ခန်းဆောင်နီအိပ်မက် @ အခန်း - ၆



ပေါက်ယုသည် အချစ်၏ အရသာကို ပထမဆုံး တွေ့ရှိခြင်း။

အဘွားလူသည် ယွန်းစံအိမ်ကြီးသို့ ပထမဆုံး ရောက်ရှိခြင်း။


တစ်နေ့ခါတွင်၊ စည်းစိမ်ရှင်၏ 

အိမ်ဝင်ဝင်းဝ၊ တံခါးမကို 

ခဏဝင်ရောက်၊ သူလာခေါက်၏။ 

ထိုအခါတွင်၊ စည်းစိမ်ရှင်လည်း 

သူ့တွင်ပင်လျှင်၊ စည်းစိမ်ဆန္ဒ 

မပြည့်ဝဟု၊ ညည်းခြင်းပြု၏။ 

သူတို့လက်ဆောင်၊ ရွှေစင်ထောင်ထုပ် 

မဟုတ်သော်ငြား၊ လွန်မများလည်း

 သူ့သွေးသူသား၊ ပေးနိုင်အားဆက်

များပြားလျက်တည့်။ ။


ပေါက်ယု အိပ်မက်မက်ရင်း သူ့အမည်ကို ယောင်ယမ်းခေါ်သံကို ကျင်ကို့ကြားလိုက်၏။ သို့ရာတွင် အကျိုးအကြောင်းကို မမေးလိုက်ရချေ။ ပေါက်ယုမှာလည်း စိတ်ဖောက်ပြန် သွားသကဲ့သို့ နဝေတိမ်တောင်ဖြစ်လျက်ရှိ၏။ အစေတော်များသည် ကြက်မောက်သီးရည်ဖြင့် စပ်သည့် ဆေးတစ်ခွက်ကို ယူလာ၍တိုက်၏။ ပေါက်ယုသည် အနည်း ငယ်သောက်ပြီးနောက် ဖရိုဖရဲဖြစ်နေသည့် အဝတ်အစားများကို သပ်ရပ်အောင် ပြင်နေလေ၏။

မာလာက ပေါက်ယု၏ ခါးဝတ်ကို ပြင်ဝတ်ပေးမည်ပြုစဉ် သူ့ပေါင်ကို လက်ဖြင့် ကိုင်မိသည်၌ အေးစက်စေးထန်းနေသည်ကို တွေ့ရလေသောအခါ အလန့်တကြားဖြင့် လက်ကို ရုပ်လိုက်ပြီးနောက် အကျိုးအကြောင်းကို မေး၏။ ပေါက်ယုသည် မျက်နှာတွင် ရှက်သွေးဖြာလျက် ရှိရာမှ မာလာ၏လက်ကို အသာဖျစ်ညှစ်ကိုင်လိုက်၏။

မာလာမှာ အကင်းပါးသည့် မိန်းကလေး တစ်ယောက်ဖြစ်ပြီး ပေါက်ယုထက်လည်း အသက် အနည်းငယ် ကြီးသည့်အတွက် အချင်းအရာကို ရိပ်မိလိုက်လေပြီ။ ပေါက်ယု၏ အခြေအနေကို ကြည့်လိုက်ခြင်းဖြင့် မည်သို့သော အိပ်မက်မျိုးကို မက်ကြောင်း သိလိုက်သည့်အတွက် မာလာကိုယ်တိုင်မှာလည်း ရှက်သွေးဖြာသွားကာ မျက်နှာတွေ ထူပူသွားလေ၏။ မာလာသည် နောက်ထပ် ဘာမျှ မေးမြန်းခြင်း မပြုတော့ဘဲ အဝတ်အစားများကို ပြင်ဝတ်ပေးလျက်ရှိ၏။

ပေါက်ယုနှင့် အစေတော်များသည် မယ်မယ်တို့ရှိရာသို့ ပြန်လာခဲ့ကြ၍ စားသောက်ဖွယ်ကို စားသောက်ပြီးနောက် မိမိတို့ ခန်းဆောင် အသီးသီးသို့ ပြန်လာခဲ့ကြ၏။ အခြားအစေတော်များနှင့် အထိန်းတော်မျာ းမရှိသည့်အခါ၌ မာလာသည် ပေါက်ယုကို အဝတ်အစားလဲပေး၏။

“မာလာ၊ ဒီအကြောင်းကို ဘယ်သူ့မှ ပြန်မပြောနဲ့နော်” ဟု ပေါက်ယုက ရှက်ရှက်ဖြင့် ပြော၏။ မာလာက ရှက်ပြုံးဖြင့် 

“ဒီလောက်တောင် ညစ်ပတ်ပေရေကုန်အောင် ဘယ်လိုအိပ်မက်တွေ့များ မက်လို့လဲ သခင်လေးရဲ့”

“အိပ်မက်ကတော့ အရှည်ကြီးပဲ” ဟုဆိုကာ ပေါက်ယုသည် မြင်မက်ခဲ့သမျှကို ပြောပြကာ မာယာဒေဝီ၏ ကောင်းမှုဖြင့် “တိမ်တိုက်နှင့် မိုးစက်ကြားတွင် ကစားခြင်း” အကြောင်းပါမကျန် အားလုံးကို ပြောပြ၏။ သူ့စကားကြောင့် မာလာသည် မျက်နှာကို လက်ဖြင့် ကွယ်ကာ တခစ်ခစ်ရယ်လျက်ရှိ၏။

မာလာ၏ အယုအယနှင့် ရိသဲ့သဲ့ အမူအရာတို့ကြောင့် ပေါက်ယုသည် မာလာကို စိတ်ဝင်စားနေခဲ့သည်မှာ ကြာခဲ့လေပြီ။ ထို့ကြောင့် ပေါက်ယုသည် မာလာအား မိမိနှင့်အတူ ယဉ်ပါးရန် ပြောလေ၏။ မယ်မယ်သည် ပေါက်ယုကို မိမိအား ပုံအပ်ထားသည့်အလျောက် ဤသို့ ယဉ်ပါးခြင်းသည် အခွင့်ကောင်းယူရာမကျဟု မာလာ ယူဆ၏။ သို့ဖြင့် သူတို့နှစ်ယောက်သည် အခွင့်သင့်တိုင်း ယဉ်ပါးကြ၏။ ကံကောင်းထောက်မသဖြင့် သူတို့နှစ်ယောက်အကြောင်းကို မည်သူမျှ မသိကြချေ။ ထိုအချိန်မှစ၍ ပေါက်ယုသည် မာလာအား အထူးအခွင့်အရေးပေးပြီး မာလာကလည်း ပေါက်ယုကို ယခင်ကထက်ပို၍ သစ္စာစောင့်သိခြင်း ပြုလေ၏။

ယွန်းစံအိမ်ကြီးသည် အလွန်ကြီးသည့် အိမ်ကြီးတစ်ဆောင် မဟုတ်သည့်တိုင် သခင်များနှင့် အစေတော်များပါပေါင်းလျှင် ထိုစံအိမ်ကြီးတွင် လူသုံးလေးရာခန့် ရှိ၏။ လုပ်ငန်းဆောင်တာ များစွာမရှိသည့်တိုင် နေ့စဉ်လုပ်ဆောင်ရသည့် ကိစ္စများမှာ မနည်းလှချေ။ ရှုပ်ထွေးနေသော လျော်ထွေးကို ပြန်၍ ရေတွက်ရသည်ထက် ရှင်းရသည်က လွယ်သေးသည် ဆိုသည့် စကားကဲ့သို့ မည်သည့် ဇာတ်ကောင်ကို စ၍ရေးရမှန်း မသိဘဲဖြစ်နေစဉ် လီတစ်ထောင်ခန့်ဝေးသည့် အရပ်ဒေသမှ မုန်ညင်းစေ့တစ်စေ့ပမာ မထင်မရှား အညတရမျှသာဖြစ်ပြီး ယွန်းစံအိမ်မိသားစုနှင့်ဆွေမျိုး အဖျားအနားတော်သည့် ဧည့်သည်တစ်ယောက်သည် ထိုနေ့၌ ယွန်းစံအိပ်ကြီးသို့ ရောက်လာလေ၏။ ထို့ကြောင့် ထိုမိသားစုအကြောင်းကို စ၍ ပြောပါအံ့။

ထိုမိသားစု၏ အမည်နှင့်တကွ ထိုလူတို့ ယွန်းစံအိမ်ကြီးနှင့် မည်သို့မည်ပုံ ပတ်သက်ကြောင်းကို အဆွေစာဖတ်သူ သိဦးမည် မဟုတ်ချေ။ အဆွေစာဖတ်သူ ထိုအကြောင်းကို မသိလိုဟုဆိုပါက ဤစာအုပ်ကိုချ၍ အခြားကြိုက်ရာ စာအုပ်တစ်အုပ်ကို ကောက်ဖတ်ပါလေ။ သို့ရာတွင် အဓိပ္ပာယ်မရှိသည့် ဤဝတ္ထုသည် သင့် အားလပ်ချိန်ကို ဖြုန်းရာတွင် အထောက်အကူဖြစ်သည် ဆိုငြားအံ့။ ညံ့ဖျင်းမိုက်မဲသော ကျောက်တုံးဖြစ်သည့် ကျွန်ုပ်စာရေးသူသည် ထိုအကြောင်းကို အသေးစိတ် ပြောပြပေအံ့။

အထက်တွင် ကျွန်ုပ်ပြောပြခဲ့သော မိသားစု၏ ဘုံနာမည်မှာ ဝမ် ဟူ၍ဖြစ်၏။ ထိုမိသားစုသည် တောနယ်တစ်နယ်မှဖြစ်ပြီး သူတို့၏ အဘိုးဖြစ်သူ ရွှေမြို့တော်ကြီးတွင် အရာရှိငယ်တစ်ဦးအဖြစ် အမှုထမ်းနေစဉ် သခင်မဝမ်၏ဖခင်၊ နတ်ငှက်မယ်၏အဘိုးဖြစ်သူနှင့် အသိအကျွမ်း ဖြစ်ခဲ့ကြခြင်းဖြစ်၏။ သခင်ဝမ်တို့၏ အမျိုးသည် တန်ခိုးဩဇာကြီးသည့် ဆွေမျိုးကြီးဖြစ်သည့်အတွက် ထိုမိသားစုသည် သခင်မဝမ်တို့၏ ဝမ်မျိုး၊ နှင့်ဆွေမျိုးစပ်ကာ သူ့ ကိုယ်သူ ဝမ်၏တူဟု ပြောဆိုခြင်း ပြု၏။ ထိုအချိန်က သခင်မဝမ်နှင့် သူ့အစ်ကိုကြီးဖြစ်သည့် (နတ်ငှက်မယ်၏ဖခင်)သည် သူတို့၏ ဖခင်ကြီးနှင့်အတူ ရွှေမြို့တော်သို့ လိုက်နေခဲ့ကြသဖြင့် သူတို့မောင်နှစ်မ နှစ်ယောက်သာလျှင် ထိုဆွေမျိုးစပ်ကို သိရှိပြီး ကျန်မောင်နှမသားချင်းတို့မှာ ထိုအကြောင်းကို ဘာမျှ မသိကြချေ။

ထိုပုဂ္ဂိုလ် ကွယ်လွန်သည့်အခါတွင် ဝမ်ချင်းဟူသော သားတစ်ယောက် ကျန်ရစ်ခဲ့၏။ ထိုစဉ်က သူတို့မှာ ဆင်းရဲနွမ်းပါးသည့်အလျောက် ရွှေမြို့တော်တွင် မနေနိုင်ဘဲ ကျေးလက် ဇနပုဒ်တစ်ခုတွင် နေထိုင်ရ၏။ မကြာမီ ဝမ်ချင်းလည်း မကျန်းမမာဖြစ်၍ ကွယ်လွန်ခဲ့ကာ ကိုအဲဆိုသော သားတစ်ယောက် ကျန်ခဲ့လေ၏။ ကိုအဲသည် လူမိသားစုမှ မိန်းကလေး တစ်ယောက်နှင့်ရက၁ ပန်အဲဆိုသော သားတစ်ယောက်နှင့် ကျင်အဲ ဆိုသော သမီးတစ်ယောက် ထွန်းကားခဲ့၏။ အိမ်ထောင်စု သားလေးယောက်တို့သည် လယ်ယာစိုက်ပျိုး၍ အသက်မွေးကြ၏။

ကိုအဲသည် တစ်နေ့လုံး လယ်ယာကိစ္စတို့ဖြင့် အလုပ်များလျက် ရှိပြီး မယားဖြစ်သူမှာလည်း အိမ်မှုကိစ္စများဖြင့် မအားသည့်အလျောက် ကလေးငယ်များကို ထိန်းကျောင်းပေးမည့်သူ မရှိသဖြင့် ယောက္ခမဖြစ်သူ အဘွားလူကို ခေါ်ထားရ၏။ အဘွားလူမှာ လောကဓံကို ကြုံခဲ့ရပြီ ဖြစ်သည့် မုဆိုးမတစ်ဦးဖြစ်လျက် အညံ့စား မြေကွက်ကလေးနှစ်ကွက်ကို ကိုယ့်ဘာသာ လုပ်ကိုင်စားသောက်နေရသူတစ်ဦး ဖြစ်၏။ သား ယောက် သားခံမရှိသည့်အတွက် အညံ့စားမြေကွက်ကလေး နှစ်ကွက်ကို မိမိဘာသာ လုပ်ကိုင်စားသောက်နေရသူ တစ်ဦး ဖြစ်သည့်အလျောက် သမက်က ခေါ်၍ ကျွေးမွေးထားသည့် အခါတွင် များစွာ ဝမ်းသာ၏။ အဘွားလူသည် သမက်နှင့်သမီးတို့၏အိမ်တွင် လူပိုမဖြစ်အောင် တတ်နိုင်သမျှ ကြိုးစား၍ အလုပ်လုပ်လေ၏။

နွေနှောင်းရာသီကုန်ဆုံး၍ ဆောင်းတွင်းသို့ ရောက်လာသည့်တိုင် သူတို့တွင် ဝမ်းစာ စုပြီးဆောင်းပြီး မရှိသည့်အတွက် ကိုအဲသည် စိတ်ညစ်ညစ်ဖြင့် အရက်ကိုချည်း ဖိသောက်ကာ အိမ်သူအိမ်သားများအား အမြဲ ရန်ရှာလျက်ရှိ၏။ ဇနီးဖြစ်သူမှာ ကြောက်သဖြင့် ဘာမျှ ပြန်မပြောရဲသည့်တိုင် အဘွားလူကမူ ငုံ့ခံခြင်း မပြုချေ။

“မင်းကို ဆရာလုပ်တယ်လို့တော့ မအောက်မေ့ပါနဲ့ကွယ်၊ ပြောတော့ ပြောရဦးမယ်။ တို့ တောသူတောင်သူဆိုတာ ခပ်ရိုးရိုးရယ်။ အိုးတန် ဆန်ခတ်ဆိုသလို ကိုယ့်ရှိတာကလေးနဲ့ကိုယ် တိုင်းထွာပြီး စားကြတာပါ။ ခု မင်းမှာ ငယ်ငယ်က အဖေက အလိုလိုက်ခဲ့လေတော့ ကြီးလာတော့ ကိုယ့်လယ်ကိစ္စယာကိစ္စကို ကောင်းကောင်း မခန့်ခွဲတတ်ဘူးပေါ့။ မင်းမှာ ပိုက်ဆံလေးရှိယင် ရှေ့ရေးကို ဘာမှ မကြည့်တော့ဘူး။ အဲ ရှိလို့ သုံးဖြုန်း ကုန်ပြီဆိုတော့ ဟိုလူရန်ရှာ ဒီလူရန်ရှာနဲ့။ အသက်တွေလဲကြီးလာတော့ ဒီလိုလုပ်ဖို့ မကောင်းတော့ပါဘူးကွယ်။ တို့များဟာ ကျေးလက် ဇနပုဒ်မှာ နေရပေမယ့် ဘုန်းတော်ကြီးသောဘုရားရဲ့ စက်ရိပ်မှာ ခိုလှုံနေကြရတာပဲ မဟုတ်လား။ ရွှေနန်းတော် လမ်းမတန်းမှာ ပိုက်ဆံတွေ တောင်လိုပုံနေတယ်’ တဲ့။ ရှေးစကားရှိတယ်။ လုပ်တတ်ကိုင်တတ်ယင် ငွေကြေးဆိုတာ မရှားပါဘူး။ ဒီတော့ ငါပြောချင်တာက မင်းအနေနဲ့ အိမ်မှာ ဘာလို့ တဆူဆူ တပူပူလုပ်နေမလဲ။ အကြံလေး ဘာလေး ထုတ်ကြည့်ပါလား”

“ခုတင်မီးဖိုကြီးပေါ်မှာ ဇိမ်နဲ့ထိုင်ပြီး ပြောရတာကတော့ လွယ်တာပေါ့ဗျ။ ခင်ဗျားပြောတဲ့အတိုင်းဆိုယင် ကျွန်တော်က ဘာလုပ်ရမှာလဲ။ ထွက်ပြီး ခိုးရမှာလား၊ ဒမြတိုက်ရမလား” ဟု ကိုအဲက ပြန်ပြော၏။

“ငါကလဲ ဒမြထွက်တိုက်ရမယ်လို့ မပြောပါဘူးကွယ်။ တို့များ အချင်းချင်း တိုင်ပင်ဖို့ ပြောနေတာပါ။ ငွေစဆိုတာ သူ့အလိုလိုလိမ့်ပြီး အိတ်ထဲရောက်လာတာမှ မဟုတ်တာ”

“နည်းလမ်းရှာမတွေ့လို့ ဒီလိုနေတာပေါ့ဗျ။ ကြံတတ်ဖန်ကတ်ယင် ဘယ် ဒီလိုနေပါတော့မလဲ။ ကျွန်တော့်မှာ ငွေတိုးချေးစားတဲ့ ဆွေမျိုးလဲ မရှိ၊ ရာထူးရာခံကြီးကြီးထဲကလဲ ဆွေမျိုးမရှိတော့လို့ ဒီလိုငုတ်တုတ် စင်းခံနေရတာပေါ့။ ဘာတတ်နိုင်မှာလဲ။ ဆွေမျိုးဆိုတာ ကိုယ့်မှာ ပိုက်ဆံမရှိယင် အလကားပါပဲ။ တွေ့ယင်တောင် မမြင်ချင်ယောင်ဆောင် နေမှာပါ”

“ဒီလိုလဲ အားမလျှော့ပါနဲ့ဦးကွယ်။ လူမတန်ပေမယ့် ကံကရှိပါသေးတယ်။ ဒီတော့ မင်းအနေနဲ့ အကြံအစည်တစ်ခုကို စိတ်ကူးပါ။ ရတနာသုံးပါးကို ကိုင်းရှိုင်းပါ။ ဘာပဲဖြစ်ဖြစ် အကျိုးမယုတ်ပါဘူး။ ငါ့အနေနဲ့ စိတ်ကူးထားတာ တစ်ခုတော့ရှိတယ်။ မင်းမိဘဘိုးဘွားများ လက်ထက်တုန်းက မင်းတို့မျိုးက ချင်လင်းမြို့က ဝမ်မိသားဆွေမျိုးစုနဲ့ အဆက်အစပ် ရှိခဲ့ကြတယ်။ တခြားမကြည့်နဲ့လေ။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ် လောက်တုန်းကတောင် မင်းကို သူတို့ ကူညီထောက်ပံ့ခဲ့ကြသေးတာပဲ။ မင်းကသာ မာနကြီးပြီး သူတို့နဲ့ အဆက်အသွယ်မလုပ်လို့ အနေဝေး သွားကြတာ။

“တစ်ခါတုန်းက ငါ့သမီးနဲ့သွားခဲ့ဖူးသေးတယ်လေ။ အဲဒီတုန်းက သခင်ဝမ် ဆိုတာ အင်မတန်လဲ သဘောကောင်းတယ်။ ဟန်ကြီးပန်ကြီးလဲ မရှိဘူး။ အပေးအကမ်းကလဲ ရက်ရောပါဘိသနဲ့။ သခင်မ ၀မ်က ယွန်းစံအိမ်ကြီးက ကျိချိန်ဆိုတာနဲ့ရတယ်။ ခုဆိုယင် ဟိုတုန်းက ဝက်တောင် အပေးအကမ်း၊ အလှူအတန်း ရက်ရောသေးသတဲ့။ ရဟန်း တော်တွေ သီလရှင်တွေကို လှူဖို့ ဆန်တို့၊ ငွေစတို့ကို အမြဲတမ်းအဆင်သင့် ထားတယ်တဲ့။ ခုဆိုယင် သ့်အစ်ကိုကြီးကလဲ နယ်ခြားမှာ စစ်ဗိုလ်ချုပ်ကြီးအဖြစ် ပြောင်းသွားရပြီတဲ့။ သခင်မဝမ်ဆီကို တို့များသွားယင်တော့ တို့ကိုမှတ်မိလိမ့်မယ်ထင်တာပဲ။ ဒီတော့ အဲဒီသခင်မဝမ်ဆီကို သွားကြည့်စမ်းပါလား။ ဟိုတုန်းက သားချင်း ဆွေမျိုးမိတ်ဆွေ ပေါင်းအသင်းကို ငြင်းပယ်တန် မထင်ပါဘူး။ သူတို့အဖို့ ဒီလောက် ကူညီပေးကမ်းရတာဟာ ဘာဖြစ်လောက်တာမှတ်လို့။ ကူညီတယ်ဆိုယင် သူပေးတဲ့ ဆံပင်မွှေးတစ်ချောင်းဟာ တို့ခါးထက်တောင် တုတ်ပါသေး တယ်ကွယ်”

