သိသောသူမည်ကား ကြားပါစေ . . .( ၁ ) @ သိုးဆောင်း


             ပထမဆုံး ကျေးဇူးတင်ရမှာကတော့ သူမနဲ့ ဆုံဆည်းခွင့် ပေးခဲ့တဲ့ ကံကြမ္မာစောင့် နတ်မင်းကြီးကို ဖြစ်ပြီး ဒုတိယ ကျေးဇူးတင်ရမှာကတော့ ဆင်ရေးတွင်းမှတ်တိုင်အား ပခုံးပေါ်ထမ်းတင်ထားသည့် ရန်ကုန် - အင်စိန် လမ်းမကြီးကိုပါ။ တတိယကျေးဇူးရှင်ကတော့ ဆင်ရေတွင်းမှတ်တိုင် အနီးမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်း သက်ဖြိုးဝေဖြစ်လို့ စတုတ္ထကျေးဇူးတင်ရမှာကတော့ အိမ်က ကားယူမလာခဲ့တဲ့ သူကိုယ်တိုင်ပါပဲ။

အဲဒီနေ့က သူငယ်ချင်းဖြစ်သူ သက်ဖြိုးဝေနဲ့တွေ့ဖို့ ဆင်ရေတွင်းမှတ်တိုင်ကို လာခဲ့တယ်။ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို စိတ်ပျက်လို့ ကားယူမလာခဲ့ပါဘူး။ ဒါဟာ သူ့ဘဝရဲ့ ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကြုံရာ Taxi ကားစီးပြီး မှတ်တိုင်မှာ ရပ်ခိုင်းခဲ့ရာက စတာပါ။

တွေ့ဆုံမှုကတော့ နှောင်းခေတ် မြန်မာရုပ်ရှင်ဇာတ်ကားတွေလို သမာရိုးကျဆန်ပါတယ်။ အသစ်အဆန်းခုံမင်လွန်းသော သူ့ကိုမှ ကြမ္မာက ဘယ်လိုပြဋ္ဌာန်း ပေးလိုက်တယ် မသိဘူး။ ရိုးရိုးလေးမှ တကယ့် ရိုးရိုးလေးပါ။

"ဟောတော် . . ."

"ဟာ . . . သွားပြီ"

Taxi ပေါ်ကဆင်းပြီး ကားလမ်းကူးလိုက်ချိန်မှာ သူ့ခြေထောက်က အခြားတစ်ယောက်ရဲ့ ဖိနပ်ကို တက်နင်းမိလိုက်ပါတယ်။ လူက ချက်ချင်းပဲ ခေါင်းနားပန်း ကြီးသွားတယ်။ တက်နင်းခံဖိနပ်လေးမှာ သဲကြိုးပြတ်သွားခဲ့ပြီလေ။

မိန်းကလေးမျက်နှာမှာ ရှက်စိတ်နဲ့ ရဲသွားတယ်။ သဲကြိုးပြတ်ဖိနပ်လေးကို ကြည့်ပြီး နှမျောတသဟန်တွေ အထင်းသားပေါ်လွင်သွားတော့ . . .

"ဟာ . . . အားနာလိုက်တာ . . . တောင်းပန်ပါတယ်ဗျာ"

သူ့စကားကို ကြားပုံမရပါဘူး။ ဖိနပ်လေးကို ငုံ့ကြည့်ပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားပုံရတယ်။ ထို့ကြောင့် အလျင်စလိုပင် . . .

"ကျွန်တော် အစားပြန်ဝယ်ပေးပါ့မယ်"

သူ့စကားကြောင့် မျက်နှာလေးမော့လာတယ်။ မျက်ဝန်းစပ်မှာ မျက်ရည်ကြည် အချို့တောင် ရစ်ဝဲနေသလို မြင်ရတယ်။ ကားမှတ်တိုင်ဖြစ်တာမို့ လူအချို့ရဲ့ အာရုံစိုက်ခြင်း ခံနေရတာလည်း ပါတာပေါ့လေ။

"ရပါတယ် . . . ကျွန်မအပြစ်နဲ့ ကျွန်မပဲ"

ပြောပြောဆိုဆို အကောင်းအတိုင်းရှိနေသေးသော ဖိနပ်လေးတစ်ဖက်ပါ ချွတ်ပြီးတော့. . .

"သုန္ဒရီ . . . နင်က အကောင်းနဲ့ကို မတန်ဘူး"

ဖိနပ်နှစ်ဖက်ကို စုကိုင်ပြီး ပလက်ဖောင်းဘေးရေမြောင်းထဲကို လွင့်ပစ်လိုက်ပါတယ်။ ထို့နောက်မှာ သူအပါအဝင် စူးစမ်းနေသော မျက်လုံးများကို ဥပက္ခာပြုလို့ ခြေဖလာအတိုင်း ထွက်သွားလေရဲ့။

"ဟာ . . . ဟေ့ . . . ဟေ့ . . ."

လှည့်မကြည့်ပါဘူး။

"ဟာ . . . ကျွတ် . . . "

နောက်က ကမန်းကတန်းပြေးလိုက်ကာ . . .

"ဟေး . . .ခဏနေပါဦး၊ ဖိနပ်မပါဘဲ မင်း ဘယ်လိုသွားမှာလဲ"

"အခုပဲ သွားနေပြီလေ"

ခြေကို သွက်သွက်လှမ်းရင်း အေးစက်စက်ပြောတော့ . . .

"ကျွတ် . . . အဲလောက်ထိ မလိုဘူးလေ။ ကျွန်တော် ပြန်ဝယ်ပေးပါ့မယ်။ ဒီမှာ ခဏလေးပဲ စောင့်ပေးပါ"

လက်မှာ ပတ်ထားတဲ့ နာရီကို ကြည့်တယ်။

"မရဘူး . . . ကျူရှင်ချိန် နီးနေပြီ။ စားမေးပွဲအတွက် အရေးကြီးတာတွေ ဒီနေ့သင်မှာ"

ပြီးတော့ တိုက်ခန်းလှေကားတစ်ခုပေါ်ကို ချိုးကွေ့တက်သွားပါတယ်။ ကြောင်တောင်တောင် ရပ်ကျန်ခဲ့သော သူ့မှာတော့ . . .


. . .


သဲကြိုးပြတ်ဖိနပ်တစ်ရံ ကိုင်ပြီး ရန်ကုန်-အင်းစိန် လမ်းမကြီးပေါ် ပြေးနေသောသူ့ကို မြင်တွေ့ရသူတိုင်းက အရူးတစ်ကောင်ဟု ထင်ကောင်း ထင်နိုင်ပါတယ်။ ကိစ္စမရှိပါဘူး။ အဓိကက ပျက်စီးသွားသော ဖိနပ်နဲ့ ပုံစံတူ ဖိနပ်တစ်ရံ အမြန်ဆုံးတွေ့ဖို့ပါ။ ဆင်ရေတွင်းမှတ်တိုင် အနီးဝန်းကျင်ကစလို့ မြင်မြင်သမျှ ဖိနပ်ဆိုင်များကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မေးလာခဲ့တယ်။ 

"အစ်မတို့ ဆိုင်မှာ ဒါမျိုး ဖိနပ်မတင်ဘူး . . . မောင်လေး။ ဒီက ဖိနပ်က အကုန်သောင်းကျော်တွေချည်းပဲ"

"တခြားဖိနပ် ယူသွားပါလား"

"အဲဒီ တံဆိပ်ကုန်နေတယ်"

"ဒီ အမျိုးအစားက လူစီးများတယ်။ ခုနစ်ရာ ၊ ရှစ်ရာဆိုတော့ စီးပျော်တယ်လေ"

ခြေတိုအောင် လျှောက်ပြီးတော့မှ သုခလမ်းဘက်မှာ ရပ်ကွက်ဖိနပ်ဆိုင် တစ်ဆိုင် တွေ့တယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ တွေ့ရှိရာ ဖိနပ်က ဆိုဒ်အရမ်းသေးလွန်းနေတယ်လေ။

ဪ . . . မိန်းကလေး ၊ ခုနစ်ရာ ရှစ်ရာတန် ဖိနပ်ကိုမှ "နင်က အကောင်းနဲ့ မတန်ဘူး" လို့ ကိုယ့်ကိုယ်ကို ပြန်ရန်တွေ့နေရတဲ့ မိန်းကလေးရယ် . . . အချိန်လည်း သိပ်မရတာမို့ နောက်ဆုံးတော့ သင့်တင့်သောဈေးနှုန်းလေးနဲ့ ဆိုဒ်တူဖိနပ်တစ်ရံကိုပဲ ဝယ်ခဲ့လိုက်တယ်။

မတတ်နိုင်ပါဘူး။

ကျူရှင်မဆင်းခင် ကြိုရောက်နေဖို့က လိုသေးတယ်လေ။

ဖိနပ်ဘူးလေးတစ်ခု ကိုင်ပြီး သူငယ်ချင်းနဲ့ တွေ့ဖို့ကို ခဏနောက်ထားလို့ သူမတက်လှမ်းသွားရာ လှေကားခြေရင်းမှာ ရပ်စောင့်နေလိုက်တယ်။ အနည်းငယ် ပူပန်စိတ်လည်း ဖြစ်ရပါသေးတယ်။ ဖိနပ်လိုက်ဝယ်နေတုန်း ကျူရှင်များ ဆင်းသွားပြီလားပေါ့။

ဒါကို သိရဖို့တော့ သိပ်မခက်လှပါဘူး။ လှေကားအတိုင်းတက်ပြီး တိုက်ခန်းတံခါးများရှေ့ အရိပ်အခြေ လေ့လာကြည့်တာပါ။ ဆိုင်းဘုတ်တပ်မထားလို့ ဘယ်ဟာစာသင်ခန်းမှန်း မသိနိုင်ဘူးလေ။ လိုအပ်ရင် တံခါးမှာ နားကပ်ထောင်လိုက်တယ်။

သုံးလွှာမြောက် အခန်းရှေ့ကို ရောက်တော့မှ စိတ်အေးသွားရတယ်။ အတွင်းမှ စာသင်သံသဲ့သဲ့ကို အပြင်က ကြားနေရပါတယ်။ အဲဒါကြောင့် အောက်ပြန်ဆင်းပြီး လှေကားခြေရင်းမှာ ပြန်ရပ်စောင့်တယ်။ အတော်ကြာ ရပ်စောင့်တာတောင် ကျူရှင်မဆင်းသေးတာနဲ့ မျက်နှာချင်းဆိုင်က လက်ဖက်ရည်ဆိုင်ထဲဝင်ပြီး အအေးတစ်ခွက်မှာလို့ ထိုင်စောင့်နေလိုက်တယ်။

နာရီဝက်နီးနီး ကြာသွားမယ် ထင်ရဲ့။

ပထမဆုံး ဆင်းလာသည့် ကျောင်းသားတစ်ယောက်ကို တွေ့စဉ်မှာ မိုးဝေ ပိုက်ဆံရှင်းပြီး တစ်ဖက်လမ်း အမြန်ကူးလိုက်တယ်။ ကျူရှင် လွှတ်ပြီလေ။ ဆယ်ယောက်ထက်မနည်းသော ကျောင်းသားလူငယ်တွေ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာတယ်။ လူကုန်သွားတဲ့အထိ မိုးဝေ စောင့်မျှော်နေသူက ရောက်မလာပါဘူး။ ဝေခွဲရခက်စွာနဲ့ တိုက်လှေကားပေါ် မော့ကြည့်နေမိတယ်။

လိုအပ်ရင် တက်သွားဖို့လည်း ဆုံးဖြတ်ထားပြီးသားပါ။ ဒါပေမဲ့ လည်ပင်းမညောင်းခင်မှာ ခြေဖဝါးလေးတစ်ဖက် သက်ဆင်းလာတယ်။ လှေကားဝမှာ ရပ်နေတဲ့သူကိုတွေ့တော့ အံ့ဩ ရိပ်စွန်းသွားတယ်။

"ရော့ . . ."

ထိုးပေးသော ဖိနပ်ဘူးလေးကို သွေးအေးအေး ငုံ့ကြည့်စဉ် . . .

"ကျွန်တော် နင်းဖြတ်လိုက်တဲ့ ဖိနပ်တစ်ရံအတွက် အစားပြန်ပေးတာပါ"

"ရပါတယ် . . . ကျွန်မ အပြစ်နဲ့ကျွန်မပဲ အစားပြန်ဝယ်ပေးဖို့ မလိုပါဘူး"

"မဟုတ်ဘူးထင်တယ်နော် . . . မင်းနဲ့ ဘာမှ မဆိုင်ဘူးလေ။ ဖိနပ်က ကျွန်တော်နင်းလိုက်လို့ ပြတ်သွားတာပဲ"

"မဟုတ်ပါဘူး . . . ရှင်နဲ့ ဝေးဝေးက လမ်းမလျှောက်မိလို့ပါ"

"ဗျာ . . ."

စိတ်တွင်းမှာ မတင်မကျ ဖြစ်သွားတယ်။ ဘယ်လို မိန်းကလေးပါလဲ။ တကယ့် တရားခံအစစ်ကို လစ်လျူရှုပြီး လမ်းဝေးဝေးမလျှောက်မိလို့ဆိုကာ ကိုယ့်ကိုယ်ကို အပြစ်တင်နေပုံက။ ပြီးတော့ လှုပ်ရှားမှုမဲ့သော မျက်နှာနဲ့ သူ့ကို ကျော်ကာ ပလက်ဖောင်းပေါ် ဆင်းသွားပါတယ်။

ပူပြင်းထားသော နေရောင်ကြောင့် ပလက်ဖောင်းတွေ အငွေ့ထွက်နေမှာ မြေကြီးလက်ခတ် မလွဲပါဘူး။ ဒါကို ခြေဗလာအတိုင်း နင်းလျှောက်သွားသည်က . . .

နောက်ပြီး ခြေထောက်အစုံက ကြမ်းကြမ်းတမ်းတမ်းမဟုတ်။ ဖြူဖြူဖွေးဖွေးမှာ အနီရောင်ခြေသည်းလေးတွေတောင် ဆိုးထားသေးရဲ့။

သက်ပြင်းကိုချပြီး နောက်က ပြေးလိုက်ရတော့တယ်။

"ကျွန်တော့်နာမည် မိုးဝေပါ။ ကျွန်တော်ခင်ဗျားကို လိုက်နှောင့်ယှက်နေတာ မဟုတ်ပါဘူး။ ဒါကလည်း လူမှုရေးအရ အစားပြန်ဝယ်ပေးတာပါ။ ပြီးတော့ ဒီအပူရှိန်နဲ့ မင်းခြေဖဝါးတွေ အဆင်မပြေလောက်ဘူးထင်တယ်"

ခြေစုံကို ရပ်ပြီး သူ့ကို စေ့စေ့ကြည့်လာတယ်။

"ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ရှင်ပေးတဲ့ဖိနပ်က ကျွန်မ စီးနိုင်တာထက် စျေးကြီးနေတယ်။ ကျွန်မ ဘယ်လို ဖိနပ်မျိုးပဲ စီးနိုင်တယ်ဆိုတာ ကျွန်မ အိမ်နီးနားချင်းတွေ သိတယ်။ ကျွန်မအဘွား သိတယ်။ ကုန်ကုန်ပြောရရင် ကျွန်မတို့ တစ်ရပ်ကွက်လုံးတောင် သိတယ်။ အဲ့တော့ ကိုယ်မတတ်နိုင်တာတွေ စီးပြီး ပတ်ဝန်းကျင်က အထင်မြင်သေးတာကို ကျွန်မ မခံနိုင်ဘူး"

ဖိနပ်ဘူးကိုင်ပြီး မိုးဝေတစ်ယောက် ကြက်သေ သေသွားရပါတယ်။ ဘာပြန်ပြောရမှန်းလည်း မသိတော့ဘူး။ ထိုစဉ်မှာပဲ အင်းစိန်ဘက်ကို သွားတဲ့ ဘက်(စ်)ကားကြီးတစ်စီး မှတ်တိုင်ကို ထိုးစိုက်လာတယ်။ တားချိန်မရလိုက်ခင်မှာပဲ ဖိနပ်စီးမထားသော ကောင်မလေးတစ်ယောက်မှာ ထိုဘတ်(စ်)ကားကြီးပေါ်ကို တက်လို့ သွားခဲ့ပြီ။

မှတ်တိုင်မှာ ရပ်ကျန်ခဲ့သူတစ်ယောက်တော့ ရှိနေပါတယ်။ မကြာခင်မှာ "ချစ်မဝရောဂါ" ရလာမယ့် လူတစ်ယောက်ပေါ့။ နာမည်ကို "မိုးဝေ" လို့ လွယ်လွယ်ခေါ်နိုင်ပါတယ်။


. . .

အပိုင်း - ၂ သို့


Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး