မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်



မိုးနှောင်း


သစ်ပင်တွေမှာ နောက်ဘဝရှိသလား. . . ။

သစ်ပင်တစ်ပင် သေသွားတဲ့အခါ တခြားသစ်ပင်တွေက ဝမ်းနည်းပြီး မငိုကြဘူး မဟုတ်လား။ သေသွားတဲ့သစ်ပင်ကို လွမ်းဆွေး တမ်းတနေမယ့် ‘ကျန်ရစ်သူသစ်ပင်' ရယ်လို့လည်း မရှိဘူး မဟုတ်လား။

လူတွေကတော့ ကိုယ်သံယောဇဉ်ရှိတဲ့ သူတစ်ယောက် သေသွားပြီဆိုရင် လွမ်းတတ်ကြတယ်။ သူ ဘယ်ဆီကိုများ ရောက်သွားမှာပါလိမ့်. . . လို့ တွေးတတ်ကြတယ်။ တခြားတစ်နေရာရာမှာ ဆက်ပြီး ရှင်သန်စေချင်ကြတယ်။

ဪ. . . လွမ်းတတ်တဲ့ လူတွေမှသာ နောက်ဘဝ အကြောင်းကို စဉ်းစားကြတာနဲ့ တူပါရဲ့ . . . ။

သံသရာဆိုတာ အလွမ်းရဲ့ ငယ်နာမည်ပါပဲ။



ငှက်တွေတောင် ညနေအိပ်တန်းဆီ ပျံကြပြီလေ. . .

ငါကတော့ အခုမှ . . . မျက်လုံးဖွင့်ကြည့်ရသူပါ

“စောစောထ . . သွားတိုက်. . . မျက်နှာသစ်" လို့ ဖတ်စာအုပ်ထဲမှာ သင်ပေမယ့်

စောစောမထလည်း မျက်နှာကတော့ သစ်ရတာပဲ မဟုတ်လား...

‘ဘဝ’ ဆိုတဲ့ အရာကသာ သေချာရင်

တီဗီမှာလို

မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ်. . .



နိဒါန်း


Mt. Elizabeth ဆေးရုံ၏ တစ်ဖက်က ဩချာ့ဒ်လမ်းထောင့်ရှိ Paragon Shopping Centre ရှေ့မှာရပ်ပြီး မိုးနှောင်း ငေးမောနေမိသည်။ စင်္ကာပူနိုင်ငံ၏ လမ်းတွေပေါ်မှာ လူတွေက ဆောင်းဦး ပိုးဖလံတွေ မီးတောမီးလျှံဆီ အလုအယက် တိုးဝင်နေသလိုမျိုး အရပ်မျက်နှာ အနှံ့အပြားဆီ ရွေ့လျားနေကြသည်။

ဘဝအတွက် တောင်ပံခတ်သံတွေက ဘယ်လို အသံမြည်ကြသလဲ. . . ။ မေတ္တာတရားလား. . . ငွေလား၊ ကူညီဖေးမမှုလား... တစ်ကိုယ်ကောင်းဆန်မှုတွေလား . . .

မိုးနှောင်း စင်္ကာပူကိုလာဖို့ ပြင်ဆင်နေတုန်းက ရန်ကုန်မှ သူငယ်ချင်းဖြစ်သူ ထူးကျော် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရမိ၏။

“သူငယ်ချင်း. . . စင်္ကာပူမှာ မင်းလိုချင်တာအားလုံး ရနိုင်တယ်၊ အဲ. . . မရနိုင်တာဆိုလို့ တစ်ခုပဲရှိတယ်၊ အဲဒါကတော့ ‘နားလည်မှု’ ပဲ။

စင်္ကာပူကို ရောက်ပြီးသည့် နောက်ပိုင်း မြန်မာအချင်းချင်း တစ်ကိုယ်ကောင်းဆန်တတ်သူတွေ၊ တွက်ကပ်တတ်သူတွေ၊ သူတစ်ပါးအပေါ် စီးပိုးချင်သူတွေကို တွေ့လာရတော့လည်း မိုးနှောင်း သူတို့ကို အပြစ် မတင်ရက်တော့ပါ။

နှလုံးသားဆိုတာ ရာသီဥတုကို လိုက်ပြီး သံစဉ်ပြောင်းနိုင်တဲ့ တေးသွားတစ်ပုဒ်ပဲလေ. . . ဟုသာ နားလည်လိုက်တော့သည်။ သူများတွေရဲ့ဘဝကို မေ့ထားပြီး ကိုယ့်အကြောင်းကိုပဲ ကိုယ် မျက်တောင်မခတ် ကြည့်မိကြတဲ့ အခါတိုင်းမှာ လူတွေရဲ့ ဆက်ဆံရေးဟာ ညှီစော်နံတတ်ကြတာပဲ မဟုတ်လား။

လူတွေက ညှီစော်နံသည်။

ကိုယ်ကတော့. . . ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိသေး . . .။



အမြစ်တွေရှည်လျားလွန်းလိုက်တာ

ငါဟာ ဘာသစ်ပင်ပါလိမ့်ကွယ် …


မျှော်လင့်ချက်တွေကလည်း

သစ်ရွက်တွေလိုပဲ ..

တ … ဖွဲ … ဖွဲ … ကြွေ … ။


(ဒီက...)

လေပြေလေညင်း တိုက်မှာကိုတောင်

ကြောက်နေရတဲ့ကောင်ပေါ့.


တစ်ဘက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့

ဟောဒီ တောအုပ်ထဲမှာ..

ငါ..ဘာလို့ ဆက်ရှင်သန်မှာလဲ…


လူတွေရဲ့ မျက်ဝန်းကိုက ညှီစော်နံတယ်…


ထားလိုက်ပါတော့လေ

မနက်ဖြန်ဆိုရင်ပဲ…


မနက်ဖြန်ဟာ ဒီကနေ့ဖြစ်တော့မယ်

ငါဟာ ဘာသစ်ပင်ပါလိမ့်ကွယ်...။


ကိုယ့်ကိုကိုယ် ဘာသစ်ပင်မှန်းမသိသော ခံစားမှုမျိုးနှင့်ပင် ဩချာ့ဒ် MRT ဘူတာရုံဘက်သို့ မိုးနှောင်း ထွက်ခဲ့၏။

MRT Station ထဲတွင် လူတွေက အင်္ဂတေဖြင့် ဆောက်ထားသော ပျားအုံထဲမှ ပျားတွေနှင့် တူနေသည်။ ကွန်ကရစ် ပလက်ဖေါင်းပေါ်က မျဉ်းတား သတ်မှတ်ပေးထားသော နေရာ တစ်ဖက်တစ်ချက်တွင် စုဖွဲ့ ရပ်စောင့်နေသူတွေကို တွေ့ရသည်။

ရထားက ဘူတာရုံထဲသို့ ဝေါခနဲဝင်လာပြီး ရပ်တန့်လိုက်သည်။ ရထားတွဲတံခါး လျောခနဲ ပွင့်သွားသောအခါ သွန်ချခံလိုက်ရသော လူတွေ အစုလိုက် အပြုံလိုက် ပြန့်ကျဲ ကြေမွသွားကြသည်။

စောင့်ဆိုင်းနေကြသူတွေက ရထားပေါ်တက်ကြပြန်သည်။ ခရီးဆုံးကို မရောက်သေးသူတွေ. ...၊ ခရီးတစ်ခုကို စတင်သူတွေ. . . ၊ အဲသည်လူတွေကို သယ်ဆောင်ပြီး ရထားက လျောတိုက်ရွေ့လျားသွား ပြန်သည်။

တစ်ချို့ကတော့ တစ်နေရာရာမှ ပြန်လာကြခြင်း ဖြစ်သည်။ တစ်ချို့ကတော့ တစ်နေရာရာသို့ သွားနေကြခြင်း ဖြစ်သည်။ 


လူ ၈၀% က အလုပ်လုပ်ကြတယ်

ဒါပေမဲ့. . . ကျန်တဲ့လူ ၂၀% က ဆုရတယ်. . . 

ငါကတော့ . . .

သူတို့ကို ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်မိ

သွေးအေးအေး ရက်စွဲတွေကိုသာ . အသိအကျွမ်း ဖွဲ့နေခဲ့တယ်. . .

ငါဟာ. . . တေလေပါ။


မိုးနှောင်းကတော့ လူတွေအများကြီးကြားမှာ ရပ်ပြီး အထီးကျန်နေသည်။ သူ့မှာ လက်ဆွဲနှုတ်ဆက်ရမည့်သူ မရှိ။ ပြုံးပြရမည့်သူ မရှိ။ စကားလုံးတွေကို ဝါးပြီး ထွေးပစ်သလို တစ်ခုခုအကြောင်း ပြောရင်း အချိန် ဖြုန်းရမည့်သူမရှိ။

သူ့ကို အစစအရာရာ ထောက်ပံ့နေသည့် အစ်ကိုဖြစ်သူကလည်း အနောက်ကမ္ဘာခြမ်းမှာ. . . ။ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ ထူးကျော်ကတော့ ရန်ကုန်မှာ ကျန်ခဲ့သည်။

အခု သူနေထိုင်သော Dover ရှိ ကွန်ဒိုတိုက်ခန်းမှာ သူ့ကို စောင့်ရှောက်ဖို့ လာနေပေးနေသော မရီးလောင်းဖြစ်သူ ဒေါက်တာမယု တစ်ယောက်သာ သူ့အတွက် အဖေါ်လိုလို အုပ်ထိန်းသူလိုလို ဖြစ်နေ၏။

ဒါကလည်း သူ့အတွက်တော့ အစ်မတစ်ယောက်နှင့် ပိုပြီး တူနေပြန်သည်။ မိုးနှောင်း လိုအပ်နေသည်က အဲဒီလို ဆက်ဆံရေးမျိုးလည်း မဟုတ်ပြန်။

လူတွေဆီက ငါလိုချင်နေတာ ဘာပါလိမ့်. . . ။

သူ တွေဝေ ငေးမောနေစဉ်မှာပင် နောက်ထပ် ရထားတစ်စင်း ဆိုက်လာပြန်သည်။ လူတွေက ဆင်းကြသည်။ လူတွေက တက်ကြသည်။ ခရီးဆက်သူတွေက ဆက်မြဲ ဆက်ကြသည်။

အဲသည်လူတွေအဘို့တော့ ‘သူတို့လိုချင်တာ ဘာလဲ' ဆိုသည်ကို သေသေချာချာ သိထားပြီးသား ဖြစ်ပုံရ၏။

သူတို့အဘို့ ဘာမှ ငိုင်တွေ စဉ်းစားနေစရာမလို။

သွားစရာရှိသည်ကို သွားနေကြတာပဲ မဟုတ်လား။ သူတို့အတွက် “မနက်ဖြန်” ဆိုတာ တကယ်ရှိလာလိမ့်ဦးမည်ဟု ပိုင်ပိုင်နိုင်နိုင် ယုံကြည်ထားကြသော “သေချာမှု” တစ်ခုနဲ့ပေါ့။

မိုးနှောင်း နှုတ်ဖျားက တီးတိုး ရေရွတ်မိသည်။ 


“ဘ၀” ဆိုတဲ့ အရာကသာ

သေချာမယ်ဆိုရင်

တီဗီမှာလို...

မနက်ဖြန် အစီအစဉ်ကို

ကြိုတင်ပြီး ကြေညာချင်ပါတယ် …


ပြီးတော့ မိုးနှောင်းက သူ့လက်ထဲတွင် ကိုင်ထားသော စာရွက်များကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဆုတ်ဖြဲကာ လေထဲသို့ ပစ်လွှင့်လိုက်၏။ လေအဝှေ့တွင် မောင့်အဲလိဇဘက် ခေါင်းစည်းစာတမ်း ရိုက်နှိပ်ထားသော စက္ကူအပိုင်းအစများ ဖွါလန် လွင့်ကြဲသွားကြသည်။

စင်္ကာပူနိုင်ငံ၏ လမ်းမတွေပေါ်မှာ လွင့်စင် ပြန့်ကျဲနေသော အစအနတွေသည် စက္ကူဆုတ်ဖြဲစတွေ မဟုတ်ဘဲ လူတွေ၏ ဘဝအပိုင်းအစတွေ ဖြစ်သည်ဟုလည်း မိုးနှောင်းစိတ်ထဲမှာ ထင်လာ၏။

စင်္ကာပူမှာ စက္ကူစတွေ လွှင့်ပစ်ရင် ဒဏ်ငွေဆောင်ရသလို. . . 

စင်္ကာပူမှာ ဘဝတွေ လွင့်စင် ပြန့်ကျဲနေသည့် အတွက်ကော ဒဏ်ငွေ ဆောင်ရဦးမှာလား. . . ပေးဆောင်ရမယ့် ဒဏ်ငွေရဲ့ တန်ဘိုးကကော.. ဘာလဲ။

မိုးနှောင်းက လွင့်စင် ပြန့်ကျဲနေကြသည့်လူတွေကို ငေးကြည့်ရင်း သူ့ကို လှမ်းနှုတ်ဆက်လိုမည့် တစ်ယောက်တစ်လေကိုများ တွေ့လေမလားဟု ကယောင်ကတန်း တွေးလိုက်မိသေးသည်။


♦ ♦


ကသစ်ဖြူ


တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ သစ်ပင်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့သေခြင်းကရားကို ကိုယ်ကိုယ်တိုင် မစီရင်နိုင်ကြဘူး။

သေခြင်းတရားကို ကိုယ့်စိတ်ကြိုက် စီမံခန့်ခွဲနိုင်တာဆိုလို့ ‘လူ’ ပဲရှိတယ်။ 

ကျွန်မတို့က . .

ဘယ်အချိန် ရောက်လာမယ်မှန်းမသိတဲ့ သေခြင်းတရားကို တိရစ္ဆာန်တွေလို လည်စင်းပြီး စောင့်နေကြမှာလား. . . ။

ကိုယ့်ရဲ့ရှင်သန်မှု၊ ကိုယ့်ရဲ့ သေဆုံးမှုကို ကိုယ်ကိုယ်တိုင် ရွေးချယ် ဆုံးဖြတ်ရဲလောက်အောင် သတ္တိရှိဖို့တော့ လိုလိမ့်မယ်။

အင်း. . .

လူ့ဘဝဆိုတာ မီးခလုပ်တစ်ခုလိုမျိုး ဆိုရင်လည်း အကောင်းသား။ အသုံးမလိုတော့တဲ့အခါ ခလုပ်ကို ပိတ်ပစ်လိုက်ရုံပေါ့။


♦ ♦


Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး