သိသောသူမည်ကား ကြားပါစေ . . .( ၃ ) @ သိုးဆောင်း
ဒီတစ်ခါတော့ သူမ ငြင်းရန် ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။ သဲကြိုးပြတ်ဖိနပ်နှင့် ခွဲမရအောင်တူသော ဖိနပ်ကို အရအမိ ဝယ်ယူထားပြီးသောကြောင့် ဖြစ်ပါတယ်။
"ရော့ . . . ပြတ်သွားတဲ့ ဖိနပ်နဲ့ အားလုံး အတူတူပဲ"
သူပေးသော ဖိနပ်ကို သေချာကြည့်တယ်။ မိုးဝေကတော့ သူခြေချောင်းတွေအောက်က ဖိနပ်လေးကိုသာ သတိထားကြည့်နေမိပါတယ်။ ပြတ်သွားလို့ အသစ်ဝယ်ထားတဲ့ ဖိနပ်မဟုတ်ပါဘူး။ စီးပြီးသား ဖိနပ်လေးကို ညှိုးငယ်စွာ ပြန်စီးထားတဲ့ ပုံစံပါ။
"ကောင်းပြီလေ . . . အစားပြန်ဝယ်ပေးတဲ့ သဘောနဲ့ ကျွန်မ ယူလိုက်ပါ့မယ်"
ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုရင် တော်ပါပြီ။ ထို့နောက်တော့ ထုံးစံအတိုင်း သူပေးတဲ့ ဖိနပ်ဘူးလေးကို ယူပြီး ထိုးစိုက်လာတဲ့ ဘတ်(စ်)ကားကြိးပေါ် တက်သွားတယ်။
နောက်နေ့တွေမှာတော့ မိုးဝေဘက်က စစ်မျက်နှာသစ်တွေ ထပ်ဖွင့်လိုက်တယ်။ ကြီးကြီးမားမား မဟုတ်ပါဘူး။ သူမတို့ နည်းပညာတက္ကသိုလ်ထိရောက်အောင် လိုက်သွားတာပါ။ ဒါပေမယ့် ယူနီဖောင်းမရှိလို့ ကျောင်းထဲထိ ဝင်မရခဲ့ဘူး။ ကျောင်းရှေ့ ကန်တင်းမှာပဲ တစ်နေကုန် ထိုင်နေရတယ်။
ကံကောင်းတာတစ်ခုက တက္ကသိုလ်ဖယ်ရီမှန်သမျှ ကျောင်းထဲဝင်ခွင့်မရဘဲ ကျောင်းရှေ့မှာ အကုန်ဂိတ်ထိုးရတာပါ။ သုန္ဒရီစီးရာ ဖယ်ရီကို သိနေတဲ့ သူ့အတွက်တော့ ရှာရတာ လွယ်တယ်လေ။ ပုံမှန်အားဖြင့် သုန္ဒရီဟာ ဖယ်ရီနဲ့လာပြီး ဖယ်ရီနဲ့ပဲ ပြန်လေ့ရှိပါတယ်။ ဖယ်ရီပေါ်က ဆင်းဆင်းချင်းချင်း ကျောင်းထဲဝင်တယ်။ နေ့တစ်ဝက်ကျော်ပြီးစဉ်မှာ ကျောင်းပြင်ပြန်ထွက်လာတယ်။ ပြီးတော့ ဖယ်ရီပေါ်မှာပဲ နေစောင်းတဲ့အထိ ထိုင်နေလေ့ရှိတတ်တယ်။
တစ်ခါတစ်ရံမှာတော့ ကျောင်းရှေ့ ကန်တင်းမှာ အအေးတစ်ခွက်မှာပြီး တစ်ယောက်တည်း ထိုင်နေတတ်တယ်။ နှစ်ရက် ၊ သုံးရက်လောက်ထိ ကျောင်းကန်တင်းမှာ တစ်နေကုန်လာလာလထိုင်နေတဲ့ မိုးဝေကို သတိမထားမိသေးဘူး။ ငါးရက်မြောက်မှာ သတိထားမိလာတယ်။ ခုနက်ရက်မြောက်တော့ သူ့ရှေ့တည့်တည့်ကို ရောက်လာပါတော့တယ်။
"ခါး မညောင်းဘူးလား"
"ဗျာ . . ."
"ကန်တင်းမှာ တစ်နေကုန် လာထိုင်နေလို့ ခါးမညောင်းဘူးလား မေးတာပါ"
"ဟို . . . အင်း . . . မညောင်းပါဘူး"
"စပ်စုတယ်လို့တော့ မထင်ပါနဲ့။ တစ်နေကုန် လာလာထိုင်နေတာ ကိစ္စရှိလို့လား"
ရဲတင်းပွင့်လင်းသော အမေးတစ်ခု ရောက်လာတယ်။ သူမလည်း ရိပ်မိမှာပဲလေ။ ကျောင်းသားမဟုတ်ဘဲ အပြင်လူတစ်ယောက် ကျောင်းရှေ့ လာလာထိုင်နေတာ ကျောင်းသူတစ်ဦးဦးကို စိတ်ဝင်စားနေတာကလွဲပြီး အခြားမရှိနိုင်ပါဘူး။
သူမနဲ့က ချိတ်ဆက်လေးတွေလည်း ရှေ့မှာ ရှိထားတော့ ပိုဆိုးတာပေါ့။ မထူးတော့ပါဘူး။ နောက်လည်း ပြောရမယ့် အတူတူတော့ အရဲကိုးပြီး ပြောချလိုက်တယ်။
"အမှန်အတိုင်း ပြောရမှာလား"
"ပြောကြည့်လေ . . . ရင်ထဲ ပေါ့သွားတာပေါ့"
ကိုယ့်များ နောက်နေတာလားဆိုပြီး တအံ့တဩတောင် မော့ကြည့်မိပါတယ်။ ဒါပေမယ့် သူမပုံစံက အေးဆေးပါပဲ။ ဒီလိုဆိုတော့ . . .
"မင်းကို စိတ်ဝင်စားနေလို့"
ကြိုသိထားသော ကိစ္စတစ်ခုလို လုံးဝ မတုန်လှုပ်သွားဘူး။ သူ့မျက်လုံးကိုတောင် သေချာစူးစိုက်ကြည့်ပြီး . . .
"သေချာစဉ်းစားပါဦး။ ကျွန်မက တအားဆင်းရဲတာနော်"
ပုန်းလျှိုးကွယ်ပျောက်နေသော မာနတစ်ခုက ရုတ်ခြည်နိုးကြွလာရကာ . . .
"အံ့ဩစရာပဲ . . . ပိုက်ဆံရှိတဲ့ မိန်းကလေးမှ စိတ်ဝင်စားမယ့် ရုပ်မျိုး ငါ့မျက်နှာပေါ်မှာ ပေါ်နေလို့လား"
"မဟုတ်ပါဘူး . . . ပြီးမှ ရှင် နောင်တရမှာစိုးလို့ပါ"
အမှန်က နှလုံးသားကို လှုပ်ရှားမရအောင် ပြုစားထားသူ မိန်းကလေးရှေ့မှာ သေချာပေါက် ရိုကျိုးပြရမှာပါ။ ဒါပေမယ့် သူ မရိုကျိုးမိခဲ့ဘူး။ မွေးရာပါ စိတ်အခြေအနေအတိုင်း စကားချင်း စီးချင်းထိုးခဲ့မိတယ်။ ဒါဟာလည်း တစ်ခုတော့ ကောင်းသွားပါတယ်။ ရင်ထဲက ခံစားမှုကို သူမ တိုက်ရိုက်သိရှိခွင့် ရသွားတာပေါ့။
ဒါကြောင့်ပဲလား မသိဘူး။ စေ့စေ့ကြည့်ထားတဲ့ မျက်ဝန်းကို လွှဲပစ်ပြီး . . .
"လောလောဆယ်တော့ ရှင်ပြောတဲ့ စကားကို ခဏပြန်သိမ်းထားလိုက်ပါဦး။ ကျွန်မ နောက်ကြောင်းကို အချိန်ပေးပြီး စုံစမ်းကြည့်ပါ။ ပြီးမှ ပြောဖို့ မပြောဖို့ ပြန်စဉ်းစားပေါ့"
တစ်ဖက်သတ်အနိုင်ယူပြီး အေးစက်တည်ငြိမ်စွာ လှည့်ထွက်သွားပါတယ်။ ကျန်ရစ်ခဲ့သူရဲ့ ရင်ထဲမှာတော့ မခံချင်စိတ်တွေ အပြည့်နဲ့ . . .
. . .
နောက်တစ်ရက်မှာပဲ ရှေ့တော်မှောက် အရောက်သွားပြီး သူမနောက်ကြောင်းတွေ တောက်လျှောက် ရွတ်ပြလိုက်တယ်။
"မင်းနာမည်က သုန္ဒရီ။ အဘွားတစ်ယောက်နဲ့ လှိုင်သာယာ ( ) ရပ်ကွက်မှာ နေတယ်။ အိမ်ရှေ့မှာ မုန့်ဆိုင်လေး ဖွင့်ထားတယ်။ မင်းက နည်းပညာတက္ကသိုလ် ဒုတိယနှစ်တက်နေတာ။ မနက်တိုင်း ခုနစ်နာရီထိုးတာနဲ့ အိမ်ကထွက်တယ်။ ရပ်ကွက်ထိပ်မှာ စောင့်နေတဲ့ ဖယ်ရီပေါ်တက်တယ်။ ကျောင်းကို လာတယ်။ ကားပေါ်က ဆင်းတာနဲ့ ကျောင်းထဲဝင်တယ်။ ပုံမှန်အားဖြင့် နေ့လည်နှစ်နာရီနဲ့ သုံးနာရီကြားမှာ ကျောင်းထဲကထွက်လာပြီး ဖယ်ရီပေါ်မှာ ကားထွက်တဲ့ထိ ထိုင်နေတတ်တယ်။ စာကျက်ရင် ကျက်တယ်။ မကျင်္ကရင် ပဒုမ္မာကန်တင်းမှာ အအေးတစ်ခွက်မှာပြီး ကားထွက်ချိန်ကို စောင့်လေ့ရှိတယ်။ အိမ်ပြန်ရောက်တော့ တစ်နေကုန် ဈေးရောင်းရတဲ့ မင်းအဘွားနေရာမှာ မင်းဝင်ထိုင်တယ်။ ညကိုးနာရီမှာ မင်းတို့ဆိုင်လေး ပိတ်တယ်။ ဒါပေမယ့် လာဝယ်သူရှိရင်တော့ ထရောင်းတယ်။ ဘယ်လိုလဲ ငါပြောတာ မှန်ရဲ့လား"
ချက်ချင်း ပြန်မဖြေနိုင်ပုံထောက်ရင်တော့ အနည်းငယ် ကျွတ်သွားဟန်ရှိပါတယ်။ ဒါပေမယ့် သူမမူပိုင်လို့ ဆိုရမယ့် မထေ့မဲ့မြင် အပြုံးက မျက်နှာပေါ် ချက်ချင်းရောက်လာပြီး . . .
"ဒီလောက်ဆိုရင် ရှင်နောင်တရလောက်ရောပေါ့"
"ငါ တကယ်ပဲ နောင်တရမိတယ်။ ဘယ်လိုစိတ်မျိုးနဲ့ မင်းကို စိတ်ဝင်စားတယ် ပြောလိုက်မိတယ်မသိဘူး"
"ထင်သားပဲ" ဟူသော ပုံစံမျိုးနဲ့ "ဟက်" ခနဲ ရယ်ပါတယ်။
"အမှန်က စိတ်ဝင်စားတယ်လို့ ပြောရမှာမဟုတ်ဘူး။ တစ်ခါတည်း ချစ်တယ်လို့ ပြောလိုက်ရမှာ"
"ရှင် . . ."
အံ့ဩလိုက်ပါ . . . သုန္ဒရီ၊ ဒီထက်မကတောင် မင်းအံ့ဩသင့်ပါတယ်။ ငါ့နှလုံးသားကို စော်ကားသွားတဲ့ မင်းအတွက် ဒီလောက်တော့ ငါ ပြန်ရသင့်တာပေါ့။ စိတ်ထင်မဟုတ်ရင် မင်းနှုတ်ခမ်းတွေ ဆေးမဆိုးဘဲ ဖွေးသွားသလိုပဲ။ နောက်ပြီး စားပွဲပေါ်တင်ထားတဲ့ မင်းလက်ချောင်းလေးတွေ မညီမညာ လှုပ်ခါသွားတယ်။
စိတ်မကောင်းဘူး သုန္ဒရီ။
"မြန်တယ် မထင်ရင် တစ်ခါတည်း လက်ထပ်ခွင့် တောင်းချင်ပါတယ်"
နောက်တစ်ကြိမ် မျက်လုံးလေးဝိုင်းသွားတော့ အိတ်ထဲက ဘူးလေးတစ်ဘူးကို မိုးဝေ ထုတ်ပြီးသွားပြီ။ အဖုံးကို ဖွင့်တော့ မျှော်လင့်ခြင်းများစွာနဲ့ ထုဆစ်ထားသော လက်စွပ်လေးတစ်ကွင်းပါ။ အတွင်းဘက်မှာ သူတို့နှစ်ဦးနာမည်ရဲ့ ထိပ်ဆုံးစကားလုံးလေးကို အသည်းနဲ့ ကွင်းခတ်ရေးထိုးထားတယ်။
ဒုတိယအကြိမ် အံ့ဩမင်သက်သွားပါပြီ။
ကျွမ်းကျင်သူတစ်ဦး မဟုတ်သော်လည်း ဖတ်ဖူးထားသော စိတ်ပညာ စာအုပ်တွေအရ လက်ရှိအခြေအနေရဲ့ ဇာတ်ရှိန်အမြင့်ကို နားလည်လိုက်တယ်။
ဝမ်းနည်းပါတယ် . . . သုန္ဒရီ။ မင်း ငါ့သတ်ကွင်းထဲကို ရောက်သွားပြီ။ နောက်ဆုံးလက်နက်အနေနဲ့ မသိမသာ လှုပ်ခါနေသော သုန္ဒရီလက်တစ်ဖက်ကို ဆွဲယူပြီး သူဘယ်ဘက်ရင်အုံးပေါ် တင်ပေးလိုက်တာပါ။ ဒီလက်ဖဝါးကတစ်ဆင့် ကိုယ့်ရင်ခုန်သံတွေကို မင်း တိုက်ရိုက်ထိတွေ့ခွင့်ရလိမ့်မယ် . . . သုန္ဒရီ။
ကိုယ့်ရဲ့ မေတ္တာစစ်တွေ မင်းရင်ထဲကို အဆပေါင်း ထောင်သောင်းမက စီးဝင်သွားလိမ့်မယ်။
မင်း တုန်လှုပ်ရလိမ့်မယ်။
အံ့ဩရလိမ့်မယ်။
ပြီးတော့ ကိုယ့်ကို ပြန်ချစ်ရလိမ့်မယ်။
မင်းလက်ဖဝါးမှာ ခံစားမှုအာရုံတွေ ကောင်းမွန်နေမယ်ဆိုရင်ပေါ့လေ။
. . .
Comments
Post a Comment