သိသောသူမည်ကား ကြားပါစေ . . .( ၂ ) @ သိုးဆောင်း


  

           နောက်နေ့တွေမှာတော့ အလုပ်အကိုင်မရှိသောသူ့ဆီသို့ အလုပ်နှစ်ခု ရောက်လာပါတယ်။ တစ်ခုက သဲကြိုးပြတ်ဖိနပ်လေးနဲ့ အမျိုးအစားတူရာကို လိုက်လံရှာဖွေ ဝယ်ယူခြင်းဖြစ်ပြီး နောက်တစ်ခုက​ောတ့ ဆင်ရေတွင်းမှတ်တိုင်အနီးမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်း သက်ဖြိုးဝေကို အကူအညီတောင်းရတာပေါ့။

"သုန္ဒရီ . . . ဟုတ်လား . . . မင်းဟာက ကျောင်းသူနာမည်ရော ဟုတ်လို့လားကွာ။ ဇာတ်မင်းသမီးကြီး . . . ဟာ . . . ဟ . . . ဒီနယ်မှာ သတင်းကြီးလှသည် မင်းသမီးလေး ရွှေသုန္ဒရီ"

သက်ဖြိုးဝေက နောက်လို့ပင် နေပါသေးတယ်။ အမှန်ကတော့ မိုးဝေလည်း တိတိကျကျ မသိပါဘူး။ သူမပြောသွားတဲ့ စကားလေးတွေကို အိမ်ရောက်မှ တစ်ခုချင်းပုံပြန်ဖော် ၊ နှလုံးသားနဲ့ နားထောင်ပြီး ကောက်ချက်ဆွဲခဲ့တာပါ။

"ဟုတ်မယ်တော့ ထင်တာပဲကွာ . . . သုန္ဒရီ မဟုတ်ရင် သုန္ဒဝေပဲ . . . ရှေ့ကနှစ်လုံးကတော့ သေချာတယ်"

"ဘယ်နားမှာ ကျူရှင်တက်တာလဲ"

"လမ်းမကြီး ဟိုဘက်ခြမ်းက ဆံပင်ညှပ်ဆိုင်ရဲ့ အပေါ်သုံးလွှာမှာ"

သက်ဖြိုးဝေက မျက်မှောင်ကြုတ်ပြီး စဉ်းစားပါတယ်။ ဒါပေမဲ့ အာရုံမှာ ပေါ်လာပုံမရပါဘူး။

"ဘာပဲဖြစ်ဖြစ်ကွာ ငါ သူ့အကြောင်းကို သိချင်တယ်။ မင်း ကူညီပေးနိုင်မလား"

နောက်ဆုံးတော့လည်း ထက်သန်ပြင်းပြနေသော သူ့ပုံစံကြောင့် သက်ဖြိုးဝေ ခေါင်းညိတ်ပေးရတယ်။

ရပါတယ်။ ဒီလောက်ဆိုရင်ပဲ တော်တော်အားကိုးလောက်နေပါပြီ။ ဘာကြောင့် သိချင်တာလဲဆိုတာတော့ မမေးပါဘူး။ ဒါဟာ မေးစရာမလိုအောင် နားလည်နေသော အဖြေတစ်ခုလည်း ဖြစ်နိုင်သလို စပ်စုခြင်းကို အထုံးပါလေ့မရှိသော သက်ဖြိုးဝေ ဝါသနာလည်း ဖြစ်နိုင်ပါတယ်။

သက်ဖြိုးဝေ အလုပ်လုပ်ကြောင်း နောက်တစ်ပတ်အကြာမှာ သိခွင့်ရခဲ့တယ်။

"ဟုတ်တယ်ကွ . . . ဆံပင်ညှပ်ဆိုင်က ကောင်တွေကို ငါမေးကြည့်ပြီးသွားပြီ။ သူတို့ အပေါ်ထပ်မှာ နည်းပညာတက္ကသိုလ်က ဆရာမတစ်ယောက် ကျူရှင်သင်တယ်တဲ့။ မင်းပြောတဲ့ သုန္ဒရီဆိုတဲ့ ကောင်မလေးလည်း တကယ်ရှိတယ်။ နည်းပညာတက္ကသိုလ် ဒုတိယနှစ်တက်နေတာ။ လှိုင်သာယာမှာ နေတယ်ဆိုလားပဲ"

"ဟုတ်လား . . ."

"နေပါဦး . . . မင်းက ဘာဖြစ်လို့ သူ့အကြောင်းကို သိချင်ရတာလဲ"

"စိတ်ဝင်စားနေလို့"

ထင်မှတ်ထားပြီးသား အကြည့်တစ်ခု ရောက်လာတယ်။ ပြီးတော့ . . .

"တားတော့ မတားကောင်းဘူးပေါ့ကွာ။ ငါက​တော့ မင်းကို သိပ်အားမပေးချင်ဘူး။ အခြေအနေ သိပ်မဆိုးသေးဘူးဆိုရင် နောက်တစ်ယောက် ပြောင်းလိုက်ပါလား"

"ဘာဖြစ်လို့လဲ"

သက်ပြင်းကို ချတယ်။ ခေါင်းကို ခပ်လေးလေးယမ်းပြီး . . .

"ငါ သိရသလောက်တော့ နောက်ကြောင်း သိပ်မကောင်းဘူး"

ထို့နောက်မှာတော့ သူစုံစမ်းမေးမြန်းထားသော သုန္ဒရီဆိုသော မိန်းကလေးတစ်ဦးရဲ့ နောက်ကြောင်းရာဇဝင်ကို အပေါ်ယံသဘော ပြောပြပါတယ်။

အိမ်ထောင်ကျိုးမိသားစုမှ ဆင်းသက်လာသူဖြစ်ကြောင်း။ မိဘနှစ်ဦးမှာ နောက်အိမ်ထောင်ကိုယ်စီဖြင့် နေထိုင်၍ သူမမှာ အဘွားဖြစ်သူနှင့် နေရကြောင်း ၊ စရိုက်စုံသော ပတ်ဝန်းကျင်တွင် ကျင်လည်ကြီးပြင်းလာသူဖြစ်ကြောင်း ၊ တက္ကသိုလ်ကိုလည်း ပညာရေးဖောင်ဒေးရှင်းတစ်ခု၏ အထောက်အပံ့ဖြင့် တက်နေရခြင်းဖြစ်ကြောင်း ၊ စနေ ၊ တနင်္ဂနွေတွင် တက်ရောက်ရသော ယခု ကျူရှင်ကိုလည်း နွမ်းပါးသူတစ်ဦးဖြစ်၍ ဆရာမက အခမဲ့ သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောပါတယ်။

ဒီထက်ပြည့်ပြည့်စုံစုံ သိချင်ပါက သုန္ဒရီနှင့် ရပ်ကွက်တစ်ခုကျော်မှာ နေထိုင်သော ကျောင်းသားတစ်ဦးနဲ့ပင် မိတ်ဆက်ပေးမည် ဆိုလာသေးရဲ့။ သက်ဖြိုးဝေ ဘယ်လောက်တောင် အဆက်အသွယ်ကောင်းတွေရထားလဲ မပြောတတ်ပါဘူး။

"သူငယ်ချင်းတစ်ယောက်အနေနဲ့ တာဝန်ရှိတယ်လို့ ခံစားရလို့ မင်းကို တားတာ သူငယ်ချင်း"

မိုးဝေ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်မိတယ်။ ကျေးဇူးလည်း တကယ်ကို တင်မိပါတယ်။ ဒါပေမယ့် . . .

"နောက်ကြောင်းမကောင်းဘူးဆိုတာ အဲ့ဒါကို ပြောတာလား"

"ဟုတ်တယ်လေ"

"ဘာကို မကောင်းဘူး ပြောတာလဲ"

"Generation လေ ၊ ပြီးတော့ ပတ်ဝန်းကျင်"

"ဒါက မိဘတွေ မကောင်းတာလေကွာ ။ သူမကောင်းတာမှ မဟုတ်တာဘဲ"

"ဒါပေမယ့် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတာ မဟုတ်ဘူးနော်"

"ဒါကလည်း ကိုယ့်စိတ်ဓာတ် ၊ ကိုယ့်နေမှု ထိုင်မှုပေါ်မှာ မူတည်တာပါ . . . သူငယ်ချင်းရာ၊ တိုက်ကြီး ၊ တာကြီးနဲ့ အဆင့်တန်းမြင့်မြင့်နေပြီး ကြုံရာအိပ် ၊ ကြုံရာစား ၊ လမ်းဘေးဂျစ်ပစီတွေ ထက်တောင် စိတ်ဓာတ်နိမ့်ကျတဲ့လူတွေ တစ်ပုံကြီးပါ"

အံ့အားသင့်သောမျက်လုံးတွေနဲ့ သူ့ကို ပြူးကြောင်ကြောင် ကြည့်နေတယ်။ သူ့ကို ဘယ်လိုမှ နားမလည်နိုင်တော့ဘူးထင်ရဲ့။

"ဒါပေမယ့် မင်းအနေအထားနဲ့က ကောင်းကင်နဲ့ မြေကြီးနော်"

အရေးမကြီးပါဘူး။

အဓိကက ဘယ်နေရာမှာ နေနေ အမှား ၊ အမှန်ခွဲခြားတတ်ပြီး အမှန်ကို ရေရှည် ကျင့်သုံးနိုင်ဖို့ပါ။ (သို့) အမှန်ဖြစ်အောင် ကြိုးစားနေဖို့ပါ။ အမှားအမှန် မခွဲခြားတတ်သ၍တော့ ခေါင်းဆောင်လုပ်နေလည်း သူအသိဉာဏ်က မူကြိုအဆင့်က မတတ်သေးဘူးလို့ ယုံကြည်ထားပါတယ်။

သုန္ဒရီဆိုသော မိန်းကလေးကတော့ မူကြိုအဆင့်ထက် သေချာပေါက် သာလွန်နေမှာပါလေ။

အမှန်ကို အမှန်တိုင်း ပြောရဲတာကိုး။

ဒီတစ်ခုတည်းနဲ့ အမှတ်ပြည့် ပေးမိလိုက်တယ်။

ဝယ်မစီးနိုင်လို့ မစီးနိုင်ဘူးပြောတာ။ ဆင်းရဲလို့ ဆင်းရဲတယ် ပြောတာ။ ဖိနပ်စီးစရာမရှိလို့ ခြေဗလာသွားတာ ရှက်စရာမဟုတ်ဘူးလေ။ ဘာလို့ ချစ်သွားတာလဲ မေး၊ လက်မထောင် ဖြေလိုက်မယ်။

"ရိုးသားလို့ . . ."


. . .


အိမ်ပြန်ရောက်တော့ ရှေးဟောင်းသီချင်းလေး တစ်ပုဒ်ကို ဖွင့်နားထောင်ဖြစ်ပါတယ်။ ဂီတစာဆို စိန်မောင်မြင့်ရေးပြီး မြန်မာပြည့်သိန်းတန်ဆိုထားတဲ့ သီချင်းလေးပါ။ အနုပညာ ပြည့်လို့လား မသိဘူး။ ဘယ်နှကြိမ် နားထောင်နားထောင် အရသာရှိလို့ နေပါတယ်။

"ဒီနယ်မှာ သတင်းကြီးလှသည် X X X မင်းသမီးလေး ရွှေသုန္ဒရီ ၊ အဆိုရော ၊ အကရော ရုပ်ချောသဘောညီ X X X  လူတိုင်းချစ်နေပြီ X X X  ဒီနယ်မှာ သတင်းကြီးလှသည် X X X  မင်းသမီးလေး ရွှေသုန္ဒရီ X X X  လူတိုင်းပါးစပ်ဖျား မနားတမ်း ရေပန်းစားနေပြီ X X X  တျာနီမြန်း ချစ်နှုတ်ခမ်းပလီ X X X  သမင်မျက်လုံး ရှုမက်မဆုံးပြီ X X X  အမ္မရာ ၊ ကိန္နရီ ၊ မဒီ ၊ သန္ဘူ ထူးမြတ်တဲ့ ဆုတွေညီ X X X  ဘယ်ရှေးဆုတောင်း ဘယ်အကြောင်းငယ် ဖန်သည် X X X "

. . .

အပိုင်း - ၃ သို့


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်