မြို့တစ်မြို့နှင့် လူငါးယောက် @ ဆွန်း၊ စက်မှုတက္ကသိုလ်၊


နောက်ဆုံးတော့ တစ်မြို့လုံးမှာ လူငါးယောက်သာ ကျန်ရစ်သည်။

"ဟိုးရှေးရှေးတုန်းက လူစွန့်စား ခရီးသွားတစ်သိုက်ဟာ ဝေးလံခေါင်သီလွန်းလို့ လူသူ အရောက်အပေါက် နည်းလှတဲ့ တိုင်းစွန်နယ်ဖျားက တောင်တန်းကြီးတွေ အကြားကို ရောက်သွားကြတယ်။ တောင်ကြီးတွေက မြင့်မား မတ်စောက်လွန်းလှတယ်။ တစ်နေရာရောက်တော့ မြေပေါ်ထိုးထွက်နေတဲ့ ကျောက်ပေါ်ထွက်ပိုင်း တချို့မှာ အဖိုးတန် သတ္တုရိုင်းတစ်မျိုး အများကြီးပါဝင်နေတာ အမှတ်မထင် တွေ့လိုက်ကြတယ်။ သူတို့ဟာ သတ္တုပါတဲ့ ကျောက်နမူနာတချို့ကို ရိုက်ချိုးဖြတ်တောက် ယူငင်ပြီး တွေ့တဲ့နေရာကိုလည်း မြေပုံဆွဲ မှတ်သားလိုက်ကြတယ်။ အဲဒီနေရာနဲ့ အနီးဆုံး ရွာငယ်ဇနပုဒ်က တစ်ဆယ့် ငါးမိုင်လောက် ဝေးတယ်။ ကြားမှာလည်း အဆင်းခက်ခက်၊ အတက်ကြမ်းကြမ်း တောင်စဉ်တောင်တန်း အထပ်ထပ်က ပိုင်းခြားပိတ်ဆို့ ဆီးကာထားတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ သတ္တုရိုင်းသိုက်ကြီးက အဲဒီနေရာမှာ ရှိနေတာ။ သတ္တုသိုက်ကြောင့် နောင်တစ်ချိန်မှာ ထင်ရှားကျော်ကြားပြီး လူနေသိပ်သည်းထူထပ်တဲ့ သတ္တုတွင်းမြို့ ဖြစ်လာမှာကို အဲဒီအချိန်က ဘယ်သူမှ မသိခဲ့ကြဘူးပေါ့”

မြို့မှာ ကျန်ရစ်ခဲ့သူ ငါးယောက်အနက် အသက်အကြီးဆုံး ဖြစ်သည့် ဦးအိုက ထိုအကြောင်းကို အသေးစိတ် ပြောပြသည်။

“အခုတော့ အဲဒီမြို့လေးမှာ လူငါးယောက်ပဲ ကျန်တယ်

ဦးအို၏ စကားအဆုံးမှာ မြေကြီးပေါ်လှဲနေသည့် ကိုနာက ဖြည့်ပြောလိုက်သည်။ ကျန်နှစ်ယောက်က သက်ပြင်းချသည်။

မှန်သည်။ မြို့လေးမှာ ယခုအခါ လူငါးယောက်သာ ကျန်နေရစ်တော့သည်။ အစွန့်ပစ်ခံ မြို့ဟောင်းမြို့ပျက် ဖြစ်နေပြီ။ လွန်ခဲ့သည့် ဆယ်နှစ်ကတည်းက မြို့သူမြို့သား အချို့သည် သူတို့မြို့ကို စတင် စွန့်ခွာကြသည်။ အကြောင်းရင်းက အင်မတန် ရိုးစင်းသည်။ မြို့လေးကို အမှီပြုပြီး သူတို့ဘဝ ရပ်တည်ရှင်သန်ရန် မဖြစ်နိုင်တော့၍ ဖြစ်သည်။ မြို့လေး၏ စီးပွားရေးသည် တစ်ဟုန်ထိုး ကျဆင်းနေသည်။ အလုပ်အကိုင် အခွင့်အလမ်းက အလွန်အမင်း ရှားပါးလာသည်။ ရောင်းရေး ဝယ်တာတို့ ချည့်နဲ့ ဆွံ့အ,ကုန်သည်။ လုံခြုံရေး ယိုယွင်းပျက်စီးနေသည်။ ရာဇဝတ်မှု ထူပြောများပြားလွန်းသည်။ နေရာတိုင်းမှာ ကြောက်ရွံ့ခြင်းနှင့် မွတ်သိပ်ခြင်းတို့ ကြီးစိုးနေသည်။ ထိုဒဏ်များကို မခံစားနိုင်သော မြို့သူမြို့သား အချို့သည် သူတို့မြို့လေးကို မလွှဲသာမရှောင်သာ သံယောဇဉ်ဖြတ်ကာ ရေကြည်ရာ မြက်နုရာ တစ်ရပ်တစ်ကျေးဆီသို့ ထွက်ခွာသွားကြသည်။ 

ထိုသို့ မဖြစ်မီ မြို့လေး၌ မှီတင်းနေထိုင်သူ အထိုက်အလျောက် များပြား စည်ကားခဲ့သည်။ အတန်အသင့် ဖွံ့ဖြိုး စည်ပင်ခဲ့သည်။ ထို့ထက် အနည်းငယ်ပိုမို ရှေးကျသော ကာလများက မြို့နှင့် မမျှအောင် ဝင်ရောက်ခိုလှုံသူ များပြားကာ ကြက်ပျံမကျ စည်ကားခဲ့သည်။ အလုပ်အကိုင် ပေါများခဲ့သည်။ ငွေရှာရ လွယ်ကူခဲ့သည်။ ရောင်းဝယ် ဖောက်ကားမှု ဖြစ်ထွန်းခဲ့သည်။ မျက်စိရှေ့မှာပင် နေ့ချင်းညချင်း အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက် စည်ကားကြီး ပွားလာသည်။ အခြားမြို့များ၏ ငေးမောအားကျခြင်းကို ခံယူခဲ့ရသည်။ 

မြို့လေးအမည်က မိုင်းလွယ်ခမ်း ဖြစ်သည်။ မြန်မာ ဘာသာပြန်ဆိုလျှင်တော့ ရွှေတောင်မြို့ပေါ့။ မိုင်းလွယ်ခမ်းသည် အဖိုးတန် သဘာဝ သယံဇာတကြောင့် ဖြစ်တည် ရှင်သန် ထင်ရှား ကျော်ကြားလာသည့် မြို့။ သတ္တုတူးဖော် ထုတ်လုပ်မှုလုပ်ငန်းကြောင့် ကြွယ်ဝချမ်းသာ ထွန်းလင်း တောက်ပလာခဲ့သည့် မြို့။ 

မိုင်းလွယ်ခမ်းသည် စားဝတ်နေရေး ခက်ခဲသူတို့၏ ထွက်ပေါက် ဖြစ်ခဲ့သည်။ ကြွယ်ဝချမ်းသာလိုသူတို့၏ စိတ်ကူးယဉ်အိပ်မက် ဖြစ်ခဲ့သည်။ စွန့်စား ကြီးပွားလိုသူများ၏ ပစ်မှတ်ဖြစ်ခဲ့သည်။ ထိုအခြေအနေသို့ လွယ်ကူလျင်မြန်စွာ ရောက်ရှိခဲ့သည်မဟုတ်။ လူစွန့်စား ခရီးသွားတစ်သိုက်က သတ္တုရိုင်းကို စတင် တွေ့သိခဲ့ပြီးနောက် ဆယ်စုနှစ်ပေါင်းများစွာကြာမှ ထိုနေရာမှာ တိုးတက်ဖွံ့ဖြိုးသည့် သတ္တုတွင်းမြို့တစ်မြို့ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

“ဒီနေရာမှာ အဖိုးတန် သတ္တုရိုင်းထွက်တာကို ဒေသခံတွေက ဟိုးအရင်ကတည်းက တင်တင်ကြိုကြို ဦးဦး ဖျားဖျား သိကြတယ်။ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းပြီး သက်ကြီးစကား သက်ငယ်ကြား ပြောလာခဲ့လို့လေ။ ဒါပေမဲ့ ဒေသခံတွေအတွက် အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ထက် ပိုပြီး အဓိပ္ပာယ်မရှိခဲ့ဘူး။ သူတို့ စိတ်အာရုံကို မဆွဲဆောင်၊ မဖမ်းစားနိုင်ခဲ့ဘူး။ အများစုက အမှုမဲ့ အမှတ်မဲ့နဲ့ မသိကျိုးကျွန်ပြုပြီး မေ့ပျောက်ထားကြတယ်။ ဒေသခံတွေက သတ္တုရိုင်းကို ဘယ်လို တူးဖော်ကြိတ်ခွဲ သန့်စင်ကျိုချက် ထုတ်ယူရမလဲ ဆိုတာကို မသိကြဘူး။ အင်မတန် ရှင်းလင်းရိုးစင်းလွယ်တဲ့ မိရိုးဖလာ ရှေးဟောင်း နည်းစနစ်တွေကိုတောင်မှ မသိကြဘူး။ သိအောင်လည်း မစူးစမ်း။ စူးစမ်းဖို့လည်း စိတ်မဝင်စား။ ထုတ်လုပ်ပြီးတဲ့ သတ္တုစင်ကို ဘယ်လို ရောင်းဝယ်ဖောက်ကားရမယ်၊ ဘယ်လို အသွင်အပြောင်း အဆင့်မြှင့် အသုံးချရမယ်ဆိုတာ တွေကိုတော့ သူတို့နဲ့ လားလားမှ မသက်ဆိုင်သလို သဘောထားပြီး အေးရာအေးကြောင်း နေကြတယ်” 

