ခံပွင့် @ ခင်နှင်းယု


ခင်နှင်းယု


အမည်ရင်း ဒေါ်ခင်စု၊ ကျောင်းဆရာကြီး ဦးဘ၊ အမိ ဒေါ် သိန်းတင်တို ့မှ ၁၉၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက် (တနင်္လာနေ့) တွင် မွေးဖွားသည်။ ဖဆပလ သတင်းစဉ် စာစောင်တွင် လက်ထောက် အယ်ဒီတာ (၁၉၄၆) နှင့် တာဝန်ခံအယ်ဒီတာ (၁၉၄၇) တာဝန်များ ထမ်းဆောင်ခဲ့သည်။ “အရိုင်း” အမည်ရှိ ပထမဦးဆုံးဝတ္ထုကို ပဒေသာ မဂ္ဂဇင်းတွင် ခင်နှင်းယု ကလောင်အမည်ဖြင့် စတင် ဖော်ပြခံခဲ့ရသည်။ ‘နွေနှောင်းရွက်ကျန်” (ပထမဦးဆုံး ပုံနှိပ် ဝတ္ထုရှည်၊ ရှုမဝမဂ္ဂဇင်း၊ ၁၉၅၂) နှင့် “ဆောင်းတွင်းပန်း” (ပထမဦးဆုံး လုံးချင်းစာအုပ်)၊ “သရဖူ” (မြဝတီမဂ္ဂဇင်း စာဖတ်ပရိသတ်ဆု၊ ၁၉၅၃) တို့ဖြင့် စာပေလောကတွင် နာမည်ရခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် ဝတ္ထုတိုပေါင်းချုပ်ဖြင့် စာပေဗိမာန်တစ်ထောင်ဆု ရရှိသည်။ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ‘မြကြာဖြူ’ ဝတ္ထုဖြင့်လည်း ၁၉၉၅ ခုနှစ်၏ အမျိုးသားစာပေ ဝတ္ထုရှည်ဆု ရရှိသည်။ မွှေး၊ ပန်းပန်လျက်ပါ၊ ထိပ်စုဖုရားမဗျိုင်း၊ အောင်မြင်သောနေ့ စသည်ဖြင့် နာမည်ကြီး၊ နာမည်ကျော် လုံးချင်းဝတ္ထုပေါင်း (၆ဝ) ခန့်၊ ဝတ္ထုတိုပေါင်း (၁ဝဝ) ကျော် ရေးသားထုတ်ဝေ ထားခဲ့ပြီးဖြစ်သည်။



ရွေးချယ်ထား၀တ္ထုပေါ် စာရေးသူ၏ အမြင်


စာရေးဆရာတစ်ယောက်ကို မိမိရေးသော ဝတ္ထုများတွင် ဘယ်ဝတ္ထုကို အကြိုက်ဆုံးလဲဟု မေးလာခဲ့သော် တခြားစာရေးဆရာများ ဘယ်လိုဖြေမည်မသိ။ ကျွန်မအဖို့ ဖြေရန် ခက်ခဲပါသည်။ ကျွန်မသည် ကျွန်မဝတ္ထုများကို နှလုံးသားနှင့် ခံစား၍ ရေးသားသောသူ ဖြစ်သည်။ သို့မဟုတ် ကျွန်မနှလုံးသားမှ ဝတ္ထုများကို မွေးဖွားပေးသော မိခင်တစ်ယောက် ဖြစ်သည်။

မိခင်တစ်ယောက်ကို မေးကြည့်ပါ။ မိမိသားသမီးများတွင် ဘယ်သူ့ကို အချစ်ဆုံးလဲ ဟူသော မေးခွန်းကို မေးလျှင် ဘယ်မိခင်ကမှ သီးသန့် ပြောကြားမည် မဟုတ်။ သူ့ရင်မှ မွေးဖွားသော သားသမီးများအားလုံးကို ချစ်မည်သာ ဖြစ်သည်။ သားသမီးများ ကောင်းသည်၊ ဆိုးသည်၊ အရုပ်ဆိုးသည်၊ အကျည်းတန်သည်က တစ်ဘာသာ ဖြစ်၍ မိခင်အချစ်က ထိုအရာများအပေါ်တွင် မဆုံးဖြတ်ပါ။

တစ်ဖန် စာရေးဆရာတစ်ယောက်သည် ဝတ္ထုတို့ကို ဖန်တီးရေးသားရာတွင် အားထုတ်မှုမှာ ခြင်္သေ့နှင့် တူသည်။ ခြင်္သေ့သည် သားကောင်ကို ဖမ်းရာ၌ ဆင်ကို ဖမ်းသည်ဖြစ်စေ၊ သမင်ကို ဖမ်းသည်ဖြစ်စေ အင်အားကို ညီတူညီမျှ အားထုတ်ပါသည်။ ဆင်အကောင်ကြီး၍ ပိုမိုအားထုတ် ကြိုးပမ်းသည်၊ သမင်အကောင်ငယ်၍ သမင်ကို ဖမ်းဆီးရာ၌ အင်အားကို လျှော့မသုံးပါ။

ကျွန်မဝတ္ထုများကိုလည်း ဖန်တီး အားထုတ်ရာ၌ ကျွန်မသည် ဝတ္ထုတိုင်းကို အားသွန်ခွန်စိုက် ပုံ၍ အားထုတ်ကာ ကြိုးစား ရေးရမြဲ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မဝတ္ထုများတွင် ဘယ်ဝတ္ထုကို အကြိုက်ဆုံးလဲဆိုလျှင် ကျွန်မ မဖြေနိုင်ပါ။ သို့သော် ယခု “ရွှေ” စာပေတိုက်က အမေး ရှိ၍ ကျွန်မ ဖြေရပါမည်။ ကျွန်မအဖြေတွင် အကြိုက်ဆုံးဟူ၍ မဖြေလိုပါ။ ကျွန်မရေးသော ဝတ္ထုတိုများမှ တစ်ပုဒ်ကို ဖော်ပြပါမည်။

ထိုဝတ္ထုတိုမှာ “ခံပွင့်” ဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးကို အသက်၊ ချွေး၊ သွေးတို့ဖြင့် စတေးကာ တိုက်ပွဲဝင်ခဲ့သူများမှာ နိုင်ငံရေးသမားများ ဖြစ်သည်။

သီပေါမင်း ပါတော်မူကတည်းက ပြည်ထောင်စုသားများ ပါဝင်၍ ခေတ်အဆက်ဆက် ဗြိတိသျှကို တော်လှန်လာခဲ့ကြသည်မှာ ဒို့ဗမာ အစည်းအရုံးဝင် သခင်တို့ခေတ် အထိ ဖြစ်ခဲ့ပါသည်။

