သိသောသူမည်ကား ကြားပါစေ . . .( ၁၆ ) @ သိုးဆောင်း

 


တတိယအကြိမ် ထောက်လှမ်းမှုကတော့ အနည်းငယ် စွန့်စားခန်း ဆန်တယ်။ ရုပ်ဖျက်ပြီး ကိုယ့်အိမ်ကိုယ် ပြန်ဝင်ရတဲ့ အဖြစ်ပါ။ သုန္ဒရီ ကျောင်းသွားချိန်ကို ရွေးချယ်၍ . . .

"ချလွင် . . . ချလွင် . . ."

ခေါင်းလောင်းသံကြားတော့ အတွင်းမှ သူမအဒေါ် အပြေးထွက်လာတယ်။

"ဘာကိစ္စများလဲ"

"ကျွန်တော် မြို့နယ် ကျန်းမာရေးဌာနကပါ စီမံချက်ကာလရှိလို့ ရေစည်ရေလှောင်ကန်တွေကို တစ်အိမ်တက်ဆင်း လိုက်စစ်နေတာပါ။ ဒီမှာ ထောက်ခံချက် ပါပါတယ်"

အတုလုပ်လာတဲ့ စာစီစာရိုက်စာရွက်ကို တံခါးကြားမှ ထိုးပေးတော့ မိန်းမကြီး ပြူးကြောင်ကြောင်နဲ့ ယူကြည့်ပါတယ်။ သူ့ကို လုံးဝ မှတ်မိပုံ မပေါ်ပါဘူး။ မှားမယ်ဆိုလည်း မှားချင်စရာပဲလေ။ ရုပ်ဖျက်ထားတဲ့ မျက်နှာကိုမှ နှုတ်ခမ်းမွေးတုတပ်လို့ ဆံပင်ရှည်ကို ကုတ်ပေါ်ဖြန့်ချပြီး ဦးထုပ်ဆောင်းထားပါတယ်။ ကျန်းမာရေး ယူနီဖောင်းကို ပုံစံတူ ရှာဝယ်ထားတယ်။ လွယ်အိတ်တစ်လုံးလွယ်ပြီး ဖိုင်တွဲကိုတောင် ချိုင်းကြားညှပ်ထားတော့ . . .

ဒီမိန်းမကြီး ဒီလောက်မလည်ဝယ်မှန်း သိတာလည်း ပါတာပေါ့လေ။ စာကို ဆုံးအောင် ဖတ်ပြီး သူ့ကို တစ်ချက်ကြည့်ကာ . . .

"ရပါတယ်ကွယ် . . . စစ်ပါ ရပါတယ်"

ဖွင့်ပေးသော တံခါးမှ မိုးဝေ အတွင်းဝင်လိုက်တယ်။

"တစ်အိမ်လုံးကိုပေးတဲ့ ရေစင်တို့ ၊ ရေလှောင်ကန်တို့ရှိရင် အရင် ပြပေးပါ"

"ဪ . . .ရှိတယ် . . . ရှိတယ် ၊ ခေါင်းရင်းမှာ တစ်အိမ်လုံးကိုပေးတဲ့ ရေစင်ရှိတယ်"

ပြာပြာသလဲ ရှေ့က ဦးဆောင်ထွက်သွားသော မိန်းမကြီးကို ကြည့်ပြီး မိုးဝေ ပြုံးမိတယ်။ ယူနီဖောင်းမြင်တာနဲ့ တော်တော်ကြောက်နေပုံပါပဲ။

"ဟိုမှာ . . ."

ညွှန်ပြသော ရေစင်ကြီးကို ကြည့်ပြီး စိတ်တွင်းမှာ ဘဝင်ကျသွားတယ်။ သူပဲ ကံကောင်းတာလား ၊ သုန္ဒရီပဲ ကံဆိုးတာလားတော့ မပြောတတ်ဘူး။ ရေစက်ကြီးက အိပ်ခန်းနဲ့ မျက်နှာချင်းဆိုင် ကွက်တိပါပဲ။

"အပေါ်တက်ကြည့်ရမှာ လှေကားရှိလား"

"ရှိတယ် . . . နောက်ဖေးမှာ"

ဒီလိုနဲ့ အိမ်ကိုပတ်ပြီး လှေကားကိုယူ ၊ ရေစင်ပေါ်ထောင်လို့ တက်လိုက်တယ်။ မိန်းမကြီးကတော့ သူလုပ်ကိုင်ပုံကို ဂရုတစိုက် ကြည့်ရှုလို့ပေါ့။ ထိုစဉ်မှာပဲ အိမ်တွင်းမှ ဖုန်မြည်သံတစ်ခု ထွက်ပေါ်လာတယ်။ အချိန်ကိုက်ပါပဲ။ လမ်းထိပ်တစ်နေရာကနေ သက်ဖြိုးဝေ ခေါ်ဆိုလိုက်သော ဖုန်းပါ။ ဖုန်မြည်သံကြောင့် မိန်းမကြီး ခဏတာ ဝေခွဲရခက်သွားကာ . . .

"ဪ . . . ဒီဖုန်းကလည်း တစ်မှောင့်"

ကြည့်နေရာမှ ရေးကြီးသုတ်ပြာ လှည့်ပြေးသွားပါတယ်။ သူ့အတွက် ငါးမိနစ် ၊ အနည်းဆုံး ငါးမိနစ်ရအောင်တော့ သက်ဖြိုးဝေ ဖုန်းပြောပေးမှာပါ။ ချက်ချင်းပဲ အသင့်ယူလာသော ဗီဒီယို ကင်မရာငယ်ကို အိတ်တွင်းမှ ထုတ်လိုက်တယ်။

ဒီသတင်းကြားပြီး လိုရမည်ရ အသုံးပြုလို့ရအောင် နိုင်ငံခြားက ဝယ်လာတာပါ။ ရေစင်ရဲ့ တိုင်အကွယ်တစ်ခုကို အားပြုလို့ ကင်မရာကို ဆင်တယ်။ ရေစင်၏ အမြင့် ၊ အခန်းနှင့်အကွာအဝေး ၊ ကင်မရာရဲ့ ဆွဲအား။ ဒါတွေအားလုံးက အံ့ဩလောက်အောင် သင့်တင့်လျောက်ပတ်နေလို့ ခေါင်းရင်းမှာ ရေစင်ဆောက်ပေးထားတဲ့ ဖေဖေ့ကိုတောင် ကျေးဇူးတင်မိပါသေးတယ်။

ကျေးဇူးတင်ရမယ့် နောက်တစ်ယောက်ကတော့ သုန္ဒရီပါ။ အိပ်ခန်းကို လိုက်ကာ တပ်မထားဘူးလေ။ မှန်ပြတင်းတွေချည်းမို့ ရေစင်ပေါ်က တက်ကြည့်ရင် အတွင်းကို အကုန်မြင်ရတယ်။။ ဘေးပတ်ဝန်းကျင်ကတော့ ရေစင်ကွယ်နေလို့ ဘာမှ မမြင်ရပါဘူး။

ကင်မရာ ဆင်ပြီးနောက်မှာတော့ သူ့အလုပ်သည် ပြီးဆုံးသွားခဲ့ပါပြီ။

"ကဲ . . . သုန္ဒရီ ၊ မင်း ဘယ်ပြေးမလဲ"


. . .

အပိုင်း - ၁၇ သို့


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်