ၏။ ပြတင်းပေါက်အနီးရှိ ခုတင် မီးဖိုကြီး တစ်ခုပေါ်တွင်မူ စာအုပ်များနှင့် လက်ဖက်ရည်ပွဲတို့ တင်ထားသည့် စားပွဲ နိမ့်နိမ့်ကလေးတစ်လုံး ရှိလေ၏။ အရှေ့ဘက် နံရံ အနီးတွင်မူ ခပ်လတ်လတ် ဖဲမှီအုံးတစ်လုံးနှင့် လက်တင်ဖုံ တစ်လုံးတို့ ရှိလေ၏။

ဒေါ်လေးဝမ်မှာ အနောက်ဘက် နံရံအနီး ခပ်နိမ့်နိမ့် ထိုင်ဖုံ တစ်ခုပေါ်တွင် ထိုင်လျက်ရှိလေ၏။ ဒေါ်လေးဝမ် ထိုင်နေသည့်ပုံမှာ မှီအုံးနှင့် လက်တင်ဖုံတစ်ခုရှိပြီး ဖဲပြာစကို စွပ်အုပ်ထားလေ၏။ ဒေါ်လေးဝမ်သည် ထိုက်ယုအား အရှေ့ဘက်နံရံအနီးတွင် ထိုင်ရန် ညွှန်ပြလေ၏။ သို့ရာတွင် ထိုခုတင်မီးဖိုကြီးမှာ ဦးကြီး ကျိချိန် ထိုင်သည့်နေရာဖြစ်ကြောင်း သိသည့်အတွက် ထိုက်ယုသည် ထိုနေရာတွင် မထိုင်ဘဲ ခုတင်မီးဖိုအနီးရှိ အဖြူတွင် အနက်ပြောက်ဖော် ခပ်လတ်လတ် ကုလားထိုင်စွပ် စွပ်ထားသည့် ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်လေ၏။ ဒေါ်လေးဝမ်က အတင်းတိုက်တွန်းသည့် အခါကျမှ မငြင်းပယ်သာတော့သည့် အတွက် ဒေါ်လေးဝမ်အနီးသို့ လာ၍ထိုင်လေ၏။

ဒေါ်လေးဝပ်က

“ဒီနေ့ ... ငါ့တူမရဲ့ ဦးလေးကလဲ ဥပုသ်ဆောင် ဝင်နေတယ်။ နောက်များမှ တွေ့ကြတာပေါ့။ ဒါပေမယ့် ငါ့တူမကို ပြောထားရဦးမယ်။ ခုတွေ့လာခဲ့တဲ့ ငါ့တူမရဲ့ ညီအစ်မဝမ်းကွဲ သုံးယောက်က စိတ်ရင်း ကောင်းကြပါတယ်ကွယ်။ စာသင်ရာမှာပဲဖြစ်ဖြစ်၊ ကစားရာမှာပဲ ဖြစ်ဖြစ်၊ ဇာထိုးပန်းထိုး သင်ရာမှာပဲဖြစ်ဖြစ် သူတို့နဲ့ အတူနေရတာကို ပျော်သွားမှာပါ။ ဒေါ်လေး စိတ်ပူတာ တစ်ခုပဲရှိတယ်။ အဲဒါတော့ ဒေါ်လေးရဲ့ သားပဲ။ ဒေါ်လေးဖြင့် သူ့ကြောင့် စိတ်ညစ်နေရတာပဲ။ ဆိုးလိုက်တာကလဲ မပြောပါနဲ့တော့။ တစ်အိမ်လုံးမှာ သူ့အတွက် စိတ်ပူနေရတယ်။ ဒီနေ့တော့ ဘုရားကိုသွားပြီး အဓိဋ္ဌာန် ဝင်နေလေရဲ့။ ဒါပေမယ့် ညနေပြန်လာတဲ့အခါကျယင် ဘယ်လောက်ဆိုးသလဲဆိုတာ တွေ့ပါလိမ့်မယ်။ သူပြောတာတွေ ဘာတွေကို မယူနဲ့နော် ငါတူမ။ သူ့ ၀မ်းကွဲနှမတွေ အစ်မတွေကတော့ သူ့ကို ကြောက်ကြလွန်းလို့” 

ထိုက်ယု၏ အမေသည် ပါးစပ်ထဲတွင် မြကျောက်ငုံ၍ မွေးလာသည့် သူ ့တူအကြောင်း၊ သူ့တူ မည်မျှဆိုးကြောင်း၊ စာသင်ရမည်ကို မည်မျှ ပျင်းကြောင်း၊ မိန်းမဆောင်များထဲသို့ လျှောက်လည်ပြီး ဆော့ရသည်ကို မည်မျှ ပျော်ကြောင်းတို့ကို ပြောပြခဲ့ဖူး၏။ ဘွားအေ မယ်မယ်က အလိုလိုက်သည့် အတွက်ကြောင့်လည်း သူ့ကို မည်သူမျှ  မနိုင်ဘဲ ဖြစ်နေပုံရ၏။ ဒေါ်လေးဝမ်သည် သူ ့အကြောင် ကို ပြောနေမှန်း ထိုက်ယု သိလိုက်၏။

ထိုက်ယုက ပြုံးလိုက်လျက်

“ပါးစပ်ထဲမှာ မြကျောက်ငုံပြီး မွေးလာတယ်ဆိုတဲ့ အစ်ကိုလေး အကြောင်းကို ပြောနေတာလား။ မေဖုရား မဆုံးခင်တုန်းက သူ့အကြောင်းကိုတော့ ခဏခဏ ပြောတာပဲ။ အစ်ကိုလေးက ထိုက်ယုထက် တစ်နှစ်လောက် ကြီးလိမ့်မယ် ထင်တယ်။ သူ့နာမည်က ပေါက်ယုလေ။ ဒိ့ပြင်လူတွေအပေါ်မှာ ဘယ်လောက်ပဲဆိုးဆိုး ဝမ်းကွဲညီမတွေ အစ်မတွေ အပေါ်မှာတော့ ကောင်းတယ်လို့ ပြောကြပါတယ်။ စိတ်ချပါ ဒေါ်လေးရယ်။ ထိုက်ယုနဲ့တော့ မသင့်မြတ်စရာ မရှိပါဘူး။ မောင်တွေ အစ်ကိုတွေက အိမ်ဦးတလင်းမှာ နေကြပြီး ထိုက်ယုတို့ ညီအစ်မတစ်တွေက အတွင်းဆောင်ဘက်မှာ နေကြရတော့ တစ်နေ့နေလို့ တစ်ခါတောင် တွေ့ဖို့ မလွယ်ပါဘူး” 

ဒေါ်လေးဝမ်က ရှယ်လိုက်လျက်

“အမယ်လေး၊ ငါ့တူမ မသိသေးလို့။ သူက တခြား ယောက်ျားကလေးတွေနဲ့ တူတာ မဟုတ်ဘူး၊ မယ်မယ်က သိပ် အလိုလိုက်တော့ မိန်းကလေးတွေနဲ့ဆိုယင် ပရောပရည် နေတာပဲ။ မိန်းကလေးတွေက အရော မ၀င်ယင်တော့လဲ ခပ်အေးအေး နေတာပါပဲ။ ပျင်းတော့ ပျင်းမှာပေါ့လေ။ ပြီးတော့ စိတ်ဆိုးယင်လဲ အစေတော် သူငယ်ကလေးတွေကို ကြိမ်းမောင်း ဆဲဆိုနေတော့တာပဲ။ အဲ မိန်းကလေးတွေကများ သူ့ကို တစ်ခုခု သွား မြှောက်မပေးလိုက်လေနဲ့။ မြှောက်ပေးလိုက်လို့ကတော့ ဘာဖြစ်ဖြစ် လုပ်တော့တာပဲ။ ဒါကြောင့် သူနဲ့ အရောတဝင်မနေနဲ့၊ သူ့ကို ဂရုမစိုက်နဲ့။ ခပ်တန်းတန်းသာနေလို့ ဒေါ်လေး ပြောချင်တယ်၊ သူ့စိတ်က တော်တော်ရယ်။ ခု ပျားသကာလို ချိုနေပေမယ့် တော်တော်ကြာယင် မိုက်ရိုင်းလာပြီး သောင်းကျန်းချင် သောင်းကျန်းလာတာ။ ခဏကြာယင် အရူးကြီးလို အော်ကြီးဟစ်ကျယ် လုပ်ချင်လုပ်နေပြန်ရော။ ဒီတော့ ငါ့တူမ သူ့ကို ဗွေမယူနဲ့နော်”

ထိုက်ယုက ဒေါ်လေး၏ စတားများကို မှတ်သားထားမည့် အကြောင်း ပြောဆိုလျက်ရှိစဉ် မယ်မယ်၏ အဆောင်ထဲတွင် ညစာ အဆင်သင့် ပြင်ထားကြောင်းဖြင့် အစေတော် တစ်ယောက်က လာပြော၏။ ဒေါ်လေးဝမ်သည် ထိုက်ယုကို နောက်ဘက် မလွယ်ပေါက်မှ နေ၍ ခေါ်လာခဲ့ပြီးလျှင် စင်္ကြံတစ်လျှောက်အတိုင်း လာခဲ့ကြ၏။ နောက်ဘေး မလွယ်ပေါက်တစ်ခုမှနေ၍ တောင်မှမြောက်သို့ တန်းနေသော လမ်းတစ်ခုအတိုင်း လာခဲ့ကြလေ၏။ လမ်းမကြီး၏ တောင်ဘက်တွင်မူ မြောက်ဘက်သို့ မျက်နှာမူထားသော ခမ်းနားလှပသည့် သုံးခန်း တိုးချဲ့ အဆောက်အအုံသစ်တစ်ခု ရှိလေ၏။ မြောက်ဘက်ထိပ်တွင် ဆေးသုတ်ထားသည့် လိုက်ကာကြီးတစ်ခုရှိပြီး ထိုလိုက်ကာ အကွယ်တွင် အခန်းတစ်ခုသို့ ဝင်သော တံခါးကြီးတစ်ပေါက်ရှိ၏။

“အဲဒါငါ့တူမရဲ့ ယောင်းမတော် နတ်ငှက်မယ်နေတဲ့ အဆောင်လေ။ နောက် သူ့ကို တွေ့ချင်ယင် ဒီကိုသာသွား။ လိုတာရှိယင် သူ ကို ပြောနော်”

ဝင်းတံခါးသို့ ရောက်လျှင် ကျစ်ဆံမြီး တွဲလောင်းချထားသည့် ခပ်ငယ်ငယ် သူငယ်တော်ကလေးများသည် သူတို့ကို အရိုအသေပေးသည့် အနေအထားဖြင့် ရပ်နေကြ၏။ ဒေါ်လေးဝမ်သည် အရှေ့အနောက် တန်းလျက်ရှိသော ဝင်းပေါက်တစ်ခုမှနေ၍ ထိုက်ယုအား မယ်မယ်၏ ခန်းဆောင်သို့ ခေါ်သွားလေ၏။ နောက်ဘက်ပေါက်မှု တက်လိုက်သည့် အခါတွင် ခန်းဆောင်ထဲ၌ လူတွေ လှုပ်လှုပ်ရွရွ အလုပ်လုပ်လျက်ရှိပြီ၊ ဒေါ်လေးဝမ်ကို မြင်လိုက်သည်နှင့် စားပွဲများ၊ ကုလားထိုင်များကို ပြင်ဆင် ခင်းကျင်းလျက် ရှိကြ၏။ (ဦးလေး ကျိချိန်နှင့် ဒေါ်လေးဝမ်တို့၏ ကွယ်လွန်သူ သားကြီး) ကျိချူ၏ ဇနီး လီဝမ်းက ထမင်းကို လိုက်ထည့်ပေးနေပြီး နတ်ငှက်မယ်က တူများကို လိုက်ချပေးကာ ဒေါ်လေးဝမ် ကိုယ်တိုင်ကမူ ဟင်းချိုပန်းကန်များကို လိုက်ချပေးလျက်ရှိ၏။

စားပွဲထိပ် ထိုင်ဖုံကြီး တစ်ခုပေါ်တွင် မယ်မယ် တစ်ယောက်တည်း ထိုင်လျက်ရှိ၏။ ထိုင်ဖုံကြီး၏ တစ်ဖက်တစ်ချက်တွင်လည်း ကုလားထိုင်လွှတ် တစ်လုံးစီ ချထား၏။ နတ်ငှက်မယ်သည် ထိုက်ယု၏ လက်ကို ဆွဲကာ မယ်မယ်၏ လက်ဝဲဘက်ရှိ လက်တင်ကုလားထိုင် တစ်လုံးပေါ်တွင် အတင်း အထိုင်ခိုင်းသော်လည်း ထိုက်ယုက သူ့ကို အထူးတလည် နေရာပေးသည်ကို ငြင်းဆိုလျက်ရှိ၏။ ဤတွင် မယ်မယ်က ပြုံးလိုက်လျက် “ငါ့မြေးရဲ့ အဒေါ်နဲ့ ယောင်းမတော်က ဒီမှာ မစားကြဘူးကွယ့်။ ပြီးတော့ ငါ့မြေးက ဒီနေ့အဖို့ ဧည့်သည်ဆိုတော့ ဒီနေရာကို ငါ့မြေးပဲ ထိုင်ပါ”

