သိသောသူမည်ကား ကြားပါစေ . . .( ၁၅ ) @ သိုးဆောင်း
"မ . . . နောက်လဆို အဆောင်လခ ပေးရတော့မှာနော်"
"အေးပါ . . . သိပါတယ်"
"ကျွန်တော်သုံးဖို့လည်း မရှိတော့ဘူး"
"ဟယ် . . . ပြီးခဲ့တဲ့ အပတ်ကတင် ငါးသောင်းပေးထားတာ ကုန်သွားပြီလား"
"ကုန်ပြီပေါ့။ ပိုက်ဆံငါးသောင်း ဘာသုံးလို့ရမှာလဲ။ စားစရိတ်တင် တစ်ရက် လေးငါးထောင်ကုန်နေတဲ့ ဥစ္စာ။ ကျောင်းလည်း တက်ရသေးတယ်။ လိုတာလည်း ဝယ်ရသေးတယ် မမကလည်း"
ဘယ်လို ယောကျ်ားမျိုးပါလိမ့်။ ယောကျ်ားချင်းတောင် တော်တော်ရွံသွားတယ်။ သူကသာ ရွံတာပါ။ သုန္ဒရီကတော့ . . .
"အင်းပါ . . . ဒါဆိုလည်း မနက်ဖြန် ထပ်ယူလာခဲ့ပါ့မယ်။ ပိုက်ဆံတွေလည်း သိပ်သုံးမနေနဲ့ဦး။ တော်ကြာ ကိုမိုးဝေ ပြန်လာလို့ စာရင်းစစ်ရင် ကျွန်မ ပြဿနာတက်နေလိမ့်မယ်"
"မမပဲ မစစ်ဘူးဆို"
"စစ်တော့ မစစ်ဘူးပေါ့။ ဒါပေမဲ့လည်း ဘယ်ပြောလို့ရမလဲ"
"ပြဿနာတက်လည်း ကွာလိုက်ပေါ့ဗျာ"
"ကွာတော့ ကျွန်မကို ဘယ်သူက လုပ်ကျွေးမှာလဲ"
"ကျွန်တော် လုပ်ကျွေးမှာပေါ့"
"အမယ်လေး . . . ကျားသားမိုးကြိုး"
သုန္ဒရီရဲ့ ရယ်သံသဲ့သဲ့လေး ထွက်လာတယ်။ ရင်ထဲမှာ နာလိုက်တာလေ။
"တကယ်ပြောတာ . . . ကျွန်တော် မမကို ဘယ်လောက်ချစ်မှန်း သိရဲ့သားနဲ့"
"တော်ပါ . . . ဒီစကားတွေနဲ့ပဲ ငါ့ကို ညာစားနေ"
"ရော် . . ."
ကိုက်ထားတဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လို့ နာလာတယ်။ ပြောရဲလိုက်ကြတာ။ အရှက်မရှိ ပြောထွက်လိုက်ကြတာ။ နားမထောင်သင့်တော့တဲ့အဆုံး သက်ဖြိုးဝေက ကျောပေးလှည့်ထွက်သွားတယ်။ သူကတော့ လှည့်လို့ မဖြစ်သေးပါဘူး။ လူကျင့်ဝတ်ကို အစွမ်းကုန်ချိုးဖောက်နေကြတဲ့ လူနှစ်ယောက်ရဲ့ ပြောစကားတွေကို သေချာပေါက် နားထောင်ရမယ်။ မကြားကြားအောင် နားထောင်ရမယ်။
ပြီးတော့ အချိန်မရွေး ပြန်ကြားနိုင်အောင် ရင်ထဲမှာ သိမ်းထားရမယ်။
"ဘာလဲ . . . မမက မယုံလို့လား"
"ယုံပါတယ်ကွယ် . . . မမက ရဲရင့်ကို ယုံပြီးသား"
ခိုးခိုးခစ်ခစ်အသံများနဲ့ တိုးလျကာ သွားပါတယ်။ နာရလွန်းလို့ ထပ်လည်း မနာနိုင်တော့ဘူး။ လှုပ်ရှားသံအချို့ ကြားရတာလွဲပြီး နားထဲကို ဘာမှ ထပ်ရောက်မလာဘူး။ ဒါပေမဲ့ . . .
"ဟိုလူကြီး ဘယ်တော့ပြန်လာမှာလဲ"
"နောက်လထဲ"
"ဟာ . . . ဒါဆို မမအိမ်မှာ စာသင်လို့ မရတော့ဘူးပေါ့"
"ဘယ်ရတော့မလဲ"
သူကောင်းသား အသံက ချက်ချင်းပဲ နွမ်းလျကာသွားတယ်။
"ဒါဆို ကျွန်တော်တို့ ဘယ်လို တွေ့ကြတော့မလဲ ဟင်"
"ဒီလိုပဲ အပြင်မှာ တွေ့တာပေါ့"
စကားတို့ အနည်းငယ် တိုးတိတ်သွားပြန်ပါတယ်။ အကျင့်ပျက် ယောကျ်ားတစ်ဦးဟန် ပီသလှပေရဲ့။ အသံက တကယ်ကို မသတီစရာပါ။
"မ . . ."
"ဟင် . . ."
"ကျွန်တော် မကို တကယ်ချစ်တာနော် ၊ မကရော . . ."
"တကယ်ပေါ့ . . . တကယ်မချစ်ဘဲ အခုလို ချိန်းတွေ့ပါ့မလား"
"ဟိုလူကြီးတော့ မသိလောက်ပါဘူးနော်"
သုန္ဒရီရဲ့ ခြောက်ကပ်ကပ်ရယ်သံကို ကြားရတယ်။ ဘာလဲ . . . သုန္ဒရီ . . . မင်း ဘာလို့ ရယ်တာလဲ။
"မသိပါဘူး . . . သူလား အဲလောက်လည်မှာ ၊ ဒီလောက်တုံးတဲ့လူကို။ သူသာ အဲလောက်လည်ရင် မမတို့ အခုလို ဖြစ်လာမှာတောင် မဟုတ်ဘူး"
သတိထားမိတော့ မျက်လုံးမှာ မျက်ရည်တွေ စီးကျနေပြီ။ ကိုယ့်ပါးကိုယ် သေအောင်ရိုက်ပစ်ဖို့သာ ကောင်းပါတော့တယ်။ သည်းမခံနိုင်တဲ့အဆုံး သက်ဖြိုးဝေက . . .
"တောက် . . . သောက်ဆင့်မရှိတဲ့ ကောင်မကွာ။ လမ်းဘေးကနေ ဒီဘဝရောက်အောင် ပခုံးနဲ့ ထမ်းတင်ပေးခဲ့တဲ့ မင်းကို ဒီလောက်ထိ . . ."
အလျင်အမြန် တားလိုက်ရတယ်။
"တော်ပါတော့ . . . သူငယ်ချင်းရာ ၊ ကြားသွားပါဦးမယ်"
"ကြားတော့ ဘာဖြစ်လဲကွာ။ ကြားတော့ တစ်ခါတည်း စာရင်းပြတ်သွားတာပေါ့"
သက်ဖြိုးဝေကို ဆွဲပြီး ကော်ဖီဆိုင်ထဲက ထွက်ခဲ့ရပါတယ်။ ဟိုနှစ်ယောက်ကတော့ ဘယ်လိုစကားတွေ အရှက်မရှိပြောပြီး ဘယ်လိုဆက်စခန်း သွားကြမယ်မသိဘူး။
ဘာပဲဖြစ်ဖြစ် ကော်ဖီဆိုင်လေးကိုတော့ ကျေးဇူးတင်မိတယ်။
တစ်ခန်းနဲ့တစ်ခန်း အသံကြားနိုင်လောက်အောင် အလွှာပါးနဲ့ ကာရံပေးထားလို့လေ။
. . .
Comments
Post a Comment