အသက် ခုနှစ်ဆယ်ကျော် ဦးအိုက သူ့ရင်ထဲမှ မကျေမနပ်ချက်တွေကို မျိုသိပ်အောင့်အည်း မထားနိုင်ဘဲ ပွင့်အန်ပေါက်ကွဲ ညည်းထွားသည်။ ဦးအို ထိုသို့ ဖြစ်နေသည်မှာ ကြာပြီ။ သူ့ကို ဦးမျိုးချစ်ဟု ကျန်လူများက အနွတ္တသညာ ပေးထားသည်။ 

'သူတို့က သိခဲ့၊ စူးစမ်းခဲ့၊ စိတ်ဝင်စားခဲ့ရင်တောင်မှ ဒီလောက် ဝေးလံခေါင်သီတဲ့ အရပ်ဒေသဆီကို စွန့်လွှတ် စွန့်စားလာကြမှာတဲ့လား။ အစားအသောက်ရှားပါးပြီး ရာသီဥတု ဆိုးရွားကြမ်းတမ်းလွန်းတဲ့ ဒီလိုနေရာမျိုးမှာ အလုပ်ကို ပင်ပင်ပန်းပန်း ဖောက်ချခါးချိုး လုပ်ချင်ကြလို့လား။ ကိုယ့်အရပ်မှာပဲ အအေးလူလူ သက်သက်သာသာ နေချင်ကြတာ မဟုတ်လား။ ရောင့်ရဲ့တင်းတိမ် ကျေနပ်နေကြတာ မဟုတ်လား။ စိန်ခေါ်မှုတွေ၊ အန္တရာယ်တွေ များပြားလွန်းတဲ့ သတ္တုလုပ်ငန်းလုပ်ဖို့ စိတ်မကူးခဲ့ကြဘူး။ အဲဒါကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန် သတ္တုသိုက်ကြီးကို ကိုယ့်မြေအောက်မှာ ကိုယ့်ခြေထောက်နဲ့ နင်းဖိထားပြီး အလဟဿ အချည်းနှီး ဖြစ်စေခဲ့ကြတယ်လေ”

ဦးအို၏ စကားအဆုံးမှာ ကိုကျိုးက တွေးတွေးဆဆ ဝင်ပြောသည်။ ကိုကျိုးက အသက်ငါးဆယ်အရွယ် သတ္တုတူးဖော်ရေး လုပ်သားဟောင်းကြီး ဖြစ်သည်။ မြေအောက် တူးဖော်ရေးလုပ်ကွက် ပြိုကျစဉ်က ကျောက်မြေစာပုံအောက် ရောက်သွားခဲ့သဖြင့် ညာခြေထောက်ကို ပေါင်ရင်းနားက ဖြတ်တောက်ကာ အသက်လု ကယ်တင်ခြင်း ခံထားရသူ။ ချိုင်းထောက်ဖြင့်သာ လှုပ်ရှားသွားလာနိုင်သူ။ သူ့ရင်ထဲမှာလည်း ဦးအိုနှင့် ကြောင်းတူသံကွဲ ခံစားချက်တို့ ရှိနေသည်။ မကျေနပ်ချက်တို့ ရှိနေသည်။ သူ့ကိုမူ ကိုပြည်ချစ်ဟု သူ့ကွယ်ရာမှာ တီးတိုးခေါ်ကြသည်။

ကိုကျိုး စကားအဆုံးမှာ ကိုကန်းက ဝင်ပြောသည်။ 

“အေးကွာ၊ ဝေးမြေရပ်ခြားက စိနတိုင်းသားတွေကတော့ လွယ်ခမ်းဒေသရဲ့ မြေအောက်သတ္တုသိုက် အကြောင်းကို ခရီးသွားတွေဆီက သတင်းရပြီးကတည်းက စဉ်ဆက်မပြတ် လေ့လာစူးစမ်းတယ်။ အာရုံထား စိတ်ဝင်စားတယ်။ သူတို့က မြေအောက်သတ္တုရိုင်းကို ဘယ်လိုတူးဖော်ရမယ်၊ ဘယ်လို ကြိတ်ခွဲသန့်စင်ရမယ်၊ ဘယ်လို ကျိုချက် ထုတ်ယူရမယ် ဆိုတာ သိကြတဲ့သူတွေကိုး။ ထုတ်လုပ်သန့် စင်ကျိုချက်ပြီးတဲ့ သတ္တုစင်ကို ရောင်းဖို့၊ အသုံးချဖို့ နည်းလမ်းကိုလည်း သိကြသူတွေကိုး။ သတ္တုက ရနိုင်တဲ့ အကျိုးအမြတ်တွေကိုလည်း နောကျေအောင် သိထားကြတော့ မက်မောတပ်မက်တာပေါ့။ အဲဒီလောဘနဲ့ သူတို့ဟာ လွယ်ခမ်းတောင်ကြားကို စွန့်စား ဝင်ရောက်လာကြတယ်။ သတ္တုလုပ်ငန်းကို အားကြိုးမာန်တက် လုပ်ကိုင်ကြတယ်”

ကိုကန်း၏ စကား အဆုံးမှာ အားလုံး ငြိမ်သက်သွားသည်။ ကိုကန်းက ကိုကျိုးနှင့် သက်တူရွယ်တူ သတ္တုတူးဖော်ရေးလုပ်သား ဟောင်း ဖြစ်သည်။ သူတို့နှစ် ယောက်သည် ကံတူအကျိုး ပေးများဖြစ်ကြသည် ။ ကိုကန်းလည်း ကိုကျိုးလိုပဲ မြေအောက် သတ္တုတူးဖော်ရေးလုပ်ကွက်မှာ ယမ်းဘီလူး မတော်တဆ ထပေါက်ကွဲစဉ်က သတ္တု ကျောက်မြေစာ တချို့ လွင့်စဉ်ထိမှန်ခြင်းခံ ထားခဲ့ရသူ။ ဘယ်ဘက်မျက်လုံးတစ်ဖက် ဆုံးရှုံးပျက်စီးနေသည့်သူ။

သူတို့သည် သတ္တုတွင်းက ရထားသည့် မိုင်းရောဂါမျိုးစုံကြောင့် နာမကျန်းဖြစ် နေသော ကိုနာ့ ဘေးပတ်လည်မှာ စုရုံးဝိုင်းဖွဲ့ထိုင်ရင်း ရောက်တတ်ရာရာ ပြောဆိုနေကြသည်။ မလှမ်းမကမ်း၌ မီးအားကောင်းကောင်းဖြင့် လောင်ကျွမ်းနေသော ထင်း မီးဖိုတစ်ဖို့ ရှိသည်။ ထိုထင်း မီးဖိုက သူတို့ကို အလင်းရောင်လည်း ပေးသည်။ အနွေးဓာတ်ကိုလည်း ပေးသည်။ မီးဖိုကြောင့် သူတို့ လေးယောက် သက်သောင့် သက်သာ ဖြစ်နေသည်။

ကိုနာက ရုတ်တရက် ထ,ရယ်သည်။ ရယ်ရင်း တန်းလန်းနှင့် ဗလုံးဗထွေးပြောသည်။ 

"ပါးစပ်ရာဇဝင်အရတော့ ဒီနေရာကို အဦးအစ ဝင်ရောက် အခြေချ နေထိုင်ခဲ့ကြတာက စိနတိုင်းသား ငါးယောက်တည်းတဲ့။ အခု ဒီနေရာမှာ နောက်ဆုံး ကျန်နေရစ်နေတာကလည်း လူငါးယောက်ပဲ။ ဒါပေမဲ့ စိနတိုင်းသားတွေတော့ မဟုတ်ဘူး" 

ကိုနာနှင့်အတူ သူတို့အားလုံး လိုက်ရယ်ကြသည်။ သို့သော် သူတို့ရယ်သံများသည် ခြောက်သွေ့ကွဲအက် နေသောကြောင့် ရယ်သံနှင့် မတူ။ ငိုသံနှင့်သာ ပိုတူနေ သည်။ မှန်သည်။ သူတို့ သည် ရယ်ရင်း ငိုနေကြသည်။ ရယ်သံများ ကျဲပါးစ အပြုမှာ ဦးအိုက ပြောသည်။ 

“အေး ... ဟုတ်တယ်၊ လူငါးယောက်။ မောင်နှမ်းကိုပါ ထည့်ပေါင်းရင် ဒီမြို့ပျက်ကြီးမှာ နောက်ဆုံးကျန်ရစ်ခဲ့တာ လူငါးယောက်။ မြို့တစ်မြို့နဲ့ လူငါးယောက်ပေါ့ကွာ*

ဪ ... လူငါးယောက်နှင့် စတင်ဖြစ်တည် လာခဲ့သည့် မြို့ကလေး။ လူငါးယောက်သာ နောက်ဆုံး ကြွင်းကျန်ရစ်သည့် မြို့ကလေး။


***


ထင်းမီးဖိုက ဆက်လက်လောင်မြိုက်နေသည်။ မီးအား လျော့နည်းကျဆင်း သွားလျှင် ကြုံရာလူတစ်ယောက်က ထပြီး မီးဖိုအတွင်းသို့ ထင်းလောင်စာ ပစ်ထည့်သည်။ လောင်စာကိုလည်း ဝေးဝေးလံလံ သွားရှာရန်မလို။ ယခု သူတို့ရောက်နေသည့် အဆောက်အဦပျက်ကြီးက ယိုယွင်း ဟောင်းမြင်း ဆွေးမြည့်ပျက်စီးနေသည့် သစ်အပိုင်းအစတစ်ခုကို ဆွဲယူငင်ကာ မီးဖိုအတွင်းသို့ ပစ်ထည့်လိုက်ရုံသာ။ သူတို့သည် မြို့ပျက်အတွင်းက ပေါများလွန်းလှသည့် ပိုင်ရှင်မဲ့ အဆောက်အဦများမှ ကြိုက်နှစ်သက်ရာ အဆောက်အဦအတွင်းမှာ အလျဉ်းသင့်သလို နေထိုင် သည်။ အကောင်းဆုံး အဆောက်အဦများကို ဦးစွာ ရွေးချယ်ကြသည်။ ဥပမာ မိုင်းချုပ်၏ နေအိမ်လိုမျိုး၊ သတ္တုတွင်း ဧည့်ဂေဟာမျိုး။ နောက်တော့ သူတို့၏ နိစ္စဓူဝ လိုအပ်ချက်အဝဝကို လွယ်လင့်တကူ ဖြည့်ဆည်းပေးနိုင်မည့် နေရာမျိုးကို ပြောင်းလဲ ရွေးချယ်ကြသည်။ ဥပမာ ဆေးရုံလိုမျိုး၊ ရိက္ခာဂိုဒေါင်လိုမျိုး။

တစ်မြို့လုံးမှာ လူငါးယောက်တည်းသာ ရှိနေသည့်တိုင် နေရာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အကြိုက်တူညီသောအခါ သူတို့သည် အချင်းချင်း ပဋိပက္ခ ဖြစ်ခဲ့ကြသေးသည်။ အမျက်ဒေါသ ထွက်ခဲ့ကြသေးသည်။ ရန်သတ္တရုပြုကာ တုတ်တပြက် ဓားတပြက် တိုက်ခိုက်ခဲ့ကြသေးသည်။ သာသူသာ၊ နာသူနာနှင့် ဒဏ်ရာအနာတရများစွာ ဖြစ်ခဲ့ကြသေးသည်။ 

သူတို့ ရန်ပွဲကို ကြည့်ရင်း မြို့ပျက်က အူလှိုက် သည်းလှိုက် လှောင်ပြောင် သရော် ဟားတိုက်ရယ်မောသည်။ မြို့ပျက်၏ ရယ်မော ဟားတိုက်သံကြောင့် သူတို့ ရန်ပွဲ ရပ်သွားသည်။ ဥစ္စာ ပစ္စည်းပိုင်ဆိုင်ခြင်း၏ အနက် အဓိပ္ပာယ် အစစ်အမှန်ကို နားလည် သဘောပေါက်သွားသည်။ မရှိခြင်း၌ ရှိခြင်းကို လိုလားတပ်မက်စွာ အားထုတ်ဖွေရှာနေခြင်း၏ အနှစ်သာရမှုကို နားလည်သဘော ပေါက်သွားသည်။ ထိုအခါ သူတို့အချင်းချင်း ပြန်လည် သင့်မြတ်သွားသည်။ ချစ်ကြည်သွားသည်။ ငြိမ်းချမ်းသွားသည်။

"အဲဒီတုန်းက တစ်ရပ်တစ်ကျေးက လာပြီး သတ္တု လုပ်ငန်း လုပ်ကြသူတွေဟာ ပီဘိ စီးပွားရေးသမားစစ်စစ် ကြီးတွေကွ။ သူက မဆို စလောက် အခွန်အတုတ် နည်းနည်းပါးပါးကို အုပ်ချုပ်မင်းပြုနေတဲ့ ဘုရင်အစိုးရထံ မှန်မှန်ဆက်သကြတယ်။ “ရွှေဘုန်းတော်ကြောင့် ဖဝါးတော်အောက် ဝင်ရောက်ခိုလှုံရပါတယ်” လို့လည်း ဘုရင့်စိတ်ကြိုက် တင်လျှောက်ကြတယ်။ အမြော်အမြင်နည်းပြီး အခြောက်တိုက် စိတ်ကြီးဝင်နေတဲ့ ဘုရင်ကလည်း အကျေနပ်ကြီး ကျေနပ်တယ်။ သတ္တုလုပ်ငန်းကို တိုင်းတစ်ပါးသားတွေသဘော အတိုင်း စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပေးသနားတော်မူတယ်။ သူတို့ ဆက်သသလောက်လေးကို လက်ခံကျေနပ်တယ်။ သူတို့ရဲ့ သတ္တုလုပ်ငန်းဟာကြီးမားတွင်ကျယ် အောင်မြင်လာတာပေါ့။ အဲဒီအခါ အလုပ်သမားတွေ လိုအပ်လာတယ်။ ဒေသခံတွေကို အလုပ်သမားအဖြစ် ခေါ်ယူအသုံးပြုတယ်။ ထူးဆန်းတာက ဒေသခံတွေဟာ တိုင်းတစ်ပါးသားတွေရဲ့ လက်အောက်မှာတော့ အလုပ်သမားအဖြစ်နဲ့ ကျေနပ်ကျိုးနွံစွာ ကျွန်ခံပြီး အလုပ်ဝင်လုပ်ကြသဗျာ”

ဦးအိုက ခနိုးခနဲ့ ရယ်သည်။ ကျန်လူများက မျက်နှာနီရဲပြီး ခေါင်းငုံ့သွားသည်။ ယခုအခါ သူတို့သည် ကိုယ့်ကိုယ်ကို “သခင်မျိုးလို့ ဂုဏ် မမောက်ကြတော့ပါ။ “သာ ကီမျိုး” လို့ လက်သီးလက် မောင်းမဆန့်တန်းကြတော့ပါ။

ဘာပဲဖြစ်ဖြစ် လွယ်ခမ်း တောင်ကြားမှာ သတ္တုလုပ်ငန်းလုပ်သည့် ရွာလေးတစ်ရွာ ဖြစ်တည်ရှင်သန်လာသည်။ တကယ်တော့ သတ္တုလုပ်ငန်းကို ဦးစီးဦးဆောင် လုပ်နေသည့် စိနတိုင်းသားများကိုယ်တိုင်က ရှေးရိုးသမားများ ဖြစ်သည်။ သတ္တုလုပ်ငန်းကို ရိုးရာဓလေ့ထုံး တမ်းနည်းလမ်းများအတိုင်း ခေတ်နောက်ပြန်ဆွဲ လုပ်ကိုင်နေကြသည်။ ထို့ကြောင့် လွယ်ခမ်းတောင်ကြားက သတ္တုလုပ်ငန်းသည် ကြက်ပွဲ သာသာမျှ ဖြစ်နေသည်။ နှစ်ရှည် ကြာညောင်းလာသော်လည်း လွယ်ခမ်းရွာလေးက ထူးထူးခြားခြား သိသိသာသာ ဖွံ့ဖြိုးတိုးတက်မလာခဲ့။ မြို့ပြလက္ခဏာများ သန္ဓေတည် သက်ဝင်မှု မရှိခဲ့။ လူသူ အရောက်အပေါက် ကင်းမဲ့သည့် ရေရိုင်း၊ မြေရိုင်း၊ ဒေသရိုင်းမှာ ပစ္စန္တရစ် ဖြစ်မြဲ ဖြစ်နေဆဲ။

သို့သော် ထိုပစ္စန္တရစ် မြင်းရိုင်းကို ဖက်ရွံ့ကာ ကျွမ်းကျင်နိုင်နင်းစွာ စီးနှင်နိုင်ခဲ့သည့် စိနတိုင်းသားများကတော့ သတ္တုလုပ်ငန်းမှ အကျိုးစီးပွားများစွာ ရရှိဖြစ်ထွန်းခဲ့သည်။ ဒေသန္တရ အတိုင်းအတာ စံနှုန်းအရ လူချမ်းသာ စာရင်းဝင်သွားသည်။ ထိုသို့ ဖြစ်အောင် လွယ်ခမ်းတောင်ကြားဒေသက အကျိုးပြုခဲ့သည်။ သူတို့ကို တစ်ပြည် ရပ်ခြားမှ လာ၍ စီးပွားရေး ကျူးကျော်သူ၊ အမြတ်ထုတ် ကုပ်သွေးစုပ်သူဟု မည်သည့် ဒေသခံ တစ်ဦးတစ်ယောက်ကမှ မယိုးစွပ်ကြ။ အပြစ် မတင်ကြ။ ယိုးစွပ်အပြစ်တင် ရကောင်းမှန်းလည်း မသိခဲ့ကြ။

“တို့က ကျောချလို့လည်း ဓားပြမှန်း မသိကြဘူး။ ကိုယ်စီးတဲ့မြင်းဟာ အထီးလား၊ အမလား ဆိုတာကိုလည်း မသိကြဘူး”

ဦးအိုက အောက်ကလိအာ အသံဖြင့် ပြောသည်။ ကျန်လူများက ငြိမ်သက်နေ သည်။

နောက် နှစ်ပေါင်းများစွာ ကြာသောအခါ ထိုနေရာသို့ ပိုမိုဝေးကွာခြားနားသော အရပ်ဒေသမှ အနောက်တိုင်းသားများ: ရောက်လာသည်။ သူတို့က ခေတ်မီသည်။ တိုးတက်သည်။ အသိပညာ၊ အတတ်ပညာ နှံ့စပ်ကြွယ်ဝသည်။ စီးပွားရေးကို စစ်ရေး၊ နိုင်ငံရေးတို့နှင့် ပူးတွဲလုပ်ဆောင်သည်။ ဘုရင်ကို သုံ့ပန်းပြုသည်။ တိုင်းပြည်ကို သိမ်းပိုက်အုပ်ချုပ်သည်။ တစ်နိုင်ငံလုံးကို သူတို့၏ သြဇာအာဏာစက်အောက်သို့ ကျရောက်စေသည်။ လွယ်ခမ်းတောင်ကြားဒေသကိုလည်း သူတို့ ရယူသိမ်းပိုက် လိုက်၏။ စိနတိုင်းသားများကို မောင်းထုတ်သည်။ သတ္တုလုပ်ငန်းကို ဆက်ခံလုပ်ကိုင်သည်။ သတ္တုရိုင်းကို နောက်ဆုံးပေါ် နည်းပညာများနှင့် အင်တိုက်အားတိုက် တွင်တွင်ကျယ်ကျယ် တူးဖော်ထုတ်လုပ်သည်။ တိုးတက်ခေတ်မီသည့် နည်းစနစ်များနှင့် ကျိုချက်သန့်စင်သည်။ လွယ်ခမ်းတောင်ကြားမှာ ကြီးမားနက်ရှိုင်းသော သတ္တုတွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သွားရေးလာရေး ပိုမိုအဆင် ပြေသော အနီးအနားက မြို့ကလေးမှာ မဟာရာမသတ္တု သန့်စင်စက်ရုံကြီးများ ဖြစ်ပေါ်လာသည်။ လုပ်ငန်းလိုအပ်ချက် အရ လမ်းပန်းဆက်သွယ်ရေး ပိုမိုချောမွေ့ကောင်းမွန်အောင် စီမံဆောင်ရွက်သည်။ သတ္တု တူးဖော်သည့်မြို့နှင့် သတ္တု ကျိုချက်သန့်စင်သည့် မြို့ကို ရထားလမ်းငယ်တစ်ခု ဖောက် လုပ်ဆက်သွယ်သည်။ မြင့်မားမတ်စောက်သည့် တောင်တန်းကြီးများကြောင့် ကားလမ်းကိုတော့ မဖောက်လုပ်နိုင်ခဲ့။ ရထားလမ်းသည် သတ္တုတွင်းမြို့လေး၏ အဓိက ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်လာသည်။ ထိုရထားလမ်းမှတစ်ဆင့် လူများ ကူးသန်းသွားလာသည်။ လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများကို သယ်ယူတင်သွင်းသည်။ တွင်းထွက်သတ္တုရိုင်းများကို ဆောင်ကြဉ်းပို့ဆောင်သည်။

မြို့ကလေး၏ အရန် လမ်းကြောင်းအဖြစ် စိနတိုင်းသားတို့ ဖောက်လုပ် အသုံးပြုခဲ့သည့် လူနှင့်လား သွားသာရုံ ခြေကျင်လမ်းများကို အသုံးပြုကြသည်။ သတ္တုတွင်း ရထားကို လိုက်ပါစီးနင်းခွင့် မရှိသည့် ဒေသခံများအား ထားမှီခိုရာ လမ်းကြောင်းများ။

အနောက်တိုင်းသားများအတွက် အထူးလမ်းကြောင်းကို သီးသန့်ဖန်တီးသည်။ မိုင်းလွယ်ခမ်းမှာ လေယာဉ်ကွင်းငယ် တည်ဆောက်သည်။ ထို့ကြောင့် မိုင်းလွယ်ခမ်းမှ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးများသို့ နေ့ချင်းပြန် သွားလာနိုင်သည်။ အလွန်တိုတောင်းသည့် ကာလအတွင်းမှာပင် မိုးဦးကျ၌ မျှစ်စို့ကြီးများ မြေအောက်မှ ထိုးထွက်လာသလို လွယ်ခမ်းတောင်ကြားမှာ သတ္တုတွင်းမြို့ ဖြစ်တည်ရှင်သန် ဖွံ့ဖြိုးလာသည်။ နေပျော်ဖွယ်မြို့ဖြစ်အောင် အနောက်တိုင်းသားများက သူတို့ စံနှုန်းအတိုင်း လိုအပ်သည်များကို ဖန်တီးဖြည့်စွက်မွမ်းမံသည်။

မြို့လူဦးရေ တိုးပွားလာပုံကို ဦးအိုက ပြောပြန်သည်။ 

"လွယ်ခမ်းမှာ ကမ္ဘာ့အဆင့် မြေအောက်သတ္တုတွင်းအကြီးကြီး တူးမယ်ဆိုတော့ အလုပ်သမား အများကြီး လိုတာပေါ့။ အတွေ့အကြုံရပြီး အရင်းအနှီးကြီးတဲ့ အနောက်တိုင်းကုမ္ပဏီက အဲဒီအခက်အခဲကို လွယ်လွယ်လေးပဲ ဖြေရှင်း ကျော်လွှားခဲ့တယ်။ အလုပ်သမားတွေကို လုပ်အားခလစာ ကောင်းကောင်းပေးမယ်၊ နေစရာ လိုင်းခန်းပေးမယ်၊ အစားအသောက် စီမံပေးမယ်ဆိုပြီး ကြေညာတယ်။

အဲဒီကြော်ငြာသတင်းကြားတဲ့ နိုင်ငံတစ်နံတစ်လျားက အလုပ်လိုချင်သူတွေဟာ ထန်းလျက်ခဲဆီ အုံခဲရောက်လာတဲ့ ပုရွက်ဆိတ်တွေလိုပဲ တစ်ယောက်ပြီးတစ်ယောက်၊ တစ်သုတ်ပြီးတစ်သုတ် အလုံးအရင်းနဲ့ လွယ်ခမ်းတောင်ကြားကို နေ့စဉ်ရက်ဆက်ပင် ရောက်လာကြတယ်” 

ထိုသူတို့သည် အများအားဖြင့် တစ်ကိုယ်ရေတစ်ကာယများ ဖြစ်သည်။ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် လာကြသည်။ စိတ်ကြမ်း လူကြမ်းများ ဖြစ်သည်။ ကိုယ့်ရပ်ကိုယ့်မြေမှာ နေထိုင်ရှာဖွေ စားသောက်ရန် အဆင်မပြေသဖြင့် ဖြစ်ချင်ရာဖြစ်ဟု စိတ်ပိုင်းဖြတ်ကာ ရေရိုင်း၊ မြေရိုင်း၊ ဒေသရိုင်းသို့ စွန့်စား ထွက်ခွာလာကြသူများဖြစ်သည်။ တုံးတိုက်တိုက်၊ ကမ်းတိုက်တိုက်ဟု စိတ်တုံးတုံးချထားသူများ ဖြစ်ကြသည်။ သူတို့မှာ စိတ်ဒဏ်ရာလေးတွေ အနည်းအများ ကိုယ်စီပါလာကြသည်။ သို့သော် အတွေးအခေါ် ဆင်ခြင်တုံတရားက များများစားစား ပါမလာခဲ့ကြ။ အများစုက ရုပ်ကြမ်း သမားစစ်စစ်ကြီးများ။

"ထူးဆန်းတာက သူတို့ဟာ တခြားမြို့ရွာတွေနဲ့ သဟဇာတမဖြစ်ပေမဲ့ မိုင်းလွယ်ခမ်းနဲ့တော့ ပလဲနံပသင့်ကြတယ်။ မိုင်းလွယ်ခမ်းကလည်း သူတို့လိုပဲ အထီးကျန် တစ်ကောင်ကြွက် တစ်မျက်နှာ မဟုတ်လား။ လူသူလေးပါး ကင်းဝေးရာ ရေရိုင်း၊ မြေရိုင်းမှာ ခက်ခက်ခဲခဲ ဖြစ်တည် ရှင်သန်နေရတဲ့ ခပ်ကြမ်းကြမ်း၊ ခပ်ရိုင်းရိုင်းမြို့ မဟုတ်လား။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက် တွေ့သွားကြတာပေါ့ မိုင်းလွယ်ခမ်းမြို့သို့ အခြေချနေထိုင်ရန် ရောက်လာသူများအပေါ် ကိုကန်း၏ သဘောထားမှတ်ချက်။ သတ္တုတွင်းမြို့ ဖြစ်တည်ရှင်သန် ဖွံ့ဖြိုးလာပုံမှာ မြင်တွေ့နေကျ သမားရိုးကျ မြို့များနှင့် မတူပါ။ ယေဘုယျအားဖြင့် သတ္တုရိုင်းသိုက် ဖြစ်တည်တတ်သောမြေ၌ အခြား သဘာဝသယံဇာတများ စင်ပြိုင်ဖြစ်တည်လေ့မရှိ။ သစ်ကြီးဝါးကြီးတို့ ပေါက်ရောက်ရှင်သန်လေ့မရှိ။ အင်းအိုင်စိမ့်စမ်း မြစ်ချောင်းတို့ ရစ်ခွေစီးဆင်းလေ့မရှိ။ တောနေသတ္တဝါနှင့် ကျေးငှက်သာရကာတို့ ကျက်စားမြူးထူးလေ့ မရှိ။ ဆိုလိုသည်က သတ္တုရိုင်းဖြစ်တည်ရာ မြေသည် တောကြီးမျက်မည်းအတွင်းက နေချင့်စဖွယ် စိုပြည်စိမ်းလန်း သာယာအေး ချမ်းသည့် ရပ်ဝှမ်းဒေသမျိုး မဟုတ်။ စားစရာ၊ သောက်စရာ ပေါများကြွယ်ဝသည့် သာဆန်းရဂုံမျိုး မဟုတ်။

ပတ်ဝန်းကျင်တစ်ခုလုံးကို မြင့်မားမတ်စောက်သော တောင်ကတုံးများက ဝန်းရံထားသည်။ ပြင်းထန်သော လေပွေလေရူးများက ဦးတည်ရာမဲ့ တိုက်ချင်ရာ တိုက်ခတ်နေသည်။ တောင်ပေါ်ဒေသဖြစ်သော်လည်း ဖုန်မှုန့်များက လေထဲမှာပဲ လွင့်နေသည်။ ရေရှားပါးပြီး ပင်ငယ်ပင်ပုများသာ ပေါက်သည့် သွေ့ခြောက်ပြီးငွေ့ စိတ်ပျက်ဖွယ်ရာ လေထန်ကုန်းများ တည်ရှိရာ အရပ်ဒေသ။ အကြောင်းကြီးငယ်မရှိဘဲ ဘယ်သူမှ လာရောက်နေထိုင်ရန် စိတ်ကူးထဲ ထည့်မည် မဟုတ်သည့် အရပ်ဒေသ။

လုံးဝ နေပျော်ဖွယ် မကောင်းသော ချောက်ချား သွေးပျက်စရာ အရပ်ဒေသ။ လွယ်လင့်တကူ ရူးသွပ်သွားနိုင်သည့် အရပ်ဒေသ။ သို့သော် ထိုအရပ်ဒေသမှာ အလုပ်ပေါပြီး ငွေရှာလို့ ကောင်းသော သတ္တုတွင်းမြို့လေး ဖြစ်တည်လာသော အခါ..။


***


ညဉ့်သည် တဖြည်းဖြည်း ရင့်ရော်အိုမင်းလာသည်။ ပိုမို သိပ်သည်းသော အမှောင်ထုနှင့်အတူ အအေးဓာတ်က လွှမ်းမိုးကြီးစိုးလာသည်။ လူတွေ စွန့်ခွာထွက် သွားသဖြင့် တစ်နေ့တခြား ပိုမို ယိုယွင်းပျက်စီးနေသော မြို့ပျက်အတွင်း၌ ညဉ့်လေရူးက ဆော့မြူးချင်တိုင်း ဆော့မြူးနေသည်။ လေရူးမွှေရာ လမ်းကြောင်းတစ်လျှောက်မှာ အထိန်းအကွပ်မဲ့ကာ ပရမ်းပတာဖြစ်နေသော ပိုင်ရှင်မဲ့ အရာဝတ္ထုတို့က ဖရိုဖရဲနှင့် ဖြစ်ချင်တိုင်း ဖြစ်နေသည်။ 

မြို့ပျက်အတွင်းမှာ လူတို့ မွေးမြူခဲ့သော အိမ်မွေး ခွေးတစ်ကောင်၊ ကြောင်တစ်မြီးကိုမျှ မမြင်ရ။ မြို့ကို စွန့်ခွာထွက်သွားကြသည့် သူတို့၏ အရှင်သခင်များနှင့် မရှေးမနှောင်းမှာပဲ အိမ်မွေးခွေးများ၊ ကြောင်များကလည်း မြို့ပျက်ကို စွန့်ခွာထွက်သွားကြသည်။ မြို့ပျက်၏ ညဉ့်ယံများ၌ ရံဖန်ရံခါ မျက်စိလည် လမ်းမှားပြီး ရောက်လာတတ်သည့် ညဉ့်ငှက်တစ်ကောင် တလေ သို့မဟုတ် ခွေးအ တစ်အုပ်တစ်သင်းမှအပ ယိုယွင်းခြင်းနှင့် ပျက်စီးခြင်းများသာ နေရာတိုင်းမှာ လွှမ်းမိုး ကြီးစိုးနေသည်။

 "အာခေါင်ခြောက် လိုက်တာကွာ။ ရေသောက်ချင်တယ်”

ကိုနာက လဲလျောင်း နေရာမှ လူးလွန့်လိုက်ရင်း တောင့်တောင့်တတ ပြောသည်။ သူတို့အားလုံး ပါးစပ်တပြင်ပြင်၊ ခြေတကြွကြွ ဖြစ်လာသည်။ ခြောက်သွေ့နေသော အာခေါင်များ၊ အက်ကွဲနေသော လည်ချောင်းများက ရေဓာတ်ကို အလိုရမ္မက်ပြင်းပြင်းနှင့် တမ်းတသည်။ သူတို့မျက်လုံးများမှာ အေးမြကြည်လင်သည့် မြစ်ချောင်း အင်းအိုင်များ ပေါ်လာသည်။ သူတို့စိတ်တွေက ထိုနေရာသို့ တစ်ဟုန်ထိုး အပြေးအလွှား သွားနေသည်။ သူတို့သည် မိုးကုန်သွားကတည်းက ရေကောင်းရေသန့်ကို ဝဝလင်လင် မသောက်ရတော့။ တွေ့ရာ ရေဆိုးရေညစ်များကိုသာ အသက်မသေရုံတစ်မည် တစ်စက်တစ်ပေါက် ကြိတ်မှိတ် အောင့်အည်း သောက်နေရသည်။ ရေဓာတ်လျော့နည်း ခန်းခြောက်စပြုနေသည့် သူတို့ ခန္ဓာကိုယ်က “ရေ” ဟူသော အသံကို ကြားရုံမျှဖြင့် အာသာငမ်းငမ်း ဖြစ်လာသည်။ ဣန္ဒြေမရ ဖြစ်လာသည်။ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။

မြို့ပျက်မှာ အရှားပါးဆုံးက ရေနှင့် အစားအစာ။ လူများ မြို့ကို စွန့်ခွာရသည့် ပဓာနအကျဆုံး အဓိက အကြောင်းရင်းက ရေနှင့် အစားအစာတို့ကို ဖွေရှာလို့ မရနိုင်လောက်အောင်ပင် ရှားပါး ပျောက်ဆုံးသွားခြင်းကြောင့်ပင် ဖြစ်၏။ ရေနှင့် အစားအစာကို လုံလောက်အောင် မစားသောက်ရလျှင် မည်သူမျှ အသက်ရှင်သန်နိုင် မည်မဟုတ်။ သို့သော် သူတို့ ငါးယောက်က မြို့ပျက်မှာ ရေနှင့် အစားအစာကို လုံလောက်အောင် မစားရသော်လည်း ယခုအချိန်အထိတော့ အသက်ရှင်နေကြသေးသည်။ ရတာစား၍ တွေ့တာသောက်သည်။ သူတို့စားသောက်နေ ရသည်က လူတို့ စားနေကျ အစာမျိုးမဟုတ်။ လူတို့ သောက်နေကျရေမျိုး မဟုတ်။ အဆင့်နိမ့်သည့် အချို့တိရစ္ဆာန်များပင် စားသောက်ကြမည် မဟုတ်သည့် အစာနှင့် ရေများ။ ရရာကို ရသလောက်လေး စားသောက်၍ (ရံဖန် ရံခါ ဘာမှ မစားသောက်ဘဲ) သူတို့သည် မြို့ပျက်အတွင်းမှ ဖြစ်သလို ကုတ်ကတ်ဖက်တွယ် နေထိုင်ရင်း ယခုအချိန်အထိ အသက်ရှင်နေသေးတာ အံ့သြစရာ။ သို့သော် လောကမှာ မဖြစ်နိုင်တာ ဘာမှမရှိပါ။

"ဟိုတုန်းကများဆို တို့ မြို့မှာ ရေတစ်ပေါက်အတွက် အခုလို သောကရောက်ရဖို့ နေနေသာသာ စားဝတ်နေရေးအတွက်ကိုတောင် ဘာတစ်ခုမှ ပူပင်ခဲ့ရတာ မဟုတ်ပါဘူးကွာ”

ကိုကန်းက ရွှေထီး ဆောင်းခဲ့ရချိန်ကို သတိရပြီး လွမ်းလွမ်းဆွေးဆွေး ပြော၏။ ကိုကန်း အစဖော်ပေးသဖြင့် သူတို့အားလုံးသည် အတိတ် ခေတ်ဟောင်း (သူတို့ အဆိုအရ) ခေတ်ကောင်းကို ပြန်ပြောင်းသတိရကာ လွမ်းဆွတ်သွားကြသည်။ 

`ဒါကလည်း အလုပ်လုပ်မှပါကွာ။ အဖိုးတန်သတ္တု မြေပေါ်မှာ အလုပ်မလုပ်ဘဲ ထိုင်နေလို့ကတော့ စားဝတ်နေရေးက ဘယ်လို လုပ်ပြီး သူ့အလိုအလျောက် ပြည့်စုံ ပြေလည်မှာလဲ။ သဘာဝ သယံဇာတဆိုတာ ပျင်းရိညံ့ဖျင်းသူတွေအတွက် ဘယ်တော့မှ ကံကောင်းခြင်းလက်ဆောင် ဖြစ်လာမှာ မဟုတ်ဘူးကွ”

ဦးအို၏ ကောက်ချက် စကားကို သူတို့အားလုံး မငြင်းမဆန် လက်ခံသည်။ မိုင်းလွယ်ခမ်း ဖွံ့ဖြိုးတိုးတက်လာသည်မှာ သဘာဝသယံဇာတကြောင့်ချည်းသက်သက် မဟုတ်ပါ။ ထိုသယံဇာတများကို စီမံခန့်ခွဲသူတို့၏ အရည်အချင်းက အဓိကကျခဲ့သည်။ အကောင်အထည်ဖော် လုပ်ဆောင်သူတို့၏ လုံ့လဝီရိယနှင့် ကြိုးစားအားထုတ်မှုက ပဓာန ကျခဲ့သည်။ အဓိကနှင့် ပဓာနကို ကွက်တိ ပေါင်းစပ်နိုင်၍သာ မိုင်းလွယ်ခမ်းသည် တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်ခဲ့ ခြင်းဖြစ်သည်။

သူတို့သည် မိုင်းလွယ်ခမ်း၏ ရွှေရောင်နေ့ရက်များကို လွမ်းဆွတ်တမ်းတစိတ်နှင့် ပြန်လည်စားမြုံ့ပြန်နေကြသည်။ ထိုသို့ နေရခြင်းကို မက်မောခုံမင်သည်။ ကျန်ရစ် ပျောက်ကွယ်ခဲ့ပြီဖြစ်သော အတိတ်ဟောင်းကို ပြန်လည် တူးဆွအရသာခံရန်အတွက် မြို့ပျက်က အဆောက်အဦမှာ ညစဉ်ညတိုင်း သူတို့ စုဝေး တွေ့ဆုံကြခြင်းဖြစ်သည်။ အတိတ်ကို တမ်းတခြင်းဖြင့် ပစ္စုပ္ပန်ကို မေ့ပျောက်ရန် ကြိုးစားသည်။ လက်ရှိဒုက္ခများမှ ထွက်ပြေးကြသည်။ 

ယခုလည်း သူတို့သည် သန်းခေါင်တိုင်လုနီးအောင် တစ်ရံရောအခါက ရွှေခေတ်ကို ပြန်လည် အိပ်မက်နေကြသည်။

တကယ်တော့ သူတို့သည် ရွှေခေတ်၏ အစွန်အဖျားမျှကို မီသည်ဆိုရုံလေး မီလိုက်ကြသူများ ဖြစ်သည်။ သို့သော် သူတို့က ရွှေခေတ် တစ်လျှောက်လုံးကို ကျင်လည် ဖြတ်သန်းလာခဲ့ရသူများပမာ အားပါးတရ မြိန်ရေရှက်ရေ တမ်းတပြောဆိုနေကြသည်။ ထိုသို့ ပြောဆိုရခြင်းကိုလည်း အင်မတန် နှစ်သက်ခံတွင်းတွေ့ကြသည်။ အတိတ်ဟောင်းကို တမ်းတပြောဆိုနေရလျှင် သူတို့သည် ရေငတ်နေတာ မေ့ပျောက်သွား၏။ အစာပြတ်နေတာကိုလည်း သတိမရတော့။ စိတ်အတွေးထဲက အတိတ်ကမ္ဘာမှာ အာဟာရသိဒ္ဓိပြီးနေကြသည်။ အစစအရာရာ ပြီးပြည့်စုံနေကြသည်။ တစ်ရံရောအခါက ကြွယ်ဝချမ်းသာခဲ့သည့် မိုင်းလွယ်ခမ်းမြို့မှ ဂုဏ်သရေရှိ လူကြီးလူကောင်းများအဖြစ် စိတ်ကြီးဝင်နေကြသည်။ သူတို့သည် ကျေနပ် ပျော်ရွှင်စွာ နောက်ကြောင်း ပြန်လှည့်နေကြသည်။

မိုင်းလွယ်ခမ်း၏ ရွှေရောင်တောက်ပြီး ရွှေထီးဆောင်းခဲ့သည့် ရွှေခေတ်မှာ ရာစုနှစ် တစ်ဝက်မက ရှည်ကြာခဲ့သည်။ သတ္တုသိုက်က အလွန်ကြီးမားသည်။ မြေအောက် အနက်ပေ တစ်ထောင်ကျော်အထိ နှိုက်ယူတူးဖော်နေသော်လည်း သတ္တုက မကုန်နိုင် မခန်းနိုင်အောင် ထွက်ရှိနေတုန်း။ ဈေးကောင်းရရှိနေတုန်း။ လုပ်ကိုင်သူတို့ အကျိုးစီးပွား ဒီရေအလား တိုးပွားချမ်းသာနေတုန်း။ သတ္တုရိုင်းကြောင့် ဖြစ်တည် ရှင်သန်နေသည့် မိုင်းလွယ်ခမ်းမြို့လေးက ရေမြင့်လေကြာတင့်လေ။ 

သို့သော် “ကံကြမ္မာ” ဟူသည် သက်ရှိများ၌သာ ရှိတတ်ဖြစ်တတ်သည့် အရာမဟုတ်။ သက်မဲ့များမှာလည်း ရှိတတ် ဖြစ်တတ်သည်။ ထို့အတူ “လောကဓံ” ဟူသည် သက်ရှိများ၌သာ ရှိတတ်ဖြစ်သည့် အရာမဟုတ်။ သက်မဲ့များမှာလည်း ရှိတတ် ဖြစ်တတ်သည်။ သက်ရှိလူသတ္တဝါများနည်းတူ သက်မဲ့ မြို့နိုင်ငံများမှာလည်း ကံကြမ္မာဟူသည်ရှိ၏။ လောကဓံဟူသည် ဖြစ်၏။ ကံကြမ္မာမှာ အနိမ့်အမြင့်ရှိသလို လောကဓံ၌လည်း အဆိုးအကောင်း ရှိသည်။ ထိုအကျိုးဆက်ကို လောကကြီးမှာ သက်ရှိသက်မဲ့ဟူ၍ ဖြစ်တည်လာသမျှ လူသတ္တဝါနှင့် အရာဝတ္ထုများ အားလုံးက မငြင်းမဆန် ခံယူရသည်။

မိုင်းလွယ်ခမ်းသည် ထိုအတိုင်းပဲဖြစ်သည်။ အမြင့်ရောက်ပြီးနောက် အောက်အနိမ့် . ပြန်ဆင်းရသည်။ အကောင်းကုန်သောအခါ အဆိုးကြုံရသည်။

သဘာဝသယံဇာတဟူသည် ဘယ်သောအခါမှ မပျောက်ပျက် မကုန်ခန်းနိုင်သည့် “ထာဝရ ဣစ္ဆာသယသိုက်” မဟုတ်။ ထုတ်ယူသုံးစွဲသည့် ပမာဏအတိုင်း လျော့နည်း ပျောက်ကွယ်တတ်သည့် သမားရိုးကျ အရာဝတ္ထုမျှ သာဖြစ်သည်။ ထို့ကြောင့် အဆိုင်းသုံးဆိုင်းဖြင့် နေ့မနား ညမနား ပမာဏမြင့်မြင့် နှစ်ရှည် တူးဖော်ထုတ်လုပ်သောအခါ လွယ်ခမ်းသတ္တုသိုက်တွင် သတ္တုရိုင်းတို့ လျော့နည်း ကုန်ခန်းလာသည်။ 

ထိုအချိန်မှာ နိုင်ငံရေး အပြောင်းအလဲဖြစ်သည်။ အနောက်တိုင်းသားများ ပိုင်ဆိုင်ခဲ့သော "လွယ်ခမ်းသတ္တုကုမ္ပဏီ” ဖျက်သိမ်းလိုက်ရသည်။ သတ္တုတွင်းနှင့် သတ္တုလုပ်ငန်းများ အားလုံးကို လက်ရှိအစိုးရထံ လွှဲပြောင်း အပ်နှံရသည်။ အနောက်တိုင်းသားများ အားလုံး သူတို့နိုင်ငံ များသို့ အသီးသီး ပြန်လည် ထွက်ခွာသွားကြသည်။ မိုင်းလွယ်ခမ်းသည်လည်း အများပိုင် သတ္တုတွင်းမြို့လေး ဖြစ်လာခဲ့သည်။

အလာကောင်းသော်လည်း အခါနှောင်းခဲ့ပြီ။ လွယ်ခမ်းသတ္တုသိုက်မှာ သတ္တုရိုင်းတို့ မရှိသလောက် ကုန်ခန်းခဲ့ပြီ။

သတ္တုမရှိသည့် သတ္တုတွင်းမြို့သည် ကံကြမ္မာ မှိန်ညှိုး၍ လောကဓံအဆိုးနှင့် ကြုံရပြီ။ တစ်ချိန်က "ပျားပန်းခပ်” စည်ကားခဲ့သည့် မိုင်းလွယ်ခမ်း၏ လမ်းများသည် “ကျီးနှင့်ဖုတ်ဖုတ်ဖြစ်ခဲ့ရပြီ။ မြို့သူမြို့သားများ ခြေချင်းလိမ်နေခဲ့သည့် မိုင်းလွယ်ခမ်း၏ သေးငယ်ကျဉ်းမြောင်းသော လမ်းများပေါ်မှာ လူရိပ်လူယောင် ကင်းမဲ့ခဲ့ပြီ။ မြို့သူမြို့သားများ တစ်ယောက်ကိုတစ်ယောက် တိုးဝှေ့ပွတ်တိုက် သွားလာခဲ့ရသည့် မိုင်းလွယ်ခမ်း၏ အတက်အဆင်းများသော လမ်းမြောင်လမ်းသွယ်များမှာ ယခုအခါ သရဲတစ္ဆေ ခြောက်လှန့်ခံရမှာကိုပင် စိုးကြောက်နေရပြီ။ သတ္တုမရှိသည့် မိုင်းလွယ်ခမ်းမှာ အလုပ်အကိုင် ရှားပါးသည်။ ငွေရှာရခက်ခဲသည်။ အရောင်းအဝယ် အေးစက်သည်။ မြို့သူမြို့သားများသည် မြို့လေးကို တဖြည်းဖြည်း စွန့်လွှတ် ကျောခိုင်း ထွက်ခွာနေကြသည်။ အစပထမမှာတော့ မိသားစုတစ်စု နှစ်စုပေါ့။ နောက်တော့ မြို့ကို စွန့်လွှတ် ထွက်ခွာကြသည့် မိသားစုများ တဖြည်းဖြည်း များပြားလာသည်။ မထွက်ခွာနိုင်သေးသော မိသားစုများမှ မြို့လေးတွင် ဆက်လက် မနေနိုင်တော့သူတို့သည် မိသားစုနှင့် မြို့လေးကို သံယောဇဉ် ဖြတ်ကာ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ မြို့ကို စွန့်လွှတ်ကျောခိုင်း ထွက်ခွာနေကြသည်။ မိုင်းလွယ်ခမ်း၏ နာမကျန်း နေ့ရက်များ · · ။ 

မြို့လေး နာမကျန်းဖြစ်စမှာပင် ရှစ်စပ်က ဂျင်ခြေလည်သော မြို့သားတချို့က မြို့ကို စွန့်ခွာရန် စတင် စိတ်ကူးမိကြသည်။ ထိုသူတို့သည် သူတို့ စိတ်ကူးစိတ်သန်းများကို ချက်ချင်း စတင် အကောင်အထည်ဖော်ကြသည်။ ဦးစွာ သူတို့ပိုင်ဆိုင်သည့် မရွှေ့ပြောင်းနိုင်သော အရာအားလုံးကို ထုခွဲရောင်းချသည်။ နောက်တော့ သယ်ယူရန် ခက်ခဲသဖြင့် ချန်ထားခဲ့ရမည့် ထုထည်ကြီးမား ပစ္စည်းများ။ မည်သူမှ ထင်မှတ်မထားချိန်မှာ ဈေးကွက် လက်ဦးမှုကို ရယူလိုက်နိုင်သဖြင့် ရောင်းသမျှ အားလုံး တက်ဈေးနှင့် ဈေးကောင်းရလိုက်သည်။ ထိုသို့ လုပ်လိုက်နိုင်သူ အများစုမှာ လူမျိုးကွဲ များဖြစ်ကြသည်။ 

မြို့ကို တွယ်တာလှသော လူနုံလူအ မြို့ချစ်ပုဂ္ဂိုလ်များကတော့ မြို့ကို အမြဲထာဝရ တည်တံ့နေမည်ဟု မှတ်ထင်ကြသည်။ မြို့လေး၏ ကျန်းမာရေးနှင့် အနာဂတ်ကို မဆင်ခြင်၊ မသုံးသပ်။ ထိုသို့ လုပ်ရန်ကိုလည်း သတိမရ။ လုပ်နိုင်သည့် ဉာဏ်ရည် ဉာဏ်သွေးနှင့် အစွမ်းအစလည်း မရှိကြ။ သူတို့သည် သူတို့ကိုယ်သူတို့ အထင်ကြီးလျက် သူတို့ငွေများကို အကျိုးမဲ့မည့် ရင်းနှီးမြှုပ်နှံမှုများအား အားတက်သရော ပြုလုပ်ကာ ဖြုန်းတီးပစ်လိုက်ကြသည်။ ပျက်သုဉ်းလုဆဲ မြို့တစ်မြို့၏ အင်္ဂါ အစိတ်အပိုင်းများကို ဝယ်ယူရင်းနှီးလိုက်ကြသည်။ စွန့်ပစ်ချန်ရစ်ရမည့် ထုထည်ကြီးမား ပစ္စည်းများကို ဝယ်ယူမြှုပ်နှံ လိုက်ကြသည်။

ဤသို့ဖြင့် မြို့တစ်မြို့ ဖြစ်တည်စမှာ အကျိုးများစွာ ဖွေရှာနိုင်ပြီး ကြီးပွားချမ်းသာ ခဲ့သူများ ရှိသကဲ့သို့ မြို့တစ် မြို့ ဆုတ်ယုတ်ပျက်စီးချိန်မှာလည်း အကျိုးရှိအောင် ဖွေရှာ အမြတ်ထုတ်နိုင်သူများ ရှိခဲ့သည်။ ကြေကွဲစရာကောင်းသည်မှာ ထိုသူများသည် ဒေသခံတိုင်းရင်းသားများ မဟုတ်ကြခြင်းပင်။ ဒေသခံများကတော့ သူတစ်ပါးမလိုချင်၍ စွန့်ပစ်ချန်ရစ်သည့် တန်ဖိုးမဲ့ပစ္စည်း အစုတ်ပလုတ်များကို ယူနိုင်သမျှ ယူပြီး မြို့ပျက်ဆီမှ ထွက်ခွာကြသည်။ မယူနိုင်လျှင် ဖျက်ဆီး မီးရှို့ပစ်သည်။ နောက်ဆုံးတော့ မိုင်းလွယ်ခမ်းသည် လူငါးယောက်သာ ကျန်ရစ်သည့် မြို့ပျက် ဖြစ်သွားသည်။ ကျန်ရစ်ခဲ့သူ ငါးယောက်ကလည်း အိုနာ ကျိုးကန်းနှင့် စိတ်ပေါ့သွမ်း ရူးနှမ်းနေသူ။


***


“ခုနစ်စဉ်ကြယ်တောင် အမြီးထောင်နေပြီ။ မောင်နှမ်းလည်း ရောက်မလာသေးဘူး” 

တစ်ဝက်တစ်ပိုင်း မီးလောင် ပျက်စီးထားသဖြင့် ဟာလာဟင်းလင်းဖြစ်နေသော အဆောက်အဦ၏ နံရံ အပြဲအပေါက်မှ လှမ်းမျှော်ကြည့်ရင်း ကိုကျိုးက ပြောသည်။ ကိုကျိုး၏ စကားသံကြောင့် သူတို့အားလုံး လက်ရှိ ဘဝသို့ ပြန်လည်ရောက်ရှိသည်။

"ဟုတ်ပါရဲ့ကွာ၊ ဒီကောင်လေး ဘယ်အထိအောင်များ ခြေရှည်နေသလဲမသိဘူး”

ကိုနာက ချောင်းတဟွတ်ဟွတ်ဆိုးရင်း ပြောသည်။ ကိုနာ အသက်ဆက် နိုင်ရေးအတွက် အများဆုံး အထောက်အကူပြုနေသူမှာ မောင်နှမ်း။ မောင်နှမ်း ခက်ခက်ခဲခဲ ဖွေရှာရယူပေးသော မဖြစ်စလောက် ရေနှင့် အစားအစာများကြောင့်သာ ကိုနာ ယခုအချိန်အထိ အသက်ရှင်နေခြင်းဖြစ်သည်။ ကိုနာသာ မဟုတ်ပါ။ ကျန်လူများမှာလည်း မောင်နှမ်း ရှာဖွေ ကျွေးမွေးနေမှုကြောင့်သာ ယခုအချိန်ထိ အသက်ရှင်နေ ကြခြင်းဖြစ်သည်။ 

သူတို့လေးယောက်သည် တတ်စွမ်းသမျှ မိမိဘာသာဖြစ်သလို ဖွေရှာစားသောက်ကြသည်။ သို့ရာတွင် သူတို့လေးယောက်သည် လူစဉ်မမီသည့် ဒုက္ခိတများ ဖြစ်နေကြပြီ။ လုံးလုံးလျားလျား ကိုယ့်ဝမ်းကိုယ်ကျောင်း၍ ကိုယ့်အသက်ကိုယ် မွေးနိုင်သူများ မဟုတ်ကြတော့။ မောင်နှမ်းကို တစ်ဖက်တစ်လမ်းက မှီခိုအားထားပြုနေရပြီး မစို့မပို့မျှ ဖြစ်သော်လည်း မောင်နှမ်း၏ ပေးစာကမ်းစာက သူတို့ရှာဖွေနိုင်တာထက် သာလွန် များပြားသည်။ ရောက်ချိန်တန်လျက် ရောက်မလာသေးသည့် မောင်နှမ်းအတွက် သူတို့ စိတ်ပူလာသည်။ မောင်နှမ်းသည် သူတို့အုပ်စုမှာ အသက်အငယ်ဆုံး၊ အသန်စွမ်းဆုံး၊ အလုပ်အလုပ်နိုင်ဆုံး၊ အရှာအဖွေ အကောင်းဆုံး။ သို့သော် စိတ်ကတော့ သိပ်ပြီး ကျပ်မပြည့်။ အနည်းငယ် ပေါ့သွမ်းရူးနှမ်းသည်။ ဟိုတုန်းကဆိုလျှင် မောင်နှမ်းလိုလူမျိုးကို သူတို့သည် လူရာသွင်းကာ ခေါ် ပြောဆက်ဆံပြုမှာပင်မဟုတ်။ အရေးတယူလုပ်ကာ ပေါင်းနေသင်းနေမှာပင် မဟုတ်။ သို့သော် လူငါးယောက်သာ ရှိသည့် မြို့ပျက်မှာတော့ တစ်မျိုးတစ်ဖုံဖြစ်သည်။ စံသတ်မှတ်ချက်များ လွဲမှားပြောင်းလဲနေသည်။ 

ရှင်သန်ရန် ခက်ခဲသော မြို့ပျက်မှာ ပျိုမျစ်နုနယ်မှုသည် အသက်ဆက်ရန် အခွင့်အလမ်းသာသဖြင့် ရတနာ ဖြစ်သည်။ “အင်အားသန်စွမ်းမှုသည် ကြံ့ခိုင်ရပ်တည်ရန် အဓိကကျ၍ အထွတ်အမြတ်ဖြစ်သည်။ အလုပ်လုပ်နိုင်သည့် “ကာယစွမ်းအားသည်သာ အရာအားလုံးအတွက် အဆုံးအဖြတ်ဖြစ်သည်။

မြို့ပျက်ကြီး၏ အပျက်အစီး အစုအပုံကြားမှာ ထပ်ပြီး ပျက်စီးဆုံးရှုံးမှာကို မထိတ်လန့်၊ မကြောက်ရွံ့တတ်သည့် ခိုင်မာစိတ်ထားက အရေးအကြီးဆုံးဖြစ်သည်။ အစာရေစာ ရအောင် ဖွေရှာတတ်သူသည် မြို့ပျက်ကြီး၏ "သူရဲကောင်း။ တွေ့တာကို ရအောင် စားလျက် ကိုယ့်အသက်ကို ရှင်သန်အောင် ကြံဖန်မွေးမြူနိုင်စွမ်းရှိသူသည် မြို့ပျက်ကြီး၏ စံပြပုဂ္ဂိုလ်”။

ယခုအချိန်သည် စိတ်မှန်တာ မမှန်တာကိုလည်းကောင်း၊ ဦးနှောက်ကောင်းတာ မကောင်းတာကိုလည်းကောင်း အလေးအနက်ထားပြီး အရေးတကြီး စဉ်းစားနေရမည့် အချိန်မဟုတ်။ ဖြစ်တည်မှုတိုင်း အချိန်မရွေး ပျက်စီးကွယ်ပျောက်နိုင်သည့် အခိုက်အတန့်မှာ မူလ သတ်မှတ်ချက်များကို ဆက်လက် ဆုပ်ကိုင် တွယ်ဖက် ထား၍ မဖြစ်နိုင်တော့။ စံချိန် စံညွှန်း အသစ်များကို အစားထိုး သတ်မှတ်ရမည်။ လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်ပြီး ရှေ့ခရီးဆက်ကြရမည်။ 

သူတို့ငါးယောက်တွင် မောင်နှမ်းက အဓိက အရေးပါ အရာရောက်နေသည်မှာ မထူးဆန်းပါ။ ဦးအိုကအသက်ကြီးပြီ။ ကိုကျိုးနှင့် ကိုကန်းက ခန္ဓာကိုယ်ယိုယွင်း ပျက်စီးနေသူများ။ ကိုနာက ကျန်းမာရေးမကောင်း။ သူတို့ နှင့် နှိုင်းစာလျှင် မောင်နှမ်းက “အနူတောထဲက လူချော”၊ “အဆိုးထဲက အကောင်း”။ 

အမှန်တော့ မောင်နှမ်းသည်လည်း အကြွင်းမဲ့ ပြည့်စုံကောင်းမွန်သူ မဟုတ်။ သူ့မှာလည်း ချို့ယွင်းအားနည်း ချက်ရှိသည်။ သို့သော် မောင်နှမ်းက စိတ်ကောင်းရှိသည်။ လူတစ်ဖက်သားကို ကူညီတတ်သည်။ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သည်။ ဖြူစင်မွန်မြတ် စိတ်ထားရှိသည်။ ချို့ယွင်းအားနည်းချက်တို့ ကိုယ်စီရှိနေကြသော လူငါးယောက်မှာ မောင်နှမ်း၏ စိတ်မနှံ့မှုက ပိုမိုထူးခြားသည့် အားနည်းချက် ဖြစ်မနေပါ။ လက်ရှိအချိန်မှာ သူတို့အားလုံးသည် မောင်နှမ်း ဖွေရှာကျွေးဖွေးနေတာလေးကို မှီခိုအားထား စားသောက်ရင်း မြို့ပျက်ထဲမှာ ဖြစ်သလို ရှင်သန်နေရသည်။ ဤအချက်သည်သာ တကယ့်အဓိက အရေးအကြီးဆုံးဖြစ်သည်။

ငြိမ်သက်တိတ်ဆိတ်ခြင်း၏ အဆုံးမှာ ကိုနာက လဲလျောင်းနေရာမှ ကုန်းရုန်း ထ,သည်။

“ဟာ ကိုနာ၊ ဘာလုပ်ဖို့ ထ,တာလဲ”

ကိုကျိုးက စိုးရိမ်တကြီးမေးသည်။

“မောင်နှမ်းကို လိုက်ရှာမယ်လေကွာ။ ညတိုင်း မှောင်ပြီဆိုတာနဲ့ ရောက်လာတတ်သူက အခု သန်းခေါင်ကျော်တဲ့အထိ ရောက်မလာတော့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေလို့ ဖြစ်မှာပေါ့။ ဒီအတိုင်း ပစ်ထားလို့ ဖြစ်မလား။ လိုက်ရှာပြီး အကူအညီပေးရမယ်လေ”

ကိုနာ့ စကားအဆုံးမှာ ဦးအိုက မလှမ်းမကမ်းမှ ကာ ဘိုက်မီးခွက်ကို ဆွဲယူသည်။ 

မိုင်းလွယ်ခမ်းမှာတော့ မြေအောက်သတ္တုတွင်းသုံး ကာဘိုက်မီးခွက်က အလွန်ပေါသည်။ မြို့ပျက်နေသည့်တိုင် ကာဘိုက်ခဲနှင့် ကာဘိုက်မီးခွက်များကို နေရာအနှံ့မှာ အလွယ်တကူ တွေ့ရသည်။ ကာဘိုက်မီးခွက်သည် ကာဘိုက်ခဲလေးများအပေါ်သို့ ရေစက်ရေပေါက် ကျရောက်စေခြင်းဖြင့် ဓာတုဓာတ်ပြုပြီး မီးလောင်ဓာတ် ထွက်အောင် ပြုလုပ်ထားသော ပစ္စည်းဖြစ်သည်။ ရေရှားပါးသည့် သတ္တုတွင်း မြို့ပျက်မှာတော့ သူတို့သည် ရေအစား ကျင်ငယ်ရည်ကို အသုံးပြုသည်။

ကိုနာ့ စကားအဆုံးမှာ ကိုကျိုးနှင့် ကိုကန်းတို့က ကိုနာကို ပွေ့ဖက်ဆွဲထူပြီး ပခုံး လက်လျှိုထမ်းကာ ဖေးမ တွဲခေါ်သည်။ ဦးအိုက ကာဘိုက်မီးခွက်ကို လက်ဖဝါးဖြင့် အုပ်လျက် ပွတ်ဆွဲပြီး မီးခြစ်သည်။ မြေအောက် သတ္တုတွင်း လုပ်သားဟောင်းကြီး၏ ကျင့်သားရထားသည့် ကျွမ်းကျင်မှု များစွာထဲက တစ်ခု။

မကြာမီ မြို့ပျက်ကြီး၏ အပျက်အစီးပုံအကြားသို့ ကာဘိုက် မီးတောက်ငယ်တစ်ခုနှင့် လူလေးယောက် ထွက်လာသည်။ သူတို့သည် လူသူ လေးပါး: ကျောခိုင်းစွန့်ခွာ သွားသည့် သတ္တုတွင်း မြို့ပျက်မှာ တွယ်ဖက်ကျန်ရစ်နေဆဲ လူငါးယောက်အနက်မှ ပျောက်ဆုံးနေသည့် လူတစ်ယောက်ကို သန်းခေါင် သန်းလွဲ မှောင်ကြီးမည်းမည်းမှာ စိုးရိမ်ပူပန်စွာ လိုက်လံ ဖွေရှာနေသည်။

“မောင်နှမ်းရေ - - - မင်းဘယ်မှာလဲဟေ့” 

“မောင်နှမ်းရေ.. ငါတို့ ခေါ်သံကို မင်း ကြားရဲ့လားဟေ့”


ဆွန်း၊စက်မှုတက္ကသိုလ်၊

အမှတ် ၃၆၄၊ ဧပြီ ၂၀၂၀

ရွှေအမြုတေမဂ္ဂဇင်း



 

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး