သိသောသူမည်ကား ကြားပါစေ . . .( ၁၃ ) @ သိုးဆောင်း
GAME CHSNGER
"ကလင် . . . ကလင် . . . ကလင် . . . "
ဖုန်းမြည်သံကြောင့် ရေချိုးခန်းမှ အလျင်အမြန်ထွက်ပြီး ကောက်ကိုင်လိုက်တယ်။
"အခန်း (၆၀၂) ဧည့်သည် ရောက်နေပါတယ်ရှင့်"
"အိုကေ ခဏလေးစောင့်ခိုင်းလိုက်ပါ"
ဖုန်းချပြီး အဝတ်အမြန်လဲလိုက်တယ်။ ချိန်းထားသော အချိန်အတိအကျမှာ သက်ဖြိုးဝေ ရောက်လို့နေပါပြီ။ အမည်းရောင် ဂျင်းဘောင်ဘီနဲ့ T-shirt နက်ပြာရောင်ကို တွဲဝတ်ပြီးတော့ အပေါ်မှ ဂျာကင်တစ်ထည်ထပ်ကာ မှန်ရှေ့ ရပ်လိုက်တယ်။
တစ်နှစ်နီးပါးလောက် မညှပ်ဘဲထားခဲ့တဲ့ ဆံပင်က ကုတ်ပေါ်ဝဲကျလို့ ရှည်လျားနေပြီ။ ဆံပင်ကို ကိုင်ကြည့်တော့ ဆားငွေ့မပျောက်စွာ မာတောင့်နေတယ်။ လျှာထိုးဦးထုပ်တစ်လုံးကို ခေါင်းမှာ ထပ်စွပ်လိုက်တယ်။
မှန်မှာ ပေါ်လာတဲ့ ကိုယ့်ပုံကိုယ်ကြည့်ပြီး တော်တော်ကျေနပ်သွားပါတယ်။ ဒီလောက်ဆိုလျှင် အမှတ်မထင် မြင်ရုံဖြင့် မိုးဝေမှန်း မသိနိုင်တော့ပါဘူး။ ကိစ္စပြီးတော့ အခန်းတံခါးပိတ်လို့ Reception ကို ဆင်းခဲ့လိုက်တယ်။ ဇာတ်လမ်းက စပါပြီ။
. . .
ကားလေးတစ်စီးက လူရှင်းသော လမ်းကြောင်းကို ရွေးလို့ တရိပ်ရိပ် ပြေးကာနေတယ်။ ကားပေါ်မှာက လူနှစ်ဦး။ တစ်ဦးက ကားပိုင်ရှင် သက်ဖြိုးဝေဖြစ်ပြီး နောက်တစ်ဦးကတော့ သင်္ဘောပေါ်က လောလောလတ်လတ် ဆင်းလာသည့် မိုးဝေပါပဲ။
ကားလေးရဲ့ ဦးတည်ရာက သူ့အိမ်ဆီသို့ပါ။
"ရော့ . . . ဖုန်း"
သက်ဖြိုးဝေပေးသော ဖုန်းကို ယူကာ အိတ်တွင်းထည့်လိုက်တယ်။
"နံပါတ်သစ် . . . ဘယ်သူမှ မသုံးရသေးဘူး"
"ကျေးဇူး . . ."
သင်္ဘောမဆင်းခင်ကတည်းက လိုရမည်ရ ရှာခိုင်းထားတာပါ။
"ဒီနေ့ တနင်္ဂနွေဆိုတော့ မင်းမိန်းမ အိမ်မှာပဲရှိနေမှာ။ နေ့လယ် တစ်နာရီထိုးရင် ဆရာမ လာလိမ့်မယ်"
သက်ဖြိုးဝေက စကားကို ဒီလောက်နဲ့ရပ်ပြီး သူ့ကို လှမ်းကြည့်တယ်။ ဘာကို ဆိုလိုကြောင်း သဘောပေါက်ပါတယ်။ သုန္ဒရီတစ်ဦးတည်းအတွက် စာခေါ်သင်တာမဟုတ်မှန်း သက်ဖြိုးဝေ ပြောပြထားလို့ သိနေတယ်။ အံ့ဩစရာတော့ ကောင်းပါတယ်။ ဆရာမ အိမ်ခေါ်သင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သုန္ဒရီ သူ့ကို ဘာမှ မပြောပါဘူး။
မကြာခင်မှာ သူ့အိမ်ရှိရာ ရပ်ကွက်တွင်းသို့ ရောက်လာပါတယ်။ တကယ်တော့ ရပ်ဝေး ၊ မြေခြားမှာ စီးပွားထွက်ရှာသူတစ်ဦးအနေနဲ့ အိမ်ပြန်လာတဲ့ကိစ္စဟာ အလွန်ပဲ ပျော်စရာကောင်းလွန်းလှပါတယ်။ ဒါပေမဲ့ သူ့ရင်ထဲမှာ နည်းနည်းလေးမှ မပျော်ဘူး။ အိမ်နားရောက်လေ ရင်လေးလေ ဖြစ်နေတယ်။
သက်ဖြိုးဝေက ပုံမှန်ဝင်နေကျလမ်းက မဝင်ဘဲ အခြားလမ်းက ကားကို ကွေ့ဝင်တယ်။ အိမ်ကို လှမ်းမြင်ရလောက်တဲ့ နေရာတစ်ခုကို ရောက်တော့ . . .