ဤတွင် သမီးဖြစ်သူကလည်း

“ဟုတ်သားပဲ။ အမေပြောတာ ကောင်းတယ်။ ဒါပေမယ့် အမေရယ် ကျွန်မတို့လို ဆင်းရဲသားက သူတို့ဝင်းတံခါးတွေနား ဘယ်မှာသီရဲပါ့မလဲ။ သူတို့ဝင်းမှူးတွေကလဲ ကျွန်မတို့ကို ဘယ်မှာ ဝင်ခွင့်ပြုပါ့မလဲ။ အနားသွား ရစ်သီရစ်သီလုပ်နေယင် အရိုက်ခံရလို့ ဟုတ်ပေ့ ရှိနေပါ့မယ်”

သို့ရာတွင် သမက်ဖြစ်သူ ကိုအဲသည် အခွင့်ကောင်းကိုရလိုက်လေပြီ။ ယောက္ခမ၏ အကြံကို ကြားသည့်အခါတွင် သဘောကျသွားကာ ဇနီးဖြစ်သူ၏ ကန့်ကွက်ချက်ကို ကြားသည့်အခါတွင် ရယ်လိုက်လျှက်

“ဒီအကြံက အမေ့အကြံပဲ။ ပြီးတော့ အမေက အဲဒီသခင်မဝမ် ဆိုတာကိုလဲ အယင်တုန်းက တွေ့ဖူးပြီးသား။ ဒီတော့ မနက်ဖြန်လောက်ကျယင် အမေကိုယ်တိုင်သွားပြီး အခြေအနေ အကဲခတ်ကြည့်ချည်ပါလား”

“ကြားသားမိုးကြိုးထော် ကျုပ်တော့ မသွားပါရစေနဲ့။ မှူးကြီးမတ်ရာ အိမ်တံခါးပေါက်ဆိုတာ ပင်လယ်ထက်တောင် နက်တယ်တဲ့။ ကျုပ်က အညတရ။ အစေတော်တွေ ဘာတွေကလဲ ကျုပ်ကိုသိမှာ မဟုတ်ဘူး။ ကျုပ်သွားလို့ ဘာထူးမှာလဲ”

“ကိစ္စမရှိပါဘူးလေ၊ ကျွန်တော်ပြောပြပါ့မယ်။ အမေတစ်ယောက်တည်း မသွားချင်ယင် ကျွန်တော့်သား ပန်အဲကိုခေါ်သွား ဟိုရောက်ယင် ဝင်းမှူးချူယွီကိုမေး။ ချူယွီကို တွေ့တယ်ဆိုယင် ကျွန်တော်တို့ ဟန်ကျပြီ။ ချူယွီက အဖေနဲ့ အဆက်အသွယ် ရှိခဲ့ဖူးတယ်။ ခင်လဲခင်တယ်’

“ချူယွီကိုတော့ ငါလဲသိပါတယ်ကွယ်။ ဒါပေမယ့် ဒီလောက်တောင် အကြာကြီး ကွဲကွာပြီးမှ ပြန်တွေ့တော့ သူတို့က ဘယ်လိုများ သဘောထားမလဲမသိဘူး။ တကယ်တော့ ယောက်ျားလုပ်တဲ့မင်းတောင် ဒီလောက်ရွံ့နေယင် ဒီပြင်လူ ဘယ်လိုနေမလဲဆိုတာ မင်းပဲ စဉ်းစားကြည့်တော့ပေါ့၊ ငါ့သမီးကလဲ ငယ်သေးတော့ လူတောသူတောကို တိုးရဲမှာ မဟုတ်သေးဘူး။ တို့များကတော့ အဘွားကြီးဆိုတော့ အရေးမကြီးပါဘူး။ သူတို့စော်ကားလဲခံရုံပေါ့။ ဟန်ကျလာတယ်ဆိုယင်လဲ အားလုံး ချောင်လည်တာပေါ့။ သူတို့ဆီက ငွေစကလေးဘာလေးမရတောင် သွားတာကတော့ အကျိုးမဟုတ်ပါဘူး။ အနည်းဆုံး သူတို့အထက်တန်းစားတွေ ဘယ်လိုနေတယ်ထိုင်တယ်ဆိုတာကို မြင်ဖူးတာပေါ့”

ထိုစကားကြောင့် အားလုံးရယ်လိုက်ကြ၏။ ညနေပိုင်းသို့ရောက် သည့်အခါတွင် ထိုပြဿနာမှာ ပြေလည်သွား၏။

နောက်တစ်နေ့၌ အဘွားလူသည် အရုဏ်မတက်မီကတည်းက အိပ်ရာမှထကာ ရေမိုးချိုးပြီးနောက် ဆံပင်တို့ကို ရှင်းလင်း၍ဖြီး၏။ မြေးငယ်ဖြစ်သူ ပန်အဲအား စံအိမ်သို့ရောက်လျှင် မည်သို့ပြောဆို နေထိုင်ရမည်တို့ကို သင်ကြား၏။ ပန်အဲမှာ ငါးနှစ်ခြောက်နှစ်သားခန့်ရှိသည့်လူမမည် ဖြစ်သည့်အလျောက် ရွှေမြို့တော်သို့သွားရမည် ဆိုသည့်အခါတွင် ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကာ ခိုင်းသမျှကို မညည်းမညူလုပ်၏။

မြို့တော်သို့ရောက်သည့်အခါတွင် မြေးအဘွားနှစ်ယောက်သည် နိန်ယွန်းလမ်းကို မေးမြန်းလာခဲ့ကြ၏။ သို့ရာတွင် အဘွားလူမှာ ဝေါများ၊ မြင်းများနှင့် ရှုပ်ယှက်ခတ်လျက်ရှိသည့်အတွက် လန့်ဖျပ်ကာ ယွန်းစံအိမ်ကြီး၏ တံခါးဝ တစ်ဖက်တစ်ချက်တွင်ရှိသည့် ခြင်္သေ့ရုပ်ကြီးများအနီးသို့ မကပ်ရဲအောင် ဖြစ်လျက်ရှိ၏။ အဘွားလူသည် အင်္ကျီတွင်တင်နေသည့် ဖုန်မှုန့်များကိုခါပြီးနောက် မြေးဖြစ်သူ ပန်အဲကိုလည်း နောက်ထပ်ညွှန်ကြားချက်များပေးကာ ထိုဝင်းကြီး၏ဘေး မလွယ်ပေါက်တစ်ခု အနီးသို့ မရဲတရဲဖြင့် ကပ်လာခဲ့၏။ ထိုနေရာတစ်ဝိုက်၌ကား ဆောင့်ကြွားကြွားဖြစ်နေကြသော အစေတော်တစ်သိုက်သည် ခုံတန်းရှည်များပေါ်တွင် နေဆာလှုံလျက်ရှိရင်းက ဆူညံ့စွာ စကားပြောလျက်ရှိကြ၏။ 

အဘွားလူက အရဲစွန့်၍ ရှေ့သို့တိုးလာကာ

“ငါ့မြေးကြီးများကို မေးချင်လို့ပါကွယ်” ဟု ပြောလေ၏။ 

အစေတော်တစ်သိုက်သည် အဘွားလူကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးနောက် အကျိုးအကြောင်းကို မမေးချင်မေးချင်ဖြင့် မေးမြန်းခြင်းပြု၏။ 

“သခင်မဝမ် လက်ထက်တုန်းကပါလာခဲ့တဲ့ စာရင်းကိုင်မှူး ချူယွီနဲ့ တွေ့ချင်လို့ပါကွယ်၊ ငါ့မြေးကြီးများ တဆိတ်သူ ကိုခေါ်ပေးပါလား” ဟု အဘွားလူက ပြုံး၍ပြော၏။

အစေတော်များသည် အဘွားလူ၏ စကားကို မကြားသည့်နှယ် ဘာမျှမပြောဘဲ သူတို့ဘာသာ သူတို့ ဆက်၍ စကားပြောနေကြ၏။ နောက်ဆုံးတွင်မှ သူတို့အထဲမှတစ်ယောက်က

“အဘွားကြီး ဟောဟို တံတိုင်းထောင့်မှာ သွားထိုင်စောင့်ချည်။ ခဏနေတော့ သူတို့အိမ်က တစ်ယောက်ယောက် ထွက်လာလိမ့်မယ်”

ဤတွင် အသက်ကြီးကြီး အစေတော်တစ်ယောက်က

“ကွာ၊ အဘွားကြီးကို ဘာဖြစ်လို့ နှိပ်စက်နေမလဲ။ အချိန်ကုန်ပါတယ်။ ဒီမှာ အမေကြီး၊ ချူယွီ မရှိဘူးဗျ။ တောင်ပိုင်းကို ခရီး ထွက်သွားတယ်။ သူ့မိန်းမတော့ ရှိတယ်။ ချူယွီရဲ့အိမ်က ဝင်းနောက်မှာ။ အဲဒီတံတိုင်းကို ကွေ့ပြီး နောက်ဖေးဘက်ကို သွား၊ အဲဒီကျတော့မှ ချူယွီမိန်းမကို မေးကြည့်”

အဘွားလူသည် ထိုလူကို ကျေးဇူးတင်စကား ပြောပြီးလျှင် ပန်အဲကို လက်ဆွဲ၍ ဝင်းကြီး၏ နောက်ဖေးဘက်သို့ လာခဲ့လေ၏။ နောက်ဖေး မလွယ်ပေါက်တစ်ခုအနီးတွင်မူ အထမ်းသည်များသည် အထမ်းများကိုချလျက် ဈေးရောင်းနေကြပြီး အစေတော်သူငယ် နှစ်ဒါဇင်လောက်သည် အထမ်းသည်များထံမှ သွားရည်စာများကို ဝယ်စားရင်း ဆူညံစွာ စကားပြောလျက်ရှိကြ၏။

 အဘွားလူသည် လူငယ်ကလေးတစ်ယောက်၏လက်ကို လှမ်းဆွဲလိုက်လျက်

“ချူယွီရဲ့အိမ်က ဘယ်နားမှာလဲကွယ်”

“ဘယ်ချူယွီလဲဗျ။ ကျွန်တော်တို့ဆီမှာ ချူ သုံးယောက် ရှိတယ်။ အဘွားအရွယ် ချူယွီက နှစ်ယောက်ရှိတယ်။ အဘွားကြီးပြောတဲ့ ချူယွီက ဘာလုပ်တာလဲ”

“သခင်မဝမ်နဲ့ပါလာတဲ့ ချူယွီရဲ့မိန်းမကို ပြောတာပါကွယ်" 

“ဒါဖြင့် လွယ်တယ်။ လာ ကျွန်တော်နဲ့ လိုက်ခဲ့”

