ရွှေမျက်နှာ @ ကြည်အေး


    ရုပ်ရှင်မင်းသမီး မခင်သက် အရာရှိကြီး တစ်ယောက်နှင့် ရပြီး ရုပ်ရှင်နယ်မှ ထွက်ရသည့်အကြောင်းနှင့် ပတ်သက်၍ တစ်နေရာ၌ လူသုံးယောက် စကားပြောသည်။

သတင်းထောက် - “ ဟုတ်တာပေါ့ဗျာ၊ ဆက်လုပ်လို့ ဂုဏ်ပျက်တာ မပျက်တာထား၊ သားတွေ သမီးတွေ ရလာတော့ တာဝန် ကျေနိုင်ပါ့မလား၊ လင့်တာဝန်ကကို နည်းတာမှ မဟုတ်ဘဲ၊ ကျွန်တော်ကတော့ မိန်းမဆို မိန်းမ ပီသ စေချင်တယ်။ မိန်းမတစ်ယောက်ရဲ့ ရည်မှန်းချက်ဟာ မယားကောင်းနဲ့ မိခင်ကောင်း ဖြစ်ဖို့ အဲဒါပဲ ဖြစ်ရမယ်၊ မိန်းမတစ်ယောက် အတွက် အိမ်ထောင်ကိစ္စက ပထမ အရေးအကြီးဆုံး ဖြစ်ရမယ်၊ မိန်းမရဲ့ အမြုတေက အချစ် မဟုတ်လားဗျာ ”

ပန်းချီဆရာ - “ လင်ယူ သားမွေးတယ် ဆိုတော့ သူ့ရုပ်ရည်ကလေး နုနုဟာ နှမြောစရာ ဖြစ်တာပေါ့၊ အင်မတန် ပင်ပန်းတဲ့ ကိစ္စလား၊ ဒါပေမယ့် သူ့ရဲ့ မျက်နှာ အမူအရာကတော့ စိတ်ဝင်စားစရာ တစ်မျိုး ဖြစ်လာဦးမယ်ဗျ၊ သူ့ခေါင်းပုံတွေ မနည်းဘူး ကျွန်တော် ဆွဲဖူးတယ်၊ သူဟာ ရုပ်ရှင်မင်းသမီးမို့ ဘယ်လိုပဲ အမူအရာတွေ ဆောင်ပြနေပေမဲ့ တကယ်တော်တဲ့ ရုပ်ရှင်မင်းသမီး ဖြစ်ပေမဲ့ မျက်နှာမှာ ပညာ ပါရမီ ပါလာတဲ့ အရောင်က ကောင်းကောင်း ပေါ်နေတယ်ဗျ၊ ဆိုလိုတာက အနုပညာသည်ရဲ့ မာနက ထင်းထင်း ပေါ်တယ်။ အဲ ကျွန်တော်တို့ကတော့ အမူအရာ လုပ်တတ်သူ တစ်ဦးရယ်လို့ သိရတာပေါ့လေ၊ မခက်သက်က  စိတ်ပြင်းပြင်းထန်ထန် လှုပ်ရှား သွားတာတွေကို ဖော်နိုင်တယ်၊ သူ့ မျက်လုံးတွေဟာ အခိုးငွေ့ တစ်မျိုးမျိုး ထွက်နေသလိုပဲ၊ နှုတ်ခမ်းက ပုံအမျိုးမျိုး ပြောင်းနိုင်တယ်။ နှာသီးခေါင်းက အစ ပါးတယ် လှုပ်နိုင်တယ်၊ သူ့ ခေါင်းပုံဟာ အင်မတန် ဆွဲရခက်တဲ့ ခေါင်းပုံမျိုးပဲ၊ ဒါပေမဲ့ အသက်ရှိတဲ့ပုံ ပေးနိုင်တယ် ”

စာရေးဆရာ - “ ဟုတ်တယ်ဗျ၊ သူ့နေရာမှာတော့ အထွတ်အထိပ် ရောက်နိုင်တဲ့ မိန်းမပဲ၊ သူက ခံစားမှုမှာ သူမတူအောင် ထက်မြက်လို့ဗျ၊ သူ အမူအရာ လုပ်တာတွေက ပြင်းထန်တယ်၊ အတွင်းက လာတာမျိုးပဲ သူဟာ ဘာကြောင့် ဒီလို လုပ်နိုင်သလဲ ဆိုလို့တော့ သူ့ကိုယ်၌ကလည်း လူသား ပုထုဇဉ် တစ်ယောက်အနေနဲ့ လူ့ဘဝမှာ အကြီးကျယ်ဆုံး ဆိုတဲ့ အငိုစခန်း အရယ်စခန်း တွေမှာ စုံအောင် ဆိုက်ခဲ့ဖူးတာမို့ပဲ ( ခပ်တိုးတိုး လေသံ ဖြင့် ) ၊ မသူတော် မတရား ကျင့်ကြံတာ ခံရဖူးသဗျာ၊ သူ့ ကလေး သူ ဖျက်ရဖူးသဗျာ၊ ရည်းစားနဲ့ လွဲခဲ့ရဖူးသဗျာ၊ ရည်းစားက သူ့ အမေနဲ့ ယူလို့ မနာလို ဝန်တို ဖူးသဗျာ၊ မချစ်တဲ့သူနဲ့လည်း ယူဖူးသဗျာ၊ အဲဒီ လင့်အိမ်ကလည်း နောက်လင်နဲ့ ပြေးဖူးသဗျာ။ အဲဒီ နောက်လင်ကိုတော့ လင့်အိမ်က လွတ်တာနဲ့ ကန်ထုတ် လိုက်တာပဲတဲ့ ဆိုက္ကားလုပ် စီးလာတာပေါ့လေ ”

ပန်းချီဆရာ - “ ဟုတ်ကဲ့လား ဗျ ”

“ ဒါက လွန်ခဲ့တဲ့ ဆယ်နှစ်၊ သူ့အသက် ဆယ့်ခုနှစ်နှစ်က ကိစ္စတွေလေ၊ ခင်ဗျား ဘာသိမလဲ ဟင်၊ ခင်ဗျားတို့က မြန်မာနိုင်ငံ တစ်ဝှမ်းမှာ မခင်သက် ... မခင်သက်နဲ့ ဟိုးဟိုးကျော်လာမှ ဒီကလေးမကို သိကြတာကိုးဗျ၊ စင်စစ်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက သူဟာ ရုပ်ရှင်လောကထဲ ရောက်လာတာဗျ၊ ဟိုကား ဒီကားမှာ မထင်မရှားနဲ့ ပါနေတာ၊ အဲ နားတစ်ဖက် တစ်ချက်မှာ မျက်နှာလောက် ပန်းပွင့်ကြီးတွေ ပန်ပြီး လူရိုင်းမ လုပ်နေတဲ့ အခန်းတို့၊ အမယ် ... ဓားမြှောင်တွေ ဘာတွေ ပါးစပ်ထဲ ကိုက်ပြီး ဒိုင်ဗင်ထိုးတဲ့ အခန်းတို့ ဘာတို့ တောင် လုပ်ခဲ့သေးတာပဲ ”

သတင်းထောက် - “ သူ့သတင်း ကြားပုံချင်းတော့ ခင်ဗျားနဲ့ ကျွန်တော် မတူဘူးဗျို့၊ အေးဗျ၊ ကျွန်တော် စဉ်းစားနေတယ်၊ သူ့ ပညာပါရမီဟာ အဲဒီ ဆယ်နှစ်အတွင်းမှာ မပြောင်သေးလို့လား၊ ကျောက်ကောင်း မကောက်တတ်တဲ့ ဒါရိုက်တာတွေနဲ့ တိုးနေရလို့လား အဲဒီ ဆယ်နှစ်အတွင်းမှာတော့ ခုလို ကျော်ကြားမယ့် ရုပ်ရှင်မင်းသမီးကြီး တယောက် ဖြစ်လာမယ့်ပုံလည်း မပေါ်ခဲ့ပါလား ”

ပန်းချီဆရာ - “ ကျွန်တော်က သူ့ ကို အခုမှ ပေါ်တဲ့ မင်းသမီးပဲ ထင်နေတာ ”

စာရေးဆရာ - “ ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက သူ ဓားမြှောင် ကိုက်နေနေ၊ အငြိမ့် သီချင်းနဲ့ ဆို က နေနေ တက်မယ့် မီးမှန်း သိတာပဲ၊ အနုပညာသည်ဆိုတာ လုပ်ယူလို့ ဖြစ်လာတာ မဟုတ်ဘူး၊ မွေးကတည်းက ဖြစ်လာတာ၊ မခင်သက်ဟာ ၆ နှစ် သမီးလေးတုန်းကလည်း ရုပ်ရှင်မင်းသမီးဘဲ၊ နောင် အသက် ၆ဝ ကျလည်း ရုပ်ရှင်မင်းသမီးပဲ ”

သတင်းထောက် - “ ယောက်ျား ယူသွားပြီဗျ ”

“ ယောက်ျား ယူယူ အိုင်ယာလန်ထီ ပေါက်ပေါက် သူဟာ အနုပညာသည် စစ်စစ်မို့ သူ့ဇာတိ ဘယ်တော့မှ မစွန့်ဘူးဗျ၊ ကျုပ် လောင်းရဲတယ်။ သတင်းသာ နားထောင်နေ ဘယ်တော့ သူ့ လင်နဲ့ ကွဲမလဲ ”

ပန်းချီဆရာ - “ ဟာဗျာ ... ခင်ဗျားကလည်း ယောက်ျား ယူသွားတော့လည်း သူ့ ဝါသနာကို အစားထိုးစရာ ကိစ္စတွေ ပေါ်လာဦး မှာပေါ့ဗျာ၊ ယောက်ျားမှ မဟုတ်ဘဲ ”

သတင်းထောက် - “ မပေါ်လာရင် ဒီမိန်းမ ဘယ်တော့မှ ကောင်းစားမယ့် မိန်းမ မဟုတ်ဘူး ”

စာရေးဆရာ - “ အနုပညာသည်အဖို့ ကောင်းစားတယ် မကောင်းစားဘူးလို့ ဘာမှ မရှိဘူး၊ သူ့ မှာ မွေးကတည်းက ကဝေပညာ ဗူးပါတာဗျ၊ သူ့ ဘဝတစ်ခုလုံးက သူ့ပညာအတွက် ဖြစ်လာတာ၊ ဒါအတွက် သေဆိုသေ ရှင်ဆို ရှင်ရမယ် အမေနဲ့သားလိုပဲ။ သူ့ ပညာ ပါရမီနဲ့ဟာ တစ်သွေးတည်း ရောနေတယ်၊ ခွဲလို့ မရစကောင်းဘူး၊ အနုပညာဆိုတာ ဘာလဲဗျ၊ ပန်းချီကား တစ်ချပ်၊ ဝတ္ထုတစ်ပုဒ် ကဗျာတစ်ပုဒ်၊ သီချင်းတစ်စောင်ဟာ အနုပညာသည်ရဲ့ သွေးသားက ဖြစ်လာတဲ့ ရင်နှစ်သည်းချာ သက်သက်ဗျ၊ အသက် ဝင်လာအောင် ကိုယ့် အသက်သွေးနဲ့ အစဉ် လောင်းရတယ်၊ ဒီ ရင်နှစ်သည်းချာကို မွေးပြီး ဒီ ရင်နှစ်သည်းချာအတွက် အသက်ရှင်ရတယ်။ အဲမွေးရင်း ဖွားရင်း မီးတွင်းမှာပဲ ဝေဒနာ ပြင်းပြလွန်းလို့ မခံနိုင်လို့ သေရတာလည်း ရှိတယ် ”

သတင်းထောက် - “ ဥပမာဗျာ ”

စာရေးဆရာ - “ ဥပမာလား ဥပမာဆို ကျွန်တော့် ဆွေမျိုးထဲက ပါပဲ၊ ကျောက်ဆစ် သမားကလေး မောင်နေဝင်းပေါ့ ”

ပန်းချီဆရာ - “ ဟုတ်တယ်ဗျာ၊ အနုပညာသမားရဲ့ ဘဝဝိညာဉ် တစ်ခုလုံးဟာ သူ့ရဲ့ ပန်းချီးကား၊ ကဗျာ၊ စာပေ၊ ရုပ်တုမှာ လုံးလုံး ပုံပြီး ခိုတွယ်နေရတာပဲ ဒါကြောင့် ရာဇဝင်တွင်တဲ့ လက်ရာမြောက် ပစ္စည်းများကျတော့ တစ်မျိုး ထူးခြားလာတယ်၊ အသက်ရှိလာတယ်၊ သူ့သခင် ပညာသည်ရဲ့ တစ္ဆေပဲ ဝင်ပြီး ခိုနေသလို ဆန်းကြယ်တာတွေ တွေ့လာရတယ်ဗျ၊ ကျွန်တော် တွေ့ဖူးတဲ့ ရှေးမြန်မာ ပန်းချီကား တစ်ချပ်ဟာ တစ္ဆေ ခြောက်သဗျ။ သူ့ကို ဘယ်နေရာ ရွှေ့ထားထား ထားတဲ့နေရာမှာ တစ္ဆေခြောက်တာပဲ၊ ကျွန်တော် တွေ့ရတုန်းက ဘာမှန်း မသိသေးခင်ကို ကြက်သီး သိပ်ထတယ်၊ မြန်မာ စစ်သားတစ်ယောက်ရဲ့ ပုံပဲ ”

“ ကိုယ်တိုင် စမ်းကြည့်ချင်လှသဗျာ ”

စာရေးဆရာ - “ ဟာ ကျွန်တော်ပြောတဲ့ မောင်နေဝင်းရဲ့ ရုပ်တုကလည်း အဲဒီလို ဆန်ဆန်ပဲ၊ ဦးတင့်တယ် နှမ ရွှေမျက်နှာ နတ်ရုပ်ပုံဗျ။ ထုံးစံက ဆင်နက်မရုပ်ကို ခုံခံပြီး၊ ဘီးလူးရုပ်ကို အပေါ်က ဆင့်တယ်။ အဲဒီ အပေါ်မှာမှ ရွှေမျက်နှာနတ်က မတ်တတ်ရပ်ဟန်နဲ့ ညာလက်က ကြဇုသီး ကိုင်နေပုံ မဟုတ်လားဗျ။ အေးလေ ... စာက ဒီလိုဆိုတာပဲ၊ ကျုပ်လည်း သေသေချာချာတော့ မမြင်ပါဘူး။ ပုပ္ပားလည်း မရောက်ဖူးပါဘူး၊ ဒါပေမဲ့ ကျုပ် ပြောချင်တာက မောင်နေဝင်းရဲ့ ရုပ်တုကျတော့ စာဆို အတိုင်း မဟုတ်ဘူးဗျ၊ သူ့ ဘာသာ စိတ်ကူးယဉ်ပြီး တစ်မျိုး ထူးခြားတဲ့ သူ့ ကိုယ်ပိုင်မူ ဗျ ”

ပန်းချီဆရာ - “ ခင်ဗျား မြင်ခဲ့ရလား ”

“ မြင်ရပြီလား၊ ပုံက စိတ်လိုက် မာန်ပါ လှုပ်ရှားနေဆဲကို ဖျတ်ခနဲ အချက်ကောင်း ယူ ရိုက်တဲ့ပုံလို မပြီးမပြတ် ပြင်းထန်တဲ့ ဟန်အမူအရာနဲ့ ညာလက်ကို မြှောက်ချီပြီး ဆန့်ထားတယ်၊ ခေါင်းက နောက်ကို ပစ်ပြီး မော့နေတယ်။ ဘယ်လက်က ရှေ့ကို လှမ်းနေသဗျ။ ခြုံပြောရရင် ကိုယ် အင်မတန် ချစ်ခင် မြတ်နိုးတဲ့သူထံက အတင်းခွဲ ဆွဲခေါ်ခဲ့လို့ လည်ပြန် တမ်းတရင်းက အားမတန်လို့ ပါသွားရပုံပေါ့၊ မောင်တင့်တယ်ကို ဖိုကျင် ထိုးသတ်ဆဲ မီးထဲ ခုန်ဆင်းမယ် အကြံ အတင်း ဝိုင်းဆွဲလို့ ပြန်ပါလာပုံကို အဓိပ္ပာယ် ပြန်မယ်ဆိုလည်း ဖြစ်တယ်လေ၊ စာအလိုအားဖြင့် မျက်နှာသာ ပြန်ပါလာတယ် မဟုတ်လား၊ မျက်နှာမှာ ပေါ်နေတဲ့ အမူအရာကတော့ အံဩစရာ၊ ကြက်သီးထစရာ ကောင်းပါပေ့ဗျာ၊ ကျောက်ဆစ်သမားဟာ ဒီ ၁၈ လက်မ လောက်ရှိတဲ့ ရုပ်တုလေးမှာ ဒီလို အသက်ပါတဲ့ မေ့နိုင်ဖွယ်ရာ မရှိတဲ့ ဘဝ ဖြစ်စဉ် တစ်ရပ်ကို ဝင်အောင် သွင်းထားနိုင်တယ် ဆိုတာများ ယုံနိုင်စရာကို မရှိ ပါဘူးဗျာ။ ရုပ်တုက ထဘီ အနားတွန့် ပုံတောင် သူ့နည်းနဲ့သူ သပ်သပ်မို့ ကျောက်ဆစ်သမားရဲ့ ကိုယ်ပိုင်မူ သူ မတူတဲ့ လေတစ်မျိုးပါပဲလို့ ဆိုနိုင်ပါတယ် ” 

သတင်းထောက် - “ အဲဒီ ကျောက်ရုပ်ကလည်း တစ္ဆေ ခြောက်သတဲ့လား ”

စာရေးဆရာ - “ ဒီလိုဗျာ၊ ကျောက်ရုပ်မှာ မျက်လုံးများ ထူးခြားပုံက ကြောက်ဖို့ တောင် ကောင်းတယ်၊ မျက်လုံးထဲမှာ ချစ်ခြင်းမေတ္တာ၊ ချောက်ချား ကြောက်လန့်ခြင်း၊ ပြီးတော့ စိတ်ဒုက္ခ ဆင်းရဲကြီးတို့ရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ အပြည့်ပဲ ဆိုပါတော့၊ အဲဒီ မျက်လုံးတွေကြောင့်ပဲ ကျောက်ရုပ်ဟာ အသက်ရှိ သတ္တဝါ တစ်ဦးရယ်လို့ ယုံချင်လောက်အောင်ကို ဖြစ်ရတယ်၊ ကျောက်ရုပ်ကို ပတ်ကြည့်၊ သူ့ဘေး သူ့နောက် ရောက်သွားပေမဲ့ ကျောက်ရုပ်က သိမြင်တယ်၊ မျက်လုံးတွေ လှည့်ပြီး လိုက်ကြည့်တယ်လို့ ခံစားရတယ် ”

“ ဒီလောက် စွမ်းသလား ”

စာရေးဆရာ - “ မစွမ်းဘဲ ရှိချည့် မလား ခင်ဗျာ၊ ဒီကျောက်ရုပ်ဟာ မောင်နေဝင်းရဲ့ အသက်နဲ့လဲ ထု ခဲ့ရတာပါလား ”

သတင်းထောက် - “ ဒီ ကျောက်ရုပ်ထုတာနဲ့ သေရရှာတယ်လား ”

