သိသောသူမည်ကား ကြားပါစေ . . .( ၁၂ ) @ သိုးဆောင်း

 


သစ္စာကို စားလုံးပေါင်းဖို့ ရှေးလူကြီးတွေ ဘယ်လို အားထုတ်ခဲ့ကြတယ် မသိဘူး။ ဘယ်ပုံ ဝတ္ထု ၊ ဘယ်ဇာတ်ထုပ်ကို မှီပြီး ဒီစကားလုံးကို ထွင်ခဲ့ကြပါလိမ့်။ ထိုဆရာတွေရှိသေးရင် သွားမေးကြည့်ချင်လိုက်တာ။ ဆရာတို့ မှီငြမ်းကိုးကားခဲ့တဲ့ ဇာတ်ထုပ်က အမှန်ရော ဟုတ်ပါရဲလားလို့။

အခု ထို "အမှန်" ဆိုသော ပြဿနာနဲ့ သူ ရင်ဆိုင်နေရပါပြီ။ သက်ဖြိုးဝေ ပြောစကားတွေက အမှန်တရားလား ၊ ဒါမှမဟုတ် ရင်ထဲက ယုံကြည်ထားတဲ့ ခိုင်မြဲမှုတွေက အမှန်တရားလား ၊ ဆက်သွယ်မှုပြီးပြီးချင်း သုန္ဒရီအား လှမ်းမေးချင်စိတ်ကို အနိုင်နိုင် ထိန်းလိုက်ရတယ်။ ရင်ထဲမှာ ဗလောင်ဆူလှုပ်ရှားနေပေမဲ့ ထိုသတိတစ်ခုကိုတော့ သူ ထိန်းရမယ်လေ။ ဒါမှလည်း . . .

မဆက်သွယ်မိအောင် သတိကို မပြတ်ထိန်းနိုင်ပေမဲ့ ရှေးအရင်ရက်တွေက သူနဲ့ သုန္ဒရီပြောခဲ့သော စကားတွေ ၊ ပို့ခဲ့သော စာတွေကိုတော့ ချက်ချင်း ပြန်ဖွင့် ဖတ်ကြည့်ပါတယ်။

သုန္ဒရီဘက်က လွဲချော်မှု တစ်စုံတစ်ရာ မတွေ့ပါဘူး။ သုန္ဒရီသာ သူ့ကို တကယ် သစ္စာဖောက်ပါက အနည်းဆုံး စကားလေးတစ်ခွန်းလောက်တော့ မဖြစ်မနေ မှားယွင်းပါလိမ့်မယ်။ စကားအသွားအလာ ၊ စာအသွားအလာတွေမှာ မူပျက်သော အရိပ်အငွေ့တွေ တစ်ခုမှ မတွေ့ရဘူး။ 

ဒီတော့ သက်ဖြိုးဝေ စကားတွေက ဆယ်ခွက်တစ်ခွက်တောင် မတင်သလို ဖြစ်နေတယ်။ ဒါပေမဲ့လည်း တစ်ဖက်က ကြည့်ပြန်တော့ သက်ဖြိုးဝေသည် စကားကို ကပေါက်တိကပေါက်ချာ ပြောတတ်သည့် လူစားမျိုးမဟုတ်။

နေရာတကာ ကြားဝင်တတ်သူ မဟုတ်။ ဒီလို လူမျိုးရဲ့ သတိပေးမှု ၊ သတင်းပေးမှုဆိုတော့လည်း ငြင်းပယ်ရအခက်သား။

သေချာတာကတော့ နောက်သုံးရက်ဟူသော အချိန်ကို ဖြတ်ကျော်ဖို့ အလွန်တရာပဲ ခက်ခဲနေတော့မှာပါ။

ရင်ထဲကို မီးခဲထည့်လွယ်ထားရသလို တွေးမိတိုင်း စိတ်အစဉ်မှာ ပူလောင်ကာ နေပါတယ်။

ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာကိုလည်း လက်အုပ်ချီမိုး အကြိမ်ကြိမ် ဆုတောင်းရှိခိုးမိတယ်။ ရင်ခွင်မှာ မီးလောက်တာ မဟုတ်တော့ဘူး။ ကမ္ဘာ့အပူဆုံးမီးတောင်က ရင်ထဲကို ပေါက်ကျသွားတာပါ။

တောင်းတဲ့ဆုနဲ့ ပြည့်ခွင့်ရရင် ဆုလေးတစ်ခုတော့ အလျင်အမြန် တောင်းချင်ပါတယ်။

"သံသယ . . . သံသယ . . . သံသယတွေမှ ကင်းလွတ်ပါစေ . . . ဇနီးသည်ရယ်"

ဒါပေမဲ့ . . . 

ဒါပေမဲ့ . . .

ဒါပေမဲ့ . . .


နောက်သုံးရက်ကြာတော့ ရောက်လာတာက . . .

ဓာတ်ပုံများ . . .

လုံးဝ ထင်မှတ်မထားသည့် ဓာတ်ပုံများ . . .

သုန္ဒရီနှင့် မမြင်ဖူးသော လူစိမ်းတစ်ဦး ပန်းခြံတစ်ခုမှာ

ပွေ့ဖက်နေကြတယ်။ ထီးတစ်မိုးအောက်မှာ . . .

ဆိတ်ကွယ်ရာ အရပ်မှာ . . .

ပြီးတော့ လက်ချင်းတွဲလို့ ကော်ဖီဆိုင်ထဲမှာ . . .

ရယ်လို့ ရွှင်လို့ ၊ ပြုံးလို့ ပျော်လို့ . . .

ထို့နောက် . . .

ထို့နောက်မှာ . . .

နောက်ဆုံးတစ်ပုံကတော့ သူ့ ယုံကြည်မှု အားလုံးကို

ပက်ပက်စက်စက် ရိုက်ချိုးပစ်လိုက်ပါပြီ။

တည်းခိုခန်း၏ လှေကားတစ်ခုပေါ်သို့ ထိုလူစိမ်းက

သူ့ဇနီးပခုံးကို ဖက်လျက် . . .


အောက်ဖက်မှာ စာတစ်စောင် ၊ အလျင်စလို ဖတ်ကြည့်လိုက်တော့ . . .

"ငါ ကိုယ်တိုင်ရိုက်ထားတာ . . . သူငယ်ချင်း ၊ လုံးဝ photoshop မပါဘူး"


. . .


"ဟာ . . ."

မျက်နှာကို ကပ်ပြီး တံတွေးနဲ့ ထွေးလိုက်သလို ခံစားလိုက်တယ်။ ကျန်သောစာကို ဆက်ဖတ်တော့ . . .

"ဒါမှ မယုံရင် မင်းကိုယ်တိုင်သာ လာကြည့်တော့ . . . သူငယ်ချင်း"



. . .

Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်