သိသောသူမည်ကား ကြားပါစေ . . .( ၁၁ ) @ သိုးဆောင်း
"ဟေ့ကောင် . . . မိုးဝေ ၊ ငါ့ကို စိတ်မဆိုးနဲ့ကွာ"
ဟု အစချီထားသော စာတစ်စောင်က သူ့ mail ထဲကို ရောက်လာတယ်။ ပို့သူက
တခြားသူမဟုတ် . . .
"သက်ဖြိုးဝေ . . ."
"အစကတော့ မပြောဘဲ နေမလို့ဘဲ။ အခု မပြောမဖြစ်တဲ့ အခြေအနေရောက်လာလို့
မင်းကို သတိပေးရတာ။ မင်းမိန်းမ အခြေအနေ သိပ်မဟန်ဘူး သူငယ်ချင်း။ လူတစ်ယောက်နဲ့ တွဲနေတယ်"
ထိုင်ခုံမှာ ထိုင်နေရင်းနဲ့ လူက ကိုက်တစ်ရာလောက် လွင့်ထွက်သွားသလို
ခံစားလိုက်ရတယ်။ စက္ကန့်ပိုင်းလောက် ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိဘူး။
"ငါ သင်္ကာမကင်းဖြစ်နော ကြာပြီ။ ဒါပေမဲ့ မနေ့ကမှ လက်ပူးလက်ကြပ်တွေ့ခဲ့တာ
. . . သူငယ်ချင်း။ ဗိုလ်ချုပ်ဈေးလို့ လူမြင်ကွင်းမှာ မင်းမိန်းမက လူစိမ်းတစ်ဦးနဲ့ လက်တွဲပြီး
ဈေးဝယ်နေတယ်ကွ။ မြင်မြင်ချင်း ကိုယ့်မျက်စိကိုယ်တောင် မယုံချင်ဘူး။ နှစ်ယောက်လုံး ကျောင်းဝတ်စုံနဲ့ပဲ။
သူတွဲနေတဲ့ကောင်လေးက သူ့ထက်ငယ်ပုံရတယ်။ ငါ့မှာ ကြည့်ပြီး ဒေါသထွက်လိုက်တာကွာ"
ခြေထောက်က ကိုင်ပြီး မြန်မာပြည်ဆွဲခေါ်သွားရင်တောင် ဒီလောက်ခံရခက်မှာ
မဟုတ်ဘူး။ ဒါပေမဲ့ . . .
"ငါ သတင်းကြားကာစကတော့ သိုသိုသိပ်သိပ်ပဲ။ အခုမှ တဖြည်းဖြည်း
ရဲတင်းလာကြတာ။ လူမြင်ကွင်းမှာတောင် လက်ချင်းတွဲသွားတဲ့ အဆင့်ဆိုတော့ တော်တော် တရားလွန်သွားပြီ
. . . သူငယ်ချင်း ၊ မင်းမိန်းမ သူ့ကိုယ်သူ အိမ်ထောင်ရှင်ဆိုတာ မေ့နေတယ်ထင်တယ်ကွ"
စိတ်နဲ့ကိုယ်နဲ့ကပ်မိမိပြီးချင်း အလိုလို သိလိုက်တာတစ်ခုက မဖြစ်နိုင်ဘူးဆိုတာပါပဲ။
သုန္ဒရီဘယ်လိုနည်းနဲ့မှ ဒီလို မလုပ်နိုင်ဘူးလေ။ သက်ဖြိုးဝေ လူမှားတာဖြစ်ရင်ဖြစ် ၊ မဟုတ်ရင်
သူ့ကို နောက်နေတာပဲ ဖြစ်ရမယ်။
"မင်း ငါ့ကို နောက်နေတာလား"
"ဘာလဲ မင်းက ငါနောက်နေတယ် ထင်လို့လား။ နောက်ရင် ဒီပြင်နည်းနဲ့
နောက်မှာပေါ့ကွ။ သူများအိမ်ထောင်ရေးကို အခုလို နောက်ပါ့မလား"
"ဒါဆို မင်းလူမှားတာ ဖြစ်လိမ့်မယ် . . . သူငယ်ချင်း ၊
သုန္ဒရီက အဲ့လိုမိန်းမစား မဟုတ်ဘူး"
မိန်းမကို ထိပြီမို့ သူ့ဘက်ကလည်း အနည်းငယ် မာကျောသွားတယ်။ ဟုတ်ပါတယ်။
သက်ဖြိုးဝေစကားတွေက လက်မခံနိုင်လောက်အောင် သုန္ဒရီ သိက္ခာကို စော်ကားလွန်းနေတယ်လေ။
အချိန်အတော်ကြာအောင် သက်ဖြိုးဝေဆီက ပြန်စာရောက်မလာပါဘူး။ ပြီးမှ . . .
"ကောင်းပြီလေ . . . မင်းယုံကြည်နေသလို ဟုတ် ၊ မဟုတ် ငါ
သက်သေပြမယ်။ ဒါပေမဲ့ ငါကို တစ်ခုတော့ ကူညီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သုန္ဒရီကို ဘာတစ်ခုမှ
သွားမမေးနဲ့"
"ဘာဖြစ်လို့လဲ"
"မေးတာနဲ့ တစ်ဘဝလုံးစာ မင်း အလိမ်ခံရပြီပဲ"
ကွန်ပျူတာ ခလုတ်ပေါ်တင်ထားသော လက်တွေ တုံ့ဆိုင်းကာ သွားတယ်။
သက်ဖြိုးဝေ တကယ်ပဲ ပြောနေတာလား။
"သက်ဖြိုး . . . ငါ့ကို မနောက်ပါနဲ့ကွာ။ ငါရင်တွေ တုန်လွန်းလို့ပါ"
"တုန်ရမယ် . . . သူငယ်ချင်း ၊ မင်းက မြွေးပွေးကိုမှ အိမ်မှာ
ခေါ်မွေးမိတဲ့ ကောင်းကိုး။ မင်းကတော့ ကမ်းမမြင် ၊ လမ်းမမြင် ပင်လယ်ထဲမှာ သူ့အတွက် အလုပ်တွေ
လုပ်နေတယ်။ သူကတော့ ဒီမှာ ဖြစ်ချင်တိုင်း ဖြစ်နေတယ်။ မင်းအစား ငါ ရင်နာလိုက်တာကွာ"
"ဟင် . . ."
ဒီတစ်ကြိမ်တော့ ရင်တွင်းမှာ တကယ်တုန်လှုပ်သွားတယ်။
"ငါ့ကိုယ်ငါ နောင်တရမိတယ် သူငယ်ချင်း ၊ မင်း ငါ့ကို သူ့ကြောင်း
စုံစမ်းခိုင်းကတည်းက အမုန်းခံပြီး ငြင်းပစ်ခဲ့ရမှာ။ အခု ငါ စုံးစမ်းပေးခဲ့လို့ . .
."
တင်းမာထားသော စိတ်တွေ အနည်းငယ် လှုပ်ရှားလာသလို ထင်မိတယ်။ ဒီလောက်ဆိုရင်တော့
နောက်နေတာ မဖြစ်လောက်တော့ဘူး။ ဘယ်လိုလူမျိုးမှ သူများ လင်မယားကြားဝင်ပြီး ဒီလောက်ထိ
နောက်ရဲမှာ မဟုတ်ဘူးလေ။ သက်ဖြိုးဝေလို လူမျိုးဆို ပိုဆိုးပြီ။ ဒါပေမဲ့ . . .
"ဟုတ်ရော ဟုတ်ရဲ့လားကွာ . . . မင်း တကယ်မြင်ခဲ့တာရော
. . . သေချာရဲလား"
"ငါ ပြောပြီးပြီလေ။ ဘာကိစ္စ ငါက သူများ အိမ်ထောင်ရေး အဆင်မပြေအောင်
မဟုတ်မဟပ်တွေ ဝင်ပြောရမှာလဲ"
"ရိုးရိုးခင်ကြတာရော မဖြစ်နိုင်ဘူးလား"
"ငါ . . . အဲလောက်ထိ လူကဲခတ် မညံ့ပါဘူးကွာ"
"သူငယ်ချင်းတွေဆိုရင်ရော"
"သူငယ်ချင်း မဟုတ်ဘူး။ မင်းမိန်းမထက် အသက်ငယ်တယ်"
"ဟုတ်ပါ့မလားကွာ . . . သုန္ဒရီ အဲလိုတော့ မလုပ်လောက်ပါဘူး"
တဖြည်းဖြည်းနဲ့ မိုးဝေရင်ထဲမှာ စိုးရိမ်စိတ်တို့ ကြီးစိုးလာခဲ့ချေပြီ။
"ငါ့ကို သုံးရက် အချိန်ပေး။ ယုံကြည်လောက်တဲ့ သက်သေ ငါ
ရှာပေးမယ်"
ပြီးလေပြီ ၊ ဘာပြန်ပြောရမှန်းပင် မသိတော့ပါ။
"မင်းတို့ အဆက်အသွယ်ရှိလား"
"ရှိတယ်"
"သုန္ဒရီဘက်က ဘာပြောင်းလဲမှု ရှိလဲ"
"မရှိပါဘူး။ အားလုံး ပုံမှန်ပါပဲ"
"အေးလေ . . . အဲ့လိုပဲ ဖြစ်ရမှာပေါ့။ ငါပြောတဲ့ စကားကို
မမေ့နဲ့နော် . . . မိုးဝေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သုန္ဒရီကို ဘာတစ်ခုမှ မေးလား ၊ မြန်းလား
သွားမလုပ်နဲ့။ ပုံမှန် အတိုင်းပဲနေ။ ဖြစ်နိုင်ရင် ဒီ အတောအတွင်း အဆက်အသွယ်မလုပ်ဘဲ နေလို့ရရင်
နေလိုက်ကွာ။ အဲ့ဒါ အန္တရာယ်ကင်းတယ်"
. . .
Comments
Post a Comment