အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)
၁။
ကောင်းကင်ပေါ်မှာ
တိမ်ညိုတစ်သိုက် အုပ်စုလိုက် ရွေ့လျားနေကတည်းက လေ ခပ်ပြင်းပြင်းလေး တိုက်မည်ဟု ခန့်မှန်းလို့ရသည်။
စိတ်ပန်းလူပန်းဖြစ်နေသည့် အနေအထားမှာ စိတ်ပြေလက်ပျောက်ဖြစ်ရန် အလို့ငှာ လူနာဆောင်၏
အပြင်ဘက်သို့ ဖျာလေးတစ်ချပ် ဆွဲ၍ ထွက်လာလိုက်သည်။
သည်နေရာကို
ရောက်ရောက်ချင်းပင် ခပ်ပြင်းပြင်း အနံ့တစ်ခုက ကျွန်တော့် နှာခေါင်းထဲကို တိုးဝင်လာ၏။
ကျွန်တော် သေသေချာချာ အနံ့ခံလိုက်သည်။ လူများစွာ အပေါ့စွန့်ထားသည့်နေရာ ထင်သည်။ ထိုနေရာကိုမှ
ဖျာလေးတစ်ချပ်ခင်းပြီး အနားယူမည်ဟု အောက်မေ့မိကာမှ ထိုအနံ့ကြောင့် အနားမယူဖြစ်။ ထထိုင်နေမိ၏။
ဘေးနားက အရိပ်အာဝါသကောင်းသည့် ကုက္ကိုပင်ကြီးကလည်း အရွက်ကလေးတွေ တဖြုတ်ဖြုတ် ကြွေကျနေသည်မှာ
ရင်နာစရာ မြင်ကွင်းတစ်ခုဟု ကျွန်တော် အောက်မေ့နေမိသည်။ နွေနေ၏ အပူဒဏ်ကြောင့် ထင်၏။
အပူဒဏ်ကို မခံနိုင်သည့်အဆုံး ရွက်ခြောက်ဘဝတောင် ကူးစရာမလိုဘဲ အောက်သို့ တဖြည်းဖြည်း
ကြွေကျနေရလေသည်။ သည်ကြားထဲ လေအဝှေ့ကြောင့် နှာခေါင်းထဲသို့ ဝင်လာသည့်အနံ့က သရုပ်ပီပြင်သထက်
ပီပြင်လာသည်။ ထို့ကြောင့် ကျွန်တော် လေကြောင်းလွဲရာသို့ မျက်နှာမူ ထားလိုက်၏။
“ဆန်ပြုတ်နဲ့
ကြက်ဥကုသိုလ်ပါ”
“အာလူးထမင်းနဲ့
ရေသန့်ဘူး ကုသိုလ်ပါ”
“ချဉ်ပေါင်ဟင်းနဲ့
ထမင်းကုသိုလ်ပါ”
ကျွန်တော့်အတွေးများ
ရပ်ဆိုင်းခြင်း ပြုစအချိန်မှာ နားစည်ဝကို ထိုအသံများ တရစပ် တိုးဝင်လာ၏။ ထိုအသံလာရာကို
ကျီးကန်းတောင်းမှောက် လိုက်လံ ရှာဖွေမိသည်။ ဦးနှောက်နှင့် အာရုံကြော ဌာန၏ မျက်နှာစာ
တည့်တည့်။ ကျွန်တော်၏ ဆန့်ကျင်ဘက်အရပ်။ အဲသည်နေရာမှာ လူတစ်စု တန်းစီနေကြသည်။
“ကောင်လေး
လာမတန်းဘူးလား... တစ်နပ်နှစ်နပ်စာတော့ ဖူလုံပါတယ်ကွ”
ဘေးနားက
အသက်သုံးဆယ်ကျော် လူကြီးတစ်ယောက်ကြောင့် ကျွန်တော့်မျက်လုံးတွေ ထိုလူကြီးဘက်ကို ဆတ်ခနဲ
လှည့်ကြည့်လိုက်သည်။ “ဟုတ်” ဆိုပြီး ကျွန်တော် ခေါင်းဆတ်ပြလိုက်သည်။
ထိုလူကြီးကို
ကြည့်တော့လည်း သူ့နေရာတွင် နှစ်ယောက်စာ သုံးယောက်စာ တန်းထားလေ၏။ ထိုလူကြီး တန်းထားသော
ထမင်းထုပ်ကလေးများသည် သရက်ပင် ကိုင်းလေးပေါ်သို့ တစ်ထုပ်ပြီးတစ်ထုပ် ထပ်ဆင့်ချိတ်ဆွဲ
ခံထားရလေ၏။
အဲသည်လူကြီး၏
ဖိတ်ခေါ်မှုကြောင့် ခန္ဓာကိုယ်ကို မတ်တတ်ရပ်လိုက်၏။ ထို့နောက် တန်းစီနေသော လူများကို
တစ်ချက် ကြည့်လိုက်သည်။ ထိုလူတစ်စုဆီသွားရန် ကျွန်တော် ခြေလှမ်းပြင်လိုက်သည်။ တန်းစီနေသော
လူများမှာ ကျွန်တော်လို ဆယ်ကျော်သက် အရွယ်များလည်း အတော်ပါ၏။
သူတို့က
ဟိုး အထွက်ပေါက်ထက် ကျော်လွန်၍ ပြွတ်သိပ်နေလျက်။ ကျွန်တော် သူတို့နောက်မှာ နေရာယူလိုက်သည်။
အချို့သူများကတော့ သူ့ထက်ငါ အရှေ့ကိုရောက်ရန် ဖြတ်လမ်းမှ တိုးဝှေ့နေကြသည်။ အဲသည် တစ်နပ်စာက
အလင်းရောင် ကျဲကျဲကလေးမှ မှိန်ပျပျ အလင်းရောင်ထဲကို ဆွဲခေါ်သွား၏။
၂။
"ဒူ
... ဒူ ... ဒူ..."
ဪ...နံနက်လေးနာရီထိုးပြီ
ဟူသော အသိစိတ်က အိပ်ချင်စိတ်ကို အံတု၍ ဖျတ်ခနဲ မျက်လုံးဖွင့်လိုက်ရသည်။ ချက်ချင်းဆိုသလို
ကျောပိုးအိတ်ထဲမှ တုန်ခါနေသော ဖုန်းကလေးကို ကျွန်တော် ပိတ်ပစ်လိုက်၏။ ဖုန်း ပိတ်ပြီးသည်နှင့်
တပြိုင်နက် ချက်ချင်း ထ ထိုင်လိုက်၍ ဘေးဘီကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သည်နေရာကို
တစ်ခဏ မှေးရသည်မှာ စိတ်ချလှသည်တော့ မဟုတ်။ အိပ်ရေးပျက်ထားသောကြောင့် ဦးနှောက်၏ ခိုင်းစေချက်အရ
ပင်ပန်းနွမ်းနယ်မှုက ခန္ဓာကိုယ်ကို အလဲထိုး နိုင်သွား၏။ သို့သော် ပိုက်ဆံလေး အနည်းငယ်နှင့်
ဖုန်းကိုတော့ ကျောပိုးအိတ်ထဲထည့်ကာ ခေါင်းခု အိပ်တတ်သည်။ အလစ်သုတ်သူက ခပ်များများမို့
လက်ကျန်ငွေလေးကို ရင်အုပ်မကွာ သိမ်းဆည်းထားရလေသည်။
“သွားပြီ
ဦးလေးရေ... အချိန်ကျပြီဗျို့”
ခင်းထားသော
ဖျာကလေးကို သပ်သပ်ရပ်ရပ် ခေါက်လိုက်၏။ ပြီးနောက် ဖျာမှာပါသော ကြိုးကလေးကို လက်ဖြင့်
ဆွဲထားလိုက်သည်။ ဆေးရုံပေါ်သို့ တက်ရမည့် အချိန်ရောက်ပြီမို့ ထိုလူကြီးကို နှုတ်ဆက်၍
နားနေကျ နေရာမှ ထွက်ခွာခဲ့သည်။
သတ်မှတ်ထားသည့်
အချိန်ရောက်ပြီမို့ အဲသည် ဌာနရှေ့တွင် ကျွန်တော့်လို လူနာစောင့်များ အထဲသို့ ဝင်ရန်
စောင့်ဆိုင်းနေကြသည်။ ထမင်းထုပ်ကိုယ်စီကို လက်မှာဆွဲကာ သံဇကာကနေ အထဲက လှုပ်ရှားမှုများကို
စောင့်ကြည့်နေကြ၏။
“အခုထိ
မဖွင့်ကြသေးဘူးလား”
ကျွန်တော်ရှေ့က
လူနာစောင့် အမျိုးသမီးတစ်ယောက်ဆီမှ စိတ်မရှည်ဟန် လေသံက ခရမ်းရောင် လုံချည်နှင့် တီရှပ်အင်္ကျီအဖြူ
ဝတ်ဆင်ထားသော အမျိုးသမီး၏ နားစည်ဝကို ရိုက်ခတ်သွားသည်ထင်။ “ဆရာဝန်တွေ အစည်းအဝေးရှိနေလို့
တံခါးဖွင့် မပေးသေးတာ”ဟု မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်မှ အဲသည်လူနာစောင့်
အမျိုးသမီး၏ စူးဝါးလှသော အသံတွေက နေလာနှင်းပျောက်သလို တိခနဲ ငြိမ်ကျသွား၏။ ခဏကြာတော့
ခရမ်းရောင်လုံချည် ဝတ်ဆင်ထားသော အမျိုးသမီးက ပိတ်ထားသည့်တံခါးကို တွန်းဖွင့်လိုက်၏။
ခုနက လူနာစောင့် အမျိုးသမီးက ရှေ့ဆုံးကနေ ပြေးတက်သွားလေသည်။ အခြား လူနာစောင့်များလည်း
တစ်ယောက်ပြီးတစ်ယောက် အတင်းတိုး၍ တက်သွားကြသည်။ ကျွန်တော်ကတော့ အခြားသူများကို ဦးစားပေးကာ
နောက်ဆုံးမှ တက်ခဲ့လေ၏။
“ငါ့သား
သက်သာတယ်မလား..ကံကြီးပေလို့ပေါ့ကွာ”
“ငါ့မောင်နဲ့ဟယ်...သေချာဂရုစိုက်ဖြေ..သူတို့က
တိတိကျကျသိမှ အဆင်ပြေတယ် ထင်တယ်”
“အဖေရယ်..
အဖေ့ကို ပြောသားပဲ။ ကိုယ်နဲ့ မတည့်တာတွေဆို တစ်ခုမှ မစားနဲ့။ အခု စားတော့ ဒုက္ခရောက်ရပြီ”
မိဘက
သားသမီးကို စိုးရိမ်၍ ပြောသည့်စကား၊ အစ်မက မောင်ကို သင်ကြားနေသည့် စကား၊ သားသမီးက မိဘကို
အပြစ်တင် ပြောဆိုနေသည့်စကား စသည့် စကားလုံးပေါင်းစုံတို့က ကျွန်တော့် အကြားအာရုံထဲကို
ဝင်ရောက်လာသည်။ ထိုအရာများသည် ဆေးရုံထဲမှာ ဖြစ်မြဲဓမ္မတာမို့ ကျွန်တော် လျစ်လျူရှုလိုက်လေသည်။
တိတ်ဆိတ်ငြိမ်သက်သည့် အရသာကို နှစ်သက်သည့် ကျွန်တော်က ထို ဆူညံညံ စကားလုံးများနှင့်
ရင်းနှီးနေတာ ရက်အတော်ကြာလေပြီ။
“အဖေ
ဆေးရုံမှာ နေရတာကြာလာတော့ ကျွန်တော့် အိတ်ကတ်ထဲ ငွေခန်းနေပြီ။ ဘယ်လိုလုပ်ရမလဲဗျာ”
“အဖေ့ရောဂါကို
သေသေချာချာ စစ်ဆေးပြီးပြီဆိုတော့ ရောဂါနဲ့သက်ဆိုင်တဲ့ တခြားဆေးရုံကို ထပ်သွားရမှာလို့
ဆရာဝန်က ပြောတယ်ကွ။ အဖေလည်း သားကို ပြောရ မပြောရ စဉ်းစားနေတာ”
အဖေ့ပါးစပ်မှ
ထွက်ကျလာသော ဖင့်တွဲတွဲ စကားလုံးများက ကျွန်တော့် နှလုံးသားကို မျက်ခနဲ နာကျင်စေ၏။
“ဟုတ်ပါ့
အဖေရယ်။ အခု ထမင်းစားချိန် ရောက်ပြီ။ ထမင်းဆိုင် သွားလိုက်ဦးမယ်နော် အဖေ”
ကျွန်တော်လည်း
ထမင်းဆိုင်သို့ ခပ်သုတ်သုတ် လျှောက်သွားလေသည်။ သည်လိုအချိန်ဆို ထမင်းဆိုင်များထဲမှ
ဈေးချိုသော ဒေါ်ဥဆိုင်ကို လူများ စည်ကားနေမည်ဟု ကျွန်တော် ခန့်မှန်းလို့ရသည်။
“ပါဆယ်
မြန်မြန်လေး ထည့်ပေးပါဗျာ... အရေးကြီးနေလို့ပါ”
တချို့သူတွေ၏
စကားလုံးများသည် တုန်ရီ အက်ကွဲနေကြသည်။ သူတို့၏ မျက်ဝန်းအိမ်မှာ မျက်ရည်စက်ကလေးများ
တွဲခိုနေကြသည်။
ကျွန်တော်၏
မျက်ဝန်းအိမ်မှာရော...။
၃။
“ဦးလေး
ဘယ်သွားမလို့လဲဗျ”
ဆေးရုံအောက်သို့
ဆင်းလာရင်း ထိုလူကြီးကို အမှတ်တမဲ့ မြင်လိုက်ခြင်းကြောင့် ကျွန်တော် လှမ်းနှုတ်ဆက်လိုက်သည်။
ဘာမှပြန်မပြောဘဲ ထိုလူကြီးက ကျွန်တော့်ကို အပြုံးလေးတစ်ချက် ပစ်ပေါက်၍ သူ့ သွားရာလမ်းအတိုင်း
ဆက်လျှောက်သွား၏။ ထိုအပြုံးကို ကျွန်တော် မသင်္ကာ ဖြစ်မိသည်။ ထိုအပြုံးမှာ ဝမ်းနည်းမှုတို့
ရောစွက်နေသည်ကို ကျွန်တော် သတိထားမိသည်။ သို ပေသော်ငြား ကျွန်တော်လည်း ပြန်ပြုံးပြလိုက်လေသည်။
အဲသည်နောက် ကျွန်တော်လည်း နားနေကျနေရာသို့ အတွေးများစွာဖြင့် လျှောက်လှမ်းသွားမိသည်။
“အဘိုး
ဒီနားကလူကြီး ပြန်မလာသေးဘူးလား
“အေး
လာတယ်။ ခဏလာပြီး ပြန်ထွက်သွားတယ်”
နားနေကျနေရာမှ
ထိုလူကြီးနှင့် မိတ်ဆွေဖြစ် ဟန်တူသည့် အဘိုးအိုကြီးတစ်ဦးကို လှမ်းမေးလိုက်သည်။ ကျွန်တော့်
အမေးကြောင့် အဘိုးအိုကြီးမှာလည်း မျက်နှာပျက်နေသလိုဖြစ်သွားသည်။
“အဘိုးတို့
ဒီဆေးရုံကို ရောက်တာကြာပြီလား
“အေး
နှစ်လနီးပါးလောက်ရှိပြီ
အဘိုးအို
အသံက ချက်ချင်း တိမ်ဝင်သွားသလို ဖြစ်သွားသည်။ မျက်နှာက အဝေးကို ငေးကြည့်နေ၏။
အဲဒီလူကြီးနဲ့ရော
ခင်တာကြာပြီလား
“အေး...
ကြာရောပေါ. သူ့အကြောင်းသိ ကိုယ့်အကြောင်းသိတွေပေါ
အဘိုးကြီးမျက်နှာသည်
မျက်ဝန်းအိမ်မှာ မျက်ရည်ဝဲနေသည်။ ထိုအရာကို ကျွန်တော် ချက်ချင်း သတီထားမိလိုက်၏။
အဲဒီလူကြီးအကြောင်း
ကျွန်တော်ရော သိချင်တယ်ဗျ
ကျွန်တော့ပါးစပ်မှ
ထိုစကားထွက်ကျလာ သောကြောင့် အဘိုးကြီးမျက်နှာက အခြားတစ်ဖက်စီသို့ လှည့်သွားလေသည်။ အတန်ကြာမှ
အဘိုးကြီးပါးစပ်က စကားလုံးလေးများ ခပ်တိုးတိုးလေး ထွက်ကျလာ၏။
“ကောင်လေးက
တကယ်သိချင်တာလား”
ကျွန်တော်
ဘာမှ ပြန်မပြောဘဲ ခေါင်းဆတ်ပြလိုက်၏။
“သူ့နာမည်က
ဦကျော်တဲ့။ ကျောက်ဆည်တက်က လာတယ်လို့ ပြောတာပဲ။ လူကလည်း သိသလောက် ရိုးသားပုံရပါတယ်။
အဘိုးလို တောသားပဲကွ။ အဖြစ်က သနားစရာပါကွာ”ဟု ပြောကာ အဘိုးကြီး၏ စကားလုံးများ
ခဏတာ ရပ်တန့်သွား၏။
“ဟူး”
အဘိုးအို၏
သက်ပြင်းချသံယဲ့ယဲ့ကို ကျွန်တော် သေချာကြားလိုက်ရ၏။
“သူ့သမီးလေး
ဆိုင်ကယ်နဲ့ တိုက်ခံရတာ။ အဲဒီဘက်မှာ မရလို့ ဒီမန္တလေးကို လွှဲလိုက်တာတဲ့။ ဆိုင်ကယ်
သမားကလည်း မောင်းပြေးသွားတာတဲ့။ သူ့ခမျာ မိန်းမကလည်း အရင်နှစ်တုန်းက ဆုံးသွားရှာတာ။
အခုလည်း သူ့အိမ်ကလေး ရောင်းခိုင်းပြီး သူ့ဆွေမျိုးတစ်ယောက်ကို ပိုက်ဆံ လာပို့ခိုင်းတာတဲ့”
အဘိုးအိုကြီးကို
ကြည့်ရသည်မှာ ထိုလူကြီးကို သနားနေပုံရသည်။ မဟုတ်ပါဘူးလေ။ သနားနေပုံထက် စာနာမှုအပြည့်နှင့်
ပြောနေသည့်နှုတ်ခမ်းက တဆတ်ဆတ်တုန်နေ၏။ ထိုလူကြီးအကြောင်းကို ကြားတော့ ကျွန်တော့်ရင်တွေ
တစ်ဆို့ကြီး ဖြစ်နေရုံမှလွဲ၍ မည်သည့် စကားလုံးမျှ တုံ့ပြန်နိုင်စွမ်းမရှိ။
“မနေ့ညက
သူ့သမီးလေး အသည်းအသန် ဖြစ်ပုံရတယ်။ ဆရာဝန်က ခွဲစိတ်မှု လုပ်ရမယ်လို့ ပြောတာတဲ့။ သူလည်း
စိတ်နဲ့လူနဲ့ ကပ်ပုံမရပါဘူးကွာ”
ပြောရင်းပြောရင်း
ဝမ်းနည်းမှုတို့၏ ပြယုဂ်ဖြစ်သော မျက်ရည်များသည် အဘိုးအိုကြီး၏ ပါးပြင်ပေါ် မရောက်ခင်
အဲသည်အဘိုးအိုကြီး၏ လက်ဖဝါးကြောင့် အရှိန်သတ်သွားရသည်။
“ဟူး”
ဒုတိယမ္ပိ
သက်ပြင်းကြီးတစ်ချက်ကိုတော့ ကျွန်တော် ကိုယ်တိုင် ပါးစပ်မှ မှုတ်ထုတ်လိုက်လေသည်။
၄။
“ဦးလေး
ပြန်လာပြီလား။ အဆင်ပြေခဲ့လား”
ကျွန်တော်၏
အမေးကို ထိုလူကြီး ဘဝင်ကျဟန် မတူ။ “ဒီအကြောင်းကို ဘယ်လိုသိတာပါလိမ့်”ဆိုသည့်
အကြည့်ဖြင့် မျက်မှောင်ကုတ်ပြသည်။
“အေး
ပြေပါတယ်ကွာ။ ခက်တာက အလစ်သုတ် သမားတွေ။ ပိုက်ဆံအိတ်ကို သမီးနဲ့ အတူနေမယ့် သူ့ဒေါ်လေးကို
ပေးမထားရဲဘူး။ သူက နုံတိနုံချာ။
သူ့ဘေးက
ပိုက်ဆံအိတ် ယူသွားရင်ကို သိလိုက်မှာ မဟုတ်ဘူး။ ဦးလေးလည်း မင်းလိုပဲ ကျောပိုးအိတ်ထဲ
ထည့်ပြီး ခေါင်းခု အိပ်ရုံရှိတော့တာပဲ”
ကျွန်တော်လည်း
ထိုလူကြီး၏ ကျောပိုးအိတ်ကို စိုက်ကြည့်မိသည်။ ထိုလွယ်အိတ်ကို ကြည့်ပြီး ကျွန်တော် အံသြနေမိသည်။
“ကောင်လေး
မင်းကျောပိုးအိတ်နဲ့ ငါ့အိတ်နဲ့ တူတယ်နော်”
ကျွန်တော်လည်း
“ဟုတ်တယ်နော်” လို့ပြောပြီး
ခေါင်းညိတ်ပြလိုက်သည်။
၅။
ညနေစောင်းတော့
“ခေါက်ဆွဲကြော်နဲ့ ရေသန့်ဘူးကုသိုလ်ပါ”
ဆိုသည့်
အသံများသည် လူအများ၏ အမြင်အာရုံရော အကြားအာရုံပါ ဆွဲဆောင်သွားသည်။ ဘေးနားက အဘိုးအိုကြီးလည်း
ထိုအသံနောက် လိုက်ပါသွား၏။ ထိုလူကြီးနှင့် ကျွန်တော်လည်း ထိုအသံလာရာကို လိုက်လံ ရှာဖွေပြီးကာမှ-
“မနက်ခင်းပွင်တဲ့
ပန်းလေးထက်ကို ပိုမွှေး တယ်....”
Ringtone
သံ မဆုံးခင် ထိုလူကြီးက ဖုန်းကို ကိုင်လိုက်သည်။ ညနေစောင်းနေပြီဖြစ်၍ ဖုန်းလိုင်းမကောင်းသည့်အတွက်
ဘေးနားကို ရွှေ့ပြီး ဖုန်းပြောနေသည်။ သူ့ကျောပိုးအိတ်ကို ကျွန်တော့်အနား ပစ်ထားခဲ့၏။
အဲသည် အခွင့်အရေးကို ကျွန်တော် ကောင်းကောင်း အသုံးချလိုက်သည်။ ထိုလူကြီးက ဖုန်းပြောပြီးတော့
“သမီး ဒီည ခွဲစိပ်ရမှာတဲ့၊ လိုအပ်တာတွေ မြန်မြန်သွားဝယ်ရမယ်” ဆိုပြီး
ကျောပိုးအိတ်ကို ယူ၍ ပျာပျာသလဲ ပြေးထွက်သွားသည်။
ကျွန်တော်ကတော့
ကျန်ခဲ့သော ကျောပိုးအိတ်ကို ကောက်ယူရင်း ထိုလူကြီး ကျောပြင်ကို ငေးကြည့်နေမိသည်။ သည်တော့မှ
ခုနက နေရာချင်းလဲလိုက်သည့် ကျောပိုးအိတ်အတွက် စိတ်ချရတော့သည်။
အဖေ့
ဆေးစရိတ်အတွက် စိတ်အေးရပြီဆိုတော့ ညတွင်းချင်းပဲ တခြားဆေးရုံပြောင်းရန် ကျွန်တော် စီစဉ်ရတော့မည်။
သိင်္ခဇော်
အညာမြေ
Shwe Athit Digital Page မှ ကူးယူဖော်ပြပါသည်။
Comments
Post a Comment