ထိုက်ယုသည် အားလုံးကို ခွင့်တောင်းကာ ထိုနေရာတွင် ဝင်ထိုင် လိုက်၏။ မယ်မယ်က ဒေါ်လေးဝမ်အား လွတ်နေသည့် တစ်ဖက် ကုလားထိုင်တွင် ဝင်ထိုင်ရန် ပြောလေ၏။ ထိုနောက် ယင်ချွန်းနှင့် တခြား ညီအစ်မ နှစ်ယောက်ကလည်း မယ်မယ်ကို ခွင့်ပန်ကာ နေရာတွင် အသီးသီး ဝင်ထိုင်ကြ၏။ လက်ယာဘက်တွင် ယင်ချွန်း၊ ဆီချွန်း၊ လက်ဝဲဘက်တွင် တန်ကျွန်းတို့ ထိုင်ကြ၏။ အစေတော်များက ဖုန်သုတ်အဝတ်များ၊ ပလုတ်ကျင်းရန် ဖလားများနှင့် လက်သုတ်ပဝါများကို ကိုင်ကာ အသင့် စောင့်နေကြပြီး လီဝမ်းနှင့် နတ်ငှက်မယ်တို့ကမူ ထမင်းစားသူများနောက်တွင် ရပ်ကာ ထမင်းဟင်းများကို လိုက်လံ ထည့်ပေးလျက်ရှိ၏။ အပြင်ဘက်ခန်းတွင် အထိန်းတော်များ၊ အစေတော်များ အများအပြား ရှိကြသည့်တိုင် ချောင်းဆိုးသံ တစ်ချက်မျှ မကြားရချေ။ သူတို့အားလုံးသည် ထမင်းကို တိတ်ဆိတ်စွာ စားသောက်လျက် ရှိကြ၏။ ထမင်းစားသောက်ပြီးသည့်အခါတွင် ဗန်းကလေးများဖြင့် လက်ဖက်ရည် လာချပြန်၏။ ထိုက်ယု၏အဖေ လင်ယုဟိုက်သည်သမီးငယ်အား အစာအသောက်ကို ခြိုးခြံ စားသောက်ရန်နှင့် ထမင်းစားပြီးလျှင်ပြီးချင်း လက်ဖက်ရည် သောက်ခြင်းသည် အစာခြေသော စနစ်ကို ဒုက္ခပေးတတ်ကြောင်းဖြင့် သင်ကြားခဲ့ဖူး၏။ သို့ရာတွင် ဤစံအိမ်ကြီးမှု ဓလေ့ထုံးစံများသည် သူတို့အိမ်မှု ဓလေ့ထုံးစံများနှင့် များစွာ ကွာခြားလျက် ရှိလေ၏။ ထိုက်ယုသည် ထုံးစံသစ်များနှင့်အညီ နေထိုင်ရတော့မည်သာ ဖြစ်၏။ သို့ရာတွင် လက်ဖက်ရည်ခွက်များကို လှမ်းယူလိုက်သည့်အခါတွင် ပလုတ်ကျင်းရန်ခွက်များကို လှမ်းပေးလိုက်ပြန်သဖြင့် အခြားသူများကို လှမ်းကြည့်လိုက်ရာ သူတို့တစ်တွေ ပလုတ်ကျင်းနေကြသည်ကို တွေ့ရသောကြောင့် ထိုက်ယုမှာလည်း သူ့တို့နည်းတူ လိုက်၍ လုပ်ရလေ၏။ လက်များကို ဆေးကြောပြီးသည့်အခါတွင် နောက်ထပ် လက်ဖက်ရည် ငဲ့ပေးပြန်လေ၏။ ယခုအကြိမ်တွင်မူ ပလုတ်ကျင်းရန် မဟုတ်ဘဲ သောက်ရန် ငှဲ့ပေးခြင်း ဖြစ်လေ၏။

မယ်မယ်က

“ကဲကျန်တဲ့လူတွေအားလုံး သားနိုင်ပြီ။ ငါ့မြေးနဲ့ စကား ပြောရဦးမယ်”

ဒေါ်လေးဝမ်က ပထမဆုံး ထလိုက်ပြီးနောက် စကားအနည်းငယ် ပြောဆိုပြီး အပြင်သို့ ထွက်သွားသည်တွင် သူ့နောက်မှ လီဝမ်းနှင့် နတ်ငှက်မယ်တို့လည်း လိုက်ပါသွားကြ၏။ ထိုနောက် မည်သည့် ကျမ်းစာအုပ်များကို လေ့လာခဲ့ဖူးသနည်းဟု မယ်မယ်က မေးလေ၏။

“ကျမ်းလေးကျမ်းကို ဖတ်လို့ ကုန်ပါပြီ မယ်မယ်။ ဒါပေမယ့် ခုတော့ ထိုက်ယုလဲ ဘာမှ မတတ်သေးဘူးလို့ ဆိုရမှာပါပဲ” ဟု ဆိုကာ ယွန်းစံအိမ်မှ ညီအစ်မများ မည်သည့် စာပေများကို ဖတ်ရှု လေ ့လာနေ ကြသနည်း ဟု မေးမြန်းလေ၏။

“ဘယ်မှာ ကျမ်းစာအုပ် ကောင်းကောင်း ဖတ်နိုင်ဦးမလဲ။ ခုမှ စာလုံးတွေကို လေ့လာနေရတုန်း ရှိသေးတယ်”

ထိုသို့ ပြောဆိုနေစဉ် တလင်းဆီမှ ခြေသံများကြားရပြီးနောက် အစေတော် တစ်ယောက် ဝင်လာကာ ပေါက်ယု ပြန်ရောက်လာပြီ ဖြစ်ကြောင်းဖြင့် ပြော၏။

ပေါက်ယုသည် မည်သို့သော လူရမ်းကားမျိုးနည်း၊ သို့မဟုတ် မည်သို့သော လူဖျင်း လူညံ့မျိုးနည်းဟု ထိုက်ယု စဉ်းစားလျက် ရှိရာမ ဤသို့သော လူနုံလူဖျင်းမျိုးနှင့် တွေ့ရန် စိတ်ပျက်လျက်ရှိစဉ် ပေါက်ယုသည် အစေတော် အကြောင်း ပြန်ချက်ကိုပင် မစောင့်တော့ဘဲ ခန်းဆောင်ထဲသို့ ဝင်လခု၏။

ပေါက်ယုမှာ ကျောက်မျက် ရတနာများ စီထားသည့် ရွှေသင်း ကျစ်ငယ်ကို ဆောင်းထားပြီး ပုလဲတစ်လုံးကို နဂါးနှစ်ကောင် လုနေသည့်ဟန် ထူထားသည့် ရွှေနဖူးစည်းတစ်ခုကို စည်းထား၏။ အနီရောင် လေးသည်တော် အင်္ကျီပေါ်တွင် ပန်းပွင့်နှင့် လိပ်ပြာများကို ရွှေခြည်ထိုးထားလျက် ရောင်စုံ ပန်းပွား အသွယ်သွယ် ချထားသည့် နန်းတွင်း လူပျိုတော်အား ခါးစည်းကို စည်းထားလေ၏။ အပေါ်ရုံအင်္ကျီမှာ ဇပန်ကျွန်းထွက် စိမ်းပြာနုရောင် ဖဲအင်္ကျီဖြစ်၍ ရှစ်ခိုင်ရှိသော ဖဲပန်း ကြွပွင့်ကြီးများ ထိုးထားလေ၏။ နန်းတွင်းလူပျိုတော်သားတို့ စီးလေ့ရှိသည့် သူ့ ဖိနပ်ခြေနင်းမှု ခွာအဖြူတပ်ထားသည့် အနက်ရောင် ဖဲခြေနင်း ဖြစ်လေ၏။