"ရပြီ . . . တော်တော့ . . ."
ခြံတစ်ခုနဲ့ ကွယ်ပြီး ကားကို ရပ်ပေးတယ်။ အရှေ့ဆီမှာ သူ့ရဲ့ အသိုက်ရိပ်မြုံ ၊ နေရောင်ဝါဝါအောက်မှာ အိမ်လေးတစ်လုံးက တိတ်ဆိတ်ငြိမ်သက်လို့ ၊ စက်ကိုရပ်ပြီး သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ဖွင့်ထားတယ်။ လေအေးပေးစက်ရှိန်နဲ့ ကားတွင်းမှာ သက်မြအေးစိမ့်ကာနေပါတယ်။ ဒါပေမဲ့လည်း ရင်တွင်းက ပူနေတဲ့မီးကို မငြိမ်းသက်နိုင်ပါဘူး။
ဒီအချိန်ဆို သုန္ဒရီ ဘာလုပ်နေမှာပါလိမ့်။ မနက်ခင်းရဲ့ ကျက်သရေတော်အောက်မှာ ကောင်းမှုကုသိုလ်တွေ လုပ်နေမှာလား . . . ခင်ပွန်းသည် သူ့ကိုပဲ လွမ်းနေမှာလား။ ဒါမှမဟုတ် …
အချိန်အတော်ကြာအောင် စောင့်ကြည့်နေပေမဲ့ အိမ်ဆီမှ ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရဘူး။ သူသိသလောက် အိမ်မှာ လူသုံးဦး ရှိပါတယ်။ (သူ သင်္ဘောမတက်ခင်ရှိနေခဲ့သော လူဦးရေပါ) ။ သုန္ဒရီနှင့် သူမအဘွား။ ပြီးတော့ မိန်းမသားချင်း အားကိုးမဲ့မှာစိုးသည့်အတွက် အဖော်ခေါ်ပေးခဲ့သည့်နယ်မှ သူမအဒေါ်။ ဒါပါပဲ။
မိုးဝေ သက်ပြင်းလေးလေး ချမိတယ်။ နောက်တစ်နာရီလောက်ထိ အိမ်ဆီမှ ဘာထူးခြားမှုမျှ မတွေ့ရဘူး။ ဒါပေမဲ့ မိနစ်အနည်းငယ်လောက်စွန်းတော့ . . .
"ဟာ . . . သုန္ဒရီ"
နှုတ်မှ လွှတ်ခနဲ ထွက်သွားတော့ အိပ်ပျော်နေသော သက်ဖြိုးဝေပင် လန့်နိုးသွားတယ်။ ဟုတ်မှဟုတ်ပါလေစ။ အိမ်ထောင်သည်တစ်ဦးဟု မထင်ရလောက်အောင် လှလိုက်တာလေ။ တကယ့်အပျိုလေးတစ်ဦး အပြင်သွားရန် ထွက်လာသောပုံစံပါ။ တံခါးကို တွန်းဖွင့်လို့ ကြွကြွလေး လှမ်းထွက်လာတယ်။
ကြိုးရှည်တပ်အိတ်လေးတစ်လုံးကို လွယ်ပြီး ဖိနပ်မြင့်လေး စီးလို့ ၊ ခန္ဓာကိုယ်ကောက်ကြောင်းကို အဓိက ဦးစားပေးသော ဝတ်စုံးကို ဆင်မြန်းလို့ ၊ လမ်းလျှောက်ပုံကအစ အရင်က သုန္ဒရီ မဟုတ်တော့ဘူး။ ခုနစ်ရာတန် ၊ ရှစ်ရာတန် ဖိနပ်သာ အကောင်းဆုံးစီးနိုင်တဲ့ သုန္ဒရီမဟုတ်တော့ဘူး။ အသွေးအမွေး မြင့်မားတဲ့ သုန္ဒရီ ဖြစ်သွားပြီ။
တစ်ခုပဲ။ အသွေးအမွေးမြင့်သလို စိတ်ဓာတ်တွေ ဘာကြောင့် မြင့်မလာတာလဲ ဆိုတာကိုတော့ တွေးမရဘူး။
တာဝန်ကျေသော သူငယ်ချင်းက အံ့ဩငြိမ်သက်သွားတဲ့ သူ့ကိုကြည့်ပြီး . . .
"လိုက်မှာလား"
"လိုက်ရမှာပေါ့"
"လမ်းထိပ်မှာ သူစီးနေကျ Taxi ရှိတယ်"
သက်ဖြိုးဝေစကား မှန်လှပါတယ်။ မကြာခင်မှာ Taxi တစ်စီး သုန္ဒရီရှေ့ ထိုးဆိုက်လာတယ်။ ထို့နောက်မှာတော့ . . .
မိုးဝေရင်တွေ တဒိတ်ဒိတ် ခုန်လာပါပြီ။
"မင်း ဘယ်သွားမှာလဲ . . . သုန္ဒရီ"
. . .
Shopping Mall ကြီးတစ်ခုရှေ့သို့အရောက် ကားပေါ်မှ သုန္ဒရီ ဆင်းသွားတယ်။ ကိုယ့်မိန်းမကိုယ် နောက်ယောင်ခံရတဲ့ အဖြစ်ဟာ တကယ်တော့ အလွန့်အလွန်ပဲ ခံရခက်လှပါတယ်။ ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေ။ ကံကြမ္မာက ဒီလိုပဲ ပြဋ္ဌာန်းလာပြီဆိုတော့ အလိုတော်အတိုင်းပဲပေါ့။
ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းလို့ မှိန်ပေါ် ၊ မှိန်ပျောက်နည်းနဲ့ ခပ်လှမ်းလှမ်းက ပါလာခဲ့တယ်။ သက်ဖြိုးဝေကတော့ ရှေ့လောမကြီးဖို့ သတိပေးစကားဆိုရင် နံဘေးမှ ပါလာတယ်။
သုန္ဒရီ ဘယ်သူနဲ့ တွေ့ဖို့ ဒီ Shapping Mall ကို ရောက်လာတာလဲ။ မတော်လို့ ထင်ထားသလိုများဖြစ်နေရင် သူ ဘာလုပ်ရမလဲ။ ရပ်ကြည့်ရမည်လား။ လှည့်ပြန်ရမည်လား။ ရင်တွင်းမှာ လှုပ်ရှားစိတ်များနေလို့ အဖြေက ဝေဝေဝါးဝါး။
"ဇနီးသည်ရယ် . . ."
ရေရွတ်လိုက်မိတယ်။ ကြည့်နေစဉ်မှာပဲ သုန္ဒရီက အိမ်သုံးပစ္စည်းဆိုင်များရှိရာဘက်ဆီ ဝင်သွားပါတယ်။ ဈေးဝယ်တွေ ရှုပ်ထွေးများပြားနေတာမို့ သူတို့နှစ်ဦး ခပ်လှမ်းလှမ်းမှာပဲ နေခဲ့လိုက်တယ်။ ထိုအထဲမှာတော့ ချိန်းမတွေ့လောက်ပါဘူးလေ။
နီးစပ်ရာဆိုင်မှာ ဆေးလိပ်ဘူးဝယ်ရင်း သုန္ဒရီပြန်ထွက်အလာကို စောင့်နေတော့ . . .
မကြာပါဘူး။ ရွေးချယ်ထားသော ပစ္စည်းများကို ကိုင်ရင်း သုန္ဒရီ ပြန်ထွက်လာရဲ့။
Cashier မှာ ငွေရှင်းပြီးနောက် အလှကုန်ပစ္စည်းဆိုင်များဆီ ထပ်မံဦးတည်တယ်။ ထိုစဉ်မှာပဲ ကိုယ့်ကိုယ်ကို သတ်ပစ်ချင်လောက်အောင် နောင်တရခဲ့ပြီ။
ခြေစုံရပ်၍ ရွေးနေသော ဟန်ပန်က . . .
လူအများကြား ရှင်းလင်းပေါ်လွင်နေရဲ့။ ထွန်းထားသော မီးအလင်းနဲ့ ခန္ဓာကိုယ်မှာ ရောင်ပြန်ဟပ်နေရဲ့။ ပင်ကိုအသားအရည်က အရောင်တစ်မျိုးပြောင်းပြီး မိန်းမချင်းပင် ရပ်ငေးရလောက်အောင် . . .
"ဪ . . . ငါ့ မိန်းမ အဲလောက်လှမှန်း ငါ ဘာလို့ မသိခဲ့ပါလိမ့်"
ကိုယ့်ကိုယ်ကို ပြန်မေးတော့ ထွက်လာသောအဖြေက ရှင်းပါတယ်။
"အဲ့လောက် ညံ့ဖျင်းလို့လည်း မထိန်းကျောင်းနိုင်တာပေါ့တဲ့"
ဟုတ်ပါတယ်လေ။ တကယ်ကိုပဲ သူ ညံ့ဖျင်းခဲ့တာပါ။ လိုအပ်တာ ဝယ်ယူပြီး စက်လှေကားမှ တစ်ဆင့် သုန္ဒရီ အပေါ်ထပ် တက်သွားပါတယ်။ အပေါ်မှာ အဝတ်အထည်ဆိုင်တစ်ချို့နဲ့ ကော်ဖီဆိုင် ၊ စားသောက်ဆိုင်များ ရှိပါတယ်။
သူမ ရွေးချယ်လိုက်တာ ကော်ဖီဆိုင်ပါ။ လူရှင်းနေတာကြောင့် သူတို့ လိုက်ဝင်ဖို့ မလွယ်ပါဘူး။ ထို့အတွက် ခပ်လှမ်းလှမ်း တစ်နေရာကပဲ စောင့်ကြည့်ရတယ်။ အအေးတစ်ခွက်မှာက သောက်တယ်။ ပြီးတော့ ဖုန်းထုတ်ဆက်တယ်။
မိုးဝေ ရင်ခုန်ရပါပြီ။ ဘယ်သူနဲ့လဲ။ ဘာတွေပြောနေလဲ မကြားရ။ ဒါပေမဲ့ ဇနီးသည်၏ မျက်နှာပုံပန်းကား . . .
ခံပြင်းတာလား ၊ မနာလိုတာလား ၊ ဒီလို ရှက်တက်တက် မျက်နှာပေးမျိုး။ ခရာတာတာပုံစံမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ယုတ်ဆွအဆုံး သူတို့သမီး ရည်းစားဘဝကတောင် သုန္ဒရီဆီမှာ ဒီလို ပုံစံတွေ တွေ့ရခဲပါတယ်။ သက်ဖြိုးဝေက တံတောင်နဲ့ လှမ်းတို့တယ်။ ပြောင်းလဲလာသော အခြေအနေကို သတိပေးတဲ့သဘော။
ဖုန်းပြောပြီးနောက် မြင်ရသော မြင်းကွင်းက ပိုလို့ ထူးခြားသွားပါပြီ။ ပိုက်ဆံအိတ်ထဲက မိတ်ကပ်ဘူးကို ထုတ်ပြီး မျက်နှာကို အနည်းငယ် ပြင်ဆင်ခြယ်သလိုက်သည့်အခါမှာတော့ . . .
သေချာပေပြီ။ မကြာခင်အတွင်း တစ်စုံတစ်ယောက် ရောက်လာတော့မှာပါ။ ရင်တထိတ်ထိတ်နဲ့ ပတ်ဝန်းကျင်ကို မျက်လုံး ဒေါက်ထောက် ကြည့်နေတုန်း . . .
"ဟာ . . . ဟေ့ကောင် . . . ဟိုမှာ ထွက်သွားပြီ"
"ဟင် . . . "
ထင်သလိုမဟုတ်ဘဲ သုန္ဒရီ ဆိုင်တွင်းမှ ထွက်သွားတယ်။ ပြီးတော့ ယောကျ်ားလေး အထည်ဆိုင်တစ်ခုတွင်း ဝင်ရောက်ပါတယ်။
မကြာပါဘူး . . . ပြန်ထွက်လာတော့ လက်တွင်းမှာ ယောကျ်ားဝတ် ရှပ်အင်္ကျီနှစ်ထည် ပါလာပြီ။ စက်လှေကားမှ အောက်ကိုဆင်း ၊ အောက်ရောက်တော့ အပြင်ထွက် ၊ အပြင်ကို ရောက်တော့ ကားတစ်စီးတား . . .
ဒါဆို တစ်နေရာရာကို ဖုန်းဆက်ပြီး ချိန်းတာပေါ့။ Taxi ကားလေးတစ်စီးကို အစအဆုံး နောက်ယောင်ခံလိုက်ခဲ့ပေမဲ့ ဒီတစ်ခါလည်း သူတို့အထင် လွဲခဲ့ပါတယ်။
သုန္ဒရီက အိမ်ကို တန်းပြန်သွားတာပါ။
စိတ်မော ၊ လူမော်နဲ့ ရေဒီယိုဖွင့်နားထောင်တော့ . . .
မြန်မာပြည်သိန်းတန်ရဲ့ သီချင်းတစ်ပုဒ် ပေါ်လာလေရဲ့။
"ကသာကပါ ရွှေသုန္ဒရီရယ် . . . မောင်လည်း ကြည့်ချင်သည်" တဲ့။
. . .
Comments
Post a Comment