ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ


၁။


“သားရေ ကြည်ကြည်သော် လာတယ်ဟေ့။ သူစိတ်ချမ်းသာအောင် သားပြောပေးပါကွာ” 

အဖေပြောသွားသော သူစိတ်ချမ်းသာအောင် ဆိုသည့်စကား ကျွန်တော် မတွေးတတ်။ 

“ကိုသု လွတ်လာတယ်ဆိုလို့ တမင်လာခဲ့တာ၊ မေးလည်း မေးချင်လို့ပေါ့”

“ထိုင်ဦး ကြည်ကြည်၊ အအေးလေး ဘာလေး သောက်ပါဦး၊ သိတာ ပြောပြမှာပေါ့” 

“နေပါစေ အအေး မသောက်တော့ဘူး။ ကိုမြတ်အကြောင်း မေးချင်လို့”

“ငါတို့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ သွားတုန်းကတော့ အတူတူပဲ။ ဘုတလင်ရောက်တော့ အမေစု လူငယ်ဖွဲ့စည်းရေး ဆောင်ရွက်နေတုန်း တာဝန်ခွဲလိုက်တော့ ငါက ရှေ့ပြေးမှာပါ သွားပြီး သူက မင်းအောင်တို့နဲ့ လုံခြုံရေးမှာပါလို့ ကွဲသွားတယ်” 

“ကိုမြတ် အသက်ကော ရှိသေးရဲ့လားရှင်၊ ကျွန်မကို အမှန်အတိုင်း ပြောပြပါလား” 

“စိတ်မပူပါနဲ့ဟာ၊ အခြားတစ်နိုင်ငံ ဒါမှမဟုတ် တစ်နေရာရာမှာ ခိုနေပြီး အခြေအနေ မပေးသေးလို့ ပြန်မရောက်သေးတာလည်း ဖြစ်နိုင်ပါတယ်”

“ကျွန်မ သိထားရအောင်လို့ မေးတာပါ။

သူ အသက်မရှိတော့ဘူးဆိုရင် ကျွန်မ ဂုဏ်ယူပါတယ်။ ကိုမြတ်ရဲ့အတွင်းစိတ် ရှင်သိသလို ကျွန်မလည်း သိထားတယ်။ သူဟာ ကြောက်ကန် ကြောက်ကန်နဲ့ နောက်ပြန်ပြေးမယ့် လူ မဟုတ်ဘူး။ ကိုမြတ်ဟာ လမ်းလျှောက်သူ မဟုတ်ဘူး၊ လမ်းဖောက်သူ။ လုပ်သင့်တာကို လုပ်ချင်တာထက် ဦးစားပေးလုပ်တဲ့ သူ့စိတ်ဓာတ်ကို ကျွန်မ ဂုဏ်ယူတယ်။ အင်း တကယ်လို့ မြားကို ရမ်းပစ်နေတဲ့ မုဆိုးတွေရဲ့ကြား မြားသွားလမ်း တိုးမိပြီး မြားဒဏ်ထိသွားရင် သမီးနဲ့ ကျွန်မတို့ဘဝ…”

"ငါ ကြိုးစားစုံစမ်းပေးပါမယ်၊ သူလိုလူ မသေနိုင်ပါဘူး”


***

၂။


ကျွန်တော်နှင့် မြင့်မြတ်သူ။

၁၉၈၇-၈၈ ခု ဗန်းမောက်မြို့နယ် ဂဏန်းဒေသ မူးသားအုပ်စုတွင် သူက မူးသား မူလတန်းကျောင်း မူလတန်းပြ၊ ကျွန်တော်က ကစောက်ဖာကျောင်းတာဝန်ခံ။ ရွာနှစ်ရွာ တစ်မိုင်ကျော်၊ နှစ်မိုင်ကွာသော်လည်း သွားအတူ၊ လာအတူ။ ကျွန်တော် မကျန်းမာလျှင် သူ လာ၍ပြု စု၊ သူ ကျန်းမာရေး မကောင်းလျှင် ကျွန်တော် သွားပြုစု။ ချစ်စရာကောင်းသော သူ့စိတ်ဓာတ်လေးတစ်ခု ရှိသည်။ အဲဒါက ဗန်းမောက်သွား လခထုတ်လျှင် အပြန် သူ့ကျောင်းသား၊ ကျွန်တော့်ကျောင်း သားတွေအတွက် စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ မျဉ်းတံ အားလုံး ဝယ်ခဲ့ပြီး ကျောင်းသားများထံမှ ပိုက်ဆံမယူဘဲ ပေးခဲ့သူ။ တစ်ရက် မြင့်မြတ်သူ ကျွန်တော့်ရွာသို့ ရောက်လာသည်။

