သိသောသူမည်ကား ကြားပါစေ . . .( ၅ ) @ သိုးဆောင်း

 


အဲဒီနောက်တော့ မိုးဝေအလုပ်တစ်ခု မဖြစ်မနေ လုပ်ရပါတော့တယ်။ ဝန်ထမ်းလည်း မလုပ်ချင်။ ကိုယ်ပိုင်လုပ်ငန်းထောင်ဖို့လည်း အရည်အချင်း မပြည့်မီသေးတာကြောင့် ဒေါက်ဆင်းပြီးပဲ သင်္ဘောလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ထိုကိစ္စကိုတော့ သုန္ဒရီကို ပေးမသိပါဘူး။ အတိုင်းအတာတစ်ခုထိ ကွယ်ဝှက်ထားချင်သေးတယ်လေ။ သင်္ဘောကျင်းကို မနက်တိုင်းသွားရတယ်။ အဲတော့ အရင်တုန်းကလို သူများ ကျောင်းရှေ့ တစ်နေကုန် သွားမထိုင်ဖြစ်တော့ဘူး။ ဒါတောင် တချို့ညနေတွေ အချိန်ယူပြီး မရောက်ရောက်အောင် သွားလိုက်ပါသေးတယ်။

စနေ၊ တနင်္ဂနွေ ကျူရှင်တက်တဲ့ နေ့တွေမှာတော့ နေ့တိုင်းလိုလို တွေ့ဖြစ်ပါတယ်။ သူပျောက်ပျောက်နေတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး သုန္ဒရီက ဘာမှ မမေးသလို သူကလည်း ဘာမှ မပြောဖြစ်ဘူး။ ဒါပေမယ့် တစ်ရက်မှာတော့ သူကိုယ်ပေါ်ကို ကောင်းကင်ထက်က ကြယ်တစ်လုံး ကြွေကျလာခဲ့တယ်။

ကြယ်လေးတွေက သူ့ပခုံးပေါ်နားပြီး သူတို့နာမည်ကို ပြောပြရဲ့။ Gemini ခေါ်ပါတယ်တဲ့။ တချို့ကလည်း Twins (အမြွှာ) လို့ ခေါ်ပါကြောင်း သူတို့ကိုယ်သူတို့ မိတ်ဆတ်တယ်။ ဆင်သက်လာရတဲ့ ရည်ရွယ်ချက်ကို မေးကြည့်တော့။

"လူ့ပြည်မှာ သူတစ်ယောက်တည်း နေစရာမလိုတော့ဘူးတဲ့"

ဟောကိန်းမှန်တယ်လို့ ဆိုရမလား မသိဘူး။ သုန္ဒရီကို ချစ်ခွင့်ပန်ပြီး သုံးလတိတ် ပြည့်တဲ့နေ့မှာ အဖြေပေးလာပါတယ်။

"ဆင်းရဲတာ ခံနိုင်တယ်ဆိုလဲ ရှင်ကံပေါ့လေ" တဲ့။

ချစ်တယ်လို့ အဖြေပေးလာတာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နှစ်ဦးသဘောတူ ချစ်သူတွေ ဖြစ်သွားခဲ့တယ်။ ချစ်သူတွေဖြစ်ပြီး နောက်ပိုင်းမှ သင်္ဘောကျင်းမှာ အလုပ်ဆင်းကြောင်း သူမကို ပြောပြတော့ . . .

"သူ လူပို မဟုတ်တော့ဘူး"

"ဟုတ်တယ် . . . သုန္ဒရီချစ်သူ မိုးဝေက အရင်လို လူပိုတစ်ယောက် မဟုတ်တော့ဘူး။ ဘဝကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းတော့မယ့် လူတစ်ယောက် ဖြစ်သွားပြီ။ ဟုတ်တယ်မလား"

"မှန်တာပေါ့ကွာ"


. . .


ချစ်သူတွေအဖြစ် ပွင့်ပွင့်လင်းလင်းရှိခဲ့ပြီး နောက်ပိုင်း သူတို့ နှစ်ဦးပတ်ဝန်းကျင်မှာ အလိုတမာစကားတွေ စီကာပတ်ကုံးထုံမွမ်းလာတယ်။ မိုးဝေဆိုတဲ့ကောင်ငတုံးဆိုတာမျိုး ၊ ကောင်မလေးက ရုပ်ကလေးဗန်းပြပြီး ချူစားနေတာ ဆိုတာမျိုး။

တစ်ဖက်ကကျတော့လည်း သူဌေးသားက သူလို မိန်းကလေးကို ဘယ်လို အတည်ကြံမှလဲ။ အပျော်တွဲတာဖြစ်မှာပေါ့။ ပြုံးပြုံးပြုံးပြုံးနဲ့ ပြီးမှ ဒူးနဲ့ မျက်ရည် သုတ်နေရမယ်ဆိုတာမျိုး။ စကားလုံး အချွန်တွေက ရိုးပေမယ့်လည်း ကြာတော့ ပိတ်ထားတဲ့ နားတွေကို လာလာလစိုက်တယ်။


အပိုင်း - ၆ သို့




Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်