ခန်းဆောင်နီအိပ်မက် @ အခန်း - ၈


အထိန်းတော်ကြီးလီက အရက်မသောက်ရန် ဆုံးမခြင်း၊

ပေါက်ယု စိတ်ဆိုး၍ လက်ဖက်ရည်ပန်းကန်ကို ရိုက်ခွဲခြင်း။


နက်ငှက်မယ်နှင့် ပေါက်ယုတို့ စံအိမ်သို့ ပြန်ရောက်သည့်အခါ၌ ပေါက်ယုက မိမိတို့၏ ဆွေမျိုးစုကျောင်းတွင် ကျင်ချွန်း ကျောင်းတက်လိုသည့်အကြောင်း၊ ကျင်ချွန်းလို အဖော်ရှိလျှင် မိမိလည်း ထိုကျောင်းကို တက်ချင်သည့် အကြောင်းကို မယ်မယ်အား ပြောပြ၏။ ပေါက်ယု ကျင်ချွန်း ချစ်စရာကောင်းပုံ၊ သဘောကောင်းပုံများကို အမွှမ်းတင် ပြောပြ၏။

နတ်ငှက်မယ်ကလည်း ပေါက်ယုစကားကို ထောက်ခံကာ

“ဟုတ်တယ် မယ်မယ်ရဲ့။ တစ်ရက်နှစ်ရက်လောက်ဆိုယင် ကျင်ချွန်းလဲ မယ်မယ့်ကို လာကန်တော့မယ်လို့ ပြောသွားပါသေးတယ်'' ဟု ပြောလေရာ မိမိအား လာရောက် ကန်တော့မည် ဆိုသည့်သတင်းကို ကြားသည့်အခါ မယ်မယ်မှာ ဝမ်းသာလျက်ရှိ၏။ နတ်ငှက်မယ်သည် ထိုအခါအခွင့်ကိုယူကာ မယ်မယ့်အား နောင်လာမည့် တစ်ရက်နှစ်ရက်အတွင်း ဇာတ်ပွဲလိုက်ကြည့်ရန် ဖိတ်၏။

မယ်မယ်သည် အသက်ကြီးသည့်တိုင် အပျော်အပါးကို ဝါသနာပါဆဲ ဖြစ်၏။ နောက်နှစ်ရက်ကြာ၍ မမယုက ဇာတ်ပွဲကြည့်ရန် လာဖိတ်သည့်အခါ၌ သခင်မဝမ်၊ ထိုက်ယု၊ ပေါက်ယုနှင့် အခြားသူများ အားလုံးကိုလည်း ဇာတ်ပွဲသို့ ခေါ်သွား၏။

နေ့လယ်နေ့ခင်းဆိုလျှင် မယ်မယ်သည် တစ်ရေးတမော အိပ်လေ့ရှိ၏။ ယောက္ခမဖြစ်သူ မယ်မယ်ပြန်သွားလျှင် အေးအေးဆေးဆေး နေတတ်သည့် သခင်မဝမ်မှာလည်း အဆောင်သို့ ပြန်သွားလေ၏။ ထိုအခါ၌ကား နတ်ငှက်မယ်သည် လူကြီးနေရာကိုဝင်ယူကာ ညနေမိုးချုပ်အထိ လူငယ်များနှင့် ဇာတ်ပွဲကြည့်လျက် ရှိလေ၏။

ပေါက်ယုသည် မယ်မယ်အား အိပ်ခန်းဆောင်သို့ လိုက်ပို့ပြီးလျှင် ပွဲကြည့်ဆောင်သို့ ပြန်လာရန်ဖြစ်သော်လည်း ကျင်ကို့နှင့်တကွ အခြားသူများကို အနှောင့်အယှက် မပေးလိုတော့သည့်အတွက် မသွားတော့ချေ။ ပေါက်ကြည်မှာ မကြာပင်က နေထိုင်မကောင်းဖြစ်ခဲ့ရာ လူကိုယ်တိုင် သွားရောက်မေးမြန်းခြင်း မပြုရသေးသည်ကို သတိရသည်နှင့် ပေါက်ယုသည် ဒေါ်လေးဆွေ နေထိုင်ရာ နိန်စံအိမ်ဘက်သို့ လာခဲ့၏။ ခန်းဆောင်ကြီးမှ ဖြတ်သွားလျှင် မိမိအား ဆွဲထားကြမည်ကို စိုးရိမ်သည့်အတွက်ကြောင့် တစ်ကြောင်း၊ ထို့ထက် မိမိဖခင်ဖြစ်သူ ကျိချိန်နှင့် ပက်ပင်းတိုးနေမည်ကို စိုးရိမ်သည့်အတွက်ကြောင့် တစ်ကြောင်း ပေါက်ယုသည် ခါတိုင်းသွားနေကျလမ်းမှ မသွားဘဲ အဆောင်ကို ကွေ့ပတ်ကာ ဝင်းထဲမှ ဖြတ်လာခဲ့၏။

မိမိ၏ ခန်းဆောင်ထဲတွင်မူ အစေတော်များနှင့် လက်ပါးစေများသည် ပွဲတက် အဝတ်အစားများကို ချွတ်ပေးရန် စောင့်ဆိုင်းလျက် ရှိကြ၏။ သို့ရာတွင် ပေါက်ယုသည် အဝတ်အစားကိုမျှ မလဲတော့ချေ။ အစေတော်များသည် စံအိမ်ဘက်သို့ ပြန်မည်အထင်ဖြင့် ဒုတိယတံခါးအထိ လိုက်လာခဲ့သေးသော်လည်း ပေါက်ယုသည် အနောက်မြောက်ဘက်သို့ ချိုးကာ ခန်းဆောင်နောက်သို့ ကွေ့ ဝင်ပျောက်ကွယ်သွား၏။

အကွေ့လိုက်တွင် ဖခင် ကျိချိန်၏ အချစ်တော် လက်ပါးစေ နှစ်ဦးဖြစ်သည့် ချန်ကွမ်းနှင့် ရှန်ပိန်ရင်းတို့ကို တွေ့ရ၏။ သူတို့နှစ်ယောက်သည် ပေါက်ယုကိုမြင်လျှင် ပြေးလာကြကာ တစ်ယောက်က ပွေ့ဖက်ပြီး အခြားတစ်ယောက်က လက်ကိုဆွဲထား၏။

“အမယ်လေး၊ သခင်လေးတို့များ မတွေ့ရတာ ကြာလှပြီဗျာ။ ကြည့်စမ်း၊ ခုမှပဲ တွေ့ရတော့တယ်”

လက်ပါးစေနှစ်ယောက်သည် ပေါက်ယုကို နှုတ်ဆက်ကာ ကျန်းမာရေးကို မေးမြန်း စုံစမ်းပြီးလျှင် စကားစမြည် ပြောဆိုနေကြစဉ် ပေါက်ယု၏ အထိန်းတော်က သူတို့သခင်ကြီး ရှိမရှိ မေးမြန်းခြင်းပြု၏။

လက်ပါးစေက ခေါင်းညိက်ပြလိုက်လျက်

“ရှိတယ်ဗျ။ သခင်ကြီးက မိန်ပို့ ခန်းဆောင်ထဲမှာ အိပ်နေတယ်” ဟု ပြော၏။

ဖခင်ကြီး အိပ်ပျော်နေကြောင်းကို သိသည့်အခါတွင် ပေါက်ယုသည် ကျေနပ်သွားကာ ကိုယ့်အတွေးဖြင့်ကိုယ် သဘောကျ၍ ရယ်လိုက်မိ၏။ ထိုနောက် ပေါက်ယုသည် မြောက်ဘက်သို့ကွေ့ကာ ဒေါ်လေးဆွေတို့ နေထိုင်ရာ သစ်မွှေးဆောင်ဘက်ဆီသို့ လာခဲ့၏။ ထိုအခိုက် စံအိမ်ဘဏ္ဍာစိုးကြီးဖြစ်သည့် ဂူစင့်တုန်နှင့် စပါးကျီတိုက်မှူး ထိုက်ကျိုတို့သည် စာရင်းဒိုင် လေးငါးယောက်ဖြင့် စပါးကျီအနီးရှိ ဂရို့ချိုးသည့်ရုံထဲမှ ထွက်လာကြ၏။ ပေါက်ယုကို မြင်လိုက်သည့်အခါတွင် သူတို့အားလုံးသည် အရိုအသေ ပြုသည့်ဟန်ဖြင့် ရပ်လိုက်ကြပြီးနောက် နှုတ်ဆက်ကြ၏။ ထိုအထဲမှ တစ်ယောက်ဖြစ်သည့် ချင်းဟွာမှာ ပေါက်ယုကို အတန်ကြာမျှ မတွေ့ခဲ့ရသည့်အတွက် ရှေ့သို့တက်လာကာ ဒူးတစ်ဖက်ကို ထောက်၍ အရိုအသေပေး၏။ ပေါက်ယုကပြုံးကာ သူ့လက်ကို ဆွဲ၍ အထခိုင်းလိုက်၏။ အခြားအမှုထမ်းများကမူ

“တစ်နေ့က သခင်လေးပေါက်ယု ရေးထားတဲ့ စာတမ်းတွေကို ကျုပ်တို့ တွေ့ခဲ့တယ်ဗျ။ သခင်လေး စုတ်ချက်လက်ရေးတွေက အယင်ထက် အများကြီး တိုးတက်နေတာပဲ။ ကျွန်တော်တို့ စပါးကျီတွေနဲ့ ဂရို့ချိုးရုံအတွက်လဲ စာတမ်းလေး ဘာလေး ရေးပေးပါဦး သခင်လေးရဲ့”

“ဘယ်မှာ စတွေ့ခဲ့လို့လဲဗျ”

“အမယ်လေး နှံ့လို့ပါဗျာ။ ဒါကြောင့် သခင်လေးရဲ့ လက်ရေးစာတမ်းတွေကို လိုချင်လှချည်ရဲ့လို့ လူတွေက ကျုပ်တို့ကို လာ လာပြီး ပူဆာနေတယ်”

“ဒီလောက် မကောင်းပါဘူးဗျာ။ ဒါပေမယ့် လိုချင်ယင်တော့ သူငယ်တော်ကလေးတွေဆီမှာ ရေးပြီးသားရှိတယ်။ တောင်းယူကြ” ဟု ပေါက်ယုက ရယ်၍ပြော၏။

အမှုထမ်းတစ်သိုက်သည် ပေါက်ယုထွက်သွားတော့မှ သူတို့လိုရာသို့ အသီးသီး ထွက်သွားကြ၏။ သို့ရာတွင် ကလောင်ဘေးဖဲ့ထွက် ထူးသည်ကို ရပ်ကြဦးစို့ ။

သစ်မွှေးဆောင်သို့ ရောက်သည့်အခါတွင် ပေါက်ယုသည် ဒေါ် လေးကို ပထမဆုံး သွား၍ နှုတ်ဆက်၏။ ဒေါ်လေးဆွေ့သည် အစေတော်များအား အပ်ချုပ်ရန် အပ်ထည်များကို ဝေငှပေးလျက်ရှိရာမှ ပေါက်ယုကိုမြင်လျှင် ဝမ်းသာအားရ ပွေ့ဖက်နှုတ်ဆက်၏။

“အမယ်လေး ငါ့တူလေးရယ်၊ ဒီလောက် အေးရချမ်းရတဲ့နေ့မှာ အလကားသက်သက် ဒုက္ခရှာပြီးလာတယ်။ ကဲကဲ လာ၊ ဒီကအေးတယ်။ ခုတင်မီးဖိုပေါ်ကို လာထိုင်လှဲ့” ဟု ပြော၏။ ပေါက်ယုအတွက် လက်ဖက်ရည် ပူပူများကိုလည်း ယူလာခဲ့ရန် မှာလိုက်၏။

“အစ်ကိုကြီး ဆွေ့ပန်ကော၊ မမြင်မိပါလား ဒေါ်လေးဆွေ့ရဲ့” 

ဒေါ်လေးဆွေသည် သက်ပြင်းချလိုက်လျက် 

“အမယ်လေး၊ မင့်အစ်ကိုကြီးကတော့ ပြောမနေနဲ့။ လှန်ကြိုးက လွှတ်လိုက်တဲ့ မြင်းများလိုပဲ။ အိမ်ကပ်တယ်လို့ကို မရှိဘူး။ အားအားရှိ အပြင်ထွက်နေတာပဲ”

“ပေါက်ကြည်ကော တော်တော် နေကောင်းသွားပြီလား”

“အေးကွယ်။ တော်တော်လေးတော့ သက်သာသွားပါပြီ။ တစ်နေ့ကတောင် နေမကောင်းတာ လူကြုံနဲ့ လှမ်းမေးလိုက်လို့ မင့်မမလေး ပေါက်ကြည်က ဝမ်းသာနေတယ်။ သူ့အဆောင်ထဲမှာ ရှိလေရဲ့။ ၀င်မေးလိုက်ပါလားကွယ့်။ အထဲဆိုတော့ နွေးလဲနွေးတာပေါ့။ မင့်မမလေးနဲ့ စကားပြောနှင့်။ ဒေါ်လေး ဒီကိစ္စကလေးပြီးယင် လိုက်ခဲ့မယ်''

ပေါက်ယုသည် ခုတင်မီးဖိုကြီးပေါ်မှ လျှောဆင်းလိုက်ပြီးနောက် ပေါက်ကြည်၏ ခန်းဆောင်ဆီသို့ လာခဲ့၏။ ပေါက်ကြည်၏ အဆောင်မှာ ခပ်နွမ်းနွမ်း ပိုးကတ္တီပါ ခန်းဆီးကြီး တပ်ထား၏။ ပေါက်ယုသည် ခန်းဆီးကို ဖယ်လိုက်၏။

ပေါက်ကြည်သည် ခုတင်မီးဖိုကြီးပေါ်တွင် ထိုင်၍ တက်တင်းထိုးလျက်ရှိ၏။ တောက်ပ နက်မှောင်သော ဆံပင်ကို နဖူးပေါ်တွင် စုစည်းထုံးထား၏။ အောက်တွင် ပျားရည်ရောင် ဂွမ်းကပ် အင်္ကျီခံထားပြီ၊ အပေါ်တွင် အညိုနှင့် အဖြူများ ကြောင်ဥကျည်ပွေးကွပ်သည့် ပန်းရောင် လက်ပြတ်ကို ထပ်ဝတ်ထားကာ ခါးတွင် အဝါရောင် လုံချည်ကို ဝတ်ထား၏။ ပေါက်ကြည်၏ အဝတ်အစားမှာ တောက်တောက်ပပ မဟုတ်လှသည့်ပြင် ခပ်နွမ်းနွမ်းမျှသာ ဖြစ်၏။ နှုတ်ခမ်းတွင် ဒန်းနီဆိုးထားခြင်း၊ နက်မှောင်သော မျက်ခုံးမွှေးများကို ဆွဲထားခြင်းလည်း မရှိချေ။ ပေါက်ကြည်၏ မျက်နှာသည် ဘော်သာခွာ ငွေပြားပမာ ဖြူဖွေးဝိုင်းစက်လျက်ရှိပြီး မျက်ဝန်းများမှာ ရေတွင်ပေါ်နေသည့် ဗာဒံစေ့များနှင့် တူ၏။ ရုတ်တရက်ကြည့်လျှင် ပေါက်ကြည်သည် ငြိမ်သက်ခြင်း၊ စကားနည်းခြင်းသည် ဖျင်းအမှုကို ဖုံးကွယ်ထားသည့် မျက်နှာဖုံးတစ်မျိုးဟု ထင်ရသည့်တိုင် သူ့ကိုယ်တိုင်မှာမူ ထိုအချက်သည် ရိုးသားမှုကို ဖော်ပြသည့် အရာတစ်မျိုးဟု အစဉ်းစားကြီးသည့် ပေါက်ကြည် ထင်မိ၏။

ပေါက်ယုက ပေါက်ကြည်ကို တစ်ချက် လှမ်း၍ အကဲခတ်လိုက်ရင်း

“မမလေး နေကောင်းသွားပြီနော်”

ပေါက်ကြည်က မော့်ကြည့်လိုက်ပြီး ချက်ချင်း ထိုင်ရာမှထလိုက်လျက်

“ကောင်းသွားပါပြီ မောင်လေးရယ်။ အလကားဒုက္ခရှာလို့ လာမေးတယ်”

ပေါက်ကြည်သည် ပေါက်ယုကို ခုတင်မီးဖိုပေါ်တွင် အထိုင်ခိုင်းလိုက်ပြီးလျှင် သူ့အစေတော် ယင်အဲကို လက်ဖက်ရည် ငှဲ့ခိုင်း၏။ ပေါက်ကြည်က မယ်မယ်၊ ဒေါ်ကြီးဝမ်နှင့် အစ်မများ၏ ကျန်းမာရေးကို မေးမြန်းရင်း ပေါက်ယု၏ အဝတ်အစားများကို ကြည့်လိုက်၏။

ပေါက်ယုသည် ကျောက်မျက်ရတနာများ စီခြယ်ထားပြီး ရွှေနန်းကြိုးများဖြင့် ခတ်ထားသည့် ဦးရစ်၊ ပုလဲတစ်လုံးကို လုနေကြသည့် နဂါးနှစ်ကောင်ပုံ ဖော်ထားသော နဖူးစည်း၊ မြေခွေးမွေးကွပ်ပြီး နဂါးရုပ်များ ရွှေချည်ထိုးထားသည့် စိမ်းဝါရောင် လေးသည်တော်အင်္ကျီနှင့် ရောင်စုံလိပ်ပြာရုပ်ကလေးများကို ထိုးထားသည့် ဓါး ချည်ကြိုးတို့ကို ဝတ်ဆင်ထား၏။ လည်တွင်မူ သူ့အမည် ထိုးထားသည့် လက်ဖွဲ့ကြိုးအဖြစ် ရွှေကြိုးတစ်ကုံးကို ဆွဲထားလျက် ထိုဆွဲကြိုး၏ အဖျားတွင် မွေးစဉ်က ပါးစောင်တွင် ငုံလျက်ပါလာသည့် မြကျောက်ကို ဆွဲထား၏။

ပေါက်ကြည်က ရွှေ့သို့ တိုးလာကာ

“မောင်လေးရဲ့ ကျောက်စိမ်းတုံး အကြောင်းကို ပြောသံသာ ကြားဖူးတယ် တစ်ခါမှ မမြင်ဖူးသေးဘူး။ မလေးကြည့်ပရစေနော်”

ပေါက်ယုက ကိုယ်ကို ကုန်း၍ လည်ဆွဲကို ချွတ်လိုက်ပြီးလျှင် ကျောက်စိမ်းတုံးကို ပေါက်ကြည် လက်ထဲသို့ ထည့်လိုက်လေ၏။ ကျောက်စိမ်းတုံးမှာ စာဥအရွယ်ခန့် ရှိပြီး အရုဏ်ဦး တိမ်တိုက်ကဲ့သို့ အရည်အသွေး လဲ့လျက်ရှိကာ နို့ဓမ်းခဲကဲ့သို့ ချောမွေ့၍ ရောင်စုံ ပြိုးပြက်သော မျဉ်းကြောင်းများ ရှိ၏။ ဤသည်မှာ သေလာပဗ္ဗတတောင်ရှိ မေတ္တာတောင်ခြေရင်း၊ အသူရာချောက်မှ အစပြုခဲ့သည့် ကျောက်စိမ်းတုံး၏ ပုံသဏ္ဌာန်ပေတည်း။ ဤသည်ကို နှောင်းခေတ် စာဆိုတစ်ဦး အောက်ပါအတိုင်း စပ်ဆိုခဲ့ပေ၏။

နုဝါမည်ရှိ၊ ထိုနတ်မိလျှင်

ကောင်းကင်ပြင်လို၊ ကျောက်ကိုကျို၏

ထိုထိုဘ၀၊ သုညကမှ

လောကသံသရာ၊ လူဖြစ်လာ၏

ကျောက်တုံးအဖြစ်၊ အနှစ်သာရ

ပျောက်ကွယ်ကြလျက်၊ ဘ၀ညစ်ထေး

အစေးအညှိ၊ ကပ်ငြိဘိ၏။

ဘဝကံဆိုး၊ မျက်မှောင်ညှိုးက

ပြစ်မျိုးမထင်၊ အိရွှေစင်လည်း

မရွှင်မလန်း၊ အရောင်နွမ်း၏

ဇာတာညှိုးလျှင်၊ ကျောက်စိမ်းပင်လည်း

ရောင်လွင်မထိန်၊ အရောင်မှိန်၏

အရိုးပုံကြီး၊ တောင်လိုဟည်းလျှင်

မသေခင်မူ၊ မည်သူမှူးမတ်

မည်သူမြတ်၍၊ မည်သူမယား

မည်သူသားဟု၊ ခွဲခြားပိုင်ပိုင်

မသိနိုင်ခဲ့။ ။

မိုက်မဲသော ကျောက်စိမ်းတုံးသည် မိမိအကြောင်းကိုလည်း ကျောက်ပေါ်တွင် မှတ်တမ်းတင်ထားခဲ့လေရာ ခေါင်းတွင် ဒက်တို့ပေါက်လျက်ရှိသည့် ကိုရင်ကြီး ရေးထွင်းခဲ့သည့် စာလုံးတို့ကို အောက်တွင် ဖော်ပြပေအံ့။

သို့ရာတွင် ကျောက်စိမ်းတုံးမှာ မွေးကင်းစကလေးငယ်၏ ပါးစပ်ထဲတွင် ငုံနိုင်လောက်အောင် သေးငယ်လှသည့်အတွက် ထိုကျောက်စိမ်းတုံးပေါ်တွင်ပါသည့် စာတန်းအက္ခရာတို့ကို သူ့မူရင်းအတိုင်း ဖော်ပြမည်ဆိုလျှင် များစွာ သေးငယ်လွန်းပေရကား ထိုအတိုင်း ဖော်ပြလျင် ဖတ်သူတို့ မျက်စိညောင်းပေလိမ့်မည်။ ထို့ကြောင့် စာဖတ်သူတို့ သာမန်မျက်စိဖြင့် မြင်နိုင်ရန် ကျွန်ုပ်တို့က ပုံကြီးချဲ့၍ ဖော်ပြပေးအံ့။ ဤသို့ဆိုလျှင် “သည်ကလောက်ကြီးသည့် မြကျောက်ကြီးကို အမိဝမ်းတွင်းတွင်ရှိသည့် ကလေးငယ်က ပသို့ငုံထားနိုင်မည်နည်း” ဟု အမေးထွက်သည်ကို ရှင်းလောက်ပြီဟု ယူဆလိုပေ၏။

ကျောက်စိမ်းတုံး၏ ခေါင်းဘက်တွင် အောက်ပါအတိုင်း ပါရှိလေ၏။

မ နော မ သိ ဒ္ဓိ မြ ကျောက်

မ မေ့ မ ပျောက် လေ နှင့်

ထာဝရ သက်ရှည်ချမ်းသာမည်။


ပန်းဘက်တွင်မူ

၁။ မကောင်းသောနတ်တို့ကို မောင်းနှင်သည်။ 

၂။ ရောဂါဆိုးတို့ကို ပျောက်ကင်းစေသည်။ 

၃။ သုခနှင့် ဒုက္ခတို့ကို ကြိုသိနိုင်သည်။


ပေါက်ကြည်သည် ကျောက်စိမ်းတုံးကိုကြည့်ပြီးနောက် နောက်တစ်ခါ ပြန်ကြည့်၏။ မြကျောက်ပေါ်တွင် ထိုးထားသည့် ကမ္ပည်းစာကို နှစ်ခေါက်တိုင်တိုင် အသံထွက်၍ ဖတ်၏။ ထို့နောက် အစေတော် ယင်အဲ ဘက်သို့လှည့်ကာ

“ဘာဖြစ်လို့ ဒီနားလာရပ်ပြီး ပါးစပ်ကြီးအဟောင်းသားနဲ့ ကြည့်နေရတာလဲဟင်။ လက်ဖက်ရည်ငှဲ့ပေးပါလို့ပြောနေတာ မကြားဘူးလား”

ယင်အဲသည် တခစ်ခစ်ရယ်လိုက်လျက်

“အဲဒီစာနှစ်ကြောင်းက သခင်မလေးရဲ့ ဘယက်သီးပေါ်မှာ ရေးထားတဲ့ စာတန်းနှစ်တန်းနဲ့ အတူတူပဲနော်” ဟု ပြော၏။

“ဒီကောင်မ အလကား လျှောက်ပြောနေတာ။ အဟုတ်ထင်မနေနဲ့။ ဘာစာမှ မပါပါဘူး”

“ကျွန်တော် ကျောက်စိမ်းတုံးကိုတော့ ကျွန်တော် ပြတယ်နော် မလေး” ဟု နွဲ့ဆိုးဆိုးသည့် အသံဖြင့် ပြောလေ၏။

“မသိပါဘူး မောင်လေးရယ်။ သူ့ဘာသာသူ နဂိုကတည်းက ပါလာတာပါ။ ဒါ့ကြောင့် ဒီဘယက်သီးကို ဝတ်ထားတာပေါ့။ နို့မဟုတ်ယင် ဒီလောက်ပုံမလှတဲ့ ဘယက်သီးကြီးကို ဘာဖြစ်လို့ ဝတ်ပါ့မလဲ့ ဆိုကာ ပေါက်ကြည်သည် အနီရောင်အင်္ကျီကို အပေါ်ကြယ်သီးဖြုတ်ပြီး ပုလဲများ၊ ကျောက်မျက်ရတနာများ စီခြယ်ထားသည့် ရွှေဘယက်ကို ထုတ်ပြ၏။ ပေါက်ယုက ဘယက်ကို ကြည့်လိုက်သည့်အခါတွင် အက္ခရာ ခပ်သေးသေး ရှစ်လုံးဖြင့် ရေးထားသည့် စာတန်းနှစ်ကြောင်းကို နှစ်ဖက်စလုံးတွင် တွေ့ရလေ၏။


ပေါက်ယုသည် ထိုစာတန်းကို နှစ်ကြိမ် ဖတ်ပြီးလျှင် မိမိ ကျောက်စိမ်းတုံးတွင်ပါသည့် စာတန်းကိုလည်း နှစ်ကြိမ်ဖတ်၏။

“မလေးရဲ့ ဘယက်သီးပေါ်မှာ ရှိတဲ့ စာတန်းနဲ့ ကျွန်တော့် ဘယက်ပေါ်မှာရှိတဲ့ စာတန်းက အတူတူပဲနော်၊ တော်တော်ထူးဆန်းတာပဲ” ဟု ရယ်၍ပြော၏။

“အဲဒီစာတန်းကို ခေါင်းမှာ ဒက်တွေနဲ့ ကိုရင်ကြီးတစ်ပါးက ပေးခဲ့တာ သခင်လေးရဲ့။ အဲဒီစာတန်းကို ရွှေထည်တစ်ခုခုပေါ်မှာ ထိုးထားလို့လဲ မှာသွားတယ်” ဟု ယင်အဲက ပြောလေ၏။

ထိုသို့ပြောနေစဉ် ပေါက်ကြည်က စကားဆုံးအောင် မစောင့်ဘဲ လက်ဖက်ရည် မငဲ့သေးသည့်အတွက် လက်ဖက်ရည်ငှဲ့ရန် ခိုင်းလိုက်၏။ ထို့နောက် ဘယ်ကလာသနည်းဟု ပေါက်ယုကိုမေး၏။ ထိုအချိန်၌ ၎င်းတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် များစွာနီးကပ်လျက်ရာ ပေါက်ကြည်ကိုယ်မှ အမျိုးအမည် မခွဲခြားနိုင်သော အေးမြမွှေးကြိုင်သည့် အနံ့တစ်မျိုး သင်းပျံ့လျက်ရှိသည်ကို သတိထားမိ၏။

“မလေး၊ ဘယ်လိုအမွှေးနံ့သာရည်ကို သုံးသလဲ။ တယ် မွှေးကြိုင်ပါ့ကလား။ ကျွန်တော်ဖြင့် ဒီလိုရေမွှေးမျိုး တစ်ခါမှ မတွေ့ဖူးဘူး”

“မလေးက ရေမွှေးတွေဘာတွေကို သိပ်မသုံးပါဘူး ပေါက်ယုရယ်။”

“ဒါဖြင့် မလေး ခုဆွတ်ထားတဲ့ ရေမွှေးကကော ဘာရေမွှေးလဲ”

ပေါက်ကြည်သည် အတန်ကြာ စဉ်းစားနေပြီးနောက် 

“ဩော် သတိရပြီ၊ ဒီနေ့မနက်သောက်ခဲ့တဲ့ ဆေးက အနံ့ထင်တယ်”

“ဘာဆေးလုံးမို့လို့များ ဒီလောက်မွှေးနေရတာလဲ မမ ရယ်။ ကျွန်တော့်ကိုလဲ တစ်လုံးလောက် ပေးကြည့်ပါလား။ စမ်း စားကြည့်ရအောင်”

ပေါက်ကြည်က ရယ်လိုက်လျက်

“မဟုတ်တာ၊ ဆေးလုံးစမ်းပြီး စားကြည့်ရမယ်လို့ပဲ”

ထိုအခိုက်တွင် အစေတော်တစ်ယောက် ရောက်လာကာ မလေးထိုက်ယု ရောက်လာကြောင်းဖြင့် ပြောဆိုပြီး မရှေးမနှောင်းမှာပင် ထိုက်ယုသည် ခန်းဆောင်ထဲသို့ ၀င်လာ၏။

ပေါက်ယုကို မြင်လိုက်သည့်အခါတွင် ထိုက်ယုသည် အံ့အားသင့်သွားဟန်ဖြင့်

“ဟောတော် ။ လာတာမှားပြီထင်တယ်”

ပေါက်ယုက ထိုင်ရာမှထကာ နေရာပေးလိုက်ပြီး ပေါက်ကြည်ကမူ ခပ်မြူးမြူး အသံကလေးဖြင့်

“ဘာဖြစ်လို့လဲ ထိုက်ယုရဲ့”

“ပေါက်ယုမရှိဘူး ထင်လို့ပေါ့။ ရှိမယ်ထင်ယင် ဘယ်လာပါ့မလဲ”

“ဟောတော်။ ပိုတောင်ဆိုးသွားပြီ။ ဘာဖြစ်လို့မလာရမှာလဲ” 

ထိုက်ယုက ခပ်မဲ့မဲ့ ပြောင်သလို နောက်သလိုဖြင့် 

“လာတော့လဲ တစ်ပြုံကြီးလာ။ မလာတော့လဲ တစ်ယောက်မှ မလာလို့။ ဘယ်ကောင်းပါ့မလဲ။ တကယ်လို့ ပေါက်ယုက ဒီနေ့လာပြီး ထိုက်ယုက မနက်ဖြန်မှလာယင် ပိုမကောင်းဘူးလား၊ ရက်ခြားလာတဲ့အခါကျတော့ နေ့တိုင်း ဧည့်သည်ရှိပြီး အဖော်ရတာပေါ့။ တစ်ယောက်တည်း မပျင်းတော့ဘူးပေါ့။ ဘယ်လိုများ အဓိပ္ပာယ်ကောက်နေလို့တုံး”

ထိုက်ယုသည် ရှေ့တွင် ကြယ်သီးအပြည့် တပ်ထားသည့် ကြက်သွေးရောင် ဝတ်ရုံရှည်ကို ဝတ်ထား၏။

“’အပြင်မှုာ နှင်းတော်တော်ကျနေသလား” ဟု ပေါက်ယုက မေး၏။

“မိုးသီးတွေကျနေတယ်” ဟု အစေတော်များက ဖြေ၏။

“ဒီလိုဆိုယင် ငါ့ဝတ်ရုံကော”

“ကဲ။ မပြောဘူးလား။ ထိုက်ယုလာယင် သူပြန်တော့မှာလို့” ဟု ထိုက်ယုက ပြော၏။

အထိန်းတော်လီက

“အပြင်မှာ နှင်းလဲကျနေတယ်။ မှောင်လဲ မှောင်နေတယ်။ ဒီတော့ သခင်လေး ဒီမှာပဲ မလေးတို့နဲ့ အေးအေးဆေးဆေးနေဦး။ ဟိုဘက်ခန်းဆောင်မှာ ဒေါ်လေးဆွေ့က သခင်လေးတို့ဖို့ စားစရာ သောက်စရာတွေ ပြင်နေတယ်။ သခင်လေးရဲ့ ဝတ်ရုံကိုယူဖို့ အစေတော်ကို လွှတ်လိုက်မယ်။ သူငယ်တော်တွေကိုလဲ မစောင့်ဘဲပြန်ဖို့ ပြောလိုက်မယ်”

ပေါက်ဟု သဘောတူသဖြင့် အထိန်းတော်သည် အပြင်သို့ထွက်သွားကာ သူငယ်တော်များအား ပြန်နှင့်ရန် ပြောလိုက်၏။

ထိုအချိန်၌ကား ဒေါ်လေးဆွေ့သည် သူတို့စားသောက်ရန် လက်ဖက်ရည်နှင့် စားဖွယ်သောက်ဖွယ်တို့ကို ပြင်ဆင်ပြီးလေပြီ။ လွန်ခဲ့သည့် နှစ်ရက်ခန့်က မမယုက ကျွေးမွေးလိုက်သည့် ငန်းခြေထောက်နှင့် ဘဲလျှာများအကြောင်းကို ပေါက်ယုက ပြောသည့်အခါတွင် ဒေါ်လေးဆွေ့ကလည်း အရက်ဖြင့်စိမ်ထားသည့် ငန်းခြေထောက်နှင့် ဘဲလျာ ကို ထုတ်၍ကျွေး၏။

“၀ိုင်အရက်ချိုကလေးနဲ့များ မြည်းလိုက်ရယင် သိပ်ကောင်းပေါ့ ဒေါ်လေးရာ” ဟု ပေါက်ယုက ပြုံး၍ ပြောလိုက်၏။ 

ဒေါ်လေးသည် အိမ်တွင်ရှိသည့် အကောင်းဆုံးအရက်ချိုကို အယူခိုင်းလိုက်၏။

“မမ ဆွေ့ရေ၊ သူ့ကို ဝိုင်အရက်ချို မတိုက်နဲ့” ဟု အထိန်တော် လီက ပြောသည်။

“တစ်ခွက်တည်းပါ အထိန်းတော်ကြီးရယ်။ ဘုရားစူး တစ်ခွက်တည်းပါ” ဟု ပေါက်ယုက ပြောလေ၏။

“တစ်ခွက်လဲ မလုပ်နဲ့၊ တစ်ဖလားလဲ မလုပ်နဲ့။ မယ်မယ်တို့ သခင်မဝမ်တို့ ပါလာယင် သခင်လေး ဘာသာ တစ်အိုးလုံး ကုန်အောင်သောက်သောက်၊ အရေးမကြီးဘူး။ ဒါပေမယ့် ကျွန်မ ကွယ်ရာမှာ နောက်တစ်ယောက်က သူ့ကို အရက်ချိုလေးတစ်ခွက် တိုက်လိုက်မိလို့ ကျွန်မမှာ အဆူခံလိုက်ရတာ။ သေချင်စော်ကို နံသွားတာပဲ။ ဒီတစ်ခါတော့ ကျွန်မ အဆူမခံနိုင်ဘူး။ မမဆွေ့ရေ၊ ပေါက်ယုအကြောင်း မသိသေးလို့။ သိပ်ဆိုးတာ။ အရက်ကလေး နည်းနည်း ထွေလာပြီဆိုယင် သောင်းကျန်း လာတော့တာပဲ။ မယ်မယ်စိတ်ရတဲ့နေ့ဆိုယင် သောက်ခွင့်ပြုပါတယ်။ စိတ်မရလို့ကတော့ အနားတောင် မကပ်ရဘူး။ အဲ့ တစ်ခုခုဖြစ်လာယင် ကျွန်မခေါင်းပေါ် ကျတော့တာပဲ”

ဒေါ်လေးဆွေ့က ရယ်လိုက်လျက်

“ဒီလောက်လဲ စိုးရိမ်မနေပါနဲ့ လီရယ်။ သွားသွား အထိန်းတော်ကြီးလဲ နည်းနည်းပါးပါး အရက်ချိုကလေးဘာလေး သောက်ချည်။ သိပ်မသောက်အောင် မမဆွေ့ ကြည့်ထိန်းပါ့မယ်။ မယ်မယ်ဆူယင်လဲ မမဆွေ့ တာဝန်ယူမှာပေါ့” ဟု ဆိုကာ ဒေါ်လေးဆွေ့သည် အစေတော်များဘက်သို့ လှမ်း၍ “ ကောင်မတွေ။ အထိန်းတော်ကြီးကို အရက်ချို ကလေးများ နည်းနည်းပါးပါး တိုက်လိုက်ပါ။ ဒါမှ အချမ်းပြေမှာပေါ့” ဟု ခိုင်းလိုက်လေရာ အထိန်းတော်ကြီးလီနှင့်တကွ အတော်များသည် အခစား အစေတော်များနှင့်အတူ အရက်ချို သောက်ရန် ထွက်သွားကြ၏။

သူတို့ထွက်သွားသည့် အခါတွင် ပေါက်ယုက

“နွှေးမနေပါနဲ့တော့ ဒေါ်လေးဆွေ့ ကျွန်တော်က အေးအေးပဲ သောက်ချင်တာ”

“ဟဲ အရက်ချိုကို အအေးသောက်တာ မကောင်းဘူးကွယ့်။ နည်းနည်းနွေးပြီး သောက်ရတယ်။ နို့မို့ယင် စာရေးယင် လက်တုန်တက်တယ်”

ပေါက်ကြည်က ပြောင်သလို နောက်သလိုဖြင့်

``မောင်လေးကလဲ ပညာတွေ နေ့စဉ် သင်နေပြီးတော့ ဒါလေးမှ မသိဘူးလား။ ဘာဖြစ်လို့ အရက်ချိုကို နွှေးပြီး သောက်ရသလဲ သိရဲ့လား။ ပူပူသောက်လိုက်ယင် အရက်ငွေ့တွေဟာ မြန်မြန်ပျောက်သွားတယ် မောင်လေးရဲ့။ အအေးသောက်ယင် အငွေ့က ကိုယ်ထဲမှာ ကြာရှည်အောင်းနေပြီး ကိုယ့်ကိုယ်တွင်းက အပူကို သူက စုပ်ယူသွားတယ်။ အဲဒါ မကောင်းဘူး။ ဒါကြောင့် နောက်ကို သောက်ယင် အရက်ချို အအေးကို မသောက်နဲ့။ နွေးပြီးသောက်”

သူတို့ပြောသည်မှာ ယုတ္တိရှိသည့်အတွက် ပေါက်ယုသည် သောက်မည့်ဆဲဆဲ အရက်ချိုခွက်ကို ချလိုက်ပြီး အနွှေးခိုင်းလေ၏။ ထိုက်ယုမှာ ကွာစေ့၀ါးရင်း ပြုံး၍ နားထောင်လျက် ရှိ၏။ ထိုအခိုက်တွင် ထိုက်ယု၏ အစေတော် စွေ့ယင်သည် မီးကင်ရန်အတွက် လက်ဆွဲမီးဖိုကလေး ယူလာ၏။

“ညည်းကို ဘယ်သူက ယူခိုင်းလို့လဲ။ မလိုချင်ပါဘူး။ ပြန်ယူသွားပါ။ ဒီမှာ အအေးမိပြီး သေတော့မယ်များ ထင်နေကြသလား မသိဘူ၊'' 

“သခင်မလေး အေးနေလိမ့်မယ်။ ယူသွားပါလို့ ဇူချွန်က ပေးခိုင်းလိုက်လို့ပါ”

ထိုက်ယုသည် လက်ဆွဲမီးဖိုကလေးကို လှမ်းယူလိုက်လျှက်

“ဩော်၊ ညည်းက သူခိုင်းတာတော့လုပ်ပြီး ထိုက်ယုပြောတာကျတော့ ဒီဘက်နားက နားထောင်ပြီး ဟိုဘက်နားက ပြန်ထုတ်ပစ်သပေါ့။ ဟုတ်မှာပါ။ ညည်းကတော့ သူပြောတာဆိုယင် နန်းတော်ကြီးက အမိန့်တော်ပြန်တမ်းကို နာခံတာထက်တောင် ပိုသေးတယ်။ နာခံတာမှ ပျာယာကိုခတ်လို့”

ထိုစကားများသည် မိမိကို စောင်းမြောင်းပြောလိုက်သည့်စကားများ ဖြစ်ကြောင်း ပေါက်ယူသိသော်လည်း မည်သို့မျှမပြောဘဲ ရယ်နေ၏။ ထိုက်ယုမှာ ဤသို့ မနာလိုဝန်တို ဖြစ်တတ်ကြောင်းကို သိသည့်အတွက် ပေါက်ကြည်ကလည်း မသိယောင်ပြုနေ၏။ ဒေါ်လေးဆွေ့ကမူ မရိပ်မိဘဲ

“တူမလေးက နုနုနယ်နယ်ဆိုတော့ အေးတာကို မခံနိုင်ဘူးမဟုတ်လား။ စိုးရိမ်လို့ လာပေးတာပဲကွယ်။ စိတ်မဆိုးပါနဲ့”

“မဟုတ်ဘူး... ဒေါ်လေးဆွေ့ရဲ့။ ဒေါ်လေးက သူတို့အကြောင်းကို မသိလို့။ ဒီလောက်မှ သူတို့နားမလည်တော့ဘူးလား။ ဒီမှာမို့လို့ ဘာမှကိစ္စမရှိဘူးပေါ့။ တခြားအိမ်မှာသာဆိုယင် အိမ်ရှင်ကို စော်ကားသလို ဖြစ်နေမှာပေါ့။ ထိုက်ယုရဲ့အဆောင်ထဲက လက်ဆွဲမီးဖိုကို လာပေးတယ်ဆိုတော့ အိမ်ရှင်မှာ ဒါမျိုးမရှိတော့တဲ့ပုံ ရောက်တာပေါ့။ အမှန်က ယူလာတော့ သူတို့က ဘေးကမြင်ယင် သူတို့ အလိုက်ကန်းဆိုးမသိတာကို မြင်မှာမဟုတ်ဘူး။ ထိုက်ယုကိုသာ အဖြစ်သည်းလိုက်တာလို့ အောက်မေ့ကြမှာ”

“တူမလေးက သိပ်ပြီး အစိုးရိမ်လွန်တာကိုးကွယ့်။ ဒေါ်လေးဆွေ့ တို့ကတော့ ဒီလိုမထင်တတ်ပါဘူးကွယ်”

အခုအချိန်၌ ပေါက်ယုမှာ အရက်ချို သုံးခွက်ကုန်သွားလေပြီ။ အထိန်းတော် လီသည် ရောက်လာကာ နောက်ထပ် သောက်ခြင်းမပြုရန် ပြောဆိုပြန်၏။ သို့ရာတွင် ပေါက်ယုမှာ သူ့အစ်မဝမ်းကွဲများနှင့် ရယ်လားမောလားနှင့် ပျော်လျက်ရှိလေပြီ။ ထို့ကြောင့် ဆက်သောက်မည် တကဲကဲဖြစ်နေ၏။ “အထိန်းတော်ကြီးရယ်။ နောက်ထပ်နှစ်ခွက်တည်းပါဗျာ၊ နော်။ နောက်ထပ် နှစ်ခွက်တည်းပါ” ဟု တောင်းပန် လျက်ရှိလေ၏။

“ကြည့်လဲ သောက်နော်။ ဒီနေ့စံအိမ်မှာ သခင်ကြီးကိုချိန်လဲ ရှိတယ်။ ဘယ်မှ မသွားဘူး။ စာခေါ်မေးနေလို့ အရက်နံ့ နံယင် ဟုတ်ပေ ရှိနေမယ်”

ထိုအခါ ပေါက်ယုသည် အနည်းငယ် စိတ်ညစ်သွားကာ အရက်ခွက်ကို ပြန်ချလိုက်ပြီး ခေါင်းငုံ့လျက်ရှိ၏။

“အမယ်လေး။ ပျော်ပျော်ပါးပါး နေစမ်းပါ။ ဦးကြီးကျိချိန် ခေါ်လွှတ်လိုက်ယင် ဒေါ်လေးဆွေ့က တားထားလို့လို့ ပြောလိုက်မှာပေါ့။ ပေါက်ယုရဲ့ အထိန်းတော်ကြီးကလဲ အရက်ကလေး မူးမူးရှိလို့ ပြောနေတာပါ” ဟုဆိုကာ ပေါက်ယုကို တို့လိုက်ပြီးနောက် အနီးသို့ကပ်ကာ ခပ်တိုးတိုးဖြင့် “အထိန်းတော် အဘွားကြီးပြောတာ ဂရုစိုက် မနေစမ်းပါနဲ့။ ထိုက်ယုတို့ဘာသာ အေးအေးဆေးဆေး ပျော်ပျော်ပါးပါး နေကြရအောင်ပါ”ဟု  ပြောလေ၏။

“သခင်မလေး ထိုက်ယု၊ သူ့ကို မြှောက်ပေးမနေနဲ့နော်။ သခင်မလေး ထိုက်ယုပြောယင် သူက အဟုတ်သောက်မှာ ”

ထိုက်ယုက စိတ်ဆိုးသွားဟန်ဖြင့်

“ထိုက်ယုက သူ့ကို ဘာဖြစ်လို့ မြှောက်ပေးရမှာလဲ၊ သူ့ကိုတို ထိုက်ယုက ဘာသညာပေးစရာရှိသလဲ။ အထိန်းတော်ကြီး စကားပြောယင် ကြည့်ပြောနော်။ တစ်ခါတလေမှာ မယ်မယ်ကိုယ်တိုင်က တိုက်နေတာပဲ။ ဒီကျမှ ဒေါ်လေးတိုက်တော့ မသောက်ဘူးဆိုယင် ဘယ်ကောင်းမလဲ။ အထိန်းတော်ကြီး ပြောချင်တာက ဒေါ်လေးဆွေ့က သူစိမ်း၊ အိမ်မှာနေသလို မနေနဲ့ မစားနဲ့လို့ ပြောချင်လို့လား”

နောက်ဆုံးတွင် အထိန်းတော်ကြီးသည် စိတ်ပျက်လက်ပျက် ဖြစ်သည့်တိုင် ခပ်မြူးမြူးဖြင့်

“သခင်မလေး ပြောလိုက်မှဖြင့် ပြတ်ပါပေတယ်ရှင်၊ ဓားသွားထက်တောင် ပြတ်ပါပေတယ်။ ကျုပ်တော့ သေသာသေလိုက်ချင်တယ် ပေါက်ကြည်မှာလည်း ထိုက်ယု၏စ ကားကို ကြားသည့်အခါတွင် မပြုံးဘဲ မနေနိုင်တော့ချေ။ ပေါက်ကြည်သည် ပေါက်ယု၏ပါးကို တို့လိုက်ပြီးနောက်

“ထိုက်ယုက တကယ်စ ကားတတ်တာပဲနော်။ တစ်ဖက်သားမှာ စိတ်ဆိုးရအခက်၊ ရယ်ရအခက်နဲ့”

ဒေါ်လေးဆွေ့က

“ကဲပါကွယ်၊ ဒီလောက် စိုးရိမ်မနေပါနဲ့။ ဒေါ်လေးဆွေ့ အနေနဲ့ကတော့ အထူး မပြောလိုပါဘူး။ အစားအသောက် ဒီလောက်စားယင် အစာမကြေရင်ကယ် ဖြစ်နေပါ့မယ်။ ဒီတော့ ထိုက်ယုကြိုက်သလောက်သာ သောက်ပါ။ ဒေါ်လေးဆွေ့ တာဝန်ယူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညလယ်စာစားပြီးမှ ပြန်ရမယ်။ သိပ် မူးသွားယင်လဲ ဒေါ်လေးဆွ့တို့ဆီမှာပဲ အိပ်ပေါ့” ဟုဆိုကာ နောက်ထပ် အရက်များကို ငဲ့ပေးရန်ခိုင်းလိုက်ပြီးနောက် “ဒေါ်လေးလဲ နည်းနည်းသောက်ပါ့မယ်၊ ပြီးတော့ ထမင်းစားကြတာပေါ့” ဟု ပြော၏။

ထိုစကားကို ကြားလိုက်သည့်အခါတွင် ပေါက်ယုမှာ အားတက်သွားလေသည်။

ပေါက်ယု၏ အထိန်းတော်ကြီးက

“ဟဲ့ကောင်မတွေ။ သခင်လေးကို ကြည့်ထားကြစမ်း။ ငါအိမ် ပြန်ပြီး အဝတ်အစား လဲလိုက်ဦးမယ်။ ပြီးတော့မှ ပြန်လာခဲ့မယ်” ဟု ပြာပြီးလျှင် “မမဆွေ့ရေ၊ သူ့ကို လွှတ်လဲမထားနဲ့။ သိပ်လဲမသောက်ပေ့စေနဲ့နော်”ဟု ပြော၏။

အထိန်းတော်ကြီး ပြန်သွားသည့်အခါ၌ ရေသာခိုတတ်သည့် အစေတော် သုံးလေးဦးသည်လည်း အနေချောင်ပြီဟုတွက်ကာ သူတို့ ဘာသာ လွတ်လပ်စွာနေကြရန် အသားရှောင်ထွက်လာခဲ့ကြ၏။ ပေါက်ယုက အနားတွင် လက်တိုလက်တောင်း ခိုင်စရာဆို၍ အစေတော် နှစ်ယောက်သာ ကျန်ခဲ့၏။ သို့ရာတွင် ဒေါ်လေးဆွေ့သည် ပေါက်ယုကို နောက်ချည်တစ်ခါ၊ ချော့ချည်တစ်လှည့်ဖြင့် အရက်ချိုများများ မသောက်မိအောင် လုပ်ပြီးနောက် အရက်အိုးများကို မသိမသာ အသိမ်းခိုင်းလိုက်၏။ ထို့နောက် ပေါက်ယုသည် မျှစ်ချဉ်နှင့်ဘဲရေပြားကို ပြုတ်ထားသည့် ဟင်းချိုနှစ်ပန်းကန်၊ ဆန်ပြုတ် တစ်ပန်းကန်ဝက်ကို သောက်၏။ ထိုအချိန်၌ ပေါက်ကြည်နှင့် ထိုက်ယုတို့မှာလည်း စားသောက်ပြီးကြ၍ လက်ဖက်ရည်ကျကျကို သောက်လျက် ရှိကြလေရာ ထိုအခါကျမှပင် ဒေါ်လေးဆွေ့မှာလည်း သက်ပြင်းချနိုင်ပေ၏။ 

ထိုအချိန်၌ စွေ့ယင်နှင့် အခြား အစေတော်သုံးယောက်တို့သည်လည်း မီးဖိုထဲတွင် စားသောက်ပြီးသဖြင့် ပြန်လာခဲ့ကြလေပြီ။ ထိုက်ယုက ပေါက်ယုအား

“ဘယ့်နှယ်လဲ့၊ ပြန်ချင်ပြီလား”

ပေါက်ယုမှုာ မျက်ခွံတွေလေးလျက် ရှိလေပြီ။ ပေါက်ယုသည် ရီဝေသောအကြည့်ဖြင့် ထိုက်ယုကို လှမ်းကြည့်လိုက်ပြီးနောက်

“မလေးပြန်ယင် ပြန်မှာပေါ့”

ထိုက်ယုက ထိုင်ရာမှထလိုက်ကာ

“ထိုက်ယုတို့ ဒီကိုရောက်နေတာ တစ်နေကုန်ပဲ၊ ခုလောက်ဆို ပြန်ကြမှပဲ။ တော်တော်ကြာ ဘယ်သွားမှန်းမသိလို့ စိတ်ပူနေလိမ့်မယ်”

ပြန်ခါနီးတွင် အစေတော်များသည် ဝတ်ရုံများကို ယူလာကြ၏။ အစေတော်တစ်ယောက်က ဝတ်ရုံကို စွပ်ပေးနိုင်ရန် ပေါက်ယုသည် ခေါင်းကို ငုံ့ပေးလိုက်လေ၏။ အစေတော်သည် ကြက်သွေးရောင် ခေါင်းဆောင်းကို ထုတ်ကာ ခါလိုက်ပြီး ပေါက်ယုခေါင်းကို စွပ်လေ၏။

ပေါက်ယုက လက်ကာလိုက်ပြီး

“ဖြည်းဖြည်းလုပ်ပါ။ သိပ်ကြမ်းတာပဲ့။ ခေါင်းစွပ် ဆောင်းတာကို မမြင်ဖူးဘူးလားဟင်၊ ပေး ငါ့ဘာသာငါ စွပ်မယ်” 

ထိုက်ယုက ခုတင်မီးဖိုပေါ်တွင် ရပ်နေရာမှ 

“ဘယ်လို့ဖြစ်နေကြတာလဲ၊ လာလာ။ ထိုက်ယုလုပ်ပေးမယ်”

ပေါက်ယုသည် ထိုက်ယုဆီသို့ လာခဲ့၏။ ရောက်သည့်အခါ ထိုက်ယုက ဦးရစ်ပေါ်မှနေ၍ လက်ကိုလျှိုကာ ခေါင်းစွပ် အဖျား နဖူးစည်းနားတွင် ချည်ပေးလိုက်လေ၏။ ထို့နောက် ကတ္တီပါကြိုး နှစ်စကို သစ်ချသီးအရွယ်ခန့်ဖြစ်အောင် ထုံးပေးပြီး ရှေ့တွင် ချပေးလိုက်၏။

ထိုက်ယုက သူပြင်ဆင်ပေးသည်ကို ကြည့်လိုက်ပြီးလျှင် 

“ဒီလိုမှပေါ့၊ ကဲ ကိုယ်တော်လေး၊ အပေါ်ရုံအင်္ကျီကို ၀တ်တော်မူ”

ပေါက်ယုက အပေါ်ရုံအင်္ကျီကို ဝတ်နေစဉ် ဒေါ်လေးဆွေ့က

“ပေါက်ယု ခေါ်လာတဲ့ အထိန်းတော်တွေကလဲ အနားမှာ တစ်ယောက်မှ မရှိကြတော့ပါလား။ ဘယ်ဆီဘယ်စခန်းများ ရောက်ကုန်ကြလဲ မသိဘူး”

“ဘာဖြစ်လို့ သူတို့ကို စောင့်နေတော့မှာလဲ။ ပေါက်ယုတို့ ဘာသာ ပြန်မှာပေါ့။ ပေါက်ယုတို့မှာ အစေတော်တွေပါသားပဲ”

သို့ရာတွင် ဒေါ်လေးက သူတို့ကို စိတ်မချသဖြင့် အသက်ခပ်ကြီးကြီး အစေတော် နှစ်ယောက်ကို ထည့်လိုက်၏။ ထိုနောက်တွင် ပေါက်ယုနှင့် ထိုက်ယုတို့သည် အိမ်သည်များကို နှုတ်ဆက်ကာ မယ်မယ်၏ အဆောင်ဝင်းဘက်သို့ ပြန်လာခဲ့ကြ၏။

မယ်မယ်မှာ ညစာစားသောက်ခြင်း မပြုရသေးချေ။ သို့ရာတွင် ဒေါ်လေဆွေ့တို့ အဆောင်သို့ သွားကြောင်းကို သိရသည့်အခါတွင် ကျေနပ်သွား၏။ ပေါက်ယု အရက်မူးလာသည်ကို သတိပြုမိလိုက်သဖြင့် သူ့အခန်းဆောင်သို့ပို့စေကာ ထိုနေ့ညတွင် ဘယ်ကိုမျှ မထွက်တော့ဘဲ အိပ်ရန်ပြော၏။ မယ်မယ်သည် အိပ်ဖန်စောင့်လှည့်ကျ အစေတော်များအား ပေါက်ယုကို ကောင်းစွာကြည့်ရှုရန် မှာကြားပြီးနောက် ဒေါ်လေးဆွေ့တို့ အဆောင်ဘက်သွားရာတွင် အထိန်းတော် မည်သူလိုက်သွား သည်ကို သတိရလိုက်သဖြင့်

“ဟဲ ကောင်မတွေ့။ အထိန်းတော်က ဘယ်မှာကျန်ရစ်ခဲ့သလဲ” 

အထိန်းတော်လီ အိမ်ပြန်သွားပြီဖြစ်ကြောင်းကို အစေတော်များသည် မပြောရဲကြချေ။

“စောစောတုန်းကတော့ ဒီမှာရှိပါတယ် မယ်မယ်။ ကိစ္စရှိလို့ အပြင်များ ထွက်သွားသလား မပြောတတ်ပါဘူး”

ပေါက်ယုက ခန်းဆောင်ဘက်သို့ ယိုင်တီးယိုင်တိုင်ဖြင့် လျှောက်သွားရာမှ နောက်ပြန်လှည့်လိုက်ရင်း “အထိန်းတော်ကြီးလီက တို့မယ်မယ်ထက်တော့ ဇိမ်ကျကျ နေတတ်သေးတယ်။ ဘာဖြစ်လို့ မေးနေရတာလဲ မသိဘူး။ အထိန်းတော်ကြီးလီ မရှိလို့ အဲဒီမှာ ကြာကြာနေလို့ရတာ” ဟုပြောရင်း အိပ်ခန်းဆောင်ထဲသို့ ဝင်သွား၏။

ခန်းဆောင်ထဲသို့ ပေါက်ယုရောက်သည့်အခါ စားပွဲခုံပေါ်တွင် တင်ထားသည့် စုတ်တံနှင့် ဆေးမင်ခဲကိုမြင်မိ၏။ သူ့အစေတော် တစ်ယာက်ဖြစ်သည့် ချင်ဝမ်က ခပ်ပြုံးပြုံးဖြင့်

“သခင်လေးက တော်တယ်နော်။ မနက်တုန်းကတော့ စိတ်လိုလက်ရနဲ့ ကျွန်မကို မင်ခဲ့သွေးခိုင်းလို့။ ရေးတော့ အက္ခရာလေး သုံးလုံးတည်းရေးသွားတယ်။ စုတ်တံကိုချပြီး ထွက်သွားလိုက်တာ။ တစ်နေ့လုံး မပေါ်လာတော့ဘူး။ သခင်လေး စာတန်းရေးမယ်ဆိုလို့ ကျွန်မတို့ဖြင့် တစ်နေကုန် စောင့်လိုက်ရတာ။ ကဲ သခင်မလေး။ စာတန်းရေးဦးမယ်ဆို။ ရေးမှာဖြင့်ရေးလေ”

ထိုအခါကျမှ ပေါက်ယုသည် မနက်က စာတန်းရေးရန် ပြောခဲ့သည်ကို သတိရကာ

“ဘယ်မှာလဲ ငါရေးထားတဲ့ စာတန်းတွေ” 

ချင်ဝမ်းက ရယ်လိုက်လျက်

“သခင်လေးကြည့်ရတာ တော်တော် မူးနေပြီထင်တယ်။ အိမ်လည် မထွက်မသွားခင် တံခါးမှာ ကပ်ထားလို့ ပြောလို့ တံခါးမှာ ကပ်ထားတယ်လေ။ မမှတ်မိတော့ဘူးလား။ ကျွန်မဖြင့် သူများကိုတောင် စိတ်မချလို့ လှေကားတစ်ခုနဲ့ ကိုယ်တိုင်တက်ပြီး ကပ်လိုက်တာ။ အေးလွန်းလို့ ခုထိတောင် လက်တွေ ကျင်နေသေးတယ်” 

ပေါက်ယုသည် ပြုံးလိုက်လျက်

“ဟုတ်လား၊ ငါမေ့သွားတယ်ဟာ။ ကဲ နင့်လက်တွေ ထုံကျင်နေယင် နွေးအောင် လုပ်ပေးပါ့မယ်” ဟု ဆိုကာ ပေါက်ယုသည် ချင်ဝမ်၏ လက်များကို သူ့လက်ထဲတွင် နွေးအောင် ဆုပ်ကိုင်ပေးရင်း တံခါးထုပ်ပေါ်တွင် ရေးထားသည့် စာတန်းများကို မော့်ကြည့်နေ၏။

ထိုအခိုက်တွင် ထိုက်ယုဝင်လာသဖြင့် ပေါက်ယုက 

“မလေး၊ ဒီတံခါးထုပ်ပေါ်မှာ ရေးထားတဲ့ အက္ခရာသုံးလုံးမှာ ဘယ်ဟာ အလှဆုံးလဲဟင်။ တကယ်ပြောတာပါ။ နောက်တာ မဟုတ်ပါဘူး”

ထိုက်ယုက “အနီရောင် နောင်တခန်းဆောင်” ဆိုသည့် စာလုံးများကို ကြည့်နေ၏။

“စာလုံးတွေက လှသားပဲ။ ဒီလိုဆိုတော့လဲ ငါ့မောင်က စာလုံးပန်းချီ တော်သားပဲ၊ ဘယ်ဆိုးလို့လဲ။ တစ်နေ့ကျယင် ထိုက်ယုဖို့လဲ စာတန်း အရေးခိုင်းဦးမယ်”

“မလေးက ပေါက်ယုကို နောက်တာပေါ့လေ” ဟု ဆိုကာ ပေါက်ယုသည် ချင်ဝမ်းဘက်သို့ လှည့်လိုက်လျက်

“မာလာကော မာလာဘယ်မှာလဲ”

ချင်ဝင်းက ခုတင်မီးဖိုကြီးဘက်သို့ မေးငေါ့ပြလိုက်သည်တွင် ကျကျနန ပြင်ဆင်ဝတ်စားကာ ခုတင်မီးဖိုပေါ်တွင် လှဲနေသည့် မာလာကို မြင်ရလေ၏။

“ဩော် ရှိသားပဲ။ ဒါပေမယ့် ငါ မအိပ်ချင်သေးဘူး။ ဒီနေ့ မနက် ဒေါ်လေးဆွေ့တို့အိမ်မှာ တို့ဟူးနဲ့လုပ်တဲ့ ပေါက်စီ စားခဲ့ရတယ်။ ကောင်းလိုက်ဘာဟာ။ နင်တို့ကြိုက်တတ်မှန်းသိလို့ ညလယ်စာ စားရအောင် ပိုလိုက်စမ်းပါလို့ မမကို မှာပစ်ခဲ့တယ်။ ခု့ ပိုလိုက်ပြီ မဟုတ်လား။ ဘယ့်နှယ်လဲ ရောက်လာပလား”

ချင်ဝမ်းက

“အမယ်လေး။ မေးမနေနဲ့ သခင်လေး။ အမှန်ကတော့ မပေါက်စီက ကျွန်မဖို့ ပို့လိုက်တာမှန်း ကျွန်မ သိပါတယ်။ ကျွန်မက ရင်ပြည့်နေသေးလို့ မစားနိုင်လို့ ဒီမှာထားပစ်ခဲ့တာ။ ဒီကို အထိန်းတော်လီ ရောက်လာပြီး ပေါက်စီကို မြင်တော့ သခင်လေးက ဝနေပြီတဲ့။ စားမှာ မဟုတ်တော့ဘူးတဲ့၊ ငါ့မြေးလေးဖို့ ယူသွားရမယ်ဆိုပြီး ယူသွားလေရဲ့”

ထိုအခိုက်တွင် အစေတော် တစ်ယောက်ဖြစ်သည့် ချိန်စွေ့သည် လက်ဖက်ရည်ပွဲကို ယူလာသဖြင့် ပေါက်ယုက “မလေးကော လက်ဖက်ရည် သောက်ပါဦးလား” ဟု ထိုက်ယုကို လှမ်းပြော၏။ အစေတော်များသည် ရယ်လိုက်ကြကာ

“သခင်မလေး ထိုက်ယု ပြန်သွားတာဖြင့် ကြာလှပြီရှင့်” ဟု ပြောကြ၏။

ပေါက်ယုသည် လက်ဖက်ရည်တစ်ခွက်လောက် သောက်ပြီးသည့်အခါတွင် တစ်စုံတစ်ရာကို သတိရသဖြင့်

“ချိန်စွေ့ကလဲ ငါ့ဖို့ ဘာဖြစ်လို့ ဒီလက်ဖက်ရည်ကို ယူလာရတာလဲ။ မနက်က ကျိုထားတဲ့ စံပယ်မွှေး လက်ဖက်ခြောက် ရှိတယ်မဟုတ်လား။ အဲဒီလက်ဖက်ခြောက်က တစ်ခါကျိုရုံနဲ့ ဘယ်တော့မှ အနံ့မရသေးဘူး။ နှစ်ခါသုံးခါလောက် ပြန်ကျိုသောက်မှ အနံ့အရသာ ကောင်းတယ်လို့ ငါပြောထားတယ် မဟုတ်လား။ ဘယ်မှာလဲ ဒီစံပယ်မွှေးလက်ဖက်ရည်”

“ဒီလက်ဖက်ရည်ကလဲ ကျိုပြီးသားမို့လို့ နှမြောတာနဲ့ ယူလာတာ သခင်လေး။ အဲဒီလက်ဖက်ရည်ကို ကျွန်မ သိမ်းထားသေးတယ် သခင်လေး။ ဒါပေမယ် အထိန်းတော်လီက မြည်းကြည့်မယ်ဆိုပြီး မြည်းကြည့်လိုက်တာနဲ့ ကုန်သွားပြီ"

ဤသည်ကမူ လွန်လွန်းသည်။ ပေါက်ယုသည် မခံနိုင်တော့ လက်ထဲတွင် ကိုင်ထားသည့် လက်ဖက်ရည်ပန်းကန်ကို ကြမ်းပြင်တွင် ပေါက်ခဲ့လိုက်လေရာ လက်ဖက်ရည်များသည် အစေတော်များကို စင်ကုန်လေ၏။ ပေါက်ယုသည် ထိုင်ရာမှ ဖြုန်းခနဲထလိုက်ပြီး

“နင်တို့ ဘာမျှ မပြောဘူးလား။ သူလုပ်တာကို နင်တို့ ဒီအတိုင်းကြည့်နေရအောင် သူက နင်တို့ ဘွားအေလား။ ဒီအဘွားကြီး ငယ်ငယ်က နို့သုံးလေးရက်တိုက်ဖူးတာနဲ့ ငါ့ကို သူမွေးထုတ်ထားတဲ့ သားကျနေတာပဲ။ သူလုပ်ချင်ရာ လုပ်နေတယ်။ တော်ပြီ။ ငါ့ ဒီအရွယ်မှာ နို့ထိန်း မလိုတော့ဘူး။ ငါက သူ့ကို သခင်မကြီးလို ဘာဖြစ်လို ဦးစားပေးနေရမှာလဲ။ မလိုချင်ဘူး။ သူ့ အထုပ်အပိုး ယူပြီး ပြန်တော့လို့ ပြောလိုက်”

ပေါက်ယုသည် မယ်မယ့်ထံသွားကာ အထိန်းတော်ကြီးကို ချက်ချင်း အထုတ်ခိုင်းပစ်ချင်၏။

မာလာမှာ ပေါက်ယုသည် သူ့ထံလာ၍ ကလိလိမ့်မည် အထင်ဖြင့် အိပ်ချင်ယောင်ပြုလျက် ရှိလေ၏။ ထို့ကြောင့် တို့ဟူးပေါက်စီအကြောင်း ပြောသည့်တိုင် ဂရုမစိုက်ဘဲ အိပ်ချင်ယောင် ဆောင်မြဲဆောင်နေ၏။ သို့ရာတွင် ပေါက်ယုက ပန်းကန်ကို ပေါက်ခွဲကာ ဒေါသတကြီး ဖြစ်သည့်အခါတွင်မူ အိပ်ချင်ယောင်ဆောင်နေ၍ မရတော့ဘဲ ခုတင်မီးဖိုပေါ်မှ ဆင်းလာကာ ပြေရာပြေကြောင်း ချော့မော့လျက်ရှိ၏။ ထိုစဉ် မယ်မယ့် အဆောင်မှ အစေတော်တစ်ယောက် ရောက်လာကာ အကျိုးအကြောင်းကို မေးမြန်း၏။

“အို ဘာမှမဟုတ်ပါဘူး။ လက်ဖက်ရည်ငှဲ့ပေးနေတာ။ နှင်းတွေ ကျထားတော့ ကျွန်မဖိနပ်က ချော်နေတာနဲ့ ချော်လဲပြီး ပန်းကန်ကျကွဲထားတာပါ”

ထိုနောက် မာလာသည် ပေါက်ယုဘက်သို့လှည့်ကာ

“သခင်လေးက အထိန်းတော်လီကို ထုတ်ပစ်ချင်တယ်ဆိုပါတော့။ ကောင်းပါတယ်။ လုပ်ပါ။ ဒီလိုဆိုယင် ကျွန်မလဲ မနေတော့ပါဘူး။ သူ့အကြောင်းပြပြီး ကျွန်မတို့ကိုလဲ ထုတ်ပစ်လိုက်ပေါ့ ဟုတ်လား။ အဲဒီတော့မှ အစေတော် အချော့တော်ကောင်းကောင်းရှာပေါ့” ဟု ပြောလေ၏။

ထိုသို့ပြောလိုက်သည့်အခါတွင် ပေါက်ယုသည် ငြိမ်ကျသွား၏။ ဟိုအခါကျမှ အစေတော်များသည် ပေါက်ယုကို ခုတင်မီးဖိုကြီးဆီသို့ တွဲခေါ်လာပြီးလျှင် အဝတ်အစားများကို လဲပေးကြ၏။ ပေါက်ယုမှာ ပါးစပ်မှ တဖျစ်တောက်တောက် ပြောဆိုလျက်ရှိသည့်တိုင် မျက်လုံးကို ကောင်းစွာ မဖွင့်နိုင်တော့သည့်အတွက် အစေတော်များသည် သူ့ကို စက်ခန်းဆောင်သို့ ပိုလိုက်ကြရ၏။ အိပ်ရာပေါ်သို့ရောက်လျှင် မာလာသည် ပေါက်ယုလည်တွင် ဆွဲထားသည့် အဖိုးတန် ကျောက်စိမ်းတုံးကို ဖြုတ်ယူပြီးနောက် မိမိ၏လက်ကိုင်ပဝါဖြင့် သေချာစွာထုပ်ကာ နောက်တစ်နေ့မနက် လည်တွင်ဆွဲလျှင် အနွေးဓာတ်ရနေစေရန် ပေါက်ယု အိပ်ရာအောက်သို့ ထိုးထားလိုက်၏။

ပေါက်ယုမှာ အိပ်ရာပေါ်သို့ ခေါင်းချသည်နှင့် အိပ်ပျော်သွားခဲ့လေပြီ။ ထိုအခိုက်တွင် အထိန်းတော်ကြီးလီ ပြန်ရောက်လာ၏။ ပေါက်ယု မူးလာကြောင်းကို သိပြီးဖြစ်သည့်အတွက် အထိတ်ထိတ် အလန့်လန့်ဖြင့် လာခဲ့ရရာ အိပ်ပျော်နေသည်ကို မြင်လိုက်သည့်အခါတွင်မှု စိတ်အေးသွား၏။

နောက်တစ်နေ့မနက် အိပ်ရာမှနိုးသည့်အခါ၌ နိန်စံအိမ်တွင် နေသည့် ကျိယုန်သည် မယ်မယ့်ကို ကန်တော့ရန် သူ့ယောက်ဖ ကျင်ချွန်းကို ခေါ်လာကြောင်း ပေါက်ယု သိရ၏။ ပေါက်ယုသည် ကျင်ချွန်း ကို ထွက်တွေ့ပြီးလျှင် မယ်မယ့်ဆီသို့ ခေါ်သွား၏။ မယ်မယ်မှာ ရုပ်ရည်ချောမော၍ ယဉ်ကျေးသည့် ကျင်ချွန်းကို တွေ့ရသဖြင့် ဝမ်းသာလျက် ရှိ၏။ မယ်မယ်သည် ကျင်ချွန်းကိုမြင်လျှင် ပေါက်ယုအတွက် ကျောင်းသွားဖော်ကောင်းတစ်ယောက် ဖြစ်သည်ဟု သိလိုက်သည့်အတွက် ကျင်ချွန်းအား စားဖွယ်သောက်ဖွယ်များနှင့် ဧည့်ခံပြီးနောက် သခင်မဝမ်နှင့်တကွ ကျန်အိမ်သားများနှင့် တွေ့ပေးရန် ခိုင်းလိုက်၏။

ယွန်းစံအိမ်မှ မိသားစုများသည် ကျင်ကို့ကို များစွာချစ်ခင်ကြလေရာ ယခုရောက်လာသည့် ကျင်ကို့၏မောင်ငယ် ကျင်ချွန်းကိုလည်း ချစ်ခင်ကြ၏။ ပြန်သွားသည့်အခါတွင် လက်ဆောင်များလည်း ပေးလိုက်၏။ မယ်မယ်ကမူ ဉာဏ်ပညာနှင့် စိတ်သဘောထားပြည့်၀ခြင်းကို ကိုယ်စားပြုသည့် ရွှေဖြင့်လုပ်သော ဉာဏ်ပညာ နတ်သမီးရုပ်ဟုပါသည့် သားရေအိတ်ကလေးတစ်လုံးကို လက်ဆောင်ပေးလိုက်လေ၏။

“ငါ့မြေးနေတာက ဝေးလှတယ်။ နွေနွေ ဆောင်းဆောင်း ငါ့မြေး သွားရလာရတာ ပင်ပန်းမှာပဲ။ ဒီတော့ မယ်မယ်တို့စံအိမ်မှာ နေချင်သပဆိုယင် ငါ့မြေး အချိန်မရွေး လာနေနိုင်တယ်။ ဘာမှ အားနာစရာ မလိုဘူး။ ဟောဒီမှာ ပေါက်ယုနဲ့ အတူတူနေကြ။ အုတ်ကြားမြက်ပေါက်တွေ၊ လူရမ်းကားကလေးတွေနဲ့များ အပေါင်းအသင်း မလုပ်လေနဲ့”

ကျင်ချွန်းသည် မယ်မယ့်စကားကို နားထောင်ပြီးနောက် အိမ်သို့ ပြန်လာကာ အကျိုးအကြောင်းကို ပြောပြ၏။ ကျင်ကို့၏အဖေ ကျင်ယေ့မှာ လုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနတွင် အတွင်းဝန်ကလေး တစ်ယောက်ဖြစ်ပြီး အသက် ၇ဝ ခန့်ရှိလေပြီ။ ငယ်ငယ်ကတည်းက ဇနီးဆုံးခဲ့သဖြင့် မုဆိုးဖိုဘဝဖြင့်ပင် နေထိုင်၏။ သားသမီး မထွန်းကားခဲ့သည့်အတွက် ကျင်ယေ့သည် မိဘမဲ့ဂေဟာမှ မိဘမဲ့ မောင်နှမနှစ်ယောက်ကို မွေးစားခဲ့၏။ သို့ရာတွင် မောင်ငယ်မှာ ငယ်စဉ်ကတည်းက သေဆုံးခဲ့သည့်အတွက် အစ်မဖြစ်သူ ကျင်ကို့သာလျှင် ကျန်ရစ်ခဲ့၏။ ကျင်ကို့သည် အရွယ်ရောက်သည့်အခါတွင် ချောမောလှပသည့် ကျက်သရေရှိသည့် မိန်းမပျိုတစ်ယောက် ဖြစ်လာလေ၏။ ကျင်ယေ့သည် ကျိချိန်တို့အမျိုးနှင့် ဆွေမျိုးနီးစပ်တော်သည့်အလျောက် သားသမီးချင်း လက်ဆက်ခဲ့ကြသည်တွင် ကျင်ကို့သည် ကျိယုန်နှင့် အကြောင်းပါခဲ့ခြင်း ဖြစ်၏။

ကျင်ချွန်းကို မွေးသည့်အခါတွင် သူ့အဖေသည် အသက် ငါးဆယ်ကျော်လေပြီ။ ကျင်ချွန်း၏ စာပြဆရာမှာ မနှစ်က ကွယ်လွန်သွားရာ ကျင်ယေ့မှာ သားငယ်အတွက် ဆရာရှာလျက် ရှိသော်လည်း မတွေ့သေးချေ။ ထို့ကြောင့် ကျင်ချွန်းမှာ သင်ပြီးသည့် ကျောင်းစာကို အိမ်တွင် ပြန်လည် သင်အံ၍ နေရ၏။ ကျင်ယေ့သည် သားငယ်အတွက် အချိန်အလဟဿ ဖြစ်မည်စိုးသည့်အတွက် ကျိဆွေမျိုးစု၏ ကျောင်းသို့ထားရန် စိတ်ကူးနေစဉ်တွင် ကံအားလျော်စွာ ကျင်ချွန်းနှင့် ပေါက်ယုတို့ ယခုကဲ့သို့ တွေ့ဆုံမိခြင်း ဖြစ်လေ၏။

ကျိဆွေမျိုးစုတို့က တည်ထောင်သည့် ကျောင်းမှာ ကွန်ဖြူစီ ကျမ်းစာများကို အထူးတက်ကျွမ်းသူ ပညာရှိကြီးတစ်ဦး ဖြစ်သည့် ကျိတိုက်ယုက အုပ်ချုပ်လျက်ရှိသည်ဟု သိရသည့်အခါတွင် ကျင်ယေ့များစွာ ဝမ်းသာလျက်ရှိ၏။ ဤသို့သော ဆရာမျိုး၏ အောက်တွင်သာ ပညာသင်ကြားရလျှင် သူ့သားငယ် ကျင်ချွန်းသည် ပညာထူးချွန် ပေါက်မြောက်ရုံမက လူတစ်လုံးသူတစ်လုံး ဖြစ်လာမည်ဟု ယုံကြည်ပြီးသား ဖြစ်ပေ၏။

ကျင်ယေ့မှာ ဆင်းရဲနွမ်းပါးသည့် အရာရှိတစ်ယောက် ဖြစ်၏။ သို့ရာတွင် ကျိဆွေမျိုးစုသည် ဂုဏ်အဆင့်အတန်းနှင့် ငွေကို အထင်ကြီးသည့် အမျိုးဖြစ်သည့်အလျောက် သူ့သားငယ် ကျင်ချွန်း မျက်နှာမငယ် စိမ့်သောငှာ ကျောင်းဝင်ကြေး လက်ဆောင်အဖြစ် ငွေစင် နှစ်ဆယ့်လေးကျပ်သားကို ခက်ခက်ခဲခဲရှာရ၏။ ကျင်ယေ့သည် သားငယ် ကျင်ချွန်းကို ဆရာကြီး ကျိထိုက်ယုထံ ခေါ်သွားကာ ကျောင်းအပ်၏။ ထို့နောက် ပေါက်ယုနှင့်အတူ ကျောင်းတက်နိုင်ရန် ပေါက်ယုကျောင်းအပ်ပြီးချိန်ကို စောင့်ရလေ၏။

မှန်ပေ၏။

နောင်တစ်နေ့တွင် ဒုက္ခတွေ့မည်မှန်းသိလျှင် မိမိသားငယ်ကို ယနေ့ မည်သူကျောင်းအပ်ပါမည်နည်း။

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ရွှေမျက်နှာ @ ကြည်အေး

မြို့တစ်မြို့နှင့် လူငါးယောက် @ ဆွန်း၊ စက်မှုတက္ကသိုလ်၊