စာရေးဆရာ - “ ဒီလိုရယ်လည်းတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျောက်ရုပ်ကတော့ မောင်နေဝင်းရဲ့ အသက်၊ မောင်နေဝင်းရဲ့ ဘဝပါပဲ၊ ဒီ ကျောက်ရုပ်ကို ထုဖို့ပဲ သူ့ ဘဝအတွက် အခန်းများ ဆင်လာရတယ်၊ ဒီ ကျောက်ရုပ်ကို သူ့ရဲ့ စိတ်၏ သုခ, ဒုက္ခ၊ ကိုယ်၏ သုခ ဒုက္ခတွေနဲ့ အရင်းထည့်သွင်း မြှုပ်နှံပြီး ထုရတယ်။ ဒီ ရုပ်တု ထုပြီးတာနဲ့ သူဟာ သေတော့တာပဲ ဆိုပါစို့၊ သေရတော့မှာပဲ၊ သူ့မှာ ဆက်နေစရာလည်း မကျန်ဘူး၊ တကယ်လည်း ရှာမတွေ့အောင် ကွယ်ပျောက် သွား ခဲ့တယ်လေ ”

ထိုနောက် စာရေးဆရာသည် သူ၏ အဘိုးလေးတော်သည် ဆိုသော ကျောက်ဆစ်သမား မောင်နေဝင်းနှင့် သူ၏ ကျောက်ရုပ် အကြောင်းကို ပြောပြသည်။ သတင်းထောက်၏ နှုတ်ခမ်းထောင့်၌ အပြုံးများ သမ်းသည်။ အကြောင်းကား သူသည် မကြာသေးခင်က စာရေးဆရာ ပြောပြမည့် ပုံပြင်ကို “ လင်ယူတန် ”  ရေးသည့် တရုတ်ဝတ္ထုတိုများ အမည်ရှိ စာအုပ်၌ ဖတ်ခဲ့ပြီးပေပြီ။ သို့သော် သူသည် စာရေးဆရာ၏ ဖွဲ့နွဲ့တတ်သော သတ္တိကို အံ့သြစမြဲမို့ ယခုလည်း အံ့ဩလိုသဖြင့် အနှောင့်အယှက် မပြုဘဲ နားထောင်သည်။ ပန်းချီဆရာကမူ ဝမ်းတွင်း၌ တစ်နေ့သော် ဤလို အစွမ်းထက်သော ပန်းချီကားချပ်ကို နှလုံးသွေးဖြင့် ခြယ်ရေးနိုင်လို၏ ဟု ဆုတောင်းဆဲ မျက်လုံးအိမ်၌ မျက်ရည် ရစ်ဝေ့ နေလေသည်။ စာရေးဆရာကမူ မည်သူကိုမျှ ဂရုတစိုက် မကြည့်ဘဲ သူ့ တစ်ကိုယ်တည်းပင် ရှိသလို အပူတပြင်း စိတ်မာန်ကြီးစွာ ပြောသည်။


  •••••   •••••   •••••


ဤပုံပြင်ကို သေလုဆဲ သီလရင်တစ်ပါး၏ နှုတ်မှ ပြောခဲ့သည်။ လွန်ခဲ့သော အနှစ် တစ်ရာခန့်က သီလရင်သည် ရွှေမယ်ဖြူ အမည်ရှိ ပျိုရွယ် ပျော်ရွှင်သော မင်းကြီး သမီး ဖြစ်သည်။ ခြံကြီး ဝင်းကြီးနှင့် နေပြီး ဖအေ၏ အရေးပေး ချစ်ခင်ခြင်းလည်း ခံရသည်။ စင်စစ် သူ့ဖခင်သည် တရားစီရင်ရာ၌ အလွန်တင်းမာသော တရားသူကြီးတည်း။ ထုံးစံ အတိုင်းပင် သစ်တစ်ပင်ကောင်းတော့ ငှက်တစ်သောင်း နားရသည်။ ဖအေ၏ ဆွေမျိုးများသည် စုဝေး ရောက်လာပြီး ပညာရှိသူများက အစိုးရအမှုထမ်းများ ဖြစ်ကုန်ပြီး ပညာမရှိသူများက အခိုင်းအစေဖြင့် အိမ်ကြီးမှာ ခြွေရံ နေလာကြသည်။

တစ်နေ့သော် တူဝမ်းကွဲ မောင်နေဝင်း ရောက်လာ၏။ ၁၆ နှစ်ရွယ်ရှိ ဖြိုးဖြိုးဖျပ်ဖျပ် အငြိမ် မနေတတ်သော ဉာဏ်ထက်မြက်ဟန် ရှိသည့် သူငယ်တည်း။ သူသည် အရပ်ရှည်၍ တောမှာ မွေး၍ တောမှာ ကြီးသည်နှင့် မဆီလျော်အောင် နုနယ် သွယ်ပျောင်းသော လက်ချောင်းများ ရှိသည်။ ရောက်စမှာ အားကိုးလောက်စရာ ရှိလေရာ ရွှေမယ်ဖြူ၏ မိခင်က သူ့ကို ဧည့်သည်များကို ဧည့်ခံ ပြုစုသည့် ဘက်၌ အသုံးချမည်ဟု ရည်စူးသည်။ မောင်နေဝင်းသည် စာတော့ ကောင်းစွာ မရေးတတ်၊ မဖတ်တတ်ချေ။ သို့သော် သီတင်းပတ် အနည်းငယ် ကြာလျှင်ပဲ သူငယ်၏ သူများနှင့် မတူသော ဓလေ့ရှိပုံ၊ ပြောရ ဆိုရ ခက်ပုံတို့ကို တွေ့လာရသည်။ မောင်နေဝင်းသည် ကျိုးနွံသော အစေခံ မဟုတ်၊ သူ့တာဝန်ကိုလည်း မေ့မေ့လျော့လျော့ ရှိသည်။ မဟုတ်တာလုပ်လို့ ဆူပူပြန်တော့လည်း မခံလိုတတ်။ ထို့ကြောင့် ရွှေမယ်ဖြူ၏ မိခင်သည် နောက်ဆုံး၌ သူ့ကို ပန်းဥယျာဉ်၌ ခိုင်းစေရန်ပဲ နေရာ ချလိုက်သည်။ သူငယ်ကလည်း စိတ်ချမ်းသာဟန် ရှိသည်။

မောင်နေဝင်းသည် နှမဝမ်းကွဲ ရွှေမယ်ဖြူထက် တစ်နှစ်မျှ ကြီးပြီး ကလေးဘဝ အရွယ်မို့ တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံခွင့်ရသည်။ ရယ်မော စကား ပြောကြရသည်။ မောင်နေဝင်းက တောရွာ၏ ပုံပြင်ကလေးများ ပါလာသမျှ ပြောသည်ကို ရွှေမယ်ဖြူက နှစ်လိုဝမ်းသာ နားထောင် ရှာလေ့ ရှိလေ၏။

မောင်နေဝင်းသည် ပန်းဥယျာဉ် အတွင်းရှိ သစ်ပင်ပန်းမာလာများနှင့် နေကာ ဩကာသလောကကို သူ ယခု ဖန်ဆင်းလိုက်သည့်ပမာ လေချွန်ကာ လမ်းသလားကာဖြင့် ပျော်ရွှင်လျက် နေသည်။ သူသည် သင်ပြသော ပညာကို တတ်မြောက်ဖို့ရာ မွေးဖွားလာသူမဟုတ်။ သူ့ စိတ်ကူးက စေခိုင်းရာကို ဖန်တီး တီထွင်ဖို့သာ သူ့အလုပ် ရှိသည်။ သူ့တစ်ယောက်တည်း နေရလျှင် အံ့သြစရာ ကိစ္စတွေကို လုပ်နိုင်သည်။ ဆရာမပါဘဲ ပန်းချီ ကောင်းစွာ ရေးခြယ်တတ်ပြီး၊ အားလျှင် ဆန်းကြယ်သော မီးအိမ်ကလေးများ လုပ်နေသည်။ ရွှံ့စေးဖြင့် အသက်ရှိသည် ထင်ရသော တိရစ္ဆာန်ရုပ်များ ပြုလုပ်သည်။

အသက် ၁၁ နှစ် ပြည့်လျှင်တော့ မောင်နေဝင်းသည် လူကြီးများအတွက် ဘယ်လိုမှ သုံးမရသော အဖြစ်ကို ပြသည်။ ရွှေမယ်ဖြူက သူ့ကို နှစ်သက်မဆုံး၊ ဘာကြောင့် ဖြစ်သည်ကိုလည်း ကလေးမ ကိုယ်၌က ရှင်းမပြတတ်၊ မောင်နေဝင်းသည် တခြားသူများနှင့် မတူတာ၊ ရုပ်ရည် ချောမောတာတော့ ပြောစရာရှိသည်။ လူ ချစ်ခင်တတ်သော အမူအရာလည်း သူ့မှာ ရှိရာ၊ ရွှေမယ်ဖြူ ဖခင်က လွဲ၍ တစ်အိမ်ထောင်လုံး နှစ်လိုသည်။ မောင်နေဝင်းနှင့် ရွှေမယ်ဖြူတို့ မောင်နှမလည်း တဖြည်းဖြည်း ရင်းနှီးလာ၏။ သို့သော် ဆွေမျိုးချင်းမို့ လင်မယားအရာမြောက် နေခွင့် မရသည်မှာ သေချာ၏။

တစ်နေ့သော် မောင်နေဝင်းသည် ပညာသင် သွားမည်ရယ်လို့ ကြေညာ၏။ သူသည် ကျောက်ဆစ်သမား တစ်ယောက်ထံ တပည့်ခံလို၏။ ရွှေမယ်ဖြူ့ မိခင်သည် သမီးနှင့် ခုတလော အတွေ့များနေသော မောင်နေဝင်း ခုလို သွားတော့မည်ဆိုတော့ ဝမ်းမနည်း၊ သို့သော် မောင်နေဝင်းသည် နေ့ခင်းသာ အလုပ်သွားကာ ညစဉ် မှန်မှန် အိမ်ကို ပြန်ရုံမက နှမ ရွှေမယ်ဖြူ အဖို့လည်း ပြောစရာ အကြောင်းခြင်းတ ပိုလို့ပင် များပြား လာရလေသည်။ ထိုအခါ မိခင်ဖြစ်သူသည် ရွှေမယ်ဖြူကို ပြောရ ဆိုရသည်။

“ မောင်နှမချင်းပေမဲ့ အရွယ် ရောက်လာရင် သိပ် နီးနီးစပ်စပ် နေလို့ မကောင်းဘူး အေရဲ့ ”

ရွှေမယ်ဖြူသည် ထိုစကားစမှ တစ်မျှင်တစ်တန်း ဆက်ရှည် တွေးစရာ ဖြစ်လာရသည်။ အရင်တုန်းကတော့ သူသည် မောင်နေဝင်းကို  ချစ်ကြိုက် နေခဲ့ပါလားရယ် လို့ မရိပ်စား မိခဲ့ချေ။

ထိုညမှာ ဥယျာဉ်ထဲ၌ မောင်နှမနှစ်ယောက် တွေ့ကြပြန်သည်။ လရောင်ထဲရှိ ကျောက်ခုံကလေးပေါ် မှာ ထိုင်ရင်း ရွှေမယ်ဖြူက မျက်နှာကလေး နီနေသည်။

“ အစ်ကို နေဝင်းရေ အမေက ကျွန်မကို အစ်ကိုနဲ့ သိပြီး မတွေ့ နဲ့လို့ ပြောတယ် ”

ဟု ပြောပြသည်။

“  အေး ... ဒို့ ဟာ အရွယ် ရောက်လာပြီ ”

ရွှေမယ်ဖြူက ခေါင်းငုံ့ကာ

“ အဲဒီတော့ ဘာဖြစ်သလဲ ” ဟု သူ့ ဘာသာလိုပင် ပြောလေသည်။

မောင်နေဝင်းသည် ရွှေမယ်ဖြူ ခါးကလေးကို လက်တစ်ဖက် လျှို၍ ဖက်ရင်း

“ ဘာဖြစ်သလဲဆိုတော့ မင်းကလေးဟာ တစ်နေ့ထက် တစ်နေ့ စွဲမက်စရာ ကောင်းလာတာပေါ့၊ ငါ့မှာ တစ်နေ့မမြင်ရ မနေနိုင် ဖြစ်လာတာပေါ့၊ မင်းကလေးနဲ့ နေရရင် ပျော်သလောက် မင်းရဲ့ ကွယ်ရာကို ရောက်ရင် ဝမ်းနည်းရ ညှိုးငယ်လာရ တာပေါ့ ”

ကလေးမက သက်ခြင်းချကာ

“ ခုတော့ ပျော်နေတယ်ပေါ့လေ ”

“ အေး လောကကြီးကိုက ပျော်စရာ ကောင်းလာတာပဲ၊ ရွှေမယ်ဖြူ မင်းနဲ့ ငါဟာ နတ်ဖက်တာပါကွယ် ”

“ ကျွန်မကို ယူလို့မရဘူး မဟုတ်လား၊ မကြာခင်ပဲ အမေတို့ က ကျွန်မကို လင် ပေးစားဦးမှာ ”

“ ဒီလို မပြောပါနဲ့ကွယ် ”

“ အစ်ကို သိအောင် ပြောရတာ ”

မောင်နေဝင်းသည် ကလေးမကို ပွေ့ဖက်ကာ

“ ငါ သိတာက ဟောဒါပဲ၊ မိုးနဲ့ မြေကြီး စတည်ကတည်းက မင်းဟာ ငါ့အဖို့ ငါဟာ မင်းအဖို့လို့ ဗျာဒိတ် ရှိပြီးသား ဒီတော့ ဘယ်နည်းနဲ့မှ မင်းကို လက်လွှတ်မခံနိုင်ဘူး ရွှေမယ်ဖြူရေ၊ မင်းကို ချစ်တာဟာ ဘယ်နည်းနဲ့မှ ငါ အမှားလုပ်မိတာ မဟုတ်နိုင်ဘူး ”

ရွှေမယ်ဖြူလည်း သူ့ လက်တွင်းမှ လွတ်ထွက်ကာ သူ့ အခန်းသို့ တက်ပြေးသည်။

အစိမ်းသက်သက်ကလေးတို့ နိုးကြားလာသော အချစ်သည် ကြောက်စရာ ကောင်းလှသည်။ အထူးသဖြင့် လိုရာ မရနိုင်သော အချစ်သည် ပြင်းထန်စမြဲပင်၊ တစ်ညလုံး ရွှေမယ်ဖြူ နိုးနေသည်။ ထိုညကစပြီး သူတို့၏ ဖြစ်စဉ်တစ်ရပ်လုံး အကြီးအကျယ် ပြောင်းလဲသည်။ နိုးကြားလာသော အချစ်ကို ရပ်ဆိုင်းပစ်ဖို့ ကြိုးစားလေလေ၊ အချစ်၏ ကြီးမားသော တန်ခိုးအဏာအောက်က မရုန်းထွက်နိုင်လေလေတည်း၊ တစ်ယောက်နှင့် တစ်ယောက် မတွေ့ဘဲ နေနိုင်ဖို့ ကြိုးစားကြပါ၏။ သုံးရက်မျှ နေပြီး ကလေးမသည် အစွယ်ကျိုးသော မြွေလို မာန်ချကာ လာရသည်။ လျှို့ဝှက်တွေ့ဆုံခြင်းဖြင့် သူတို့၏ အချစ်သည် ပို၍ မခံမရပ်နိုင်စရာပင် ဖြစ်လာရ၏။ တစ်နေ့ တစ်နေ့မှ ရမ္မက်ပြင်းပြခြင်း၊ သနားချစ်ကြင်ခြင်း၊ ခဏခွဲခွာခြင်း၊ သစ္စာ အသစ်အသစ် တိုင်တည်ခြင်းတို့ဖြင့် မျက်ရည်ပမာ ငန်ခါးတစ်လှည့်၊ နမ်းရှုပ်ခြင်းပမာ ချိုမြတစ်လှည့်ဖြင့် အချိန်ကုန်ရ၏။ နောက်ဆုံးတော့ သူတို့သည် သူတို့ ဘာမှ မတတ်နိုင်သော တန်ခိုးအင်အား တစ်ရပ်အောက်၌ ကျရောက် နေသည်ကိုသာ သိရလေ၏။

သူတို့မှာ အစီအစဉ်လည်းမရှိ၊ ချစ်ရုံသာ တတ်သိသည်။ ထုံးတမ်းစဉ်လာအတိုင်း ရွှေမယ်ဖြူ၏ မိဘများကလည်း သမက်လောင်းများ တစ်ယောက်ပြီးတစ်ယောက် ရွေးဆဲ၊ ကလေးမက အကုန်လုံးကို ငြင်းပယ်သည်။ အိမ်ထောင်ပြုချင်စိတ် မရှိကြောင်းတောင် ပြသည်။ မိခင်ဖြစ်သူမှာ အင်မတန်မှ တုန်လှုပ် ချောက်ချား သွားတာ မှန်လည်း သမီးကလေး တစ်ယောက်တည်းမို့ မခွဲရက်သည့် စိတ်ကလည်း ရှိသဖြင့် အလျင်မလိုလှချေ။

မောင်နေဝင်းကမူ ကျောက်ဆစ် ထုလုပ်ခြင်း အတတ်၌ သူ့ပါရမီ ပါလာသည်ကို မြင်သည်။ အနုပညာသည်အဖြစ် မွေးဖွားလာသူမို့ တစ်ခဏအတွင်းမှာ အတတ်ပညာ ပြောင်မြောက်လှသည်။ ကျောက်ဆစ် ထုလုပ်ရတာကို ကြိုက်သည်။ အမောတကောပင် အသေးအဖွဲက အစ အပြစ်မြူချည် ရှာမရအောင် ထုလုပ်ရမှ ကျေနပ်သည်။ သူ့ဆရာကပင် ရင်သပ်ရလေ၏။ သူ အလုပ်လုပ်သော ကျောက်ဆစ်ပန်းပုဆိုင်၌ ဝယ်သူများလာလေ၏။

တစ်နေ့သော် ရွှေမယ်ဖြူ၏ ဖခင်က ဘုရင်မင်းမြတ်သို့ လက်ဆောင်ဆက်ရန် မြန်မာနတ်ရုပ် တစ်ရုပ် ထုလိုသည်။ မောင်နေဝင်းသည် မင်းမဟာဂီရိနတ်၏ နှမတော် ရွှေမျက်နှာ နတ်ရုပ်ကို ရှေးစာမူ အတိုင်း ကြဇုသီး ကိုင်ဟန် ဘီလူး ဆင့်သော ဆင်နက်မ ခုံခံနှင့် ထုသည်။ သို့ရာတွင် နတ်ရုပ်မှာ အလွန် လှပကြော့ရှင်းရုံမက ထူးခြားချက်တစ်ခု ပါသည်။ နတ်ရုပ်၏ နားရွက်ဖျားကလေးများမှာ သွေးကြောကလေးများပင် ရှင်ဆဲရှိသည့်ပမာ ပါးလွှာ ပျော့ပျောင်းလျက်နေပြီး လှုပ်ရှား လည်ပတ်နေသော နားတောင်းအရှင်ကို တပ်ထားရကား ကမ္ဘာပေါ် ၌ သည်မျှ လှပ အသက်ဝင်သော ရွှေမျက်နှာ နတ်ရုပ်ဟူ၍ မရှိနိုင်သလောက်ပင် ဖြစ်လေ၏။

နတ်ရုပ်၏ မျက်နှာကတော့ ရွှေမယ်ဖြူနှင့် တူသည်။

မောင်နေဝင်းသည် ကျောက်ဆစ်သမား မောင်နေဝင်းရယ်လို့ နာမည်တစ်လုံးရကာ နေ့ချင်းညချင်း ကျော်ကြားလာသည်။ သို့သော် ရွှေမယ်ဖြူနှင့် ကင်း၍ ကျော်ကြားခြင်းကိုလည်း အလိုမရှိနိုင်၊ အလုပ်၌ စိတ်ဝင်စားခြင်း မရှိပြန်ချေ။ မလည်နိုင်အောင် အလုပ် လာအပ်သူများကို လက်မခံနိုင်ချေ၊ ရွှေမယ်ဖြူလည်း နှစ်ဆယ်ကျော်လာကာ မိဘများ၌ ရည်မှန်းပြီးသူ ရှိပြီး ခန်းဝင်ပစ္စည်းများ တင်ပြီး မျှော်လင့်ချက် ကင်းသည့် အဆုံး၌ ချစ်သူ နှစ်ဦး ထွက်ပြေးရန်သာ ကြံရသည်။ မောင်နေဝင်းက ကျောက်ဆစ်ပညာဖြင့် အသက်မွေးနိုင်ပြီး ရွှေမယ်ဖြူက လက်ဝတ်လက်စားကလေးများ ယူခဲ့မည်။ ဝေးရာသို့ လွတ်အောင် ပြေးလျှင် ပေါင်းကြရမည် ထင်သည်။

သို့လျှင် တစ်ညနေ မှောင်သီချိန်၌ ဥယျာဉ် နောက်ပေါက်မှ နှစ်ဦးသား ပြေးဆဲ အစေအပါး အဘိုးကြီးတစ်ယောက်က မိသည်။ မောင်နေဝင်းသည် တွန်းရုံနှင့် မလွှတ်သည့် အဘိုးကြီးကို အားအင်နှင့် ထိုးသတ်ရာ အဘိုးကြီးသည် လဲကျကာ ကျောက်စွန်းနှင့် ခေါင်းနှင့် ရိုက်၍ သေလေ၏။ သူတို့လည်း ကြောက်လန့်တကြား ပြေးကြသည်။

မိုးလင်းသော် သမီး လင်နောက် လိုက်ပြေးသည့် အမှုကို သေနေသော အဘိုးကြီးနှင့် တကွ သိမြင်ရသည်။ ချစ်သူနှစ်ဦး၏ အစအနကိုတော့ အပ်ပျောက် မြေကျ ရှာမရ။ မြို့စားမင်းသည် ကမ္ဘာမြေကို လှန်၍ ရှာကာ တရားခံကို တရားစီရင်အံ့ ဟု သစ္စာကြီးစွာ ဆိုလေသည်။

ချစ်သူနှစ်ဦးကမူ ဇနပုဒ်ကလေးများ၌သာ ရပ်နားဝံ့ကာ အထက်သို့ ပြေးသည်။ မောင်နေဝင်းကမူ အထက်အရပ်၌ ထုဆစ်၍ ကောင်းသော ကျောက်မျိုး ရှိသည်ကို စိတ်၌ သညာ မပြတ်ထားသည်။

“ ဒီအလုပ်ကို ပြန်လုပ်ဦး မလို့လား အစ်ကိုရယ်၊ အစ်ကို လက်ရာက သူတကာနဲ့ မတူတော့ မကြာခင် ပြန်မိသွားမှာ မကြောက်ဖူးလား ” ဟု ရွှေမယ်ဖြူက စိုးရိမ်မကင်း ပြော၏။

“ ကျောက်ဆစ် စားမလို့ဘဲ ရည်ရွယ် ထားတာ မဟုတ်လား ” ဟု မောင်နေဝင်းက ပြောသည်။

“ ဒါက ဟို အဘိုးကြီး မသေခင်က စဉ်းစားထားတာပဲ၊ ခုတော့ သူ့ကို သတ်သလိုလည်း ဖြစ်နေပြီ မဟုတ်လား၊ အစ်ကို တခြားအလုပ်ကို ပြောင်း မလုပ်နိုင်ဘူးလား ဟင်၊ မီးအိမ်ကလေးတွေ ရွှံ့စေးရုပ်ကလေးတွေ လုပ်ခဲ့တာမျိုးလေ ”

“ ငါက ကျောက်ဆစ် အတတ်နဲ့ နာမည် ရပြီးသား ရွှေမယ်ဖြူရဲ့ ” 

“ အဲဒါကြောင့် ဒုက္ခ ဖြစ်နေတာပေါ့ ”

“ ပူစရာ ရှိမယ် မထင်ပါဘူးကွယ်၊ ဒီနေရာက မင်းအဖေနဲ့ မိုင်တစ်ထောင်မက ဝေးတာပဲ၊ တို့ကို ဘယ်သူမှ မသိနိုင်ပါဘူး ”

“ ဒီလိုဆိုလည်း လုပ်လေ၊ ဒါပေမဲ့ အစ်ကို လက်စွမ်းတော့ မဖော်လေနဲ့နော်၊ ပိုက်ဆံ ရရုံကလေးသာ လျှော့လုပ်ပါ အစ်ကိုရယ် ”

မောင်နေဝင်းကမူ နှုတ်ခမ်း ကိုက်ပြီးသာ နေသည်။ သည်လိုပဲ အခြားသော ရာထောင်မကသော ကျောက်ဆစ်သမားတို့ လုပ်ကြသလို သာမန် ရုပ်တုကလေးများကို မထင်မရှား ထုပြီးသာ နေရတော့မည်လား၊ ကိုယ့်ပညာကိုပဲ ကိုယ်က သတ်ရမည်လား။ ကိုယ့်ပညာ၏ အသတ်ကိုပဲ ခံရမည်လား၊ ဒါကို သူ မစဉ်းစားမိခဲ့။

ဇနီးသည်ကလေး၏ ပူပန်မှုကလေးမှာ အဓိပ္ပာယ် ရှိသည်။ သူသည် လင်သည် အဖို့ ပိုက်ဆံရ ပြီးရော လုပ်သည့် အပေါစား အလုပ်ကို လုပ်ဖို့ရာ အင်မတန် ဝန်လေးသည်ကို သိနားလည်၏။ သူတို့ ပြေးလာစဉ် ကတည်းကလည်း ကျောက်ကောင်းပေါသော ဤအရပ်သို့ ရောက်အောင် မသိမြင်သာသော ထူးဆန်းသော အင်အားကြီး တစ်ရပ် က သူ့လင်သည်ကို ဆွဲခေါ် ညှို့ငင်ခဲ့သည်ကို ရိပ်မိခဲ့ရ၏။ ရွှေမယ်ဖြူသည် လင်သည်ကို သွေးဆောင် ရပြန်သည်။ သူတို့သည် ယွန်းထည်များ လုပ်ကြမည်။ ယွန်းထည်၌ အဆန်းတကြယ်များကို လက်ရာ ပြောင်မြောက်စွာလည်း လုပ်ခွင့်ရမည်။ လူသူလည်း ရိပ်မိ ချင်မှ ရိပ်မိနိုင်မည်။ မောင်နေဝင်းကမူ နားမထောင်ချေ။

“ ယွန်းထည်ကိုလည်း သူများတွေ ငါ လုပ်မှန်း သိလောက်အောင် လုပ်မှာပဲ၊ မင်း တကယ်ပဲ ငါ့ကို အပေါစားတွေနဲ့ပဲ ပြီးစေချင်သလားကွယ်၊ ဒီမှာ နေသမျှတော့ ကျောက်ဆစ်နေလည်း ကိစ္စ မရှိတန် ကောင်းပါဘူးကွာ ”

စိတ်ပူလည်း သည်လိုနှင့်ပင် အလျှော့ပေးရသည်။

“ ဒီလိုဆိုလည်း နာမည်ကျော်ပြီး လူသိများ လာအောင်တော့ မလုပ်ပါနဲ့ အစ်ကိုရယ်၊ ကျွန်မကို ငဲ့ပါဦး၊ ကျွန်မတို့ဟာ သူများနဲ့ မတူဘူး၊ ရာဇဝတ်မှုနဲ့ ပြေးလာကြတာ မဟုတ်လား၊ အစ်ကို့ကို လူသိများလာရင် ကျွန်မတို့ ပျက်စီးမှာပဲ ”

သည်လို ပြောနေလည်း လင်သည်ကတော့ သူ့လက်များကသာ တတ်နိုင်သည့် အကောင်းဆုံး အသပ်ရပ်ဆုံး ပစ္စည်းက လွဲ၍ ဘာလုပ်ရ၍မှ ကျေနပ်မည် မဟုတ်၊ သူ၏ အလှကို မြင်တတ်သော သတ္တိ၊ ဆိုစရာမရှိအောင် ချောမော ပြည့်စုံခြင်းကို ကြိုက်ခြင်း၊ သူ့ လက်ရာ၌ ဂုဏ်တက်ခြင်း၊ ကျောက်ဖြင့်သာ ထုလုပ်လိုခြင်း၊ သည် အာရုံများ ပြင်းထန် နေသည့် မောင်နေဝင်း အဖို့ တကယ် ထွက်ပြေး လွတ်မြောက်ရန်မှာ မင်းမှုထမ်းထံမှ မဟုတ် သူ့ကိုယ်ပိုင် အာရုံများမှသာ ဖြစ်သည်။ သူ့ရဲ့ ဝမ်းနည်းစရာ ကောင်းသော အဖြစ်ကိုလည်း သူ့ဘာသာ သိမြင်သည်။

