ခန်းဆောင်နီအိပ်မက် @ အခန်း - ၄


 ကံဆိုးမသည် ကံဆိုးသူနှင့် တွေ့ဆုံခြင်း။

ဇာတ်ရှုပ်သော ကိုရင်လူထွက်သည် ဇာတ်ရှုပ်သော အမှုကို ဆုံးဖြတ်ခြင်း။


ဆက်အံ့။ ထိုက်ယုနှင့် ညီအစ်မတစ်သိုက် ရောက်လာကြသည့် အခါတွင် ဒေါ်လေးဝမ်သည် သူ့အစ်ကို လွှတ်လိုက်သည့် ခြေမြန်တော်များနှင့် အိမ်တွင်းရေး ကိစ္စများကို ပြောဆို တိုင်ပင်လျက်ရှိပြီ။ သူ့အစ်မ၏ သားသည် လူသတ်မှုတစ်ခုတွင် ပါဝင်နေကြောင်းကို ကြားသိရလေ၏။ ဒေါ်လေးဝမ် အလုပ်များလျက် ရှိသဖြင့် ထိုက်ယုတို့ တစ်သိုက်သည် အစ်မကြီး လီဝမ်းထံသို့ လာခဲ့ကြလေ၏။

အစ်မကြီး လီဝမ်းမှာ (ကျိချိန်နှင့် ဒေါ်လေးဝမ်တို့၏ သားအကြီးဆုံး) ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားခဲ့သူ ကျိချူ၏ ဇနီး မုဆိုးမ ဖြစ်၏။ ကံအားလျော်စွာ သူတို့တွင် ကျိလင် ဟူသော သားတစ်ယောက် ထွန်းကားခဲ့၏။ လီဝမ်း၏ ဖခင် လီရှောက်ချွန်မှုာ ချင်လင်းမြို့တွင် ထင်ရှားသည့် လူကုံထံ တစ်ဦးဖြစ်၍ ဘုရင့်တက္ကသိုလ်တွင် ကွမ်းရေတော်ကိုင် မင်းအဖြစ် အမှုထမ်းခဲ့သူ ဖြစ်၏။ လီရှောက်ချွန်၏ ဆွေမျိုးစုထဲမှ ညီအစ်ကို မောင်နှမများ အားလုံးလောက်မှာ ရှေးဟောင်းစာကို နှံ့စပ် ကျွမ်းကျင်သူများ ဖြစ်ကြ၏။ သို့ရာတွင် လီရှောက်ချွန်၏ လက်ထက်သို့ ရောက်သည့်အခါတွင် “အမျိုးကောင်း သမီးမိန်းကလေးတို့ မည်သည် ကျမ်းဂန်တို့ကို သိမြင် နှံ့စပ်စရာမလို” ဟု ယူဆသည့် အတိုင်း သူ့သမီးများကို ကျမ်းကုန်အေစင် သင်မပေးတော့ဘဲ “ကုမ္မာရီ ရှုဖွယ် ကျမ်းလေးကျမ်း” “အာဇာနည်မယ်တို့၏ အတ္ထုပ္ပတ္တိထူးများ” နှင့် “စံပြ အမျိုးသမီး ဂုဏ်ရည်ကျမ်း” စသည်တို့ကို ဖတ်တတ်ရုံမျှ လောက်သာ စာကို သင်ပေးခဲ့၏။ သို့ဖြင့် သမီးများကို ရှေး အမျိုးသမီးတို့၏ အကြောင်းလောက်ကို ဖတ်တတ်ရုံမျှသာ သင်ပေးပြီး ကျန်အချိန်များတွင် ရက်ကန်းအတတ်နှင့် အိမ်ထောင်ထိန်းသိမ်းမှု အတတ်ပညာများကို သင်ကြားပေးခဲ့၏။ ထို့ကြောင့်ပင်လျှင် သူ့ သမီး၏ အမည်ကို လီဝမ်း (မပိုးထည်) ဟု အမည်ပေးခဲ့ပြီး ကွန်ဆယ် (နန်တွင်း အပ်ချုပ်တော်) ဟူသော ငယ်မည်ကို ပေးခဲ့ခြင်း ဖြစ်လေ၏။

သို့ဖြစ်လေရာ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ခဲ့ရသော လီဝမ်းသည် စည်းစိမ်ချမ်းသာတွင် ပျော်ပိုက်လျက် ခြောက်သွေ့သွားသော သစ်ငုတ်တိုကဲ့သို့ လည်းကောင်း၊ မီးငြိမ်းလေသော ပြာပုံကဲ့သို့ လည်းကောင်း အထီးကျန် နေထိုင်ကာ အပြင်လောကကြီး အကြောင်းကို ဘာမျှ မသိတော့ဘဲ ကိုယ့်အသိုက်အမြုံ အလေးထဲတွင်သာ အချိန်ကုန်လျက် ရှိလေ၏။ လီဝမ်းသည် သက်ကြီးရွယ်အို ဆွေမျိုးများကို ပြုစု စောင့်ရှောက်ခြင်း၊ မိမိ၏ သားငယ် ကျိလင်ကို ကြည့်ရှု စောင့်ရှောက်ခြင်းတို့ကလွဲလျှင် ယောင်းမငယ်များ၊ တူမငယ်များနှင့် အပ်ချုပ်ခြင်း၊ဇာ ပန်းထိုးခြင်း စာဖတ်ခြင်း တို့ဖြင့်သာ အချိန်ကုန်လျက် ရှိ၏။

ထိုက်ယုသည် ယွန်းစံအိမ်ကြီးတွင် ဧည့်သည်တစ်ဦးအဖြစ် လာရောက်နေထိုင်ကာ ညီအစ်မ ဝမ်းကွဲများဖြင့် နေရသည့်တိုင် အဝေးတွင် နေသည့် ဖခင်ကြီးအတွက် စိတ်ပူရသည်မှ လွဲလျှင် မိမိအိမ်တွင် နေရသကဲ့ သို့ ယွန်းစံအိမ်ကြီးတွင် အသားကျလျက် ရှိလေပြီ။

ချင်လင်းမြို့တွင် မြို့ဝန်ရာထူးကို ပြန်လည်ရသည့် ယုဆုန်အကြောင်းကို ပြန်ကောက်ရဦးမည်။ ချင်လင်းမြို့တွင် မြို့ဝန်အဖြစ် အမှုထမ်းရွက်ပြီး မကြာမီမှာပင် ယုဆုန်၏ ရုံးသို့ လူသတ်မှုတစ်ခု ရောက်လာ၏။ အမှုမှာ ကျွန်မိန်းကလေးတစ်ယောက်ကို သူဝယ်သည် ငါဝယ်သည်ဟု အငြင်းပွားရာမှ တစ်ဖက်နှင့် တစ်ဖက်ကို ရိုက်နှက်ကြသည်တွင် လူသေသွားသည့် အမှုဖြစ်၏။ မြို့ဝန် ယုဆုန်သည် တရားလိုကို ခေါ်၍ စစ်ဆေးလေ၏။ တရားလိုက ရုံးတော်တွင် အစစ်ခံရာ၌-

“သေသူသည် ကျွန်တော့် သခင်ဖြစ်ပါသည်။ ကျွန်တော့် သခင်သည် ပြန်ပေးဆွဲခဲ့သည့် ကျွန်မိန်းကလေးတစ်ယောက်ကို ဝယ်ခဲ့ပါသည်။ ပြန်ပေးဆွဲခံရမှန်း မသိဘဲ ငွေပေးချေခဲ့ပါသည်။ ကျွန်တော့် သခင်က ငွေကို ပေးချေပြီး ကျွန်မိန်းကလေးကို နေ့ကောင်းရက်သာဖြစ်သည့် သုံးရက်မြောက်နေ့ကျမှ အိမ်ကို ခေါ်မည်ဟု ပြောခဲ့ပါသည်။ ထို အတောအတွင်း ပြန်ပေးဆွဲသူက ကျွန်မိန်းကလေးအား ဆွေ့ပန်ကို ရောင်းခဲ့ပါသည်။ ထိုအကြောင်းကို သိလျှင် ကျွန်တော်တို့က ဆွေ့ပန်ဆီသို့ သွားပြီး မိန်းကလေးကို ကျွန်တော်တို့ ဝယ်ပြီးသား ဖြစ်ကြောင်း၊ ထို့ကြောင့် ပြန်ပေးရန် တောင်းခဲ့ပါသည်။ ဆွေ့ပန်မှာ ချင်လင်းမြို့တွင် ငွေကြေး တတ်နိုင်ရုံတင်မက ဩဇာလည်း ရှိပါသည်။ ဤတွင် ဆွေ့ပန်၏ လူမိုက်များက ကျွန်တော် သခင်ကို ရိုက်သတ်လိုက်ကြပါသည်။ ထို့နောက် ဆွေ့ပန်ရော သူ့လူမိုက်တွေပါ အစရှာမရအောင် ပျောက်သွားကြပါသည်။ ချင်လင်းမြို့တွင် ထိုလူသတ်မှုနှင့် အကျုံးမဝင်သူတွေကိုသာ ထားပစ်ခဲ့ပါသည်။ ထိုအမှုကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ဆိုင်ရာသို့ ကျွန်တော် တိုင်ခဲ့ပါသည်။ သို့ရာတွင် ဘာမျှ အရေးမယူခဲ့ပါ။ ထို့ကြောင့် အပြစ်ရှိသူများကို ဖမ်းဆီးဖို့ ပြစ်ဒဏ် စီရင်ဖို့နှင့် ကျန်ရစ်သူ မုဆိုးမနှင့် အဖေမဲ့သားကို ကူညီစောင့်ရှောက်ဖို့ မြို့ဝန်မင်း ရုံးတော်သို့ လျှောက်ထားရခြင်း ဖြစ်ပါသည်။ အမှုကိုတရားနှင့်အညီ စီရင်ပေးတော်မူပါက နတ်လူသာဓု ခေါ်မည် ဖြစ်ပါသည်

“ဒါ သက်သက် မတရားလုပ်တာပဲ။ လူသတ်သမားကို ဒီအတိုင်း လွှတ်ထားလို့ ဘယ်မှာ တရားပါ့မလဲ” ဟု မြို့ဝန် ယုဆုန်က ဒေါသတကြီးဖြင့် ပြောလေ၏။

မြို့ဝန်သည် ထွက်ပြေး တိမ်းရှောင်နေသူတို့ အကြောင်းကို မေးမြန်းစုံစမ်းရန်အတွက် တိမ်းရှောင်သူ၏ ဆွေမျိုးများကို ဖမ်းဆီးရန် ဂရမ်းထုတ်ပေးမည် အပြု၌ မိမိအနီးတွင် ရပ်နေသည့် နောက်တော်ပါ တစ်ယောက်သည် မြို့ဝန်အား သတိပေးသည့်အနေဖြင့် မျက်ရိပ်ပြ လိုက်လေ၏။ ထို့ကြောင့် ယုဆုန်သည် ဝရမ်းထုတ်ပေးခြင်း မပြတော့ဘဲ ဇဝေဇဝါဖြင့် တရားခွင်မှနေ၍ မိမိအား ရုံးခန်းထဲသို့ ပြန် လာခဲ့လေ၏။

ရုံးခန်းသို့ ပြန်ရောက်သည့် အခါ၌ အခြားသူများအားလုံးကို အပြင်သို့ ထွက်စေပြီးနောက် မိမိအား မျက်ရိပ်ပြသည့် နောက်တော်ပါ အမှုထမ်း တစ်ယောက်တည်းကိုသာ နေရစ်ခဲ့စေ၏။ နောက်တော်ပါသည် ဒူးတုပ်၍ ခစားပြီးလျှင် ပြုံးလိုက်လျက်

“မြို့ဝန်မင်းသည် မင်းမှုထမ်းဘဝတွင် တဖြည်းဖြည်း အမြင့်သို့ ရောက်လာခဲ့သူ ဖြစ်ပါသည်။ ရှစ်နှစ် ကိုးနှစ်ခန့် ကွဲကွာပြီးသည့်နောက်တွင် မြို့ဝန်မင်းသည် ကျွန်တော့်ကို မှတ်မိတော့မည် မထင်ပါ” 

“အင်း မောင်မင်းမျက်နှာကိုတော့ မြင်ဖူးသလိုလို ရှိတယ်ထင်ရဲ့။ ဒါပေမယ့် ကောင်းကောင်း မမှတ်မိတော့ဘူးကွယ့်”

နောက်တော်ပါက ပြုံးလိုက်၏။

“ရာထူးရာခံ ကြီးသူတို့သည် မှတ်ဉာဏ် နည်းတတ်ကြပါသည်။ မြို့ဝန်မင်းသည် မိမိ ဘဝဟောင်းကို မေ့ပြီ ထင်ပါသည်။ ဗူးဘုရားကို မြို့ဝန်မင်း မှတ်မိပါသေးရဲ့လား”

ငယ်ကျိုးငယ်နာကို ဖော်လိုက်သည့် ထိုစကားကြောင့် မိုးကြိုးထစ်ချုန်းသံကို ကြားလိုက်ရသကဲ့သို့ ယုဆုန်သည် သူ့အတိတ်ကို သူ သတိရလာ၏။ မြို့ဝန်မင်း ယုဆုန်၏ အပါးတွင် ခစားနေသူမှာ အခြားမဟုတ်။ ဗူးဘုရားတွင် သာမဏေဘဝဖြင့် နေခဲ့ဖူးသူတစ်ယောက် ဖြစ်၏။ ဗူးဘုရားကို မီးခသည့်အခါတွင် သာမဏေငယ်လေးသည် ခိုကိုးရာမဲ့ ဖြစ်သွားကာ မှူးမတ်အိမ်တွင် အလုပ်ဝင်လုပ်ရသော် သင့်အံ့ဟု အကြံ ဖြစ်ခဲ့၏။ ယခုအချိန်၌ သာမဏေဘ၀တွင်လည်း နောက်ထပ် မပျော်ပိုက်တော့ပြီ ဖြစ်သည့်အတွက် ရှင်လူထွက်ကာ ဆံပင်ရှည်အောင် စောင့်ပြီးနောက် မြို့ဝန်အိမ်ပေါ်တွင် ဝင်ရောက် အမှုထမ်းခဲ့၏။ ယုဆုန် မမှတ်မိခြင်းကိုလည်း အပြစ်မဆိုထိုက်ချေ။

ယုဆုန်သည် နောက်တော်ပါ အမှုထမ်း၏ လက်ကို ဆွဲကိုင်က “အေး၊ ဒီလိုဆို သိဟောင်း ကျွမ်းဟောင်းတွေပေါ့လကွယ်” ဟု ပြော၏။ ယုဆုန်သည် နောက်တော်ပါ အမှုထမ်းအား နေရာထိုင်ခင်း ပေးသော်လည်း အမှုထမ်းသည် မြို့ဝန်ပေးသည့် အခွင့်အရေးကို လက်မခံချေ။

ယုဆုန်က

“ငါ ဆင်းဆင်းရဲရဲ နေခဲ့ရတုန်းက တို့တစ်တွေဟာ မိတ်ဆွေတွေပေါ့။ ကိစ္စမရှိပါဘူးကွယ်။ ထိုင်သာထိုင်ပါ။ ဒါဟာ ငါ့ကိုယ်ပိုင် ရုံးခန်းပါ။ စကားစမြည်လေး ဘာလေး ပြောကြတာပေါ့။ မတ်တတ် ကြီးပြောလို့ ဘယ်ကောင်းပါ့မလဲ”

ထိုအခါတွင်မူ မင်းမှုထမ်းသည် ကုလားထိုင်အစွန်တွင် ခပ်ယို့ယို့ ထိုင်၏။ တရားခံ ဆွေမျိုးများကို ဖမ်းရန် ၀ရမ်းထုတ်မည် ပြုစဉ် အဘယ့်ကြောင့် မျက်ရိပ်ပြရကြောင်းကိုလည်း ယုဆုန်က မေး၏။

မြို့ဝန်မင်းသည် ဤရာထူးကို ထမ်းရွက်ရာ လာခဲ့စဉ်တွင် ဤနယ်တွင် ကျင့်သုံးရမည့် မင်းမှုထမ်းလုံခြုံရေး ဂါထာကို ကူးခဲ့ပါရဲ့လား

“ဘာလဲကွ။ မင်းမှုထမ်း လုံခြုံရေး ဂါထာဆိုတာ ငါလဲ မကြားဖူးပါကလား။ လင်းစမ်းပါဦး”

“မြို့ဝန်မင်း မကြားဖူး၍ မဖြစ်ပါ။ မကြားဖူးလျှင် မြို့ဝန်မင်းသည် ဤရာထူးတွင် ကြာရှည် တည်မြဲဖွယ်ရာ အကြောင်းမရှိပါ။ ကျွန်တော်တို့နယ်မှ မင်းမှုထမ်းအားလုံးတို့သည် ဤနယ်တွင် တန်ခိုးအကြီးဆုံး၊ အချမ်းသာဆုံး၊ ရာထူးဂုဏ်ရှိန် အမြင့်ဆုံး ဆွေမျိုးစုတို့၏ လျှို့ဝှက်စာရင်းကို ကူးထားကြရပါသည်။ သို့သော် ဤစာရင်းမျိုးသည် ကျွန်တော်တို့ နယ်တွင်သာ ရှိသည် မဟုတ်ပါ။ နယ်တိုင်းနယ်တိုင်းတွင် ရှိပါသည်။ ဘုမသိ ဘမသိဖြင့် ထိုဆွေမျိုးစု တစ်ခုခု မျက်မာန်ရှအောင် လုပ်မိလျှင် မြို့ဝန်ပင်းသည် ရာထူးမျှမက အသက်ပင် ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် ထိုစာရင်းကို မင်းမှုထမ်း လုံခြုံရေး ဂါထာဟု ခေါ်ကြပါသည်။ ယခု ကျွန်တော်ပြောသည့် ဆွေဆွေမျိုးစုမှာ မြို့ဝန်မင်း လက်မရှောင်ရမည့် ဆွေမျိုးစု ဖြစ်ပါသည်။ ဤ အခက်အခဲအပြင် တခြား အခက်အခဲဟူ၍ မရှိပါ။ ထိုဆွေမျိုးစုကို ခန့်ညား လေးစားသောအားဖြင့် မြို့ဝန်မင်းအယင် အမှုထမ်းသွားသူတို့သည် ထိုအမှုကို သည်အတိုင်းထား ခဲ့ခြင်း ဖြစ်ပါသည်”

ထိုသို့ ပြောပြီးနောက် မင်းမှုထမ်းသည် လက်ရေးနှင့် ကူးထားသည့် မင်းမှုထမ်း လုံခြုံရေး ဂါထာကို အိတ်ထဲမှ ထုတ်ယူပြီး ယုဆုန်အား ပေး၏။ ထိုစာရွက်ထဲ၌ ဤနယ်တွင် ရှိသည့် ဆွေမျိုးစုများ စာရင်းနှင့် ယင်းတို့၏ အစဉ်အဆက်များ၊ ရာထူး အဆင့်အတန်းများနှင့် ဆွေစဉ် မျိုးဆက် ဇယားကို လင်္ကာတိုကလေးများဖြင့် စပ်ဆိုထား၏။ 


ချင်လင်းမြို့က “ကျီမျိုးစု”

ရတနာတွေစု။

ကျောက်စိမ်းခန်းမ ကျယ်ပါဘိ

ရွှေမြင်းဇောင်းတွေရှိ။


(နိန်ကူမြို့စားနှင့် ယွန်းကူမြို့စားတို့တွင် ဆွေမျိုးဆက် နှစ်ဆယ်ရှိရာ အဆက်အနွယ် ရှစ်ခုမှာ ရွှေမြို့တော်တွင် ရှိပြီး ဆယ့်နှစ်ခုမှာ ဇာတိရပ်ရွာများတွင် ရှိသည်။)


ခန်းဆောင်ခန်းမ ကျယ်ကျယ်လွင့်

ဘုရင်နှင့်သာ သင့်။ 

ချင်လင်းမြို့က “ရှိ’ မျိုးတွေ

ခမ်းနားထည်ဝါပေ။


(နန်းရင်းဝန်ကြီး ပေါင်းပင်မြို့စား ‘ရှိ’ တွင် ဆွေမျိုး အဆက်အနွယ် နှစ်ဆယ်ရှိရာ ဆယ်ခုမှာ ရွှေမြို့တော်တွင်ရှိပြီး ဆယ်ခုမှာ ဇာတိရပ်ရွာများတွင် ရှိသည်။)


ရေအောက်နေတဲ့ နဂါးဘုရင်

ကျောက်စိမ်းသလွန် လိုခဲ့လျှင်

ရှေးသူဟောင်းတို့ ဆိုစကား

‘ဝမ်’ဆွေမျိုးစုထံ လျှောက်လွှာထား။


(စစ်သူကြီး အမတ်ကြီးဝမ်တွင် ဆွေမျိုး အဆက်အနွယ် ဆယ့်နှစ်ခုရှိရာ နှစ်ခုမှာ ရွှေမြို့တော်တွင်ရှိပြီး ဆယ်ခုမှာ ဇာတိမြို့ရွာများတွင် ရှိသည်။)


“ဆွေ” ဆွေမျိုးစု၊ လွန်ပေါကြွယ် 

သူတို့စည်းစိမ်၊ လွန်ကြီးကျယ်။ 

သူတို့အဖို့၊ ရွှေသည် သံလိုပဲ

ပုလဲ မျက်ရွဲသည် ကျောက်ခဲသလဲ။


(ရွှေနန်းတော် ရွှေတိုက်ဝန်ကြီး အမတ်ကြီး “ဆွေ” ၏ ဆွေမျိုး အဆက်အနွယ် ရှစ်ခုရှိသည်။)

ထိုစာရင်းကို ယုဆုန် ဖတ်လျက်ရှိစဉ် တံခါးဝမှ ခေါင်းလောင်းသံ ပေါ်လာကာ ဝမ်ဆိုသူ ဧည့်သည်တစ်ယောက် ရောက်နေကြောင်းဖြင့် လာရောက်ပြောဆို၏။ ယုဆုန်သည် မြို့ဝန် အဆောင်အယောင်ဖြစ်သည့် ၀တ်ရုံနှင့် ဦးပေါင်းထုပ်ကို ဆောင်းကာ ဧည့်သည်ကို လက်ခံ တွေ့ဆုံပြီးနောက် ထမင်းစားချိန်တွင် ပြန်ရောက်လာပြီးလျှင် နောက်လိုက် လက်ပါးစေထံ ထိုကိစ္စကို ဆက်လက်မေးမြန်းခြင်း ပြုပြန်သည်။

မြို့ဝန်၏ လက်ပါးစေက

“သည်ဆွေမျိုးစုကြီး လေးခုမှာ အပြန်အလှန် တော်စပ်နေသည့် ဆွေမျိုးစုကြီး လေးခု ဖြစ်ပါသည်။ ဆွေမျိုးစု တစ်ခုကို ထိခိုက် နစ်နာအောင် လုပ်ခြင်းသည် အားလုံးကို လုပ်ခြင်းနှင့် အတူတူပင် ဖြစ်ပါသည်။ ဆွေမျိုးစု တစ်ခုကို ဂုဏ်ပြုခြင်းသည် အားလုံးကို ဂုဏ်ပြုခြင်း ဖြစ်ပါသည်။ ဒီဆွေမျိုးစုကြီး လေးခုသည် တစ်ခုကိုတစ်ခု အပြန်အလှန် ကူညီကြလျက် အပြန်အလှန် အကာအကွယ် ပေးကြပါသည်။

လူသတ်မှုဖြင့် အစွဲခံရသည့် ပန်မှာ ထိုဆွေမျိုးစု စာရင်းတွင် ပါသည့် ဆွေ ဆွေမျိုးစုမှ ဖြစ်ပါသည်။ ဆေွ့ပန်တွင် အခြား ဆွေမျိုးစုများ၏ ထောက်ခံမှုကို ရနိုင်သည့်ပြင် နယ်များနှင့် ရွှေမြို့တော်တွင် သူတို့ကို ကူညီနိုင်သည့် တန်ခိုးဩဇာရှိသည့် မိတ်ဆွေ ရောင်းရင်းလည်း အများကြီး ရှိပါသည်။ သို့ဖြစ်လျှင် မြို့ဝန်မင်းသည် မည်သူ့ကို ဖမ်းဦးမည်နည်း

““ဒီလိုဆိုယင် ဒီအမှုကို ငါ ဘယ်လို စီရင် ဆုံးဖြတ်ရမှာလဲ မောင်မင်းရဲ့။ ကြည်ရတာကတော့ လူသတ်တရားခံ ပုန်းနေတဲ့ နေရာကို မောင်မင်းကိုယ်တိုင် သိပုံရတာပဲ”

လက်ပါးစေက ပြုံးလိုက်လျက်

“မြို့ဝန်မင်းကို မှန်ရာ လျှောက်တင်ပါမည်။ လူသတ်တရားခံတို့ ထွက်ပြေး တိမ်းရှောင်နေသည့် နေရာကို ကျွန်တော် သိပါသည်။ ထိုမျှမက ကျွန်မိန်းကလေးကို ပြန်ပေးဆွဲသည့် လူကိုလည်း သိပါသည်။ မိန်းကလေးကို ဝယ်၍ အသတ်ခံရသည့် လူကိုလည်း ကျွန်တော်သိပါသည်။ အဖြစ်အပျက်တို့ကို မြို့ဝန်မင်းထံ ကျွန်တော် အပြည့်အစုံ အစီရင်ခံပါမည်။

“အသတ်ခံရသည့် ဖုန်းယွမ်ဆိုသူမှာ ဤနယ်မှ မြေရှင်ကလေး တစ်ဦးသာ ဖြစ်ပါသည်။ ငယ်စဉ်ကတည်းက မိဘနှစ်ပါး ဆုံးပါးခဲ့ကြပါသည်။ ညီအစ်ကို မောင်နှမ သားချင်းလည်း မရှိပါ။ သို့ရာတွင် ဖုန်းယွမ်သည် သူ့တွင် ကျန်ရစ်ခဲ့သည့် အမွေကလေးဖြင့် ဇိမ်ကျကျ နေပါသည်။ အသက် ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ်လောက်အထိ ဖုန်းယွမ်သည် အလွန်ရိုးသူဖြစ်ပြီး မိန်းမကိစ္စတွင် အနည်းငယ်မျှ စိတ်ဝင်စားသူ မဟုတ်ပါ။ သို့ရာတွင် ယခင်ဘဝက ဝဋ်ကြွေး ရှိခဲ့သည်ထင့်။ ဖုန်းယွမ်သည် ပြန်ပေးသမားနှင့် သွားတွေ့ကာ ထိုမိန်းကလေးကို မြင်လျှင် မြင်ချင်း သဘောကျသွားပြီး အမြှောင်မယား ထားရန်အတွက် ဝယ်ယူရန် ဆုံးဖြတ် လိုက်ပါသည်။ ထိုနောက် ထိုမိန်းကလေးအားလည်း အခြားယောကျင်္ားများနှင့် ထွေးရောယှက်တင် ဆက်ဆံခြင်းမပြုရန် သစ္စာရေ တိုက်ပြီးနောက် သူကိုယ်တိုင်လည်း ထိုမိန်းကလေးကို ဇနီးမယားအဖြစ် အတည်တကျပေါင်းရန် ဆုံးဖြတ်လိုက်ပါသည်။ ထို့ကြောင့် ထိုမိန်းကလေး ချက်ချင်း မခေါ်လာသေးဘဲ နောက် သုံးရက်အကြာ နေ့ကောင်းရက်သား ရှိမှ လာခေါ်မည်ဟု ပြောခဲ့ပါသည်။ ဤတွင် ပြန်ပေးဆွဲသူသည် ထိုမိန်းကလေးကို ဆေွ့ပန်ထံ လိမ်ရောင်း လိုက်ပြန်ပါသည်။ ဖုန်းယွမ်ထံမှလည်း ငွေယူပြီး ဖြစ်ပါသည်။ ဤသို့ဖြင့် ပြန်ပေးသမားသည် နှစ်ဖက်စလုံး ငွေယူရန် စီမံခြင်း ဖြစ်ပါသည်။ ပြန်ပေးသမားသည် ငွေယူပြီး ထွက်ပြေးမည်ပြုစဉ် ဆေွ့ပန်တို့ဘက်မှ မိသွားကာ ပြန်ပေးသမားကို သေလုမျောပါး ရိုက်နှက်ကြပါသည်။ နှစ်ဖက်စလုံးက ငွေကို ပြန်မယူဘဲ မိန်းကလေးကို ယူမည်ဟု အတင်းအကျပ် လုပ်နေကြပါသည်။ မိန်းကလေးကို နှစ်ဖက်စလုံးမှ လိုချင်ကြပါသည်။ ဤတွင် မည်သူ့ကိုမျှ အလျှော့ပေးလေ့မရှိသည့် ဆွေ့ပန်သည် သူ့လူမိုက်များကိုခေါ်ကာ ဖုန်းယွမ်ကို အပျောက်ရှင်းလိုက်ရန် အမိန့်ပေးလိုက်ပါသည်။ ဖုန်းယူပ်မှာ အရိုက်ခံရသော ဒဏ်ရာဖြင့် အိမ်ရောက်ပြီး သုံးရက်မြောက် နေ့တွင် သေဆုံးသွားပါသည်။

“ဆွေ့ပန်သည် ရွှေမြို့တော်သို့ ထွက်သွားရန် စီစဉ်ပြီး ဖြစ်ပါသည်။ သို့ရာတွင် ရွှေမြို့တော်သို့ မသွားမီ နှစ်ရက်အလိုတွင် ထိုမိန်းကလေးကို မြင်သွားပြီး ဝယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုမှ လူတစ်ယောက်ကို သတ်ပြီးနောက် ထိုမိန်းကလေးကို ခေါ်ကာ မိသားစုနှင့် အတူ ဘာမျှ မဖြစ်သည့်နှယ် ရွှေမြို့တော်သို့ ထွက်ခွာသွားပါပြီ။ ယခု ချင်လင်းတွင် ကိစ္စအဝကိုကြည့်၍ ရှင်းရန် လူသတ်မှုတွင် ဘာမျှမပါဝင်သူ သူ့ဆွေမျိုးများနှင့် အစေတော်များသာ ကျစ်ရစ်ခဲ့ပါသည်။ ဆွေ့ပန်လို လူမျိုးအဖို့ လူတစ်ယောက်ကို သတ်ရသည့် ကိစ္စသည် အသေးအဖွဲ့ကလေးမျှသာ ဖြစ်ပါသည်။ နည်းနည်းမျှ ကြောက်လန့်ခြင်း မရှိပါ။ ဤသည်မှာ ဆွေ့ပန်အကြောင်း ဖြစ်ပါသည်။ သို့ရာတွင် ထိုမိန်းကလေးသည် မည်သူဖြစ်သည်ကို မြို့ဝန်မင်း သိပါ၏လော မဆိုနိုင်ပါ”

“ငါက ဘယ့်နှယ်လုပ်ပြီး သိနိုင်မှာလဲ မောင်မင်းရဲ့” 

“ထိုမိန်းကလေးသည် တစ်နည်းအားဖြင့် မြို့ဝန်မင်း၏ ကျေးဇူးရှင် ဖြစ်ပါသည်။ တခြားသူ မဟုတ်ပါ။ ဗူးဘုရားအနီးတွင် နေခဲ့သည့် ရှိယင်၏ သမီး ယင်လင်း (မကြာဖြူ) ပင် ဖြစ်ပါသည်”

ယုဆုန်သည် အကြီးအကျယ် အံ့အားသင့်လျက်ရှိကာ

“အလို... ကြားသားမိုးကြိုး။ ဟုတ်ရဲ့လား မောင်မင်းရယ်။ ဒီကလေးဟာ ငါးနှစ်သမီးလောက်တုန်းက ပြန်ပေးဆွဲခံရလို့ ပျောက်သွားပါပကော။ အဲဒီတုန်းက ဘာဖြစ်လို့ မရောင်းဘဲ ခုမှု ရောင်းကြတာ တဲ့လဲ”

“ထို ပြန်ပေးဂိုဏ်းမျိုးသည် ကလေးမ ကလေးများကိုသာ ပြန်ပေးဆွဲလေ့ရှိပါသည်။ ကလေးမ ကလေးများကို တစ်နေရာသို့ ခေါ်သွားပြီးလျှင် ဆယ်နှစ် ဆယ့်တစ်နှစ် အရွယ်ထိအောင် မွေးထားကြပါသည်။ ထိုအရွယ်ရောက်မှ တခြားသို့ ခေါ်သွားကာ သူတို့ ရုပ်ရည်ကိုလိုက်၍ ဈေးဖြတ် ရောင်းကြပါသည်။ ကျွန်တော်သည် ငယ်ငယ်က ယင်လင်းနှင့် ကစားဖက် ဖြစ်ပါသည်။ ကျွန်တော်နှင့် ကွဲကွာသွားကြသည်မှာ ခုနစ်နှစ် ရှစ်နှစ်ခန့် ရှိပြီး ယင်လင်းသည် ယခုအချိန်တွင် ဆယ့်သုံးလေးနှစ် အရွယ်သို့ ရောက်နေသည့်တိုင် သူ့ကို ကျွန်တော် ကောင်းကောင်းမှတ်မိပါသည်။ ယင်လင်းသည် ရုပ်ပြောင်းလဲခြင်း မရှိဘဲ သူ့ကို သိခဲ့သူတိုင်း ကောင်းကောင်း မှတ်မိကြပါသည်။ သူ့မျက်မှောင် နှစ်ခုကြားတွင် စပါးစေ့ခန့်ရှိ အနီရောင် မွေးမှတ်ကလေး ရှိပါသည်။ ထို့ကြောင့် ယင်လင်းဖြစ်သည်ဟု ကျွန်တော် အတပ်ဆိုခြင်း ဖြစ်ပါသည်။

“ပြန်ပေးသမားသည် ကလေးမကလေးကို ခေါ်လာကာ ကျွန်တော့် အခန်းကို ငှားပါသည်။ တစ်နေ့ ပြန်ပေးသမား အပြင်သို့ထွက်သွားစားစဉ် ကလေးမ ကလေးကို ကျွန်တော် ဗြောင် ဖွင့်မေးပါသည်။ ကလေးမကလေးမှာ အရိုက်ခံထားရသဖြင့် ကောင်းကောင်း စကား မပြောရဲပါ။ ပြန်ပေးသမားသည် သူ ့အဖေဖြစ်ကြောင်း၊ ကြွေးဆပ်ရန် အတွက် သူ့ကို ရောင်းခြင်း ဖြစ်ကြောင်း အတင်းပြောနေပါသည်။ ကျွန်တော်က အလျှော့မပေးဘဲ အစ်အောက်မေးသည့် အခါတွင်မှ ကလေးမ ကလေးသည် သူငယ်ငယ်က အကြောင်းများကို ကောင်းစွာ မမှတ်မိတော့ဟု ငိုယို၍ ပြောပါသည်။ သည်လောက်ပြောလျှင် ကျွန်တော် သေချာပါပြီ။ အခြားသူ မဖြစ်နိုင်တော့ပါ။

“ဖုန်းယွမ်က ကလေးမကလေးကို တွေ့၍ ငွေပေးချေသည့်နေ့က ပြန်ပေးသမားသည် အရက်မူးနေပါသည်။ ထိုအခါတွင် ယင်လင်းသည် သက်ပြင်းချကာ ရှေ့လျောက် ဒုက္ခငြိမ်းတော့မှာပါဟု ပြောပါသည်။ သို့ရာတွင် ဖုန်းယွမ်က ချက်ချင်း မခေါ်သေးဘဲ နောက်သုံးရက်ရှိမှ ပေါ်မည်ဟု ပြောသည့်အခါတွင် သူ တော်တော် စိတ်ညစ်သွားပါသည်။ ကျွန်တော်သည် စိတ်မကောင်းပါ။ ထို့ကြောင့် ပြန်ပေးသမား အပြင်ထွက်သွားသည့်အခါတွင် ကျွန်တော် မိန်းမကိုလွှတ်ပြီး ကောင်မလေးကို အားပေးခိုင်းပါသည်။

“ကျွန်တော် မိန်းမက “ဖုန်းယွမ်က ညည်းကို သုံးရက်ကြာမှု လာယူမယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး၊ ညည်းကို သားမှတ်မှတ် မယားမှတ်မှတ် အတည်ပေါင်းမှာမို့ နေ့ကောင်းရက်သာကို စောင့်တာ၊ ပြီးတော့ ဖုန်းယွမ်ဟာ လူရိုးလူကောင်း၊ ပိုက်ဆံလဲရှိတယ်။ ဟိုတုန်းကလဲ မိန်းမတို့ဘာတို့ လိုက်စားတဲ့လူ မဟုတ်ဘူး။ ခု ညည်းကို စုံမက်မြတ်နိုးလို့ ငွေစတွေ အများကြီးပေးပြီး ဝယ်သွားတာ။ သူ့ဆီရောက်ယင် ဘာမှ ပူစရာ မရှိတော့ဘူး၊ နှစ်ရက်သုံးရက်ကို သည်းခံပြီး စောင့်လိုက်၊ ဘာပူပူမနေနဲ့” ဟု ကျွန်တော် မိန်းမက ပြောပါသည်။

“ထို့ကြောင့် ယင်လင်းသည် လင်ကောင်းသားကောင်း ရတော့မည် အထင်ဖြင့် သည်းခံ စောင့်ခဲ့ပါသည်။ သို့ရာတွင် လောကတွင် ဖြစ်ချင်တာကို မဖြစ်ကြရပါ။ ပြန်ပေးသမားသည် နောက်တစ်နေ့တွင် ယင်လင်းကို ဆွေ့ပန်သို့ ရောင်းလိုက်ပါသည်။ တခြားလူကို ရောင်းလျှင် သည်လောက်ဆိုးမည် မဟုတ်ပါ။ ဆွေ့ပန်ကမူ ဤနယ်တွင် လူမိုက်ဘုရင်ဟု နာမည်ကြီးသူ ဖြစ်ပါသည်။ ငွေကို ကျောက်ခဲသလဲလို သုံးနေသည့် လူသွမ်းတစ်ဦး ဖြစ်ပါသည်။ ဆွေ့ပန်သည် ကလေးမလေးကို အတင်းရိုက်နှက် ခေါ်သွားပါသည်။ ယခုအချိန်တွင် သေသည်ရှင်သည်ကိုပင် ကျွန်တော် မသိပါ။

“ဖုန်းယွမ်သည် အပျော်ကြီး ပျော်ရတော့မည်ဟု စိတ်ကူးယဉ်ခဲ့ပါသည်။ ခု မပျော်ရတော့ဘဲ အသက်တစ်ချောင်း ဆုံးရှုံးခဲ့ရပါသည်။ ကံဆိုးသည်ဟု ပြောရတော့မည် ထင်ပါသည်”

ယုဆုန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်

“အင်း၊ ဒါဟာ မတော်တဆဖြစ်တာ မဟုတ်ဘူး မောင်မင်း၊ ၀ဋ်ကြွေးရှိလို့ ဖြစ်ရတာ။ ဝိပါက၀ဋ်ကြွေးလို့ပဲ ဆိုရတော့မည်ပါ့။ မဟုတ်ယင် ဖုန်းယွမ်ဟာ ဘာဖြစ်လို့ တခြားတစ်ယောက်ကို သဘောမကျဘဲ ယင်လင်းကိုမူ သဘောကျရသလဲ။ သူ့အကြောင်းနဲ့သူ ဖန်လာတဲ့အတွက် ဖုန်းယွမ်ဟာ ယင်လင်းကိုမှ ရွေးပြီး သဘောကျခဲ့မိတယ်။ ယင်လင်းအဖို့မှာလဲ ပြန်ပေးသမားရဲ့ လက်ထဲမှာ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခ ခံလာခဲ့ရပြီးတဲ့နောက် ဝဋ်ကျွတ်ခါနီး သူ့ကို တကယ်ချစ်တဲ့ ယောက်ျားနဲ့ရပြီး အိုးနဲ့အိမ်နဲ့ တင့်တောင့်တင့်တယ် နေရမယ် လုပ်အုံးမှာ မနေလိုက်ရဘဲ ခုလို ဖြစ်ရရှာတယ်။ ကြည့်ရတာကတော့ ဆွေ့ပန်ရဲ့ မိသားစုဟာ ဖုန်းယွမ်ရဲ့ မိသားစုထက် ချမ်းသာကြွယ်ဝဟန် တူရဲ့။ ဆွေ့ပန်လို လူရမ်းကားမှာ အမြှောင်မယားတွေ၊ မယားငယ်တွေ တစ်ပုံကြီး ရှိမှာပဲ။ ယင်လင်းလို မိန်းကလေး တစ်ယောက်အပေါ်မှာ ဘယ်လိုမှ သစ္စာရှိနိုင်မယ် မဟုတ်ပေဘူး။ အင်း လက်စသတ်တော့ ဖုန်းယွမ်နဲ့ ယင်လင်းတို့ရဲ့ အဖြစ်အပျက်ဟာ ဘာမှ အရာမထင်တဲ့ အိပ်မက်တစ်ခုပေပဲ။ ကံဆိုးသူနှစ်ယောက်ဟာ ကြမ္မာငင်လို့ လာပြီး ရေစက်ဆုံကြရတာပဲ။ ကဲ ဒါတွေထားပါတော့ကွယ်။ ဒီအမှုကို ငါ ဘယ်လိုဖြေရှင်းသင့်သလဲ။ ဆိုစမ်း မောင်မင်း

လက်ပါးစေက ပြုံးလိုက်ရင်း

“မြို့ဝန်မင်းသည် ယခင်က ဉာဏ်ထက်မြက်သူတစ်ဦး ဖြစ်ပါသည်။ ယခုတွင်မူ မြို့ဝန်မင်းသည် အဘယ့်ကြောင့်မသိ၊ စိတ်ကူးခေါင်းပါးနေသည်ဟု ကျွန်တော် ဆိုချင်ပါသည်။ မြို့ဝန်မင်း ဤရာထူးသို့ ပြန်ရလာခြင်းမှာ ကျိ မိသားစုနှင့် ဝမ်မိသားစုတို့ကြောင့် ဖြစ်သည်ဟု ကျွန်တော် ထင်ပါသည်။ ယခု ဆွေ့ပန်၏ မိသားစုသည် ကျိ မိသားစုနှင့် လက်ဆက်ထားပါသည်။ (ကျိချိန်၏ ဇနီး ဝမ်သည် ဆွေ့ပန်အမေ့၏ အစ်မ ဖြစ်ပါသည်။) သို့ဖြစ်လေရာ မြို့ဝန်မင်း အနေဖြင့် အဘယ့်ကြောင့် ရေစုန် မမျှောရမည်နည်း။ ရေစုန်အတိုင်း လိုက်ရမည်သာ ဖြစ်ပါသည်။ သူ့မျက်နှာကို ကြည့်ရမည်သာ ဖြစ်ပါသည်။ အမှုကို ဤပုံဤနည်း ကိုင်တွယ်မှသာ မြို့ဝန်မင်းသည် နောင်တွင် သူတို့နှင့် အရှည်ဆက်ဆံနိုင်စရာ ရှိပါသည်”

“အင်း၊ မောင်မင်းပြောတာလဲ စဉ်းတော့ စဉ်းစားစရာပဲ၊ သို့သော်လဲ ခက်တာက ခုအမှုမှာ လူတစ်ယောက်ရဲ့ အသက်တစ်ချောင်း ဆုံးရှုံးနေတယ်။ ပြီးတော့လဲ ငါဟာ ဘုန်းတော်ကြီးသော ဘုရင်မင်းမြတ်ရဲ့ ကရုဏာတော်ကြောင့် ဒီရာထူးကို 'ပြန်ရပြီး ဘဝသစ်ကို အစပြု နေနိုင်ခြင်း ဖြစ်တယ်။ ဒီတော့ ငါအတတ်နိုင်ဆုံး ကြိုးစားပြီး ဘုန်းတော်ကြီးသော ဘုရားရဲ့ ကျေးဇူးတော်ကို ဆပ်သင့်တယ်။ ငါ့ကိုယ်ကျိုးအတွက်၊ ငါ့ရာထူး တည်မြဲဖို့အတွက် တရားဥပဒေကို ငါဘယ်နှယ်လုပ်ပြီး မထီလေးစား လုပ်ရဲပါ့မလဲ။ မဖြစ်ဘူး မောင်မင်း။ ငါဥပဒေကို ချိုးဖောက်လို့ မဖြစ်ဘူး”

လက်ပါးစေက လှောင်ပြုံး ပြုံးလိုက်လျက်

“မြို့ဝန်မင်း၏ စကားဟာလဲ မှန်ပါသည်။ သို့သော်လဲ သည်လို လုပ်နေလို့ရှိယင်ဖြင့် မြို့ဝန်မင်းသည် ဤခေတ်ကြီးမှာ ကြီးပွားမည် မဟုတ်ပါ။ `ဂုဏ်သရေရှိ လူကြီးလူကောင်းတို့ မည်သည် အခြေအနေနှင့် အညီ ကျင့်ကြံနေချင်ကြ၏” ဆိုတဲ့ ဆိုရိုးစကားလဲ ရှိပါသည်။ ထို့ပြင် “အမြင့်ရောက်သူတို့သည် ဒုက္ခဆင်းရဲကို ဝေးစွာ ရှောင်၍ စည်းစိမ်ချမ်းသာ နောက်ကိုသာ လိုက်ကြ၏” ဆိုတဲ့ စကားပုံလဲ ရှိပါသည်။ မြို့ဝန်မင်း ပြောသည့်အတိုင်းသာ လုပ်မည်ဆိုလျှင် မြို့ဝန်မင်းသည် ဘုန်းတော်ကြီးသော ဘုရား၏ ကျေးဇူးသစ္စာကို ပြန်မဆပ်နိုင်ရုံမျှမက ကိုယ့်အသက်ကို လောင်းကြေးထပ်၍ ကစားသည်နှင့်ပင် တူပါလိမ့်မည်။ မြို့ဝန်မင်း ပြန်စဉ်းစားစေချင်ပါသည်”

ယုဆုန်သည် ခေါင်းကိုငုံ့ကာ စဉ်းစားလျက်ရှိ၏။ အတန်ကြာ တိတ်ဆိတ်နေပြီး

“ကဲ ဒီလိုဆိုယင် ဘယ်လိုလုပ်ယင် ကောင်းမလဲ။ မောင်မင်း အနေနဲ့ ပြောစမ်း”

“ကျွန်တော် စဉ်းစားထားသည့် အချက်တစ်ချက် ရှိပါသည်။ မနက်ဖြန် ထိုအမှုကို စစ်ဆေးသည့်အခါတွင် မြို့ဝန်မင်း အနေဖြင့် စာချွန်များ၊ ဝရမ်းများထုတ်၍ တကယ့် တရားခံစစ်ကို မရမနေ ဖမ်းဆီးတော့မည့်ဟန် ပြုလုပ်ပါလေ။ ထိုအခါတွင် တရားခံကလဲ လာလိမ့်မည် မဟုတ်ပါ။ တရားလိုကလဲ အမှုမှန်ကို ဖော်ထုတ်ရန် အတင်း ပြောပါလိမ့်မည်။ ထိုအခါတွင် မြို့ဝန်မင်းသည် ဆွေ့ပန်၏ ဆွေမျိုးသားချင်း အချို့နှင့် အစေတော်အချို့ကို ဖမ်း၍ စစ်ဆေးကြည့်ပါလေ။ ဆေွ့ပန်သည် ရုတ်တရက် ရောဂါရ၍ သေဆုံးသွားသည့် အဖြစ်မျိုးသို့ ရောက်အောင် နောက်ကွယ်မှ ကျွန်တော်ကြည့်၍ စီစဉ်ပါမည်။ ဆွေမျိုးသားချင်းများနှင့် ဆိုင်ရာ ရပ်ကွက်သူကြီးတို့ကလဲ ဆေွ့ပန် သေဆုံးသွားသည်မှာ ဟုတ်မှန်ကြောင်း ထောက်ခံအောင် ကျွန်တော်စီစဉ်ပါမည်။

“ထို့နောက် မြို့ဝန်မင်း အနေဖြင့် နတ်စာရေးခုံ တစ်ခုထား၍ ထိုအမှုနှင့် ပတ်သက်၍ နတ်ဗေဒင် မေးမည်ဖြစ်ကြောင်း ကြေညာပါလေ။ အမှုစစ်ရာသို့ စစ်ဘက်နှင့် နယ်ဘက်မှ အရာရှိများကိုလဲ ဖိတ်ကြားပါလေ။ ထိုအခါတွင် နတ်ဗေဒင် အဟောထွက်သည့် အနေဖြင့် မြို့ဝန်မင်းက ဆွေ့ပန်နှင့် ဖုန်းယွမ်တို့သည် ရှေးဘဝက ရန်သူများ ဖြစ်ခဲ့ကြကြောင်း၊ ထိုဝဋ်ကြွေးကို ယခုဘဝတွင် လာဆပ်ကြရခြင်း ဖြစ်ကြောင်း၊ ယခုအခါတွင် ဖုန်းယွမ်၏ လိပ်ပြာ ဝင်ပူးသည့်အတွက် ဆွေ့ပန်မှာ ထူးဆန်းသည့် ရောဂါတစ်ခုဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း၊ ဤအမှုမှာ မိန်းကလေးကို ပြန်ပေးဆွဲ ရောင်းစားခဲ့သူကြောင့် ပေါ်ပေါက်ရခြင်း ဖြစ်သည့်အတွက် ထိုပြန်ပေးတရားခံ ငဖြူ ငမဲကို တရားဥပဒေအရ စစ်ဆေး အပြစ်ပေးသင့်သည်ဟု နတ်ဗေဒင်က အဟောထွက်ကြောင်းဖြင့် မြို့ဝန်မင်းက ကြေညာပါလေ။

“ပြန်ပေးသမားက သူ ပြန်ပေးဆွဲကြောင်းကို ဖြောင့်ချက်ပေးရန် နောက်ပိုင်းမှ ကျွန်တော် စီစဉ်ပါမည်။ နတ်ဗေဒင်က ထိုအချက်ကို အတည်ပြုလျှင် လူများကလည်း ယုံကြည် လက်ခံကြမည်သာ ဖြစ်ပါသည်။

“ဆွေ့ပန်တို့ အမျိုးမှာ ငွေကြေးချမ်းသာသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် ဖုန်းဟွမ်၏ အသုဘ စရိတ်အတွက် ငွေစင်ငါးရာမျိုး တစ်ထောင်မျိုး ပေးစေဟု အမိန့်ချပါလေ။ ဖုန်းယွမ်၏ ဆွေမျိုးများမှာ မထင်မရှား အညာတရများ ဖြစ်သည့်အတွက် ထိုငွေမျှလောက်ကိုရလျှင် ကျေနပ်မည် မချွတ် ဖြစ်ပါသည်။ သို့ဖြင့် သူတို့ပါးစပ်ကို ငွေဖြင့်ပိတ်ဖို့ လိုပါသည်။ ကျွန်တော်၏ ဤအစီအစဉ်ကို မြို့ဝန် မည်သို့ ထင်ပါသနည်း”

ယုဆုန်က ရှယ်လိုက်လျက်

“မောင်မင်းဟာ မဖြစ်နိုင်ပါဘူးကွယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ နောင် အပြောအဆိုမရှိဘဲ ဆုံးဖြတ်နိုင်အောင် ငါစဉ်းစားဦးမယ်”

သို့ဖြင့် မြို့ဝန်နှင့် သူ့လက်ပါးစေတို့သည် ညနေစောင်းတိုင်အောင် ထိုအကြောင်းကို တိုင်ပင်လျက် ရှိကြ၏။ နောက်တစ်နေ့တွင် မသင်္ကာသူများ အားလုံးကို ရုံးတော်သို့ ဆင့်ခေါ်၍ စစ်ဆေး၏။ သေသူ ဖုန်းယွမ်၏ မိသားစုမှာ သူ့လက်ပါးစေ ပြောသည့်အတိုင်း အညတရမျှသာ ဖြစ်သည်ကို တွေ့ရပြီး အသုဘစရိတ်ရလျှင် ကျေနပ်သည့် သဘောမျိုးကို တွေ့ရ၏။ သို့ရာတွင် တရားခံဖြစ်သူ ဆွေ့ပန်၏ ဆွေမျိုးများက တန်ခိုးအာဏာရှိ အသိုက်အဝန်းနှင့် နီးစပ်သူများ ဖြစ်သောကြောင့် အမှုမှာ ရှုပ်ထွေးကာ တော်တော်နှင့် မပြီးပြတ်နိုင်ဘဲ ရှိလေ၏။

ထို့ကြောင့် ယုဆုန်သည် တရားဥပဒေကို လိုသလို ဆွဲသုံးကာ မိမိ သဘောအရ စီရင်ချက် ချရ၏။ စီရင်ချက်အရ ဖုန်းယွမ် မိသားစုမှာ အသုဘစရိတ် အဖြစ် လျော်ကြေးငွေ တော်တော်များများ ရရှိပြီး နောက်ထပ် ဘာမျှမပြောတော့ဘဲ ကြေအေးသွားကြလေ၏။

အမှုကို ဖြေရှင်းပြီးသည့် နောက်တွင် ယုဆုန်သည် ကျိချိန်နှင့် ရွှေမြို့တော် မြို့စောင့်တပ်မှူး ဝမ်ဇူတိန်ထံသို့ စာတစ်စောင် ကောက်၍ ရေး၏။ စာထဲတွင် ၎င်းတို့၏တူ အပေါ်တွင် စွဲထားသည့် အမှုကို ပလပ်လိုက်ပြီ ဖြစ်၍ ဘာမှ စိုးရိမ်ကြောင့်ကြဖွယ် မရှိတော့ကြောင်းဖြင့် ဖော်ပြထား၏။ ဤအစီအမံများ အားလုံးမှာ ဗူးဘုရားတွင် သာမဏေ ဝတ်ခဲ့ဖူးသည့် သူ့လက်ပါးစေ၏ အကြံပေးချက်ကြောင့် ဖြစ်လေရာ တစ်နေ့တွင် ထိုလက်ပါးစေသည် ထိုအကြောင်းကို ထုတ်ဖော် ပြောဆိုမည် စိုးသည့်အတွက် ယုဆုန်သည် အပြစ်တစ်ခုရှာကာ ထိုလက်ပါးစေကို ဝေးလံသည့် အရပ်ဒေသ တစ်ခုသို့ ပြောင်းရွှေ့လိုက်လေ၏။

ယင်လင်း (မကြာပြု) ကို ဝယ်ယူပြီး ဖုန်းယွမ်ကို အသေရိုက် သတ်ခဲ့သည့် ဆွေ့ပန်အကြောင်းကို ပြန်၍ ကောက်ရဦးမည်။ ဆွေ့ပန်သည် ချင်လင်းမြို့ရှိ ပညာတတ် မိသားစုတစ်ခုမှ ပေါက်ဖွားခြင်းဖြစ်ပြီး ငယ်ငယ်က ဖခင် သေဆုံးသွားသည့်နောက် မိခင်က အလိုလိုက်ခဲ့သဖြင့် ကြီးပြင်းလာသည့် အခါတွင် ဘာမျှ အသုံးမဝင်သည့် လူရမ်းကား တစ်ယောက် ဖြစ်လာခဲ့၏။ ဘုန်းတော်ကြီးသောဘုရား၏ ရွှေနန်းတော်အတွက် စားနပ်ရိက္ခာ ဆက်သွင်းသူ ရိက္ခာတော်ဆက်ဖြစ်သည့် အတွက်ကြောင့်လည်း ရွှေတိုက်တော်မှ ထောက်ပံ့ ချီးမြှင့်ငွေများ ရနေသဖြင့် ဆွေ့ပန်တို့ မိသားစုမှာ ကုဋေကြွယ်သော သူဌေးများ ဖြစ်ကြပေ၏။

ဆွေ့ပန်၏ ငယ်နာမည်မှာ ဝမ်ချိဖြစ်၏။ ဆွေ့ပန်သည် လေးငါးခြောက်နှစ်သား ကတည်းကပင်လျှင် အကျင့်ဆိုးပြီး စကားပြော ‌ေမာက်မာ ရိုင်းစိုင်းသူ တစ်ယောက် ဖြစ်ခဲ့၏။ ကျောင်းတွင်လည်း အက္ခရာ အနည်းငယ်ကို မျှသာ ဖတ်တတ်နိုင်ခဲ့လျက် ကြက်တိုက်ခြင်း၊ မြင်းစီးခြင်း၊ အပျော်အပါး လိုက်စားခြင်းဖြင့်သာ အချိန်ကုန်ခဲ့၏။ ဆွေ့ပန်သည် ရွှေနန်းတော် ရိက္ခာတော်ဆက် ဖြစ်သည့်တိုင် အလုပ်ကိစ္စနှင့်တကွ လောကကြီး အကြောင်းကို ဘာမျှ နားလည်ခြင်း မရှိချေ။ အဘိုး၏ မိတ်ဆွေ ရောင်းရင်းများမှတစ်ဆင့် ရွှေနန်းတော်ကြီးမှ အခွန်တော် ဌာနတွင် ရာထူးတစ်ခုကို ရခဲ့သော်လည်း အလုပ်ကိစ္စမှုန်သမျှကို ကိုယ်စားလှယ်များ၊ မိသားစု အစဉ်အဆက် ရှိခဲ့သည့် အစေတော်များနှင့်သာ လွှဲထားလေ၏။

မုဆိုးမ ဖြစ်သည့် အမေမှာ ဝမ်အမည်ရှိပြီး ရွှေမြို့တော် မြို့စောင့်တပ်မှူးကြီး ဝမ်တိန်၏ ညီမနှင့် ယွန်းစံအိမ်ကြီးမှ ကျိချိန်၏ ဇနီး ဖြစ်သူ ဒေါ်လေးဝမ်တို့၏ ညီမဖြစ်၏။ ဆွေ့ပန်၏ အမေမှာ အသက်လေးဆယ်ခန့်ရှိပြီး ဆွေ့ပန်မှာ တစ်ဦးတည်းသော သားဖြစ်ပေ၏။ သို့ရာတွင် ဆွေ့ပန်အောက်တွင် နှစ်နှစ်ငယ်သည့် ပေါက်ကြည် အမည်ရှိ သမီးတစ်ယောက်လည်း ရှိသေး၏။ ပေါက်ကြည်မှာ လှပ ချောမော၍ ဉာဏ်ထက်မြက်သလောက် နုနယ်သည့် မိန်းမပျို တစ်ယောက် ဖြစ်၏။ ၎င်းတို့ဖခင်ကြီး မကွယ်လွန်မီ ကတည်းကပင်လျှင် ပေါက်ကြည်ကို စာသင် ခဲ့သည်တွင် ပေါက်ကြည်မှာ သူ့အစ်ကို ဆွေ့ပန်ထက် ဆယ်ဆမျှ ဉာဏ်သာကြောင်းကို တွေ့ရ၏။ သို့ရာတွင် ဖခင်ကြီး ကွယ်လွန်ပြီးသည့် နောက်တွင်မူ အစ်ကိုဖြစ်သူ ဆေွ့ပန်မှာ မိခင်ဖြစ်သူ အတွက် ဘာမျှ အကူအညီ မရသည့်အပြင် အနှောင့်အယှက် ဖြစ်နေသည်ကို တွေ့ရသည့်အတွက် ပေါက်ကြည်သည် စာကို ဆက်လက်သင်ကြားခြင်း မပြုတော့ဘဲ ဇာပန်းထိုးခြင်း၊ အိမ်ထောင်ကို စီမံအုပ်ချုပ်ခြင်း စသည့် အလုပ်များကို ဝင်ရောက်လုပ်ကိုင်ကာ မိခင်ကို တစ်ဖက်တစ်လမ်းမှ ကူညီခဲ့ရ၏။

များမကြာမီက ယဉ်ကျေးမှုကို မြှင့်တင်ရန်၊ အမျိုးကောင်းသမီးတို့၏ ဂုဏ်သိက္ခာကို အားပေး ချီးမြှောက်ရန်နှင့် အရည်အချင်းရှိသည့် အမျိုးသမီးကောင်းများ ပေါ်ထွန်းစေရန်အတွက် မဟာကရုဏ ရှေ့ထားလျက် ဘုန်းတော်ကြီးသော ဘုရားသည် မှူးမတ်ဝန်ကြီးများနှင့် ထင်ရှားသည့် ဆွေမျိုးစုများမှ အရွယ်ကောင်း အမျိုးကောင်းသမီးများ၏ စာရင်းကို ပြုစုရန် ညွှန်ကြားတော် မူခဲ့သည်။ ထိုအထဲမှ နေ၍ ထူးချွန်သည့် အမျိုးသမီးများကို ရွှေနန်းတော်ရှိ သမီးတော်များ၏ မှန်နန်းအမျိုးတော် ရံရွှေတော်၊ စာတော်ဖတ် စသည်တို့ ခန့်အပ်ရန် ဖြစ်၏။

ထို့ပြင် ဆေွ့ပန်၏ ဖခင် ရိက္ခာတော်ဆက်မင်း ကွယ်လွန်ပြီးသည့်နောက်၌ အရပ်ရပ်ရှိ ရိက္ခာတော်ဆိုင်များမှ အမှုထမ်း အရာထမ်းများသည် ဆွေ့ပန်၏ အတွေ့အကြုံ နုနယ်ခြင်း၊ ငယ်ရွယ်ခြင်းစသည့် အချက်များကို အခွင့်ကောင်းယူကာ ငွေများကို လိမ်လည်ခြင်း စသည်တို့ကို ပြုလုပ်ကြလေရာ ရွှေမြို့တော်ရှိ ဆေွ့ပန်တို့ပိုင်သော ရိက္ခာတော်ဆိုင်များမှာပင် အမြတ်မထွက်ဘဲ အရှုံးပြလျက် ရှိလေ၏။

သို့ဖြစ်ရကား ရွှေမြို့တော်သို့ သွားရန် ကြာရှည် လေးမြင့်စွာကပင် တောင့်တခဲ့သော ဆွေ့ပန်အဖို့ ရွှေမြို့တော်သို့ အလည်သွားရောက်ရန် အကြောင်းပြချက်ကြီး သုံးခု ရရှိသွားလေ၏။ ၎င်းတို့မှာ ပထမ မှန်နန်းအပျိုတော် ရွေးချယ်ပွဲအတွက် ညီမဖြစ်သူ ပေါက်ကြည်ကို လိုက်ပို့ရန်၊ ဒုတိယ ရွှေမြို့တော်ရှိ ဆွေမျိုးသားချင်းများကို တွေ့ဆုံရန်နှင့် တတိယ ရွှေမြို့တော်တွင် လုပ်ငန်းနှင့်ပတ်သက်သည့် စာရင်းအင်းများကို ရှင်းရန်ဟူ၍ ဖြစ်လေ၏။ သို့ရာတွင် ဆွေ့ပန်၏ တကယ့် ရည်ရွယ်ချက်မှာမူ မင်းနေပြည်တော်ကြီးကို သွားရောက် လည်ပတ်ရန်ဖြစ်ပေ၏။

ဆွေ့ပန်သည် အထုပ်အပိုးများနှင့် အဖိုးတန် ပစ္စည်းများကို ပြင်ဆင်ကာ ရွှေမြို့တော်ရှိ ဆွေမျိုးသားချင်းများအး လက်ဆောင်ပေး ရန်အတွက် ဒေသထွက် စားသောက်ဖွယ်တို့ကိုလည်း ပြင်ဆင်ပြီး ဖြစ်၏။ ထိုသို့ ပြင်ဆင်ကာ ခရီးသွား၍ ကောင်းမည့် နေ့ကောင်း ရက်သာကို စောင့်ဆိုင်းနေစဉ် ယင်လင်းခေါ် မကြာဖြူကို လာရောင်းသည့် ပြန်ပေးသမားနှင့် တွေ့ရှိကာ ယင်လင်း၏ ရုပ်ရည်ကို သဘောကျပြီး ဝယ်လိုက်ခြင်း ဖြစ်လေ၏။ ဖုန်းယွမ်က သူဝယ်ပြီးသားဖြစ်သည့် ယင်လင်းကို ပြန်တောင်းသည့်အခါ၌ ပန်သည် သူ့ဩဇာတိက္ကမ ရှိသည်ကို အခွင့်ကောင်းယူကာ ဖုန်းယွမ်ကို ရိုက်သတ်ရန် သူ့ လူမိုက်များအား စေခိုင်းခဲ့ခြင်း ဖြစ်ပေ၏။ ထိုနောက်၌ ဆွေ့ပန်သည် အိမ်မှုကိစ္စများကို ဆွေမျိုးသားချင်းများနှင့် အစေတော်များထံ အပ်နှံ့ခဲ့ပြီးနောက် မိခင်၊ ညီမ ပေါက်ကြည်တို့နှင့်အတူ နေပြည်တော်သို့ ထွက်လာခဲ့လေ၏။ ဆွေ့ပန်အဖို့ကား လူသတ်မှုစွဲချက်ဖြင့် အစွဲခံရသည့် ကိစ္စမျိုးသည် ငွေစဖြင့် အလွယ်တကူ ဖြေရှင်းနိုင်သော အသေးအဖွဲ့ ကိစ္စကလေး တစ်ရပ်မျှသာ ဖြစ်ချေသည်။

ရက်အနည်းငယ် ကြာသည့်အခါ၌ သူတို့တစ်တွေ နေပြည်တော်အနီးသို့ ရောက်လာသည့်အခါတွင် မြို့စောင့်တပ်မှူးဖြစ်သူ သူတို့ဦးကြီး ဝမ်ဇူတိန်သည် နယ်စပ်ဒေသရှိ နယ်ကိုးနယ်ကို ကွပ်ကဲရသည့် စစ်ဦးစီးချုပ် အဖြစ် ခန့်အပ်ခြင်း ခံရကြောင်းဖြင့် သတင်းကြားရလေ၏။

“ဦးကြီးရှိယင် ရွှေမြို့တော်မှာ ငါကြိုက်သလို နေရမှာ မဟုတ်ဘူး။ အနေကျုံ့ပြီး ပျင်းစရာ ကောင်းနေတော့မှာလို့ စိတ်ပျက်နေခဲ့တာ။ ခုတော့ ဦးကြီး ရာထူးတိုးပြီး ရွှေမြို့တော်က ပြောင်းရတော့မယ်ဆိုတော့ ဟန်ကျလိုက်လေဗျာ” ဟု ဆွေ့ပန်သည် ဝမ်းမြောက်ဝမ်းသာ တွေးလျက် ရှိလေ၏။

“မေမေရယ်၊ နေပြည်တော်မှာ ကျွန်တော်တို့ပိုင်တဲ့ အိမ်တွေ အများကြီးတော့ ရှိပါရဲ့။ ဒါပေမယ့် ကျွန်တော်တို့ မနေတာ ဆယ်နှစ် ဆယ်မိုးလောက် ရှိနေပြီ။ အစောင့်တွေကလဲ တွေ့သမျှ အိမ်ငှားတွေကို တင်ထားမှာပဲ။ ဒီတော့ အိမ်တွေကို ရှင်းလင်းထားဖို့ တစ်ယောက်ယောက်ကို ရှေ့ပြေး လွှတ်လိုက်ပါလား” ဟု ဆွေ့ပန်က သူ ့အမေကို ပြောပြ၏။

“အမယ်လေးကွယ်၊ ဒုက္ခများလှပါတယ်၊ ရွှေမြို့တော်ရောက်ယင် မေမေတို့ ဆွေမျိုးသားချင်းများဆီကို ပထမသွားမှာပေါ့။ ဦးကြီးတို့နဲ့ နေမလား၊ ဒေါ်ကြီး ဝမ်တို့နဲ့ နေမလား၊ ဘယ်မှာနေနေ ဖြစ်တာပဲ ဥစ္စာ။ သူတို့နှစ်အိမ်စလုံးမှာ နေစရာတွေကို ပြည့်လို့။ ဒီတော့ အဲဒီ တစ်အိမ်အိမ်မှာ ခဏတဖြုတ် နေသေးတာပေါ့၊ နောက်နေရင်း အိမ်တွေကို ရှင်းခိုင်းထားတာပေါ့”

“ဦးကြီးက ရာထူးတိုးပြီး ရွှေမြို့တော်က ပြောင်းရတော့မှာတဲ့ မေမေရ။ ဒီတော့ သူ ့ဆီ သွားတည်းလို့ ဘယ်ကောင်းပါ့မလဲ။ သူ့မှာ ပြောင်းဖို့ရွှေ့ဖို့ကိစ္စနဲ့ အလုပ်များနေမှာပေါ့။ ဒီတုန်းမှာ ကျွန်တော်တို့က တစ်အုပ်ကြီး သွားတည်းယင် ဘယ်ကောင်းပါ့မလဲ

“မင်းဦးကြီ၊ မရှိတော့ကော၊ ဒေါ်ကြီးဝမ်တို့အိမ် သွားတည်းလို့ ဖြစ်သားပဲ။ ရွှေမြို့တော်ကို လာခဲ့ပါလို့ ခေါ်နေတာကြာလှပြီ။ ခုမှပဲ ရောက်တော့တယ်။ ဟိုရောက်လို့ မင်းဦးကြီး တခြားကို ပြောင်းမှာဆိုတော့ ဒေါ်ကြီးဝမ်ကလဲ သူတို့ဆီမှာပဲ အတည်းခိုင်းမှာပေါ့။ တခြား ဘယ် အတည်းခံပါ့မလဲ။ ပြီးတော့ ရွှေမြို့တော် ရောက်ရောက်ချင်း တို့အိမ်တွေကို အတင်း ဒရောသောပါး ပြင်ဆင်ပြီး နေတယ်ဆိုတာကလဲ လူမြင်လို့ မကောင်းပါဘူး။ တစ်မျိုးတစ်မည် ထင်ကုန်ကြမှာပေါ့။

“မင်း စိုးရိမ်နေတာကို မေမေ သိပါတယ်ကွယ့်။ မင်းဦးကြီးတို့ ဒေါ်ကြီးဝမ်တို့နဲ့ နေရမှာကို ကျဉ်းကျပ်နေတယ် မဟုတ်လား။ ငါ့သားက ကိုယ့်ဘာဘာ့ကိုယ် နေချင်မှာပေါ့။ ကိုယ့်ဘာသာကိုယ်ဆိုတော့ လုပ်ချင်ရာ လုပ်နိုင်တာကိုး။ ဒီလိုဆိုယင်တော့ သားဘာသာ သွားပြီး တစ်ယောက်တည်းနေချေ။ မေမေတို့ကတော့ ညီအစ်မနှစ်ယောက် တွေ့ပြီး စကားစမြည် ပြောဦးမယ်။ မတွေ့ရတာ ကြာလှပြီ။ ညီမလေးပေါက်ကြည်ကိုလဲ ခေါ်သွားမယ်။ ဘယ့်နှယ်လဲ”

သူ့အမေကို လှည့်ပတ်ပြောဆို၍ မရမှန်းကို သိသည့်အခါ၌ ဆွေ့ပန်သည် အစေတော်များအား ယွန်းစံအိမ်ကြီးသို့ မောင်းရန် အမိန့် ပေးလိုက်လေ၏။

ထိုအတောအတွင်း၌ကား ဒေါ်ကြီးဝပ်သည် သူ့တူ ဆွေ့ပန် တစ်ယောက် ယုဆုန်၏ ကျေးဇူးကြောင့် လူသတ်မှုမှ လွတ်သွားပြီကို သိရသဖြင့် စိတ်အေးသွားရသော်လည်း သူ့အစ်ကိုကြီး ဝမ်ဇူတိန် နယ်ခြားသို့ ပြောင်းရွှေ့ရသည့်အတွက် ရွှေမြို့တော်တွင် သွားရောက် လည်ပတ်စရာ မိမိ၏ ရင်းနှီးသော သားချင်းဆွေမျိုး မရှိတော့ပြီဟု တွေးမိကာ စိတ်ပျက်လျက်ရှိ၏။ သို့ရာတွင် နောက် ရက်အနည်းငယ် ကြာသည့်အခါတွင်မူ အစေတော်တစ်ယောက် ရောက်လာကာ ညီမ ဖြစ်သူနှင့် သားသမီးနှစ်ယောက် ရွှေမြို့တော်သို့ ပြောင်းလာပြီ ဖြစ်ကြောင်း၊ ယခုပင် သူတို့ ရထားများ ဝင်းဝသို့ ရောက်နေပြီဖြစ်ကြောင်းဖြင့် လာရောက် ပြောကြားလေ၏။

ဒေါ်ကြီးဝမ်သည် ဝမ်းသာအားရဖြင့် သမီးနှင့်ချွေးမ လီဝမ်းတို့ ခြံရံလျက် ဧည့်သည်များကို ဧည့်ခန်းဝမှ ထွက်ကြိုပြီးနောက် အိမ်ထဲသို့ ခေါ်လာခဲ့လေ၏။ ဘဝ၏ နေဝင်ချိန်တွင် ပြန်လည် ဆုံတွေ့ကြသည့် ညီအစ်မနှစ်ယောက် မည်မျှ ဝမ်းသာဝမ်းနည်း ဖြစ်ကြပုံနှင့်တကွ ၎င်းတို့ ရယ်သံများ၊ မျက်ရည်များနှင့် အောက်မေ့ သတိရချက်များကိုမူ အထူး ဖော်ပြရန်လိုမည် မထင်တော့ချေ။

ဒေါ်ကြီးဝမ်သည် သူ့ညီမဖြစ်သည့် ဆွေ့ပန်တို့၏ အမေကို မယ်မယ်ထံ ခေါ်သွားပြီး ဧည့်သည်များကလည်း သူတို့ ယူလာသည့် လက်ဆောင်များကို ပေးကြလေ၏။ အိမ်သားအားလုံးနှင့် မိတ်ဆက် ပေးပြီးသည့်နောက်၌ ဧည့်သည်များအတွက် ကြိုဆိုဧည့်ခံသည့် စားသောက်ပွဲကြီး ပြုလုပ်၏။ ဆွေ့ပန်သည် ကျိချိန်အား နှုတ်ဆက်၏ ထို့နောက်တွင် ကျိလျှံသည် ကျိရှဲနှင့် ကျိချန်တို့ကို နှုတ်ဆက်ရန် အတွက် ဆွေ့ပန်ကို လိုက်ပို့လေ၏။

ထို့နောက်တွင် ကျိချိန်က

“ငါ့ခယ်မကတော့ နွေတွေ ဆောင်းတွေကို ကြုံခဲ့ရတာများလှပြီ။ ငါ့တူကတော့ ငယ်လဲငယ်သေးတယ်။ အတွေ့အကြုံလဲ နည်းသေးတယ်။ ရွှေမြို့တော်ဆိုတာ ရှုပ်ရှုပ်ယှက်ယှက်နဲ့မို့ အပြင်မှာနေယင် အန္တရာယ်များလှတယ်။ တို့ဝင်းထဲက အရှေ့မြောက်ထောင့်မှာရှိတဲ့ သစ်တော်မွှေးဆောင်မှာ အခန်းဆယ်ခန်းရှိတယ်။ ဒီအခန်းတွေအားလုံး လွတ်နေတာပဲ။ အဲဒီအခန်းတွေကို ရှင်းပြီး သူတို့ကို နေရာချပေးပါ” ဟု သူ့ဇနီး ဒေါ်ကြီးဝမ်ကို မှာလိုက်လေ၏။

မယ်မယ်ကလည်း

“ညည်းညီမကို ဒီမှာပဲ တည်းပေ့စေ။ တခြား ဘယ်ကိုမှသွားပြီး မနေစေနဲ့။ ဆွေမျိုးချင်း နီးနီးနားနား နေရတာပေါ့” ဟု ပြောလေ၏။

မိမိတို့ဘာသာ တသီးတခြားနေလျှင် ဆွေ့ပန် သောင်းကျန်း ရမ်းကားမည်ကို စိုးရိမ်နေသည့် ဒေါ်လေးဆွေ့မှာလည်း ယခုကဲ့သို့ သူ ့သားကို ဟန့်တားထိန်းသိမ်းမည့်သူများနှင့် နီးနီးကပ်ကပ် နေရသည့်အတွက် ဝမ်းသာလျက်ရှိလေ၏။ ထို့ကြောင့် ဒေါ်လေးဆွေ့သည် ထိုဖိတ်ကြားချက်ကို ချက်ချင်း လက်ခံလိုက်ကာ မိမိတို့သားအမိသည် ဤဝင်းကြီးထဲမှာပင် နေထိုင်မည် ဖြစ်ကြောင်း၊ သို့ရာတွင် ကြာရှည်နေရပါက မိမိ၏ မိသားစုများ၏ စားသောက်စရိတ်အဝဝကို ကိုယ်တိုင် အကုန်ကျခံခွင့် ပြုစေလိုကြောင်းဖြင့် အစ်မကြီးဝမ်ကို နှစ်ကိုယ်ကြား ပြာပြရလေ၏။ ဆွေ့ပန်တို့အမျိုးမှာ ငွေကြေး တောင့်တင်းသူများ ဖြစ်သည့်အတွက်ကြောင့် အစ်မကြီးဝမ်ကလည်း ထိုအချက်ကို သဘောတူလိုက်လေ၏။ သို့ဖြင့် ဒေါ်လေးဆွေ့နှင့် မိသားစုသည် ယွန်းစံအိမ် အင်းကြီးထဲရှိ သစ်တော်မွှေးဆောင်သို့ ပြောင်းရွှေ့ ခဲ့ကြလေ၏။

သစ်တော်မွှေးဆောင်မှာ ကွယ်လွန်သူ ယွန်းကူ မြို့စားကြီး အသက်ကြီးသည့်အခါတွင် အေးအေးလူလူနေခဲ့သည့် အဆောင်ဖြစ်၍ များစွာ မကြီးသည့်တိုင် လှပခမ်းနားသည့် အဆောင်တစ်ခုဖြစ်လျက် အဆောင်ထဲတွင် အခန်းဆယ်ခန်းလောက်နှင့်တကွ အိမ်ရှေ့တွင် ဧည့်ခန်း ကျယ်ကြီးရှိပြီး နောက်ဘက်တွင်လည်း အိပ်ဆောင်များနှင့် ရုံးခန်းများ ရှိပေသေး၏။ ဒေါ်လေးဆွေ့တို့ မိသားစုအဖို့ အပြင်သို့ ထွက်လိုလျှင် လမ်းသို့ တိုက်ရိုက်ထွက်နိုင်သည့် ဝင်းတံခါးတစ်ခုလည်းရှိပြီး အနောက်တောင်တံခါးမှ ထွက်၍ စင်္ကြံအတိုင်း သွားလျှင် ဒေါ်ကြီး၀မ်၏ အဆောင်တလင်းပြင်သို့ ရောက်လေ၏။ နေ့တိုင်း နေ့လယ်စာ စားပြီးလျှင် သို့မဟုတ် ညနေပိုင်းဆိုလျှင် ဒေါ်လေးဆွေ့သည် မယ်မယ်နှင့် သွား၍ စကားပြောတတ်လေ၏။ သို့မဟုတ်လျင်လည်း အစ်မကြီးဝမ်ထံသို့သွားကာ ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုလျက် ရှိကြလေ၏။

ပေါက်ကြည်မှာ ထိုက်ယု၊ အင်ချွန်း စသည့် မိန်းကလေးများနှင့် အတူ ပျော်ရွှင်လျက်ရှိကာ စာဖတ်ခြင်း၊ ဇာပန်းထိုးခြင်း၊ စစ်တုရင် ကစားခြင်း စသည်တို့ဖြင့် အချိန်ကုန်လျက်ရှိလေ၏။

အစတွင် ဆွေ့ပန်သည် သူ လုပ်ချင်ရာ မလုပ်ရတော့ဘဲ သူ့ဦးကြီးက ကွပ်ညှပ်မည် စိုးသည့်အတွက် ထိုအစီအစဉ်ကို များစွာသဘောမကျခဲ့ချေ။ သို့ရာတွင် သူ့အမေက ထိုအိမ်တွင်ပင် နေထိုင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် တစ်ကြောင်း၊ ကျိချိန်တို့ မိသားစုကလည်း သူတို့အိမ်မှာပင် နေထိုင်ရန် အတင်းအကျပ် တိုက်တွန်းနေသည့် အတွက်ကြောင့် တစ်ကြောင်း၊ လောလောဆယ်တွင်မူ ထိုအစီအစဉ်ကို လက်ခဲ့ရလေ၏။ သို့ရာတွင် ပြောင်းချင်သည့်အခါတွင် အဆင်သင့် ဖြစ်ရန်အတွက် အစေတော်တစ်ယောက်ကို လွှတ်၍ မိမိတို့အိမ်ကို အပြင်ခိုင်းထားလေ၏။

တစ်လနီးပါးခန့် နေမိသည့်အခါတွင်မူကား ကျိချိန်၏ မိသားစုရှိ သားများ၊ တူများနှင့်တကွ သူတို့အထဲမှာ အပေါင်းအသင်းများ ပေါင်းဖက်မိသွားကာ ပျော်နေလေပြီ။ တစ်ခါတလေတွင် သူတို့လူတစ်သိုက် စုပြီး အရက်သောက်ကြ၏။ တစ်ခါတရံတွင်လည်း ပန်းဥယျာဉ်ထဲတွင် လျှောက်လည်ကြ၏။ ထိုနောက်တွင်မူ လူရွယ်များသည် ဆွေ့ပန်ကို လောင်းကစားဝိုင်းများသို့ ခေါ်သွားခြင်း၊ ပြည့်တန်ဆာ အိပ်များသို့ ခေါ်သွားခြင်း စသည်တို့ကို လုပ်လာကြလေရာ ဆွေ့ပန်မှာ ယခင်ကထက် ဆယ်ဆတိုး၍ ပျက်စီးလာခဲ့လေ၏။

ကျိချိန်သည် သားများကို ပညာသင်ပေးရာတွင် လည်းကောင်၊ အိမ်တွင်း စည်းကမ်း ကြပ်မတ်ရာတွင်လည်းကောင်း တော်လှသည်။ နာမည်ကြီးသည့်တိုင် အိမ်ထောင်စုကြီးက ကြီးလွန်းသည့်အတွက် နေရာတကာကို လိုက်၍ ကွပ်ညှပ်ခြင်း မပြုနိုင်ချေ။ ထို ့ပြင် ကျိချိန်မှာ ယွန်းမြို့စားကြီး၏ အကြီးဆုံးမြေး ဖြစ်သည့်အတွက်လည်း ကျိဆွေမျိုအားလုံး၏ ကိစ္စအဝဝကို စီမံခန့်ခွဲ နေရလေ၏။

ထိုသို့ မိသားစု ဆွေမျိုးကိစ္စ၊ ပေါင်းသင်း ဆက်ဆံရေးကိစ္စများကို အာရုံပြုနေရသူ ဖြစ်သည့်အပြင် ကျိချိန်သည် လူမှုကိစ္စများကို အလေးအနက် ထားတတ်သူ တစ်ယောက် မဟုတ်ဘဲ ပေါ့ပေါ့နေ ပေါ့ပေါ့စား တတ်သည့် ဝါသနာရှိသည့် အလျောက် ကျန်အချိန်များတွင် စာဖတ်ခြင်း၊ စစ်တုရင်ထိုးခြင်းဖြင့် အချိန်ကုန်လျက် ရှိလေ၏။

ဆွေ့မိသားစု နေထိုင်သည့် သစ်တော်မွှေးဆောင်မှာ ကျိချိန် နေထိုင်သည့် အဆောင်နှင့် နှစ်ဝင်းကျော် တလင်းနှစ်ကွက်ကျော်ကျော် မျှခြားပြီး လမ်းမကိုလည်း ကိုယ့်တံခါးဖြင့်ကိုယ် ထွက်နိုင်လေရာ လူငယ်များမှာ လွတ်လပ်ခွင့် ရလျက်ရှိကာ သောက်လိုက် စားလိုက်၊ ပျော်လိုက် ပါးလိုက်ဖြင့် ဖြစ်ချင်တိုင်း ဖြစ်လျက် ရှိလေ၏။ ထိုအကြောင်းများကြောင့် ဆွေ့ပန်သည် နောက်အိမ်သစ်သို့ ပြောင်းရန် စိတ်ကူးကို စွန့် လွှတ်လိုက်လေ၏။

မည်သို့ ဖြစ်ပျက်သည်ကို သိလိုလျှင် နောက်တစ်ခန်းကို ဖတ်ပါလေ။

အခန်း - ၅ ဖတ်ရန်


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်