သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း



အနုပညာဖန်တီးမှု သက်သက်ဖြစ်ပါသည်။

ရွှေသုန္ဒရီသီချင်း၏ ကောင်းမွန်သော ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်အား သွေဖည် ပျက်စီးစေလိုသော ဆန္ဒ တစ်စုံတစ်ရာ မရှိပါ။

ထိုသို့  ဖြစ်သွားပါက ဂီတစာဆို စိန်မောင်မြင့် နှင့် ရွှေသုန္ဒရီ ပရိတ်သတ်ကြီးအား အထူးပင် တောင်းပန်ရပါကြောင်း . . .



သူဟာ ကောင်မလေးတစ်ယောက်ကို ဆောင်းတွင်းလေးတစ်ခုလို ချစ်ခဲ့ဖူးပါတယ်။ ဆောင်းတွင်းလေးနွေးစေဖို့ သူ့ကိုယ်သူ မီးအဖြစ် အကြိမ်ကြိမ် မွှေးပေးခဲ့ဖူးတယ်။ ရောင်နီသွေးတိုင်း ဝေးမှာစိုးလို့ နေလုံးကြီးကိုလည်း ကျောအပြည့် ကွယ်ပေးခဲ့ဖူးတယ်။ နွေဆိုတဲ့ အရာနဲ့ မုတ်သုန်ဆိုတဲ့ စကားလုံးကိုလည်း မဆီမဆိုင် အမိုက်ဇာတ် သွင်းပစ်ခဲ့ဖူးပါတယ်။

အဲ့ဒါကြောင့်ပဲလား မသိဘူး။ နောက်ပိုင်း မြန်မာပြည်မှာ မုတ်သုန် အဝင်နည်းသွားတယ်။ နွေကတော့ အပြုံးမပျက်စွာ ဆက်လက် မင်းမူနေရဲ့။ ပြုန်းတီးသွားတဲ့ သစ်တောတွေလိုပါပဲ။ အချစ်ဆိုတဲ့ မီးနဲ့ သူဟာ လောင်မြိုက်နေခဲ့တာပါ။ သို့သော်လည်း အချစ်ကြီးတတ်အောင် လေ့ကျင့်ထားတာမို့ ပူလို့ ပူမှန်းလည်း မသိခဲ့ဘူးလေ။

မျက်နှာမြင် ချစ်ခင်ပါစေလို့ ဘယ်နတ်ဘုရားထံမှာမှ ဆုတောင်းထားခဲ့ဟန် မတူပါဘူး။ ထိုဆုနဲ့လည်း မပြည့်ခဲ့ပါဘူး။ သူမမျက်နှာက မြင်ရသူအပေါင်းကို တစိမ့်စိမ့်အေးပြီး တသိမ့်သိမ့် နွေးစေခဲ့တာပါ။

ရှိန်းမြနွေးထွေး ရင်ထဲက ကံ့ကော်လေး တစ်ပွင့်လို ၊ မွှေးအိဝါ ရွှေပါးပေါ်က သနပ်ခါးလေး တစ်စက်လို မထိရက် ၊ မကိုင်ရက်ကို ချစ်ခဲ့တာပါ။

ဒါဟာ မချစ်မနေရ အမိန့်နဲ့ နှလုံးသားကို တစ်ချက်လွှတ်ပြဌာန်းထားတာ မဟုတ်ဘူး။ လွတ်လပ်စွာ ရွေးချယ်ခွင့် ၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ၊ လွတ်လပ်စွာ ပြောဆိုခွင့် ၊ လွတ်လပ်စွာ တွေးခေါ်ခွင့် စတဲ့ လွတ်လပ်မှုတွေ တစ်သီကြီးနဲ့ ကိုယ်တိုင်တွေး ၊ ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်ထုဆစ်ပုံဖော်ထားတဲ့ ရာစုသစ် ကျောက်ဆစ်ရုပ်လေး တစ်ရုပ်ပေါ့။

လက်ထဲမှာ လွတ်လပ်စွာ ချစ်ပိုင်ခွင့်ဆိုတဲ့ အသည်းလေးတစ်ခြမ်းကို ကိုင်ထားပြီး နောက်တစ်ခြမ်းကတော့ သူမရင်ဘတ်ထဲမှာ ရှိနေတယ်။ ၂၀၁၅ (သို့) ၂၀၂၀ ရဲ့ ဒီဇင်ဘာတစ်ရက်မှာတော့ ထိုအသည်း နှစ်ခြမ်း ပြန်လည်ပေါင်းဆည်းပါလိမ့်မယ်။

ကတိပြုထားတယ်။ သစ္စာဆိုထားတယ်။ လွတ်လပ်သော နိုင်ငံတော်သစ်မှာ ယဉ်ကျေးသော သိက္ခာရှိသော ထိန်းသိမ်းနိုင်သော အချစ်ဖြူဖြူတွေနဲ့ ချစ်ကြမယ်လို့ပေါ့။

နှင်းဆီနှုတ်ခမ်း ၊ ညနေရောင် အပြုံးနဲ့ စံပယ်ညတွေ ၊ သစ်ရွက်ကြွေတိုင်း ပြုံးတတ်တဲ့ မင်းရဲ့ ဓလေ့ချိုချို စတာ . . . စတာတွေနဲ့ ရင်ထဲမှာ တနင့်တပိုး အရဲကိုး ချစ်ခဲ့ရတာပါ။

လသာတဲ့ ညတွေဆို ကောင်းကင်ကို ကြည့်ပြီး ရင်ဘတ်နဲ့ ဂျက်ပင်ထိုးဖြစ်တယ်။ အဲဒီအခါမှာ သူမပြောဖူးတဲ့ စကားတစ်ခွန်းက ကမ္ဘာတွေ အလီလီပြောင်းလို့ သူ့နားတွင်းကို ပြန်လည်ရောက်ရှိလာပါတယ်။ 'တို့တွေ တစ်သက်လုံး ချစ်သွားကြမယ်နော်'

ဘဝဆက်တိုင်း ချစ်ချင်တာပါဆို မင်းဘာပြောမလဲ။ ဒါပေမဲ့ အဲဒီစကားလေးကို ပြန်ကြားရတိုင်း နက်ပြာရောင် ညအိုအိုတွေကို သူထိုင်ထိုင်ရှိခိုးမိတာ ခဏခဏပေါ့။ ရင်ဘတ်နဲ့ ဆက်ထားတဲ့ ဂျက်ပင်ကို ဖြုတ်တော့ သောကြာကြယ်ကြီးက သူ့ပခုံးစွန်းမှာ လာနားနေသလို ခံစားရတယ်။

တကယ်တော့ ကောင်မလေးရယ် . . .

'ကိုယ်ဟာ မင်းရဲ့ မိုးကုတ်စက်ဝိုင်းထဲမှာ ပိတ်မိနေတဲ့ကောင်ပါ။ ပြေးချင်တဲ့ အရပ်ကို ပြေးပေါ့။ တစ်ချိန်မှာတော့ မိုးကုတ်စက်ဝိုင်းနဲ့ အနားသတ်ထားတဲ့ မင်းရဲ့ နှလုံးသားရင်ငွေ့တော်အောက်မှာ ပြန်ခို လှုံရမှာပဲလေ'

သူ မပြေးခဲ့ပါဘူး။ ဘယ်တော့မှလည်း ပြေးမှာ မဟုတ်ဘူး။ ဒီသံသရာစက်ဝန်းက လွတ်မြောက်ရာ တရားထူးမရသ၍တော့ မင်းရဲ့ စကားတစ်ခွန်းကို ကျိန်စာတစ်ခုလို ဘဝဆက်တိုင်း ယုံကြည်ကိုးကွယ်ထားမှာပါ။

'သူ့ကို အရမ်းချစ်တယ်'

ကမ္ဘာတည်သ၍ တည်ပါစေ ၊ ညီပါစေ . . . ကောင်မလေးရယ်။

အဲဒီစကားကြားပြီးနောက်ပိုင်း သူစိတ်မှာ ရောဂါတစ်ခုကပ်ငြိခဲ့ပါတယ်။ မြင်တွေ့လေရာ သူမမျက်နှာပေါ်နေတဲ့ ရောဂါပါ။ အတွေးထဲမှာလည်း အခန်းဆက် ဝတ္ထုရှည်ကြီးတစ်ပုဒ်က ကြီးစိုးထားတယ်။

သူမအကြောင်း တစ်ခမ်းတနား ဖွဲ့ဆိုရည်ညွန်းထားတဲ့ ဝတ္ထုရှည်ကြီး ရယ်ဖို့လည်း ကောင်းပါတယ်။ သူနဲ့ယှဉ်ရင် ရိုမီယိုဆိုတာကလေးအဆင့်မှာရှိမှန်း ရှိတ်စပီးယားကို သိစေချင်လိုက်တာလေ။ ရှိတ်စပီးယား ဘယ်လောက်ယူကျုံးမရ ဖြစ်နေလိုက်မလဲ။

ခင်ဗျားတို့ကတော့ သူ့ကို အချစ်လွန်ရောဂါရနေပြီလို့ ထင်ကြလိမ့်မယ်။ မဟုတ်ရပါဘူး …

'ချစ်မဝ' ရောဂါပါ။


. . .



First Cut


အခန်းတစ်ခုအတွင်း၌

ဖွင့်ထားသော TV ကို ကြည့်ပြီး လူတစ်ယောက်မျက်ရည်တွေ ဖြိုင်ဖြိုင်စီးကျနေတယ်။ သူ့ရင်တစ်ခုလုံးက သမုဒ္ဒရာလေးစင်းမှာ ပေါလောမျောပါနေသော ဖော့စို့တစ်ခုလို နိမ့်လိုက် ၊ မြင့်လိုက် ၊ မြုပ်လိုက် ၊ ပေါ်လိုက် ၊ အကာအကွယ်မရှိ ၊ အကူညီမဲ့ပြီး ဖြစ်ချင်တိုင်းဖြစ်လို့။

ဝမ်းနည်းလိုက်တာလေ . . . 

ခံပြင်းလိုက်တာလေ . . .

အံကို ဖိကြိတ်တော့ ကျလုလုမျက်ရည်တွေက ဆည်တာတမံကျိုးသလို ဝေါခနဲ စီးကျလာတယ်။ ဆတ်ဆတ်ခါနာတဲ့ထိ ဖိကိုက်ပြီးတော့မှ နှုတ်ခမ်းကို ချမ်းသာပေးလိုက်တယ်။

သူ့ရှေ့စားပွဲပေါ်မှာ ဓားတစ်လက် ၊ အသွားက ဖွင့်ထားသော မီးရောင်အောက်မှာ လက်လက်ထကာနေတယ်။ ဓားကို လှမ်းယူတော့ ရင်တွင်းမှာ စူးအောင့်သွားတယ်။ ကိုင်ထားတဲ့ သူ့လက်တွေတောင် တဆတ်ဆတ် တုန်လာသလားပဲ။ အကြိမ်ကြိမ် စဉ်းစားပြီးသား ကိစ္စတစ်ခုဖြစ်သော်လည်း တကယ့်လက်တွေ့ ရင်ဆိုင်ရတော့ နောက်တွန့်ထင် စိတ်တချို့ ဖြစ်မိသေးရဲ့။ ဒါပေမဲ့လည်း ရင်ထဲက ခံပြင်းမှုအရှိန်ကို မလွန်ဆန်နိုင်ပါဘူး။

ဒီနည်းနဲ့ပဲ အဆုံးသတ်ရမှာပါ။ ဒီနည်းနဲ့ပဲ ဘဝတစ်ခုကို အဆုံးသတ်ပစ်ရမယ်။ အံကို နောက်တစ်ကြိမ်ဖိကိုက်တော့ ပြတ်ကွဲသွားတဲ့ နှုတ်ခမ်းသားက ပြန်နာလာတယ်။ အချိန်တန်ပါပြီ။

ဘဝတစ်ခုလုံး အဆုံးသတ်ပစ်ဖို့ အချိန်တန်နေပြီ။ အဆုံးသတ်ဖို့အတွက်လည်း လက်နက်တွေ လိုနေပြီ။ ကုပ်ပေါ်ဝဲကျနေသော ဆံပင်ကို ဆွဲလို့ လက်ထဲကဓားနဲ့ လှီးဖြတ်ပစ်လိုက်တယ်။

'ရွှီ . . .' ဆိုတဲ့ အသံသဲ့သဲ့လေး ထွက်လာပြီး လက်ပေါ်ကို ဆံပင်တစ်ထွေး ပြုတ်ကျလာတယ်။

ကိုယ့်ဆံပင် ကိုယ်ကြည့်ပြီး နှုတ်ခမ်းမှာ မဲ့ပြုံးတစ်ခု ဖြစ်တည်သွားတယ်။

ထိုဆံပင်ကို စားပွဲပေါ် ဆန့်ဆန့်တင် ၊ ပြီးတော့ လက်မှာကိုင်ထားသော ဓားနဲ့ တစ်ချက်ချင်း . . .

'တောက် . . . တောက် . . . တောက် . . . '

တိတ်ဆိတ်နေသော အခန်းလေးထဲမှာ ဓားဖြတ်သံတစ်ခု စည်းချက်ကျကျ ထွက်ပေါ်လာတယ်။

အပိုင်းပိုင်းပြတ်တောက်သွားသော ဆံပင်လေးတွေကို ကြည့်ပြီး နာကျင်စိတ်တွေ ပိုကာလာတယ်။ ဝမ်းနည်းမှုမျက်ရည်တွေလည်း ခုနထက် စီးကာကျလို့ . . .

သေချာတာတစ်ခုကတော့ ခံပြင်းမှုဆိုတာ တစ်ခါတစ်ရံမှာ ဝမ်းနည်းမှုရဲ့ နောက်တော်ပါး သက်သက်မျှပါပဲ။

အပိုင်း - ၁ သို့


Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

ရွှေမျက်နှာ @ ကြည်အေး

မြို့တစ်မြို့နှင့် လူငါးယောက် @ ဆွန်း၊ စက်မှုတက္ကသိုလ်၊