ပေါက်ယု၏ မျက်နှာသည် နွေနှောင်းတွင် သာသည့် လဝန်းကဲ့သို့ ရွှန်းလင်း တောက်ပလျက်ရှိပြီး အသားအရေမှာ အရုဏ်တွင်ပွင့်သော နွေဦးပန်းပွင့်များကဲ့သို့ လတ်ဆတ် ရွှန်းစိုလျက် ရှိပေ၏။ နားထင်တွင် သွယ်ကျနေသည့် နားပန်းဆံများသည် ဓားဖြင့် ရိတ်ထားသည့်နှယ် တိတိရိရိ ဖြစ်နေလေ၏။ မျက်ခုံးတို့မှာလည်း ဆေးမင်ဖြင့် ဆိုးထားသည့်ပမာ နက်မှောင်လျက် ရှိလေ၏။ ပါးပြင်နှစ်ဖက်သည် မက်မုံပွင့်ကဲ့သို့ နီရဲလျက်ရှိပြီး မျက်လုံးများသည် နွေနှောင်းရေကန်မှ လှိုင်းအိများနှယ် တောက်ပလျက် ရှိပေ၏။ စိတ်ဆိုးနေစဉ် အခါမှာပင် ပေါက်ယု၏ မျက်နှာသည် ပြုံးယောင်သန်းလျက် ရှိသည်ဟု ထင်မှတ်ရ၏။ မျက်မှောင် ကုတ်နေသည့် အခါများ၌ ပင်လျှင် သူ့အကြည့်သည် နွေးထွေး လှိုက်လှဲသည့် အသွင်ကို ဆောင်လျက် ရှိလေ၏။

ပေါက်ယု၏ လည်တွင် နဂါးရုပ် ရွှေဘယက်တစ်ခုကို ဆွဲထားလျက် ပိုးကြိုးတစ်ကုံးကိုလည်း စွပ်ထားပြီး ထိုပိုးကြိုး၏ အဆုံးတွင်မူ လှပသော မြကျောက်ကြီး တစ်လုံးကို ဆွဲထားလေ၏။

ထိုက်ယုသည် ပေါက်ယူ၏ ရုပ်သွင်ကိုကြည့်ကာ အံ့အားသင့်လျက် ရှိလေ၏။ “အင်း ... တော်တော်တော့ ထူးဆန်းပေတာပဲ။ သူ့ကို အယင်တုန်းက မြင်ခဲ့ဖူးသလိုလိုပဲ။ မြင်ဖူးတာမှ တော်တော် ့ကို ရင်းရင်းနှီးနှီး မြင်ဖူးတာ” ဟု တွေးလျက်ရှိ၏။

ပေါက်ယူသည် မယ်မယ်ကို နှုတ်ဆက်ပြီးနောက် မယ်မယ်၏ ညွှန်ကြားချက်အရ သူ့အမေ ဒေါ်လေးစပ်ကို နှုတ်ဆက်ရန် ထွက်သွားလေ၏။

မကြာမီမှာပင် ပေါက်ယုသည် အဝတ်အစားလဲ၍ ပြန်ရောက်လာလေ၏။ ဆံပင်များကို ပိုးနီကြိုးကလေးများဖြင့် စည်းထားပြီး ငယ်ထိပ်ပေါ်တွင် သျှောင်ကြီးကြီးတစ်ခု ထုံးထားလေရာ သူ့ဆံပင်သည် ယွန်းနက်ကဲ့သို့ မည်းနက် တောက်ပြောင်လျက် ရှိလေ၏။ ရွှေမြိတ်များ ချထားပြီး အမြိတ်တွင် ပုလဲကြီး လေးလုံး သီထားသည့် ဦးရစ်ကိုလည်း ဆောင်းထားလေ၏။ အနီအောက်ခံတွင် ပန်းပြောက်ရေးသည့် အပေါ်အင်္ကျီမှာ အသစ်စက်စက် မဟုတ်ချေ။ လည်ပင်းတွင်မူ ဘယက်ဒွါဒရာ၊ မြကျောက် ဆွဲထားသည့် ပိုးကြိုး၊ ကိုရင်ဝတ်စဉ်က ဘွဲ့အမည် ရေးထိုးထားသည့် အဆောင်လက်ဖွဲ့နှင့် ခမဲကြိုးတို့ကို ဝတ်ဆင်ထားလျက် ရှိလေ၏။ အောက်ပိုင်းတွင်မူ အစိမ်းနုရောင် ဘော်ကြယ်ပန်းပေါက်ဖဲ ဘောင်းဘီ၊ အနက်ပြောက် ဖဲဇာနားသတ် ခြေအိတ်ရှည်နှင့် ခွာထူထူ ဇော်ဂျီရောင် ခြေနင်းကို စီးထားလေ၏။

မျက်နှာမှာ နံ့သာလိမ်းထားသကဲ့သို့ ဖြူဖွေးလျက်ရှိပြီး နှုတ်ခမ်းတို့မှာလည်း ဒန်းနီ ဆိုးထားသည့်နှယ် နီရဲလျက် ရှိပေ၏။ အကြည့်မှာ တစ်ဖက်သားကို ချစ်ခင်သည့် အကြည့်မျိုးဖြစ်လျက် စကားပြောလျှင်လည်း ပြုံးလျက် ရှိလေ၏။ သို့ရာတွင် ခံစားချက်ဖြင့် ပြိုးပြက် တောက်ပလျက် ရှိသည့်အတွက် မျက်ခုံးများသည် ထင်းထင်းကြီး ပေါ်နေကြလေ၏။ ရုပ်က္ခဏာသည် မည်မျှ ချိုပြုံးနေသည့်တိုင် ထိုချိုပြုံးနေသော မျက်နှာ၏ နောက်ကွယ်တွင် မည်သည့်အရာ ရှိမည်ကို များစွာ မှန်းရ ခက်လှပေ၏။

“ဂေါယာမြစ်ပေါ်မှု လသော်တာ” ဟူသော ရှေးကဗျာ အလိုက် စပ်ထားသည့် ပေါက်ယုကို ဖွဲ့ဆိုထားသော ကဗျာနှစ်ပုဒ်ကို ဆက်ကြည့်လျှင် ပေါက်ယု၏ လက္ခဏာကို ထင်ရှားစွာ တွေ့မြင်နိုင်ပေ၏။


