သိသောသူမည်ကား ကြားပါစေ . . .( ၄ ) @ သိုးဆောင်း



           အဲဒီနောက်ပိုင်းတော့ မိုးဝေရဲ့ နံနက်ခင်းတွေပေါ် နှင်းစစ်သည်တွေ အစုလိုက် အပြုံလိုက် ကျဆင်းလာခဲ့ပါတယ်။ ရှေးတုန်းကတော့ တရှိုက်မက်မက် မြတ်နိုးသူမိန်းကလေးထံမှ အချစ်ကိုရဖို့ သုံးနှစ်သုံးမိုး စောင့်ရတယ်တဲ့။ မိန်းကလေးဘက်ကလည်း တစ်ဘဝလုံး လက်တွဲရမယ့် ချစ်သူအမျိုးသားကို သုံးနှစ်စောင့်ခိုင်းပြီး လေ့လာ အကဲခတ်ကြတယ်လို့ ဆိုပါတယ်။

အခုလည်း ထိုဓလေ့က မပျောက်သေးပါဘူး။ သုံးနှစ်တော့ မဟုတ်ဘူး။ သုံးလဖြစ်သွားတယ်။ စောင့်ရတဲ့ ရက်ကိုးဆယ်လုံးလုံးလည်း အလွယ်တကူဖြတ်ကျော်နိုင်ခဲ့တာ မဟုတ်ပါဘူး။

နေ့တိုင်းလိုလို ကျောင်းသားမဟုတ်သော်လည်း ကျောင်းရှေ့သွားထိုင်စောင့်၊ ကျူရှင်မတက်သော်လည်း ကျူရှင်အောက်က စောင့်နဲ့ တကယ့်အရိပ်စစ်တစ်ခုလို တကောက်ကောက်လိုက်လို့ ကြိုးစားခဲ့တာပါ။ တိုးတက်လာတာ တစ်ခုကတော့ သူနဲ့ သုန္ဒရီကြားမှာ အရင်လို အစိမ်းရောင်ကန့်လန့်ကာကြီး ခံမနေတော့ပါဘူး။

မိတ်ဆွေတစ်ဦးလို သူငယ်ချင်းတစ်ဦးလို တရင်းတနှီး ပြောဆို နေထိုင်ခွင့် ရလာတယ်။ သူ့ကို အနီးကပ် လေ့လာတာဖြစ်ရင်လည်း ဖြစ်မှာပေါ့လေ။ တစ်ခါမှာတော့ နှစ်ဦးတည်း ကန်တင်းမှာ ထိုင်နေတုန်း ထင်မှတ်မထားဘဲ မေးခွန်းတစ်ခု မေးလာတယ်။

"ရှင် ဘာအလုပ်လုပ်လဲ"

"ဘာမှ မလုပ်ဘူး"

နေ့တိုင်းလိုလို ဒီမှာ ထိုင်နေပါတယ်ဆိုကတည်းက မေးစရာလိုသေးလိုလား . . . သုန္ဒရီရယ်။

"ကျောင်းပြီးကတည်းက အိမ်မှာပဲ ထိုင်နေတာ။ မေမေတို့က ဘာမှ ပေးမခိုင်းဘူးလေ"

"ရှင့် အချိန်တွေ နှမြောလိုက်တာ"

ပြန်လည်ချေပဖို့ မလိုပါဘူး။ တကယ်လည်း လူတကာအတွက် တန်ဖိုးရှိပါတယ်ဆိုတဲ့ အချိန်က သူ့အတွက် အပိုပစ္စည်းသက်သက် ဖြစ်နေတာလေ။

"အမေ မခိုင်းတာနဲ့ဘဲ မလုပ်တော့ဘူးလား။ အမေမရှိတော့ရင် ဘယ်လိုလုပ်မလဲ"

"အစ်မ ရှိတယ်လေ"

"ကောင်းရောပဲ"

စိတ်ပျက်သွားတဲ့ မျက်နှာကိုကြည့်ပြီး ကြိတ်ရယ်ရပါသေးတယ်။ မျက်လုံးထဲမှာ ငယ်ငယ်ကသင်ခဲ့ရတဲ့ ကုဋေရှစ်ဆယ်သူဌေးသားကို ပြေးမြင်မိရဲ့။ သူ့လောက်တော့ ကိုယ်က အခြေအနေ မဆိုးနိုင်ပါဘူး။ အလုပ်မလုပ်သေးပေမဲ့ ပညာတော့ တတ်ပါတယ်လေ။

ပြီးတော့ အဝေးတစ်နေရာကို ငေးကြည့်ပြီး သူ့ကို ဦးတည်တဲ့ စကားတွေ ပြောပါတယ်။

"လူရယ်လို့ ဖြစ်လာရင် ကိုယ့်တာဝန် ကိုယ်ကျေမှ"

"ကိုယ့်ကို ဘယ်သူမှ တာဝန်မပေးဘူးလေ"

"တာဝန်ဆိုတာ သူများပေးမှ မဟုတ်ပါဘူး။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ယူလည်း ရပါတယ်"

"ဘယ်လိုမျိုးကို ပြောတာလဲ"

"ဥပမာ ဗိုလ်ချုပ်အောင်ဆန်းပေါ့။ ဒီနိုင်ငံကြီးကို ကယ်တင်ဖို့ သူ့ကို ဘယ်သူမှ တာဝန်ပေးခဲ့တာ မဟုတ်ဘူး။ ဘယ်သူမှ မပေးတဲ့တာဝန်ကို သူ့သဘောနဲ့ သူယူခဲ့တာ။ ပြီးတော့ ကျွန်မတို့ အခုထိ ပြောမကုန်၊ ရေးမကုန်၊ ချီးမွမ်းမကုန်နိုင်တဲ့ အလုပ်တွေ လုပ်ပြခဲ့တာ။ ဒီလောက်ဆိုရှင်းပြီးထင်တာပဲ"

ရှင်းပါတယ်။ တော်တော်လည်း ရှက်ခဲ့ရပါတယ်။

"ဘာတာဝန်မှ မယူတဲ့ လူတွေကတော့ လောကအတွက် အပိုသက်သက်ပဲ။ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ သူကိုယ်တိုင်အတွက်လည်း အကျိုးမရှိဘူး"

တဖြည်းဖြည်း ကျစ်လစ်ထိရောက်လာတဲ့ စကားအသုံးအနှုန်းတွေကြောင့် သုန္ဒရီကို ငေးပြီး ကြည့်မိသွားတယ်။ လက်ထဲမှာလည်း စာကြည့်တိုက်က ငှားလာဟန်ထင်တဲ့ စာအုပ်အချို့ကို ကိုင်ထားပါတယ်။ စိတ်ခွန်အားဖြစ်စေနိုင်သော စာအုပ်အချို့နဲ့ ဘဝနေထိုင်နည်း စာအုပ်တွေပါ။

ထိုခဏမှာပဲ သူငယ်ချင်း သက်ဖြိုးဝေကို သနားမိသွားရတယ်။ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ ပတ်ဝန်းကျင်နဲ့ မဆိုင်ကြောင်း ဒါဟာ သက်သက်ပဲလေ။ ငြိမ်သက်ကျေနပ်သွားသော သူ့ပုံစံကိုကြည့်ပြီး သုန္ဒရီက ပြောလာရဲ့။

"ဟုတ်တယ်လေ . . . လူဆိုတာကတော့ မွေးပြီးရင် သေမှာပဲ။ ဒါပေမယ့် ဘယ်လိုလူမျိုးအဖြစ်နဲ့ သေမလဲဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး ကိုယ့်အရည်အချင်း ကိုယ်ပြန်သတ်နေတဲ့ လူမျိုးအဖြစ်နဲ့ သေမလား ၊ အရည်အချင်းရှိရှိ ၊ သိက္ခာရှိရှိ ၊ လူလေးစားလောက်သော ပုဂ္ဂိုလ်အဖြစ်နဲ့ သေမလား ကြိုက်ရာရွေးချယ်ပိုင်ခွင့် လူတိုင်းမှာ ရှိနေတာပဲ"

စိတ်ဓာတ်မြင့်မာ သူဆိုတာ ဒါမျိုးပဲ ဖြစ်မယ်ထင်ရဲ့။ ကိုယ်တိုင် ပြောင်းလဲထားရုံ မဟုတ်ဘူး။ သူတစ်ပါးကိုပါ ပြောင်းလဲပေးနိုင်တဲ့ စိတ်ဓာတ်အင်အားတွေ ရှိနေတာလေ။

