သိသောသူမည်ကား ကြားပါစေ . . .( ၁၄ ) @ သိုးဆောင်း

 


"စာသင်လာတဲ့ ဆရာမဆိုတာ သူပဲ"

ညွှန်ပြရာကြည့်မိတော့ ကားရှေ့က ဖြတ်သွားသော အသက်ငါးဆယ်ဝန်းကျင် မိန်းမကြီးတစ်ဦးကို မြင်ရတယ်။ မြင်ရုံနဲ့ တက္ကသိုလ်ဆရာမတစ်ဦးမှန်း သိသာပါတယ်။ ဆရာမကြီးက ရပ်ထားသောကားကို ကျော်ပြီး အိမ်ရှေ့ထိ သွားတယ်။ တံခါးမှာ ဆွဲထားသော ခေါင်းလောင်းကို လှုပ်တော့ အတွင်းမှ လူတစ်ယောက် ထွက်လာပြီး တံခါးကို ဖွင့်ပေးတယ်။ သုန္ဒရီ အဒေါ်ပါ။

"တစ်အောင့်နေ ဟိုကောင်လာလိမ့်မယ်။ စောင့်သာ ကြည့်ပေတော့"

အနည်းငယ် ငြိမ်သက်သလို ရှိသွားသော ရင်က ပြန်လည်လှုပ်ရှားလာလေပြီ။ ဘယ်လိုခြေလှမ်းမျိုးနဲ့ ရောက်လာမှာလဲ . . . လူငပဲ့ရယ်။ ကျူရှင် ဆရာမတော့ ရောက်နေပြီ။ အတန်းဖော်က အသို့နည်း။

သက်ဖြိုးဝေ ပြောသလိုပါပဲ။ နောက်ဆယ်မိနစ် ဝန်းကျင်မှာ သူတို့ ရှေ့ရှုနေသော မြင်ကွင်းတွင်းသို့ ခြေထောက်တစ်စုံ ဝင်ရောက်လာခဲ့ပါပြီ။

"သူပဲ . . . "

"မြင်တယ် . . ."

ဓာတ်ပုံထဲမှာ အကြိမ်ကြိမ်မြင်ဖူးထားသော လူတစ်ဦး။ အကျင့်ပျက် အဆင်မဲ့ လူငယ်တစ်ဦး။ တိတိကျကျ ဆိုရပါက သူ့အိမ်ရာကို ဝင်ရောက်စော်ကားသည့် လူပဲ့တစ်ဦးပါ။ လူတော့ လူပါပဲ။ ဒါပေမဲ့ လူဆန်တဲ့ စိတ်ဓာတ်တွေ ပဲ့ကြွေကျနေတယ်လေ။

နာမည်က ရဲရင့်။ သုန္ဒရီထက် အသက်နှစ်နှစ်ငယ်၍ ကျောင်းအနီအဆောင်တစ်ခုတွင် နေထိုင်သူ။ ပုံစံကတော့ ဒီဘက်ခေတ် မိန်းကလေးများအကြိုက် အသွေးအမွေးရှိတယ်။ ရုပ်ရည်သန့်သန့် ၊ လူပုံကောင်းကောင် ၊ ကိုးရီးရားယဉ်ကျေးမှုအချို့ လွှမ်းမိုးခံစားရသော လူငယ်တစ်ဦးဆိုတာ မြင်ရုံနဲ့ သိသာလှတယ်။

သူ့အမြင်မှာတော့ တောမရောက် ၊ တောင်မရောက် ငချွတ်လေးတစ်ကောင်ပါပဲ။ ထိုငချွတ်လေးက သူ၏ ချစ်လှစွာသော ဇနီးသည်ကို ဘယ်လိုများ သိမ်းသွင်းလိုက်ပါလေ့။ ထိုငချွတ်လေးကိုလည်း သုန္ဒရီ အဒေါ်ကပဲ တံခါးလာဖွင့်ပေးတာပါ။ စဉ်းစားဖို့တော့ ကောင်းပါတယ်။ အတန်းမတူပါဘဲ နှစ်ယောက်တွဲ၍ ဘယ်လို စာသင်ကြမှာပါလိမ့်။

ကဲ . . . ကိုယ့်ပိုင်နက်တွင်းကို​တော့ သူစိမ်းယောကျ်ားတစ်ဦး ကျူးကျော် ဝင်ရောက်လာချေပြီ။ သူ ဘယ်လို ကာကွယ်ပေးနိုင်မလဲ။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ပင်လယ်ရေခြားမှာ မိသားစုအတွက် စီးပွားထွက်ရှာရသူ တစ်ယောက်က ယုံကြည်မှုတစ်ခုက လွဲပြီး ကိုယ့်ဇနီးကို ဘယ်လို အကာအကွယ်ပေးနိုင်မလဲ။

အခုပဲကြည့် . . . တားဆီးမည့် သူမရှိ။ တံခါးဖွင့်ပေးသူသာ ရှိနေတယ်။ ဒီလိုဆိုတော့ သူ့ ခြံစည်းရိုး ကျိုးပေါက်တာလည်း မဆန်းပါဘူး။ မင်းကို ငါယုံကြည်စိတ်ချခဲ့တဲ့ တန်ဖိုးတွေ ဘာနဲ့ ပြန်အလျော်ပေးမှာလဲ . . . သုန္ဒရီ။

ဆရာမရှိသည့်အတွက် သူတို့ စာသင်မယ်လို့တော့ ထင်ရတာပဲ။

"သူတို့ ဘယ်နနာရီ ပြီလဲ"

"အချိန်အတိအကျတော့ မရှိဘူး။ ဒါပေမဲ့ . . ."

သက်ဖြိုးဝေက စကားကို ရပ်ပြီး သူ့အား အားနာသလို ကြည့်တယ်။

"ရပါတယ် . . . ပြောပါ"

"ဆရာမကတော့ တစ်နာရီခွဲ ၊ နှစ်နာရီလောက်ကြာရင် ပြန်တတ်တယ်။ ဟိုကောင်လေးကတော့ ညနေစောင်းမှ ပြန်တာ"

"ဪ . . ."

ကိုယ့်နှုတ်ခမ်းကို ကိုက်မိလိုက်တယ်။ သက်ဖြိုးဝေကတော့ မျက်နှာပူသွားပုံရကာ ကားတံခါးကို ဖွင်ပြီး . . .

"ဟိုဘက်လမ်းထိပ်မှာ လက်ဖက်ရည် သွားသောက်လိုက်ဦးမယ်ကွာ"

မိုးဝေ မတားဖြစ်လိုက်ဘူး။ ကားပေါ်ကဆင်းပြီး ဝင်လာရာ လမ်းအတိုင်း ခပ်ငိုက်ငိုက် ထွက်သွားတယ်။ ကားပေါ်မှာ ကျန်နေခဲ့တာ သူတစ်ယောက်တည်းပါ။ ဘဝမှာရော တစ်ယောက်တည်းဖြစ်နေတော့မှာလား။ ယတိပြတ်သေချာတော့ မပြောနိုင်သေးဘူး။ ဒါပေမဲ့…

ခက်တော့လည်း ခက်ပါတယ်။ ဓာတ်ပုံပေါင်းများစွာ မြင်ထားတာတောင် မသိစိတ်က လက်မခံချင်သေးဘူး။ သံသယဆိုသော အရာတွေက အနှစ်နှစ်အလလ ချစ်ခဲ့တဲ့ အချစ်တွေကို မကျော်လွန်နိုင်သေးဘူးလေ။ သက်ဖြိုးဝေကတော့ လက်ပူးလက်ကြပ်ဖမ်းပြီး ကွာပစ်ဖို့ တိုက်တွန်းတယ်။

ဒီလိုနဲ့ပဲ စိုးတထိတ်ထိတ် စောင့်နေလိုက်တာ။ အချိန်နှစ်နာရီ နီးနီးကြာတော့ . . .

ခြံဝမှာ ထူးခြားမှုတွေ စတင်လာခဲ့ပြီ။

ခြံတံခါးဖွင်ပြီး ဆရာမကြီး ထွက်လာတယ်။ ပြီးတော့ တံခါးက အလိုလို ပြန်ပိတ်သွားတယ်။ ဆရာမကြီး တစ်ယောက်တည်းပဲ။ ရဲရင့်ဆိုတဲ့ကောင် ထွက်မလာဘူး။ ဒါဆို အိမ်ထဲမှာ . . .

တအုံနွေးနွေး ရှိနေရာမှ လှုပ်ရှားမှုတွေ မြန်ဆန်လာတယ်။ ခြံဝကို ကြည့်ပြီး မောလာတယ်။ အိမ်ထဲကို ကြည့်ပြီး ရွံမုန်းခံပြင်လာတယ်။ ထိုစဉ်မှာပဲ ကားတံခါးကို ဆွဲဖွင့်လို့ သက်ဖြိုးဝေ ပြန်ရောက်လာကာ . . .

"ဆရာမပြန်သွားတာ တွေ့လိုက်တယ်"

"အေး . . ."

"မင်း ဘာလုပ်ချင်လဲ။ အိမ်ထဲဝင်ပြီး လက်ပူးလက်ကြပ်ဖမ်းမလား"

ခေါင်းကို ခပ်လေးလေး ယမ်းရင်း . . .

"မလုပ်ချင်ဘူး။ ဒီထက်သေချာတာ တစ်ခုလောက် ငါတွေ့ချင်သေးတယ်"

သူ့ကို တအံ့တဩ ကြည့်လာပါတယ်။

"သေချာနေပြီလေကွာ။ ဒီထက် သေချာတာ ရှိဦးမလား။ မင်းက ဘာကို စောင့်ကြည့်ချင်သေးလို့လဲ"

"တစ်ခုခုပေါ့"

သူတို့နှစ်ဦးကြားမှာ စကားတို့ အဆုံးအစ မဲ့သွားတယ်။ ဒီလို မလုပ်ချင်ပါဘူး။ သေချာရင် သူ လုပ်ချင်တာက တစ်မျိုးပါ။

ဘာပဲဖြစ်ဖြစ် စိတ်ရှည်ရပါမယ်။

သွေးအေးရမယ်။

ပြီးတော့ ဟန်ဆောင်ကောင်းရမယ်။

ဒါမှသာ . . .


. . .


ညနေစောင်းလာပါပြီ။ ကားလေးတစ်စီက​တော့ လူရှင်းသော ရပ်ကွက်လေးထဲမှာ ရပ်ထားဆဲ။ ကားပေါ်မှ လူနှစ်ဦးကလည်း အိမ်တစ်လုံးကို မျက်ခြည်မပျက် စောင့်ကြည့်နေဆဲ။ ထိုခဏ . . .

"ဟင် . . ."

တမေ့တမော စောင့်မျှော်နေသူတစ်ဦး ခြံထဲမှ ထွက်လာခဲ့ပြီ။

ခြံတံခါးလိုက်ဖွင့်ပေးသူက သုန္ဒရီကိုယ်တိုင်။

"ဟာ . . . မိုးဝေ ၊ ဟိုမှာ . . ."

ခြံဝကို ညွှန်ပြတာ မဟုတ်ဘူး။ သက်ဖြိုးဝေ ညွှန်ပြတာက ကပ်လျက်အိမ်မှ ဝရန်တာပေါ် မိန်းမကြီးနှစ်ဦး သူ့ခြံဝကို ကြည့်ကာ အတင်းစကား ဆိုနေတယ်။ မင်းသားနဲ့မင်းသမီးက တစ်ဦးနဲ့တစ်ဦး အလွမ်းသယ်ကောင်းနေတော့ အဲဒါကို သတိမထားမိဘူး။

"ဟာ . . ."

ရှက်စိတ်တွေ မွှန်ထူးသွားတယ်။ မင်းသားက ရုပ်ရှင်တွေထဲကလို နောက်ဆုတ်ထွက်သွားပြီး မင်းသမီးက လက်ပြကျန်ခဲ့တယ်။ ဝရန်တာက မိန်းမနှစ်ဦး မေးငေါ့နေတာက သူ့ဇနီးသည်ဆီသို့ . . .

"တောက် . . ."

နာနာကျည်ကျည် တောက်ခတ်မိလိုက်တယ်။ မိုးဝေဆိုတဲ့ကောင် ဘယ်အဆင့်ရောက်သွားပြီလဲ မေးစရာ မလိုတော့ဘူး။

"ဟိုမှာ . . . ဟိုမှာ . . . ဟိုကောင့်လက်ထဲက အိတ်ကို ကြည့်စမ်း"

ဖျတ်ခနဲ လှမ်းကြည့်တော့ သူ့ရင်ကို ပိုလို့ အိုစာသွားစေတယ်။ သုန္ဒရီ မနက်ကဝယ်လာတဲ့ ယောကျ်ားဝတ် ရှပ်အင်္ကျီနှစ်ထည်ပါ။

"တောက် . . . ငါ့သူငယ်ချင်းကတော့ ပင်လယ်ထဲသွားပြီး ပိုက်ဆံတွေ ကုန်းရုန်းရှာ။ နင်ကတော့ ဒီမှာ အငယ်မွေးပြီး ပျော်နေတေယ်ပေါ့"

ရှက်လိုက်တာလေ။

ဘာတစ်ခုမှ မတုံ့ပြန်နိုင်ခဲ့ဘူး။


. . .

အပိုင်း - ၁၅ သို့

Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်