အကြောင်းမဲ့လျှင်၊ ပူပင်သောက

ဗျာပါဒကို၊ သူတောင်းဆို၏။ ။

သူရူးသို့ပင်၊ မိုက်မဲမှုတွင်

ဘဝင်ချမ်းမြေ့၊ သူ့ပျော်မွေ့၏။ ။

ရုပ်ရည်ရူပါ၊ လှပပါလည်း

စိတ်မှာဆင်ရိုင်း၊ ထင်ရာစိုင်း၏။ 

ကိုယ့်တာဝန်ကို၊ ဘာမျှမသိ 

အသိပညာ၊ သူမရှာခဲ့။ 

စိတ်ရိုင်းစိတ်ရူး၊ ကမူးရှူးထိုး

နွားချုံတိုးသို့၊ လူမျိုးစုံလင်

အပြစ်တင်လည်း၊ နားမဝင်ခဲ့။ ။ 

မျိုးရိုးဓန၊ ထိုဗီဗကြောင့် 

ဒုက္ခဘေးမျိုး၊ သူ့ကိုထိုးလည်း

မစိုးမပိုင်၊ မခံနိုင်ခဲ့။

အချိန်ကိုဖြုန်း၊ စွမ်းအားတုံးကာ

ပြည်ရွာမြို့တွက်၊ မိဘတွက်လည်း

သက်သက်ဘာမျှ၊ သုံးမကျခဲ့။ ။ 

မနုသတ္တ၊ လူ့ဘဝကို 

ခက်ခဲလှစွာ၊ ရောက်ခဲ့ပါလည်း

သုံး၍မရ၊ လူ့ဗာလတည့်

တွဲ၍မရ၊ လူ့ ့အနန္တတည့်။

အို မှူးမတ်ငယ်၊ ပျိုနုရွယ်သို့

ထိုလူငယ်မျိုး၊ တုမခိုးနှင့် 

မျိုးဆက်မြားမြောင်၊ ဝေးစွာရှောင်ဟု 

အမောင်တို့ကို၊ ငါညွှန်းဆို၏။ ။


“ကြည့်စမ်း၊ ဧည့်သည်ကို နှုတ်ဆက်ပြီးမှ အဝတ်အစားတွေ သွားလဲပါတော့လား။ သွား၊ ငါ့မြေးရဲ့ ညီမလေးကို သွားပြီး နှုတ်ဆက်ချေဦး” ဟု မယ်မယ်က ခပ်ပြုံးပြုံးဖြင့် မြည်တွန်ခြင်းပြု၏။

ပေါက်ယုသည် သူ့ညီမ ထိုက်ယုကို တစ်ခါသာ မြင်ဖူးသေးသည့်တိုင် ထိုက်ယုမှာ သူ့ဒေါ်လေး ကျိမင်း၏ သမီးဖြစ်ကြောင်းကို ရိပ်မိလိုက်လေပြီ။ ပေါက်ယုသည် ထိုက်ယုကို ဦးညှွတ်နှုတ်ဆက်လိုက်ပြီးနောက် ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်၏။ ထိုက်ယုကို သေချာစွာ ကြည့်လိုက်သည့်အခါတွင် အခြားသော မိန်းကလေးများနှင့် မတူဘဲ ထူးခြားလျက်ရှိခြင်းကို တွေ့ရလေ၏။

ထိုက်ယု၏ မည်းမှောင် ကွေးညွှတ်သော မျက်ခုံးများသည် အနည်းငယ် တွန့်လျက်ရှိသည့်တိုင် မျက်မှောင်ကုတ်ထားခြင်း မဟုတ်ချေ။ စကားပြောလျက်ရှိသည့် မျက်လုံးများသည် တစ်ပြိုင်နက်တည်းတွင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကို ဖော်ပြလျက်ရှိကြ၏။ ပါးလျ သေးသွယ်သော ကိုယ်လုံးသည်ပင်လျှင် စွဲမက်ဖွယ်ကောင်းလျက်ရှိကာ တစ်ဖက်သားကို ညှို့ယူနေသကဲ့သို့ ရှိပေ၏။ မျက်လုံးများသည် မျက်ရည်တို့ဖြင့် တောက်ရွှန်းစိုလျက်ရှိပြီး ထွက်သက် ဝင်သက်မှာလည်း နူးညံ့ တိုးညင်းလှပေ၏။ ငြိမ်သက်စွာ ထိုင်နေသော အခါများ၌ ထိုက်ယုသည် ရေကန်ထဲတွင်လာ၍ အရိပ်ထင်နေသော ချစ်စရာ ပန်းပွင့်ကလေး တစ်ပွင့်နှင့် တူလျက် လှုပ်ရှားလျက်ရှိသော အခါများတွင်မူ လေညင်းတွင် လုပ်လဲ့ လုပ်လီ ယိမ်းနေသော သွယ်ညွှတ်သည့် မိုးမခပင်နှင့် တူပေ၏။ ထိုက်ယုသည် ပညာဉာဏ် ထက်မြက်ခြင်း အရာတွင် (ရှေးခေတ် ရှန်မင်းဆက်မှ ပညာရှိမင်းသား) ပီကန်ထက်ပိုပြီး နူးညံ့လှပခြင်းအရာတွင် (ရှေးခေတ် ကွေ့နိုင်ငံမှ အလှမယ်တစ်ပါးဖြစ်သူ) ဆီရှိထက် ပိုသည်ဟု ထင်မိလေ၏။

ပေါက်ယုသည် ထိုက်ယုကို သေချာစွာ ကြည့်ရှုပြီးနောက်

“သူ ့ကို အယင်တုန်းက ကျွန်တော် တွေ့ဖူးတယ် မယ်မယ်” ဟု ပြောလေ၏။

မယ်မယ်က ရယ်လိုက်လျက်

“ကြံကြီးစည်ရာတော်၊ ဒီတစ်ခါပဲ တွေ့ကြဖူးသေးတာ။ ငါ့မြေးက ဘယ်မှာများ တွေ့ဖူးရမှာလဲ”

“ခု ဒီတစ်ခါပဲ တွေ့ဖူးပေမယ့် သူ့မျက်နှာကို ကျွန်တော် သေသေချာချာကြီးကို မြင်ဖူးနေကာ မယ်မယ်ရဲ့။ သူနဲ့ တွေ့ရတာ ကျွန်တော့် စိတ်ထဲမှာ အကြာကြီး ကွဲကွာနေတဲ့ မိတ်ဆွေ‌ေဟာင်း တစ်ယောက်ကို ပြန်တွေ့နေရသလိုပဲ”

“ဒီလိုဆိုယင်လဲ ကောင်းပါလေရဲ့ကွယ်။ မင်းတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ခင်ခင်မင်မင် ဖြစ်မယ်ဆိုတဲ့ သဘောပေါ့” 

ပေါက်ယုသည် ထိုက်ယု အနီးသို့ လျှောက်သွားကာ သေသေချာချာ စူးစိုက်ကြည့်လျက် ရှိပြန်လေ၏။

မလေးက စာတွေ တော်တော် ရောက်နေပြီလား” 

“မရောက်သေးပါဘူး၊ သင်တာ သိပ်မကြာသေးတော့ အက္ခရာ နည်းနည်းကိုပဲ ဖတ်တတ်ပါသေးတယ်”

“မလေးရဲ့ နာမည်ကကော”

ထိုက်ယုက သူ့နာမည်ကို ပြောလိုက်၏။

“ငယ်နာမည်ကော”

“မရှိပါဘူး”

ပေါက်ယုက တစ်ချက် ရယ်လိုက်လျက်

“ဒါလိုဆိုယင် ပေါက်ယု မှည့်ပေးရမလား။ ပင်ပင် (မေမျက်မှောင်) လို့ အမည်ပေးလိုက်မယ်လေ”

“ဒါက ဘယ်ကျမ်းထဲမှာပါတဲ့ နာမည်လဲ” ဟု တန်ချွန်းက မေး၏။

“မနုသတ္တနှင့် အရာဝတ္ထုတို့၏ အသစ်အဟောင်း သင်္ခေပကျမ်းထဲမှာ ပါတာလေ။ အနောက်တိုင်းမှာ တိုင်းဆိုတဲ့ ကျောက်တစ်မျိုး ရှိတယ်။ အဲဒီကျောက်က မျက်ခုံးမွေး ဆွဲတဲ့နေရာမှာ တခြားကျောက်တွေထက် ကောင်းသတဲ့။ ညီမလေ းထိုက်ယုရဲ့ မျက်လုံးတွေက မျက်မှောင်တစ်ဝက် ကုတ်ထားလေတော့ ဒီနာမည်ဟာ အကောင်းဆုံး ထင်တာပဲ

“ဒါတော့ ကျမ်းစာအုပ်ထဲမှာ မပါဘဲ လုပ်ကြံထားတာ ပါရဲ့”ဟု တန်ချွန်းက စသည်။

“ကျွန်ဖြူစီရဲ့ ကျမ်းလေးကျမ်းကလွဲယင် ကျန်တာတွေ မှန်သမျှတွေဟာ လုပ်ကြံ တီထွင်ထားတာ ချည်းပါပဲကွယ်။ အစ်ကိုတစ်ယောက်တည်းသာ လုပ်ကြံ တီထွင်ပြောတာ မဟုတ်ပါဘူး” ဟု ခပ်ပြုံးပြုံးဖြင့် ပြောလေ၏။ ထိုနောက် ထိုက်ယုတွင် မြကျောက်တုံး ရှိသလောဟု ကောက်ကာငင်ကာ မေးလိုက်သည့်အတွက် အားလုံး အံ့အားသင့်လျက် ရှိကြ၏။

ဤတွင် ထိုက်ဟုကလည်း သူ့ကို မြကျောက်ငုံ၍ မွေးလာသလော ဟု မေးသည် ထင်လိုက်မိသည့်အတွက်

“မရှိပါဘူး၊ ဒီလို ကျောက်စိမ်းတုံး ရှိဖို့ဆိုတာ လူတိုင်း ရှိနိုင်တာမှ မဟုတ်တာ” ဟု ပြောလိုက်၏။

ထိုအခါတွင် ပေါက်ယုသည် သူ့ထုံးစံအတိုင်း ရုတ်တရက် ဒေါပွကာ လည်တွင် ဆွဲထားသည့် မြကျောက်ကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ် လိုက်ပြီး

“ဘာအသုံးကျလို့လဲ။ ဘာဖြစ်လို့ လူတိုင်း မရှိနိုင်ရမှာလဲ။ လူဆိုးနဲ့ လူကောင်းကိုတောင် ခွဲခြား မပြတတ်တဲ့ ဒီမြကျောက် ဘာတန်ဖိုး ရှိသလဲ။ နာမည်ကတော့ မနောသိဒ္ဓိတဲ့။ စိတ်ကြံစည်ရာကို အလိုလို ပြီးမြောက်စေသတဲ့။ ဘာမှ မပြီးမြောက်ပါဘူး။ ဘာကိုမှလဲ မပြီး ပါဘူး။ ဒီသောက် အသုံးမကျတာတဲ့ဟာကြီးကို မလိုချင်ပါဘူး”

အစေတော်များသည် အထိတ်တလန့်ဖြင့် ရှေ့သို့ ပြေးလာ ကြကာ မြကျောက်ကို ကောက်ယူကြလေ၏။ မယ်မယ်ကမူ စိုးရိမ်တကြီး ဖြင့် သူ့ မြေးဖြစ်သူ ပေါက်ယှကို ပွေ့ဖက်ထားလေ၏။

“တယ်မိုက်ပါလား ငါ့မြေးရယ်။ မင်း စိတ်အခန့်မသင့်တိုင်း ဒီလို လုပ်ရသတဲ့လား။ မင်းအတွက် အသက်တမျှ အရေးကြီးတဲ့ ဒီကျောက်ကို ဒီလိုပဲ လွှင့်ပစ်ရသလာ၊ဟင်”

ပေါက်ယုသည် မျက်ရည် အရွှဲသားဖြင့် ငိုလျက်ရှိရာမှ

“ကျွန်တော် ရှက်တယ် မယ်မယ်။ ဒီမှာ ကျွန်တော့်လို မြကျောက်ငုံပြီး မွေးလာတဲ့ လူတစ်ယောက်မှု မရှိဘူး။ ကျွန်တော် ရှက်တယ်။ လူကြားယင် ရယ်စရာတောင် ကောင်းတယ်။ ခုရောက်လာတဲ့ ညီမလေးမှာလဲ မရှိဘူးတဲ့။ ဒီတော့ ဘာ အသုံးကျမှာလဲ။ ကျွန်တော့်အဖို့ ရှက်စရာတောင် ကောင်းသေးတယ်”

မယ်မယ်က ပေါက်ယုကို ချော့မော့ နှစ်သိမ့်လျက်ရှိ

“သူ့မှာလဲ တစ်ခါတုန်းက ရှိခဲ့ပါတယ်ကွယ်။ မင်း အဒေါ် သူ့အမေ ဆုံးခါနီးတော့ ဒီကျောက်ကို ထိုက်ယုနဲ့ ထားမပစ်ခဲ့ချင်ဘူး။ ဒါနဲ့ သူ ယူသွားတယ်။ ဒီကျောက်ကို သေသူနဲ့အတူ မြှုပ်ရတယ်ဆိုတာ ကောင်းတော့ မ ကောင်းဘူးပေါ့။ ရှင်တဲ့သူကို လူသေနဲ့ အတူ မြှုပ်ရတာနဲ့ တူနေတာပေါ့။ ဒါပေမယ့် မင်း ညီမလေး ထိုက်ယုဟာ လူကြီးမိဘကို ရိုသေကိုင်းရှိုင်းသူ ဖြစ်လေတော့ ဒီကျောက်ကို အမေနဲ့ အတူ မြှုပ်လိုက်တယ်။ ခုလို မြှုပ်လိုက်တော့ မင်းအဒေါ်ရဲ့ ဝိညဉ်ဟာ သေရာကနေပြီး သူ့သမီးလေးကို စောင့်ရှောက်နိုင်တာပေါ့။ ဒါကြောင့် ထိုက်ယုက သူ့မှာ မရှိပါဘူးလို့ ရိုးရိုးသားသား ပြောတာပါ။ ငါ့မြေးနဲ့ သူနဲ့က တခြားစီပဲ။ ဘာဆိုင်တာမှတ်လို့။ ကဲ မြကျောက်ကို ပြန်ဝတ်လိုက်စမ်းပါ။ မင့်အမေကြားယင် စိတ်မကောင်း ဖြစ်နေပါ ဦးမယ်”

မယ်မယ်သည် မြကျောက်တုံးကို အစေတော် တစ်ယောက်ထံမှ ယူကာ ပေါက်ယုကို သူကိုယ်တိုင် ဝတ်ဆင်ပေး၏။ ပေါက်ယုမှာ မယ်မယ်၏ စကားများကို ကျေနပ်သွားသဖြင့် နောက်ထပ် ဘာမျှ မပြောတော့ချေ။

ထိုအခိုက်တွင် အထိန်းတော် တစ်ယောက် ရောက်လာကာ ထိုက်ယုအား မည်သည့် ခန်းဆောင်တွင် နေရာချထား ပေးရမည်နည်းဟု မေးမြန်းလေ၏။

“ပေါက်ယုကို ငါ့အတွင်းဆောင်ထဲမှာ ရွှေ့ပေးလိုက်။ ခုလောလောဆယ်တော့ ထိုက်ယုကို ပေါက်ယုရဲ့ မြစိမ်းဆောင်ထဲမှာ နေရာချပေးရဦးမှာပဲ။ နွေရောက်တော့မှ တစ်မျိုး စီစဉ်မယ်”

“မယ်မယ်ရယ်၊ မယ်မယ့် အတွင်းဆောင်ထဲကိုတော့ ရွှေ့မနေပါရစေနဲ့။ ကျွန်တော် မြစိမ်းဆောင် အပြင်ဘက်မှာပဲ နေပါ့မယ်။ မြစိမ်းဆောင်ရဲ့ အပြင်ဘက် ခန်းဆောင်မှာဆိုယင် နေလို့ဖြစ်ပါတယ်။ မယ်မယ် အခန်းကိုရွှေ့ယင် မယ်မယ်မှာ အနှောင့်အယှက် ဖြစ်နေမှာ စိုးလို့ပါ”

မယ်မယ်သည် အတန်ကြာမျှ စဉ်းစားပြီးနောက် ထို့အကြံကို လက်ခံလိုက်၏။ ပေါက်ယုနှင့် ထိုက်ယုတို့အား အထိန်းတော်တစ်ယောက်စီနှင့် အစေတော် တစ်ယောက်စီ ထားပေးရန်၊ အခြား အစေတော်များက အပြင်ဘက်မှနေ၍ အိပ်ဖန်စောင့်ရန် ညွှန်ကြားလိုက်လေ၏။ နတ်ငှက်မယ်ကား ထိုက်ယု အိပ်ရန်အတွက် မြတ်လေးပန်းပြောက် ခန်းဆီး၊ ဖဲစောင်နှင့် ရွှေချည်ထိုး မွေ့ရာများကို မြစိမ်းဆောင်သို့ပင် ပို ့ပြီး နေလေပြီ။

ထိုက်ယုတွင် သူ၏ နို့ထိန်းဖြစ်ခဲ့သူ အထိန်းတော် ဝမ်နှင့် သူ ငယ်ငယ်ကတည်းက သူ့အနီးတွင် ကျွန်ယုံ လက်ပါးစေ ဖြစ်ခဲ့သည့် ယင်တို့သာ ပါလာခဲ့၏။ အထိန်းတော် ဝမ်မှာ အိုလှပြီ။ ယင်ကလည်း လူမမည်မျှသာ ရှိသေးသည့်အတွက် ဘာမျှ လုပ်တတ်မည် မဟုတ်ဆိုကာ မယ်မယ်သည် သူ့လက်ပါးစေ ကျွန်ယုံများထဲမှ ဒုတိယ အဆင့်ရှိ အစေတော် ယင်ကို့ကို တိုက်ယုအတွက် ပေးလိုက်လေ၏။ ယင်ချွန်းနှင့် တကွ အခြားသော ညီအစ်မများကဲ့သို့ပင် ထိုက်ယုအားလည်း နို့ထိန်း ဝမ်အပြင် အခြားသော အထိန်းတော် လေးယောက်၊ အဝတ်အစား ပြင်ဆင် လဲလှယ်ပေးရန် အစေတော် နှစ်ယောက်နှင့် အဆောင်ကို လှည်းကျင်း သန့်ရှင်းရန်နှင့် လက်တိုလက်တောင်း ခိုင်းစေရန် အစေတော် ငါးယောက် ခြောက်ယောက်ခန့် ပေးထားလေ၏။

နို့ထိန်းကြီး ၀မ်နှင့် ယင်ကို့တို့သည် ထိုက်ယုကို သူ့အဆောင်သစ်ဖြစ်သော မြစိမ်းဆောင်သို့ လိုက်ပို့ရန် ထွက်သွားစဉ် ပေါက်ယု၏ နို့ထိန်းဖြစ်သည့် နို့ထိန်းလီနှင့် အစေတော်မှူး ဆီကျင်းတို့သည် ပေါက်ယု အိပ်ရန်အတွက် အိပ်ရာကြီးကို မြစိမ်းဆောင် အပြင်ဘက်ခန်းတွင် ပြင်ဆင်လျက် ရှိကြလေ၏။

ဆီကျင်းသည် မူလတုန်းက မယ်မယ်၏ အစေတော် ဖြစ်ခဲ့သော်လည်း မယ်မယ်က သူ့အချစ်ဆုံး မြေးကြီးဖြစ်သည့် ပေါက်ယုကို ကောင်းစွာ ပြုစု စောင့်ရှောက်နိုင်စေရန်ဟု ဆိုကာ သူ၏ ကျွန်ယုံဖြစ်၍ အစစ အရာရာ သစ္စာရှိသော လက်စွဲတော် ဆီကျင်းကို ပေးလိုက်ခြင်း ဖြစ်၏။ မူလက သူ့အမည်မှာ မာလာဖြစ်သော်လည်း ပေါက်ယုက “မာလာပန်းတို့၏အနံ့သည် ယောက်ျားတို့၏ အသည်းနှလုံးကို သိမ်းကျုံး ယူငင် တတ်ကြကုန်၏” ဟူသော စာကို သတိရသဖြင့် ဆီကျင်း (ယောက်ျားတို့ကို သိမ်းကျုံး ဆွဲငင်တတ်သူ) ဟု အမည်ပြောင်းပေး လိုက်ခြင်း ဖြစ်လေ၏။

မာလာ၏ ထူးခြားသော အရည်အချင်းမှာ သစ္စာရှိခြင်း ဖြစ်၏။ မယ်မယ်ကို ပြုစုစောင့်ရှောက်ခဲ့စဉ်ကလည်း မာလာသည် မယ်မယ်မှအပ အခြား မည်သူ့ကိုမျှ ခေါင်းထဲတွင် ထည့်သွင်း စဉ်းစားခြင်း မပြု။ ယခု ပေါက်ယုသို့ လွှဲပေးလိုက်သည့် အခါတွင်လည်း မာလာသည် ပေါက်ယုတစ်ယောက်ကိုသာ ပြုစု စောင့်ရှောက်၏။ သို့ရာတွင် ပေါက်ယုမှာ မိမိပြောစကားကို နားထောင်ခြင်းမပြုဘဲ ခေါင်းမာလွန်း သဖြင့် မာလာမှာ စိတ်ညစ်ရ၏။

ထိုညက ပေါက်ယုနှင့် နို့ထိန်းကြီးလီတို့ အိပ်ပျော်နေသည့်အခါ၌ ထိုက်ယုနှင့် ယင်ကို့တို့သည် အတွင်းဆောင်ဘက်တွင် စကားကောင်း နေကြသည်ကို မာလာ သတိပြုမိ၏။ မာလာသည် ညဝတ်ဖြင့်ပင် သူတို့ အတွင်းဆောင်ဘက်သို့ ခြေဖျားထောက်၍ ကူးလာခဲ့ကာ

“မမလေးတို့ ဘာဖြစ်လို့ မအိပ်ကြသေးတာလဲ”

“လာလေ၊ ပျင်းယင် ထိုင်ပါဦးလား” ဟု ထိုက်ယုက ဖော်ရွှေစွာ ခေါ်သဖြင့် မာလာသည် ခုတင်စွန်းတွင် ဝင်ထိုင်လေ၏။

“ဟောဒီက ကျွန်မတို့ မမလေး ထိုက်ယုက အင်မတန် မျက်ရည် လွယ်တယ်၊ တဆိတ်ရှိ မျက်ရည်တွေ ကျလာတော့တာပဲ။ ရောက်တဲ့နေ့မှာပဲ အစ်ကိုလေး ပေါက်ယုကို ဒေါပွအောင် လုပ်မိလို့ စိတ်မကောင်း ဖြစ်နေတယ်။တကယ်လို့သာ မြကျောက်ကြီး ကျိုးပဲ့သွားယင်တော့ သူ့ကြောင့် ဖြစ်ရတာတဲ့။ သူ ့အပြစ်ပဲတဲ့။ ပြောပြောပြီး စိတ်မကောင်းဖြစ်နေလို့ ကျွန်မ သူ့ကို ဖျောင်းဖျနေရတယ်” ဟု ယင်ကို ့က ပြော၏။

မာလာက

“ဒီလောက်လဲ အရေးတကြီး ထားနေပါနဲ့ မမလေးရယ်။ အကြောင်း မသိသေးလို့ပါ။ ဒါက အစရှိသေးတယ်။ နောက်ကျယင် ဒီ့ထက်ဆိုးတာတွေကို တွေ့လိမ့်ဦးမယ်။ သူ ဒီလိုဖြစ်တိုင်းသာ စိတ်မကောင်း ဖြစ်ရမယ်ဆိုယင်တော့ တစ်သက်လုံး ဘယ်တော့မှ အေးအေး ချမ်းချမ်း နေရမှာ မဟုတ်ဘူး။ ဒီလောက်လဲ စိတ်မထိခိုက်ပါနဲ့”

“အင်း၊ မာလာ ပြောတာလဲ .. ဟုတ်ပါတယ်လေ။ ထိုက်ယု ကောင်းကောင်း မှတ်ထားပါ့မယ်။ နေစမ်းပါဦး မာလာရယ်။ ဒီ မြကျောက်ကြီးက ဘယ်က ရောက်လာတာတဲ့လဲ။ အဲဒီမြကျောက်ပေါ်မှာ ဘာတွေ ကမ္ပည်း ထိုးထားသတဲ့လဲ”

မာလာက

“အဲဒါကိုတော့ ဘယ်သူမှ မပြောတတ်ဘူး မမလေးရဲ့။ ဘယ်ကနေ ဘယ်လိုလုပ်ပြီး ရောက်လာသလဲဆိုတာ ဘယ်သူမှ မသိဘူးတဲ့။ မွေးကတည်းက ပါးစပ်ထဲမှာ ငုံလျက် ပါလာသလိုလိုလဲ ပြောကြရဲ့။ မြကျောက်မှာလဲ ကြိုးချည်ဖို့ အပေါက်နဲ့တဲ့။ နေဦး၊ မလေးကိုပြဖို့ ကျွန်မ သွားယူလိုက်ဦးမယ်”

သို့ရာတွင် ညဉ့်နက်ပြီ ဖြစ်သည့်အလျောက် ထိုက်ယုက 

“နေပါစေတော့ မာလာရယ်၊ မနက်ဖြန်မှ ကြည့်တာပေါ့”

သူတို့သုံးယောက်သည် အတန်ကြာ စကားစမြည် ပြောဆိုကြပြီးနောက် အိပ်ရာသို့ ဝင်ခဲ့ကြလေ၏။

နောက်တစ်နေ့ မနက်၌ ထိုက်ယုသည် မယ်မယ်တို့ကို နှုတ်ဆက်ပြီးနောက် ဒေါ်လေးဝမ်၏ အဆောင်ဘက်သို့ ထွက်လာခဲ့၏။ ဒေါ်လေးဝမ်နှင့် နတ်ငှက်မယ်တို့သည် ချင်လင်းမြို့မှ ရောက်လာသော စာတစ်စောင်ကို ကိုင်၍ တစ်စုံတစ်ရာကို တိုင်ပင်လျက် ရှိကြ၏။ သူတို့နှင့် အတူ ဒေါ်လေးဝမ်၏ အစ်ကိုအိမ်မှ စာလာပို့သော ခြေမြန်တော် နှစ်ယောက်ကိုလည်း တွေ့ရလေ၏။

သူတို့တစ်တွေ တိုင်ပင် ပြောဆိုနေသည့် အကြောင်းအရာကို ထိုက်ယု နားမလည်ချေ။ သို့ရာတွင် တန်ချွန်းနှင့် အခြား ညီအစ်မများကမူ ချင်လင်းမြို့ရှိ ဒေါ်လေး၏သား ဆွေ့ပန်အကြောင်းကို ‌ပြောဆိုနေကြကြောင်း သိကြလေ၏။ သူ့အဖေသည် အာဏာရှိ မင်းစိုးရာဇာများနှင့် အဆက်အသွယ်ရှိသည်ဟု ယူဆကာ ဆွေ့ပန်သည် လူတစ်ယောက်ကို ရိုက်သတ်ခဲ့သည့်အတွက် ချင်လင်းမြို့ရှိ မြို့ဝန်ရုံးတော်တွင် တရားစွဲ ခံနေရ၏။ ဒေါ်လေးဝမ်၏ မောင်ဖြစ်သူ ဝမ်ဇူတိန်သည် ထိုအကြောင်းကို ကြားသိသည့် အခါတွင် အကျိုးအကြောင်းကို ဤ ယွန်း စံအိမ်ကြီးသို့ စာရေး၍ အကြောင်းကြားလိုက်ပြီးနောက် ဆွေ့မိသားစုကို ရွှေမြို့တော်သို့ ခေါ်ယူထားရန်လည်း တိုက်တွန်းထားလေ၏။

ဤအကြောင်းကို သိလိုမူ နောက်တစ်ခန်းကို ဖတ်ပါလေ။

အခန်း - ၄ ဖတ်ရန်


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်