အစေတော်သည် သူတို့မြေးအဘွားကိုခေါ်ကာ ရှေ့မှနေ၍ ဝင်းထဲသို့ ဝင်သွား၏။ ဝင်းကြီးထဲသို့ရောက်လျှင် ဝင်းငယ်ကလေးတစ်ခုကို လက်ညှိုးထိုးပြကာ “အဲဒါ သူတို့နေတဲ့ဝင်းပဲ။ အဒေါ်ရေ ဟောဒီမှာဗျို့၊ ခင်ဗျားကို တွေ့ချင်လို့တဲ့၊ ဧည့်သည်လာတယ်” ဟု အော်ခေါ်၏။ ချူယွီ၏မိန်းမသည် ခပ်သုတ်သုတ် ထွက်လာခဲ့သည်တွင် အဘွားလူက `ငါ့တူမကြီး၊ နေကောင်းတယ်နော် ”ဟု အော်ဟစ် နှုတ်ဆက်လေ၏။

ချူယွီ၏ဇနီးသည် အဘွားလူကို ကောင်းစွာ မမှုတ်မိချေ။ အတန်ကြာမှ ပြုံးလာကာ

“ဟောတော်၊ လက်စသတ်တော့ အဘွားလူပါလား၊ ကျွန်မမှာ ဘယ်သူများလဲလို့၊ ကွဲသွားတာ ကြာတော့လဲ ဘယ်မှတ်မိမလဲ။ လာ လာထိုင်”

အဘွားလူက အိမ်ထဲသို့ လိုက်လာရင်း ပြုံးလျက်

“အေးလေ၊ ရာထူး၊ကြီးလေ မှတ်ဉာဏ်ကနည်းသွားလေတဲ့အေ၊ စကားပုံရှိတယ်။ ဘယ်မှတ်မိနိုင်ပါတော့မလဲ” 

အိမ်ထဲသို့ရောက်သည့်အခါတွင် ချူယွီ၏မိန်းမသည် အိမ်စေတစ်ယောက်အား လက်ဖက်ရည်ယူလာရန် ပြော၏။ ထို့နောက် ပန်အဲကို သေချာစွာ ကြည့်လိုက်ကာ “အမယ်လေး၊ နည်းတဲ့ ကောင်ကြီး မဟုတ်ပါလား၊ ကြည့်စမ်း၊ ထွားလာလိုက်တာ ”ဟု ပြော၏။ မာကြောင်းသာကြောင်း ပြောဆိုပြီးနောက် ချူယွီ၏ဇနီးက လမ်းကြုံ၍ လာခြင်းဖြစ်သလော၊ သို့မဟုတ် အကြောင်းကိစ္စ တစ်စုံတစ်ရာ ရှိသလောဟု မေးမြန်းလေ၏။

“ညည်းကိုလဲ တွေ့ရအောင်၊ ပြီးတော့ သခင်မ ဝမ်ရဲ့ ကျန်းမာရေးလဲ ဘယ်လိုနေသလဲဆိုတာ သိရအောင် လာခဲ့တာ ဆိုပါတော့။ သခင်မ ၀မ်နဲ့ တွေ့ရအောင် လုပ်ပေးနိုင်ယင်တော့ ဟန်ကျတာပဲ။ စက္ကူခွင့် မရနိုင်ဘူးဆိုယင်လဲ ကိစ္စမရှိပါဘူး။ မာကြောင်းသာကြောင်း မေးတယ်လို့သာပြောလိုက်ပါ”

ဤမျှလောက် ပြောရုံဖြင့် ချူယွီ၏ ဇနီးသည် အဘွားလူ အလည်လာသည့် အကြောင်းကို ရိပ်မိလိုက်လေပြီ။ ကိုအဲသည် သူတို့ လယ်မြေကလေး ဝယ်စဉ်က အများကြီး ထောက်ပံ့ ကူညီခဲ့ဖူးရာ ယခု အဘွားလူက သခင်မဝမ်ကို တွေ့ချင်သည် ဆိုသည့်အခါတွင်လည်း မငြင်းရက်အောင် ဖြစ်လျက်ရှိ၏။ ထို့ပြင် မိမိသည် ဤစံအိမ်ကြီးတွင် အရေးကြီးသည့် လူတစ်ယောက် ဖြစ်သည် ဆိုခြင်းကိုလည်း အဘွားလူ သိအောင်ပြချင်စိတ် ပေါ်လျက်ရှိ၏။ ချူယွီ၏ မိန်းမကပြုံးလိုက်လျက်

“တွေ့ရပါတယ် အဘွားရယ်၊ ဒီလောက်လဲ စိတ်ပူမနေစမ်းပါနဲ့။ အဘွားကတောင် တွေ့ချင်လွန်းလို့ အဝေးကြီးက လာခဲ့ပြီပဲ။ ကျွန်မအနေနဲ့ ကူရမှာပေါ့။ အမှန်ပြောရယင်တော့ ဧည့်သည်တွေ ဘာတွေကို သွင်းဖို့ ကျွန်မ တာဝန် မဟုတ်ဘူး။ ဒီမှာက ကိုယ့်တာဝန်နဲ့ကိုယ် အဘွားရဲ့။ ဥပမာ– ကျွန်မယောက်ျားဆိုယင် နွေဦးနဲ့ နွေနှောင်းမှာ သီးစားခတွေကို လိုက်ကောက်ရတယ်။ သခင်လေးတွေ ခရီးထွက်ယင် လိုက်ရတယ်။ ကျွန်မကတော့ သခင်မကလေးတွေ အပြင်ထွက်ယင် လိုက်ရတယ်။ ဒါပေမယ့် အဘွားကတော့ သခင်မ ဝမ်နဲ့လဲ အမျိုးတော်ပြန်၊ ကျွန်မဆီကိုလဲ အကူအညီ လာတောင်းပြန်ဆိုတော့ အဘွား ကိစ္စကိုတော့ ခြွင်းချက်အနေနဲ့ စဉ်းစားရမှာပေါ့။

“ဒါပေမယ့် အဘွားသိအောင် တစ်ခုတော့ ပြောလိုက်ရမယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်အတွင်း စံအိမ်ကြီးမှာလဲ တော်တော် ပြောင်းသွားတယ် အဘွားရဲ့။ သခင်မဝမ်က အိမ်အုပ်ချုပ်ရေး ကိစ္စတွေကို သူကိုယ်တိုင် မကိုင်တော့ဘူး အဘွားရဲ့ ။ကျီလျှံရဲ့ မိန်းမ နတ်ငှက်မယ်ကို လွှဲထားတယ်။ နတ်ငှက်မယ်ဆိုတာကလဲ သူ့ တူမအရင်း ခေါက်ခေါက်ကြီး မဟုတ်လား။ သူ့အစ်ကို အကြီးဆုံးရဲ့ သမီးလေ”

“ဟုတ်လား၊ နတ်ငှက်မယ် ငယ်ငယ်တုန်းက အဘွားက ဗေဒင်ဟောခဲ့ဖူးဘယ်လေ။ ကြီးပွားလိမ့်မယ်လို့ဟောခဲ့တာ။ ဒီလိုဆိုအတော်ပဲ။ ဒီနေ့ တွေ့ရမှာပေါ့”

“ဟုတ်တာပေါ့။ ခုဆိုယင် သခင်မဝမ်က ဧည့်သည်တွေ ဘာတွေကို သိပ်လက်ခံ မတွေ့တော့ဘူး။ အလုပ်ကိစ္စတွေကို သိပ်ခေါင်းထဲ မထည့်တော့ဘူး။ ဖြစ်နိုင်ယင် သူ့တူမ နတ်ငှက်မယ်ကိုပဲ ဧည့်သည်တွေကို တွေ့ဖို့ရော ဘာရော ကိစ္စမှန်သမျှကို အကုန်လွှဲထားတယ်။ ဒီတော့ သခင်မဝမ်ကို မတွေ့ရသည့်တိုင် နတ်ငှက်မယ် သခင်မလေးကို တွေ့သွားပေါ့။ နို့မို့ယင် အဘွားလာရတာ အလကားဖြစ်မှာပေါ့”

“အင်း၊ မယ်မင်းကြီးမ ကူညီပေလို့ အဆင်ပြေတာပေါ့တော်။ မယ်မင်းကြီးမ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ”

“ဒီလိုလဲမ ဟုတ်ပါဘူး အဘွားရယ်၊ သူ့အကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတဲ့ စကားလဲ ရှိသားပဲ။ ကျွန်မမှာ ဘာအပန်းကြီးတာ မှတ်လို့” ဟု ဆိုပြီးနောက် ချူယွီ၏ မိန်းမသည် မယ်မယ် ထမင်းစားပြီး မပြီး သိရန် အိမ်စေမကလေးတစ်ယောက်ကို လွှတ်လိုက်၏။ ၎င်းတို့နှစ်ယောက် ဆက်လက် စကားပြောဆိုနေကြစဉ် အဘွားလူက

“နတ်ငှက်မယ်သခင်မကလေးက အလွန်ဆုံးရှိမှ နှစ်ဆယ်လောက်ပဲ ရှိဦးမယ်နော်၊ ကြည့်စမ်း၊ ဒီအသက်အရွယ်ကလေးနဲ့ အိမ်ထောင်ကြီး တစ်ခုလုံးကို စီမံအုပ်ချုပ်နိုင်တာကတော့ အံ့ဩစရာပဲ့နော်”

“အမယ်လေး၊ မပြောနဲ့တော့ အဘွားရေ၊ အဘွားပြောတာက အရည်အချင်းတစ်ဝက်တောင် မရှိသေးဘူး။ နတ်ငှက်မယ်သခင်မက ငယ်သာ ငယ်တယ် အိမ်ထောင်မှုကိစ္စ စီမံတတ်လိုက်တာကလဲ မပြောနဲ့တော့။ ပြီးတော့ ချောလိုက်လှလိုက်တာကလဲ ကျွန်မဖြင့် ဒါမျိုး မြင်ဖူးပါဘူးတော်။ လိမ္မာလိုက်ပုံကလဲ ဆိုစရာမရှိ။ လိမ္မာတယ်ဆိုတဲ့ စကားလုံးနဲ့တောင် မကိုက်သေးပါဘူးလေ။ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ စကားပြောတာကလဲ ယဉ်ကျေးပါဘိသနဲ့။ ချက်ကျလက်ကျ ပြောပြီဆိုယင် တော်တော့် ယောက်ျားဆယ်ယောက် သူ့ကို ဘယ်ပြိုင်နိုင်လိမ့်မတုန်း။ အဘွားကိုယ်တိုင်သာကြည့်ပြီး အကဲခတ်ပေးတော့။ သူ့မှာ ပြောစရာဆိုလို့ အောက်လက်ငယ်သားတွေအပေါ်မှာ စည်းကမ်းကြီးတာတစ်ခုပဲ ရှိတယ်”

ထိုအချိန်တွင် လွှတ်လိုက်သည့် အိမ်စေသူငယ်မကလေး ပြန်ရောက်လာကာ

“မယ်မယ်လဲ ထမင်းစားလို့ ပြီးတော့မှာပါ၊ နတ်ငှက်မယ်သခင်မလဲ သခင်မဝမ်အနားမှာ ရှိတယ်ရှင့်” ဟု ပြောလေ၏။ 

ချူယွီ၏ဇနီးက အဘွားလူအား ခပ်သုတ်သုတ်လာရန်ပြောပြီး 

“ကဲ ကဲ လာ အဘွား၊ ကျွန်မတို့မှာ သခင်မဝမ် စားသောက်နေတုန်းဆိုယင် စောင့်ရတာ။ သွားပြီး စောင့်ချည်ကြရအောင်။ ခဏကြာယင် လူစုကွဲသွားလို့ အကုန်မတွေ့လိုက်ရဘဲ နေလိမ့်ဦးမယ်။ နေ့လယ် အိပ်ချိန်ရောက်ယင်တော့ တွေ့ရမယ်လို့ မမျှော်လင့်နဲ့တော့”

သူတို့နှစ်ယောက်သည် ခုတင်မီးဖိုကြီးပေါ်မှ ဆင်းကာ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်၏။ အဘွားလူလည်း မြေးငယ် ပန်အဲကို နောက်ဆုံး ညွှန်ကြားချက်ပေးပြီးလျှင် ကွေ့ကောက်နေသော လမ်းကြားကလေးများအတိုင်း ချူယွီ နောက်မှနေ၍ ကျိလျှံနှင့် နတ်ငှက်မယ်တို့ဇနီးမောင်နှံ နေထိုင်ရာ ခန်းဆောင်သို့ လိုက်လာခဲ့ကြ၏။ ရောက်လျှင် အမိုးမိုးထားသည့် စက်ကလေးတစ်ခုထဲတွင် စောင့်ကျန် ရစ်ခဲ့ကြ၏။ ချူယွီ၏ ဇနီးသည် နတ်ငှက်မယ်၏ ခန်းဆောင်ထဲသို့ ဝင်ရောက်သွားလျှင် အဘွား လူဆိုသည်မှာ မည်သူဖြစ်ကြောင်းကို နတ်ငှက်မယ်၏အစေတော် ပင်အဲအား ရှင်းလင်း ပြောပြလျက်ရှိလေ၏။ ပင်အဲမှာ ကျိလျှံနှင့် နတ်ငှက်မယ်တို့ လက်ထပ်စဉ်က ခန်းဝင်ပစ္စည်းအဖြစ် ပါလာသော ကျွန်ယုံတစ်ယောက်ဖြစ်ပြီးလျှင် ယခုအချိန်၌ ကျိလျှံ၏ အမြှောင်မယားဖြစ်လျက် ရှိလေပြီ။

“အဘွားလူက သခင်မကြီးဝမ်ကို တွေ့ချင်လို့ လာတာပါ။ ဟိုတုန်းကဆိုယင် နှစ်တိုင်း လာလာပြီး တွေ့နေကျ။ သခင်မဝမ်ကလဲ လက်ခံတွေ့နေကျပါ။ ဒါကြောင့် ကျွန်မကလဲ ခေါ်လာရဲတာပေါ့။ နတ်ငှက်မယ်သခင်မက မေးလာယင် ကျွန်မ ပြောပြမယ်လေ။ ဒီလို အရဲစွန့်ခေါ်လာလို့ ကျွန်မကို စိတ်ဆိုးမှာ မဟုတ်ဘူး။ စိတ်မဆိုးဘူးထင်လို့လဲ ခေါ်လာမိတာပဲလေ”

ပင်အဲသည် သူတို့ကို အထဲသို့ခေါ်ရန် သဘောတူလိုက်သည့်အတွက် ချူယွီ၏ဇနီးလည်း အဘွားလူတို့ မြေးအဘွားကိုခေါ်ရန် အပြင်သို့ ထွက်သွား၏။ သူတို့သုံးယောက် ဧည့်ခန်းဆောင်သို့တက်သည့် လှေကးထိပ်သို့ ရောက်သည့်အခါ၌ အစေတော်တစ်ယောက်သည် အနီရောင် သိုးမွေးခန်းဆီးကြီးကို မပေးလိုက်သည်တွင် ရေမွှေးနံ့ သင်းထုံလျက်ရှိသည်ကို သတိထားလိုက်မိ၏။ တစ်ခန်းလုံးမှာ ရေမွှေးဖြင့် သင်းပျံ့ လျက် ရှိ၏။ အဘွားလူကား ထိုအနံ့သည် မည်သည့်အနံ့ ဖြစ်သည်ကို မသိသော်လည်း လေထဲတွင် လျှောက်နေရသကဲ့သို့ ရီဝေလျက် ရှိလေပြီ။ ထို့ပြင် အခန်းထဲတွင်ရှိသည့် ပစ္စည်းတို့ကိုကြည့်၍ တအံ့တဩဖြစ်လျက်ရှိကာ ခေါင်းထဲတွင် ယစ်မူး၍လာ၏။ အဘွားသည် ခေါင်းကိုညိတ်ကာ နှုတ်ခမ်းကို တပျတ်ပျတ်လျက်ရင်း “ဘုရာ၊ ဘုရား၊ တယ်လို့လဲ ခမ်းနားကြီးကျယ်ပါကလား ”ဟု ..ရေရွတ်ဆိုလာမိ၏။

ပင်အဲမှာ ကျိလျှံ၏ သမီးငယ်၏ အိမ်ခန်းဖြစ်သော အရှေ့ခန်းရှိ ခုတင်မီးဖိုကြီးအနီးတွင် ရပ်လျက်ရှိ၏။ ပင်အဲသည်.အဘွားလူကို တချက်နှစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးလျှင် သံပြတ်ဖြင့် နှုတ်ဆက်၍ တစ်နေရာတွင် အထိုင်ခိုင်းလေ၏။

ပိုးအင်္ကျီ ၀တ်စုံကြောင့်လည်းကောင်း၊ ဝတ်ဆင်ထားသည့် ရွှေငွေ လက်ဝတ်တန်ဆာများကြောင့် လည်းကောင်း၊ ပန်းပွင့်တစ်ပွင့် ကဲ့သို့ လှပသော မျက်နှာကြောင့် လည်းကောင်း အဘွားလူသည် ပင်အဲကို နတ်ငှက်မယ်သခင်မကလေးဟု ထင်မှတ်လျက်ရှိ၏။ သို့ရာတွင် အဘွားလူက ‘သခင်မကလေး” ဟု နှုတ်ဆက်မည်အပြု ထိုသူမနှင့် ချူယွီ၏ ဇနီးတို့သည် တန်းတူပမာ စကားပြောဆိုလျက် ရှိသည်ကို ကြားလိုက်ရသည့်အတွက် ထိုမိန်းမပျိုမှာ မျက်နှာသာပေးခံရသည့် အစေတော်တစ်ဦးသာဖြစ်ကြောင်းကို သိလိုက်၏။

အဘွားလူတို့မြေးအဘွားကို ခုတင်မီးဖိုကြီးပေါ်တွင် အထိုင်ခိုင်းပြီးနောက် ချူယွီ၏မိန်းမနှင့် ပင်အဲတို့သည် အစွန်းတွင် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိကြ၏။ အစေတော်များက လက်ဖက်ရည် ယူလာသည့်အတွက် အဘွားလူသည် လက်ဖက်ရည်ကို သောက်နေစဉ် ဂျုံကြိတ်စက် မြည်သံကဲ့သို့ တတောက်တောက်မြည်သံတစ်ခုကို ကြားရ၏။ အဘွားလူသည် အနီးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည့်အခါတွင် အခန်းဆောင်ထဲရှိ တိုင်တစ်တိုင်ကို ပူးတွဲထားသည့် သေတ္တာလို ပစ္စည်းတစ်ခုကို မြင်လိုက်ရပြီး ထိုအရာအောက်တွင်လည်း အလေးများ ဆွဲထား၏။ ထိုအလေးများသည် ထိုမှဤမှ လှုပ်ယမ်းကာ တတောက်တောက်မြည်လျက်ရှိ၏။

“ဘာကြီးများပါလိမ့်၊ ဘာလုပ်တာများပါလိမ့် ဟု အဘွားလူ စဉ်းစားလျက်ရှိ၏။

ခဏကြာလျှင် ထိုသေတ္တာကြီးဆီမှ ကြေးခေါင်းလောင်းကြီးကို တီးလိုက်သည်နှယ် ဒေါင်ဟူသော အသံတစ်ချက် ပေါ်လာပြီးလျှင် ထိုအတိုင်း ရှစ်ချက်ကိုးချက်ခန့် ပေါ်လာ၏။ ထိုပစ္စည်းကြီးအကြောင်းကို ကောင်းစွာမသိရသေးမီ “နတ်ငှက်မယ်သခင်မလေးလာနေပြီ” ဟု အော်၍ ပြေးလာကြသော အစေတော်တစ်သိုက်ကို မြင်ရ၏။

ပင်အဲနှင့် ချူယွီ၏ မိန်းမတို့သည် ချက်ချင်း မတ်တတ်ရပ်လိုက်ကြပြီးလျှင် အဘွားလူကိုလည်း လာမခေါ်မချင်း မတ်တတ်ရပ်နေရန် ပြော၏။ မကြာမီ သူတို့နှစ်ယောက် ထွက်သွားသည့်အခါ၌ အဘွားလူသည် နားကိုစွင့်က ာအသက်မျှကောင်းကောင်းမရှူနိုင်ဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းလျက် ရှိ၏။

အဝေးမှ ရယ်သံများကို ကြားရ၏။ ဆယ်ယောက်နှင့် အယောက် နှစ်ဆယ်ခန့် ကြားရှိ အစေတော်များသည် အပြင်ဘက် ခန်းဆောင်မှ အတွင်းဆောင်များဆီသို့ ပြေးဝင်သွားကြ၍ ယွန်းသေတ္တာများကို ကိုင်ထားသည့် အစေတော် နှစ်ယောက် သုံးယောက်တို့မှာမူ အဘွားလူတို့ အနီးတွင် လာ၍ ရပ်စောင့်နေကြ၏။ ထမင်းပွဲများ လာချရန် အမိန့်ပေးလိုက်သည့်အခါ၌ ပန်းကန် ခွက်ယောက်များကို ချရန် အစေတော် အနည်းငယ်မှအပ အခြားအစေတော်များ မရှိတော့ချေ။ အတန်ကြာ တိတ်ဆိတ်လျက်ရှိပြီး ခဏကြာလျှင် အစေတော် မိန်းမနှစ်ယောက်သည် လက်ဖြင့်ပင် တို့ရသေးဟန် မတူသော အသားဟင်းခွက်များနှင့် ငါးဟင်းခွက်များကို တင်ထားသည့် စားပွဲခုံနိမ့်ကလေး တစ်လုံးကို မလာပြီးနောက် ခုတင်မီးဖိုပေါ်သို့ တင်လိုက်၏။ ပန်အဲမှ ထိုဟင်းခွက်များကို မြင်ရုံမျှဖြင့် စားချင်လွန်းသဖြင့် သွားရည်ကျလျက် ရှိလေပြီ။ အဘွားလူက ပန်အဲ၏ ပေါင်ကို ဆွဲလိမ်ကာ သတိပေး၏။

ထိုနောက်တွင် ချူယွီ၏ မိန်းမသည် ခပ်ပြုံးပြုံးဖြင့် ထွက်လာကာ အဘွားလူကို လက်ယပ်ခေါ်၏။ အတွားလူသည် မြေးငယ် ပန်အဲကို ခုတင်မီးဖိုကြီးပေါ်မှ ချကာ မြေးအဘွား နှစ်ယောက်တို့သည် ခန်းဆောင်ထဲသို့ ဝင်ခဲ့ကြ၏။ ချူယွီ၏ ဇနီးက မည်သို့မည်ပုံ နေထိုင်ရမည်ကို ပြောဆို၏။ အဘွားလူသည် သူ ပြောဆိုသည်ကို နားထောင်ပြီးလျှင် နတ်ငှက်မယ်၏ ခန်းဆောင်ထဲသို့ နောက်မှ ဖြည်းညင်းစွာ လိုက်ပါလာခဲ့၏။

ခန်းဆောင်အဝင် တံခါးရှိ ကြေးဝါချိတ်ကြီးများတွင် ကြက်သွေးရောင် ဖျော့ဖျော့ ပန်းပြောက် ခန်းဆီးကြီးတစ်ခုရှိပြီး တောင်ဘက် လေသာပြတင်းအနီးရှိ ခုတင်မီးဖိုကြီးပေါ်တွင်လည်း ကြက်သွေးရောင် မွှေးပွကော်ဇောကြီးတစ်ချပ် ခင်းထားလေ၏။ ထိုခုတင်မီးဖို၏အရှေ့ဘက်စွန်းရှိ သစ်သားနံရံအနီးတွင်မူ မှီအုံးနှင့် နန်းကြိုးလိမ်များ ပုံဖော်ထားသည့် ဖဲစွပ် စွပ်ထားသော ဖဲခွအုံးကြီးတစ်လုံးရှိလျက် ထိုခွအုံးအနီးတွင်လည်း အလယ်တွင် ရွှေပန်းပွင့် ရေးခြယ်ထားသည့် ဖိတ်ဖိတ်တောက်နေသော ဖဲမွေ့ရာကြီးတစ်ခု ခင်းထားလေ၏။ ထိုမွေ့ရာအနီးတွင် ငွေထွေးခံတစ်လုံး ချထား၏။

နတ်ငှက်မယ်သည် အိမ်တွင် ၀တ်နေကျဖြစ်သည့် ပုလဲကြိုးသီ အနက်ရောင် မြွေပါမွှေး ခေါင်းစွပ်ကလေး ဆောင်းထား၏။ အင်္ကျီမှာ မက်ပုံပွင့်အနီရောင် ပန်းပြောက်အင်္ကျီဖြစ်လျက် မီးခိုးရောင် ရှဥ့်မွေးကွပ်၊ စိမ်းပြာနုရောင် လည်စည်းပတ်ထားပြီး လုံချည်မှာ ကြောင်ဥကျည်မွေး အဖြူကွပ်သည့် မရမ်းရောင် နိုင်ငံခြား ကတ္တီပါလုံချည် ဖြစ်၏။ နတ်ငှက်မယ်သည် မျက်နှာကို နံ့သာလိမ်းခြယ်ကာ နှုတ်ခမ်းနှင့် ပါးနှစ်ဖက်ကို နီရဲနေအောင် ဒန်းနီဆိုးထားပြီး ကိုယ်ကို မတ်မတ်ထား၍ ကိုင်ရင်း လက်ဆွဲမီးဖိုကလေးထဲမှ ပြာများကို ကြေးနီညှပ်ဖြင့်ဆွလျက်ရှိ၏။ ပင်အဲသည် အဖုံးအုပ်ထားသည့် ခွက်ကလေးတစ်ခွက် ထည့်ထားသော ဗန်းတစ်ခုကိုကိုင်လျက် ခုတင်မီးဖိုအနီးတွင် ရပ်လျက်ရှိသည့်တိုင် နက်ငှက်မယ်ကမူ လက်ဖက်ရည်ခွက်ကို ဂရုမထားနိုင်သေးဘဲ ခေါင်းငုံ့ကာ မီးဆွလျက်ရှိ၏။

“ဘာဖြစ်လို့ ခုချက်ချင်းခေါ်မလာတာလဲ” ဟု နတ်ငှက်မယ်က မေး၏။

ထိုနောက် လက်ဖက်ရည်ခွက်ကိုသောက်ရန် ခေါင်းကိုမော့လိုက်စဉ် အဘွားလူတို့ မြေးအဘွားနှစ်ယောက်ကို ခေါ်လာသည့် ချူယွီ၏ မိန်းမကို မြင်လိုက်၏။ နတ်ငှက်မယ်သည် ကိုယ်ကိုအနည်းငယ်ကြွ၍ ပြုံးရွှင်စွာ နှုတ်ဆက်လိုက်ပြီးလျှင် စောစောက ကြိုတင် မပြောရကောင်း လာဟု ချူယွီ၏ မိန်းမကို အပြစ်တင်လျက်ရှိ၏။

အဘွားလူက နတ်ငှက်မယ်ကို အကြိမ်ကြိမ် ဦးညွတ်နှုတ်ဆက်သည့်အခါ၌ နတ်ငှက်မယ်က ကပျာကယာဖြင့်

“ချူရေ၊ အဘွားက ကျွန်မကို ဒီလောက်ရိုသေနေဖို့ မလိုပါဘူး။ နေရာထိုင်ခင်းများ ချပေးလိုက်ပါ။ ကျွန်မက ငယ်သေးတော့ အဘွားနဲ့ ဘယ်လိုတော်စပ်မှန်း မသိဘူး၊ ဒါကြောင့် ဘယ်လိုခေါ်မှန်းလဲ မသိဘူး”

“ကျွန်မပြောပြောနေတဲ့ အဘွားလူလေ သခင်မလေးရဲ့” 

နတ်ငှက်မယ်က ခေါင်းညိတ်လိုက်၏။

ယခုအချိန်၌ အဘွားလူမှာ ခုဘင်မီးဖိုကြီးခြေရင်းတွင် ထိုင်လျက်ရှိ၍ ပန်အဲမှာလည်း သူ့အဘွားနောက်တွင် ကုပ်ကုပ်ကလေး ထိုင်လျက်ရှိ၏။ ရှေ့သို့တိုးထိုင်ရန် ပြောသော်လည်း ပန်အဲမှာ အဘွားနောက်တွင်သာ ကုပ်လျက်ရှိလေ၏။

နတ်ငှက်မယ်က ပြုံးလိုက်ရင်း

“အင်း၊ ဆွေမျိုးဆိုတာ အဆက်အဆံ၊ အသွားအလာမရှိတော့လဲ ဝေးသွားကြတာပေါ့လေ။ ကျွန်မတို့အကြောင်းကို မသိတဲ့လူများကတော့ ကျွန်မတို့ကို စိမ်းတယ်လို့ ပြောကြမှာ၊ တချို့ စိတ်ထားသေးသိမ်တဲ့ လူများကတော့လဲ ကျွန်မတို့ဟာ လူတိုင်းကို အပေါ်စီး ကြည့်တယ်၊ အထင်သေးတယ်လို့ ပြောကြမှာပဲ”

“ဒီလို မအောက်မေ့ပါဘူး သခင်မလေးရယ်၊ အဘွားတို့မှာ နေ့ဖို့ညစာ ရှာစားနေရတာဆိုတော့ ဒါတွေကိုလဲ မစဉ်းစားမိပါဘူး၊ အဘွားတို့လာလို့ သခင်မလေးတို့က ရိုက်နှက်မလွှတ်ပေမယ့် တပည့်တပန်းတွေ၊ အစေတော်တွေကတော့ အဘွားတို့ကို သူတောင်းစားတွေ၊ လူလေလူလွင့်တွေလို့ အောက်မေ့ကြမှာပဲ”

နတ်ငှက်မယ်က ရယ်လိုက်ကာ

“ဒီလိုလဲ မပြောပါနဲ့ အဘွားရယ်။ ကျွန်မတို့ကလဲ ဒီလောက် ချမ်းသာလှတာ မဟုတ်ပါဘူး၊ ကျွန်မတို့အဘိုးရဲ့ ဂုဏ်သိက္ခာနဲ့ ကိုက်ညီအောင် လိုက်နေနေရတာပါ။ အမှန်ကတော့ ကျွန်မတို့စံအိမ်ကလဲ ခရုဆံကျွတ် ဆိုသလို အခွံသာသာလောက်ပဲ ရှိပါတော့တယ်။ “ဘုရင်မှာတောင် ဆင်းရဲတဲ့ ဆွေမျိုးသားချင်း ရှိတယ်” ဆိုတဲ့ စကားပုံလဲ ရှိသားပဲ။ ဘုရင်မှာတောင် ဆင်းရဲတဲ့ ဆွေမျိုးသားချင်း ရှိသေးတာ၊ ကျွန်မတို့တော့ ဘာပြောစရာ လိုတော့သလဲ”

နတ်ငှက်မယ်က ဒေါ်လေးဝမ်ထံ သွား၍ အကြောင်းပြီးခြင်း ရှိ မရှိ ချူယွီ၏ဇနီးကို မေးလိုက်၏။

“မပြောရသေးပါဘူး။ သခင်မလေး ရဲ့ အမိန့်ကို စောင့်နေတာပါ”

“ဒါဖြင့် အားရဲ့လား သွားကြည့်စမ်း။ ဧည့်သည်တွေ ဘာတွေရှိယင် နေပေ့စေတော့။ ဧည့်သည်ရှင်းယင်တော့ အကျိုးအကြောင်း ပြောပြခဲ့။ သူ ဘာပြောသလဲဆိုတာလဲ နားထောင်ခဲ့”

ချူယွီ၏မိန်းမ ထွက်သွားသည့်အခါ၌ နတ်ငှက်မယ်က ပန်အဲကို သကြားလုံးများပေးရန် အစေတော်များကို ခိုင်းလိုက်၏။ နတ်ငှက်မယ်က အဘွားလူအား မေးခွန်းများ မေးလျက်ရှိစဉ် ခိုင်းထားသော အစေတော်များ ပြန်ရောက်လာကြပြီ ဖြစ်ကြောင်း၊ အကျိုးအကြောင်းကိုပြောရန် အပြင်တွင် စောင့်ဆိုင်းနေကြကြောင်း အစေတော် ပင်အဲက လာရောက် ပြောလေ၏။