'ကိုသုရေ ... ဟေ့ ကိုသု’

"မြတ်သူ လာလေကွာ အပေါ်တက်ခဲ့၊ ဘာလို့အော် နေရတာလဲ'

“မင်းကလည်း ရေဒီယို နားမထောင် ဘာမထောင်နဲ့ ချောင်ထဲကျနေတဲ့ ငါတို့ တိုင်းပြည်တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ”

"မင်း ဘာတွေပြောတာတုံး မြတ်သူ”

"အဲဒါခက်တာပဲ၊ မင်းက ချောင်ကြိုချောင်ကြားနေပြီး စာသင်ဖို့ပဲ စဉ်းစားတာ”

“ကျောင်းဆရာဆိုတာ ဒီအရေးကလွဲပြီး ဘာစဉ်းစားရမှာတုံး ငါ့လူရ”

“အခု တို့တိုင်းပြည်မှာ တစ်ပြည်လုံး ဆိုရှယ်လစ် အစိုးရကို မကျေနပ်ကြလို့ ဆန္ဒပြနေကြတယ်။ မြို့ကျောင်းတွေ ပိတ်ကုန်ပြီ။ အဲ... တစ်ခုခုဖြစ်သွားရင် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်သွားပြီး ဌာနေပြန်ဖို့ အခက်အခဲတွေ့မှာစိုးလို့ မင်းနဲ့ တိုင်ပင်ဖို့ အခု လာခဲ့တာ။ ငါကတော့ ကျောင်းအုပ် ဦးတင်စိုးကို ပြောပြီး ဆရာ ဦးရွှေမြင့်တို့၊ ဆရာ ဦးမျိုးလွင်တို့နောက် ဟောယောက ဆရာမကြီး ဒေါ်ဘေဘီကိုလည်း ပြောပြီးပြီ။ အဆင်ပြေအောင် ဆောင်ရွက်ကြလို့ သူတို့ ပြောတယ်” 

"အေး . . ဒါဆိုရင် ငါ ကျောင်းကော်မတီကို အကြောင်းကြားပြီး အောက်ဆင်းရအောင်” 

“အချိန် မဆွဲနဲ့နော်၊ အထုပ်တွေအတွက် ရွာလူလည်း မခေါ်နဲ့တော့”

‘အေး …အေး’


*****

၃။


ကျွန်တော်တို့ တာဝန်ကျသော ဂဏန်းဒေသဟာ ဗန်းမောက်သို့ သွားလျှင် အထက်သို့ သွားရသည်။ လမ်းပန်းဆက်သွယ်ရေး မကောင်း၊ သစ်ထုတ်လုပ် လမ်းသာ ရှိသည်။ အောက်ဆင်းမည်ဆိုလျှင်လည်း ပင်လယ်ဘူးသို့ ဘာလမ်းမှမရှိ လူလမ်းသာ ရှိသည်။ သို့သော် ပင်လယ်ဘူးလမ်းက ဗန်းမောက်သွားသည်ထက် နီး၍ ကျွန်တော်နှင့် မြင့်မြတ်သူ အောက်လမ်းမှ မူးမြစ်တစ်လျှောက် မိုင်နှစ်ဆယ်နီးပါး ပြန်ဆင်းခဲ့ပြီး ပင်လယ်ဘူးမြို့ တစ်ဖက်ကမ်း ပင်းကြိုင်းရွာတွင် ညအိပ်၍ ထိုမှတစ်ဆင့် ပင်လယ်ဘူး၊ ပင်လယ်ဘူးမှ ကောလင်းသို့ ကားစီး၍ ကောလင်း ဘူတာတွင် ကျောင်းအတူတက်ခဲ့သည့် သူငယ်ချင်း သိန်းဖေတို့အုပ်စုနှင့် တွေ့သည်။

