ခန်းဆောင်နီအိပ်မက် @ အခန်း - ၅

 


မနောမသိဒ္ဓိ ကျောက်စိမ်းတုံးသည်

နတ်သမီးတို့၏ စကားထာများကို အရှုံးပေးရခြင်း။

မာယာဒေဝီနတ်သမီးသည် သနားကြင်နာသောအားဖြင့်

အချစ်အကြောင်းကို လျှို့ဝှက်၍ ဖော်ပြခြင်း။


ရာသီနွေဦး၊ ယစ်မူးအိပ်ငိုက်

ဖိတ်ဖိတ်တောက်ပြောင်၊ ရွှေခြည်စောင်လွှမ်း

အနမ်းအိပ်မက်၊ ရုတ်တရက်ဖြင့်

ရှိုက်မက်တမ်းမော၊ သူယောင်တောသို့ 

မောလျရောက်လာ၊ မည်သူပါလိမ့် 

ကမ္ဘာကမ္ဘေ' အသင်္ချေက

ပြုပြင်မရ၊ ဆိုမရသည့်

မိုက်မဲလှသူ၊ အို ချစ်သူ။


ဆွေ့ပန်တို့မိသားစု ယွန်းစံအိမ်ကြီးသို့ မည်သို့မည်ပုံ ရောက်ရှိလာကြောင်းကို အခန်း ၄ တွင် အကျဉ်းချုပ် ဖော်ပြခဲ့လေပြီ။ ယခု ထိုက်ယု အကြောင်းကို ပြန်၍ ကောက်အံ့။

ယွန်းစံအိမ်ကြီးသို့ ရောက်သည့်အချိန်မှစ၍ မယ်မယ်သည် ထိုက်ယုအား များစွာ အလိုလိုက် ချစ်ခင်ကာ သူ အချစ်ဆုံးမြေး ပေါက်ယုကို အလိုလိုက်သကဲ့သို့ အလိုလိုက်သည့်အတွက် ယင်ချွန်း၊ တန်ချွန်း၊ ဆီချွန်း စသည့် ကျိချိန်မိသားစုံမှ မိန်းကလေးများမှာ နောက်တန်းသို့ ရောက်သွားကြလေ၏။ ပေါက်ယုနှင့် ထိုက်ယုတို့မှာလည်း အခြားသူများထက် ပို၍ ခင်မင် ရင်းနှီးလာခဲ့ကြလေ၏။ နေ့ခင်းတွင် သူတို့နှစ်ယောက်သည် ဥယျာဉ်ထဲသို့ အတူ လျှောက်သွားကြ၏။ သို့မဟုတ်လျှင်လည်း ထိုင်၍ စကားပြောကြ၏။ ညဆိုလျှင်လည်း သူတို့ နှစ်ယောက်သည် အဆောင်တစ်ဆောင်တည်းတွင် အိပ်ကြ၏။ အမှန်ပြောရလျှင် သူတို့နှစ်ယောက်သည် နေရာတိုင်းတွင် စိတ်ချင်းသဘောချင်း တိုက်ဆိုင်လျက် ရှိလေ၏။

သို့ရာတွင် ယခုအချိန်တွင်မူ ပေါက်ကြည် ရောက်လာခဲ့လေပြီ။ ပေါက်ကြည်သည် သူတို့နှစ်ယောက်စလုံးထက် အနည်းငယ်မျှသာ ကြီးသည့်တိုင် အနေအထိုင်၊ အပြောအဆိုမှစ၍ ယဉ်ကျေးသိမ်မွေ့ လှသည့်အတွက် ထိုက်ယုထက် သာသည်ဟု လူတိုင်းကပင် ချီးမွမ်းကြ၏။ လူတိုင်းလူတိုင်း၌ ချီးမွမ်းစရာ ဂုဏ်တစ်ခုစီ ရှိတတ်ကြစမြဲ ဖြစ်လေရာ ထိုက်ယုနှင့် ပေါက်ကြည်တို့ နှစ်ယောက်မှာကား တစ်ယောက်က ပန်းပွင့်ကလေးတစ်ပွင့်လို ချစ်စရာကောင်းပြီး အခြားတစ်ယောက်က မိုးမခပင် တစ်ပင်နှယ် ကျက်သရေ ရှိလှပေ၏။ နှစ်ယောက်စလုံးပင် စိတ်နေသဘောထားကို လိုက်၍ တစ်ယောက်တစ်မျိုးစီ စွဲမက်နှစ်သက်ဖွယ် ကောင်းလျက် ရှိလေ၏။

ပေါက်ကြည်မှာ အပေးအကမ်းရက်ရောပြီး အပေါင်းအသင်း ဆံ့ရုံမျှမက အထိန်းတော်များ၊ အစေတော်များ၏ ချစ်ခင်မြတ်နိုးခြင်းကိုလည်း ခံရလေရာ ပေါက်ကြည်၏ ထိုသို့သော စရိုက်သည် ခပ်အေးအေး တသီးတခြားနေတတ်သည့် ထိုက်ယု၏ စရိုက်နှင့် များစွာ ခြားနားလျက် ရှိလေ၏။ အစေတော်၊ အထိန်းတော်များသည် ပေါက်ကြည်နှင့် စကားပြောဆိုနေရသည်ကို နှစ်သက်ကြ၏။ ထိုအကြောင်းများကြောင့် ထိုက်ယု၏ ရင်ထဲတွင် မနာလိုစိတ်သည် ပေါ်ပေါက်လာခဲ့လေပြီ။ သို့ရာတွင် ပေါက်ကြည်မှာမူ ထိုအချက်ကို လုံးဝ သတိမပြုမိချေ။

ပေါက်ယုမှာ ယခုထက်တိုင် သူငယ်တော်အရွယ်မျှသာ ရှိပြီး နွဲ့ဆိုး ဆိုးလိုက်သည်မှာလည်း ဆိုဖွယ် မရှိတော့ချေ။ ကြီးသည်ငယ်သည် နီးသည် ဝေးသည်မဟူ အစ်ကိုများ၊ အစ်မများ၊ ဝမ်းကွဲညီအစ်ကို မောင်နှမများအပေါ်တွင် အနိုင်ကျင့်တတ်၏။ ပေါက်ယုနှင့် ထိုက်ယုတို့မှာ မယ်မယ်၏ အဆောင်ထဲတွင် နေကြရသူများ ဖြစ်လေရာ ပေါက်ယုသည် အခြားသော မိန်းကလေးများထက် ထိုက်ယုနှင့် ပို၍ ခင်မင်ရင်းနှီးလာခဲ့လေ၏။ သို့ရာတွင် ထိုသို့ ရင်းနှီးလာခဲ့သည့် အတွက်ပင်လျှင် ပေါက်ယုသည် ထိုက်ယုကိုလည်း တစ်ခါတစ်ရံတွင် အနိုင်ကျင့်တတ်သဖြင့် ထိုက်ယုမှာ မကြာခဏ စိတ်ထိခိုက်ခြင်း ဖြစ်ရပေ၏။

တစ်နေ့တွင်မူ ပေါက်ယုနှင့် ထိုက်ယုတို့သည် ကိစ္စတစ်ခုကြောင့် စကားများခဲ့ကြသဖြင့် ထိုက်ယုသည် အခန်းဆောင်သို့ ပြန်လာကာ တစ်ယောက်တည်း ကျိတ်၍ ငိုလျက်ရှိလေ၏။ ပေါက်ယုသည် သူများသွားပြီကို သိလိုက်သည့်အတွက် အနားသို့ရောက်လာပြီး ကျေရာ ကျေကြောင်း တောင်းပန် ချော့မော့လျက် ရှိလေ၏။

နိန်စံအိမ်ထဲရှိ ဥယျာဉ်တွင် ဆီးတော်ပွင့်တွေ ဝေအောင် ပွင့်စပြုကြလေပြီ။ ကျိချန်၏ဇနီး မမယုသည် မယ်မယ်၊ ဒေါ်လေးဆင့်၊ ဒေါ်ကြီးဝမ်နှင့် အခြားသူများကို ပန်းခြံကြည့်ရန် ဖိတ်ထားလေ၏။ မမယုသည် သားဖြစ်သူ ကျိယုန်နှင့် သူ့ဇနီးကျင်ကို့တို့ကို လွှတ်၍ အဖိတ်ခိုင်းလိုက်သဖြင့် မယ်မယ်တို့ တစ်သိုက်လည်း မနက်စာ စားပြီးသည်နှင့် နိန်စံအိမ်ကြီးဘက်သို့ ကူးလာခဲ့ကြလေ၏။ သူတို့တစ်သိုက်သည် ပန်းပေါင်းနံ့သာ ဥယျာဉ်ထဲတွင် လျှောက်၍ ပန်းများကို ကြည့်ကြပြီးလျှင် လက်ဖက်ရည်ကြမ်း ထို့နောက် ဝိုင်အရက်ချိုတို့ သောက်သုံးကာ အပန်းဖြေလျက် ရှိကြ၏။ သို့ရာတွင် သူတို့တစ်သိုက် တွေ့ဆုံ စကားပြောကြခြင်းမှာ စံအိမ်ကြီးနှစ်ခုမှ အမျိုးသမီးများ အပျင်းပြေ တွေ့ဆုံစကားပြောခြင်းမျိုးမျှသာ ဖြစ်သည့်အတွက် ဤနေရာတွင် အထူးအထွေ မှတ်တမ်းတင်စရာ မရှိချေ။

“သူ့ကို ကျွန်တော်မတွေ့လိုက်ပါလား။ သွားခေါ်ချည်ပါလား၊ တွေ့ရတာပေါ့

ထိုအခါတွင် အစေတော် မိန်းမများသည် ရယ်လိုက်လျက်

“ဘယ်ခေါ်လို့ ရတော့မှာလဲ သခင်လေးရဲ့၊ ခုဆို သူက အဝေးကို ရောက်နေပြီ။ နောက်တစ်ခါ လာတော့မှ တွေ့ပေတော့

ကျင်ကို့၏ ခန်းဆောင်ထဲသို့ ဝင်လိုက်သည့်အခါ၌ အလွန်မွှေးကြိုင်သော ရေမွှေးနံ့သည် သင်းပျံ့လျက် ရှိလေရာ ပေါက်ယုမှာ မျက်လုံးတွေ ရီဝေလာပြီး အရိုးတွေ အရည်ပျော်ကျ သွားသည်ဟု ထင်လိုက်လေ၏။

“မွှေးနေတာပဲနော်” ဟု ပေါက်ယုက ပြောလေ၏။

စက်ခန်းဆောင်ထဲသို့ ဝင်လိုက်သည့် အခါတွင် နံရံပေါ်၌ နွေဦး ရာသီ၌ အပွင့်တွေ ဝေနေအောင် ပင်လုံးကျွတ် ပွင့်နေသည့် ပန်းသီးရိုင်းပင်ကြီး တစ်ပင်အောက်တွင် အိပ်ပျော်သော အလှမယ်တစ်ဦး၏ ပန်းချီကားကို တွေ့ရလေ့၏။ ထိုပန်းချီကားဘေးတွင် ချိတ်ထားသည့် စာတန်းများမှာ ဆွန်မင်းခေတ် သုခမိန်ချင်ကွမ်း၏ ကဗျာတိုကလေးများ ဖြစ်၏။ 


ခါနွေဆန်း သုံ့ပန်းကစီရရီ

ပန်းလှပြီ အိပ်မက်ထဲမှာ 

အေးမြခဲ့ပြီ။ 

မွှေးပျံ့ပျံ့ ရနံကြည်

ရစ်သီလို့ပျံဝဲ။

ယစ်ရွှေရည် ထိုအနံ့ကို

ကြိုက်ကြသည်ပဲ။


အလှပြင်မှန်ခုံပေါ်တွင်မူ ထျန်မင်းဆက်ခေတ် ဧကရီ ဝူရှိထျန်၏ ကြေးမုံခန်းဆောင်တွင် ထားခဲ့သည့် ကြေးမုံကြီးတစ်ချပ် ရှိလေ၏။ ထိုကြေးမုံအနီး ရွှေဗန်းထဲတွင်မူ ထျန်မင်းဆက်ခေတ်က နာမည်ကျော် ကချေသည်တစ်ဦး ဖြစ်သည့် ချောဖေ့ယင် တက်၍ ကခဲ့သည်ဟု အဆို ရှိသော ရွှေလင်ဗန်းတစ်ချပ်ရှိပြီး ထျဲန်မင်းဆက် ဧကရာဇ်မင်း ကွမ်၏ အချစ်တော် မိဖုရားငယ် ယင်အား ထိုခေတ်က သူပုန်ဗိုလ်ချုပ် အန်ဂျရှန်က ရင်တွင်ဒဏ်ရာရအောင် ပစ်ပေါက် ကျီစယ်ခဲ့သည်ဆိုသော ဥသျှစ်မွှေးသီးခြောက်ကို တင်ထား၏။ ခန်းဆောင် အစွန်တွင်မူ ဆွန်နိုင်ငံခေတ်က ဝူဧကရာဇ်၏ အလှမယ် သမီးတော် တစ်ပါး ဖြစ်သည့် ရှောက်ပန်ထိပ်ထားသည် ဟန်ချန်နန်းဆောင်တွင် အိပ်စက်ခဲ့ရာ ဖြစ်သည့် ညောင်စောင်းတစ်ခု ရှိလေ၏။ ထိုညောင်စောင်းပေါ်တွင် ထျန်ခေတ် မင်းသမီးတစ်ပါးဖြစ်သော တုန်ချန်ထိပ်ထား အသုံးပြုခဲ့သည့် ပုလဲမြိတ် အသွယ်ချထားသည့် ကန့်လန့်ကာကို ချိတ်ဆွဲထားလေ၏။

“တယ်ပြီး ကြည်နူးစရာ ကောင်းပေတာပဲနော်” ဟု ပေါက်ယုသည် တဖွဖွပြောကာ ပျော်၍ နေလေ၏။

“ကျင်ကို့ရဲ့ စက်ရာက နတ်သားတစ်ပါးတောင် ပျော်မွေ့နိုင်တဲ့ စက်ရာပါကွယ့်” ဟု ကျင်ကို့က ခပ်ပြုံးပြုံးဖြင့် ပြောလေ၏။ ကျင်ကို့သည် ထွေ့နိုင်ငံခေတ် အလှမယ်တစ်ပါးဖြစ်သည့် ဆီရှိကိုယ်တိုင် လျှော်ဖွပ်သည့် ပိုးပျော့ အိပ်ရာခင်းကို သူကိုယ်တိုင် ဖြန့်ခင်းပေးကာ ယွန်မင်းဆက်ခေတ်က နာမည်ကျော် နန်းတွင်း အောင်သွယ်တော်ကြီးဖြစ်သူ တုန်နမ် ယူဆောင်လာခဲ့သည့် သတို့သမီးသုံး ပိုးပျော့ခေါင်းအုံးကိုလည်း သူကိုယ်တိုင် နေရာ ချပေးလေ၏။ ထိုနောက်၌ အထိန်းတော်များနှင့် အစေတော်များသည် ပေါက်ယုကို အသာ ပွေ့သိပ်ကာ ထွက်သွားကြလေ၏။ စက်ခန်းဆောင်ထဲတွင် ပေါက်ယု၏ အစေတော်များ ဖြစ်သော မာလာ၊ ပုလဲ၊ မိလ္လာနှင့် နွေလှိုင်းတို့သာလျှင် ကျန်ရစ်ခဲ့၏။ ကျင်ကို့က ငှင်းတို့အား အပြင်ဘက်စင်္ကြံတွင် သွား၍ ကြောင်ကလေးများ၊ ခွေးကလေးများ ကစားနေသည်ကို ကြည့်ရန် ခိုင်းလိုက်လေ၏။

မျက်စိမှိတ်လိုက်သည်နှင့် ပေါက်ယုသည် အိပ်ပျော်သွားလေပြီ။ အိပ်မက်ထဲတွင် ကျင်ကို့သည် သူ ့ရှေ ့တွင် ရပ်နေသည်ကို မြင်လေ၏။ ပေါက်ယုသည် စိတ်ညှို့ခံရသူကဲ့သို့ ခရမ်းရောင်လက်ရန်းများ ကာထားသည့် ကျောက်ဖြူသား လှေကားထစ်ကြီးများအတိုင်း ကျင်ကို့နောက်သို့ လိုက်လာခဲ့လေ၏။ ကျောက်ဖြူသား လှေကားကြီးဘေးတွင် စိမ်းမှောင်သော သစ်ပင်တို့ ဝေဆာလျက်ရှိပြီး ကြည်လင်သော စမ်းချောင်းကလေးများသည်လည်း တသွင်သွင် စီးဆင်းလျက် ရှိလေ၏။ ထိုနေရာကား အညစ်အကြေး ဖုန်မှုန့်ဆို၍ မြူမျှမရှိသော လူသူတို့ မရောက်ဖူးသည့် ဘုံဗိမာန် ဖြစ်လေ၏။

“တယ်လို့လဲ ကြည်နူးစရာကောင်းပေတာပဲ။ ဒီလို ပျော်စရာကောင်းတဲ့ နေရာမျိုးကို သေတပန်သက်ဆုံး နေလိုက်ချင်ပါဘိ၊ အိပ်မှာဆိုယင် လူကြီးမိဘတွေ၊ ဆရာသမားတွေ့ရဲ့ ဆုံးမတာတွေ။ ကြိမ်နဲ့ ရိုက်တာတွေ ခံရတယ်၊ ဒီလို သာယာတဲ့ နေရာမျိုးမာသာ နေရမယ်ဆိုယင် မိဘ အိုးအိမ်အားလုံးကိုတောင် စွန့်ပါရဲ့” ဟု ကျေနပ်စွာတွေးလျက် ရှိလေ၏။

တောင်ကုန်း၏ တခြားဘက်မှ သာယာသည့် သီချင်းဆိုသံကို ကြားရသည့်အခါ၌ ပေါက်ယုမှာ အပျော်ကြီးပျော်လျက် ရှိလေပြီ။


နွေဦးအိပ်မက်တွေ....တိမ်တိုက်တွေနဲ့ လွင့်ပါးကြပေ.... 

ပန်းပွင့်တွေလဲ စမ်းရေစီးမှာ...မျောပါကြသလေ ......

နုနယ်တဲ့ ချစ်သူတွေလဲ...မလိုအပ်ဘဲနဲ့ အသည်းမကွဲကြဖို့... 

သတိပေးလိုက်လေ...


ထိုအသံမှာ မိန်းမပျိုကလေးတစ်ယောက်၏ အသံဖြစ်၏။ သီချင်းမဆုံးခင်မှာပင် တောင်ကုန်းကို ကွေ့ပတ်ကာ မိမိထံလာနေသော မိန်းမပျိုကလေးတစ်ယောက်ကို မြင်ရလေ၏။ ထိုမိန်းမပျိုကလေးမှာ လွန်စွာကျက်သရေရှိကာ လှပချောမောလှသည့်အတွက် လူစင်စစ် မဖြစ်နိုင်။ ဘုံကြိုးပြတ်သည့် နတ်မိမယ်တစ်ပါးပင် ဖြစ်ရမည်ဟု ပေါက်ယု ထင်လိုက်လေ၏။ ထိုနတ်မိမယ်၏ အလှကို ရေးပြရလျှင် အောက်ပါ အတိုင်း ရေးပြနိုင်ပေ၏။

နတ်မိမယ်သည် မိုးမခကမ်းပါးမှ ထွက်ခဲ့ပြီးလျှင် ပန်းတောကြီးထဲသို့ ဖြတ်သန်း၍ လျှောက်လာခဲ့လေ၏။ သူ့ခြေသံကြောင့် ဥယျာဉ်ထဲရှိ သစ်ပင်များပေါ်တွင် နားနေကြသည့် ငှက်ကလေးများမှာ လန့်ပျံ သွားကြလေ၏။ မကြာခင် ထိုနတ်မိမယ်၏ အရိပ်သည် ကျောက်သား ဝရန်တာပေါ်သို့ ထိုးကျလာလေ၏။ လေထဲတွင် တလွင့်လွင့် ပျံဝဲလျက်ရှိသည့် နတ်သမီးဝတ်ရုံလွှာမှာ ကတိုးနံ့နှင့် ခွာညိုနံ့တို့ မွှေးကြိုင် သင်းထုံလျက်ရှိသဖြင့် ရှူရှိုက်ရသူအပေါင်းတို့ကို ရီဝေ ယစ်မူးစေလေ၏။ ကြာပန်းလွှာဝတ်ရုံကို လေတိုးသည့်အခါ၌ ထို၀တ်ရုံတွင် ဆွဲထားသည့် ကျောက်မျက်ရဘနာတို့သည် တချွင်ချွင်မြည်လျက် ရှိကြလေ၏။

နတ်မိမယ်၏ ပါးချိုင့်ကလေးများ ပေါ်နေသည့် အပြုံးသည် နွေဦးတွင် ပွင့်သည့် မက်မုံပွင့်နှင့် တူ၏။ ပြာမှောင်သော ဆံကေသွယ်တို့သည် တိမ်တိုက်များနှင့် တူ၏။ နှုတ်ခမ်းများသည် ချယ်ရီပန်းကဲ့သို့ ဖြစ်၍ သလဲစေ့သဖွယ် သွားများမှ ထွက်လာသည့် ထွက်သက်သည် မွှေးပျံ့ပါပေ၏။

သေးသွယ်သည့် ခါး၏ ကောက်ကြောင်းသည် လေတွင် နှင်းပွင့်ကလေးများ လွှင့်ပါလာပုံနှင့် အလားသဏ္ဌာန် တူ၏။ နဖူးတွင် စည်းထားသည့် ဦးရစ်တွင် အဆန်းဆန်းအကြယ် စီခြယ်အပ်သော ပုလဲလုံးများ၊ မြခဲများနှင့် နရဏီရွှေတို့သည် ပြိုးပြိုးပြက်ပြက် တောက်ပလျက် ရှိ၏။

နတ်မိမယ်သည် ပန်းတောကြီးထဲတွင် ပျောက်ကွယ်သွားချည် ပေါ်လာချည် ဖြစ်လျက်ရှိပြီး သူ့မျက်နှာမှာလည်း တစ်ခါတစ်ခါတွင် စိတ်ရှုပ်သည့်နှယ် မှုန်မှိုင်းသွားချည်၊ တစ်ခါတစ်ရံတွင် ပျော်မြူးသည့်နှယ် ရွှင်လန်းချည်ဖြစ်လျက် ရှိလေ၏။ ကန်ရေပြင်ကို ဖြတ်လာသည့်အခါတွင် နတ်မိမယ်သည် လေတွင် ဝဲပျံလာသည့်နှယ် လွင့်မျောပါလာ၏။

ရွှေပိုးတီကောင်နှယ်ရှိသော သူ့မျက်ခုံးများသည် အနည်းငယ် တွန့်လျက် ရှိကြသည့်တိုင် အပြုံးတစ်ခုသည် မသိမသာ ယှက်သန်းလျက်ရှိပြီး စကားပြောမည့်ဟန်ဖြင့် လှပသော နှုတ်ခမ်းအစုံကို ဟထားသော်လည်း မည်သည့်အသံကိုမျှ မကြားရချေ။ နတ်မိမယ်သည် ကြာပန်းကဲ့သို့သော ခြေအစုံဖြင့် လျင်မြန်စွာ လွင့်မျောနေရာမှ တစ်ခါတစ်ခါတွင် တုံ့ခနဲ့ ရပ်သွားကာ ငှက်သွင်ပျံကြွတော့မယောင် ထင်ရလေ၏။

အသားအရေမှာ ပြစ်မျိုးမထင်ဘဲ နှင်းခဲကဲ့သို့ ကြည်လင် သန့်ရှင်းကာ ပယင်းကဲ့သို့ ချောမွေ့လျက် ရှိလေ၏။ နတ်မိမယ်၏ ဝတ်စုံမှာလည်း အဆန်းတကြယ်ဖြစ်သော ပန်းပွင့်မျိုးစုံတို့ဖြင့် ရေးခြယ်ထားလေ၏။ မျက်နှာသည် ချိုမြလျက် နံ သာပန်းပေါင်းနံ့ဖြင့် သင်းထုံကာ ပယင်းရောင်ဖြင့် လဲ့ကြည်လျက် ရှိလေ၏။ နတ်မိမယ်သည် ပျံသန်းတော့မည့် နတ်ငှက်တစ်ကောင်နှင့်သော်လည်းကောင်း၊ နဂါးတစ်ကောင်နှင့်သော်လည်းကောင်း တူပေ၏။

နတ်မိမယ်၏ ဖြူဝင်းပုံကို မေးမည်လော။ နှင်းပွင့်များထဲမှ ချောင်းကြည့်နေသော ဆီးတော်ပွင့်များနှင့် တူပေ၏။ သန့်စင်ခြင်းကို မေးမည်လော။ နှင်းဝတ်လွှာကို ခြုံထားသည့် နတ်ပန်းမြခွာညိုနှင့် တူပေ၏။ တည်ကြည်ငြိမ်သက်ပုံကို မေးဦးမည်လော။ အထီးကျန် တောင်ကြားတစ်ခုထဲမှ ပိုင်းပင်တစ်ပင်နှင့် တူပေ၏။ အလှကို မေးမည်လေ၁။ ငြိမ်သက်နေသည့် ကန်ရေပြင်တွင် မှန်ကြည့်နေသည့် ဆည်းဆာ နေဝင်ချိန်နှင့် တူပေ၏။ ကျက်သရေရှိပုံကို မေးမည်လော။ ကွေ့ကောက်နေသည့် စမ်းချောင်းကို ဆန်ကူးနေသည့် နဂါးတစ်ကောင်နှင့် တူပေ၏။ မနောဓာတ်ကို ပြောမည်လော။ နှင်းဝေနေသည့် မြစ်ယုံပေါ်သို့ လရောင်ရည် ထိုးကျနေသည်နှင့် တူပေ၏။

နတ်မိမယ်သည် (ထျန်မင်းဆက်ခေတ် အလှမယ်များ ဖြစ်သော) စပ်ကျန်းကို ရှက်သွေးဖျန်းစေကာ ဆီရှိကို အရှက်ရစေ ပေလိမ့်မည်။

နတ်ဘုံတွင် နတ်မိမယ်သည် တုကျွန်းလွှတ်ပေ၏။ နတ်ပြည်မှ နန်းအဆောင်ဆောင်တွင် နတ်မိမယ်သည် ပြိုင်နှုန်းကင်းပေ၏။ 

ဤအလှမယ်သည် မည်သူ ဖြစ်လေသနည်း။

ပေါက်ယုသည် နတ်မိမယ်ကိုမြင်လျှင် များစွာ တိမ်းညွှတ်သည် ဖြစ်၍ ဦးညွှတ် နှုတ်ဆက်လေ၏။ ပေါက်ယုသည် ပြုံးလိုက်လျက် “အို နတ်မိမယ်၊ ဘယ်ကလာ၍ ဘယ်ကိုသွားမည်နည်း။ ကျွန်ုပ်မှာ လမ်းပျောက်လျက် ရှိသဖြင့် လမ်းပြပါ” ဟု ပြောလေ၏။