ဇနီးသည်၏ လက်ဝတ်လက်စားကလေးများကို ထုခွဲခြင်းဖြင့် မောင်နေဝင်းသည် ကျောက်မျက်ရိုင်းများ ဝယ်ယူပြီး ဆိုင်ကလေး ဖွင့်သည်။ ဇနီးသည်က ဘေးမှ စောင့်ကြည့်ကာ တောင်းပန်ဆဲ၊ မောင်နေဝင်းသည် မချိပြုံး ပြုံးကာ ကျောက်ရိုင်းများမှ နားကပ်၊ နားဆွဲကလေးများ သွေးယူသည်။ သူကတော့ ကျောက်စိမ်း အကာသား ဖြူဖြူကိုသာ ရုပ်တု ထုချင်လှ၏။ တစ်ခါတစ်ရံတော့ အင်မတန် လှပ၍ သူ့လက်များက ဖန်ဆင်းနိုင်သော၊ ဥပမာ ရှမ်းဆီးသီးကို မျောက်ကလေး ခိုး၍ ခူးနေပုံ ရုပ်တုကလေးများ လုပ်နိုင်လျက်နှင့် ထိုကျောက်သားကို ဖြတ်တောက်ကာ သာမန် နားကပ်၊ နားဆွဲများ လုပ်ပစ်ရမှာ နှမြောနေသည်။ သို့လျှင် ပထမတော့ တိတ်တခိုးပင် စိတ် မသိုးမသန့်နှင့် သူ့စိတ်ကူးထဲရှိ ကိုယ်ပိုင်ရုပ်ပုံကလေးများကို ထုသည်။ ထုပြီးပြန်တော့ ရောင်းမလောက်နိုင် ဖြစ်ကာ အမြတ်အစွန်းလည်း အင်မတန် ဖြစ်သည်။

“ အချစ်ရေ ကျွန်မတော့ စိတ် သိပ်ပူတာပဲ၊ ဒီလိုနဲ့ပဲ လူသိများလာတော့မှာပဲကွယ်၊ ခု ကျွန်မမှာ ကလေး ရှိနေပြီ၊ အဲဒါလည်း ငဲ့ ဦး ”

“ ကလေးရတော့မယ် ဟုတ်လား၊ ဟာ တို့က နှယ်နှယ် မဟုတ်ပါလား၊ ဧရာမ အိမ်ထောင်စုကြီး ပါလားဟေ့ ” ဟု ဇနီးသည်၏ အပူကို နမ်းရှုပ် ပွတ်တိုက် ချေဖျက် လိုက်သည်။

တစ်နှစ်မျှကြာလျှင် မောင်နေဝင်း၏ ရုပ်တုများသည် ကျော်ကြားလာသည်။ သူတို့ နေရပ်သည်ပင် ရုပ်တုကောင်းများ ထွက်ရာ အရပ်ရပ်သို့ ကျော်ကြားကာ မြို့တော်သို့ စုန်ဆင်းလာသူ ခရီးသည်တို့ ခဏ ဝင်ခို၍ အဖိုးတန် လက်ဆောင် ဝယ်ခြမ်းရာ အရပ် ဖြစ်လာသည်။ တစ်နေ့သော် ဝယ်သူတစ်ယောက်က စကားမစပ် မေးသည်မှာ

“ ခင်ဗျား မြို့စားမင်းရဲ့တူ မောင်နေဝင်း မဟုတ်လား ”

မောင်နေဝင်းက ငြင်း၏။ သူသည် မြို့တော်သို့ပင် တစ်ခါမှ မရောက်ဖူးပါ။ ထိုသူ ထွက်သွားသော် စောစောက ချောင်းကြည့်နေသူ ရွှေမယ်ဖြူက

“ သူဟာ အဖေ့ရုံးက အတွင်းဝန်ပဲ ” ဟု ပြောပြသည်။ မောင်နေဝင်း၏ ရုပ်တုများသည် ဇာတိကို ဖော်ပြီ။

နောက်တစ်နေ့ ၌ ထိုသူ ရောက်လာပြန် သော် မောင်နေဝင်းက

“ ခင်ဗျား ဘာတွေ ပြောနေတာလဲ ” ဟု မသိချင်ယောင် ဆောင်၍ ပြောသည်။

“ မသိရင်လည်း ပြောပြရတာပေါ့ဗျာ မြို့စားမင်းရဲ့ တူ မောင်နေဝင်းဆိုတာ လူသတ်မှု၊ သမီးကို ဖျားယောင်း သွေးဆောင်မှု၊ လက်ဝတ်လက်စားများ ခိုးမှုနဲ့ အလိုရှိနေတဲ့ ရာဇဝတ်သားပေါ့၊ ခင်ဗျားဟာ မောင်နေဝင်း မဟုတ်ပါဘူးဆိုရင် ကျွန်တော် ယုံအောင် ခင်ဗျား မိန်းမကို ကြည့်ခွင့် ပေးပါလားဗျာ၊ ဧည့်သည်ကို လက်ဖက်ရည်ကြမ်းကလေးတစ်ခွက် တည်ပါစေလား ဗျာ ”

“ ကျုပ် ဒီမှာ ဆိုင်ဖွင့်ပြီး ကောင်းရောင်း ကောင်းဝယ် လုပ်စားနေတဲ့ လူဗျ၊ ခင်ဗျားက အမှုအခင်း ရှာနေတဲ့ လူဆိုရင်တော့ ခု ချက်ချင်း ထွက်သွားရင် ကောင်းမယ် ”

ထိုလူလည်း သရော်ပြုံးနှင့် ထွက်သွားသည်။

လင်မယား နှစ်ယောက်သည် အဖိုးတန်ပစ္စည်းများကို ထုပ်ပိုးကာ ညတွင်းချင်းပင် အထက်သို့ ဆန် ပြေးကြရပြန်၏။ သားကလေးကမူ သုံးလမျှသာ ရှိသေးသဖြင့် နုနယ်လှ ရကား လမ်းခုလတ်မှာပင် ဖျားနာ ရပြန်သည်။ မောင်နေဝင်းသည် သူ့ရုပ်တုထဲမှ အကောင်းဆုံး တစ်ခု ဖြစ်သည့် မျက်စိတစ်ဖက်မှိတ်ကာ အမဲချောင်းနေသည့် ခွေးရုပ်ပုံကို ထုတ်၍ ရောင်းရသည်။

“ ဟာ ဒါ နာမည်ကျော် တက်နေကျောက်ဆစ်ဆိုင်က အရုပ်ပဲ၊ ဒါမျိုး ဘယ်ကမှ မထွက်ဘူး၊ ဘယ်သူမှ တုမရတဲ့ လက်ရာပဲ ” ဟု ဝယ်မည့် ရုပ်တုကုန်သည်က ပြောသည်။

“ ဟုတ်ပါတယ်၊ အဲဒီ ဆိုင်ကပဲ ဝယ်လာတာပါ ” ဟု အတွင်းက ကြိတ်၍ ကျေနပ်ရင်း ဖြေသည်။

သည်မြို့ သည် တောင်ခြေ၌ ရှိသည်မို့ လေလည်း အေးသည်။ မိုးလည်း ပြာသည်၊ သည်မှာပဲ အခြေစိုက်ကြရအောင်၊ ကလေးလည်း နေလို့ ကောင်းပြီ၊ သို့သော် အန္တရာယ်ကင်းအောင် မြို့ နဲ့ မိုင်နှစ်ဆယ်မျှ ကွာသော မြို့ကလေးသို့ ပြောင်းရွှေ့ နေကြတာပေါ့။

မောင်နေဝင်းသည် သူ၏ ရုပ်တုတစ်ခုကို ရောင်းရ ပြန်သည်။

“ ဘာဖြစ်လို့ ထုတ်နေရ ပြန်ပြီလဲ ” ဟု ရွှေမယ်ဖြူက မေးသော် ...

“ ဆိုင်ဖွင့်ဖို့ ငွေလိုတယ်ကွ ”

“ ဒီ တစ်ခါ ကျွန်မ စကားကို နားထောင်စမ်းပါ၊ ရွှံ့စေးရုပ်တု ဆိုင်ပဲ ဖွင့်ပါ ”

“ ဘာကြောင့် ”

“ အစ်ကို လုပ်ပုံကြောင့် ကံကောင်းလို့ ဖမ်းမမိတာ မဟုတ်လား၊ ကျောက်ကိုမှ ထုချင်ရသလား အစ်ကိုရယ်၊ မယားနဲ့ သားကလေး ထက်တောင် ကျောက်ဆစ်တာကို ပိုမက်သလား၊ ခု ခဏ အောင့်ထားလိုက်ပါဦး၊ နောင် အခွင့်သာတော့ ကျောက်ပြန်ကိုင်တာပေါ့ ”

မောင်နေဝင်းသည် စိတ် မသက်မသာနှင့် ရွှံ့စေးကို ကိုင်ရသည်။ ဗုဒ္ဓရုပ်ပွားများကို ရွှံ့စေးဖြင့် လုပ်၍ မီးဖုတ်ဆဲ ကျောက်တုံးကျောက်ပြားများကို တင်လာသူ ကုန်သည်များကို မျှော်ငေး ကြည့်မိသည်။ လမ်းလျှောက်သွားရင်းက ကျောက်ဆစ်ဆိုင်များ ရှေ့ရောက်လျှင် ခြေထောက်များ ရပ်တန့် သွားကာ သူ့မျက်လုံး၌ ဒေါသမီး ဝင်းဝင်းတောက် လာသည်။ အိမ် ပြန်ရောက်လျှင်တော့ စိုစွတ်သော ရွှံ့စေးရုပ်များကို လက်ဖြင့် နယ်၍ ချေမွပစ်သည်။

“ ရွှံ့ပုတ်တွေ ရွှံ့ပုတ်တွေ ကျောက်သား ပကတိကို ဆစ်နိုင်ပါရဲ့နဲ့ ဒီ အညစ်အပတ်ကို ကိုင်နေရ သတဲ့ ” ဟု အော်ကြီး ဟစ်ကြီး ဖြစ်သည်။

ရွှေမယ်ဖြူသည် လန့်ထိတ်ကာ သူ့မျက်လုံးများ မီးလို ပြောင်လက်သည်ကို လိုက်ကြည့်ရင်း

“ အစ်ကိုတော့ ပျက်စီးတော့မှာပဲ ” ဟု ညည်းသည်။

တစ်နေ့သော် မောင်နေဝင်းထံမှ ကျောက်ရုပ်တုများကို ဝယ်ခဲ့သည့် ကျောက်ရုပ်တု ကုန်သည်က တက်နေကျောက်ဆစ်များကို ထပ်၍ ရလို ရငြား မေးစမ်းလာ၏။ သူသည် အထုပ် တစ်ထုပ်ကို ဖြေပြကာ

“ ကြည့်ပါဦး၊ တက်နေကျောက်ဆစ်ဆိုင်က ရုပ်တုတွေ ညံ့သွားလိုက်တာ အရင်လို မဟုတ်တော့ဘူး ” ဟု ပြော၏။

“ ဒါ အတုကြီး ပဲ ” ဟု သာ မောင်နေဝင်းက အော်နိုင်၏။

“ ဟုတ်တယ်၊ မျောက်ရုပ် မျက်နှာ ကြည့်ပါလား။ သေနေသလိုပဲ၊ အမူအရာမှမရှိဘဲ၊ ဒါထက် ခင်ဗျား တော်တော် နားလည်ပုံ ရတယ် ”

“ နားလည်ဖို့ ကောင်းတာပေါ့ ” ဟု သာ မောင်နေဝင်းက တိုတို ဖြေသည်။

“ ဟုတ်ပါတယ် ခင်ဗျား အရင်တစ်ခါ ရောင်းသွားတဲ့ ခွေးရုပ်က ဒါမျိုးမှ မဟုတ်တာ၊ မှန်တာပြောရရင် အဲဒီ အရုပ်က ရာနှုန်းပြည့်ကို အမြတ်ရသဗျ၊ အဲဒီလို ကျောက်ရုပ်များ သိမ်းထားတာ မရှိတော့ဘူးလား ”

“ နေဦး ... တက်နေ ကျောက်ဆစ်သမား ထုတဲ့ မျောက်ရုပ်က ဘယ်လိုဆိုတာ ခင်ဗျားကို ပြဦးမယ် ”

သည်လိုနှင့် မောင်နေဝင်း၏ မျောက်ရုပ်ကို ရောင်းရ ပြန်သည်။ ရွှံ့စေးရုပ် ဆိုင်ရှင်ထံမှ အံ့သြစဖွယ် ဆန်းကြယ်သော ကျောက်ရုပ်များရကြောင်းကို လူသူတို့ သိလာပြန်သည်။ ၆ လမျှကြာလျှင် စစ်သားသုံးယောက် ရောက်လာပြီး မောင်နေဝင်း လင်မယားကို ဖမ်းဆီးသည်။ မြို့စားမင်းရုံးမှ အတွင်းဝန် ပါ ပါလာသည်။

“ အထုပ်အပိုးကလေးများ ပြင်ပါရစေဦးဗျာ ”

“ ကျွန်မတို့ ကလေးဖို့ ပစ္စည်းကလေးတွေ လိုတယ် မဟုတ်လား၊ ပြီးတော့ ရှင်တို့ သတိထားနော် ၊ ဒီကလေးဟာ မြို့စားမင်းရဲ့ မြေးရှင့်၊ ရှင်တို့ကြောင့် ဒီကလေး လမ်းမှာ ဖျားရင် နာရင် ရှင်တို့ တာဝန်ပဲ ”

စစ်သားများ အိမ်ရှေ့ ၌ စောင့်ဆဲ မောင်နေဝင်း နှင့် ရွှေမယ်ဖြူသည် ဆိုင်နောက်ခန်းသို့ ဝင်လာသည်။ ခွဲခွာ ကြရတော့မည်နော်၊ မောင်နေဝင်းသည် မယားနှင့် သားကလေးကို နမ်းရင်း ပြန်တွေ့ခွင့် ရှိတော့မည် မဟုတ်ဟု သိမြင်၏။ ပြီးတော့ ပြတင်းပေါက်မှ ခုန်ထွက် သွားသည်။

“ ကျွန်မ ရှင့်ကို အမြဲ ချစ်နေမှာပဲ အစ်ကိုရေ၊ ကျောက်ဆိုတာကို ထိတောင်မထိလေနဲ့တော့နော် ” ဟု ရွှေမယ်ဖြူက ပြတင်းပေါက်မှ တိုးတိုးညင်သာ ပြော၍ ကျန်ရစ်ခဲ့သည်။

မောင်နေဝင်းသည် မယားကို နောက်ဆုံး အကြည့်ဖြင့် အားရပါးရ ကြည့်ရင်း လက်တစ်ဖက် မြှောက်ပြလိုက်သည်။ အမြဲတမ်း ခွဲခွာခြင်းပဲကွယ် ချစ်လေးရယ်။

ရွှေမယ်ဖြူ အိမ်ပြန် ရောက်သော် အမေ သေပြီကို တွေ့၏။ အဖေသည် ရုတ်ခြည်း အိုမင်းခဲ့သည်။ ခွင့်လွှတ်ပြုံးကိုလည်း မပြုံးနိုင်ပြီ။ မြေးကလေးကို မြင်ရလျှင်တော့ မျက်နှာထား အနည်းငယ် ပျော့လာသည်။ တစ်နည်းအားဖြင့် မောင်နေဝင်း လွတ်ပြေးသည်ကိုလည်း သူ ကျေနပ်သည်။ ဖမ်းမိလာလျှင် သမက်ကို ဘာလုပ်ရမည်မသိ။ သို့သော် သမီး၏ ကြီးကျယ် ခမ်းနားအံ့သော ဘဝကို ဖျက်ဆီးသူ တစ်အိမ်ထောင်လုံးကို စိတ်ဆင်းရဲခြင်း ဖြစ်စေသူ မောင်နေဝင်းကို ခွင့်လွှတ်၍တော့ မရ။

တစ်နှစ်ပြီး တစ်နှစ် ကုန်သွားသည်။ မောင်နေဝင်း၏ သတင်းကို မကြားရ၊ တစ်နေ့တွင် အမတ်ချုပ်သည် မြို့စားမင်း၏ အိမ်သို့ ညစာ စားရန် ကြွရောက်လာသည်။ စကားစမြည် ပြောရင်းက ဘုရင်မင်းမြတ်သို့ မြို့စားမင်း လက်ဆောင် ဆက်ဖူးသော ရွှေမျက်နှာ နတ်ရုပ် အကြောင်းသို့ ရောက်သည်။ အမတ်ချုပ်က သူ့ ၌လည်း ရွှေမျက်နှာ နတ်ရုပ် တစ်ရုပ် ရှိသည် ဆိုသည်။ ထို နတ်ရုပ်မှာ ဘုရင်မင်းမြတ် အိမ်မှာရှိသော အရုပ်ကဲ့သို့ပင် လက်ရာ ပြောင်မြောက်၍ အံ့သြစဖွယ် ဆန်းကြယ်သည်တည်း။ တစ်လက်ရာတည်း ဖြစ်ချင် ဖြစ်နိုင်သော်လည်း စင်စစ် ပို၍ပင် အနုပညာ မြောက်သည့် ရုပ်တုလို့ ဆိုချင်သည်။ ပို၍ပင် လှပပျော့ပျောင်းသည်လို့ ဆိုချင်သည်။ ဘုရင်မင်းမြတ်ထံ ဆက်ဖို့ သူ ဝယ်ယူလာခဲ့သည်။

ဧည့်ပရိသတ် အပေါင်းကမူ ယခင် ရွှေမျက်နှာ ရုပ်ထက် တူသော လက်ရာ မရှိနိုင် ဟု သံသယ ဖြစ်ဆဲ စားသောက်ပွဲ ပြီးစီးသည်။ အမတ်ချုပ်လည်း တဖိတ်ဖိတ် တောက်သော ကျွန်းသေတ္တာကို စားပွဲ ပေါ် တင်စေသည်။ ဖွင့်လိုက်သော် တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက် သွားလေ၏။ ရုပ်တုကား ရွှေမျက်နှာ၏ လွမ်းစရာ အတ္ထုပ္ပတ္တိ သက်သက်တည်း။

ရွှေမယ်ဖြူသည် အကွယ်မှ ခိုးကြည့်ပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သည်။ ဒါဟာ သူပဲ။ သူ့ လက်ရာပဲ။ တစ်ဖန် ကိုယ့်ကိုယ်ကိုယ် မနည်း ဆောက်တည်၍ သတင်း ကြားရလိုငြား နားစွင့် ရပြန်၏။

“ ကျောက်ဆစ်သမားက ဘယ်သူတုံးဗျာ ” ဟု တစ်ဦးက မေးသည်။

“ အဲဒါ အံ့ဩစရာ အကောင်းဆုံး အချက်ပေါ့၊ ကျောက်ဆစ်သမားက ဒီအလုပ်နဲ့ အသက်မွေးသူ မဟုတ်ဘူး၊ သူ့ကို တူမကလေးက တစ်ဆင့် သိရသဗျ၊ ကလေးမက မင်္ဂလာဆောင် သွားစရာရှိတော့ ကျုပ်ဇနီးရဲ့ ကျောက်စိမ်းအတိပြီးတဲ့ နဂါးလိမ် လက်ကောက်ကို ငှားဝတ်တာကို၊ လက်ကောက်ကဗျာ အင်မတန် အနုစိတ်တဲ့ ရှေးလက်ရာဗျ၊ ခုခေတ်မှာ ဒါမျိုး ဘယ်သူမှ မလုပ်နိုင်တော့ဘူး၊ အဲဒီ လက်ကောက် တစ်ဖက်ဟာ ကျုပ်တူမကြောင့် ကျိုးသွားပါရော ... သူ့ခမျာ သိပ် ထိတ်လန့်ပြီး အစားထိုးဖို့ ဒီ လက်ကောက်မျိုး ကျောက်စိမ်းသားကို ထွင်းထုနိုင်မယ့်သူ အလိုရှိတယ် ဆိုပြီး ကြော်ငြာတာပေါ့၊ ဘယ် ကျောက်စိမ်းဆိုင်ကမှ လုပ်နိုင်တဲ့လူလည်း မရှိဘူး ဒါပေမဲ့ မကြာခင်ဘဲ စုတ်စုတ်ပြတ်ပြတ်နဲ့ လူတစ်ယောက် ရောက်လာတယ်၊ သူ လုပ်နိုင်ပါတယ်လို့ ဆိုတယ်၊ တကယ်ပဲ လက်ကောက်တစ်ဖက်ကို တစ်သဝေမတိမ်း ထွင်းပေးသတဲ့။ အဲဒါက သူ့ အကြောင်း ဦးစွာ ကြားဖူးတာ။

“ ဘုရင်မင်းမြတ်က ရွှေမျက်နှာရုပ် တစ်ရုပ် တွဲဖက်ရအောင် နောက်ထပ် လိုချင်တယ်လို့ သတင်းကြားရင်ပဲ ကျုပ်လည်း အဲဒီလူကို သတိသွားရတယ်၊ ဒါနဲ့ တရုတ်ပြည်က အကောင်းဆုံး ကျောက်ကို ကျုပ် မှာတာပေါ့၊ သူ့ကို ခေါ်ခိုင်းလိုက်တော့ သူခိုးမိလာသလို ကျီးကန်း တောင်းမှောက် ဖြစ်နေရှာသေးသဗျ၊ ဘုရင်မင်းမြတ်ဆီမှာရှိတဲ့ ရွှေမျက်နှာ နတ်ရုပ်မျိုး ထုပေးစေချင်လို့ပါ ဆိုတာ မနည်း နားလည်အောင် ပြောရသေးသဗျ၊ ဘုရင်မင်းမြတ်ရဲ့ ပတ်ချာလည်နေတဲ့ နားတောင်းအရှင် အကြောင်း ပြောတော့ သူ့မှာ တွန့်ခနဲ ဖြစ်ရသေးတယ်၊ ဘာမှတော့ မပြောဘူး၊ ကျောက်သားကို မြင်တော့ဖြင့် ထောင့်အမျိုးမျိုးက လှမ်းကြည့်တယ်၊ “ ကျောက်ကောင်းရဲ့လား၊ ကျေနပ်ရဲ့လား ” မေးတော့ “ တော်ပါတယ် အမှန်တော့ ကျုပ် တစ်သက်လုံး ဒီလို ကျောက်စိမ်းအဖြူ သက်သက်ကို ထုချင်လို့ စောင့်လာခဲ့တာပဲ၊ ကျုပ် ထုမယ် ဒါပေမဲ့ အဖိုးအခတော့ မယူပါရစေနဲ့၊ ပြီးတော့ ထုနေစဉ် အတွင်းမှာ ဘာ အနှောင့်အယှက်မှ မလိုချင်ဘူး ” လို့ ပြောတယ်၊ သူ့ စိတ်ကူးထဲမှာ ရှိတဲ့ သဏ္ဌာန်ကို လွတ်လွတ်လပ်လပ် ပုံဖော်ချင်သတဲ့လေ။

“ ဒါနဲ့ သူ့ကို အခန်းတစ်ခု ပေးပြီး ကိရိယာ အပြည့်အစုံနဲ့ အိပ်ရာကလေးတစ်ခု ပေးထား လိုက်တယ်၊ အတော်ဆန်းတဲ့ လူဗျ၊ ဘယ်သူ့ကိုမှလည်း စကားမပြောဘူး၊ အလိုရှိရာ အပို့လာတဲ့ အစေခံတွေကိုလည်း ပြေပြေပြစ်ပြစ် မဆက်ဆံဘူး၊ အဲ ... အရုပ် ထုနေတုန်းဖြင့် တစ္ဆေ ဝင်နေသလား အောက်မေ့ရတယ်၊ ငါးလ လုံးလုံးကြာမှ သူ့ ရုပ်တုကို ပထမဆုံးအကြိမ် မြင်တွေ့ခွင့် ရသဗျ၊ အချောသတ်ဖို့ နောက်ထပ် သုံးလ အချိန် ယူသေးတယ်၊ ပြီးလို့ မြင်လိုက်ရရင်ပဲ ကျုပ်ဖြင့် မလဲအောင် အတော် ထိန်းလိုက်ရတယ်၊ ကျောက်ရုပ်က ခင်ဗျားတို့ မြင်တဲ့ အတိုင်းပဲလေ ကျောက်ဆစ်သမားကတော့ အင်မတန်ဆန်းတဲ့ မျက်နှာထား အမူအရာနဲ့ သူ့ ရုပ်တုကို သူ ပြန်ကြည့်တယ်။

“ ကျွန်တော်ကပဲ ကျေးဇူး တင်ပါသေးတယ်၊ အမှန်တော့ ဒါဟာ ကျွန်တော့်ရဲ့ ဘဝ ဇာတ်လမ်းကို သရုပ်ဖော် လိုက်တာပါပဲ ” လို့ ပြောသေးတယ်ဗျ။

“ ကျုပ်လည်း ဘာမှ မပြောနိုင်ခင် သူ ထွက်သွားတာပဲ၊ သူ့နောက် လိုက်ခိုင်းတော့ ရှာမတွေ့ တော့ဘူး၊ အဲဒီကစပြီး သူဟာ လုံးဝ ပျောက်ကွယ် သွားတော့တယ် ”

ထိုခဏ၌ စူးရှစွာ အော်လိုက်သော မိန်းမသံကို ကြား၏။ မြို့စားမင်းကြီးသည် အပြေး ထသွားလျှင် ကြမ်းပေါ် ၌ လဲနေသော သမီး ရွှေမယ်ဖြူကို တွေ့သည်။ တခြား ဧည့်သည်များကတော့ မထနိုင်ကြ၊ အော်လိုက်သံသည် နှလုံးအသည်း ကွဲသည် ကဲ့သို့ နာကျည်းသံတည်း။

“ မြို့စားမင်းရဲ့ သမီး အသံပဲ၊ ရုပ်တုက အမှန်တကယ်တော့ ရွှေမယ်ဖြူနတ်ရုပ်သာ ဖြစ်ပါတယ်၊ ကျောက်ဆစ်သမားကလည်း တခြားသူ မဟုတ်ပါဘူး၊ ရွှေမယ်ဖြူရဲ့ယောက်ျား မောင်နေဝင်းပါပဲ ” ဟု အကြောင်း သိသူ တစ်ယောက်က ပြောပြသည်။

ရွှေမယ်ဖြူသည် သတိ ပြန်လည်လာချင်းပင် လူအားလုံး ရှေ့မှာ ကျောက်တုရှိရာသို့ လာသည်။ လက်များကို ဆန့်တန်းကာ ရုပ်တုကို ကိုင်သည်။ ပြီးတော့ ထိုရုပ်တုအားဖြင့် လင်သည်နှင့် ပြန်လည် တွေ့ဆုံရသလို ခွါမရနိုင်အောင် ဆုပ်တွယ် ထားလေ၏။

အမတ်ချုပ်သည် ထိုကျောက်ရုပ်ကို ရွှေမယ်ဖြူအား ပေးခဲ့သည်။ ရွှေမယ်ဖြူအဖို့ စိတ်သက်သာစရာ ဖြစ်မည်ဟု ထင်သည်။ သို့သော် မိန်းကလေးသည် တနေ့တခြား အသွေးအသားများ အစားခံရသလို လျော့ပါး အားနည်းလာသည်။ မောင်နေဝင်းကို ရှာ၍ မတွေ့နိုင်တော့၊ ကပ်ရောဂါ တစ်ခါ ကျရောက်သည်တွင် ကျောက်ဆစ်သမား မောင်နေဝင်း၏သား ပါသွားပြန်လျှင်တော့ ရွှေမယ်ဖြူသည် ဆံပင်များကို ဖြတ်၍ သီလရှင် ပြုလေသည်။ သူ့၌ ကိုယ်ပိုင်ပစ္စည်းဟူ၍ ရွှေမျက်နှာ နတ်ရုပ်သာ ပါသည်။ သူသည် သီလရှင်ကျောင်းတွင် အခန်းတစ်ခန်းနှင့် အထီးတည်း နေထိုင်ကာ ၂ နှစ် ကြာလျှင် အနိစ္စရောက်သည်။ သို့လျှင် သောကမီး လောင်မြိုက်ခဲ့ရသော ရွှေမျက်နှာလည်း သေဆုံးခဲ့ပြီး ရွှေမယ်ဖြူ ကျောက်ရုပ်သာ ကျန်ရစ်လေ၏။


◾ ကြည်အေး

📖 ကြည်အေး ဝတ္ထုတိုပေါင်းချုပ်သစ်

Comments

Popular posts from this blog

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ခန်းဆောင်နီအိပ်မက် @ အခန်း - ၇

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

ရုပ်ရှင်စိန်ရတု @ လူထုဒေါ်အမာ