သိသောသူမည်ကား ကြားပါစေ . . .( ၆ ) @ သိုးဆောင်း

 


"မစောလွန်းဘူးလား ကိုရယ် . . . စဉ်းစားပါဦး"

"ကိုယ်စဉ်းစားပြီးသွားပြီ . . . သုန္ဒရီ။ နောက်လည်း လက်ထပ်ကြမယ့်အတူတူတော့ အခုတစ်ခါတည်းပဲ လက်ထပ်လိုက်ရအောင်"

"သုန္ဒရီ ကျောင်းမပြီးသေးဘူးလေ။ ပြီးတော့ အဘွားကလည်း ရှိသေးတယ်"

"အဲ့ဒါတွေအတွက် ကိုယ်အားလုံး စဉ်းစားပြီးသွားပြီ . . . သုန္ဒရီ။ ဘာမှ မပူနဲ့"

တိကျပြတ်သားနေသော သူ့စကားကြောင့် သုန္ဒရီ နှုတ်ဆိတ်ကာ သွားတယ်။ ဒါပေမယ့်လည်း ကြာကြာ နှုတ်မဆိတ်နိုင်ပါဘူး။

"ကိုယ့်မိဘတွေကရော သုန္ဒရီလို မိန်းကလေး။ သုန္ဒရီလို အဆင့်အတန်းမျိုးနဲ့ သဘောတူပါ့မလား . . ."

"ဆင်းရဲတာ လူ့ကျင့်ဝတ် ချိုးဖောက်တာမှ မဟုတ်တာပဲ။ သဘောမတူစရာ မရှိပါဘူး"

"ဒါပေမယ့် သုန္ဒရီ စိုးရိမ်နေတယ်။ စိတ်ထဲမှာ တစ်ခုခုကို ကြိုသိနေသလိုပဲ။ 

စဉ်းစားပါဦး . . .  ကိုရယ်"

"စဉ်းစားပြီးမှ သုန္ဒရီကို ဒီစကားတွေ ပြောနေတာပေါ့။ သုန္ဒရီ သဘောတူရင် မိဘတွေကို ကိုယ်ဖွင့်ပြောလိုက်တော့မယ်"

သုန္ဒရီ ငြိမ်သက်ကာသွားတယ်။ တစ်ခုခုကို စိုးရွံ့ထိတ်လန့်နေသော ဟန်တွေ မျက်နှာမှာ ပေါ်နေတယ်။

"ဒီမှာ . . . သုန္ဒရီ ၊ လူတွေနဲ့ ဆက်ဆံဖို့ လောကမှာ နည်းနှစ်နည်းပဲ ရှိတာ။ သည်းခံတာနဲ့ တုံ့ပြန်တာ။ ကိုယ်တို့ သည်းခံပြီး သွားကြပြီ သုန္ဒရီ။ အခု တုံ့ပြန်ကြရအောင်။ ပတ်ဝန်းကျင်မှာ လူတွေက ကိုယ်တို့ နှစ်ဦးအကြောင်းကို ပေါင်းစုံအောင် ပြောနေကြတယ်။ အထူးသဖြင့် သုန္ဒရီ ကိုယ်နဲ့တွဲနေတာကို မလိုလားကြဘူး။ ကိုယ်တို့ တစ်ဘဝလုံး လက်တွဲဖြစ်မှာကိုလည်း စိုးရိမ်နေတယ်။ သူတို့ စိုးရိမ်မှုတွေကို ရိုက်ချိုးပစ်လိုက်ရအောင် . . . သုန္ဒရီ ။ သူတို့ မနာလို နေကြတဲ့ အတိုင်း ဖြစ်အောင် လုပ်လိုက်ရအောင်။ အဲလိုလူမျိုးတွေကို အနိုင်ယူဖို့ ဒီနည်းဟာ အကောင်းဆုံးပဲ"

"ဒါပေမယ့်လည်း . . . ကိုရယ်။ အဲလောက်ထိ ဂရုစိုက်နေစရာလည်း မလိုပါဘူး။ ပါးစပ်ညောင်းရင် ရပ်သွားလိမ့်မှာပေါ့"

"ပါးစပ်မညောင်းခင် ပိတ်သွားအောင် လုပ်ပစ်ချင်တာ။ ပြီးတော့ သုန္ဒရီနဲ့လည်း အခုလို သမီးရည်းစားဘဝနဲ့ အကြာကြီး မနေချင်တော့ဘူး . . ."

သူမမျက်ဝန်းနက်တွေမှာ မျက်ရည်ကြည်တို့ ရစ်ဝဲလာလေရဲ။

"ဘာလဲ . . . သုန္ဒရီ ကိုယ်နဲ့ လက်မထပ်ချင်လို့လား"

နှုတ်ခမ်းကို ကိုက်ပြီး သူ့ပခုံးကို သိုင်းဖက်လာပါတယ်။

"မဟုတ်ပါဘူးကွယ် . . . ကိုယ်နဲ့ ကို့မိဘတွေ အဆင်မပြေဖြစ်မှာ စိုးလို့ပါ"


. . .

အပိုင်း - ၇ သို့


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်