ကျွန်မ နိုင်ငံရေးသမားများကို ချစ်ခင်သည်၊ လေးစားသည်။ သူတို့သည် တကယ့် ကိုယ်ကျိုးစွန့် အနစ်နာခံသူများ ဖြစ်သည်။ တို့ဗမာသီချင်းတွင် ပါသလိုပင် ‘ကိုယ့်ကိုယ်ကျိုး လုံးလုံးမပါ” ဟူသော ခံယူချက်ဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူများ ဖြစ်သည်။

သို့သော် လွတ်လပ်ရေး ရရှိလာသောအခါ အနစ်နာခံ ကြိုးပမ်းလာခဲ့သော နိုင်ငံရေးသမားထဲမှ များသောအားဖြင့် အရာရှိကြီးများ အဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြရသည်။

နိုင်ငံရေးသမားသည်လည်း ပုထုဇဉ်ဖြစ်သည်။ တချို့ နိုင်ငံရေးသမားတို့က “အချိုး” မပြောင်း။ တချို့နိုင်ငံရေးသမားကမူ တစ်ချိန်က လက်တွဲလုပ်ခဲ့သော ငတ်ဖော်ငတ်ဖက် နိုင်ငံရေး ရဲဘော်များကို မေ့ပစ်။ လျစ်လျူရှုခဲ့သည်။ သခင်ဘဝ အငတ်ငတ်အပြတ်ပြတ်နှင့် လင်၏ပါရမီကို ဖြည့်ခဲ့ပါသော ဇနီးမယားကိုပင် သစ္စာဖောက်ကာ ဂါဝန်ပြာဝတ် ကျောင်းထွက် သို့မဟုတ် အခွင့်ထူးခံ လူတန်းစား၏ သမီးများကို နှစ်သက်လိုလား လက်ထပ်ကြသည်။ ထိုကဲ့သို့ သစ္စာမဲ့သော နိုင်ငံရေးသမား ‘တချို့’ အကြောင်းကို ကျွန်မ ရေးသားခြင်း ဖြစ်ပါသည်။

ဦးမျိုးမင်းကမူ “ခံပွင့်” တွင် ခင်နှင်းယုသည် “လူဆိုတာ သည်လိုပဲ” ဟု အမှန်တရားကို ထောက်ပြသည်ဟု ဆိုသည်။ မှန်ပါသည်။ သို့သော် သစ္စာတရားဆိုသည်ကတော့ ဘယ်နေရာမှာမဆို ရှိရမည်ပင် ဖြစ်သည်။ ပြည်သူလူထု အပေါ်နှင့် မိမိနှင့် လုပ်ဖော်ကိုင်ဖက်တို့အပေါ် သစ္စာရှိခြင်းသည် အောင်မြင်ခြင်း ဖြစ်၍ သစ္စာမဲ့ခြင်းသည် ကျဆုံးခြင်းသာဖြစ်သည်။


ချမ်းမြေ့ရွှင်လန်းပါစေ။

ခင်နှင်းယု




ခံပွင့်


ပန်းစံပယ်၊

နန်းလယ်မှာ မပေါ်ခိုက်ဟာမို့

အလိုက်တော် တန်သင့်ရုံပ၊

ခံပွင့်ကိုကုံး။

နန်းရဝေ၊

မန်းမြေ စံပယ်လှိုင်တော့

ခံပန်းခိုင် ယာယီရွေ့တယ်

တောလေ့ရွာသုံး။ ။


ယုံရမှာခက်သော အကြောင်းတို့တွင် ဦးသာကျော် ကျွန်မကို ပြောသောပုံသည် သာ၍ ယုံကြည်ရန် ခဲယဉ်းလှပေသည်။ သူကတော့ သူပြောသော အကြောင်းအရာများသည် ပုံမဟုတ်ဟူ၍ ဆို၏။

“တကယ်ဖြစ်တာပါဗျာ၊ မခင်လေးဟာလဲ တကယ်ရှိနေပါတယ်၊ ကျုပ်တို့ ယာတောမှာကို ရှိနေပါတယ်” ဟူ၍ဆို၏။ သူပြောသောပုံမှာ ရိုး၍ လှပသည်။ တပေါင်းလနှင့်လည်း လျော်ကန် သင့်မြတ်လှပေသည်။ သို့သော် ရွာ၏အမည်ကိုမူ မဖော်ပေ။

နေခြည်ပျောက်ချိန်တွင် ယာတောပေါ်သို့ မြူမှုန်လေးများ သမ်းလာပုံကို ပြောပြသောနေရာတွင် လွမ်းဆွတ်ဖွယ်ကောင်း၍ ပန်းချီ ဆန်လှပေသည်။


** ** ** ** **


ကဗျာဆရာတို့က လရောင်ခြည်ကို ငွေရောင်ခြည်ဟု ဆိုသော်လည်း ယာတောသူတို့၏ မျက်လုံးတွင် ရွှေရောင်လို ဝါပြေပြေသာ မြင်တွေ့၍ နေရပေသည်။ အရှေ့မှ လထွက်လာလျှင် လအိမ်စောင့် နတ်သမီး၏ ဆံပင်များပြေ၍ လျှောကျလာသလို လရောင်ခြည်သည် ညွတ်ပျော့၍ မြေသို့ ကျလာသည်။ လရောင်ခြည်နှင့် သိမ်းပြီးစ ယာခင်းပြင်တို့ တွေ့ထိသလို ဤလယ်ယာခင်းပြင်တို့တွင် ဦးသာကျော်တို့ ယာသမား တစ်စုနှင့် သခင်ကျော်ဇေယျတို့ တွေ့ကြသည်ဟုဆို၏။

ရွာထဲမှာမူ အိမ်ရှေ့တိုင်းလိုလို ဘူးစင်ရှိ၏။ ဘူးစင်များကြားသို့ လရောင်သည် လူးလွန့်၍ ဝင်ရောက်လာတတ်၏။ ရွာပျိုချောတို့ကို လရောင်သည် တိုးဝင်၍ ရှာဖွေနေဟန် ရှိပေသည်။ ဤရွာရှိ အပျိုချောတို့ ဘူးစင်အောက်မှာ ညဉ့်တိုင်း ထိုင်၍ နေတတ်သည်ဟုဆို၏။ ရှေးတုန်းကမူ ဤဘူးစင်အောက်တွင် ဗိုင်းငင်ကြသည် ဆိုသော်လည်း ယခုတော့ ဤရွာတွင် ဗိုင်းငင်သည်ကို မတွေ့ရသည်မှာ ကြာလှပေပြီ။