"ဟာ..မင်းတို့နှစ်ယောက် ဒီကိုရောက်လာတာ ငါတို့အဖွဲ့ အားတက်သွားတယ်”

"မင်း... ဘာကိုဆိုလိုတာလဲ သိန်းဖေ၊ ငါတို့ သဘော မပေါက်ဘူး”

"အေး မင်းတို့ တိုင်းပြည်အခြေအနေ ဘာမှမသိသေးဘဲကိုး။ ငါတို့တိုင်းပြည် မင်းဆိုးမင်းညစ်အောက်ကနေ ပြည်သူ့အကျိုး ဆောင်ရွက်ဖို့ လုပ်နေကြတာ လူအင်အားလိုနေတုန်း မင်းတို့ရောက်လာတာနဲ့ အတော်ပဲ” 

“ငါတို့ ဘာလုပ်ပေးရမှာလဲ သိန်းဖေ 

“အခု သံလမ်းရိုးတစ်လျှောက် ဒီမိုကရေစီ တောင်းဆိုပွဲတွေ လုပ်နေကြတာ ပိုပြီး ပီပြင်အောင် စည်းရုံးဆောင်ရွက်ဖို့ပဲ”

“ဘယ်နေရာမှာလုပ်လုပ် တို့တိုင်းပြည်အတွက်ပဲ။ ကိုယ့်ဒေသ မဟုတ်ပေမဲ့ လုပ်သင့်တယ်။ မင်းစဉ်းစားကြည့် ကိုသူ၊ မင်းတို့ငါတို့ လစာရလို့ ကျောင်းဆရာလုပ်၊ အချိန်တန်တော့ ကိုယ့်ဒေသကိုယ်ပြောင်း၊ ကိုယ့်မိသားစုအရေး၊ ကိုယ့်ရာထူးတက်ရေး အတ္တနဲ့ လုပ်ခဲ့ကြတာ။ အခု အလုပ်က ပြည်သူ့အတွက်။ လစာမရဘူး၊ အခန့်မသင့်ရင် အသက်ဆုံးရှုံး နိုင်တယ်။ အလယ်အလတ် အဖမ်းခံရနိုင်တယ်။ ဒါပေမဲ့ အသက်ရှိနေလျက် ဆင်းရဲမှုတွေနဲ့ သေနေတဲ့ တို့တိုင်းပြည်၊ အတ္တသမားတွေ မတရားစိုးမိုးခြင်းခံနေရတဲ့ တို့တိုင်းပြည်က ပြည်သူတွေရဲ့ ဒုက္ခကို တို့ စွမ်းနိုင်သရွေ့ ဆောင်ရွက်တာ မွန်မြတ်တဲ့ အလုပ်။ ငါ ဆက်လုပ်မယ်၊ မင်းရော... ကိုသု”

“ဆရာကြီး တရားဟောကောင်းလို့ ကျွန်တော် သာဓုခေါ်ပြီး ဆက်လုပ်ပါမယ်”

အဲဒီကစပြီး ကျွန်တော်တို့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပုံပေါ်အောင် ဖော်ခဲ့ကြ၏။


*****

၄။


"မင်းတို့နှစ်ယောက်စလုံးကို လှမ်းခေါ်ရတာက သံလမ်းရိုး လှုပ်ရှားမှုက အရှိန်ရနေပြီ။ ဒီမှာက အခုမှ အစပျိုးဆိုတော့ မင်းတို့ပါ တွဲလုပ်မှဖြစ်မယ် ထင်လို့ သိန်းဖေကိုအကြောင်းကြားပြီး ခေါ်ယူရတာပဲကွာ”

"ဟုတ်ကဲ့၊ ကျွန်တော်တို့ ဘယ်နေရာ၊ ဘာတွေ ဆောင်ရွက်ရမလဲဆရာ”

“အခု မင်းတို့ မြင်တဲ့ အတိုင်းပဲ။ သပိတ်ကော်မတီဖွဲ့ဖို့ လူတွေလည်း ရောက်နေပြီ။ ရှစ်လေးလုံး တော်လှန်ရေးအတွက် မင်းတို့နှစ်ယောက်ထဲက တစ်ယောက်က အတွင်းရေးမှူး၊ တစ်ယောက်က အဖွဲ့ဝင်ပေါ့။ သံလမ်းရိုး အတွေ့အကြုံလည်းရှိပြီးသားပဲ”

"ကိုသုကို အတွင်းရေးမှူးထားပါ ဆရာ၊ ကျွန်တော် အဖွဲ့ဝင်ပဲ လုပ်ပါမယ်”

"ကဲ... အစည်းအဝေး လာသူတွေ ကျွန်တော်ပြောတာ သဘောတူကြရဲ့လား”

"တူပါတယ်၊ သူတို့က အတွေ့အကြုံရှိတဲ့သူတွေပဲ”


*****

၅။


၉ - ၈ -၁၉၈၈

ည ၇းဝဝ နာရီ။

"ဆန္ဒပြနေကြတဲ့ ပြည်သူအပေါင်းတို့ခင်ဗျား ကျွန်တော့်ကို စကားပြောခွင့်ပြုပါ။ ကျွန်တော်ဟာ မြင့်မြတ်သူပါ။ ကျွန်တော်တို့ လမ်းဆုံကနေ ကောင်စီရုံး၊ ကောင်စီရုံးကနေပြီး ရဲစခန်းကို သွားပါမယ်။ ဒီလိုသွားတဲ့နေရာမှာ စည်းကမ်းရှိကြပါ။ လမ်းဆုံမှာတုန်းကလို ဓာတ်တိုင်တွေ မခေါက်ပါနဲ့။ ဟိုလူမကောင်းဘူး၊ ဒီကောင်စီ၊ ဒီပါတီ အလကားဆိုပြီး လူတစ်ဦးချင်း နာမည်များတပ်ပြီး မအော်ကြပါနဲ့။ ကျွန်တော်တို့ လူကို တွန်းလှန်တာ အဓိကအချက် မဟုတ်ပါဘူး။ စနစ်ကို တော်လှန်တာပါ။ အခု လာရတဲ့ အကြောင်းရင်းက ကျောင်းသားခေါင်းဆောင်တွေ ဖမ်းဆီးပြီး ရေဦးသို့ ရွှေဘိုအပို့မှာ လမ်းမှာ မက်သနော ဆီပြတ်ပြီး ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ကြားရပါတယ်။ အဲဒီကျောင်းသားများ ကျွန်တော်တို့လက်ထဲအပ်ဖို့ ငြိမ်းချမ်းစွာ တောင်းဆိုကြတာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူ ဆရာ ဦးဗိုလ်မောင်း၊ ဆရာဦးဝံသူတို့ ဦးဆောင်ပါမယ်။ မည်သူ့ကိုမျှ ရိုက်နှက် အကြမ်းမဖက်ဖို့၊ ပြည်သူပိုင်ပစ္စည်း မဖျက်ဆီးဘဲ အေးချမ်းစွာနဲ့ ကျောင်းသားများကို တောင်းယူဖို့ပါပဲ။ ကဲ.. ရဲစခန်းထဲ ဝင်မယ်”

"ဒိုင်း....ဒိုင်း . . .ဒိုင်း . . .”

"ဘဏ်တိုက်ကွယ်ပြီး တရုတ်မန်ကျည်းပင်နားက ပစ်နေတယ်။ ကျည်လွတ်ရာနေရာမှာ နေကြပါ။ မီးမချစ်နဲ့၊ ဆေးလိပ်မသောက်ပါနဲ့”

“ဟေ့ ကိုသု၊ ဆရာ ဦးဗိုလ်မောင်းနဲ့ ကြည်စိုးတို့ သေနတ်မှန်တယ်”

"ဟာ...မင်းလည်း ခြေသလုံးမှာ သွေးတွေ စီးကျနေပါလား မြတ်သူ” 

'ငါက အရေးမကြီး၊ မင်း ဆရာဦးဗိုလ်မောင်း ကိုတွဲ၊ ငါ ကြည်စိုးကို ထမ်းမယ်။ ဆရာဝန် ဆေးခန်းသွားမယ်”

"ဆေးခန်းက ဖွင့်ပါ့မလား”

“တောင်းပန်ရမှာပေါ့”

"မင်းမှာလည်း ဒဏ်ရာနဲ့နော် မြတ်သူ”

"ရင်ဝမှန်မှ သေတာပါ။ အခု ထိတာက ပေါင်မှာ ကိစ္စမရှိဘူး။ လူစုမကွဲစေနဲ့၊ ဟိုမှာ ကောင်စီကား ဖျက်မလို့လုပ်နေတယ်၊ သွားတားဦးမယ်သွားနှင့်”

“အေး”


*****

၆။


၁၉၉၀ ခု၊ မေလ ရွေးကောက်ပွဲ ကျင်းပသည်။ 

မဲဆန္ဒနယ် အမှတ် ၁ ဦးဗိုလ်မောင်း (ရှေ့နေ)။

မဲဆန္ဒနယ် အမှတ် ၂ ဦးဝင်းမြင့်အောင် (စက်ပိုင်) 

မဲအပြတ်အသတ် အနိုင်ရသည်။ သို့သော် ဥပဒေရေး ဆွဲရန်ဟု ပြောဆိုကာ စစ်တပ်က အာဏာလွှဲမပေး။ ပိုဆိုးသည်က အဖွဲ့ချုပ်ခေါင်းဆောင်များကို အစိုးရက ရန်သူ သတ်မှတ်သည်။ ထောင်ချသည်။ ထောက်လှမ်းရေးက စောင့်ကြည့်သည်။ ရဲစခန်းခေါ်၍ လူဆိုး၊ သူခိုးများကဲ့သို့ ခြေချုပ်လုပ်သည်။ အဆိုးဆုံးက အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် ပြည်သူကို မဆက်ဆံနိုင်အောင် စည်းခြားပစ်သည်။ ခြောက်လှန့်သည်။ ဆက်ဆံလျှင် ပြည်ပအားကိုး၊ တိုင်းပြည်သစ္စာဖောက်ဟု ကင်ပွန်းတပ်၍ ပုဒ်မအမျိုးမျိုးဖြင့် အာဏာပြနှိပ်စက်သည်။ ထိုအခါ ကျွန်တော်တို့ စဉ်းစားရသည်။ ကိုယ့်ပြည်တွင်း၊ ကိုယ့်ပြည်သူနှင့် ဆိုးတူကောင်းဖက်၊ လက်ချင်းဆက်လျက် နေလို့မဖြစ်နိုင်။ ပြည်သူကလည်း ကျွန်တော်တို့နှင့် မဆက်ဆံရဲတော့။ ကျွန်တော်တို့ ဘာလုပ်သင့်သနည်း။ အနာဂတ်ခရီး စဉ်းစားရတော့သည်။ ဦးဗိုလ်မောင်း ဦးဆောင်၍ မုံရွာမှ အန်တီနန်း ဒေါက်တာတင့်ဆွေ (ပုလဲအမတ်) ဇနီး၊ ဒေါက်တာ ခင်မကြည်တို့နှင့် ဆက်သွယ်၍ ဦးဗိုလ်မောင်း၊ ကျွန်တော်၊ မြင့်မြတ်သူ၊ ဝင်းနိုင် (မူးကမ်း) ယခု ကနေဒါတို့ အလုံမှ စက်လှေဖြင့် ကလေးဝ၊ ကလေးဝမှ ကလေးသို့၊ ကလေးမှ ဆရာ (ဦးဒိုထောင်းမောင် - ကလေးအမတ်) အကူအညီဖြင့် ဦးခင်မောင်ရွှေနှင့် ဆက်သွယ်ကာ တီးတိန်၊ တီးတိန်မှ မဏိပူရမြစ်ဖြတ်၍ ကျန်ဖိုင်း (အိန္ဒိယပြည်)၊ ထိုမှတစ်ဆင့် မိဇိုသမ်ပြည်နယ် မြို့တော် အိုက်ဇောသို့ ခရီးဆက်ခဲ့သည်။ ကံဆိုးချင်တော့ ဝင်းနိုင်နှင့် မြင့်မြတ်သူက တစ်တွဲ၊ ကျွန်တော်တို့နှင့် လူချင်းကွဲကာ မြင့်မြတ်သူ အဖမ်းခံရကြောင်း သိရတော့သည်။


*****

၇။


“ငါ ဒီအကြောင်းကို မပြောချင်ဘူးကွာ၊ မင်း သိပ်သိချင်မှတော့ ငါဖြေရတော့မပေါ့။ မင်းတို့နဲ့ ကွဲပြီးသွားတော့ ဝင်းနိုင် လွတ်သွားပြီး ငါ အဖမ်းခံရတယ်”

"ဟင် ဟုတ်လား”

"စစ်အစိုးရရဲ့ စစ်ကြောရေးစခန်းဆိုလား၊ ဂျပန်ခေတ်က ကင်ပေတိုင်ပဲကွ။ သူတို့လိုရာဆွဲမေး၊ မဖြေလို့ ဒါမှမဟု မဖြေနိုင်လို့ မဖြေခဲ့ရင် ဂျပန်ထက်သာတယ်ကွ။ မင်း စဉ်းစားကြည့်၊ ငါက သေလူလို့ သဘောထားပြီးသား။ ငါနဲ့ပါတဲ့ မင်းတို့ ငါတို့ ပို့ပေးတဲ့ အန်တီတို့ကို ငါသက်သာအောင်ဆိုပြီး ဖော်လိုက်ရင် ဒါမှမဟုတ် ဖော်ကောင်တွေများလာရင် ငါတို့ တော်လှန်ရေးကြီး ကျဆုံးသွားမှာပေါ့။ ဒါကြောင့် ငါမဖြေဘူး။ အခု ခါးစောင်းပြီး ခြေထောက်တစ်ဖက်ကျိုးသွားတာ စစ်အစိုးရပေးတဲ့ နိုင်ငံရေး ဆုလာဘ်ပေါ့” 

“မြင့်မြတ်သူ ဆိုတဲ့ နာမည်နဲ့လိုက်အောင် .. မင်း မြင့်မြတ်ပါတယ်” 

“ငါ့ကို ဂုဏ်ယူတယ်ဆိုရင် တော်လှန်ရေးကြီးပြီးအောင် အရိုးကြေကြေ၊ အရေခန်းခန်း ဘဝနွမ်းချင်နွမ်းပါစေ အောင်မြင်ခြင်းအခြမ်း ရောက်အောင် လက်တွဲမယ်လို့ ကတိပြုပါ”

“ပြုပါတယ်ကွာ၊ ဒါနဲ့ မင်း ဘယ်လိုလွတ်လာတာလဲ”

ထောက်လှမ်းရေးက လူတွေ သူတို့မေးတာတွေနဲ့ ငါတို့အဖြစ်က တခြားစီ။ အဲဒါကို ငါကြောင်တောင်တောင်လုပ်နေလို့ အရေးမပါသူပဲဆိုပြီး လွှတ်လိုက်တာနဲ့ တူတယ်”

“အေးကွာ၊ မင်းလွတ်လာတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ မင်းကိုမြင်တော့ စိတ်မကောင်းဘူး”

"ထပ်သရီး... ဒါတွေ အခု မင်း မစဉ်းစားပါနဲ့။ ငါ အခု မင်းကို ပြောစရာရှိလို့”

"ပြောပါကွာ၊ မင်းနဲ့ငါပဲ”

“ငါ အိမ်ထောင်ပြုတော့မယ်”

"ဟင်--- အင်း ငါတော့ တော်လှန်ရေးသမားတစ်ယောက် ကျဆုံးသွားမှာ စိုးတယ်ကွာ။ နေပါဦး၊ မင်းမှာ ရည်းစားထားချိန်လည်းမရှိ၊ ရည်းစားရှိတယ်လို့လည်း မကြားဖူးပါဘူး” 

"ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည် အိမ်ထောင်ပြုတော့ လုပ်ဖော်ကိုင်ဖက်တွေ အားငယ်ကြသတဲ့။ မင်းလည်း ငါ အိမ်ထောင်ပြုတော့ အားငယ်မှာပဲ။ အားမငယ်ပါနဲ့ကွာ၊ ငါသေတောင် တိုင်းပြည်အတွက် အဖွဲ့ချုပ်နဲ့ လက်တွဲမဖြုတ်ဘူး ကတိပေးတယ်ကွာ” 

“မင်းကို ငါယုံကြည်ပါတယ်၊ မင်း အိမ်ထောင်ကျပုံကို မေးတာ”

“ငါနဲ့ ကြည်ကြည်သော် သမီးရည်းစား မဟုတ်ဘူး။ မင်းက မေးလိမ့်မယ်။ ရည်းစားမဖြစ်ဘဲ အိမ်ထောင်ပြုရသလားပေါ့။ လောကမှာ ရည်းစားမဖြစ်ဘဲ အိမ်ထောင်ပြုသူတွေ ဒုနဲ့ဒေးပါ။ အဓိကကတော့ မေတ္တာနဲ့ ကရုဏာပါပဲ”

"မင်းက ကြီးကျယ်ကတာ၊ အိမ်ထောင်ပြုတဲ့ အကြောင်းမေးတာနဲ့”

"ပြောမှာပေါ့ကွာ၊ ကောင်မလေးက ကြည်ကြည်သော်တဲ့။ ငါ့ထက် ငယ်တယ်။ သူက သူဌေးသားတစ်ယောက်နဲ့ ရည်းစားဖြစ်တယ်။ တိုတိုပြောရရင် လွန်လွန်ကျွံကျွံဖြစ်ပြီး ကိုယ်ဝန်ရှိတဲ့အခါ သူ့ရည်းစားက တာဝန်မယူလို့ အဆိပ်သောက် သေမလို့လုပ်တုန်း အကြောင်းစုံသိလို့ ငါ တာဝန်ယူခဲ့တယ်။ အဲဒါ ငါ့အိမ်ထောင်ရေးပဲ”


*****

၈။


"ဟေ့ ကိုသူ၊ မတွေ့ရတာကြာပြီ၊ ဘာတွေလုပ်နေလဲ”

“စားဝတ်နေရေး အဆင်မပြေလို့ ဆိုင်းထဲမှာ နောက်ပြောလိုက်လုပ်နေတယ်၊ မင်းရော”

"ငါ အခု မင်းဆီ အရေးကြီးလို့ လာတာ”

"ဘာအရေးကြီးတာလဲ”

"မင်းက အဖွဲ့ချုပ်နဲ့ အဆက်အသွယ်ပြတ်နေတာကိုး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်ဗမာပြည်ခရီးစဉ်မှာ စည်းရုံးရေးအတွက် တို့ဆီမှာ လာမယ်၊ ညအိပ်မယ်လို့ ပြောတယ်။ အဲဒါ မနေ့က အစည်းအဝေး ထိုင်တယ်။ အစည်းအဝေးမှာ ငါက အတွင်းစည်းလုံခြုံရေးကို ခေါင်းဆောင်ပြီး တာဝန်ယူဖို့ လူကြီးတွေက စီမံတယ်။ မင်းလည်း ကြိုဆိုရေးမှာ ပါတယ်။ အဲဒါ ငါလာပြောတာ”

"မင်း အဖမ်းခံရနိုင်တယ်နော် မြတ်သူ” 

"တွက်ထားပါတယ်"

"အခန့်မသင့်ရင် သေနိုင်တယ်"

"လူဆိုတာ တစ်နေ့သေမှာပဲကွာ၊ ဒီလိုသေခြင်းက မြတ်ပါတယ် ကိုသု”


*****

၉။


၂ဝဝ၃ ခု၊ ဇူလိုင်လ ၁၃ ရက်။

ကျွန်တော့်အား ဒီပဲယင်း အရေးအခင်းလုံခြုံရေးဟု အကြောင်းပြ၍ ရွှေဘိုထောင် ထောင်ကြီးချုပ် ထိန်းသိမ်းထားရာမှ လွတ်လာသည်။

“ကိုသု... ဟေ့ ကိုသု”

"ဟာ...မင်းအောင်ကြီး၊ မင်း လွတ်လာပြီလား”

"ဟုတ်တယ်၊ ခင်ဗျားနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ” 

"ဟာ--- မင်းခေါင်းက ချုပ်ရိုးတွေနဲ့ပါလား” 

“ဟုတ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ စွမ်းအားရှင်တွေ၊ ထောင်သားတွေပေါင်းတဲ့ လူယုတ်မာတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဝါးတုတ်တွေနဲ့ ရိုက်၊ ချွန်ထားတဲ့ ဝါးတွေနဲ့ ထိုးနေလို့ တို့က ခေါင်းဆောင် အသေမခံဘဲ ခေါင်းထိုးခံခဲ့လို့ ကွဲသွားတာ။ ငါ ခံပြင်းတာကွာ၊ နိုင်နိုင်ရှုံးရှုံး ပြန်ချချင်လိုက်တာ အမေစုက မတုံ့ပြန်ရဘူးဆိုလို့ ငြိမ်နေရတာ” 

“ရက်စက်လိုက်ကြတာကွာ၊ ငါတို့လည်း ဦးဗိုလ်မောင်း၊ ဦးမြင့်ကြည် (ကသာ)၊ ဦးစောလှိုင် (အင်းတော်)၊ ကိုစန်းမြင့် (ပင်စည်)၊ တုတ်ကြီး (တနယ်လူငယ်အဖွဲ့ဝင်) တို့နဲ့အတူ အဖမ်းခံထားရတယ်။ ဒါတွေ အသံပဲကြားရတာ သိပ်မသိခဲ့ဘူး။ ပေးဆပ်မှုများလိုက်တာ မင်းအောင်ရာ”

"ဒီထက်များတာ ရှိသေးတယ်”

"ဟင်"

“အဲဒီအတွက် အကြောင်းစုံပြောပြပြီး မင်းကို အကူအညီတောင်းမလို့ ကြည်ကြည့် အတွက်”

“ကြည်ကြည် ဘာဖြစ်လို့လဲကွ၊ မနေ့ကတောင် ငါ့ အိမ်လာသေးတယ်”

“သူ ဘာမှမဖြစ်ဘူး၊ သူ့ယောက်ျား မြင့်မြတ်သူ”

"အေးလေ... မင်းတို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးပါ သွားမဟုတ်လား”

"အေး အဲဒါ ငါ ပြောမလို့”

"ပြောစမ်းပါကွာ၊ ငါ အဲဒါ ကြားချင်နေတာ”

"မြင့်မြတ်သူ ဆုံးသွားပြီကွာ”

“ဘယ်လို မင်းအောင်" 

“တို့နဲ့အတူ ပါလာတဲ့ မန္တလေးက ကောင်မလေးကို စွမ်းအားရှင်တွေ၊ ထောင်သားတွေထဲက ဝါးချွန်နဲ့ လှမ်းအထိုး ကလေးမလေး တွန်းဖယ်ဆွဲချပြီး ကလေးမလေး လွတ်သွားပေမဲ့ မြင့်မြတ်သူ ရင်ဝမှာ ဝါးချွန်ထိုးမိပြီး ဆုံးသွားတယ်။ အင်း... ဒီမိုကရေစီ အရေးကြီးကို စဉ်းစားရင်၊ တွေးရင် အတိတ်ကို မေ့မထားသင့်ဘူး။ လက်စားချေဖို့ပြောတာ မဟုတ်ဘူးနော်။ ဒီမိုကရေစီအရေး ဆောင်ရွက်သူတွေကို သတ်ဖြတ်၊ ထောင်ချ၊ နှိပ်စက်၊ ခန္ဓာကြွေ၊ ဘဝပျက်သူ အနန္တပဲ။ ဒီအချက်ကို တို့မမေ့သင့်ဘူး။ မေ့ရင်တော့ ဒီမိုကရေစီသစ္စာဖောက်တွေ”

ဪ... ကြည်ကြည်ကို ဘယ်လိုပြောရပါ့။

ဒီပဲယင်းအရေးခင်း ကျဆုံးသူများ ဂုဏ်ပြုလျက်


ပံသု-ဒီ

အမှတ် ၃၆၄၊ ဧပြီ ၂၀၂၀

ရွှေအမြုတေမဂ္ဂဇင်း

Comments

Popular posts from this blog

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး