ခန်းဆောင်နီအိပ်မက် @ အခန်း - ၇


မမယုက နတ်ငှက်မယ်တစ်ဦးတည်းကိုသာ ဖိတ်ကြားခြင်း 

နိန်စံအိမ် စားသောက်ပွဲတွင် ပေါက်ယုသည် ကျင်ချွန်းနှင့် တွေ့ခြင်း။


ပန်းသို့နုနယ်၊ လှမျိုးကြွယ်သည့်

နတ်မယ် ဆယ့်နှစ်ယောက်၊ ချစ်သူရောက်လိမ့် 

ထိုချစ်သူလျှင်၊ ဘယ်သူပင်ဟု 

သင်သိလိုမူ၊ ထိုသူမှာလျှင်

ချင်ဟုမည်ရှိ၊ ဇာတိချက်ကြွေ

မွေးရပ်မြေသည်၊ ယန်ဇီမြစ်ဘေး 

ရွာကလေးတည့်။ ။


အဘွားလူကို လိုက်ပို့ နှုတ်ဆက်ပြီးနောက် ချူယွီ၏ ဇနီးသည် အကျိုးအကြောင်း ပြောပြရန် သခင်မဝမ်ထံသို့ လာခဲ့၏။ သခင်မဝမ်သည် ချင်လင်းမြို့မှ ရောက်လာသည့် ဆွေ့ပန်တို့အမေ သူ့ညီမ ဒေါ်လေးဆွေ့နှင့် စကားပြောရန် ထွက်သွားသည်ဟု အစေတော်များထံမှ သိရသည့်အခါ၌ ချူယွီ၏ ဇနီးသည် အရှေ့ဝင်းပေါက်မှ အရှေ့ ဘက်တလင်းကိုဖြတ်ကာ သစ်တော်မွှေးဆောင်သို့ လာခဲ့၏။ သို့ရာတွင် သခင်မဝမ်၏ အစေတော် ချင်ချွန်းသည် အုပ်လုံးသိမ်းစ သူငယ်မကလေးတစ်ယောက်နှင့် ကစားနေသည်ကို တွေ့ရ၏။ ကိစ္စရှိ၍လာကြာင်းကို သိသည့်အခါတွင် ချင်ချွန်းသည် တံခါးပေါက်ဆီသို့ မေးထိုး၍ ပြ၏။

ချူယွီ၏ ဇနီးသည် ခန်းဆီးကိုဖွင့်၍ အဆောင်ထဲသို့ အသာအယာ ဝင်လာခဲ့၏။ သခင်မဝမ်နှင့် ဒေါ်လေးဆွေ ့တို့ ညီအစ်မနှစ်ယောက်သည် အိမ်တွင်းရေးများကို ပြောဆိုလျက် ရှိကြ၏။ ချူသည်  သူတို့ကို အနှောင့်အယှက် မပေးလိုသည့်အတွက် ပေါက်ကြည်ရှိနေသည့် အတွင်းဆောင်ဘက်သို့ ဝင်လာခဲ့၏။ ပေါက်ကြည်မှာ အိမ်တွင်ဝတ်သည့် အဝတ်အစားကို ဝတ်ထား၏။ ဆံပင်ကို လျော့ရိလျော့ရဲ ထုံးထားကာ ခုတင်မီးဖိုကြီးပေါ်ရှိ စားပွဲနိမ့်ကလေးတွင် ထိုင်ကာ သူ့အစေတော် ယင်အဲနှင့်အတူ ဇာပန်းပုံစံတစ်ခုကို ကူးလျက်ရှိ၏။ ချူကိုမြင်လျှင် လက်ထဲတွင် ကိုင်ထးသည့် စုတ်တံကို ချလိုက်ပြီးနောက် ပြုံးလျက် နေရာထိုင်ခင်း ပေး၏။ ချူက ခုတင်မီးဖိုခြေရင်းတွင် ထိုင်လိုက်ရင်း

“သခင်မလေး နေကောင်းတယ်နော်။ ကျွန်မတို့ စံအိမ်ဘက်ကို ကူးမလာတာ တော်တော်ကြာသွားပြီ။ သခင်လေးပေါက်ယု နောက် လွန်း ပြောင်လွန်းလို့ ထင်တယ်”

“မဟုတ်ပါဘူး ချူရယ်။ သိပ် နေလို့ထိုင်လို့ မကောင်းချင်တာနဲ့ အပြင်မထွက်ဘဲ အိမ်ထဲမှာ အောင်းနေတာပါ”

“ဘာများဖြစ်လို့လဲ သခင်မလေးရယ်။ နေထိုင်မကောင်းယင် သမားတော်များကို မပင့်ဘူးလား။ ဆေးလေးဘာလေး သောက်မှပေါ့။ နည်းနည်းပါးပါး သောက်လိုက်ယင် ပျောက်သွားမယ် ထင်ပါတယ်။ ဒီအရွယ်ကလေးမှာ လူမမာကြီးဖြစ်နေလို့ ဘယ်ဖြစ်ပါ့မလဲ” 

ပေါက်ကြည်က ရယ်လိုက်လျက်

“အမယ်လေး၊ ပေါက်ကြည်ကို ဆေးအကြောင်း မပြောစမ်းပါနဲ့။ ပေါက်ကျည်ရဲ့ ရောဂါကိုကုဖို့ သမားတော်တွေကိုပင့်၊ ဆေးတွေကို ဝယ်ရတာကလဲ ငွေတွေကုန်တာ များလှပါပြီ။ အကောင်းဆုံးဆိုတဲ့ သမားတော်တွေကိုပင့်၊ အစွမ်းဆုံးဆိုတဲ့ ဆေးတွေကိုစားတာလဲ ဘာမှ မထူးလှပါဘူး။ နောက်ဆုံးတော့ ကံအားလျော်စွာ ရောဂါဆန်းတွေကို ပျောက်အောင် ကုနိုင်တဲ့ ကိုရင်ကြီးတစ်ပါးနဲ့ တွေ့လို့ သူ့ကိုပင့်ပြီး ပြခဲ့တယ်။ ကိုရင်ကြီးက ပေါက်ကြည်ရဲ့ ရောဂါဟ သည်းခြေဓာတ် ပျက်တဲ့ရောဂါတဲ့။ ဒါပေမယ့် ပေါက်ကြည်က ကျန်းမာသန်စွမ်းလေတော့ သိပ်တော့ အရေးမကြီးပါဘူးတဲ့။ ပေါက်ကြည်စားခဲ့တဲ့ ဆေးတွေ များလှပြီ။ ဘယ်ဆေးနဲ့မှ မသက်သာဘူး။ အဲဒီ ကိုရင်ကြီးပေးတဲ့ ဆေးနဲ့မှပဲ သက်သာတော့တယ်။ သူ့ဆေးကလဲ ဖော်ရတာ တယ်ခက်ဆိုပဲ။ ဆေးအမည်တွေက ဒီမှာမရဘဲ တိုင်းတစ်ပါးမှာမှ ရတယ်တဲ့။ ပြီးတော့ သောက်လို့ကောင်းအောင် သိပ်မွှေးတဲ့ ဆေးမှုန့် တစ်မျိုးနဲ့ ရောသောက်ရတယ်။ ကိုရင်ကြီးတော့ ဒီလိုရှားရှားပါးပါး ဆေးကို ဘယ်ကများ ရှာရတယ် မသိပါဘူ။ တစ်ခါ နေမကောင်းယင် တစ်လုံးသောက်ရတယ်။ စွမ်းလိုက်တဲ့ဆေး မပြောပါနဲ့တော့။ ပေါက်ကြည်ဖြင့် ဒီ ဆေးနဲ့ သက်သာနေတာပဲ”

“ဘယ်လို ဆေးမျိုးများလဲ သခင်မလေးရယ်၊ ကျွန်မတို့ကို ပြောစမ်းပါဦး။ နောက်မှာ ဒီလိုရောဂါသည်များတွေ့ယင် ညွှန်းရတာပေါ့။ ကုသိုလ်ရပါတယ်”

ပေါက်ကျည်က ရယ်လိုက်ရင်း

'အမယ်လေး၊ မေးမနေနဲ့ ချူရေ။ သိယင် စိတ်ရှုပ်သွားမယ်။ ဆေးအမည်တွေကတော့ အများကြီးပဲ။ ရှာရတာကလဲ သိပ်မခက်လှကူး။ လွယ်ပါတယ်။ ဒါပေမယ့် ဆေးအမည်ကို သူ့အချိန်နဲ့သူ အချိန်ကိုက် သောက်ရတယ်။ နွေဦးမှာ ပွင့်တဲ့ ပဒုမ္မာ ဝတ်ဆံမှုန့်က ဆယ့်နှစ်ကျပ်သား၊ နွေမှုာပွင့်တဲ့ ကြာဖြူဝတ်ဆံက ဆယ်နှစ်ကျပ်သား၊ နွေနှောင်းမှာ ပွင့်တဲ့ ခေါင်ရန်းပွင့် ဝတ်ဆံက ဆယ်နှစ်ကျပ်သား၊ ဆောင်းမှာပွင့်တဲ့ ဆီးတော်ဖြူပွင့် ဝတ်ဆံက ဆယ့်နှစ်ကျပ်သား အဲဒီဝတ်ဆံတွေကို နေအန္တောဝီထိမှာ ကျတဲ့နေ့မှာ အခြောက်လှန်းပြီး ကြိတ်ပြီးတော့ ဆေးမှုန့်နဲ့ရော၊ ပြီးတော့ ၀သန္တရာသီဝင်တဲ့နေ့မှာ ရွာတဲ့မိုးရေနဲ့ …

“ဟင်၊ သခင်မလေးဟာကလဲ ခု ဆေးမည်တွေကို စုမိအောင်ကိုက သုံးနှစ်သုံးမိုးတောင် စောင့်ရမှာပါလား၊ ပြီးတော့ ဝသန္တရာသီ ရပ်တဲ့နေ့မှာ မိုးမရွာယင် ဘယ့်နှယ်လုပ်မလဲ”်

“ဒါကြောင့် ခက်ကယ်လို့ ပြောတာပေါ့။ အဲဒီနေ့မှာ မရွာရင် နောက်တစ်နှစ် စောင့်ပေတော့ပေါ့။ ဒါတင်မကသေးဘူးရှင့်၊ နှင်းကျတဲ့နေ့ (စက်တင်ဘာလဆယ်ရက်ခန့်)မှာ ကျတဲ့နှင်းရည်က ဆယ့်နှစ်ကျပ်သား၊ နှင်းခါးစကျတဲ့နေ့ (အောက်တို့ဘာလ ၂၃ ရက်ခန့် ) နေ့မှ ကျတဲ့နှင်းခါးက ဆယ့်နှစ်ကျပ်သား၊ နှင်းပွင့်စကျတဲ့နေ့က (နိုဝင်ဘာလ ၂၂ ရက်နေ့ခန့်) နှင်းပွင့်ရည်က ဆယ့်နှစ်ကျပ်သား၊ အဲဒါ ခုပြောခဲ့တဲ့ အမှုန့်တွေနဲ့ဖျော်၊ ပြီးတော့ ပျားရည် ဆယ့်နှစ်ကျပ်သား သကြားရည် ဆယ်နှစ်ကျပ်သားနဲ့ ရောပြီး ဆီးဖြူသီးလောက် ဆေးလုံး ကလေးတွေလုပ်။ ပြီးတော့ အဲဒါကို ကြွေအိုးထဲမှာ လုံအောင်ပိတ်ပြီး ပန်းပင်မြစ်နားမှာ မြှုပ်ထား။ နေထိုင်မကောင်းတဲ့အခါမှာ အဲဒီထဲက ဆေးလုံးတစ်လုံးကိုယူပြီး...

“အလိုလေး။ သခင်မလေးရဲ့ ဆေးက တယ်ပြီး လက်ဝင်ပါကလား။ ဒါတွေအားလုံး စုံစုံလင်လင် ဖော်နိုင်အောင်ဆိုယင် ဆေးတစ်ဖုံကို ဆယ်နှစ်လောက် ကြာလိမ့်မယ်ထင်တယ်”

“အင်း၊ ပေါက်ကြည်တို့မှာတော့ ကံကောင်းတယ်လို့ ဆိုရမှာပဲ။ ကိုရင်ကြီး ပြောသွားပြီး နှစ်နှစ်လောက် အတွင်းမှာပဲ ဒီဆေး အမည်တွေအားလုံး စုံသွားတယ်။ တောင်ပိုင်းက ဖော်လာခဲ့တာ၊ ခုတော့ သစ်တော်ပင်အောက်မှာ ကြွေအိုးနဲ့ မြှုပ်ထားရတယ်”

“ဆေးနာမည်က ဘာဆေးတဲ့လဲ သခင်မလေး”

“အဲဒီ ခေါင်းမှာ ဒက်တွေနဲ့ ကိုရင်ကြီး ပြောသွားတာက သီတဂန္ဒ ဆေးလုံးလို့ ခေါ်တာပဲ”

“နို့ နေစမ်းပါဦး သခင်မလေးရယ်။ မသိလို့ မေးစမ်းပရစေ၊၊ ရောဂါလက္ခဏာကကော ဘယ်လိုများပြသလဲ?

“ထူးထူးထွေထွေတော့ မပြပါဘူး၊ ချောင်းနည်းနည်း ဆိုးတယ်၊ အသက်ရှူ နည်းနည်း ကျပ်တယ်။ ဆေးတစ်လုံးလောက် သောက်လိုက်ယင် ပျောက်သွားတာပဲ”

ထိုသို့ စကားပြောဆိုနေကြစဉ် အတွင်းဆောင်ထဲတွင် မည်သူရောက်နေသနည်းဟု သခင်မဝမ်က မေး၏။ ဤတွင် ချူသည် အကွက်ကောင်းရသွားကာ အပြင်ဘက်သို့ ထွက်လာခဲ့ပြီး အဘွားလူ ရောက်လာသည့်အကြောင်းကို ပြောပြ၏။ သခင်မဝမ်က မည်သို့မျှမပြော တော့သဖြင့် ချူသည် အပြင်သို့ထွက်၍ ပြန်တော့မည်ပြုစဉ် ဒေါ်လေးဆွေ့က ပြုံးလိုက်လျက်

“ဩော်၊ ခဏနေဦး၊ ပေးလိုက်စရာရှိလို့” ဟုဆိုကာ မိမိတို့နှင့် ပါလာသည့် အစေတော် ယင်လင်းကို ခေါ်လိုက်သည်တွင် ချင်ချွန်းနှင့် ကစားနေသည့် အုပ်လုံးသိမ်းစ သူငယ်မကလေး ရောက်လာ၏။ 

“ခေါ်သလား မမ”

“တို့ယူလာတဲ့ ပန်းသေတ္ာ သွားယူလှည့်စမ်း”

ယင်လင်းသည် ဖဲဖြင့်ချုပ်ထားသည့် သေတ္တာတစ်လုံးကို ယူလာ၏။ ဒေါ်လေးဆွေ့က

“ဟောဒါက ရွှေနန်းတော်ကြီးက အပျိုတော်တွေလုပ်တဲ့ ဖဲပန်း အားလုံး ဆယ့်နှစ်ခိုင်ရှိတယ်။ မနေ့ကမှ အမှတ်ရလို့ ထုတ်ထားတာ။ မိန်းကလေးတွေ ပန်ချင်ကြမှာပေါ့။ မနေ့ကတည်းက ပိုမလို့ဟာ၊ နင့်ကိုမြင်မှပဲ အမှတ်ရတော့တယ်။ ရော့၊ ယွန်းစံအိမ်က သူငယ်မကလေး သုံးယောက်ကို ပေးလိုက်။ တစ်ယောက်ကို နှစ်ခိုင်စီ ပေးလိုက်နော်။ ကျန်တဲ့ ခြောက်ခိုင်ကိုတော့ ထိုက်ယုကို နှစ်ခိုင်၊ ပြီးတော့ နတ်ငှက်မယ်ကို လေးခိုင်”

သခင်မဝပ်က

“ကောင်းတော့ကောင်းပါရဲ့အေ။ ဒါပေမယ့် ပေါက်ကြည် ကြီးလာယင် ပန်ရအောင် သိမ်းမထားဘဲကိုး”

မမက မမတူမအကြောင်း မသိဘဲကိုး။ ပေါက်ကြည်က ပန်းတို့ ဘာတို့ကိုလဲ မပန်ချင်ဘူး မမရဲ့။ နံ့သာတို့ဘာတို့ လူးယင်လဲ မကြိုက်ဘူး”

ပန်းသေတ္တာကိုကိုင်၍ ထွက်လာသည့်အခါ၌ အပြင်တွင် နေ့ဆာလှုံလျက်ရှိသည့် ချင်ချွန်းကိုတွေ့ရသဖြင့် ချူက

“ချင်ချွန်းရယ် မသိလို့ ငါမေးစမ်းပါရစေ။ အုပ်လုံးသိပ်ထားတဲ့ ယင်လင်းဆိုတဲ့ ကောင်မလေးဟာ ညည်းတို့ပြောပြောနေတဲ့ ကောင်မလေးလား။ ရွှေမြို့တော်ကြီးကိုမလာခင် ဝယ်လာခဲ့တယ်ဆိုတဲ့ ကောင်မလေး မဟုတ်လား။ လူသတ်မှုဖြစ်ခဲ့ရတာ သူ့ကြောင့်ဆို”

“ဟုတ်တယ်” ဟု ချင်ချွန်းက ဖြေ၏။

ထိုအခိုက်တွင် ယင်လင်းသည် ပြုံး၍ ထွက်လာ၏။ ချူသည် ယင်လင်း၏ လက်ကိုကိုင်ကာ အတန်ကြာမျှ ကြည့်နေပြီးနောက် ချင်ချွန်းဘက်သို့ လှည့်လိုက်လျက်

“တော်တော်ချောတယ်နော်။ တို့အရှေ့ဘက် ယွန်းစံအိမ်ကြီးက သခင်မလေး ကျီယုန်ရဲ့မိန်းမ ကျင်ကို့နဲ့ တူသလိုလိုပဲ”

“ကျွန်မလဲ အဲဒါကိုပဲ ပြောနေတာပေါ့ ဟု ချင်ချွန်းက ပြော၏။

ချူက ကျွန်အဖြစ် အရောင်းခံရစဉ် အသက်ဘယ်လောက်ရှိပြီဖြစ်ကြောင်း၊မိ ဘများ ဘယ်ဒေသတွင် နေထိုင်လျက် ရှိကြောင်း၊ မည်သည့်ဇ ာတိဖြစ်ကြောင်း၊ ယခု အသက်ဘယ်လောက်ရှိကြောင်း စသည်တို့ကို ယင်လင်းအား မေးမြန်းလျက် ရှိ၏။ ဤတွင် ယင်လင်းက ခေါင်းယမ်းကာ သူဘာကိုမျှ မမှတ်မိတော့ကြောင်း ပြောသဖြင့် သူတို့နှစ်ယောက်မှာ စိတ်မကောင်း ဖြစ်နေကြ၏။

ထိုနောက် ချူသည် ပန်းသေတ္တာကို သခင်မဝမ်၏ ခန်းဆောင်ကြီးထဲသို့ ယူလာခဲ့၏။ မယ်မယ်သည် သူ့ဝင်းထဲတွင် မြေးမများအားလုံးကို ထားရသည်မှာ နားငြီးလှသဖြင့် ယင်ချွန်း၊ တန်ချွန်း၊ ဆီချွန်း တို့ကို ဒေါ်လေးဝမ်၏ ခန်းဆောင်နောက်ရှိ ခန်းဆောင်ငယ်ကလေးများသို့ ပိုလိုက်ပြီး သူ့ဝင်းထဲတွင်မူ သူ့အချစ်ဆုံးမြေးဖြစ်သည့် ပေါက်ယုနှင့် မြေးမ ထိုက်ယုတို့ကိုသာ ထားတော့သည်။ ထို့ကြောင့် ချုသည် ထိုနေရာတွင် ခဏရပ်စဉ် အလိုရှိက အသင့်ဖြစ်ရန် စောင့်နေကြသည့် အစေတော်များကို တွေ့ရ၏။

ထိုအခိုက်တွင် ယင်ချွန်း၏ အစေတော် စုရှိနှင့် တန်ချွန်း၏ အစေတော် တိုက်ရှူတို့သည် ခန်းဆီးကိုမကာ လက်တွင် ပန်းကန်နှင့် ပန်းကန်ပြားကို ကိုင်လျက် ထွက်လာကြ၏။ ကြည့်ရသည်မှာ သူ့သခင်မကလေးများ အားလုံး အထဲတွင် ရှိနေကြသည်ဆိုသည့် သဘောဖြစ်သဖြင့် ချူသည် အခန်းထဲသို့ ဝင်လာခဲ့ရာ ယင်ချွန်းနှင့် တန်ချွန်းတို့ ညီအစ်မ နှစ်ယာက်သည် ပဆစ်ပစ်နေကြသည်ကို တွေ့ရ၏။ ချူက သူတို့နှစ်ယာက်အား အကျိုးအကြောင်းကို ပြောပြကာ ပန်းခိုင်များကို ပေး၏။ မိန်းမပျိုနှစ်ယောက်က ကျေးဇူးတင်စကား ပြော၍ ပန်းခိုင်များကို သိပ်ခိုင်းလိုက်၏

“နောက်မရောက်တဲ့ သခင်းကလေးထိုက်ယုတော့ မရှိဘူးနော်။ မယ်မယ်ဆီမှာ ထင်ပါရဲ့”

“တစ်ဖက်ခန်းထဲမှာ ရှိတယ်ထင်တယ် ́ ́ဟု အစေတော်များက ပြော၏။

နောက်တစ်ခန်းထဲသို့ ကူးလာသည့်အခါတွင် ဆီချွန်းသည် သီတစန္ဒီ သီလရှင် ကျောင်းတိုက်မှ သီလရှင်ကလေး တစ်ပါးနှင့် စကားပြောနေသည်ကို တွေ့ရ၏။ ဆီချွန်းက အကြောင်းကိစ္စကို မေးသည့်အခါတွင် ချူသည် ဖဲသေတ္တာကိုဖွင့်၍ ပန်းခိုင်များကို ပြ၏။ 

ဆီချွန်းက ပြုံးလိုက်လျက်

“ခုတွင် ဆီချွန်း သီလရှင်ဝတ်မယ့်အကြောင်းကို ဟောဒီက ဆရာလေး ရှိနစ်ကို ပြောနေတာ။ ဒီတုန်းမှာ ပန်းခိုင်တွေ လာပေးတယ်ပေါ့ ဟုတ်လား၊ ဆီချွန်းက ခေါင်းတုံးတုံးတော့မှာဆိုတော့ ဒီပန်းခိုင်တွေကို ဘယ်မှာ ပန်နိုင်ပါတော့မလဲ ချူရဲ့”

ထိုသို့ ညည်းညူပြောဆိုပြီးနောက် ဆီချွန်းသည် ထိုပန်းလက်ဆောင်များကို ယူ၍ သိမ်းထားလိုက်ရန် သူ့အစေတော် ယုဟွာကို ပြော၏။ ချူက သီလရှင် ဆရာလေးဘက်သို့ လှည့်လိုက်၍

“ဪ ဆရာလေးလဲ ရောက်နေသကိုး။ ဆရာလေး ဘယ်တုန်းကရောက်နေတာလဲ ဆရာလေးတို့ ကျောင်းက သီလရှင် ဆရာကြီးကော”

“ကျောင်းက ဒီကိုထွက်လာတာပဲချူရေ။ ဆရာကြီးကတော့ သခင်ဝမ်ကို နှုတ်ဆက်ပြီး မမယုတို့ စံအိမ်ဘက်ကို ထွက်သွားလေရဲ့၊ ကျွန်မကို ဒီမှာစောင့်ပါဆိုလို့ နေရစ်ခဲ့တာ”

“လပြည့်နေ့တိုင်း လှူနေကျဖြစ်တဲ့ ဆန်ဖိုးအလှူငွေများနဲ့ အမွှေးတိုင်ဖိုး အလှူငွေများကို ရပါပြီလား ဆရာလေ” 

ဆရာလေး ရှိနင်က ခေါင်းယမ်းလိုက်ကာ 

“အဲဒါတော့ ကျွန်မလဲ မသိဘူးရှင့်” 

ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ အလှူငွေများပို့ရန် မည်သူ့ တာဝန်ပေးထားသနည်းဟု ဆီချွန်းက ချူကို မေးလေ၏။

“ယုဆင့်ကို တာဝန်ပေးထားပါတယ်”

ဆီချွန်းက ရယ်လိုက်ကာ

“ဩော် ဟုတ်လား၊ ဆရာကြီး ရောက်လာတုန်းက ယုဆင့်မိန်းမရယ် ပျာယာပျာယာနဲ့ ထွက်လာပြီး ဆရာကြီးကို တိုးတိုးပြောနေတာ ဒီကိစ္စထင်ပါရဲ့”

ချူသည် သီလရှင်ဆရာလေးနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် နတ်ငှက်မယ်၏ အဆောင်သို့ လာခဲ့၏။ ချူသည် လီဝမ်၏ အဆောင်နောက်ဖေးမှဖြတ်ကာ စင်္ကြံလမ်းကလေးအတိုင်း လာခဲ့၍ အနောက်ဘက် တံတိုင်းတစ်လျှောက် ကပ်ကာ အနောက်ဘက် တံခါးမှ နတ်ငှက်မယ်၏ ဝင်းထဲသို့ ဝင်လာခဲ့၏။ စက်ခန်းဆောင် အပြင်ဘက် အလယ်ခန်းဆောင်မကြီးထဲတွင် ထိုင်နေသည့် ဖုန်အဲသည် ချုကို မြင်သည်၌ အရှေ့ဘက် ခန်းဆောင်ဘက်သို့ မေးငေါ့၍ ပြ၏။ ချူသည် ထိုအဆောင်ဘက်သို့ ခြေဖျားထောက်၍ လာခဲ့ရာ နတ်ငှက်မယ်၏ သမီးကလေးကို ချော့၍သိပ်နေသည့် အထိန်းတော်တစ်ယောက်ကို တွေ့ရ၏။ 

“နတ်ငှက်မယ် သခင်မလေး ရှိသလား။ အိပ်နေသလား ဒီလောက်ဆို နိုးလောက်ရောပေါ့” ဟု ခပ်တိုးတိုး လေသံကလေးဖြင့် မေး၏။

အထိန်းတော်က ခေါင်းယမ်းပြလိုက်စဉ် ခန်းဆောင်ထဲ၌ နတ်ငှက်မယ်၏ ခန်းဆောင်ဆီမှ ရှယ်သံနှင့် (ခင်ပွန်းဖြစ်သူ) ကျိလျှံ၏ ရယ်သံကို ကြားရ၏။ ထိုခဏ၌ တံခါးသည် ပွင့်လာကာ ပင်အဲသည် ကြေးဇလုံကြီး တစ်ခုကိုကိုင်၍ ထွက်လာပြီးလျှင် ရှေ့တွင် ထိုင်နေသည့် ထုန်အဲကို ရေထည့်၍ ယူလာရန် ပြောနေ၏။ ချူကိုမြင်သည့်အခါတွင် ပင်အဲက “ဒေါ်လေး ဘာကိစ္စလဲ ”ဟု မေးလိုက်၏။

ချူက လာရသည့် အကြောင်းကို ပြောပြကာ ပန်းခိုင် ထည့်ထားသည့် ဖဲသေတ္တာကို လှမ်းပေးလိုက်၏။ ပင်အဲသည် ဖဲသေတ္တာထဲမှ ပန်းခိုင် လေးခိုင်ကိုယူ၍ အခန်းထဲသို့ ဝင်သွားပြီးနောက် ခဏကြာလျှင် ပြန်ထွက်လာ၍ နှစ်ခိုင်ကို နိန်စံအိပ်ရှိ ကျိယုန်၏ဇနီး ကျင်ကို့ကို သွားပေးရန် အစေတော် ဆိုင်မင်းအား ခိုင်းနေသံကို ကြားရ၏။ ထိုနောက် နတ်ငှက်မယ် သခင်မလေးက ကျေးဇူးတင်ကြောင်း ဒေါ်လေးဆွေ့ကို ပြောရန် မှာလိုက်သည်ဟု ပြောဆိုနေပြန်၏။

ထိုနောက် ချူသည် မယ်မယ်၏ အဆောင်ဝင်းထဲသို့ လာခဲ့၏။ ခန်းဆောင်အဝင်ဝတွင် ဝတ်ကောင်းစားလှတို့ကို ဝတ်ဆင်ထားကာ ယောက္ခမအိမ်မှ ပြန်လာသည့် သမီးကို တွေ့ရ၏။

“ဟဲ့ နင် ဒီမှာ ဘာလာလုပ်နေတာလဲ” ဟု ချူက သူ့သမီးကို မေးလေ၏။ သမီးဖြစ်သူက ပြုံးလိုက်လျက်

“အမေ တော်တော် အလုပ်များနေတယ် ထင်တယ်။ အိမ်မှာ စောင့်နေတာ ကြာလှပြီ။ မလာနိုင်လွန်းလို့ လိုက်လာတာ။ ဘာတွေ့များ ဒီလောက် အလုပ်များနေတာလဲ အမေရဲ့။ စောင့်လိုက်ရတာ ပျင်းလှပြီ။ မယ်မယ်ကို လာကန်တော့တာ။ ကန်တော့ရင်း သခင်မဝမ်ဆီလဲ ၀င်သွားမလို့။ အမေ့အလုပ်က မပြီးသေးဘူးလား။ လက်ထဲကဘာတွေလဲ”

“မပြောပါနဲ့တော့ အေ။ အဘွားလူရောက်လာလို့ သူ့ကို ဟိုအိမ်လိုက်ပို့ ဒီအိမ်လိုက်ပို့ လုပ်နေရတာပေါ့။ တစ်နေ့လုံး ဖတ်ဖတ်ကို မောနေတာပဲ။ လိုက်ပို့ရင်း ဒေါ်လေးဆွေ့တို့ဆီရောက်တော့ ဒီပန်းခိုင်တွေကို သခင်မလေးဆီ လိုက်ပို့ချည်စမ်းပါဆိုလို့ လိုက်ပို့နေရတယ်။ ခု ပိုလို့မပြီးသေးဘူး။ အမေနဲ့ ပြောစရာရှိလို့လား”

“ဟုတ်တယ် အမေရဲ့။ အမေ့သမက်လေ။ ကိစ္စပေါ်ပြန်ပြီ၊ မနေ့က အရက်တွေမူးလာပြီး ရိုက်ကြလို့။ ဘယ်က ဘယ်လို သတင်းထွက်လာမှန်းတော့ မသိဘူး။ အမေ့သမက်က လူကောင်းမဟုတ်ဘူး နာမည်ပျက် ရှိတယ်တဲ့။ ဒါနဲ့ ခုတော့ သူ့ကို ကျော်စောမှု မသင်္ကာမှု ဆိုပြီး ရဲကိုတိုင်ထားလို့ နေပြည်တော်ရဲက သူ့ကို အရပ်ကိုပြန်ပြီးနေဖို့ ခြေချုပ်နဲ့လွှတ်နေတယ်။ အဲဒီကိစ္စအတွက် အမေ့ဆီလာတာ။ ဘယ်သူ့ဆီကို သွားပြီး အကူအညီတောင်းရမလဲမသိဘူး အမေရယ်။ ကျွန်မဖြင့် စိတ်ညစ်လှပြီ”

“အမယ်လေး၊ အလကားပါအေ။ ဒီလောက် ဂရုစိုက်မနေစမ်းပါနဲ့။ အိမ်ကိုပြန်နှင့်။ ငါ ဒီပန်းခိုင်တွေသွားပို့ပြီး ပြန်ခဲ့မယ်။ သမင်မလေးထိုက်ယုဆီကို ပို့ပြီးယင် ပြီးပါပြီ။ သခင်မဝမ်နဲ့ နတ်ငှက်မယ် သခင်မလေးတို့လဲ မအားကြဘူး။ အိမ်ကိုပြန်ပြီး စောင့်နေ။ အမေ ခုပဲ ပြန်လာခဲ့မယ်။ ဒီလောက်လဲ စိုးရိမ်မနေစမ်းပါနဲ့”

“အမေမြန်မြန်ပြန်လာခဲ့နော်” ဟု ဆိုကာ ချူ၏ သမီးသည် အိမ်သို့ပြန်သွား၏။

“အေးပါဟယ်။ ညည်းတို့ ကလေးတွေဟာ ဘာအတွေ့အကြုံမှလဲ မရှိဘူး။ ညည်းတို့မှာ ဒါ့ကြောင့် ဒုက္ခရောက်နေကြတာ” 

ထိုက်ယုကို ခန်းဆောင်ထဲတွင် မတွေ့ရချေ။ ပေါက်ယု၏ ခန်းဆောင်ဘက်တွင် ရောက်နေကာ သူနှင့်အတူ လက်စွပ်ကိုးကွင်း ပဟေဠိကစားနည်းကို ကစားလျက်ရှိလေ၏။ ချူသည် ခန်းဆောင်ထဲသို့ ရောက်လျှင် ပြုံး၍ နှုတ်ဆက်လိုက်ကာ

“ဒေါ်လေးဆွေက ပန်းအပို့ခိုင်းလိုက်ပါတယ်”

“မှန်း၊ ဘာပန်းတွေလဲ”

ပေါက်ယုက သေတ္တာကိုယူ၍ ဖွင့်ကြည့်လိုက်သည့် အခါတွင် ပန်းနှစ်ခိုင်ကို တွေ့ရ၏။ ထိုက်ယုက ပေါက်ယုလက်ထဲတွင် ရှိသည့် ပန်းပျားကို တစ်ချက်မျှ လှမ်းကြည့်လိုက်ရာမှ

“ထိုက်ယုတစ်ယောက်တည်းကို ပေးလိုက်တာလား။ ဒါမှမဟုတ် တခြား အစ်မတော်တွေကိုကော ပေးလိုက်သေးသလား'

“အားလုံးကို ပေးလိုက်ကာပါ။ ဒီနှစ်ခိုင်ကတော့ ထိုက်ယု ခင်မလေးကို ပေးတာပါ။ ကျန်တာတွေကိုတော့ ပို့ခဲ့ပြီးပါပြီ ထိုက်ယုက ခပ်မဲ့မဲ့ ပြုံးလိုက်လျက်

“ထိုက်ယုသိပါတယ်။ သူများတွေ မလိုချင်လို့ ကျန်နေခဲ့တဲ့ အကျတွေကို လာပေးတာ မဟုတ်လား”

ချူက ဘာမျမပြောဘဲ တိတ်ဆိတ်လျက်ရှိ၏။ သို့ရာတွင် ပေါက်ယုက

‘ချူက အဲဒီကို ဘာသွားလုပ်တာလဲ”

“သခင်မဝမ်ဆီကို သွားတာပါ။ ဒါပေမယ့် ဟိုရောက်တော့ ဒေါ်လေးဆွေ့ တို့ဘက် ရောက်နေတယ်ဆိုတာနဲ့ လိုက်သွားတော့ ဒီပန်း ခိုင်တွေကို အပို့ခိုင်းလိုက်တာပါပဲ”

“ပေါက်ကြည်ကိုကော တွေ့ခဲ့ရဲ့လား၊ ခုတလောမှာ ပေါက်ြကည် ကျွန်တော်တို့ စံအိမ်ဘက်ကို ဘာဖြစ်လို့များ မလာသလဲ မသိဘူး” 

“ကောင်းကောင်း နေမကောင်းပါဘူး”

ပေါက်ယူက သူ့အစေဘော်များဘက်သို့လှည့်ကာ

“ပေါက်ကြည်ဆီကို တစ်ယောက် သွားကြည့်ချည်စမ်း။ ထိုက်ယုနဲ့ ပေါက်ယုက သူတို့အဒေါ်နဲ့အစ်မလေး ဘယ်လိုနေသလဲဆိုတာ အကြည့်ခိုင်းလို့လို့ပြော။ ပြီးတော့ ဘာရောဂါလဲ။ ဘယ်လိုဆေးဝါးတွေကို မှီဝဲနေသလဲဆိုတာ စုံစမ်းခဲ့။ အစတုန်းကတော့ ပေါက်ယုကိုယ်တိုင် လာမလို့ပဲလို့။ ဒါပေမယ့် ကျောင်းကပြန်လာပြီး အအေးမိနေလို မလာတော့ဘူးလို့ပြောလိုက်။ နောက်မှလာကြည့်မယ်လို့”

အစေတော် ချိန်စွေ့ သွားမည်ပြုစဉ် ချူလည်း အိမ်သို့ ပြန်လာခဲ့၏။

အရက်မူး၍ ရန်ဖြစ်သည်ဆိုသည့် ချူ၏သမက်ဆိုသည်မှာ အခြားမဟုတ်။ ယုဆုန်၏ မိတ်ဆွေဟောင်းဖြစ်သော ဆုစိန်ဖြစ်၏။ ဆုစိန်သည် ရှေးဟောင်းပစ္စည်းများကို ရောင်းရာမှ တရားစွဲခံရသည့်အတွက် အကူအညီတောင်းရန် သူ့ဇနီးသည်ကို လွှတ်လိုက်ခြင်းဖြစ်၏။ ချူမှာ သူ့သခင်များသည် အလွန် တန်ခိုးဩဇာရှိသည့် ပုဂ္ဂိုလ်များဖြစ်သည့်အလျောက် ဤမျှလောက်သောအမှုကို စာဖွဲ့လာက်သည် မထင်မိချေ။ ထိုနေ့ညနေ၌ အမေချူသည် နတ်ငှက်မယ် သခင်မလေးထံ သွားရောက် တိုင်တန်းခြင်းဖြင့် ထိုပြဿနာကို ဖြေရှင်းလိုက်၏။

ညမီးထွန်းချိန် ရောက်သည့်အခါ၌ နတ်ငှက်မယ်သည် အဝတ်အစားလဲပြီးနောက် အဒေါ်ဖြစ်သူ သခင်မဝမ်ထံသို့ လာခဲ့၏။

“ဒီနေ့တာဝန်တွေအားလုံးလောက်ကတော့ ပြီးသလောက်ရှိသွားပါပြီ ဒေါ်ကြီး။ ချန်တို့ပို့လိုက်တဲ့ ပစ္စည်းတွေကိုလဲ ကြည့်ရှု့ စစ်ဆေးပြီးပါပြီ။ ပြီးတော့ သူတို့ကိုပေးဖို့ လက်ဆောင်များကို လှေများနဲ့ ပို့လိုက်ပါပြီ။ နှစ်သစ်ကူးအတွက် ပစ္စည်းတွေလာဝယ်တာနဲ့ သူတို့လှေတွေ ရောက်နေတုန်းမှာ သူတို့လှေတွေနဲ့ ပြန်တင်ပေးလိုက်ပါတယ်”

သခင်မဝမ်က ခေါင်းညိတ်နေ၏။

“ပြီးတော့ လီနန်မြို့စား၍ မယ်တော်ကြီးအတွက် ငှက်မယ်ပေးမယ့် မွေးနေ့လက်ဆောင်များကိုလဲ ဝယ်ခြမ်း ထုပ်ပိုးပြင်ဆင်လို့ ပြီးပါပြီ ဒေါ်ကြီး။ ဘယ်သူ့ကို အပို့ခိုင်းရပါ့မလဲ ဒေါ်ကြီး”

“အားတဲ့ အစေတော် လေးယောက်လောက်ကို အပို့ ခိုင်းလိုက်ပေါ့အေ။ နေရာတကာ ဒေါ်ကြီးကိုပြောနေဖို့ မလိုပါဘူး” 

နတ်ငှက်မယ်က ပြုံးလိုက်ရင်း

မနက်ဖြန်မှာ သူတို့အိမ်ကို အလည်လာဖို့ (ကျိချန်ရဲ့မိန်းမ) မမယုက ဒီနေ့ပဲ ဖိတ်သွားပါတယ်။ မနက်ဖြန်မှာ ငှက်မယ်အဖို့ ထူးထူးထွေထွေလုပ်စရာ မရှိဘူး ထင်ပါတယ်””

“အလုပ်ရှိယင်လဲ ကိစ္စမရှိပါဘူးကွယ်။ ခါတိုင်း ဖိတ်တုန်းကတော့ တစ်အိမ်လုံး ဖိတ်လေ့ရှိတာပဲ။ လူတွေများတော့ ငါ့တူမ မပျော်ရဘူးပေါ့။ ဒီတစ်ခါကတော့ ငါ့တူမတစ်ယောက်တည်းဖိတ်တာ ဖြစ်လေတော့ ငါ့တူမတစ်ယောက်တည်းကို ပျော်ပျော်ပါးပါး ဧည့်ခံချင်လို့ ဖြစ်မှာပေါ့။ ဒီတော့ သူစိတ်မကောင်း ဖြစ်နေပါ့မယ်။ အိမ်မှာ အလုပ်ကိစ္စရှိလဲ သွားဖြစ်အောင် သွားလိုက်ပါ။ 

ထိုသို့ ပြောဆိုနေကြစဉ် လီဝမ်၊ ယင်ချွန်း၊ တန်ကျွန်းနှင့် အခြား မိန်းကလေးများသည် ဒေါ်ကြီးဝမ်ကို လာရောက်နှုတ်ဆက်ကာ အိပ်ရာသို့ အသီးသီးဝင်သွားကြ၏။

နောက်တစ်နေ့တွင် နတ်ငှက်မယ်သည် အဝတ်အစား ပြင်ဆင် လဲလှယ်ပြီးနောက် မမယုတို့အိမ်သို့ သွားမည်ဖြစ်ကြောင်းဖြင့် သခင်မဝမ်ကို လာရောက်ပြော၏။ ထို့နောက် မယ်မယ်ကိုလည်း သွားရောက် ပြော၏။ မမယုတို့ စံအိမ်သို့ အလည်သွားမည်ဟု ပေါက်ယု ကြားသည့်အခါတွင် သူလည်းလိုက်မည်ဟု ပူဆာသဖြင့် နတ်ငှက်မယ်မှ မငြင်းတာ့ဘဲ သူ့ကို အဝတ်အစားလဲခိုင်းရ၏။ ထို့နောက်တွင် နတ်ငှက်မယ်နှင့် ပေါက်ယုတို့သည် နိန်စံအိမ်ကြီးသို့ ရထားဖြင့် လာခဲ့ကြရလေ၏။

ဗဟို တံခါးမကြီးနားတွင် သူတို့ကို အချွေအရံများဖြင့် ကြိုဆိုလျက်ရှိသော ကျိချိန်၏ ဇနီး မမယုနှင့် သူ့ချွေးမ (ကျိယုန်၏ ဇနီး) ကျင်ကို့တို့ကို တွေ့ရ၏။ မမယုသည် သူ့ထုံးစံအတိုင်း နတ်ငှက်မယ်ကို အနောက်ပြောင် နှုတ်ဆက်ပြီးနောက် ပေါက်ယုကို ဧည့်ခန်းထဲရှိ ထိုင်ဖုံ တစ်ခုဆီသို့ ခေါ်သွား၏။

ကျင်ကို့က လက်ဖက်ရည် လာချသည့်အခါတွင် နတ်ငှက်မယ်က 

“နေစမ်းပါဦး။ ဒီနေ့မှ ထူးထူးဆန်းဆန်း ငှက်မယ်ကို ဘာကြောင့် ဖိတ်ကြတာလဲ။ ပေးစရာရှိယင် မြန်မြန်ပေးကြနော်။ ငှက်မယ်မှာ ကိစ္စတွေ ရှိသေးတယ်”

မမယုနှင့် ကျင်ကို့တို့က မည်သို့မျှ မပြောရသေးမီ စေတော်တစ်ယောက်က ကြားဖြတ်၍

“အမယ်လေး၊ ဒီလိုဆိုယင် နတ်ငှက်မယ် သခင်မလေး ဒီကိုမလာနဲ့တော့။ လာတာ အမှားကြီး မှားသွားပြီ။ ဒီစံအိမ်ကို ရောက်ယင် ကျွန်မတို့ ပိုင်တယ်။ ပြန်ချင်တိုင်း မပြန်ရဘူး” ဟု ရယ်မော၍ ပြော၏။

ထိုစဉ် ကျိယုန်ဝင်လာပြီး နှုတ်ဆက်သည်တွင် ပေါက်ယုက အကိုကြီးကျိချိန် အိမ်တွင် ရှိမရှိ မေးမြန်း၏။

“မရှိဘူးကွယ့်။ ခမည်းတော်ကြီး နေမကောင်းလို့ မြို့ထဲကို သွားမေးလေရဲ့။ ကဲ ငါ့မောင်လဲ ဒီမှာ ထိုင်နေရတာ ပျင်းမှာပေါ့။ ဥယျာဉ်ထဲမှာ ဆင်းပြီး လမ်းလေးဘာလေး လျှောက်ပါလာ၊' မမယုက ပြော၏။ ကျင်ကို့က

“အတော်ပဲ ပေါက်ယုက ကျင်ကို့ရဲ့ မောင်လေးကို တွေ့ချင်တယ်ဆို။ ဒီနေ့ပဲ ရွှေမြို့တော်ကို ရောက်လာတယ်။ ပိဋကတ်တိုက်ခန်းထဲမှာ ရှိတယ် ထင်တယ်။ မောင်လေးနဲ့ သွားပြီး စကားစမြည် ပြောချည်ပါလား”

သို့ရာတွင် ပေါက်ယူက ခုတင်မီးဖိုကြီးပေါ်မှ ခပ်သုတ်သုတ် ဆင်းလိုက်သည့်အခါ မမယုနှင့် နတ်ငှက်မယ်တို့ နှစ်ယောက်စလုံ “ဖြည်းဖြည်း သွားပါကွယ်။ ဘာဖြစ်လို့ ဒီလောက် ရေးကြီးသုတ်ပျာ နိုင်ရတာလဲ” ဟု ဆိုကာ အစေတော်များကို လိုက်ပို့ခိုင်းလိုက်၏။

“ဟိုကောင်မတွေ ပေါက်ယုကို ကြည့်ထိန်းနော်၊ အိမ်မှာ သူတို့ကို စောင့်ကြည့်ဖို့ အဘွားကြီးလဲ မရှိဘူး” ဟု လှမ်းပြောလိုက်၏။

“ကျင်ကို့ရဲ့ မာင်လေးကို ဘာဖြစ်လို့ ဒီကိုမခေါ်တာလဲ၊ ငှက်မယ်နဲ့လဲ တွေ့ဖူးသွားတာပေါ့။ ငှက်မယ်ကော မကြည့်ထိုက်တော့လို့လား”

အမြဲလို နောက်ပြောင်တတ်သော မမယုက

“အမယ်လေး။ မယ်မင်းကြီးမရယ်၊ မတွေ့တာ ကောင်းပါတယ်။ ဒီကသူငယ်တွေလို ဟော့ဟော့ ရမ်းရမ်းတွေထဲက မဟုတ်ဘူးကွယ့်၊ အခြားက သားယောက်ျားလေးတွေများ တို့ဆွေမျိုးထဲ သားယောက်ျားကလေးတွေနဲ့ မတူပေါင်။ ဣန္ဒြေလဲရ၊ ယဉ်လဲယဉ်ကျေးပါ ဟိသနဲ့။ တို့ဆီကဟာတွေသာ သောင်းကျန်းနေကြတာ။ ငှက်မယ် မသွားနဲ့။ ငှက်မယ်ကို မြင်ယင် လန့်နေဦးမယ်။ အဲဒီတော့မှ ရယ်စရာ ဖြစ်မယ်”

ငှက်မယ်က ပြုံးကာ

“အမယ်လေး မမယုရယ်။ ငှက်မယ်ကသာ သူများတွေကို ကြည့်ပြီး ရယ်တာပါ။ ငှက်မယ်ကို ကြည့်ပြီး ဒီပြင်လူတွေက ရယ်တာ မရှိသေးပါဘူး။ သူငယ်ကလေး တစ်ယောက်က ငှက်မယ်ကို ကြည့်ပြီး ဘာဖြစ်လို့ ရယ်ရမှာလဲ”

ကျိယုန်က

“မမ ပြောတာက ဒီလိုပါ ဒေါ်လေး ငှက်မယ်ရဲ့။ ကျင်ကို့ရဲ့ မောင်လေးက သိပ်ရှက်တတ်တယ်။ လူတွေသူတွေနဲ့လဲ သိပ်တွေ့ဖူးတာ မဟုတ်ဘူး။ ဒီတော့ ဒေါ်လေးငှက်မယ်နဲ့ စကားပြောယင် ဒေါ် လေး စိတ်ရှည်မှာ မဟုတ်ဘူး”

“ရှက်တတ် ကြောက်တတ်တော့ကော ဘာဖြစ်သလဲ၊ ကျင်ချွန်းဟာ ကြောက်စရာ ဘီလူးကြီးဆိုတောင် ငှက်မယ်ကတော့ တွေ့မှာပဲ။ ကဲ သွားကြစမ်းပါ။ စကားတွေ ရှည်မနေကြစမ်းပါနဲ့။ ကျင်ချွန်းကို သွားခေါ်ကြ။ မခေါ်ယင်တော့ မခေါ်ပေးတဲ့လူကို အရိုက်ပဲ”

ကျိယုန်က ရှယ်လိုက်လျက်

“အမယ်လေး၊ မလုပ်ပါနဲ့ ခင်ဗျာ။ ခေါ်ပေးဆိုယင် ခေါ် ပေးပါ့မယ်။ ရိုက်တော့ မရိုက်ပါနဲ့။ ကြောက်ပါတယ်”

ခဏကြာလျှင် ကျိယုန်သည် ပေါက်ယုထက် အရပ် အနည်းငယ် မြင့်ပြီး ပေါက်ယုထက် ချောမောသည့် သူငယ်ကလေး တစ်ယောက်ကို ခေါ်လာ၏။ ထိုသူငယ်ကလေး၏ အသားမှာ ချောမွေ့ ဖြူဝင်းလျက် ရှိပြီး နှုတ်ခမ်းများမှာ နီရဲလျက် ရှိ၏။ အမူအရာနှင့်တကွ လှုပ်ရှားဟန်တို့မှာ ကျက်သရေရှိသော်လည်း အပျိုမကလေး တစ်ယောက်လို ရှက်ရွံ့ရွံ့ဖြစ်လျက် ရှိ၏။ ထိုသူငယ်ကလေးသည် နတ်ငှက်မယ်ကို ဦးညွှတ် နှုတ်ဆက်လိုက်ပြီးလျှင် ကျန်းမာရေးကို မေးမြန်းစုံစမ်းလေ၏။ နတ်ငှက်မယ်က ခပ်မြူးမြူးဖြင့်

“ကဲ ပေါက်ယု၊ မင်းတော့ နောက်တန်းကို ရောက်သွားပြီနော်” ဟု ဆိုကာ နတ်ငှက်မယ်သည် သူငယ်ကလေး၏ လက်ကို ဆွဲယူကာ သူဘေးတွင် အထိုင်ခိုင်းပြီးနောက် အသက်နှင့် မည်သည့် စာပေကျမ်းဂန်များကို ဖတ်ရှုနေသနည်းဟု မေးမြန်း၏။ သူငယ်ကလေး၏ ကျောင်းနာမည်မှာ ကျင်ချွန်းဖြစ်ကြောင်း သိရ၏။

နတ်ငှက်မယ်မှာ ကျင်ချွန်းကို ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်သည့်အတွက် ထုံးစံအတိုင်း လက်ဆောင်ပေးရန် အဆင်သင့် ပါမလာခဲ့ချေ။ ထို့ကြောင့် အစေတော်များသည် ယွန်းစံအိမ်သို့ ပြန်သွားကြကာ မည်သည့်လက်ဆောင်မျိုးကို ပေးရမည်နည်းဟု နတ်ငှက်ငယ်၏ ကျွန်ယုံတော် ပင်အဲကို သွားရောက် မေးမြန်းကြ၏။ သူ့သခင်မ နတ်ငှက်မယ်သည် ကျင်ကို့နှင့် ရင်းနှီးကြောင်းကို သိသည့်အတွက် ပင်အဲသည် အလှအပ ပစ္စည်းတစ်ခုကို လက်ဆောင်ပေးရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် ပိုးစရှည် တစ်စနှင့် ရွှေနန်းတော် စာတော်ပြန်ပွဲတွင် ပထမ ရပါစေဟု ကမ္ဗည်းထိုးထားသည့် ရွှေပြားနှစ်ပြားကို ပေးလိုက်၏။ ထိုလက်ဆောင်ကို ယူလာသည့်အခါတွင် နတ်ငှက်မယ်က သည်လက်ဆောင်မျိုးမှာ အညံ့စားဖြစ်သည်ဟုဆိုကာ မြည်တွန်တောက်တီးခြင်း ပြု၏။ ကျင်ကို့နှင့် အခြားသူများကမူ ကျေးဇူးတင်လျက် ရှိလေပြီ။ နေ့လယ်စာ စားပြီးသည့်အခါ၌ မမယု၊ နတ်ငှက်မယ်နှင့် ကျင်ကို့တို့သည် ဖဲကစားကြလေရာ ပေါက်ယုနှင့် ကျင်ချွန်းတို့လည်း သူတို့ ဘာသာ စကားပြောလျက် ရှိကြ၏။

ကျင်ချွန်း ရောက်လာသည့်အခါတွင် ပေါက်ယုသည် မှေးမှန်သွားသည်ဟု သူ့ကိုယ်သူ ထင်မိ၏။ ပေါက်ယုသည် အတန်ကြာမျှ ငေးမောကာ တောင်ရောက် မြောက်ရောက် စဉ်းစားလျက်ရှိလေ၏။

“လောကကြီးမှာ ကျင်ချွန်းလို့ လူမျိုးတွေလဲ ရှိသေးတာပဲ ၊ ကြည့်စမ်း၊ သူနဲ့ယှဉ်လိုက်တဲ့ အခါကျတော့ ငါဟာ ရွှံ့ထဲက ဖားတစ်ကောင်၊ ခွေးဝဲစား တစ်ကောင်လောက်ပဲ ရှိပါကလား။ ဘာဖြစ်လို့များ ငါဟာ ဒီလို လူချမ်းသာ ကြေးရတတ် အိမ်ထောင်နှင့် မွေးလာခဲ့ရပါလိမ့်။ တကယ်လို့သာ ငါဟာ ပညာတတ် တစ်ယောက်ရဲ့သား၊ ဒါမှမဟုတ် အရာရှိငယ်လေး တစ်ဦးရဲ့ သားသာ ဖြစ်ခဲ့ယင် သူ့ကို ငါ ဒီလောက် မနာလိုဝန်တို ဖြစ်မိမှာ မဟုတ်ဘူး၊ သူနဲ့ ပေါင်းလို့သင်းလို့ ရမှာပဲ။ အဲဒီလိုဆိုယင် သိပ်ပြီးတော့လဲ ပျော်စရာကောင်းမှာပဲ။ ငါဟာ ဂုဏ်ဒြပ်အားဖြင့်ရော မျိုးရိုးအားဖြင့်ရော သူ့ထက် အထက်တန်းကျပါရဲ့။ ဒါပေမယ့် ပိုးတွေဖဲတွေကို ဝတ်ထားတဲ့ ဆွေးနေတဲ့သစ်ငုတ်တိုကြီးတစ်ခုနဲ့ ဘာထူးသေးသလဲ။ ကောင်းပေ့ဆိုတဲ့ အရက်ချိုတွေ ခဲဖွယ်ဘောဇဉ်တွေ ထည့်ထားတဲ့ ရေပုပ်ချောင်းကြီး၊ ညွှန့်အိုင်ကြီးနဲ့ ဘာခြားသေးသလဲ။ ဓနတွေ ဂုဏ်အဆင့်အတန်းတွေဟာ ငါ့အဖို့ အလကားပဲ””

ကျင်ချွန်း၏အမြင်၌ ပေါက်ယု၏ ချောမောသော ရုပ်ရည်နှင့် ကျေးသိမ်မွေ့သည့် အပြုအမူများသည် သူ၏ တောက်ပကောင်းမွန်သော အဝတ်အစား၊ လှပသည့် အစေတော်များနှင့် ချောမောခန့်ညားသည့် သူငယ်တော်များ ကပ်ထားသည့် ရောင်ပြားစက္ကူနှင့်တူကာ တစ်ခုနှင့်တစ်ခု လိုက်ဖက်ပါပေသည်ဟု အောက်မေ့မိ၏။

“ပေါက်ယုကို လူတိုင်းက ချစ်ကြတာ ဘာအံ့ဩစရာ ရှိသလဲ။ ငါဟာ ဘာဖြစ်လို့များ ဆင်းရဲတဲ့မိသားစုံမှာ မွေးလာခဲ့မိပါလိမ့်။ ဘာဖြစ်လို့သူနဲ့ တန်းတူရည်တူ ပေါင်းနိုင်တဲ့အဆင့်မှာ မမွေးခဲ့ရတာပါလိမ့်။ အင်း ချမ်းသာခြင်းနဲ့ ဆင်းရဲခြင်းကြားမှာ အတားအဆီးကြီးက တယ်လို့လဲ ကြီးလှပါကလား။ ဒီအတားအဆီးကြီးဟာ လူဘ၀မှာ ကျိန်စာကြီးတစ်ခုပါပဲလား” ဟု တွေးလျက်ရှိ၏။

သို့ဖြင့် သူတို့နှစ်ယောက်သည် ကိုယ့်အတွေးနှင့်ကိုယ် ဖြစ်နေကြစဉ် ပေါက်ယုက မည်သည့် စာအုပ်များကို ဖတ်နေသနည်းဟု ကျင်ချွန်းကို ကောက်၍ မေးလိုက်၏။ ကျင်ချွန်းက ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည့်အခါ၌ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ပို၍ ရင်းနှီးသွားကြကာ စကားလက်ဆုံကျလျက်ရှိကြ၏။ ထိုအခိုက်တွင် လက်ဖက်ရည်နှင့် စားဖွယ်သောက်ဖွယ်များ ရောက်လာ၏။

“တို့နှစ်ယောက် အရက်ချိုတွေ ဘာတွေကို မသောက်ကြပါနဲ့ကွာ။ ဟောဒီက စားစရာ တစ်ပန်းကန် နှစ်ပန်းကန်ကိုယူပြီး အတွင်းဆောင်ဘက်ကို သွားထိုင် စကားပြောချည်ရအောင်။ အဲဒီက ပိုပြီး အေးဆေးဆေး ရှိတယ်” ဟု ပေါက်ယုက ပြော၏။

သို့ဖြင့် သူတို့နှစ်ယောက်သည် အတွင်းဆောင်ဘက်သို့ ကူးကာ လက်ဖက်ရည် သောက်နေကြ၏။ ကျင်ကို့သည် နတ်ငှက်မယ်ရဲ့ အရက်ချိုများ၊ စားသောက်ဖွယ်များကို တည်ခင်းပေးပြီးနောက် ပေါက်ယုတို့ အဆောင်ဘက်သို့ ကူးလာကာ

“ပေါက်ယုရေ၊ ပေါက်ယုရဲ့တူလေးက ငယ်ပါသေးတယ်ကွယ်၊ ပြောမှားဆိုမှားရှိယင် ခွင့်လွှတ်နော်။ ကျင်ချွန်းက လူကြည့်တော့ ရှက်တတ်ကြောက်တတ်ပေမယ့် သိပ်ခေါင်းမာတာ၊ သူလုပ်ချင်တာဆို ဇွတ်လုပ်တတ်တယ်”

“စိတ်ချပါ။ ကျွန်တော်တို့ အချင်းချင်း ပြေလည်ပါတယ်" ဟု ပေါက်ယုက ရယ်၍ ပြော၏။

ကျင်ကို့သည် သူ့မောင်ငယ် ကျင်ချွန်းအား ကောင်းစွာပြောဆို နေထိုင်ရန် ပြောဆိုပြီးနောက် နတ်ငှက်မယ်တို့ အဆောင်ဘက်သို့ ထွက်သွား၏။

ထိုစဉ် မမယုနှင့် နတ်ငှက်မယ်တို့က သူတို့အဆောင်ဘက်မှ လိုသည့် စားသောက်ဖွယ်ရှိလျှင် အယူလွှတ်လိုက်ရန် လာရောက်ပြော၏။ ပေါက်ယုက လိုလျှင် အယူလွှတ်လိုက်မည်ဖြစ်ကြောင်း ပြော၏။

သို့ရာတွင် ပေါက်ယုသည် အစားအသောက်ကို စိတ်မဝင်စားနိုင်ဘဲ သူ့မိတ်ဆွေသစ်ဖြစ်သည့် ကျင်ချွန်း၏ နေပုံထိုင်ပုံကို ကြည့်လို လေ့လာလိုစိတ်တို့သာ ပြင်းထန်လျက်ရှိ၏။

ကျင်ချွန်းက

“ကျွန်တော်တို့ကို စာသင်တဲ့ ဆရာက မနှစ်က ဆုံးသွားတယ်၊ အဖေက အသက်ကလဲကြီး၊ ကောင်းကောင်းလဲ မကျန်းမာတဲ့အပြင် အလုပ်ကလဲများတော့ နောက်ထပ် ဆရာတစ်ယောက်ကို ရှာချိန်မရသေးဘူး။ ခုတော့ ကျွန်တော့်မှာ သင်ခန်းစာဟောင်းတွေကို အိမ်မှာတင် ပြန်ပြီး ကျက်နေရတယ်။ စာသင်တယ်ဆိုတာ တစ်ယောက်တည်းသင်လို့ မကောင်းဘူးဗျ။ စိတ်ချင်း သဘောချင်း တူတဲ့ စကားပြောဖော် ပြောဖက်ကလေး တစ်ယောက်နှစ်ယောက်တော့ ရှိမှကောင်းတာ။ ဒါမှ စာကြောင်းဘာကြောင်းလဲ ပြောလို့ရတာပေါ့”

“ဟုတ်တယ်ကွ။ တို့ဆွေမျိုးစုထဲက ဆရာသတ်သတ် ငှားနိုင်တဲ့ လူတွေအတွက် ကျောင်းတစ်ကျောင်း ဖွင့်ထားတယ်။ တို့ဆွေမျိုးသားချင်းတချို့လဲ အဲဒီကျောင်းမှာ တက်နေကြတယ်။ ငါ့ဆရာလဲ မနှစ်က အိမ်ပြန်သွားလို့ ခုလောလောဆယ်မှာ ဆရာမရှိဘဲ ဖြစ်နေတယ်။ ဖေဖျားကလဲ ဆရာပြန်မလာခင်မှာ အဲဒီကျောင်းကို တက်ပြီး သင်ခန်းစာ ဟောင်းတွေ့ ပြန်ကြည့်ဖို့ ခိုင်းနေတယ်။ ဆရာက နောက်နှစ်မှ တောက ပြန်လာမှာဆိုတော့ ဒီအတောအတွင်းမှာ အဲဒီကျောင်းကို တက်နေတဲ့။ ဆရာပြန်လာမှ အိမ်မှာပြန်သင်တဲ့။ ဒါပေမယ့် ကျောင်းမှာ တခြား ကျောင်းသားတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်မှာစိုးလို့ မယ်မယ်က မတက်ရဘူးတဲ့။ ခုတော့ ငါကလဲ ကောင်းကောင်း နေမကောင်းတော့ မတက်ဖြစ်တော့ဘူးပေါ့ကွာ”

“ခု မင်းပြောတဲ့ အတိုင်းဆိုယင် မင်းမှာလဲ ဆရာမရှိဘူး ဖြစ်နေတော့ ဒီနေ့ အိမ်ပြန်ရောက်ယင် မင်းအဖေကို ပြောပြီး တို့ကျောင်းကို တက်လှည့်ပါလားကွ။ မင်းတက်ယင် ငါလဲ တက်ရအောင် ပူဆာမယ်လေ။ ကျောင်းမှာ အဖော်ရှိတော့ ကောင်းတာပေါ့။ မကောင်းဘူးလား”

ကျင်ချွန်းက စိတ်ပါလက်ပါဖြင့်

“ကောင်းတယ် ကောင်းတယ်။ မနေ့ကတွင် အဖေပြန်လာလို့ အဲဒီကျောင်းအကြောင်းကို ပြောသေးတယ်။ ဒါကြောင့် ကျွန်တော့်ကို အဲဒီကျောင်းကိုအပ်ဖို့ ဦးကြီးကျိချိန်ကို လာပြောမယ်လို့တောင် လုပ်နေသေးတယ်။ ဒါပေမယ့် ဦးကြီးကျိချိန်က အလုပ်များလို့ ဒီလောက် အသေးအဖွဲဲ့ကိစ္စကလေးကို ပြောရမှာ အားနာတယ်တဲ့။ အစ်ကိုပေါက်ယုနဲ့ ကျွန်တော် အတူကျောင်းတက်ရယင် အစ်ကိုပေါက်ယုရဲ့ မင်ခဲကို ကျွန်တော် သွေးပေးမယ်လေ။ ပြီးတော့ မင်ဖျော်ကျောက်တုံးကိုလဲ ကျွန်တော် ဆေးပေးမယ်။ မကောင်းဘူးလား။ လုပ်ပါဗျာ၊ ကျွန်တော်လဲ နေချင်တယ်။ အဲဒီလိုဆိုယင် ကျွန်တော်တို့ နှစ်ယောက် စကားတွေလဲ ပြောချိန်ရမှာပဲ။ မိဘတွေလဲ စိတ်အေးရတာပေါ့။ ကျွန်တော်တို့အချင်းချင်းလဲ အတူတူ နေရတာပေါ့။ မကောင်းဘူးလား ဟင်”

“ဖြစ်ပါတယ်ကွာ။ လာ ပြောနေ ကြာတယ်။ မင့် ယောက်ဖ ကျိယုန်နဲ့ မင့်အစ်မ ကျင်ကို့ကို သွားပြောမယ်။ ပြီးတော့ မမငှက်မယ်ကိုလဲ သွားပြောမယ်။ အိမ်ပြန်ရောက်ယင် မင်းက မင့်အဖေကိုပြော၊ ငါက မယ်မယ်ကိုပြောမယ်။ မဖြစ်နိုင်စရာ မရှိပါဘူး”

သူတို့စကားပြောနေစဉ် မီးအိမ်များ လင်းလာခဲ့လေပြီ။ သူ နှစ်ယောက်သည် အဒေါ်များ၊ အစ်မများ ဖဲကစားသည်ကို ထိုင်ကြည့် နေကြ၏။ ဝိုင်းသိမ်းသည့်အခါတွင် မမယုနှင့် ကျင်တို့တို့ ရှုံးကြသည့် အတွက် နှစ်ရက်အကြာတွင် ထမင်းကျွေး၍ ဇာတ်ပွဲပြရန် ကတိပေးရလေ၏။ ထိုနောက်တွင် သူတို့သည် စကားပြောနေကြ၏။

ညစာ စားပြီးသည့်အခါ၌ မှေင်စပြုနေလေပြီ။ ထို့ကြောင့် မမယုက ကျင်ချွန်းအား လိုက်ပို့ရန် ခိုင်းလိုက်သဖြင့် မိန်းမအစေတော်များသည် လက်ပါးစေကိုခေါ်ရန် ထွက်သွားကြ၏။ ခဏကြာလျှင် ပြန်လာကာ ကျင်ချွန်းလည်း ပြန်သွား၏။ မမယုက ကျင်ချွန်းကို မည်သူလိုက်ပို့သနည်းဟု မေး၏။

“ကျောက်တာ လိုက်ပို့ပါတယ် မမ။ မူးလိုက်တာကလဲ ဒေါင်ချာစိုင်းနေတာပဲ။ ပါးစပ်ကလဲ ဆဲလိုက်ဆိုလိုက်တာ မပြောပါနဲ့တော့”

“ဟဲ့ ဒါဖြင့် သူ့ကို ဘာဖြစ်လို့ လိုက် အပို့ ခိုင်းရတာလဲ။ ငယ်ငယ်ရွယ်ရွယ် လက်ပါးစေတွေကို လိုက်အပို့ ခိုင်းပါတော့လား။ ဘာဖြစ်လို့ ကျောက်တာကို ရွေးလွှတ်ရတာလဲ” ဟု မမယုနှင့်ကျင်ကို့က မေး၏။

နတ်ငှက်မယ်က

“ဒါကြောင့် လက်ပါးစေတွေ၊ အစေတော်တွေကို သိပ်အလို လိုက်လွန်းတယ်လို့” မမယုကို ပြောကြတာပေါ့။ ကြည့်စမ်းပါဦး။ လက်ပါးစေတွေက သူတို့လုပ်ချင်ရာ လုပ်နေကြတာ”

မမယုက သက်ပြင်းချလိုက်လျက်

“ကျောက်တာ အကြောင်းကို ငှက်မယ်လဲ သိသားပဲကွယ်။ ဘယ်တုန်းက ရဖူးလို့လဲ။ ငှက်မယ်တို့ အစ်ကို ကျိချိန် မပြောနဲ့။ သခင်ကြီး ကျိချိန် ပြောတာကိုတောင် သူ ဂရုမစိုက်တဲ့ ဟာပဲ။ ကျောက်တာ ငယ်ငယ်တုန်းက မမယုတို့ရဲ့ (သူ့ယောကျ်ား ကျိချိန်၏အဘိုး) နိန်တူမြို့စားကြီးနဲ့ သုံးလေးကြိ မ်စစ်မြေပြင်ကို လိုက်ခဲ့ဖူးတယ်။ စစ်မြေပြင်ရောက်တော့ ကျောက်ကာဟာ အလောင်းတွေ ကောင်ပုံရာပုံကြားထဲမှာ သူ့သခင်ကို ကျောပိုး ကယ်လာခဲ့တယ်။ စစ်ရှုံးလို့ ပြေးကြတော့ ကျောက်တာဟာ သူကိုယ်တိုင် အငတ်ခံပြီး သူ့သခင်ကို လုယက်ကျွေးခဲ့တယ်။ နှစ်ရက်လုံးလုံး ရေငတ်ပြီး ဒုက္ခရောက်နေကြတော့ ကျောက်တာဟာ ရေလေးတစ်ခွက် ရလာခဲ့တယ်။ သူ မသောက်ဘူး။ သခင်ကိုပေးပြီး သူကိုယ်တိုင်ကတော့ မြင်းသွေးကို သောက်ခဲ့တယ်။ ဒီလိုသစ္စာရှိရှိ အမှုထမ်းခဲ့လို့ မမယုတို့ အဘိုးလက်ထက် ကတည်းက သူ့ကို အထူးအခွင့်အရေး ပေးခဲ့တယ်။ ဘယ်သူမှ သူ့ကို ဝင်မပြောရဲကြဘူး။ ဒီလိုအခွင့်အရေး ရလာခဲ့သူဖြစ်လေတော့ ခုအချိန်မှာ သူ့ကို ဘယ်သူမှ မပြောချင်ကြတော့ဘူး။ ပိုပြီးဆိုးတာက ကျောက်တာ အသက်ကလဲ ကြီးလာတော့ ကောင်းကောင်းမွန်မွန်လဲ မနေတော့ဘူး။ ဖြစ်သလို နေတော့တာပဲ။ ဘာမှလဲ မလုပ်ဘူး။ အချိန်ရှိသရွေ့ အရက်ပဲ သောက်နေတာပဲ။ သောက်လာယင်လဲ မူးပြီး လူတိုင်းကို ဆဲတော့တာပဲ။ သူ့ကို ဘာမှ တာဝန်မှ မပေးနဲ့တော့၊ ဒီအတိုင်းသာ ကြည့်နေလိုက်တော့လို့ ဝင်းမှူးကိုလဲ ခဏခဏ ပြောထားတာပဲ။ ခုတော့ ကျောက်တာကို တာဝန်ပေးလိုက်ပြန်ပြီ။ ခက်တာပဲ”

နတ်ငှက်မယ်က ခပ်လှောင်လှောင်ဖြင့်

“ကျောက်တာ အကြောင်းကို ငှက်မယ်လဲ သိပြီးသားပါ မမယုရယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူ့ကို မမယု ထိန်းနိုင်ရမှာပေါ့။ စံအိမ်မှာ ထားလို့မရယင် တောက လယ်ပို့ပြီး လယ်ထွန်ခိုင်းလိုက်ပေါ့ မမယုရဲ့။ အလွယ်ကလေးပါ” ဟု ပြောကာ မိမိရထား ရောက်မရောက် မေးမြန်း၏။

“ရောက်ပါပြီ သခင်မလေး”ဟု လက်ပါးစေက ပြော၏။ 

နတ်ငှက်မယ်သည် ထိုင်ရာမှ ထကာ ပေါက်ယုကို ခေါ်လာ၏။ မမယုနှင့် ကျန် အိမ်သားများသည် နတ်ငှက်မယ်နှင့် ပေါက်ယုကို ဗဟို ခန်းမကြီးအထိ လိုက်ပို့၏။ အစေတော်များ၊ လက်ပါးစေများသည် ဝင်းထဲတွင် အဆင်သင့် စောင့်နေကြသည်ကို မီးပုံးများမှ မီးရောင်ဖြင့်ပင် မြင်ရ၏။ ထိုအချိန်၌ (မမယု၏ ယောက်ျားဖြစ်သူ) ကျိချန်မှာ အိမ်တွင် ဘာမျှ လုပ်စရာမရှိသည့်အလျောက် အပြင်သို့ ထွက်နေသည့်အတွက် ကျောက်တာသည် ရမ်းချင်တိုင်း ရမ်းလျက် ရှိ၏။ ကျောက်တာသည် ဝင်းမှူးလိုင်အဲ လူလည်လုပ်သည်၊ ညစ်သည်ဆိုကာ လိုင်အဲ၏ မတရားမှုများကို ဖော်လျက် လူကြောက်၊ လူညစ်၊ သခင်အားရ ကျွန် ဒဏ်ဝ လုပ်သည်ဟု မူးမူးဖြင့် ဆဲရေးတိုင်းထွာလျက် ရှိ၏။

“ဟေ့ လိုင်အဲ၊ ဘာဝင်းမှူးလဲကွ။ တခြားကောင်တွေကျတေ သက်သာတဲ့ အလုပ်ကို ခိုင်းတယ်။ ဒါပေမယ့် ည မှောင်ကြီးမည်းကြီးထဲမှာ သေစရာရှိယင်တော့ ငါ့ကို ခိုင်းတယ်။ ဟေ့ကောင် လိပ်မသာ။ သတ္တိရှိယင် ထွက်ခဲ့ကွ။ ဘာဝင်းမှူးလဲကွ။ ဟေ့ကောင် မင်း ဝင်းမှုး ငါ့ခြေဖဝါးအောက်မှာ ရှိတယ်ကွ။ သိရဲ့လား။ ခုမှ ငါ့သခင်မရှိလို့ ငါ့ကို နှိမ်ကြတာ။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် ငါ့သခင်ကြီး ရှိတုန်းကဆိုယင် တစ်အိမ်လုံး ဘယ်သူ့ကိုမှ ငါ သောက်ဂရု မစိုက်ဘူး။ မင်းတို့လို အလေနတောကောင်တွေဆိုတာတော့ စာရင်းထဲတောင် မထည့်ဘူး၊ မှတ်ထား”

(ကျင်ကို့၏ ယောက်ျား) ကျိယုန်က နတ်ငှက်မယ်ကို ရထားသို့ လိုက်ပို့ နှုတ်ဆက်နေစဉ်တွင်လည်း ကျောက်တာသည် အားရပါးရ ဆဲရေးတိုင်းထွာလျက် ရှိ၏။ အစေတော်များ၊ လက်ပါးစေများက သူ့ကို တိတ်တိတ်နေရန် ပြောကြသော်လည်း မရချေ။ ကျိယုန်ကား စားသောက် ရမ်းကားနေခြင်းကို ခွင့်မလွှတ်နိုင်။ ထို့ကြောင့် ကျိယုန်က ကျောက်တာကို ဆဲရေးကာ သူ့ကို ကြိုးဖြင့်တုပ်ရန် လက်ပါးစေများကို ခိုင်း၏။

“ဒီလောက် ဘာဖြစ်လို့ ရမ်းနေသလဲဆိုတာ မနက်ဖြန် အမူးပြေသွားမှ မေးရမယ်။ ခုမေးလို့တော့ ကောင်းကောင်းဖြေမှာ မဟုတ်ဘူး” 

ထုံးစံအတိုင်း ကျောက်တာသည် ကျိယုန်ကိုလည်း အထင်မကြီးချေ။ ကျောက်တာသည် သူ့ကို ကြိုးဖြင့် တုပ်ရမည်လောဟုဆိုကာ ဒေါပွလာလျက်

"ဒီမှာ သခင်လေးကျိယုန်၊ ကျောက်တာအပေါ်မှာ လူလည်ကျလို့မရဘူးဗျ။ ခင်ဗျားလိုလူမပြောနဲ့ ကျောက်တာတို့က ခင်ဗျားအဖေနဲ့ ခင်ဗျားအဘိုးကိုတောင် ဂရုစိုက်တဲ့ လူစားမျိုး မဟုတ်ဘူး။ သူတို့တောင် ကျောက်တာကို ဒါမျိုး မပြောရဲဘူးဆိုတာ ခင်ဗျား မှတ်ထားလိုက်ပါ။ ကျောက်တာ အသက်ပေးခဲ့လို့ ခင်ဗျားတို့ တစ်မျိုးလုံး ဒီလိုဂုဏ်တွေ၊ အရှိန်အဝါတွေနဲ့ နေနိုင်တာ။ ဒီဆွေမျိုးစုကြီးကို ဒီအခြေရောက်လာအောင်၊ ဒီလို ကြီးပွားလာအောင် ဘယ်သူ လုပ်ခဲ့သလဲ။ ခင်ဗျားတို့အဖေ လုပ်ခဲ့တာ။ ဒီလိုလုပ်နိုင်အောင် ခင်ဗျားတို့ အဖေကို ဘယ်သူကယ်ခဲ့တယ် ထင်သလဲ။ သေတွင်းက ဘယ်သူဆွဲတင်ခဲ့တယ် ထင်သလဲ။ ကျောက်တာ ကယ်ခဲ့တာဗျ ကျောက်တာ ဆွဲထုတ်ခဲ့တာ။ အဲဒီကျေးဇူးတွေကိုတောင် မထောက်ဘူး။ ကျောက်တာတို့ကို နိုင်ထက်စီးနင် လုပ်တယ်။ တော်တာ့။ နောက်ထပ် ကျောက်တာကို အမိန့်မပေးနဲ့တော့။ နောက်ထပ် တစ်ခွန်းပြောယင် ခင်ဗျားကိုယ်ထဲကို ဖြူဖွေးနေတဲ့ဓား စိုက်သွင်းပြီး သွေးရဲရဲနဲ့ ပြန်နုတ်ပြမယ်သိရဲ့လား"

“ဒီလောက် ရမ်းကားနေတာကို ဘာဖြစ်လို့ ထုတ်မပစ်ဘဲ ဒီမှာနေလို့ ဘာမှလဲ အသုံကျတော့တာ မဟုတ်ဘူး။ ဒီလိုမူးပြီး ရမ်းလို့ဖြစ်မလား။ တခြားလူတွေ ကြားသွားယင် စံအိမ်မှာ ဒီလောက် စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာကို ကြည့်ပြီး ရယ်ကြမှာပေါ့”ဟု နတ်ငှက်မယ်က ရထားပေါ်မှနေ၍ ကျိယုန်ကို ပြောလျက်ရှိ၏။

ထိုအချက်ကို ကျိယုန်လည်း သဘောတူ၏။ ထိုသို့ပြောဆိုနေစဉ် အစေတော်များ လက်ပါးစေများသည် ကျောက်တာကို အတင်း ဝိုင်းချုပ်၍ ကြိုးနှင့်တုပ်ပြီးနောက် မြင်းဇောင်းထဲသို့ သွင်းသွားကြ၏။ ဇောင်းထဲသို့ ရောက်သည့်အခါတွင်မူ ကျောက်ကာသည် မလျှော့သေးပဲ ကျိယုန်၏အဖေ ကျိချန်ကိုပါ ဆဲရေးတိုင်းထွာလျက်ရှိလေပြီ။

“ ဟေ့ကောင်တွေ၊ ငါ့ကိုလွှတ်ကြကွ။ ငါ သခင်ကြီးအုတ်ကို သွားပြီး တိုင်တည်မယ်။ သခင်ကြီး လက်ထက်မှာတောင် ငါ ဒီလို အစော်ကားမခံခဲ့ရဘူးကွ။ မင်းတို့ လက်ထက်ကျမှ၊ မင်းတို့အကောင်တွေ အလကားကောင်တွေ။ ပြာပုံထဲမှာ ဝပ်နေတဲ့ ခွေးထီးနဲ့ ခွေးမတွေ။ အားအားရှိယင် ပြာပုံထဲမှာ ကုတ်ခြစ်နေတဲ့ ခွေးထီးနဲ့ ခွေးမတွေ။ (ယောက္ခမနှင့် ချွေးမ မှောက်မှားကြသည်ကို ပြောသည့် ဗန်းစကားဖြစ်သည်။) မတ်မရှောင်၊ မရီးမရှောင် ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ဟာဘွေ၊ ငါ့ကို ဒီလို လူလည်လုပ်လို့ မရဘူးကွ။ မသိချင်ယောင် ဆောင်နေတာကို အဟုတ်ထင်မနေကြနဲ့။ ဒီကကောင်က သူတို့လက်ပြတ်ကြီးကို အင်္ကျီလက်နဲ့ ဆွဲဖုံးပေးနေရတဲ့ကောင်..”

ကျောက်တာ၏ ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာသံများကို ကြားရသည့်အခါ၌ အစေတာ်များမှာ အကြီးအကျယ် ထိတ်လန့် တုန်လှုပ်လျက်ရှိကြလေပြီ။ လက်ပါးစေများသည် ကျောက်တာကို အတင်း ဝိုင်းချုပ်ကာ သူ့ပါးစပ်ကို ရွှံ့များ၊ မြင်းချေးများဖြင့် ပိတ်ဆို့ကြ၏။

နတ်ငှက်မယ်နှင့် ကျိယုန်သည် ကျောက်တာ၏ ဆဲရေးတိုင်းထွာသံများကို မကြားယောင်ပြုလျက် ရှိသော်လည်း ပေါက်ယုမှာ ထိုဆဲသံများကို နားထောင်ကောင်းကောင်းနှင့် နားထောင်လျက်ရှိ၏။

“ဆဲနေတာတွေကို မမလေးငှက်မယ် ကြားတယ်နော်။ ပြာပုံထဲမှာ ခြစ်ကုတ်နေတယ်ဆိုတာ ဘာကိုပြောတာလဲဟင်”

“ဘာတွေ လျှောက်မေးနေတာလဲ။ ပေါက်ယုဟာ တော်တော် ပြောရခက်တယ်။ အရက်မူးမူးနဲ့ ဆဲတာတွေကို နားထောင်ရုံတွင်မကဘူး၊ ငှက်မယ်ကိုလာပြီး မေးခွန်းတွေ လာမေးနေသေတယ်။ ပြန်ရောက်မှ ပေါက်ယု မေဖျားကို တိုင်ရမယ်။ တိုင်ယင်တော့ အရိုက်ခံရတော့မယ်”

“တိုင်တော့ မတိုင်ပါနဲ့ မမလေးရယ်။ နောက်တစ်ခါ ပေါက်ယု ဒီလို မမေးတော့ပါဘူး ”ဟု ပေါက်ယုက အကြောက်ကြောက် အလန့်လန့်ဖြင့် တောင်းပန်၏။ 

“မောင်လေးကလဲ ဒီလိုမှပေါ့။ အိမ်ပြန်ရောက်ယင် ပေါက်ယုနဲ့ ကျင်ချွန်းကို ကျောင်းကိုပိုဖို့ မေ့ဖျားကို ပြောဖြစ်အောင်ပြောနော် အဲ့ဒါ အရေးကြီးတယ် သိရဲ့လား”

အတန်ကြာလျှင် နတ်ငှက်မယ်နှင့် ပေါက်ယုတို့သည် ယွန်းစံအိမ်ကြီးသို့  ပြန်ရောက်လာကြ၏။ မည်သို့ဖြစ်သည်ကိုသိလိုလျှင် နောက်တစ်ခန်းကို ဖတ်ပါလေ။

ဥပဓိရုပ် ကောင်းခြင်းသည် အဆွေခင်ပွန်းဖြစ်ရန် လမ်းခင်းပေး၏။

အပြန်အလှန် ခင်မင်ကြခြင်းသည် ကလေးများအား ကျောင်းပျော်အောင် ဖန်တီးပေး၏။

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

ရွှေမျက်နှာ @ ကြည်အေး

မြို့တစ်မြို့နှင့် လူငါးယောက် @ ဆွန်း၊ စက်မှုတက္ကသိုလ်၊