"ကျွန်မ အခုရှင့်ကို ပြောနေတာတွေက နှလုံးသားကိစ္စနဲ့ မဆိုင်ဘူးနော်။ ဒီလိုမှ မပြောရင် ခင်မင်ရင်းနှီးသူ တစ်ယောက်အနေနဲ့ တာဝန်မကျေ ဖြစ်မှာစိုးလို့"

နားလည်ပါတယ် . . . ကောင်းမလေးရယ်။ မိုးဝေဆိုတဲ့ လူတစ်ယောက်ရဲ့ အကျိုးအတွက် လေကုန်ခံပြီး ပြောနေတယ်ဆိုတာ နားလည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းဘယ်လို မိန်းကလေးမျိုးဆိုတာ သိနေတယ်လေ။ ငွေးကြေး ၊ ဂုဏ်ပကာသန ၊ အဆင့်အတန်း ဒါတွေ မင်းတစ်ခုမှ မမက်ဘူး။

မင်းမက်မောတာ ကိုယ်ရည်ကိုယ်သွေး။ အဲဒါပြည့်စုံရင် ကျန်တာ အားလုံး အလိုလို ရောက်လာလိမ့်မယ်လို့ မင်းယုံကြည်ထားတာ။ ပျက်စီးသွားသောလူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကြည့်ပြီးလည်း တစ်ခါတလေမှာ ပျစ်ပျစ်နှစ်နှစ် ဝေဖန်တတ်သေးရဲ့။ ဒါပေမယ့် သူမ ဝေဖန်တာတွေဟာ အမှန်တရားတွေပါ။

သုန္ဒရီတို့နေထိုင်ရာ ရပ်ကွက်ထဲမှာ နာမည်ကြီး ဘော်ဒါဆောင်တစ်ခုရှိတယ်။ မိန်းမ ဘော်ဒါဆောင်ပေါ့။ ဘာကြောင့် နာမည်ကြီးလဲတော့ မမေးပါနဲ့။ အဆောင်က မိန်းကလေး တော်တော်များများက ဘာအလုပ်အကိုင်မှ မည်မည်ရရမလုပ်ဘဲ ငွေကို ရေလို သုံးနိုင်ကြတယ်လေ။ နောက်ဆုံးပေါ်အဝတ်အစား ၊ နောက်ဆုံးပေါ် ပစ္စည်းမျိုးစုံကိုလည်း ဝယ်ကိုင်နိုင်ကြတယ်။

နေရာဒေသတစ်ခုမှာ လူကောင်းတွေချည်းပဲ ရှိမနေပါဘူး။ ထို့အတူ လူဆိုးချည်းပဲလည်း မရှိဘူး။ ဒါကို လက်ခံတယ်။ ဒါပေမယ့် လူဆိုးတွေ များလာရင်တော့ မကောင်းဘူးပေါ့။ အဆောင်မှာ လူဆိုးတွေ တဖြည်းဖြည်းများလာတော့ လူကောင်းတွေ ပြောင်းပြောင်းသွားကြတာ နောက်ဆုံး ရပ်ကွက်ကတောင် အဆောင်ကို နာမည်ပြောင်းပစ်လိုက်ရတယ်။

"Sponser ဆောင်တဲ့"

"တကယ်တော့ ငွေကြေးအတွက် ခန္ဓာကိုယ်ရောင်းစားတာ ပြည့်တန်ဆာပဲ။ ဒါကို Sponser လို့ နာမည်တပ်ပြီး မရှက်မကြောက် လူရှေ့ထွက် ဂုဏ်ယူနေကြတယ်"

တကယ်ကို တာသွားတဲ့ စကားပါ။ မှန်လိုက်တာ သုန္ဒရီရယ်လို့တောင် ပြောရမလို ဖြစ်နေပြီ။

"လူတွေလည်း အရှက် ၊ အကြောက် မရှိတော့ဘူးနော်။ ကြာရင် တိရစ္ဆာန်နဲ့ ဘာမှ ထူးမှာ မဟုတ်တော့ဘူး။ နောင်တစ်ချိန်လောကမှာ လူနှစ်မျိုးပဲ ရှိတော့မယ်ထင်တယ် . . . လူစိတ်ရှိတဲ့လူနဲ့ . . . တိရစ္ဆာန်စိတ်နဲ့လူ ၊ အဲလိုပဲ ဖြစ်သွားမလား မသိဘူး"

သေချာတာပေါ့ . . . ကိုယ် ဘယ်အမျိုးအစားထဲပါအောင်နေမလဲဆိုတာပဲ စဉ်းစားရမှာပါ။

လူဆိုတာ ဖြစ်စေဖို့။ လူပီသစေဖို့ ရှေးရှေးပညာရှိပေါင်းများစွာက ယဉ်ကျေးမှုတွေ ဖော်ဆောင်လာခဲ့ကြတာ။ မိဘဆိုတာ မရှိ။ မောင်နှမသားချင်းဆိုတာမရှိ။ အဖိုအမ သဘာဝနဲ့ တိရစ္ဆာန်သာသာ အဆင့်ကနေ ယဉ်ကျေးမှုပေါင်းများစွာ ဖြစ်တည်လာအောင် ကြိုးစားခဲ့ရတာ။

ကျောက်ခေတ် ၊ ကြေးခေတ် ၊ ခေတ်အဆက်ဆက် ဖြစ်သန်းပြီး လူသရုပ်ပီပြင်စေခဲ့ကြတာ ယခုလောကဓာတ် ခေတ်သို့တိုင် ရောက်လာခဲ့ပြီဆိုပါတော့။

ငါတို့မှာ အမှန်၊ အမှား ဆုံးဖြတ်နိုင်တဲ့ ဦးနှောက်တွေရှိပါလျက် လူ့သရုပ် ၊ လူသဏ္ဍာန်တွေ ပီပြင်နေပါလျက် ဘာလို့ အမှောင်ဖုံးတဲ့ခေတ်ကို ပြန်သွားချင်ကြရတာလဲ။ လူ့သမိုင်းကို ဦးဆောင်ခဲ့တဲ့ ပညာရှင်တွေ ခေါင်းဆောင်တွေကို အားနာဖို့ ကောင်းပါတယ်လေ။

ဘာပဲဖြစ်ဖြစ် သုန္ဒရီဆိုသော မိန်းကလေးကိုတော့ ယုံကြည်မိပါတယ်။

"ရှင် ကျွန်မကို ယူရင် သေချာပေါက် ဆင်းရဲမှာနော်"

"ဆင်းရဲဖို့ မလိုပါဘူး။ ကိုယ်က ချမ်းသာတာပဲ မင်း ချမ်းသာနိုင်ဖို့ပဲ လိုတာပါ"

ပခုံးတွန့်တယ်။

"ကျွန်မကတော့ အဲ့လို နေနိုင်မယ်မထင်ဘူး"

"ဒါဆို ဘယ်လိုနေမှာလဲ"

"အဓိပ္ပာယ်ရှိစွာ နေမှာ"

သူမနဲ့ တွေ့ပြီးနောက်ပိုင်းမှ ဘဝကို လေးနက်ရကောင်းမှန်း သိလာခဲ့တယ်။ တကယ်တော့ သုန္ဒရီဟာ သူ့ဘဝရဲ့ အမှောင်တွေကို ဖယ်ရှားပေးသော အလင်းရဲ့ သမီးတော်လေးပါ။

အစဉ်လင်းချင်း . . .

ဝမ်းစာအပြည့်ပါတဲ့ မီးအိမ်လေးတစ်လုံးလည်း ဖြစ်လေရဲ့။

သူမ ပြောပြောနေတဲ့ ဗန်ဂိုးရဲ့ ကမ္ဘာကျော်စကားတစ်ခွန်းလိုပေါ့။

"သစ်ပင်တော့ မဟုတ်ဘူး . . .  ဒါပေမယ့် ရှင်သန်ရမယ်"

"ပန်းပွင့်တော့ မဟုတ်ဘူး . . .  ပွင့်လန်းဝေဆာရမယ်"

ကျေးဇူးပါပဲကွယ်။


. . .

အပိုင်း - ၅ သို့


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်