“ကျွန်ုပ်၏ဘုံသည် သောကပင်လယ် အတွင်းရှိ ပူဆွေးခြင်း ကျွန်း အထက်တွင် ရှိလေ၏။ ကျွန်ုပ်သည် အသင်္ခတဘုံ၊ ဂိမန္တရာသီတောင်ထွတ်ရှိ ဂန္ဓမာဒနလှိုဏ်ဂူမြနန်းတွင် နေထိုင်သည့် မာယာဒေဝီ နတ်သမီး ဖြစ်ပေ၏။ ကျွန်ုပ်သည် လူ့ ပြည်တွင် ရှိသည့် နဖူးစာ ဇာတ်လမ်းများနှင့် တုံ့ပြန်ခြင်း မခံရသော မေတ္တာဇာတ်လမ်းကို အစိုးရသူ ဖြစ်၏၊ လူ့ပြည်တွင် ရှိသည့် မိန်းမတို့၏။ သောကနှင့် ယောက်ျားတို့၏ ရမ္မက်ကို အစိုးရသူ ဖြစ်ပေ၏။ ယခင် ဘဝဘဝများစွာက ချစ်သူတို့သည် ဤဘုံတွင် ပြန်လည်ဝင်စားကာ လာရောက် စုဝေးကြကုန်၏။ ထို့ကြောင့် ကျွန်ုပ်သည် ထိုချစ်သူတို့၏ အချစ်နှင့်အလွမ်းကို ဖန်တီးပေးရန် ရောက်လာခြင်း ဖြစ်ပေ၏။

“ကျွန်ုပ်တို့သည် ဤနေရာနှင့် များစွာ မဝေးလှပါ။ ကျွန်ုပ်တွင် ဧည့်ခံပြုစုစရာဆို၍ ကျွန်ုပ်လက်ဖြင့် ခူးထားသည့် နတ်သစ်ရွက် လက်ဖက်ရည်နှင့် ကျွန်ုပ်ကိုယ်တိုင် ချက်လုပ်ထားသည့် နတ်သုဒ္ဓါရည် သီချင်းသည်နှင့် ကချေသည်များ အပြင် “ခန်းဆောင်နီအိပ်မက်” အမည်ရှိသော နတ်တေးဂါထာ တစ်ဆယ့်နှစ်ပုဒ်တို့သာ ရှိပေ၏။ အသင်လူသား ကျွန်ုပ်နှင့် လိုက်ခဲ့ပါလေ”

ပေါက်ယုသည် ကျင်ကို့ကို မေ့သွားလေ့ပြီ။ အသင်္ခတဘုံဟု ကံမ္ဗည်းထိုးထားသည့် ကျောက်ဖြူသား မုခ်ဦးကြီးထဲသို့ဝင်ကာ မာယာဒေဝီ နတ်သမီးနောက်သို့ လိုက်လာခဲ့လေ၏။ ကျောက်တိုင်ကြီး တစ်ဖက်တစ်ချက်တွင်မူ အောက်ပါအတိုင်း စာတန်း ထိုးထားလေ၏။


“အကြင်အရပ်၌ အတုကို အစစ်ဟု ထင်၏။ ထိုအရပ်၌ အစစ်သည် အတုဖြစ်၏။

အကြင်အရပ်၌ မဟုတ်ကို အဟုတ်ထင်၏။ ထိုအရပ်၌ အဟုတ်သည် မဟုတ်ဖြစ်၏။


မုခ်ဦးကြီးကို လွန်သော် အလွန်ကြီးကျယ်သည့် နန်းဘုံထွတ်ဘုံ ဆောင်ကြီးတစ်ခု၏ အဝကို လှမ်းမြင်လိုက်ရပြီးလျှင် “သောကပင်လယ်နှင့် ချစ်ဘုံဗိမာန်” ဟူသော စာလုံးများကို ရေးထိုးထားလေ၏။ ထိုစာတန်းကြီး ဘေးတစ်ဖက်တစ်ချက်တွင် အောက်ပါ လင်္ကာတိုကလေးကို တွေ့ရလေ၏။


ရမ္မက်ဟူသည်၊ ပဝေဏီက

ဆုံးစမရှိ၊ မိုးထိမြင့်နိုင်

မြေသို့ခိုင်၏၊ မသိနားမလည်

လူငယ်လုံမ၊ သူ့ကိုတ,လည်း

ကျိုးယုတ်ကြလျက်၊ အရှက်ကင်းကင်း 

လေညင်းလရောင်၊ အယောင်ဆောင်၍ 

တိမ်းရှောင်ကွေ့ပတ်၊ လာတတ်ကြရှင့်။


“အလို၊ ရှေးအတီတေ ပဝေသဏီကရှိခဲ့သည့် ရမ္မက်နဲ့ လေညင်းနှင့် လရောင်တို့ကို အယောင်ဆောင်တဲ့ အရာတွေဟာ ဘာတွေများပါလိမ့်။ ခု ငါလဲ ဒီအရာတွေရဲ့ အရသာကို ခံစားချင်ပါဘိတော့တယ်” ဟု ပေါက်ဟု စိတ်မှ ဆိုမိလေ၏။

ဤသို့ တောင့်တလိုက်မိသည်နှင့် သူ့စိတ်ထဲသို့ မကောင်းသော မိစ္ဆာနတ် ဝင်ရောက်လာပြီကိုမူ ပေါက်ယု သတိမပြုမိချေ။

ပေါက်ယုသည် မာယာဒေဝီ နတ်သမီးနောက်သို့ လိုက်လာခဲ့ရာ တံခါးကြီးနှစ်ခုကို လွန်မြောက်ပြီးနောက် စာတန်းများ၊ လင်္ကာများ ချိတ်ထားသည့် ခန်းဆောင်နှစ်ခုကိုလည်း ကျော်ဖြတ်ခဲ့လေ၏။ ပေါက်ယုသည် ထိုစာတန်းများကို ဖတ်ချိန် မရခဲ့သော်လည်း ခန်းဆောင်တွင် ရေးထားသည့် အမည်များကိုမူ ဖတ်မိခဲ့လေ၏။ ယင်းတို့မှာ တပ်မက်ယစ်မူးခြင်း ခန်းဆောင်၊ မနာလိုဝန်တိုခြင်း ခန်းဆောင်၊ နံနက်ခင်း ငိုကြွေးရခြင်း ခန်းဆောင်၊ ညဉ့်ဦးယံ သက်ပြင်းချခြင်း ခန်းဆောင်၊ နွေဦးလွမ်းဆွတ်ခြင်း ခန်းဆောင်နှင့် နွေနှောင်းဝမ်းနည်းခြင်း ခန်းဆောင်တို့ ဖြစ်ကြလေ၏။

“အသင် မာယာဒေဝီ နတ်သမီး၊ ဤသော ခန်းဆောင်တို့ကိုမူ မပြတော့ပြီလော” ဟု ပေါက်ယုက မေးလေ၏။

“ဤသည်တို့မှာ လူ ့ပြည်မှ မိန်းမချောကလေးများ၏ အတိတ်ဘဝနှင့် အနာဂတ်တို့ကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းများ ဖြစ်ပေ၏။ ထိုမှတ်တမ်းများကို သာမန်လူသားတို့ မျက်စိဖြင့် ကြည့်မြင်ခြင်းငှာ မတတ်နိုင်”

သို့ရာတွင် ပေါက်ယုမှာ ထိုသို့သော အဖြေကို မကျေနပ်ဘဲ အတင်း ပူဆာလျက် ရှိသည့်အတွက် မာယာဒေဝီ နတ်သမီးက ခွင့်ပြုလိုက်လေ၏။ 

“ကောင်းပြီ။ ခန်းဆောင်များထဲသို့ ဝင်၍ ကြည့်လေတော့” 

ပေါက်ယုသည် ဝမ်းသာအားရဖြင့် ခန်းဆောင်ထဲသို့ ဝင်ခဲ့လေ၏။ ကျောက်ပြားပေါ်တွင် ကံဆိုးသူတို့၏ စားပွဲခုံဟု ရေးထားပြီ၊ ကျောက်ပြားပေါ်တွင် အောက်ပါ လင်္ကာတိုကလေးကို ရေးထားလေ၏။


နွေဦးသောက၊ ဆောင်းဗျာပါဒကို

သူတို့ကိုယ်မှာ၊ သူတို့ရှာကြ

သူတို့အလှ၊ ပန်းနှင့် လသို့ 

တင့်တယ်ရာမှ၊ ညှိုးခဲ့ပြီ။ ။


ပေါက်ယုသည် ထိုအဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်က စိတ်လှုပ်ရှားစွာဖြင့် ခန်းဆောင်ထဲသို့ ဝင်ခဲ့သည်တွင် ဒေသအမျိုးမျိုးတို့၏ အမည်များကို ရေးထိုးပြီး ချိပ်ပိတ်ထားသည့် သေတ္တာဆယ်လုံးကို တွေ့ရ၏။ ပေါက်ယုသည် ထိုနယ်များ ဒေသများကို စိတ်မဝင်စားနိုင်ဘဲ မိမိဒေသ အမည်ပါသည့် သေတ္တာကြီးကို လိုက်လံရှာဖွေလျက် ရှိလေ၏။ နောက်ဆုံးတွင် “ချင်လင်းမြို့မှ အလှမယ် ဆယ့်နှစ်ဦး၏ ပထမစာရင်း” ဟု တံဆိပ်ကပ်ထားသည့် သေတ္တာကြီး တစ်လုံးကို တွေ့လေ၏။ ထိုစာတန်း၏ အဓိပ္ပာယ်ကို မေးမြန်းသည့်အခါတွင် မာယာဒေဝီက

“ဤသည်တို့မှာ သင်၏ဒေသတွင်ရှိသည့် အချောအလှ ဆယ့်နှစ်ယောက်တို့၏ စာရင်းပင် ဖြစ်တော့သည်။ ထို့ကြောင့် ယင်းတို့ကို ပထမစာရင်းဟု အမည်ပေးရခြင်း ဖြစ်ပေ၏” ဟု ပြောလေ၏။ 

ပေါက်ယုက

“ချင်လင်းမြို့သည် အလွန်ကျယ်သည့် ဒေသကြီးတစ်ခု ဖြစ်ပါသည်ဟု ကြားဖူးပါသည်။ ထိုဒေသတွင် အဘယ်ကြောင့် မိန်းမပျို ဆယ့်နှစ်ဦးသာ စာရင်းတင်ထားသနည်း။ ကျွန်ုပ်၏ အိမ်ထောင်စုတွင်ပင်လျင် ဆယ့်နှစ်ယောက်ရှိနေပြီ။ အစေတော်များပါ ထည့်တွက်လျှင် ရာချီ၍ပင် ရှိပါလိမ့်မည်”

“မန်ပေ၏။ သင်တို့နယ်တွင် မိန်းမပျို မြောက်မြားစွာ ရှိပေ၏။ ယခု ဤတွင် စာရင်းတင်ထားသည်မှာ အလှဆုံး မိန်းမပျိုများသာ ဖြစ်ပေ၏။ နောက်သေတ္တာနှစ်လုံးမှာ ဒုတိယတန်းနှင့် တတိယတန်း အလှမယ်များ၏ စာရင်းများပင် ဖြစ်ပေ၏။ ကျန်မိန်းမပျိုများမှာမူ သာမန်မျှသာ ဖြစ်သည့်အတွက် စာရင်းတင်ခြင်း မရှိပေ”

နောက် သေတ္တာနှစ်လုံးကို ပေါက်ယု ကြည့်ရှုသည့်အခါ၌ “ချင်လင်းမြို့မှ အလှမယ် ဆယ့်နှစ်ယောက်တို့၏ ဒုတိယစာရင်း” နှင့် “ချင်လင်းမြို့မှ အလှမယ်များ၏ တတိယစာရင်း’ စသည့် စာတန်းများကို တွေ့ရလေ၏။ ပေါက်ယုသည် တတိယသေတ္တာကို ဖွင့်ကာ စာရင်းစာအုပ် ပထမ စာမျက်နှာကို လှန်ကြည့်လိုက်လေ၏။ ထိုစာမျက်နှာတွင် မည်းမှောင်သော တိမ်တိုက်များနှင့် နှင်းများကျနေပုံကို မင်ဖြင့် ရေးဆွဲထားသည်ကို တွေ့ရလေ၏။ ထိုရုပ်ပုံ၏ဘေးတွင် အောက်ပါအတိုင်း ရေးထားလေ၏။ 


တိမ်စင်သောလကို တွေ့ရခဲပါသည်။

တောက်ပသော တိမ်တို့သည် အလွယ်တကူ လွင့်ပျောက်တတ်ကြသည်။

ချစ်နှမ၏ အသည်းနှလုံးသည် ကောင်းကင်ထက် မြင့်ပေ၏။ 

သို့ရာတွင် ကိုယ်ခန္ဓာမှာမူ နိမ့်ကျပေ၏။ 

နှမ၏အလှနှင့် ဉာဏ်ပညာသည် မနာလိုမှုကို ဖြစ်ပေါ်စေ၏။ 

အမနာပ စကားတို့ကြောင့် ချစ်နှမ ဆုံးခဲ့ရပြီ။ 

ချစ်သူသခင်၏ ပူဆွေးခြင်းသည် အချည်းနှီးသာ။ 


နောက်တစ်မျက်နှာတွင်မူ ပန်းခိုင်တစ်ခိုင်နှင့် ဖျာစုတ်တစ်ချပ်ပုံ ရေးဆွဲထားသည်ကို တွေ့ရပြီး အောက်တွင် အောက်ပါစာကို တွေ့ရလေ၏။


နှမ၏ နူးညံ့မှုနှင့် ကြည်ဖြူမှုကို မည်သည့်အရာနှင့်မျှ မယှဉ်နိုင်၊

နှမ၏ ကိုယ်သင်းနံ့သည် သဇင်နှင့် ခွာညိုတို့ကို ပြိုင်လျက်ရှိ၏။

သို့ရာတွင် ဤသူကို ကချေသည်တစ်ဦးက ယူသွားခဲ့ပြီ။

သခင်ပျိုသည် ကံချော်ခဲ့လေပြီ။


ပေါက်ယုသည် ထိုစာ၏ အဓိပ္ပာယ်ကို နားမလည်သဖြင့် ကျမ်းစာအုပ်ကိုချကာ နောက်သေတ္တာတစ်လုံးကိုဖွင့်ပြီး “ဒုတိယစာရင်း’ ကို ယူကြည့်လေ၏။ စာအုပ် ပထမ စာမျက်နှာ၌ ရေခန်းခြောက်နေသည့် ရေကန်တစ်ခုထဲရှိ ညှိုးခြောက်နေသော ကြာပွင့် တစ်ပွင့်ပေါ်တွင် ခွာညိုပွင့်တစ်ပွင့် ဆွဲထားသည်ကို တွေ့ရပြီး အောက်တွင် စာရေးထားသည်ကို တွေ့ရလေ၏။


နှမသည် ပွင့်ဆဲ ကြာပန်းကဲ့သို့ သင်းပျံ့ပေ၏။ 

သို့ရာတွင် နှမကဲ့သို့ ဖိနှိပ်ခံခဲ့ရသူသည် မရှိ။

မြေနှစ်မြေတွင် အထီးကျန် သစ်ပင်တစ်ပင် ပေါက်ပြီးသည့် အခါ၌

နှမ၏ ဝိညာဉ်သည် နောက်ဆုံး ကွန်းခိုရာသို့ ရောက်ပေတော့အံ့၊


ဤသည်ကိုလည်း ပေါက်ယု နားမလည်သည့်အတွက် စာအုပ်ကို ချကာ ‘ပထမစာရင်းကို လှန်ကြည့်လေ၏။ ပထမ စာမျက်နှာတွင် သစ်ပင်ခြောက်နှစ်ပင်ပေါ်၌ မြပုလဲသွယ်တစ်ကုံးကို ချိတ်ဆွဲထား သစ်ပင်ခြေရင်းရှိ နှင်းရည်စမ်းချောင်းထဲတွင် ရွှေဆံထိုးတစ်ခု ကျလျက် ရှိလေ၏။ အောက်တွင်


အလို သနားဖွယ် ချစ်နှမ၊ 

သင်၏ မယားမြတ်ဂုဏ်ရည်အတွက်

နှမ၏ဉာဏ်သည် မိုးမခမြေအကြောင်းကို တေးသီခဲ့လေပြီ။ 

ကျိုးပဲ့နေသော ဆံထိုးသည် နှင်းထဲတွင် မြုပ်ခဲ့လေပြီ။ 

မြပုလဲကုံးသည် သစ်ကိုင်းတွင် ချိတ်ခဲ့လေပြီ။


ထိုစာ၏ အဓိပ္ပာယ်ကိုလည်း ပေါက်ယု နားမလည်။ အကျိုးအကြောင်းကို မာယာဒေဝီနတ်သမီးအား မေးမြန်းသည့်တိုင် ပြောမည် မဟုတ်ကြောင်းကို သိပါ၏။ သို့ရာတွင် စာအုပ်ကို မချနိုင်ဘဲ ဖြစ်လျက်ရှိ၏။ ထို ့ကြောင့် ပေါက်ယုသည် ကမ္ဗလာသီးတစ်လုံး တွဲလောင်း ချိတ်နေသည့် လေးတစ်စင်း၏ပုံ ရေးထားသည့် အရုပ်ကားကို ကြည့်နေ၏။


နန်းတော်တံခါးဝ သလဲပင်များသီးနေရာတွင်

နှမသည် အနှစ်နှစ်ဆယ်ပတ်လုံး လွှမ်းမိုး တရားစီရင်ခဲ့၏။ 

နွေနှောင်းသည် နွေဦးအစနှင့် မည်သို့ တူနိုင်မည်နည်း။ 

ရွှေယုန်နှင့် ရွှေကျားတို့ တွေ့ကြသည့်အခါတွင်

နှမသည်လည်း ဘဝအိပ်မက်မှု ထွက်ခွာသွားရတော့အံ့။ 


နောက်စာမျက်နှာ တစ်ခုတွင် လူနှစ်ယောက်သည် လေတံခွန်တစ်ခုကို လွှတ်လျက်ရှိကြ၏။ အဝေး ပင်လယ်ပြင်တွင်မူ မိန်းမပျို တစ်ယာက် လှေကလေး တစ်စင်းပေါ်တွင် ထိုင်ကာ မျက်နှာကို လက်ဝါးဖြင့်အုပ်၍ ငိုကြွေးလျက်ရှိလေ၏။ အောက်တွင် စာတန်းရေးထိုးထားလေ၏။


စိတ်ထားမြင့်၍ ပါရမီရင့်သည့်တိုင်

နှမသည် ကံကြမ္မာကို မမီလိုက်ဘဲ နောက်ကျ၍ မွေးလာခဲ့၏။

ကြည်လင်တောက်ပသည့်နေ့၌ နှမသည်

မျက်က်ရည်ဖုံးသော မျက်လုံးများဖြင့် စမ်းချောင်းကို ငေးကြည့်ခဲ့၏။

အရှေ့လေသည် မိုင်ပေါင်းတစ်သောင်း တိုက်ခတ်သည့်တိုင် 

နှမ၏ မွေးရပ်မြေသည် အလှမ်းတာ ဝေးကွာလှပါ၏။ 


နောက်တစ်မျက်နှာတွင် လွင့်နေသော တိမ်တိုက်များနှင့် စီးနေသော ရေတို့ကို ရေးဆွဲထားလျက် အောက်ပါအတိုင်း စာတန်းထိုးထားသည်။


စုတ်ပြတ်သော အဝတ်အစားများနှင့် မိဘမဲ ့ နှမငယ် ဂုဏ်နှင့်ဓနတို့ ကင်းမဲ့ရှာ၏။

လျှပ်တစ်ပြက်အတွင်း၌ ဝင်လုဆဲနေမင်းကို တမ်းတ၏။ 

စိုင်မြစ်လည်း ရေခန်းပြီး ချူမြစ်ပေါ်မှ တိမ်တို့လည်း ပြယ်လေပြီ။


နောက်တစ်ပုံမှာ ရွှံ့ထဲသို့ကျနေသော မြကျောက်တစ်လုံး၏ပုံကို ဆွဲထားပြီး အောက်တွင်မူ


သန့်စင်ခြင်းသည် နှမ၏ဆန္ဒ။ 

ဧကစာကျင့်ခြင်းသည် နှမ၏အလို။ 

ရွှေနှင့်မြကဲ့သို့ လှပသော်လည်း 

နောက်ဆုံးတွင် ညွှန်မှာနစ်ရပေ၏။


နောက်ဆုံးတစ်ပုံမှာ ရက်စက်ကြမ်းကြုတ်သည့် ဝံပုလွေ တစ်ကောင်က လှပချောမောသည့် မိန်းမပျိုကလေးတစ်ယောက်ကို ဝါးမျိုစားသောက်ရန် လိုက်လံ ဖမ်းဆီးနေသည့်ပုံ ဖြစ်ပြီး အောက်ပါအတိုင်း ရေးထားလေ၏။


နှမသည် တောဝံပုလွေကို လင်ပြုရတော့အံ့။

ဝံပုလွေသည် လိုရာကိုရသည်နှင့် ဝါးမျိုစားသောက်တော့သည်။

ရွှေပန်း ပေါင်းကူးအောက်တွင် မိုးမခပန်းတို့ ပွင့်ကြပေ၏။ 

မကြာမီတွင် နိုးထလာသော လူရိုင်းသည် နှမကိုစောင့်လင့်ပေ၏။


နောက်တစ်ပုံမှာ တန်ဆောင်းပျက်ကြီး တစ်ခုထဲတွင် သုတ္တန်ကို ဖတ်နေသည့် မိန်းမပျိုကလေးတစ်ယောက်၏ ပုံဖြစ်ပြီး အောက်ပါ အတိုင်း ရေးထားလေ၏။


ကြွေလျောကုန်လုနွေဦး၌

နှမသည် ဝတ်ကြောင်ကိုစွန့်ကာ ဘိက္ခုနီမဝတ်ရုံကို ဆင်မြန်း၏။

ချမ်းသာ၍ အမျိုးမြတ်သော အိမ်ထောင်မှ ဆင်းသက်လာသည့် နှမသည်

တန်ဆောင်းအိုမှ ဆီမီးမှိန်မှိန်ထဲတွင် အိပ်စက်နေချေပြီတကား။


ထို့နောက်တွင် ရွာကလေးတစ်ရွာ၌ မိန်းကလေးတစ်ယောက် ဗိုင်းငင်နေပုံ ဖြစ်ပြီး အောက်ပါအတိုင်း စာတန်းထိုးထား၏။


ဥစ္စာဓနက မျက်မှောင်ကုတ်သည့်အခါတွင် မျိုးရိုးမြတ်ခြင်းသည်လည်း အချည်းနှီးသာ။

မိသားစုတစ်စု စီးပွားပျက်ပြီဆိုလျှင် ဆွေမျိုးတို့ကလည်း အကြင်နာမဲ့ကြသည်သာ။

ကံတရားက အသွားလူကို အကူအညီ ပေးလိုက်သည့်အတွက် 

အသွားသည် အရေးအကြောင်းရှိလျှင် မိတ်ဆွေကောင်းကို တွေ့ရလေအံ့။

ထို့နောက်တွင် နန်းတွင်းသူ အဝတ်ကို ဝတ်ဆင်ထားသည့် မိန်းမချောကလေးတစ်ဦး အနီးတွင် သဇင်ပန်းအိုးကြီးတစ်လုံးကို ရေးထားပြီး အောက်ပါအတိုင်း စာတန်းထိုးထားသည်။


နွေဦးလေပြည်ထဲတွင် မက်မုံနှင့် ဆီးတို့ ပျိုးကြဲပြီးကြပြီ။

ခွာညိုပန်းကို မည်သူအန်တုပွင့်နိုင်သနည်း။

နှင်းနှင့်ရေကဲ့သို့ သန့်စင်သောကြောင့် နှမကို မနာလို ဖြစ်ကြ၏။ 

အခြေအမြစ်မဲ့သော ကဲ့ရဲ့စကားတို့သည် အချည်းနှီးသာတည်း


နောက်တစ်ပုံမှာ မျှော်စင်ပေါ်တွင် မိန်းကလေးတစ်ယောက် ကြိုးဆွဲချ အဆုံးစီရင်သည့်ပုံ ဖြစ်ပြီး အောက်ပါအတိုင်း ရေးထား၏၊ 


ပင်လယ်နှင့် ကောင်းကင်ကဲ့သို့ အတိုင်းအဆမရှိသော အချစ်သည် မာယာတည်း။

ချစ်သူချင်းတွေ့သည့်အခါတွင် ရမ္မက်သည် ဘုရင်ဖြစ်၏။ 

မာန်ထောင်မှုမှန်သမျှသည် ယွန်းစံအိမ်မှလာသည် မဟုတ်။ 

ပျက်စီးမှုတို့သည် နိန်စံအိမ်မှ အစပြုပေသတည်း။


ပေါက်ယုက ဆက်ဖတ်မည် ပြုသေးသော်လည်း မာယာဒေဝီသည် ပေါက်ယု၏ ဉာဏ်ထက်မြက်ပုံနှင့် အကင်းပါးနပ်ပုံကို သိသည့်အလျောက် ကောင်းကင်ရှိ လျှို့ဝှက်မှတ်တမ်းတို့ကို သိသွားမည် စိုးသည့်အတွက် ဖတ်ခွင့်မပေးတော့ဘဲ စာအုပ်ကို ပိတ်လိုက်ကာ ပြုံးလျက် “ဤဘာမဟုတ်သည့် စကားထာများ၊ ပဟေဠိများကို ဖတ်နေမည့်အစား ကျွန်ုပ်နှင့် အတူလိုက်၍ လှပသော ရှုခင်းများကို ကြည့်ပါ” ဟု ပြောလေ၏။

ပေါက်ယုသည် မှင်တက်မိနေသူတစ်ဦးကဲ့သို့ ပုလဲတို့ မြိတ်ချထားသော ခန်းဆီးများ၊ ရွှေချည်ထိုး ကန့်လန့်ကာများ၊ အပြောက်အစွန်းတို့ ခြယ်ထားသည့် တိုင်လုံးကြီးများနှင့် ပန်းကြွတို့ ဖော်ထားသည့် ထုပ်လျောက်များ ဆင်ယင်ထားရာ ခန်းဆောင်ကြီးများကို ဖြတ်၍ မာယာဒေဝီနောက်မှ လိုက်လာခဲ့လေ၏။ ပြိုးပြက်တောက်ပလျက်ရှိသော ဟင်္သာ ပြဒါးရောင် ခန်းဆောင်ကြီးများ၊ ရွှေစင်တို့ ခင်းထားသည့် ကြမ်းပြင်များ၊ နှင်းပွင့်ကဲ့သို့ တလက်လက် တောက်ပနေသည့် လေသာပြတင်းကြီးများ၊ ကျောက်စိမ်းတို့ဖြင့် ဆောက်ထားသည့် နန်းဆောင်ကြီးများနှင့်တကွ နတ်ပန်းများ၊ ရှားပါးသည့် နတ်သစ်ပင်များ၊ မွှေးကြိုင်သင်းပျံ့ လျက်ရှိသည့် ဆေးပင်များတို့ဖြင့် ပြည့်နှက်လျက်ရှိသော ထိုနေရာအကြောင်းကို စာဖြင့်ဖော်ပြခြင်းငှာ မတတ်နိုင်တော့ပြီ။ ပေါက်ယုသည် ထိုသို့ အံ့ဖွယ်ဘနန်း အဆန်းဆန်း အကြယ်ကြယ် ရှိနေသည့်အရာများကို ငေးမောကြည့်ရှု လိုက်လာစဉ်တွင် မာယာဒေဝီက ရယ်လိုက်လျက်

“ကဲ ကဲ ညီမလေးတို့ လာကြဟေ့။ ဟောဒီက တို့ရဲ့ဧည့်သည်ကြီးကို လာကြိုလှည့်ကြ” ဟု ခေါ်လိုက်လေ၏။

ထိုသည်နှင့် တစ်ပြိုင်နက် ကြာပန်း ဝတ်လွှာလက်များကို ဝှေ့ယမ်းလျက် ငှက်မွှေးဝတ်ရုံကို ခြုံကာ နွေဦးပန်းပွင့်များကဲ့သို့ လှပ တင့်တယ် ရှုချင်စဖွယ် ရှိသည့် နတ်သမီးများသည် နွေနှောင်းတွင် သာသည့် လပြည့်ဝန်းကြီးကဲ့သို့ ပေါ်လာလေ၏။ ပေါက်ယုကို မြင်သည့် အခါတွင် နတ်သမီးများက

“အလိုလေး၊ မမ ဧည့်သည်ကြီးကို ဘာဖြစ်လို့ ကြိုရမှာလဲ မမရဲ့၊ မမကပြောတော့ ဒီနေ့ ဒီအချိန်မှာ ပုလဲနီ နတ်သမီးလေး ကျွန်မတို့ ဆီကို အလည်လာလိမ့်မယ်ဆို။ သူ ပျော်ပါးသွားတဲ့ ကျွန်မတို့ နတ်ဘုံကို အလည်လာကြည့်လိမ့်မယ်ဆို၊ ခုတော့ မမရဲ့ ဧည့်သည်က လူ့ပြည်က လူသားပါကလား။ လူသားဆိုတာ နိမ့်ကျပြီး ညစ်ညမ်းပါဘိသနဲ့။ ကျွန်မတို့ရဲ့ သန့်ရှင်းတဲ့ဘုံတော့ ညစ်ညမ်တော့မှာပါပဲ” ဟု အပြစ်တင်ကြလေ၏။

ပေါက်ယုသည် မိမိ၏ ညစ်ညမ်းသည့် အဖြစ်ကို သိရှိကာ ထိုဘုံမှ ချက်ချင်း ထွက်ပြေးချင်စိတ်များ ပေါ်ပေါက်လာလေ၏။ သို့ရာတွင် မယာဒေဝီက ပေါက်ယု၏ လက်ကို လှမ်းဆွဲလိုက်ပြီးလျှင်

“ညည်းတို့ နားမလည်ပါဘူးအေ၊ ဒီနေ့ တို့ညီမဖြစ်တဲ့ ပုလဲနီ နတ်သမီးကလေး လူ့ပြည်မှာ ဝင်စားရာဖြစ်တဲ့ ယွန်းစံအိမ်ကြီးကို ငါသွားတော့ နိန်စံအိမ်ကြီးကို ဖြတ်အလာမှာ မြို့စားကြီး နိန်တူနဲ့ မြို့စားကြီး ယွန်းကူတို့ရဲ့ ဝိညာဉ်တွေနဲ့ တွေ့တယ်။ သူတို့က ဘာပြာသလဲဆိုတော့ “ ခု မင်းဆက် စသည့်အချိန်မှ မျိုးဆက်ပေါင်းများစွာအထိ ကျွန်တော်တို့သည် ရာထူးအားဖြင့်လည်းကောင်း၊ ဥစ္စာဓနအားဖြင့်လည်းကောင်း၊ ဂုဏ်သိန်အားဖြင့်လည်းကောင်း ကြီးကျယ် ထင်ရှားခဲ့ပါသည်။ သို့ရာတွင် အနှစ်တစ်ရာခန့် ကြာသည့်အခါတွင် ကျွန်တော်တို့၏ စည်းစိမ်ဥစ္စာတို့သည် ယိုယွင်းခဲ့ပါသည်။ ကျွန်တော်တို့တွင် သားစဉ်မြေးဆက်များ ၂၀ ရှိသည့်တိုင် ကျွန်တော်တို့ကို ဆက်ခံနိုင်မည့်သူမှာ ကျွန်တော်တို့၏ မြစ်ဖြစ်သော ပေါက်ယု တစ်ယောက်သာ ရှိပါသည်။ ပေါက်ယုသည် ခေါင်းမာ၍ စိတ်ရူးထတတ်ပြီး အသိဉာဏ်ပညာ နည်းသည့်တိုင် သူ့အပေါ်တွင် ကျွန်တော်တို့ မျှော်လင့်ချက်များစွာ ထားကြပါသည်။ သို့ရာတွင် ကျွန်တော်တို့ ဆွေမျိုးစု၏ ကံကြမ္မာသည် မှေးမှိန်ကာ ပေါက်ယုအား နည်းမှန်လမ်းမှန်ကို ပြနိုင်သူ ဟူ၍ ဆွေမျိုးစုထဲတွင် မရှိတော့လောက်အောင် ဖြစ်ခဲ့ပါသည်။ ယခု အသင် မာယာဒေဝီ နတ်သမီးနှင့် တွေ့ရခြင်းမှာ ကျွန်တော်တို့အတွက် များစွာ ကံကောင်းလှပါသည်။ မိန်းမလိုက်စားခြင်း၊ ရမ္မက်အလိုသို့ လိုက်ကာ မိန်းမများနှင့် ပျော်မွေ့ခြင်းသည် မည်မျှ အန္တရာယ်ကြီးကြောင်းကို မာယာဒေဝီ နတ်သမီးက သတိပေး နှိုးဆော်စေချင်ပါသည်။ ထိုသို့ သတိပေးမှသာလျှင် မညွှတ်ကွင်းမှ လွတ်ကင်းကာ မှန်ကန်သော လမ်းပေါ်သို့ လျှောက်သွားနိုင်မည် ဖြစ်ပါသည်။ ထိုအခါတွင် ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်သည် စိတ်ချမ်းသာမည် ဖြစ်ပါသည်” တဲ့။

“ဒီတော့ ငါလဲ သူတို့ရဲ့ တောင်းပန်ချက်အရ ပေါက်ယုကို တို့တိုင်းပြည်ကို ခေါ်လာခဲ့ရတယ်။ တို့တိုင်းပြည်ကို ရောက်တဲ့အခါကျတော့ ငါက သူတို့မိသားစု ဆွေမျိုး မိန်းကလေးတွေရဲ့ စာရင်းသုံးခုကို ပြကြည့်တယ်။ ဒီစာရင်းတွေကို ပြရုံနဲ့ သဘောမပေါက်တဲ့ အခါကျ ကာမတဏှာတို့ဟာ ဘယ့်ကလောက် ဆိုးတယ်ဆိုတာကို မြည်းစမ်းကြည့်ဖို့ ဒီကို ခေါ်လာခဲ့တယ်။ ဒီလို မြည်းစမ်းကြည့်ပြီး ကာမတဏှာ အချည်းနှီး အကျိုးပဲ့ပုံကို သိတော့မှ သစ္စာတရားကို မြင်နိုင်ပေမှာပေါ့”

ထိုသို့ ပြောဆိုပြီးနောက် မာယာဒေဝီသည် အတွင်းဆောင် တစ်ခုထဲသို့ ခေါ်သွားလေ၏။ အတွင်းသို့ ရောက်သည့်အခါတွင် အမွှေးနံ့တစ်ခုသည် လွန်စွာ သင်းထုံ မွှေးကြိုင်လှသည့်အတွက် ပေါက်ယုသည် မအောင့်နိုင်တော့ဘဲ မည်သည့် အမွှေးနံ ့မျိုးနည်းဟု မေးမြန်းကြည့်မိလေ၏။

မာယာဒေဝီက ပြုံးလျက်

“သင်တို့၏ ဖုန်စွန်းသော လူ့ပြည်တွင် ဤရနံ့မျိုး မရှိလေ။ ထို့ကြောင့် သင်သိနိုင်မည် မဟုတ်။ ဤရနံ့သည် ကျွန်ုပ်တို့ ဘုံတွင်ရှိ တောင်ထွတ်ဖျားတို့တွင် ပေါက်သော အထူးထူးသော နတ်ပန်းမျိုးတို့မှ အဆီအနှစ်ကို ထုတ်ယူပြီးလျှင် အဖိုးတန် နတ်သစ်ပင်များစွာမှ အစေးတို့ဖြင့် ချက်လုပ်ထားသည့် အမွှေးနံ ့ဖြစ်ပြီး ယင်းကို နံ့သာမွှေးဆီပေါင်းချုပ် ဟု ခေါ်ပေ၏”

ပေါက်ယုသည် ထူးခြားလှသည့် ထိုရနံ့ကို တအံ့တဩ ဖြစ်လျက်ရှိပြီး ညောင်စောင်းတွင် ဝင်ထိုင်လိုက်သည့်အခါ၌ နတ်သမီးများသည် လွန်စွာ ရနံ့မွှေးကြိုင်၍ အရသာထူးလှသည့် နတ်သစ်ရွက် လက်ဖက်ရည်ကို လာရောက် တည်ခင်းကြလေ၏။ ဤတွင်လည်း ပေါက်ယုသည် အနံ့အရသာ ထူးလှသည့် ထိုနတ်သစ်ရွက် လက်ဖက်ရည် အကြောင်းကို မေးမြန်းမိပြန်လေ၏။

“ဤလက်ဖက်ပင်သည် ဂိမန္တတောင်ထွတ်ဖျားရှိ ဂန္ဓမာဒန လိုဏ်ဂူတွင် ပေါက်ရောက်ပေ၏။ ထိုနတ်သစ်ရွက်ကို မဉ္ဇူသက နတ်ပန်းပေါ်တွင် တင်နေသည့် နှင်းစက်များနှင့် ရော၍ ဖျော်စပ်ထားခြင်း ဖြစ်ပေ၏။ ယင်းနတ်သစ်ရွက်၏ အမည်မှာ “တစ်ထောင်သော အာသာ၀တီ နတ်ပန်းနွယ်နီ” ဟု အမည်တွင်ပေ၏”

ပေါက်ယုသည် မိမိ၏ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်မိ၏။ မဟူရာစောင်းများ၊ ရှားပါးသည့် သုံးချောင်းထောက် ကြေးဒေါင်းလန်းကြီးများ၊ ရှေးပန်းချီကားကြီးများနှင့် လင်္ကာကျမ်းများကို တွေ့ရလေ၏။ သို့ရာတွင် ပေါက်ယု သဘောအကျဆုံးအရာမှာ လေသာပြတင်းတွင် စွန်းပေနေသည့် နှုတ်ခမ်းဆိုးသော ဒန်းနီရောင် ဆေးစများနှင့် နတ်သမီးတစ်ပါး၏ ယွန်းအစ်ထဲမှ ကျကျန်ရစ်ခဲ့သော နံ့သာမှုန့် အစအနများ ဖြစ်လေ၏။ နံရံပေါ်တွင်မူ


“သီးသန့်ရိပ်မြုံ၊ နတ်တို့ဘုံ

ဆွတ်ပျံ့ဖွယ်ရာ နတ်တို့ရွာ” ဟု ရေးထားလေ၏။ 


ပေါက်ယုသည် မြင်ရသမျှကို ကြည့်၍ ကြည်နူးလျက်ရှိကာ နတ်သမီးတို့၏အမည်များကို မေးမြန်းကြည့်လေ၏။ ယင်းတို့၏ အမည်များမှာ အိပ်မက်ပျော်ဖွယ်နတ်သမီး၊ ရမ္မက်ဧကရီနတ်သမီး၊ သောကယူဆောင် နတ်သမီးနှင့် သောကမျှယူနတ်သမီးတို့ ဖြစ်လေ၏။

ထိုစဉ် နတ်အစေတော်များသည် ထိုင်ခုံနှင့် စားပွဲများကို ယူလာပြီး နတ်သုဒ္ဓါရည်များနှင့် ခဲဖွယ်ဘောဇဉ်တို့ကို တည်ခင်းလေ၏။ နတ်သုဒ္ဓါရည်တို့ ထည့်ထားသည့် ဖန်အိုးကြီးများနှင့် ပယင်းခွက်များကိုလည်း ယူလာလေ၏။ ဤစားသောက်ပွဲကြီး မည်မျှ ကြီးကျယ် ခမ်းနားကြောင်းကိုမူ အကျယ်မဆိုတော့ပြီ။ သို့ရာတွင် နတ်သုဒ္ဓါရည်မှာ များစွာအနံ့အရသာ ကောင်းမွန်လှသည့်အတွက် ပေါက်ယုသည် ထိုအကြောင်းကို မစုံစမ်းဘဲ မနေနိုင်ချေ။

“ဤနတ်သုဒ္ဓါ ယစ်မျိုးမှာ ပန်းပေါင်းတစ်ရာတို့၏ ဝတ်မှုံများနှင့် နတ်သစ်ပင်ပေါင်း တစ်ထောင်တို့၏ အစေးများကို နတ်မြင်းပျံတို့၏ ခြင်ဆီနှင့် ရောစပ်ကာ နို့တိုက်၍ အတောင်ပံဖြင့်ပျံသော နတ်ငှက်တစ်မျိုး၏ နို့ရည်ဖြင့် ချက်လုပ်ထားခြင်း ဖြစ်ပါသည်။ ထိုနတ်သုဒ္ဓါယစ်မျိုးရည်ကို “ခွက်တစ်ခွက်ထဲတွင် စုထားသော အလှမယ်ပေါင်း တစ်သောင်း” ဟု ခေါ်ပါသည်” ဟု မာယာဒေဝီက ပြောလေ၏။

ပေါက်ယုက နတ်သုဒ္ဓါရည်တို့ကို သောက်သုံးလျက်ရှိစဉ် ကပြလျက်ရှိသည့် ကချေသည် နတ်သမီး တစ်ဆယ့်နှစ်ယောက်တို့သည် အရှေ့သို့ တိုးလာကြကာ မည်သည့်အကမျိုးကို ပြရမည်နည်းဟု... မြန်းကြ၏။

“ခန်းဆောင်နိအိပ်မက်” ဆိုတဲ့ တေးသီချင်း ဆယ့်နှစ်ပုဒ်ရှိတယ် မဟုတ်လား၊ အဲဒီ တေးသီချင်းတွေကို ဆိုကြစမ်း” ဟု မာယာ နတ်သမီးက ပြောလေ၏။

ထိုအခါတွင် နတ်သမီးတစ်ဆယ့်နှစ်ယောက်တို့သည် ကရမက်သားဖြင့် လုပ်သည့် လက်ခုပ်နှင့်ငွေစောင်းတို့ကို ကောက်ယူတာ တေးသီချင်းကို တီးမှုတ်လေ၏။

သို့ရာတွင် မာယာဒေဝီနတ်သမီးက ကြားဖြတ်လျက် ပေါက်ယုဘက် လှည့်လိုက်ပြီးလျှင်

“ယခုတေးသီချင်းမှာ သင်တို့၏ ဖုန်စွန်းသော လောက လူ့ပြည်တွင် ရှိသည့် စိတ်ကူးယဉ် ဇာတ်သဘင်များနှင့်မတူ။ သင်တို့ လူ့ပြည်က ဇာတ်သဘင်များမှာ သုခမိန်များ၊ မိန်းမချောများ၊ စစ်သူကြီးများ၊ လူအိုကြီးများနှင့် လူပြက်များသာ ပါဝင်၍ တီးမှုတ်သီဆိုသည့် တေးသွားမှာလည်း ကိုးမျိုးမျှသာ ရှိပေ၏။ ယခု ကျွန်ုပ်တို့ တေးသီချင်းများမှာမှု အဖြစ်အပျက်တစ်ခု၊ သို့မဟုတ် လူတစ်ယောက်အကြောင်းကို ချက်ချင်းဖွဲ့ဆိုနိုင်ပြီး ကြိုးတပ်တူရိယာ သို့မဟုတ် လေမှုတ်တူရိယာတို့ဖြင့် တီးမှုတ်နိုင်ပေ၏။ သို့ရာတွင် ဤတေးသီချင်း၏ အဓိပ္ပာယ်မှာ နူးညံ့ သိမ်မွေ့လှသည် ဖြစ်သောကြောင့် ကျွန်ုပ်တို့ဘုံသားမှအပဖြစ်သော အခြားသူတို့ ကောင်းစွာ နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ သင်လည်း ကောင်းစွာ နားလည်လိမ့်မည် မဟုတ်ဟု ကျွန်ုပ် ထင်ပေ၏။ အကယ်၍ စာသားတို့ကို မသိရလျှင် ဤဂီတသည် ဖယောင်းကို ဝါးရသည့်နှယ် အရသာ ကင်းမဲ့လျက် ရှိပေလိမ့်မည်

ထို့နောက် မာယာဒေဝီနတ်သမီးသည် “ခန်းဆေခင်နီအိပ်မက်’ တေးသီချင်း စာသားများကို ယူလာခဲ့ရန် နတ်အစေတော်တစ်ယောက်ကို ခိုင်းလိုက်လေ၏။ ရောက်လာသည့်အခါတွင် ပေါက်ယူကို လှမ်းပေးလိုက်သဖြင့် ပေါက်ယုသည် စာသားကိုကြည့်ကာ ဂီတကို နားထောင်လျက် ရှိလေ၏။


ပထမပိုဒ်

ခန်းဆောင်နီအိပ်မက် တေးသီချင်း ခြေဆင်း။


ကမ္ဘာကြီး၏ အရုဏ်ဦးအစတွင်

အချစ်၏ မျိုးစေ့တို့ကို မည်သူကြဲခဲ့လေသနည်း။

လေညင်းနှင့် လရောင်တို့၏ ပြင်းပြသော ရမ္မက်မှ

မျိုးစေ့တို့ ပေါက်ဖွားလာခဲ့ကြပေ၏။

ထို့ကြောင့် ဆွတ်ပျံ့လွမ်းမောရသော လောကတွင်

ပူဆွေးရသောနေ့၊ အထီးကျန်ဖြစ်ရသော နာရီ၌

ကျောက်စိမ်းနှင့် ရွှေတို့အတွက်

ငါ၏ အချည်းနှီးသော ပူဆွေးမှုကို 

ခန်းဆောင်နီအိပ်မက်တေးကို သီဆိုခြင်းဖြင့် ဖြေဖျောက်ပါအံ့။


ဒုတိယပိုဒ်

အချည်းအနှီးဖြစ်ရသော ဘဝတစ်ခု။


ရွှေနှင့် ကျောက်စိမ်းတို့သည် လိုက်ဖက်သည်ဟု ပြောကြ၏။ 

သစ်ပင်နှင့် ကျောက်ခဲတို့၏ သစ္စာကို ငါသာလျှင် သိ၏။ 

ပြိုးပြိုးပြက်ပြက် နှင်းတို့ဖုံးလျက်ရှိသော တောင်ရိုးတွင် 

သူတော်စင်ကို ဖူးမြော်ကန်တော့ရင်း

ကမ္ဘာတစ်ဖက်ရှိ အထီးကျန် သစ်တောများမှ၊ နတ်သမီးကို သတိရကာ

လူ၏ ပျော်ရွှင်ချမ်းသာမှုသည် ဘယ်ခါမျှ ပြည့်စုံသည်မရှိဟု ထွေးလျက်

ငါ သက်ပြင်းချ၏။

ရှေ့သွားနောက်လိုက် ညီလှသည့် မောင်နှံပင်လျှင်

စိတ်ပျက်စရာကို တွေ့ရပေသေး၏။


တတိယအပိုဒ်။

အချည်းနှီးသော လွမ်းဆွတ်ခြင်း။


တစ်ခုသည် နတ်ပြည်မှ အာသာဝတီ နွယ်နီနတ်ပန်း ဖြစ်၏။ 

တစ်ခုသည် အပြစ်အနာကင်းသော ကျောက်စိမ်းတုံးဖြစ်၏။

ကံကြမ္မာဆုံးဖြတ်ပြဋ္ဌာန်းခြင်း မပြုပါက

သူတို့နှစ်ခု အဘယ်ကြောင့်လာ၍ ဆုံဆည်းကြလေသနည်း။ 

အကယ်၍ ကံကြမ္မာက ပြဋ္ဌာန်းခဲ့သည်ဆိုလျှင်လည်း

သူတို့အချစ်သည် အဘယ်ကြောင့် အဆုံးသို့ ရောက်ခဲ့ရသနည်း။ 

တစ်ခုသည် ရည်ရွယ်ချက်မဲ့ သက်ပြင်းချ၏။ 

အခြားတစ်ခုသည် အချည်းနှီးလွမ်းဆွတ်၏။

တစ်ယောက်သည် ကန်ရေပြင်တွင်အရိပ်ထင်သည့် လမင်းဖြစ်၏။

နောက်တစ်ယောက်သည် ကြေးမုံတွင် ထင်သည့် ပန်းပွင့်ဖြစ်၏။

နှမမျက်လုံးသည် မျက်ရည်မည်မျှ စီးနိုင်မည်နည်း။

နွေမှဆောင်းတိုင် မျက်ရည်စို ့နိုင်မည်လော။ 

နွေဦးပေါက်မှ နွေအထိ စီးနိုင်မည်လော။


ပေါက်ယုသည် အဆက်အစပ်ကင်း၍ အဓိပ္ပာယ်ငုပ်သည့် ထိုတေးသီချင်း စာသားများကို နားမလည်နိုင်သော်လည်း ဂီတသံသည် သူ့အာရုံကို ယစ်မူးစေပေ၏။ ထိုကြောင့် စာသားများ၏ အနက်ကိုသိအောင်လည်း မကြိုးစား၊ ထိုသီချင်းတို့ မည်သည်က လာသည်ကိုလည်း မေးမြန်းခြင်း မပြုတော့ဘဲ နားထောင်လျက်ရှိ၏။ တေးသီချင်းသည်များသည် တေးကို ဆက်လက် သီဆိုလျက်ရှိ၏။


စတုတ္ထအပိုဒ်

ဘဝ၏ မမြဲသောသဘော။


ဂုဏ်ကျက်သရေနှင့် တောက်ပမှု အမြင့်ဆုံးအချိန်၌ 

သေခြင်းတရားသည် နှမထံသို့ ရောက်လာခဲ့ပြီ။ 

နှမသည် မျက်လုံးကို ဖွင့်လျက် အရာရာကို ထားခဲ့ပြီ။

နှမ၏ ဝိညာဉ်သည် ဖြည်းညင်းစွာ ထွက်ခွာသွားလေပြီ။ 

နှမ၏ နေရာသည် တောင်များ၏ တစ်ဖက်တွင် ဝေးလံလှ၏။

အိပ်မက်ထဲ၌ နှမသည် မိဘတို့ကို ပြောပြလျက်ရှိ၏။

သမီးသည် သိင်္ဂီရောင် စမ်းချောင်းသို့ သွားလေပြီ။

အချိန်မနှောင်းမီ ခိုနားရာကို ရှာရာ၏။


ပဉ္စမအပိုဒ်

ချစ်သူများနှင့် ကွေကွင်းရခြင်း။


မိုးစက်နှင့် မုန်တိုင်းကြားတွင် နှမသည် ခရီးတိုင် သုံးထောင် ရွှက်လွှင့်ခဲ့ရ၏။

အိုးအိမ်၊ အသွေးနှင့်အသားတို့ကို စွန့်လွှတ်ခဲ့ရ၏။ 

မိဘနှစ်ပါး၏ အိုမင်းသောအရွယ်ကို မျက်ရည်တို့ စွန်းထင်းခြင်း မရှိစေလိုသည့်တိုင်

“သမီးငယ်အတွက် စိုးရိမ်ကြောင့်ကြ မဖြစ်ကြကုန်လင့်။

ကံအကောင်းအဆိုးတို့မည်သည် သူ့အကြောင်းနှင့်သူ ဖန်လာခဲ့ ကြခြင်းဖြစ်၏။

ပေါင်းဖော်ခြင်း၊ ကွေကွင်းခြင်းတို့သည် ကံအတိုင်းသာ ဖြစ်လာကြရ၏။

ယခုဘဝ၌ ခွဲခွာ၍ နေကြရသည့်တိုင်

ကျွန်ုပ်တို့သည် အေးချမ်းစွာ နေထိုင်ကြကုန်အံ့။

မထိုက်သော သမီးငယ်အတွက် သောကဗျာပါဒ မဖြစ်ပါစေနှင့်” ဟု နှမဆို၏။


ဆဋ္ဌမအပိုဒ်

ပျော်ရွှင်မှုထဲက ဝမ်းနည်းမှု။


မိဘတို့ကွယ်လွန်ချိန်၌ နှမသည် ပုခက်တွင်း၌သာ ရှိသေး၏။

စည်းစိမ်ချမ်းသာနှင့် နေရသည့်တိုင် နှမကို မည်သူအလိုလိုက်မည်နည်း။

နှမသည် သတ္တိရှိ၍ ရက်ရောသော စရိုက်ဖြင့် မွေးပေ၏။

အချစ်ကို နှလုံးတွင် သိမ်းဆည်းရန် အစဉ် အဆင်သင့် ရှိပေ၏။


ကျောက်စိမ်းခန်းဆောင်မှ လရောင်နှင့် လေညင်းကဲ့သို့ 

နှမသည် အရည်အချင်းရှိ၍ ချောမောသော လင်ကောင်းနှင့် လိုက်ဖက်ပေ၏။

နှမသည် ထိုသူနှင့် အဓွန့်ရှည်အောင် ပေါင်းရပါစေ၏။

သို့မှသာလျှင် ကလေးဘဝက ပင်ပန်းခဲ့ရသည့်ဒုက္ခနှင့် ကာမိပေလိမ့်မည်။

ကောက်ထန်မျှော်စင်ထိပ်တွင် တိမ်တိုက်တို့ ပြိုကွဲစ ပြုလေပြီ။

ဆိုင်းမြစ်သည်လည်း ခန်းခြောက်လေပြီ။

ဤသည်မှု လူတို့၏ ကံကြမ္မာပင် ဖြစ်ပါ၏။

သောကဗျာပါဒဖြစ်၍ အချည်းနှီးသာ။


သတ္တမအပိုဒ်

ကမ္ဘာလောကကြီး၏ အငြင်းပယ်ခံ။ 


သဘာဝအားဖြင့် ခွာညိုပန်းကဲ့သို့ လှပေ၏။

နတ်တို့၏ အရည်အသွေးနှင့် ပြည့်စုံပါပေ၏။

သို့တိုင် ထူးဆန်းသည့်အတွက် နှမကို အားလုံးက တအံ့တဩ ဖြစ်ကြပေ၏။

နှမသည် ချမ်းသာစည်းစိမ်တို့နှင့် စားကောင်းသောက်ဖွယ်တို့ကို စက်ဆုပ်ပေ၏။

ပိုးဝတ်ရုံသည် ညစ်ညမ်း၍ စက်ဆုပ်ဖွယ်ဖြစ်၏။

မြင့်မားခြင်းသည် အမုန်းကို ဖြစ်စေကြောင်း နှမ မသိလေ။

လောကကြီးသည် အလွန် သန့်စင်ခြင်းကို မုန်းတီး၏။

တန်ဆောင်းအိုထဲရှိ ဆီမီးရောင်မှိန်မှိန်တွင် နှမသည် ညှိုးနွမ်းရှာတော့မည်။

နှမ၏ နံ့သာတို့နှင့် ခန်းဆောင်နီ 

နှမ၏ ပျိုနုချိန်နှင့် အလှတို့သည် အလဟဿ ဖြစ်ကြတော့မည်။

ဖုန်မှုန့်တို့ စွန်းပေသော လမ်းပေါ်တွင် ညစ်နွှမ်းရင်း အဆုံးသတ်ချေတော့မည်။

အပြစ်အနာကင်းသည့် ကျောက်ဖြူသည်ပင်လျှင် ရွှံ့တွင် နစ်ရသေး၏။

မင်းပျိုမင်းလွင်တို့၏ အိမ်တွင် နှမအတွက် သက်ပြင်းချ ကြသော်လည်း

အချည်းနှီးသာ ဖြစ်လိမ့်မည်။


အဋ္ဌမအပိုဒ်။

ရန်သူတို့၏ ပေါင်းဆုံခြင်း။


အကြင်နာကင်း၍ ရက်စက်သည့် ဝံပုလွေသည်

အတိတ်ဝဋ်ကြွေးရှိသည့်တိုင်

မာန၊ စည်းစိမ်နှင့် ကာမဂုဏ်တို့ကို လိုက်စားခဲ့၏။

မှူးမှတ်တစ်ဦး၏ သမီးငယ်အလှကို ဈေးပေါပေါဖြင့် ဝယ်ယူကာ

ရွှေစံအိမ်မှာ ကလေးငယ်ကို ခြေဖြင့် နင်းပစ်ခဲ့ချေ၏။

သို့ဖြင့် တစ်နှစ်မတိုင်မီတွင် ထိုသူငယ်မ၏ ဝိညာဉ်သည် ကြွေလွင့်ခဲ့ရရှာပေ၏။


န၀မအပိုဒ်။

ပန်းပွင့်တို့၏ အနိစ္စသဘောကို ဆင်ခြင်ခြင်း။


နှမသည် နွေဦးသုံးလီကို မြင်လိမ့်မည်။

မက်မုံပွင့်မှ အနီနှင့် မိုးမခမူ အစိမ်းတို့၏ အနီး၌

မည်သည့် မျှော်လင့်ချက်ကိုမျှ ထားမည်မထင်။

ကြည်လင်သောကောင်းကင်မှ တည်ငြိမ်သော ငြိမ်းချမ်းမှုကို အရသာ ခံရန်အတွက်

ငယ်နုသော တောက်ပမှု မီးလျှံကို ငြှိမ်းသတ်ပစ်လိမ့်မည်။

မက်မု ံပွင့်မှ အရောင်များသည် ကောင်းကင်နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ကြသည့်တိုင်

နွေနှောင်းတွင် မကြွေသောပန်းဆို၍ မည်သူမြင်ဖူးသနည်း၊ 

ယခုပင်လျှင် ပူဆွေးသူတို့သည် ပေါ်ပလာပင်များ အနီးတွင် ငိုကြွေးနေပြီ။

တစ္ဆေတို့သည် အစိမ်းရောင် မေပယ်ပင်များအနီးတွင် ငိုကြွေးလျက်

သူတို့၏ သင်္ချိုင်းမြေပုံပေါ်မှု ပေါင်းပင်တို့သည်

ကောင်းကင်ရောက်လုနီး လက်ဆန့်တန်းကြပြီ။

ဓနဥစ္စာ အတက်အကျဟူသည် လူ၏ ကြိုးပမ်းမှုသာ ဖြစ်ပေ၏။

နွေဦးသည် ပန်းများကို ပွင့်စေ၍ နွေနှောင်းသည် ပန်းတို့ကို ညှိုးစေ၏။

မည်သူသည် မွေးဖွားခြင်းတံခါးကို ရှောင်နိုင်သနည်း။ 

မည်သူသည် သေခြင်း ကံကြမ္မာကို ရှောင်နိုင်သနည်း။ 

သို့ရာတွင် မဇ္ဈိမတိုင်းတွင်မူ အမတသစ်သီးကို သီးသည့် 

အင်ကြင်းပင်ပေါက်သည်ဟု သူတို့ဆိုကြ၏။


ဒသမအပိုဒ်။

ကောက်ကျစ် စဉ်းလဲမှုကြောင့် ပျက်စီးရခြင်း။ 


နှမ၏အကြံအစည်တို့တွင် ပါသည့် ကျွမ်းကျင်မှုတို့သည် 

နှမ၏ ပျက်စီးရခြင်း၏ အကြောင်းရှင်းပေတည်း။

ရှင်စဉ်က နှမ၏ နှလုံးသားသည် ကွဲအက်ခဲ့ရ၏။ 

သေသည့်အခါတွင် နှမ၏ ကျွမ်းကျင်လိမ္မာမှုတို့သည် အဆုံးသတ်ခဲ့ကြပြီ။

မိသားစုအားလုံး ငြိမ်းချမ်းသာယာသည့် ချမ်းသာသည့် မိသားစု တစ်ခုသည်

နောက်ဆုံး၌ ဖရိုဖရဲပျက်စီးခြင်းသို့ ရောက်ရ၏။

ဘဝထက်ပိုင်းကျိုးအောင် စိုးရိမ်ခဲ့ရသော်လည်း အချည်းနှီးသာ။

ညသန်းခေါင်တွင် မက်သော ခြောက်အိပ်မက်ကဲ့သို့ လည်းကောင်း

ကြီးမားသော တိုက်အိမ်ကြီးတစ်ခု ပြိုလဲသကဲ့သို့ လည်းကောင်း

ဟုတ်ခနဲငြိမ်းသွားသော မီးတိုင်တစ်တိုင်ကဲ့သို့လည်းကောင်း

ပျော်ရွှင်ခြင်းသည် ဝမ်းနည်းခြင်းအဖြစ်သို့ ရုတ်ခြည်းပြောင်း၏။

လောကတွင် ဘာမျှရေရာခြင်း မရှိပြီတကား။


ဧကဒသမအ အပိုဒ်။

ကြင်နာသော အပြုအမူတစ်ခု။


ကြင်နာသည့် အပြုအမူလေးတစ်ခုကြောင့်

နှမသည် ကျေးဇူးသိတတ်သော မိတ်ဆွေတစ်ဦးနှင့် မတော်တဆ ကြုံခဲ့ရ၏။

နှမ၏ အမေသည် ကောင်းသည့် အလုပ်တစ်ခုကို 

အမှတ်မထင်လုပ်ခဲ့မိသည်မှာ ကံကောင်းလေစွ။ 

ကျွန်ုပ်တို့သည် ပူဆွေးသူကို ကယ်ဆယ်၍ ဆင်းရဲသူကို ကူညီသင့်ပေ၏။

နှမ၏ သနားညှာတာကင်းသော ဦးလေးနှင့် 

သစ္စာမဲ့သော ဆွေမျိုးကဲ့သို့ မဖြစ်ပါလေနှင့်။ 

သူတို့သည် ငွေကြးကို စုံမက်သဖြင့် ကိုယ့်သွေးသားကိုမေ့လျော့ ပစ်ပယ်ကြ၏။

ဆုနှင့်ဒဏ်တို့သည် ကောင်းကင်ဘုံတွင် ရကြစမြဲ ဖြစ်ပေ၏။


ဒွါဒသမ အပိုဒ်။

ခမ်းနား‌ေတာက်ပခြင်းသည် အလာနှောင်းခဲ့ပြီ။ 


အချစ်သည် မှန်တွင် ထင်နေသည့် အရိပ်တစ်ခုသာ ဖြစ်ပေ၏။ 

ဂုဏ်အဆင့်အတန်းနှင့် ကျော်ကြားခြင်းတို့သည် 

ထို့ထက် ဆိုးသေး၏။ အိပ်မက်မျှသာ ဖြစ်ချေ၏။ 

နုပျိုခြင်းနှင့် အလှတို့သည်လည်း ညှိုးနွမ်းကြကုန်၏။ 

ရွှေချည်ထိုး ကန့်လန့်ကာများနှင့်

အချစ်ငှက်စောင်တို့ အကြောင်းကို မပြောပါနှင့်တော့။

သေမင်း၏ ဆင့်ခေါ်ချက်ကို ပုလဲသရဖူ၊ 

နတ်ငှက် ကိုယ်ကျပ်အင်္ကျီတို့ဖြင့် ကာသော်လည်း ရှောင်မရနိုင်။

ဇရာတွင် လိုဘတောင့်တ ကင်းရမည်ဟု ပြောကြ၏။ 

ဤသည်မှာ ကုသိုလ်ကံအတိုင်းသာ ဖြစ်ကြပေ၏။ 

တောက်ပြောင်သော မြို့ဝန် ဝတ်ရုံကိုဝတ်၍

မြို့ဝန်၏ ရွှေတံဆိပ်တို့ ပြိုးပြက်လျက်ရှိသော

လူတစ်ယောက်သည် ကြီးမြင့်ကောင်း ကြီးမြင့်ပေလိမ့်မည်။ 

ကြောက်ဖွယ်ကောင်းချင် ကောင်းလိမ့်မည်။

သို့ရာတွင် အဝါရောင် နွေဦးသို့ သွားရာလမ်းသည် နီးလာခဲ့လေပြီ။

ယခင်က တိုင်းပြည်ခေါင်းဆောင်များနှင့်

စစ်သူကြီးတို့သည် ဘာကျန်ခဲ့သနည်း။

နှောင်းလူတို့ မြတ်နိုးကြသော အခွံသာရှိသည့် နာမည်သာ ကျန်ခဲ့ကြပေ၏။

တေဒသမအပိုဒ်

အကောင်းတို့သည် အဆုံးသတ်ခဲ့လေပြီ။


နွေဦးကုန်ဓါနီးတွင် သင်းပျံ့သော အမှုန်တို့သည် 

ဆေးပန်းတို့ ခြယ်ထားသည့် ထုပ်လျောက်ပေါ်မှု ကြွေကျကြ၏။

ပင်ကိုအားဖြင့် လမင်းကဲ့သို့လှသော နှမသည်

မိသားစု ပျက်စီးရခြင်း၏ အကြောင်းရှင်း ဖြစ်၏။

ဓလေ့ဟောင်းတို့ ပျက်စီးခြင်းသည် ချင်လက်ထက်တွင် အစပြုပြီ၊

မိသားစု ပျက်စီးခြင်းသည် နိန်စံအိမ်မှ အစပြုလျက် 

သူတို့အားလုံး၏ ဒုစရိုက်များသည် အချစ်ကြောင့် ဖြစ်ရခြင်း၊ ဖြစ်ပေ၏။


သီချင်းအဆုံး။

ကျေးငှက်တို့ ဌာနသို့ပြန်လေပြီ။


မှူးကြီးမတ်ရာ အိမ်ထောင်စုတစ်ခုသည် ပျက်စီးခဲ့ပြီ။ 

ချမ်းသာသော မှူးမတ်တို့၏ စည်းစိမ်သည် ကုန်ခန်းခဲ့ပြီ။ 

အကောင်းကို လုပ်ခဲ့သော နှမသည် သေခြင်း၏ နှုတ်ခံတွင်းဝမှ လွှတ်၏။

နှလုံးသား ကင်းမဲ့သူတို့မှာမူ အပြစ်ခံရပေ၏။

သူတစ်ပါးအသက်ကို ယူသူတို့သည် ကိုယ့်အသက်ကိုလည်းပေးရ၏။

မျက်ရည်ကြွေးကို ယူမိသူတို့သည် ထိုကြွေးကို မျက်ရည်ဖြင့်ဆပ်ရ၏။

တစ်ပါးသူအား.ပြစ်မှားခဲ့သည့်အတွက် အပြစ်ဒဏ်သည် သေးငယ်သည် မဟုတ်။

ပေါင်းဖော်ခြင်းနှင့် ကွေကွင်းခြင်းတို့သည် ကံအတိုင်းသာ ဖြစ်ကြကုန်၏။

အတိတ်ဘဝတွင် အသေစောခဲ့ရသည့် အကြောင်းရင်းကို ရှာကြည့်လေ။

ဇရာရောက်မှ ရာထူးနှင့် စည်းစိမ်တို့ကို ခံစားရသူတို့သည် ကံထူး ကြပေ၏။

လောကကို မြင်သူတို့ကား လောကမှ ထွက်ပြေးတိမ်းရှောင်ကြပေ၏။

မိုက်မဲသော ချစ်သူတို့ကား ဘဝကို အလဟဿ ဖြုန်းတီးကြကုန်၏။

အစာဝသောအခါတွင် ကျေးငှက်တို့သည် သူတို့ဌာနသို့ပြန်လျက် 

နောက်ဆုံး၌ကား ဟာလာဟင်းလင်းနှင့် လွတ်လပ်လဟာကြီးသာ ကျန်ပေ၏။


ထိုသီချင်းများကို သီဆိုကပြပြီးသည့်အခါတွင် ကချေသည်များနှင့် သီချင်းသည်များသည် နောက်တစ်ကျော့ဆိုရန် ပြင်ဆင်ကြပြန်၏။ သို့ရာတွင် ပေါက်ယု ပျင်းရိငြီးငွေ့သွားပြီကို မာယာဒေဝီ နတ်သမီးမြင် လိုက်လေပြီ။ 

“အင်း၊ ဒီလူနှယ်နော်၊ အလိုက် ထူလိုက်ပါဘိ” ဟု တွေး၍သက်ပြင်းချ၏။

ပေါက်ယုက မိမိမှာ နတ်သုဒ္ဓါယစ်မျိုးရည်တို့ကို သောက်ထားသဖြင့် အတော် မူးယစ်ကာ အိပ်ချင်နေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် နောက်ထပ် တေးသီချင်းများကို သီဆိုရန် မလိုတော့ကြောင်းဖြင့် ပြောဆို၏။

မာယာဒေဝီ နတ်သမီးသည် စားသောက်ဖွယ်ရာများကို ရှင်းလင်းရန် အမိန့်ပေးလိုက်ပြီးလျှင် အမွှေးနံ့သာတို့ ပက်ဖျန်းထားသည့် စက်ခန်းဆောင် တစ်ခုထဲသို့ ခေါ်သွားလေ၏။ ထိုစက်ခန်းဆောင်ထဲ၌ကား ပိုးဖဲကတ္တီပါတို့ဖြင့် ခမ်းနားတောက်ပစွာ ပြင်ဆင်ထားလေရာ ပေါက်ယုသည် ထိုမျှ ခမ်းနားသော စက်ခန်းဆောင်ကို လူ့ပြည်တွင် တစ်ခါမျှ မမြင်ဖူးသေးချေ။ ပို၍အံ့ဩစရာကောင်းသည်မှာ ထိုစက်ခန်းဆောင်ထဲတွင် ပေါက်ကြည်၏ အလှနှင့် ထိုက်ယု၏ ကျက်သရေတို့ပေါင်းစပ်ထားသည့် နတ်မိမယ်ကလေး တစ်ယောက်သည် သူ့ကို အသင့် စောင့်ကြိုလျက် ရှိနေခြင်းပင် ဖြစ်၏။ ပေါက်ယုသည် ဝေခွဲမရ ဖြစ်နေစဉ် မာယာဒေဝီ နတ်သမီးက

“သင်တို့၏ ဖုန်စွန်းသောလူ့ပြည်တွင် မရေတွက်နိုင်သော လေသာပြတင်းစိမ်းတပ် ခန်းဆောင်များ၊ ရွှေချည်ထိုး အုံးစက်ရာများသည် ရာဂအလိုကိုလိုက်သော ယောက်ျားများနှင့် အကျင့်ပျက်သော မိန်းမတို့ကြောင့် အထွတ်အမြတ်အဖြစ်မှ ယုတ်နိမ့်သောအဖြစ်သို့ ရောက်ခဲ့ကြရ၏။ ပို၍ဆိုးသည်မှာ ရှေးပဝေသဏီတည်းကပင်လျှင် အကျင့်ပျက်သော လူမိုက်တို့သည် မိမိတို့၏ အကျင့်ပျက်မှုတို့ကို ဖုံးကွယ်ရန်အတွက် အလှတရားကို ချစ်ခြင်းနှင့် သွေးသားတောင့်တမှုဟူ၍ လည်းကောင်း၊ မေတ္တာနှင့် တဏှာပေမဟူ၍ လည်းကောင်း ခွဲခြားပစ်ခဲ့ကြ၏။ သို့ဖြင့် အလှအပကို ချစ်ခင်မြတ်နိုးခြင်းသည် တပ်မက်ခြင်းအဖြစ်သို့ ရောက်ခဲ့ရ၏။ မေတ္တာသည် တဏှာပေမ အဖြစ်သို့ ရောက်ခဲ့ရ၏။ သို့ဖြင့် မိုးစက်နှင့်တိမ်တိုက်တို့ ပေါင်းဖော် သံဝါသပြုခြင်းသည် အလှအပကို ချစ်မြတ်နိုးတတ်သည့် အချစ်နှင့် ရမ္မက်တို့၏ အထွတ်အထိပ် ဖြစ်လာ၏။

“သင့်တွင် ကျွန်ုပ် သဘောအကျဆုံး အချက်ကား သင်သည် ကမ္ဘာလောကကြီးတွင် တပ်မက်မှု အကြီးဆုံးသူ ဖြစ်သည့်အတွက် ဖြစ်ပေ၏”

ပေါက်ယုသည် ထိတ်လန့်ခြင်းဖြစ်လျက်

“အသင်နတ်သမီးမှားနေပြီ၊ ကျွန်ုပ်သည် စာပေများကို သင်အံခြင်းမပြုဘဲ ပျင်းရိသူဟူ၍ မိဘများက မကြာခဏ မြည်တွန်တောက် တီးခြင်း ခံရပါသည်။ သို့ဖြစ်လျက်နှင့် ကျွန်ုပ်အား ရမ္မက်ကြီးသူဟု အဘယ်ကြောင့် ဆိုရသနည်း။ ထို့ပြင် ကျွန်ုပ်သည် ငယ်ရွယ်သေးသည့် အလျောက် ထိုစကားလုံး၏ အဓိပ္ပာယ်ကိုပင် ကောင်းစ္စာသိသူ မဟုတ်ချေတကား”

မာယာဒေဝီက

“မစိုးရိမ်လေနှင့်၊ အခြေခံအားဖြင့် တဏှာရမ္မက်အားလုံးတို့သည် အတူတူသာ ဖြစ်ကြကုန်၏။ သို့ရာတွင် သူ့နေရာနှင့်သူ အနက်အဓိပ္ပာယ် အသီးသီးကို ဆောင်ကြကုန်၏။ ဥပမာအားဖြင့် လောက၌ ရုပ်အဆင်းသဏ္ဌာန် လှပတင့်တယ်ခြင်း၊ သီဆိုခြင်း၊ ကခုန်ခြင်း အထူးထူးသော နည်းများဖြင့် ပျော်ရွှင်ခြင်း၊ မိုးစက်နှင့်တိမ်တိုက် ကစားနည်းတို့ဖြင့် မြူးတူးခြင်း စသည်တို့တွင်သာ ကြည်နူးနှစ်သက်ကြသော လူသွမ်းတို့သည် ရှိကြကုန်၏။ ထိုသူတို့သည် ခဏမျှသော သုခချမ်းသာကို ရရန်အတွက် လောကအားလုံးတွင်ရှိသော မိန်းမချော မိန်းမလှကို ပိုင်ဆိုင်လိုသောဆန္ဒ ရှိကြ၏။ ထိုသူတို့အား ကာမတဏှာ ညွှတ်ကွင်းတွင် မိနေကြသော ယုတ်နိမ့်သော သတ္တဝါများသာ ဖြစ်ကြကုန်၏။

“သင်ကား ကာမတဏှာ ညွှတ်ကွင်းတွင် အစင်းသားမိရန် မွေးလာသူမဟုတ်၊ စိတ်လွန်ကဲ ပြင်းထန်ခြင်းဖြင့် မွေးလာသူ ဖြစ်ပေ၏။ ဤအကြောင်းကို ကျွန်ုပ် စကားလုံးဖြင့် ရှင်းအောင် မပြောနိုင်၊ ပကတိ ဂုဏ်ဖြင့်သာ ဆင်ခြင်ရာ၏။ စိတ်ဓာတ်လွန်ကဲခြင်းကြောင့် သင်သည် မိန်းမတောတွင် နှစ်သက်ဖွယ်ကောင်းသူတစ်ယောက် ဖြစ်သော်လည်း သင့်စရိုက်ကို ရူးနှမ်းစေသည့်အတွက် သင်သည် ပြောင်လှောင်သရော်ခြင်းကို ခံရပေအံ့။

“ယနေ့၌ သင်သည် သင်၏ ဘိုးဘေးများဖြစ်သော နိန်တူမြို့စားနှင့် ယွန်းကူမြို့စားတို့ကို တွေ့ဆုံ နှုတ်ဆက်ပြီးသည့်အခါတွင် သင့်အား မိန်းမတောတွင် ပျော်ပါးလိုက်စားသူဟု လောကကြီးက သင့်အား ကဲ့ရဲ့ရှုတ်ချခြင်းပြုသည်ကို ကျွန်ုပ်မမြင်လို။ ထို့ကြောင့် သင့်အား ဤဘုံသို့ခေါ်ကာ နတ်သုဒ္ဓါရည်နှင့် နတ်သစ်ရွက်ရည်တို့ကို တိုက်၍ တေးသီချင်းဖြင့် ဖြေဖျော်ပြီးသည့်နောက်၌ ညီမတော်ဖြစ်တဲ့ ငယ်နာမည်ကျင်ကို့ နတ်သမီးဘွဲ့မည် ကျင်မေ့နှင့် ကျွန်ုပ် တွေ့ဆုံပေးပေအံ့။ ယနေ့၌ သင်သည် ကျင်တို့နှင့် ပေါင်းဖော်မှီဝဲခြင်း ပြုပါလေတော့။ ဤသို့ တွေ့ဆုံပေးရခြင်းမှာ အခြားကြောင့်မဟုတ်။ နတ်ဘုံတွင် ယာယီမျှသာသော စည်းစိမ်ကို ခံစားပြီးသည့် နောက်၌ သင်သည် ဖုန်စွန်းသော လူ့ပြည်မှ တဏှာစည်းစိမ်တို့သည်လည်း အချည်းနှီးသာဖြစ်ကြောင်းကို သင်ကို စေလိုသောကြောင့် ဖြစ်ပေ၏။ ယနေ့မှစ၍ သင်သည် ထို တဏှာစည်းစိမ်တို့၏ အကျိုးမဲ့အချည်းနှီးဖြစ်ခြင်းကို နားလည် သဘော‌ေပါက်ပြီး သကာလ သင်၏စိတ်ဓာတ်ကို ပြင်လေလော့။ ကွန်ဖြူစီနှင့် မုန်စီတို့၏ အဆုံးအမကို နာယူကာ လောကကြီး၏ ကောင်းကျိုးကို ဆောင်ပါလေ”

ထိုသို့ ပြောဆိုပြီးနောက် မာယာဒေဝီသည် ပေါက်ယုအား ကာမဘာ၀၏ လျှို့ဝှက်အပ်ရာတို့ကို သင်ကြားပေးလေ၏။ မာယာဒေဝီနတ်သမီးသည် နတ်မိမယ်ရှိရာ စက်ခန်းဆောင်သို့ သူ့ကို တွန်းကာ ခန်းဆောင်တံခါးကို ပိတ်၍ ထွက်သွားလေ၏။

ပေါက်ယူသည် ထိုနတ်သမီး စေသည့် အတိုင်း ပြုလေ၏။ ပေါက်ယု၏ ကာမသျှတ္တရ သင်ခန်းစာတို့ကိုမူ ကျော်လွှားချန်လှပ်ခဲ့ပေအံ့။

နောက်တစ်နေ့မှစ၍ ပေါက်ယုနှင့် ကျင်ကို့ခေါ် ကျင်မေ့တို့သည် မခွဲနိုင်မခွာနိုင်ဖြစ်လျက် ရှိကြပြီး တစ်ယောက်ကို တစ်ယောက် သံယောဇဉ် တွယ်မိကြလေ၏။ သူတို့နှစ်ယောက်သည် လက်ချင်းတွဲက နတ်ပန်းဥယျာဉ်ထဲတွင် လမ်းလျှောက်ကြလေ၏။

သို့လျှောက်သွားစဉ် ဝံပုလွေများ၊ ကျားများဖြင့် ပြည့်နှက်လျက်ရှိသည့် ဆူးချုံတစ်ခုနားသို့ ရောက်သွားကြလေ၏။ သူတို့ရှေ့တွင် မည်းနက်သော ချောင်းကြီးတစ်ချောင်း ကန့်လန့်ဖြတ် ကာဆီးလျက်ရှိပြီး ကူးဖြတ်စရာ ဘာမျှမရှိသည်ကို တွေ့ရလေ၏။ မည်သို့လုပ်ရမည် မသိ ဖြစ်နေစဉ် မာယာဒေဝီ ရောက်လာကာ “မကူးနှင့်၊ မကူးနှင့်၊ ပြန်လှည့်” ဟု အော်သံကို ကြားရ၏။ ပေါက်ယုသည် ကြောက်လန့်ကာ “မည်သည့်နေရာနည်း” ဟု မေး၏။

“ဤနေရာကား ရာဂညွှန်အိုင် ဖြစ်သတည်း။ ပေတစ်သောင်း နက်၍ လီပေါင်းတစ်သောင်း အကျယ်ရှိ၏။ ထိုညွှန်အိုင်၌ ကူးဖြတ်စရာ ကူးတို့လှေမရှိ၊ လောင်စာတည်းဟူသော လှေသူကြီးနှင့် ပြာမှုန်တညး်ဟူသော လှေထိုးသားတို့သာ ဦးစီးသည့် ဖောင်တစ်ခုသာ ရှိ၏။ သူတို့သည် ကူးတို့ကို ရွှေဖြင့်လည်းမယူ၊ ငွေဖြင့်လည်းမယူဘဲ ဟိုမှာ ဆက်ကမ်းသို့ အရောက်သာ လိုက်ပို့တတ်ကြ၏။ သင်တို့သည် ဤနေရာသို့ တော်တဆ ရောက်လာကြခြင်းသာ ဖြစ်သည်။ ဤညွှန်ဗွက်အိုင်ကြီးကို ဆင်းခဲ့လျှင် ကျွန်ုပ်ပေးခဲ့သမျှ အကြံဉာဏ်တို့သည် အချည်းနှီးသာ ဖြစ်ပေတော့အံ့။

ထိုသို့ပြောနေစဉ် မိုးကြိုးထစ်ချုန်းသကဲ့သို့သော အသံကြီးကို ကြားလိုက်ရပြီးနောက် ညွှန်အိုင်ကြီးထဲမှ ဘီလူးသဘက်များနှင့် ပြိတ္တာတို့သည် ပေါက်ယုကို ဆွဲနှစ်ရန် ပြေးလာကြ၏။ ပေါက်ယု၏ တစ်ကိုယ်လုံးတွင် ချွေးစေးကြီးတွေ ပြန်လျက်ရှိပေ၏။ ပေါက်ယုသည် ကြာက်ကြောက်ဖြင့် “ကျင်ကို့ ကျင်ကို့ ကျွန်တော့်ကို ကယ်ပါဦး” ဟု အော်၏။

ပေါက်ယု၏ အော်သံကိုကြားသဖြင့် မာလာနှင့် ကျန်အထိန်းများသည် ပြေးလာကြကာ ပေါက်ယုကို ချော့မော့ကြလေ၏။ 

“သခင်လေး၊ ဘာဖြစ်သလဲဟင်။ မကြောက်ပါနဲ့။ ကျွန်မတို့ ပါတယ်”

ထိုအချိန်၌ ကျင်ကို့သည် အပြင်ဘက် စင်္ကြံတွင်ရပ်ကာ အစေတော်များအား ကြောင်ကလေးများ၊ ခွေးကလေးများ ပျော်ပါး မြူးတူးနေသည်ကို စောင့်ကြည့်ရန် ပြောလျက်ရှိလေ၏။ ထိုသို့ ပြောနေစဉ် သူ့အမည်ကို ယောင်ယမ်းခေါ်နေသော ပေါက်ယု၏အသံကို ကြားရ၏။

“အလို ငါ့ငယ်နာမည်ကို ဒီမှာ ဘယ်သူမှမသိဘဲ ပေါက်ယုက ခေါ်တာ တယ်လို့လဲ ထူးဆန်းလှပါကလား။ ဘာဖြစ်လို့များ ငါ့ နာမည်ကို အိပ်မက်ထဲမှာ ယောင်ပြီး ခေါ်နေရတာပါလိမ့်” ဟု ကျင်ကို့ တွေးလျက်ရှိလေ၏။

မှန်ပေ၏။

လျှို့ဝှက်သော အိပ်မက်ထဲတွင် ထူးဆန်းသော တွေ့ဆုံမှုတို့သည် ပေါ်ပေါက်တတ်ကြ၏။

သူသည် ခေတ်အဆက်ဆက်တွင် ချစ်ရမ္မက် အပြင်းထန်ဆုံံးသူ ဖြစ်ပေ၏။


အခန်း - ၆ ဖတ်ရန်


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်