သိသောသူမည်ကား ကြားပါစေ . . .( ၁၀ ) @ သိုးဆောင်း

 


Hip Hop အဆိုတော်တစ်ဦးရဲ့ စကားလိုပေါ့။ "ငါပို့ထားတဲ့ E-mail တွေလည်း တစ်နေ့ကို အစောင်တစ်ရာမက"

အစောင်တစ်ရာတော့ မပြည့်ခဲ့ပါဘူး။ အလုပ်တစ်ဖက်နဲ့မို့ အဲဒီလောက်လည်း မပို့နိုင်ဘူး။ ဒါပေမဲ့ တစ်နေ့ကို အခါတစ်ရာမကတော့ လွမ်းပါတယ်။ ပထမအခေါက် သင်္ဘောဆင်းပြီး အိမ်မှာ ခြောက်လလောက်ပဲနေဖြစ်လိုက်တယ်။ ဒုတိယအခေါက်တက်ဖို့ ကုမ္ပဏီက ဆက်သွယ်လာပြီလေ။

ဒုတိယအကြိမ် ခွဲခွာရပြန်တော့ ပထမအကြိမ်ထက်တောင် ပိုခံစားရပါသေးတယ်။



ကို

နောက်နှစ်ပတ်နေရင် သုန္ဒရီ ဖိုင်နယ်စားမေးပွဲ ဖြေရတော့မယ်။ စိတ်ပူမနေနဲ့ဦးနော်။ စာတွေက အကုန်ရနေပြီ။ ကျူတာဖြစ်ဖို့က နောက်တစ်ဘွဲ့ ဆက်တက်ရဦးမှာ။ ကျူတာဖြစ်ပြီးရင်တော့ ကို ထမ်းထားတဲ့တာဝန်ကြီး တစ်ဝက်လျော့သွားပါပြီ . . . ကိုရယ်။

ကို အခုလောက် ပင်ပန်းတကြီး ပိုက်ဆံရှာစရာ မလိုတော့ဘူး။ သုန္ဒရီ ကူရှာပေးနိုင်ပြီလေ။ မိသားစုတာဝန်ကို သုန္ဒရီလည်း တစ်ဝက် ခွဲဝေယူနိုင်ပြီ။

မောင်တစ်ထမ်း ၊ မယ်တစ်ရွက်ပေါ့နော့ . . .

စာကိုဖတ်ပြီး ပြုံးမိတယ်။ ဪ . . .ဘာလိုလိုနဲ့ သူ့ရဲ့ သစ်ပင်လေးတောင် အပွင့်ပွင့်တော့မှာပါလား။ သူတမြတ်တနိုး စိုက်ပျိုးခဲ့ရသော . . . သစ်ပင်လေး။ ကိုယ်တိုင်စိုက်ပျိုး၊ ကိုယ်တိုင်ရေလောင်း ၊ ကိုယ်တိုင်ပေါင်းသင်ခဲ့တဲ့ သစ်ပင်လေးက အခု အတောင်အလက်စုံလို့ အပင့်တောင် ပွင့်တော့မယ်။

ကြည်နူးလိုက်တာလေ။

"တာဝန်တွေ ခွဲယူမယ်"  ဆိုတဲ့ စကားကြောင့် မဟုတ်ပါဘူး။ ရင်တွင်းက ဥယျာဉ်မှူးတစ်ယောက်ရဲ့ ခံစားချက်ပါ။ ကိုယ်ပျိုးခဲ့တဲ့ ပန်းပင်လေး အပွင့်ပွင့်လာတာကို ထိုက်ကြည့်ပြီး ကြည်နူးကျေနပ်နေတဲ့ ဥယျာဉ်မှူးတစ်ယောက်ရဲ့ ခံစားချက်။ ဘာပြန်ပို့လို့ ပို့ရမှန်းတောင် မသိတော့ဘူး။

နောက်ဆုံးတော့ Love You ဆိုတဲ့ စကားတစ်ခွန်းသာ ပို့ဖြစ်ခဲ့တယ်။ ချက်ချင်းပဲ သူမဘက်က စာပြန်ရောက်လာတယ်။ "Me too" ပါတဲ့။

ဒီလိုနဲ့ပဲ ပင်လယ်ကြီးကို ကြည့်ရင်း ၊ online မှာ စကားတွေ ပြောရင်း ၊ E-mail တွေ အပြန်အလှန်ပို့ရင်း ၊ အလုပ်တွေ ကုန်းရုန်းလုပ်ရင်း အချိန်တွေ ကုန်လွန်စေခဲ့ပါတယ်။

ဒါပေမဲ့ တစ်ရက်မှာတော့ မတည်မြဲခြင်း နိယာမတရားက မဖိတ်ခေါ်ပါဘဲ သူ့ဆီ ရောက်ကိုရောက်လာခဲ့ပြီး လုံးဝ ထင်မှတ်မထားခဲ့ပါဘူး။


ဒီဇင်ဘာ (၁၃) ရက်နေ့ . . .

မှတ်မှတ်ရရ သူတို့ သင်္ဘော ဘရာဇီးနိုင်ငံ ဆိပ်ကမ်းတစ်နေရာကို ဆိုက်ကပ်တဲ့နေ့။

အဲဒီနေ့ အဲဒီအချိန်မှာပဲ အင်အားကြီးမုန်တိုင်းကြီးတစ်ခု သူတို့ ရှိရာ ဆိပ်ကမ်းကို ဦးတည်ဝင်ရောက်လာတယ်။

တစ်ချိန်လုံး သဘောကောင်းလာသော ပင်လယ်ပြင်ကြီးက ဒေါသကြီးသော ဘီလူးကြီးတစ်ကောင်လို မုန်ယို ရက်စက်လေပြီ။

သတိရတုန်း ပြောရရင် သုန္ဒရီ ဘွဲ့လွန်စတက်တဲ့ နှစ်မှာပေါ့။

အပိုင်း - ၁၁ သို့


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်