ဤဘူးစင်အောက်တွင် သခင်ကျော်ဇေယျနှင့် မခင်လေးတို့ တွေ့ကြသည်ဟု ဆိုပြန်သည်။ သူသည် လရောင်ခြည်လိုပင် ဤယာတောသို့ တိုးဝှေ့ ဝင်လာရင်း မခင်လေးကို တွေ့ရပေသည်။

ခင်လေး မိဘများသည် ယာခင်းရှင် ဖြစ်သော်လည်း ခင်လေးသည် ယာတောတွင် ကြာကြာ မနေတတ်ပေ။ မြို့မှာ ကျောင်းနေသည်က များ၏။ သို့သော် အိမ်ကိုပြန်ရောက်တိုင်း အမေက ယာတောသူလို နေရမည်ဟု ပြော၏။

နှင်းမှုန်သိပ်သော နံနက်တွင် အစောကြီးထ၍ ဆွမ်းချက်ရ၏။ ယာခင်းသို့ အလုပ်ဆင်းမည့်သူတို့အတွက် အမေနှင့် ထမင်းအတူချက် ပေးရသည်။

ညဉ့်တွင်လည်း လရောင်အောက်တွင် မြေပဲသီးများကို အခွံချွတ်၍ ပေးရ၏။ မြေပဲခွံ ချွတ်နေစဉ်တွင် အမေသည် သူ့ယာတော အကြောင်းကို ခဏခဏပြောပြ၏။

“ဘယ်ကိုပဲ ရောက်နေနေ အမေတို့ဆီတော့ ပြန်လာပါ သမီးရယ်”

အမေသည် စကားပြောတိုင်း မယုံမရဲ ရှိတတ်၏။ အမှန်လည်း သူသည် ခင်လေးကို မယုံ။ ခင်လေးသည် တစ်နေ့သောအခါ ဤယာတောကို စွန့်ပစ်၍ မြို့သို့ ဝင်သွားမည်ဟု အမေက ထင်၏။

ထင်လည်း ထင်စရာပေပဲ။ လူတိုင်းလိုလိုက ခင်လေးသည် လှပသည်ဟု ဆို၏။ ဤအလှသည် ယာတောနှင့် မတန်ဟူ၍ ဆိုကြပြန်သည်။ အမေကတော့ ထိုစကားများကို ကြားတိုင်း ခေါင်းတွင်တွင် ခါ၏။

“ခက်ပဲ ခက်ရချည့်ရဲ့၊ ယာတောက ထွက်တဲ့အလှဟာ ယာတောနဲ့ ဘာလို့ မတန်ရမှာလဲ၊ မိန်းကလေး မကြားပါစေနဲ့၊ မိန်းကလေး ကိုယ်ဟာ ယာတောအနံ့ နံနေတယ်” ဟု အမေကပြောတတ်သည်။

ခင်လေးက ဆရာမ ဖြစ်ချင်သည် ဆို၍သာ အမေက ကျောင်းထားရပေသည်။ မြန်မာလို အလယ်တန်း ဆရာဖြစ် ဖြေနေဆဲတွင် ခင်လေးသည် သခင်ကျော်ဇေယျနှင့် သိလာသည်။ သခင်ကျော်ဇေယျသည် သူတို့ရွာသို့ လာနေကျ ဖြစ်သည်မှာ ကြာပေပြီ။ ခင်လေးနှင့်တော့ ယခုမှပင် တွေ့ဆုံကြပေသည်။ ခင်လေးတို့ရွာမှ ယာသမားများကို သခင်ကျော်ဇေယျက လာ၍ စည်းရုံးရသည်ဟု ဆိုသည်။ ယာသမားတိုင်းလိုလိုက သခင်ကျော်ဇေယျကို သိသည်။

ထိုစဉ်က သခင်ကျော်ဇေယျသည် မြေပဲကြော်နှင့် ရေနွေးကြမ်းကိုသာ နှစ်သက်ခဲ့ပေသည်။ ယာခင်းပြင်ကို ကျော်ဖြတ်လာသော ယာတော၏ လေအေးကို နှစ်နှစ်ခြိုက်ခြိုက် ရှူရှိုက်ခဲ့ရ၏။ ချို၍ အေးသော တောပန်းရနံ့ ရိုးရိုးကိုသာ သူနှစ်သက်ပါသည်ဟု ဆိုသည်။ အမှန်မှာမူ ဘူးစင်အောက်သည် ယာတောကို စာဖွဲ့ရာနေရာ ဖြစ်ပေသည်။ ဤဘူးစင်အောက်တွင် သခင်ကျော်ဇေယျနှင့် ခင်လေး တွေ့ဆုံခြင်းကို အမေကတော့ မနှစ်သက်ပေ။

သို့သော် ကိုသာကျော် ကိုယ်တိုင်က “ကောင်းသောတွေ့ခြင်း” ဟု ဆိုသည့်အတွက် အမေက မငြင်းဆန်ပေ။ ပင်နီ ဖျင်ကြမ်းအင်္ကျီနှင့် ပခုက္ကူလုံချည်တို့မှာ သခင်ကျော်ဇေယျသည် ဤယာတောတို့နှင့် မကင်းကွာလှကြောင်းကို ပြနေ၍ အမေက ကျေနပ်ရပေသည်။ သို့သော် အမေက စိတ်ထဲမှာ ထင့်နေ၏။

“ဘာကိုများ အမေ စိတ်ထင့်ရပါလိမ့်”

အမေတို့ရွာမှ ထွက်သော် လမ်းဘေးတစ်လျှောက်တွင် နှင်းဆီ အရိုင်းပင်များ အလေ့ကျပေါက်၍ နေသည်။ ဤလမ်းလေးမှပင် သခင်ကျော်ဇေယျသည် ခင်လေးကို လှည်းနှင့် ခေါ်ဆောင်၍လာသည်။ နံနက်အစောကြီး ထလာရ၍ နှင်းများမှာ လမ်းကို မမြင်နိုင်လောက်အောင် ပိတ်ဆို့၍ နေသည်။ အညာဆောင်း၏ နံနက်ခင်းလေးသည် အေးစက်၍ သွက်လက်လှသည်။ ခင်လေးက သခင်ကျော်ဇေယျ ဘေးတွင် ကပ်၍ ကွေးကွေးလေး ထိုင်ကာ လိုက်ပါလာသည်။ တောပန်းရနံ့ ချိုချိုလေးများသည် ခင်လေးကို နှုတ်ဆက်ကြ၏။ သူသည် အမေ့အိမ်လေးကို မြင်ရနိုးနှင့် လည်ဆန့်၍ ကြည့်သေးသည်။ သို့သော် နှင်းများ ပိတ်ဆို့နေ၍ အမေ့အိမ်ကို မမြင်ရသည့်အခါဝယ် သခင်ကျော်ဇေယျ ဘေးတွင် ပု၍ ငြိမ်နေလိုက်သည်။ မျက်လုံးထဲတွင်မူ မျက်ရည်များက ဝိုင်း၍ နေပေသေးသည်။

အမေကတော့ ဘုရားပင် ဖြောင့်အောင် ရှိမခိုးနိုင်ပေ။ လှည်းသံပျောက်သည်အထိ နှင်းထုထဲသို့ မျှော်၍ ကြည့်၏။

“အမေတော့ ရွာအပြင်ထွက်တဲ့လမ်းကို ဘယ်တော့မှ မရောက်ဖူးဘူး” ဟု အမေသည် မိန်းမဖော်လေးကို ပြောပြနေသည်။ ယခုမူ ဤလမ်းဘေးမှ သမီးထွက်သွား၍ အမေသည် ထိုတောလမ်း ရှိရာသို့ ခြေဦးမျှပင် မလှည့်တော့ပေ။

ဦးသာကျော်သည် သူ့ပုံပြင်ကို ခင်လေး လိုက်သည့်အခန်းတွင် ခဏရပ်၍ ထား၏။ သူ့မျက်လုံးထဲတွင် နှင်းမှုန်များ ဖုံးအုပ်နေသော ယာတော၏ နံနက်ခင်းကိုပင် မြင်၍နေလေသလား။ ဘာအကြောင်းကြောင့် ရပ်နေသည် ဟူ၍တော့ ဖွင့်ဟမပြောပေ။ နောက်တစ်ခန်းဆက်တွင်မှ တပေါင်း၏ ပန်းချီနှင့် ထိုပန်းချီကားအောက်တွင် လှုပ်ရှားမှုများ အကြောင်းကို ဆက်၍ပြောပြန်သည်။

တပေါင်းသည် ဟောင်း၍ သစ်သောလ ဖြစ်၏ ဟု သူ ရိုးရိုး ပင်ဆိုပါသည်။ အိုမင်းရင့်ရော်သော ရွက်ဟောင်းတို့သည် မကြာခင်ကပင် မြေသို့လျှောကျ ဆင်းသက်၍ လာကြ၏။ ရွက်အိုတို့သည် တစ်ခါကမူ အကိုင်းများထက်တွင် သူတို့၏ လှပတင့်တယ် ပျိုမျစ်ခြင်းများကို လောကသားတို့အား ပြခဲ့လေသည်။ ကောင်းကင်လေသည်သာလျှင် သူတို့၏ ရှူရှိုက်ရာ ဖြစ်ခဲ့ပေသည်။

‘ယခုတော့လဲ အိုမင်းရင့်ရော်လာပြီဆိုတော့ ဆိုးလိုက်သည့် ကံကြမ္မာပေပဲ၊ မြေတွင် ခဏရပ်နား၍ အဘိုးအိုသည် တရားရိပ်တွင် ခိုအောင်းသလို ခဏတာတော့ မသေခင် နားလိုက်ချင်ပါရဲ့’ သို့သော် ပူပြင်း၍ သွက်လက်သောလေက ရွက်အိုရွက်ဟောင်းများကို မောင်း၍ ထုတ်၏။ ပင်အောက်တွင် အနားမရဘဲ လေမောင်းနှင်ရာသို့ ပြေးကြရပြန်သည်။

ရွက်ဟောင်းများသည် မြေတွင် ပြန့်ကျဲ၍ ဖရိုဖရဲ ပြေးလွှားကြရင်း သစ်ပင်များထက်သို့ မော်၍ကြည့်၏။ အကိုင်းများပေါ်တွင်မူ သစ်လွင်သော ရွက်နုများသည် ဝတ်လွှာအစိမ်းနုများကို လွှမ်းခြုံ၍ နေရောင်ခြည်တွင် လှပလေစွ။ တောတန်းဆီမှ တပေါင်းလေရူးသည် တောပန်းတို့၏ ရနံ့တို့ကို စုပေါင်း သယ်ယူလာ၏။ ရွက်ဟောင်းကြီးများသည် ငယ်စဉ်က သူတို့ဘဝကို ပြန်လည် အောက်မေ့မိ၏။ လူသားသာဆိုလျှင်လည်း မျက်ရည်တောက်တောက် ယိုလိုက်ပါ၏။ သူတို့ လောကကို ထွက်ပြူစတုန်းကလည်း ဤလိုပင် တပေါင်းလ မဟုတ်ပါလော။ ပျိုမျစ် သစ်လွင်သောအရွယ်တွင် နေရောင်ခြည်ကို လှုံ၍ တောပန်းရနံ့တို့ ပြွမ်းသော ကောင်းကင်လေကို ရှူရှိုက်ရသည်မှာ ဘဝ၏ နိဗ္ဗာန်ပေတည်း။ ယခုတော့ လေတိုက်လိုက်တိုင်း ပြေးရလွှားရသည်မှာ မောလှပါတကား။

ဤသို့ အဟောင်းများ ကြွေလျော၍ အသစ်တို့ ပြန်လည် မွေးဖွားလာချိန်ဝယ် ဦးသာကျော်တို့ရွာတွင် တော်လှန်ရေးသည်လည်း ပေါက်ဖွားလာခဲ့သည်ဟု ဆို၏။ တောတန်းနှင့် မဝေးသော ဤရွာပြင် လမ်းအနီးတွင် ဂျပန်ကိုတိုက်ရင်း ကျဆုံးသွားသော ရဲဘော်ရွာသားတို့၏ သွေးကွက်များလည်း ရှိသည်ဟူ၍ ဦးသာကျော်က ဆိုပြန်သည်။

“သခင့်မိန်းမ ဘဝတုန်းက သူ့ယောက်ျား နိုင်ငံရေးကို လွတ်လွတ်ကျွတ်ကျွတ် လုပ်နိုင်ဖို့အတွက် ခင်လေးဟာ ကျောင်းဆရာမလေး လုပ်ရတယ်၊ အမေ့ရွာကိုတောင် ပြန်မလာနိုင်ဘူး၊ ခုတော့ တော်လှန်ရေးအတွက် သူ့ယောက်ျားကို ကူညီဖို့ ရွာကို ခင်လေး ပြန်လာခဲ့တယ်” 

ဤနေရာတွင်လည်း ဦးသာကျော်သည် သူ၏ပုံပြင်ကို ခပ်ဆန်းဆန်း ပြော၍ပြပြန်၏။

ရွာအပြန်လမ်းဘေးရှိ လက်ပံပင်ကြီးအောက်မှာ ထမင်းတောင်းကို ရွက်ကာ ခင်လေးသည် သခင်ကျော်ဇေယျနှင့် သူတို့ရှိရာ တောအုပ်ငယ်အတွင်းသို့ လာရသည်ဟု ဆို၏။ 

“တစ်ခါတစ်ခါတော့လဲ တခြားရွာသားတွေကို ပို့ခိုင်းတယ်”

လက်ပံကြီးအောက်တွင် ခင်လေး ခြေရာများသည် ချောင်းဖြစ်လုအောင် ခေါက်တုံလူးလာခဲ့သည်။ ရွက်ဝါကြွေများသည်လည်း နေရောင်ကြောင့် သွေ့ခြောက်ရသည့်အထဲတွင် ခင်လေး၏ ခြေထောက်အောက်တွင် ကြွေမွ ပျက်စီးလာရပြန်သည်။

“သခင်ကျော်ဇေယျကို ခင်လေး ဘယ်လိုကူညီခဲ့တယ်ဆိုတာ အမှန်အတိုင်းသိချင်ရင် အဲဒီလက်ပံပင်ကြီးနဲ့ မြေကြီးကို မေးကြည့်ပါလား'

အလို... ကျွန်မသည် ဦးသာကျော်စကားကို အံ့သြရပြန်သည်။

“လက်ပံပင်ကြီးနဲ့ မြေကြီးကို”

“ဟုတ်ပါတယ်၊ လူဆိုတာတွေက အမှန်ပြောခဲပါတယ်၊ မြေကြီးကတော့ မလိမ်ပါဘူး၊ သင်္ခါရတွေနဲ့ ဖောက်ပြန်ပြောင်းလဲနေတဲ့ အကြောင်းတွေကို အစဉ် စောင့်ကြည့်နေတာ မဟုတ်လား”

ကျွန်မသည် ဦးသာကျော်၏ မျက်လုံးများကို စိုက်၍ ကြည့်မိပြန်သည်။ သူ့မျက်လုံးများသည် ကောင်းမွန်စွာ တောက်ပနေ၍ သူ့စကားကို သံသယကင်းစွာ ဆက်၍ နားထောင်နေလိုက်သည်။

လူသားများ၏ ဖောက်ပြန် ပြောင်းလဲမှုကိုလည်းကောင်း၊ အဖြစ်မှန် စိတ်ရင်းကိုလည်းကောင်း မြေကြီးသာလျှင် အသိဆုံးဟူ၍ ဆို၏။ ရွက်ဟောင်းများကို တပေါင်း၏ လေပူသည် မောင်းနှင် ရှင်းလင်းပစ်သလို တော်လှန်ရေးသည် ဖက်ဆစ်၏ ဟောင်းနွမ်း ဆိုးယုတ်မှုများကို အပြင်းအထန် တိုက်ထုတ်၍ပစ်လေသည်။

ထိုသောအခါ ဖက်ဆစ်သွေးသည်လည်း မြေသို့ကျ၏။ တော်လှန်ရေး၏ သားများ သွေးသည်လည်း မြေသို့ကျ၏။ သို့သော် ဘယ်သွေးစက်များသည် ဖက်ဆစ်၏သွေး၊ ဘယ်သွေးကွက်များသည် တော်လှန်သူတို့၏ သွေးဟူ၍ မြေကြီးသာလျှင် ပို၍ သိပါ၏ဟု ဆိုလေသည်။

တော်လှန်သူတို့သည် ပြေးကာလွှားကာ တိုက်ခိုက်ရင်း သူတို့ ခြေရာများသည်လည်း မြေပေါ်တွင် နစ်၍နစ်၍ ကျန်ရစ်၏။ တစ်ခါတစ်ရံ ပမာဒလေခ ချွတ်ယွင်း၍ မှတ်တမ်းတင်သူတို့က တော်လှန်သူအစစ် အချို့တို့အား မှတ်တမ်းတွင် မတင်ရစ်မိသော်လည်း မြေကြီးကမူ ဘယ်သူသည် တော်လှန်သူအစစ် ဆိုသည်ကို သိသည်ဟု ဆိုပေသည်။

တော်လှန်ရေးပြီး၍ အေးချမ်းသောအချိန်တွင် တော်လှန်ရေးတွင် ပါဝင်သူတို့အား အခွင့်အရေး ပေးခဲ့၏။ ဤအချိန်တွင်လည်း ရောင်တော်ပြန်တို့က “သူတို့သည် ဖက်ဆစ်ကို တော်လှန်ခဲ့ပါသည်” ဟု လက်သီးလက်မောင်းတန်းကာ အခွင့်အရေး ဆိုကြလေသည်။ ထိုသောအခါ မြေကြီးသည် ဟက်ဟက်ပက်ပက် ရယ်၏။ မြေသားသည် ပုထုဇဉ်မျှသာတည်း။


** ** ** ** **


မိုးရာသီစ၍လာလျှင် လေသည် လေပူလေရမ်းများမဟုတ်တော့ပေ။ တောင်ဘက်မှသာ တစ်သမတ်တည်း တိုက်ခိုက်၍ လာလေသည်။

အက်ကွဲ၍ မာကျောသော မြေတို့သည်လည်း စိုထိုင်း၍ ညိုလာ၏။ ရေတွင်လည်း မိုးသက်နှင့် ရေငွေ့တို့ ပါ၍ လာလေသည်။ ပန်းပွင့်တို့သည်လည်း အိပ်ရာမှ နိုးကြကုန်၏။ သစ်ပင်အားလုံးသည် မိုးစက်အောက်တွင် စိမ်းလန်းလာကြလေသည်။ တပေါင်း၏ ပူပြင်းခြင်းနှင့် ပြင်းထန်စွာ ပြောင်းလဲခြင်း၏ နောက်ပိုင်းတွင် မိုးဦးကဲ့သို့ သိပ်သည်း၍ အေးချမ်းသောဥတု လာရသည်မှာ ဓမ္မတာပေတည်း။

ဤသို့ မိုး၏အစတွင် ခင်လေးသည် ဒုတိယအကြိမ် သခင်ကျော်ဇေယျထံသို့ လိုက်ဖို့ ပြင်ရပြန်သည်။

ယခုတစ်ခါ သွားရသည်မှာ ရန်ကုန်သို့ ရောက်မည်ဖြစ်၍ အမေ့ကို ခေါ်သော်လည်း အမေက မလိုက်ပေ။

မိုးဦးကျစဖြစ်၍ ရွာလမ်းသည် ဖုန်မထူတော့ပေ။ လှည်းဘီးသည် မြေအိအိပေါ်တွင် နစ်၍နစ်၍ သွား၏။ အမေသည် အိမ်ဝမှပင် မျက်စိတစ်ဆုံး မျှော်၍ ကြည့်၏။ လှည်းလမ်းကြောင်းနှစ်ခုသည် အမေ့ရှေ့မှ ရှည်၍ ရှည်၍ ထွက်သွားကြသည်။

ဦးသာကျော်တို့ လူစုကတော့ သခင်ကျော်ဇေယျတို့အား ရွာသားတို့ ကျဆုံးသော တောတန်းလေးနားအထိ လိုက်၍ပို့၏။

ပထမတစ်ခါ ထွက်ခွာစက နှင်းဖုံးနေ၍ ရွာကို မမြင်ရပေ။ ယခုတစ်ခါမူ မျက်ရည်ဖုံးနေ၍ ခင်လေးသည် ရွာကို မျှော်ကြည့်သော်လည်း မမြင်ရပေ။ တောတန်းမှာတော့ မိုးရေကြောင့် သစ်ရွက်များ စိမ်းလန်းလာကြ၏။

ချိုသောပိတောက်၏ ရနံ့တို့သည် တောတန်းတစ်လျှောက်တွင် လှိုင်နေပေသည်။ အားလုံးသော သဘာဝသည် မိုးတစ်ဖြိုက် ရွာအပြီးတွင် ပြန်လည် သစ်ဆန်းလာသလို ရွှင်လန်း၍ နေပေသည်။

“အားလုံးကတော့ သစ်နေသလိုပါပဲ၊ ဒါပေမယ့် လေက စိုထိုင်းထိုင်းကြီး အစ်ကိုရယ်” ဟု ခင်လေးက ပြောလိုက်သည်။ 

“အေးပေါ့၊ အားလုံးတော့ ဘယ်ပြောင်းလဲမလဲကွယ်၊ တစ်ခုခုတော့ စိုထိုင်းထိုင်းကြီး ဖြစ်နေဦးမှာပေါ့”

အားလုံးသော သစ်ပင်များက ထိုးထိုးထောင်ထောင် လှုပ်လှုပ်ရှားရှားနှင့် သူ့ကို နှုတ်ဆက်၏။ မိကျောင်းနွယ်ပန်းများကလည်း ဖွေး၍နေသည်။ သူသည် လက်ကို ဝှေ့ယမ်းကာ ပန်းကလေးများကို နှုတ်ဆက်လိုက်မိသည်။ ယခုလို အသိုက်အဝန်းများမှ ခွဲထွက်သွားရတော့လည်း ဝမ်းနည်းသလိုလို ဖြစ်လိုက်မိ၏။ မြင့်သော လက်ပံပင်ကြီးကို ဖြတ်ကျော်အသွားတွင်မူ သူသည် မော့၍ မကြည့်တော့ပေ။


** ** ** ** **


ခင်လေး ထွက်ခွာသွားပြီးမှ သူ့ကိုယ်စား အမေ့ထံသို့ စာများလာခဲ့လေသည်။ ဦးသာကျော်က ခင်လေးထံမှ စာလာတိုင်း အမေ့ကို ဖတ်ပြရ၏။ စာများလာသည်မှာ တစ်စောင်နှင့်တစ်စောင် ဝေးကွာလွန်း၍ အမေသည် သူ့ကိုများ သမီးလေးက မေ့သွားပြီလားဟု ထင်သည်။ စာတစ်စောင်တွင်မူ သူ့ဘဝကို ခင်လေးက ဖော်ပြလိုက်၏။ 


အမေရယ်.....

“ဟိုတုန်းကတော့လဲ သူ နိုင်ငံရေး လွတ်လွတ်ကျွတ်ကျွတ် လုပ်နိုင်အောင်လို့ ဆရာမ လုပ်နေရတာနဲ့ မအားရဘူး၊ အခုတော့ အမေ့သမီးဟာ သခင့်မိန်းမ မဟုတ်တော့ဘူး၊ အစ်ကိုတစ်ယောက် ပါလီမန်အတွင်းဝန် ဖြစ်သွားပြီ၊ ဒါပေမယ့်လဲ မီးဖိုချောင်ထဲက မထွက်ရလို့ အမေ့ဆီ စာမရေးနိုင်ဘူး အမေရယ်.....

“ဒီစာရေးနေတုန်းလေ၊ အစ်ကို တင်းနစ်ရိုက်ရာက ပြန်လာလို့ သမီး လိမ္မော်ရည် ဖျော်ပေးရဦးမယ်၊ အစ်ကိုလေ အခု ကျန်းမာရေးအတွက် နေ့တိုင်း တင်းနစ်ရိုက်တယ်....... 

“ပြောင်းလဲတာတွေကို အမေ့ကို ပြောပြရဦးမယ်၊ အခု အစ်ကို တင်းနစ်သွားရိုက်တဲ့ အိမ်ဟာလေ ပဂ္ဂီတို့အိမ် အမေရဲ့၊ အစ်ကိုက ပြောတယ်၊ ပဂ္ဂီတို့ဟာ အစ်ကိုနဲ့ တစ်မြို့တည်း သူငယ်ချင်းတဲ့၊ ဒါပေမယ့် အစ်ကို သခင်ကျော်ဇေယျ ဘဝတုန်းကဆိုရင် လှည့်လို့တောင် မကြည့်ဘူးတဲ့၊ အစ်ကိုတို့ဟာ လူရှုပ်တွေ၊ သခင်ဆင်းရဲတွေဆိုပြီး အစ်ကိုတို့ကို အဖက်မလုပ်ဘူးတဲ့၊ အခုတော့ အစ်ကို့ကို သူတို့အားလုံး ခင်မင်ပါတယ်လေ၊ ဒါကြောင့် သမီးလဲ ဝမ်းသာပါတယ် အမေရယ်”


ဦးသာကျော်သည် စာကို ခဏရပ်နား၍ အမေ့ကို လှည့်ကြည့်လိုက်သည်။ အမေ့မျက်လုံးတွင် တစ်စုံတစ်ခု နားမလည်သလိုဟန် ပေါက်နေသည်။

ဦးသာကျော် စာဖတ်စဉ် အမေက ‘တင်းနစ်’ နှင့် ‘ပဂ္ဂီ’ ဆိုသည်မှာ ဘယ်လိုအဓိပ္ပာယ် ရှိသည့်အကြောင်း ဦးသာကျော်ကို မေး၍ ကြည့်ရ၏။ စာကို ဆက်ဖတ်ပြန်သည်။


‘နေ့လယ်ဆိုလဲ အမေရယ်... ပေါင်မုန့် ထောပတ်သုတ်နဲ့ ကော်ဖီကို အစ်ကို့ဆီ ပို့ရတော့ နေ့ခင်းမှာလဲ မအားနိုင်ဘူး၊ အမေ့ဆီကို လာလဲ လာချင်တယ်၊ ငွေလဲ ပို့ချင်တယ်၊ ဒါပေမယ့် သခင်က ဖြစ်လာတဲ့ အတွင်းဝန်ဆိုတော့ ကျွေးရ၊ မွေးရတာနဲ့ မနားရဘူးအမေ၊ ငွေကလဲ ပိုလှတယ် မရှိဘူး'


အမေက စာဖတ်ရင်းပြုံး၏။ သမီးသည် သူ့ကိုဒါလောက် သတိရလျှင်ပဲ ကျေနပ်ပါပြီ။

ဦးသာကျော်ကတော့ သခင်ကျော်ဇေယျ သူတို့ဆီ တစ်ခေါက်တလေ လာစေချင်သည့်အကြောင်း ပြော၍ နေသည်။ သခင်ကျော်ဇေယျ မလာသည်မှာ သွားကတည်းက ယခုထိဆိုလျှင် လေးနှစ်တိတိ ရှိသွားပေပြီ။ နောက်လများတွင် ခင်လေးထံမှစာများ ခဏခဏ ရောက်သည်။


“အမေရယ်......အခုတလောတော့ အလုပ်အားတာနဲ့ စာ ခဏခဏ ရေးနိုင်တယ်၊ အစ်ကိုက အိမ်မှာ သိပ်မရှိတော့ အလုပ်အားတာပေါ့ အမေရဲ့၊ သူ တင်းနစ် ပိုရိုက်တယ် ထင်ပါရဲ့၊ ညဆယ်နာရီ၊ ဆယ့်တစ်နာရီလောက်မှပဲ အိမ်ကို ပြန်လာတယ်”


အမေသည် ယခုတလော သမီးထံမှ စာ ခဏခဏလာ၍ ပျော်၏။ သမီးလေးများ ကိုယ်တိုင်လာလျှင် ဘယ်လောက် ပျော်လိုက်မည်နည်း။ နောက်တစ်ခါ ရောက်လာသော စာကို အမေက ဘယ်လို အဓိပ္ပာယ်ကောက်ရမှန်း မသိပေ။ ဦးသာကျော်ကတော့ အသံတုန်နေသည်။ ခင်လေးက စာရေးတိုင်း အစချီပုံက “အမေရယ်..” ဟူ၍ တိုင်တည်သံလိုလို၊ အားကိုးသံလိုလို စ၍စ၍ ရေးတတ်သည်။ ယခုစာကလည်း အမေ့ကို တိုင်တည်သံပေလား။


“အမေရယ် သမီး ရိုသေစွာ စာရေးလိုက်ပါတယ်၊ တပေါင်းလဆန်းရင် အမေ့ဆီကို သမီး ပြန်လာခဲ့မယ်၊ အမေနဲ့ ဦးသာကျော် ရွာပြင်လမ်းက လာပြီး ကြိုနေပါ”


“ဟယ်....... အမလေး.. သမီးပြန်လာမယ်”

အမေက ထိုစာပိုဒ်ကို ကြားရချိန်တွင် ပျော်လွန်း၍ အသားများ ဆတ်ဆတ်တုန်နေသည်။

“သမီးလေ၊ ဒီတစ်ခါ အမေနဲ့အတူ နေသွားတော့မယ်၊ အမေ့ကိုရော၊ ယာတောကိုရော သမီး ဘယ်တော့မှ မခွဲဘူး၊ သမီးပြန်လာမယ့်အကြောင်းကိုလဲ ဘယ်သူ့မှ မပြောနဲ့နော်”


ဦးသာကျော်ကမူ စာကို ခဏရပ်ထား၏။ ဤစာ၏အဓိပ္ပာယ်မှာ ဘယ်လိုများပါလိမ့်။


“အမေရယ်...ဝမ်းမနည်းနဲ့နော်၊ အပြောင်းအလဲဆိုတာက လောကရဲ့ ဓမ္မတာဆိုတာ အမေသိ ပြီးသားပါပဲ၊ ပြောင်းလဲတတ်တဲ့ သဘောကို ထာဝရတရားအဖြစ် ယူဆထားတဲ့ သမီးစိတ်ကသာ မှားတာပါ အမေ”


ဤနေရာတွင် အမေက ဦးသာကျော်လက်ကို ခဏဖမ်းကိုင် ထားလိုက်ကာ “သူ ဘာကို ရေးနေတာလဲကွ” ဟု မေးပြန်သည်။ ဦးသာကျော်သည် ခေါင်းကို ဖြည်းဖြည်း ခါလိုက်ကာ ဆက်၍ ဖတ်ပြန်သည်။ 

“အစ်ကိုလေ....သိလား၊ အစ်ကိုရယ် ပဂ္ဂီနဲ့ နက်ဖြန်ခါ လက်ထပ်ကြတော့မယ်၊ သမီး ဒီမှာ ဘယ်လိုနေလို့ ဖြစ်မလဲ၊ သမီးမှာ အပြစ်တွေ အများကြီးရှိတယ်လို့ အစ်ကိုက ပြောတယ်၊ ဘယ်လို အပြစ်တွေရှိသလဲလို့ သမီးသိချင်လိုက်တာ၊ အစ်ကို့ကို မမေးရဲလို့ မမေးတော့ဘူး အမေ၊ ကိုယ့်အပြစ် ကိုယ်မသိတာကိုက သမီးရဲ့အပြစ်ပဲ ထင်ပါရဲ့၊ အဲဒီ ပဂ္ဂီဆိုတာဟာလေ အမေ မှတ်မိမှာပေါ့၊ တစ်ခါက အစ်ကိုပြောတဲ့ “တို့သခင်ဘဝ တုန်းကဆိုရင် တို့ကို လှည့်မကြည့်ဘူး၊ သခင်စုတ်၊ သခင်ဆင်းရဲတွေဆိုပြီး နှာခေါင်းရှုံ့တယ်” ဆိုတဲ့ မိန်းမပေါ့ အမေ.... သမီးပြန်လာခဲ့မယ်၊ ဆက်ဆက်ကြိုပါ”

ကျန်းမာချမ်းသာပါစေ။

သမီး ခင်လေး


ဦးသာကျော်က စာရွက်ကိုကိုင်ကာ ငိုင်နေသည်။ အမေကတော့ ပြုံး၍နေ၏။

“သမီးပြန်လာတာဟာ မှန်တာပေါ့ မောင်သာကျော် ဟု ဆို၏။ 

“မဟုတ်ပါဘူး အမေရယ်၊ တစ်ခုခုတော့ တစ်ခုခုပဲ၊ သူတို့ အဟောင်းကို အားလုံးများ စွန့်ပစ်ကြပြီလား၊ တကယ်ဆို ခင်လေးဟာ သခင်ဘဝတုန်းက ဒုက္ခအတူခံပြီး လုပ်ကျွေးခဲ့တာတွေ၊ တော်လှန်ရေးတုန်းက ကူညီခဲ့တာတွေကိုတော့ ထောက်ဖို့ ကောင်းပါသေးတယ်၊ သူတို့ဟာ လုပ်ဖော်လုပ်ဖက်တွေကို မေ့ရက်လိုက်တာ”

“အို... ဒါတွေ ဘာမှ မပြောပါနဲ့ကွယ်၊ သမီးလေးမှာ အပြစ်ရှိတယ်တဲ့၊ ဒီအပြစ်ကို ကျေးဇူးတင်လိုက်တာ၊ သမီးလေး ပြန်လာတော့မယ်၊ ယောက်ျားဆိုတာက သူတို့ မြတ်နိုးလာရင် အပြစ် တောင်လိုပုံနေပေမယ့် မမြင်ဘူးကွယ်၊ မုန်းလာပြီဆိုရင် မြူမှုန်လောက်ကို မြင်းမိုရ်တောင်လို အကျယ်ချဲ့တာပဲ၊ ဘုရားမလို့ သမီးလေး ချောချောမောမော ပြန်ရောက်ပါစေ”

အမေသည် လက်နှစ်ဖက်ယှက်ကာ ဘုရားကိုလည်း တ၏။ ပါးစပ်မှလည်း ပြုံးသည်။ မျက်ရည်များလည်း လည်၍နေသည်။


** ** ** ** **


ခင်လေး ပြန်ရောက်လာမည့် ညနေစောင်းတွင် အမေနှင့် ဦးသာကျော်လည်း ရွာပြင်လမ်းတွင် စောင့်၍ နေသည်။ ဘယ်တုန်းကမျှ ရွာပြင်လမ်းသို့ မထွက်သော အမေသည် ယခုတစ်ခါ ပထမဆုံး ရောက်လာခြင်းဖြစ်၏။

တောတန်းတစ်ထောင့်မှ လှည်းရိပ်မည်းမည်း ထွက်လာလျှင် အမေ့ရင်များသည် တဆတ်ဆတ်ခုန်၍ လာသည်။ ဤလမ်းမှပင် သမီးလေး ထွက်သွား၍ ဤလမ်းမှပင် ပြန်လာခဲ့သည်။ နေရောင်သည် အပူရှိန်လျော့၍ ရွှေရောင် ဖျော့ဖျော့လေးသာ တောတန်း သစ်ပင်ထိပ်များပေါ်တွင် တင်နေရစ်သည်။ ချုံတန်းများ၏ အောက်ခြေတွင်တော့ မြူများ ဆိုင်းစပြုလာသည်။

“ဒီနေရာမှာပေါ့ အမေ၊ ရွာသားသုံးယောက်ကျတာဟု ဦးသာကျော်က ပြော၏။ သူညွှန်ပြသော လက်ပံပင်ကြီးအောက်တွင်တော့ သွေးစက်များ မရှိတော့ပေ။ လှည်းသည် သူတို့အနား ရောက်လာ၍ လက်ပံပင်အောက်တွင် ရပ်လိုက်၏။

ခင်လေးသည် လှည်းနောက်မြီးမှ ခုန်ဆင်း၍ အမေ့ဆီကို ဖြည်းဖြည်း လျှောက်လာသည်။ အမေ့လက်များကို သူက တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။ အမေသည် စကားတစ်လုံးမျှ မပြောနိုင်ပေ။

“သမီးပြန်လာပြီ အမေ”

တစ်ခါမျှ မတွေ့ဖူးသည့် လူတစ်ယောက်ကို ကြည့်သလို အမေသည် ခင်လေး၏ ပခုံးကိုကိုင်၍ မျက်နှာကို စေ့စေ့ကြည့်၏။ 

“နောက်တစ်ခါ ပြန်မသွားနဲ့နော် သမီး”

ခင်လေးသည် ခေါင်းကို ဖြည်းဖြည်း ညိတ်လိုက်၏။ သူ့မျက်လုံးမှ မျက်ရည်များသည် မြေပေါ်သို့ ခုန်၍ ကျသွားကြသည်။ ဤမြေကွက်မှာ ရွာသားတို့ ကျဆုံးခဲ့စဉ်က သွေးစွန်းခဲ့သော နေရာဖြစ်သည်။

ရွာသို့ အဝင်လမ်းအတိုင်း လမ်းလျှောက်၍ လာကြသည်။ ဤမျက်ရည်စက်များ ကျသောနေရာတွင် ယခုအခါ ခံပန်းချုံတို့သည် အစုလိုက် ပေါက်နေသည်ဟု ဆို၏။

သို့သော် ထိုခံပွင့်များသည် ခင်လေး၏ အသည်းနှလုံးကိုပင် ကိုယ်စားပြုလေသလော၊ ကျဆုံးသွားရှာသော ရဲဘော်တို့၏ သွေးစက်ကိုပင် ကိုယ်စားပြုလေသလော ဆိုသည်ကိုမူ ဦးသာကျော်က ဖွင့်ဟ၍ ပြောမသွားပေ။ ။

(ဤဝတ္ထုတွင်ပါသော သခင်ကျော်ဇေယျမှာ မုံရွာ သခင်ကျော်ဇေယျနှင့် လုံးဝ မပတ်သက်ပါ။)


ခင်နှင်းယု

မြဝတီမဂ္ဂဇင်း၊ ၁၉၅၅ ခုနှစ်၊ မတ်လ။

Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်