“ငါ့မှာ ဧည့်သည်တစ်ယောက် ရောက်နေတယ်။ ညနေကျမှ အကျိုးအကြောင်း လာပြောလှည့်လို့ ပြောလိုက်။ အရေးတကြီးပြောစရာရှိယင်တော့ ဝင်ခဲ့လို့”

ပင်အဲသည် ထွက်သွားပြီး မကြာမီ ပြန်ဝင်လာကာ

“အရေးတကြီးတော့ ဘာမှုမရှိဘူးလို့ ပြောပါတယ် သခင်မလေး၊။ ဒါ့ကြောင့် သူတို့ကို ပြန်လွှတ်လိုက်ပါတယ်”

နတ်ငှက်မယ်က ခေါင်းညိတ်ပြလိုက်၏။ ချူယွီ၏ မိန်းမသည် ပြန်ရောက်လာ၏။

‘‘သခင်မဝမ် ဒီနေ့မ အားဘူး သခင်မလေး။ သခင်မလေးပဲ ကြည့်ဧည့်ခံပြီး ခုလိုလာတဲ့အတွက်လဲ ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတဲ့။ ကြုံလို့ ဝင်လာယင်လဲ ကောင်းတာပေါ့တဲ့။ တကယ်လို့ ကိစ္စရှိယင်တော့ သခင်မလေးကို ပြောခဲ့ပါတဲ့”

“အထူးအထွေတော့ ကိစ္စမရှိပါဘူး။ မတွေ့ရတာကြာလို့ ဝင်တွေ့တာပါ။ ဘယ်လိုများ တော်စပ်ကြသလဲဆိုတာလဲ သိချင်လို့ပါ”

ချူယွီ မိန်းမက

“ဟုတ်ပြီလေ။ ဘာမှ ကိစ္စမရှိဘူးဆိုယင်လဲ ပြီးရောပေါ့။ ရှိတယ်ဆိုယင်လဲ ဟောဒီက နက်ငှက်မယ်သခင်မလေးကို သွားပြောယင်လဲ ပြီးပါတယ်။ သူ့ကိုပြောတာဟာ သခင်မဝမ်ကို ပြောတာနဲ့အတူတူပါပဲ”

ချူယွီ၏မိန်းမက အဘွားလူကို မျက်စိတစ်ဖက် မှိတ်၍ ပြလိုက်သည်တွင် အဘွားလူကလည်း ချက်ဆိုလျှင် နားခွက်က မီးတောက်ဖြစ်၏။ အဘွားလူသည် ရှက်သဖြင့် မျက်နှာတွေ ထူပူနေသည့်တိုင် မာနကိုဘေးချိတ်ကာ လာရသည့်အကြောင်းကို ပြောပြ၏။

“ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ရှေ့မျက်နှာ နောက်ထားပြီး ပြောရတော့မှာပဲ။ လာရတဲ့အကြောင်းက တခြားတော့ မဟုတ်ပါဘူး။ အကူအညီတစ်ခု တောင်းချင်လို့ပါ။ အမှန်ကတော့”

စကားမဆုံးခင်မှာပင် သူငယ်တော်အချို့သည် အရှေ့တံခါး ဝင်လာကာ “အရှေ့စံအိမ်က ကျိယုန်သခင်ကလေး လာပါတယ်” ဟု ပြော၏။

နတ်က်မယ်က စကားဖြတ်ကာ “ဘယ်မှာလဲ” ဟု မေး၏။

'ထိုစဉ် ဖိနပ်သံများကြားရကာ အသက်ဆယ့်ခုနစ်နှစ် ဆယ့်နှစ်နှစ်ခန့်ရှိ ချောမာခန့်ညားသည့် လုလင်ပျိုတစ်ယောက် ဝင်လာ၏။ လုလင်မှာ အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ပေါက် ခပ်သွယ်သွယ်ဖြစ်လျက် သားမွေးအင်္ကျီခပ်ပါးပါးကို ဝတ်ထားပြီး ခါးတွင် စိန်ဓါးပတ်ကို ပတ်ထား၏။ အဝတ်အစားများမှာလည်း သစ်လွင်တောက်ပကာ လှပသော ဦးရစ်ကို ဆောင်းထား၏။ အဘွားလူမှာ ထရမည်လော၊ ထိုင်ရမည်လော၊ တစ်နေရာသို့ ပြေး၍ပုန်းရမည်လောဟု ဝေခွဲမရဖြစ်လျက်ရှိလေ၏။

“ထိုင်ပါ၊ ထိုင်ပါ၊ ကိစ္စမရှိပါဘူး။ ဒါက ကျွန်မရဲ့တူ တော်တာပေါ့” ဟု နတ်ငှက်မယ်က ပြော၏။

အဘွားလူသည် ခုတင်မီးဖိုခြေရင်းတွင် ထိုင်နေ၏။ 

ကျိယုန် (ကျင်ကို့၏ယောကျ်ား) က ရွှင်လန်းစွာဖြင့် 

“ဖေဖျားက ဒေါ်လေးဆီကို လွှတ်လိုက်လို့။ မနက်ဖြန်မှာ အရေးကြီးတဲ့ ဧည့်သည်တစ်ယောက်ကို ဖိတ်ထားလို့တဲ့။ ဘွားလေးဝမ် ပေးထားတဲ့ မှန်လိုက်ကာ ခဏငှားလိုက်ပါတဲ့။ ချက်ချင်း ပြန်ပို့ပါ့မယ်တဲ့” 

“ဟောတော်၊ မင်းလာတာ နောက်ကျသွားပြီ။ မနေ့ကပဲ တစ်ယာက်ကို ငှားလိုက်ပြီ”

ကျိယုန်သည် ခုတင်မီးဖိုဘေးတွင် ဒူးထောက်ထိုင်လျက် ပြီးနောက်

“ဒေါ်လေးမှ မငှားလိုက်ယင်တော့ ကျွန်တော့်ကို အထောင်းခံရတော့မှာပဲခင်ဗျ။ ကျွန်တော့်ကို မသနားတော့ဘူးလား ဒေါ်လေး " ဟု ရယ်သွမ်းသွေးလျက် ပြော၏။

“ငါ့တူက ဒေါ်လေးတို့အိမ်က ပစ္စည်းဆိုယင် အကောင်းစားလိုချည်း မှတ်ထားတာကိုးကွယ့်။ မင်းတို့အိမ်မှာလဲ အကောင်းစားတွေ ရှိရဲ့သားနဲ့”

“အမယ်လေး၊ ဒီလောက် မကောင်းနိုင်ပါဘူး ခင်ဗျာ။ ကဲ လုပ်ပါ ဒေါ်လေးရယ်၊ ကျွန်တော်ကို သနားသဖြင့် ငှားလိုက်စမ်းပါ” 

“ကဲ၊ ကဲ...ဒီလိုဆိုလဲယူသွား၊ ကွဲရှတော့ မလာစေနဲ့နော်၊ ကွဲလာယင်တော့ ကျောစပ်ဖို့သာ ပြင်ပေတော့ ́”

နတ်ငှက်မယ်သည် ပင်အဲအား သော့ယူ၍ အပေါ်ထပ်အခန်းကို ဖွင့်ပြီး မှန်လိုက်ကာကို စိတ်ချရသည့်လူများအား အပို့ခိုင်းလိုက်ရန် ညွှန်ကြားလျက်ရှိ၏။

ကျိယုန်၏မျက်နှာမှာ ဝင်းထိန်သွားကာ

“ကျွန်တော့်မှာ သယ်ဖို့လူတွေ ပါလာပါတယ် ဒေါ်လေးရဲ့။ ကျွန်တော်ကိုယ်တိုင် စောင့်ယူသွားမှာပါ”

ကျိယုန်၏ မျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပလျက်ရှိ၏။ ကျိယုန်က ပြန်ထွက်တော့မည်အပြုတွင် နတ်ငှက်မယ်သည် လှမ်းခေါ်လိုက်၏။ အပြင်ဘက်မှ အစေတော်များက “သခင်လေးကျိယုန်၊ ပြန်လိုက်ခဲ့ရမယ်လို့ မှာလိုက်တယ်ခင်ဗျ” ဟု အော်ခေါ်လျက်ရှိလေ၏။ ကျိယုန်သည် ခပ်သုတ်သုတ်ပြန်ဝင်လာကာ သူ့ဒေါ်လေး နတ်ငှက်မယ်ပြောမည့် စကားများကို နားထောင်လျက်ရှိ၏။ နတ်ငှက်မယ်သည် လက်ဖက်ရည် သောက်လျက်ရှိရာမှ အတန်ကြာ စဉ်းစားနေပြီးနောက် တစ်ချက်ရယ်လိုက်လျက်

“ဒီလိုဆိုလဲနေတော့လေ။ ညစာ စားပြီးယင်တော့ လျှောက်ခဲ့ဦး။ ခုတော့ လူတွေရှိနေသေးလို့ မပြောတော့ဘူး။ နောက်ကျမှ ပြောမယ်”

ကျိယုန်သည် ပြန်ထွက်သွားလေ၏။

အဘွားလူမှာ ထိုအခါကျမှ လိုရင်းကိစ္စကို ပြောနိုင်လေသည်။

“ဟောဒီမြေးလေးကို ဒီနေ့ ဒီကိုခေါ်လာရတဲ့ အကြောင်းကတော့ ဒီလိုပါသခင်မလေး၊ သူ့မိဘများမှာ စားရမဲ့ သောက်ရမဲ့ ဖြစ်နေကြပါတယ်။ ဆောင်းကလဲကပ်နေပြီး သူတို့မှာ ဝမ်းစာစပါးတောင် မရှိတော့ အခြေအနေ တော်တော်လေး ဆိုးနေပါတယ်။ ဒီတော့ သခင်မလေးရဲ့ တူကလေးကို တတ်နိုင်သမျှ အကူအညီပေးဖို့ ခေါ်လာတာပါ" ဟုဆိုကာ ပန်အဲကို တံတောင်ဆစ်ဖြင့်ကွက်လိုက်ရင်း

“ဟဲ့ နင့်အဖေက မှာတာကို ပြောလိုက်လေ။ နင့်ကို ဘာကိစ္စ လွှတ်လိုက်တာလဲ။ သကြားလုံးထိုင်စားဖို့ လွှတ်လိုက်တာများ အောက်မေ့နေသလားဟင်”

နတ်ငှက်မယ်သည် တိုက်ရိုက်ကြီး ပြောလိုက်သည့် အဘွားလူ၏ စကားကိုကြားရသဖြင့် ပြုံးလိုက်ကာ

“ဟုတ်ပါပြီလေ။ ဒီလောက်ဆိုယင် ငှက်မယ် နားလည်ပါပြီ။ သူတို့ကော စားသောက်ပြီးကြပြီလား ”ဟု ချူယွီ၏ မိန်းမကို လှမ်းမေးလိုက်၏။

“ဒီကိုတန်းလာခဲ့တာနဲ့ ဘာမှမစားခဲ့ရသေးပါဘူး” ဟု အဘွားလူက ပြောလေ၏။

နတ်ငှက်မယ်သည် ဧည့်သည်များကို ထမင်းကျွေးရန် အမိန့်ပေးလိုက်၏။ ချူယွီ၏ဇနီးက အစေတော်မများကို လှမ်းပြောလိုက်သဖြင့် အရှေ့ဘက်ဝန်းတွင် သူတို့အတွက် ထမင်းပွဲပြင်ပေး၏။

“ကဲ ချူကပဲ သူတို့ကို ကြည့်ပြီးကျွေးလိုက်ပါ။ လိုတာကို ပေးလိုက်ပါ”

သူတို့တစ်သိုက် အရှေ့ဘက်ခန်းသို့ ကူးလာသည့်အခါတွင် နတ်ငှက်မယ်က ချူယွီ၏ဇနီးကိုခေါ်၍ ဒေါ်လေးဝမ်က မည်သို့ပြောလိုက်သနည်းဟု တိုးတိုးတိတ်တိတ်မေး၏။

“သခင်မဝမ်က ပြောလိုက်တော့ သူတို့က ဘာမှ ဆွေမျိုးမတော်ဘူးတဲ့။ သူတို့အဘိုးနဲ့ သခင်မလေးတို့အဘိုးက အတူတူ အမှုထမ်းဖူးတယ်တဲ့။ ဆွေမျိုးစုနာမည်ချင်းတော့ တူတယ်တဲ့။ ဒါကြောင့် သူတို့က အတင်း ဆွေမျိုးစပ်နေတာတဲ့။ သူတို့နဲ့ မတွေ့တာလဲ တော်တော်ကြာပြီတဲ့။ ဒါပေမယ့် သူတို့လာလို့ရှိယင်တော့ နည်းနည်းပါးပါး ပေးလိုက်ပါတယ်တဲ့။ သူတို့က စေတနာနဲ့ တရိုတသေ တလေးတစား လာတော့ ဒီအတိုင်းပြန်လွှတ်လို့ မကောင်းဘူးတဲ့။ သူတို့ အကူအညီ လိုယင်လဲ သခင်မလေး တော်သလို ကြည့်ပေးလိုက်ပါတဲ့”

“တကယ်လို့သာ ဆွေမျိုးတော်ရိုးမှန်ယင်တော့ သူတို့ အကြောင်းကို ငှက်မယ် ဘာမှမသိတာ တော်တော်ရယ်စရာ ကောင်းတာပဲ။ သိသင့်တာပါ”

ထိုသို့ပြောနေစဉ် အဘွားလူသည် စားသောက်ပြီးသဖြင့် မြေးငယ် ပန်အဲနှင့်အတူ ခန်းဆောင်ထဲသို့ ပြန်ဝင်လာကာ ကျေးဇူးတင်ကြောင်း ပြောဆိုလျက် ရှိလေ၏။

နတ်ငှက်မယ်က ကြည်သာစွာဖြင့်

“ကဲ အဘွား ဒီမှာထိုင်ပါဦး။ ကျွန်မပြောတာ နားထောင်ပါဦး။ အဘွားပြောတာကိုလဲ ကျွန်မ ရိပ်မိပါတယ်။ ကျွန်မတို့ဟာ မဆွေမျိုးသားချင်းဆိုယင် အင်မတန် ခင်တတ်ပါတယ်။ ခုလို လာမှ မဟုတ်ပါဘူး။ အဝေးကလဲ တတ်နိုင်သလောက် ထောက်ပံ့ပါတယ်။ ဒါပေမယ့် ခုလောလောဆယ်မှာတော့ ကျွန်မတို့မှာ လုပ်ငန်းကိုင်ငန်းတွေကလဲ သိပ်မကောင်း၊ ဒီအထဲမှာ ဒေါ်လေးဝမ်ကလဲ အသက်ကြီးလာတော့ သတိသိပ်မကောင်းချင်ဘူး။ ပြီးတော့ ကျွန်မကလဲ အိမ်မှုကိစ္စတွေကို စီမံသာနေရတယ်။ ဆွေမျိုးအဆက်အသွယ်တွေကို ကောင်းကောင်း သိတာ မဟုတ်ဘူး။ ဒါတွင်မကဘူး၊ ကျွန်မတို့ကို ရုတ်တရက် ကြည့်လိုက်ယင်တော့ သိပ်ချမ်းသာတယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမယ့် အိမ်ထောင်ကြီးဆိုတာ သူ့အထွာနဲ့သူ အခက်အခဲတွေရှိတာပဲ။ တချို့ကတော့ ယုံချင်မှ ယုံကြမယ်ပေါ့။ အဘွားဟာ ကျွန်မလက်ထက်မှ ပထမဆုံးအကြိမ် လာပြီး အကူအညီတောင်းတာ ဖြစ်လေတော့ လက်ချည်းသက်သက် မပြန်စေချင်ဘူး။ အဘွား ကံကောင်းတယ်လို့ ဆိုရမှာပဲ။ အစေတော်တွေအတွက် အဝတ်အစားတွေ ချုပ်ပေးဖို့ မနေ့ကတွ ဒေါ်လေးဝမ်က ကျွန်မကို ငွေစင်နှစ်ဆယ်ကျပ်သား ပေးထားတယ်။ ခု ဘာမှ မသုံးရသေးဘူး။ ကဲ ဒီတော့ နည်းတယ် များတယ်လို့လဲ မအောက်မေ့နဲ့။ ငွေစင်နှစ်ဆယ်ကျပ်သား ပေးလိုက်မယ် ဟုတ်လား”

စီးပွားရေးကျပ်တည်းကြောင်း၊ အခက်အခဲရှိကြောင်း ပြောဆိုနေသည့်အတွက် အဘွားလူမှာ အကြီးအကျယ် စိတ်ပျက်သွားခဲ့လေပြီ။ သို့ရာတွင် ငွေနှစ်ဆယ်ကျပ်သား ပေးမည်ဟု သိလိုက်ရသည့်အခါတွင် အဘွားလူမှာ ဝမ်းသာမဆုံး ဖြစ်လျက်ရှိ၏။

“ဟုတ်ပါတယ် သခင်မလေးရယ်။ အခက်အခဲတွေရှိတယ်ဆိုတာ အဘွား နားလည်ပါတယ်။ ဒါပေမယ့် ငတ်တဲ့ ကုလားအုတ် မြင်းထက်တော့ ကြီးသေးတယ်ဆိုတဲ့ စကားလို သခင်မလေးတို့အဖို့ကတော့ သူများတွေထက် အများကြီးသာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သခင်မကလေးတို့ခေါင်းက ဆံပင်တစ်ချောင်းဟာ အဘွားတို့ဓါးထက်တော့ ထုတ်ပါသေးတယ်”

ချူယွီ၏ မိန်းမက ထိုသို့ တဲ့တိုးမပြောရန် အရိပ်အမြွက်ပြသည့်တိုင် မရဘော့ပြီ။ နတ်ငှက်မယ်ကား ရယ်လျက်ရှိ၏။ နတ်ငှက်မယ်သည် ပင်အဲကို ငွေထုပ်နှင့် ပိုက်ဆံများ အယူခိုင်းလိုက်ပြီး အဘွားလူကို ပေး၏။

“ရော့၊ ကလေး ဆောင်းတွင်းဝတ်ဖို့ အဝတ်အစားချုပ်ရအောင် ငွေသားနှစ်ဆယ်။ မငြင်းနဲ့နော်။ ငြင်းယင်တော့ စိတ်ဆိုးလို မယူတာပဲလို့ ယူဆရလိမ့်မယ်။ ဟောဒီပိုက်ဆံကတော့ လှည်းခ။ နောက် ကြုံတဲ့အခါလဲ ဆွေမျိုးလို သဘောထားပြီး ဝင်ပါ။ ကဲ အချိန်လဲ အတော်နှောင်းသွားပြီ။ အဘွားတို့လဲ ပြန်ချင်လှရော့မယ်။ အိမ်မှာရှိတဲ့ လူတွေကိုလဲ နှုတ်ဆက်လိုက်ကြောင်း ပြောပြလိုက်ပါနော်”

နတ်ငှက်မယ်က ထိုင်ရာမှ ထလိုက်၏။ အဘွားလူသည် ငွေထုပ်နှင့် ပိုက်ဆံကိုယူကာ ချူယွီဇနီးနောက်မှနေ၍ အစေတော်များနေသည့် တန်းလျားဆီသို့ ပြန်လာခဲ့လေ၏။

ချူယွီ၏ မိန်းမက

“ဖြစ်မှ ဖြစ်ရလေ အဘွားရယ်။ သခင်မလေးနဲ့ တွေ့တုန်းက ဘာဖြစ်လို့ ပန်အဲကို သခင်မလေးရဲ့တူလို့ ပြောနေရတာလဲ။ တကယ်ပဲ့ တော်ပါဦး၊ မပြောရဘူး အဘွားရဲ့။ သခင်မလေးရဲ့တူက ခုတင်က လာသွားတဲ့ သခင်လေး ကျိယုန်လိုဟာမျိုးမှ။ သူတို့က ဒါမျိုးမှ တူတော်ချင်တာ။ ပန်အဲလိုကောင်လေးကို ဘယ်မှာ တူတော်ချင်ပါ့မလဲ” 

“သိပါဘူးအေ၊ သခင်မလေးကိုမြင်တော့ လှလွန်းလို့ ဘာတွေ ပြောမိမှန်းတောင် မသိတော့ပါဘူး” ဟု အဘွားလူက ပြုံး၍ပြော၏။

စကားတပြောပြောဖြင့် သူတို့သုံးဦးသားသည် ချူယွီ၏အိမ်သို့ ရောက်လာခဲ့ကြပြီး ထိုင်နေကြ၏။ အဘွားလူက ချူယွီ၏ကလေးများကို မုန့်ဖိုး ငွေစကလေး နည်းနည်းပါးပါး ပေးချင်သည်။ သို့ရာတွင် ထိုငွေစသည် သူတို့အဖို့ ဘာမျှ ပြောပလောက်သည် မဟုတ်ရကား ချူယွီဇနီးက လက်မခံချေ။ ထိုနောက်တွင်မူ အဘွားလူသည် ကျေးဇူးစကားဆိုကာ နောက်ဖေးပေါက်မှ ထွက်လာခဲ့လေ၏။

မည်သို့ဖြစ်ပျက်သည်ကိုမူ နောက်တစ်ခန်းတွင် ကြည့်ပါလေ။

မှန်ပေ၏။

ချမ်းသာကြွယ်ဝစဉ်၌ အလှူရေစက် လက်နှင့်မက္ခာ ပြုနိုင်ကြပေ၏။

ကျေးဇူးသိတတ်သူသည် သားချင်းဆွေမျိုးနှင့် မိတ်ဆွေတို့ထက် ကောင်းပေ၏။


အခန်း - ၇ ဖတ်ရန်


Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး