သိသောသူမည်ကား ကြားပါစေ . . .( ၁၇ ) @ သိုးဆောင်း

 


ညရဲ့ အစွန်းတစ်ဝက်မှာ လူတစ်ယောက် ပုန်းလျှိုးကွယ်လျှိုး လှုပ်ရှားနေပါတယ်။ မှောင်ရိပ်ကို အားပြုလို့ ခြံတစ်ခြံနားကို ချဉ်းကပ်နေတယ်။

"မိုးဝေ" ၊ ကိုယ့်အိမ်ကိုယ် သူခိုးချောင်းချောင်းပြီး ဝင်ဖို့ကြိုးစားနေတာပါ။ ပတ်ဝန်းကျင်ရဲ့ ဆိတ်ငြိမ်မှုကို တစ်ချက်လေ့လာ၍ အုတ်တံတိုင်းပေါ် ခုန်တက်လိုက်တယ်။ ပြီးတော့ ခြံဝန်းထဲကို ခြေချစဉ် တစ်အိမ်လုံးက အိပ်မောကျလို့ နေပါပြီ။

ဒါပေမဲ့ သုန္ဒရီအခန်းမှာတော့ မီးရောင်လဲ့လဲ့ မြင်ရတယ်။ မအိပ်သေးဘူး ထင်ရဲ့။ ဒီအချိန်ထိ ဘာလုပ်နေတာလဲ။ ရေစင်ကြီးရှိရာဆီ အပြေးသွားကာ အပေါ်ကို ခိုတက်ဖို့ လမ်းကြောင်းရှာတယ်။ အရင်နေ့ကလို လှေကားထောင်တက်လို့ မရပါဘူး။ ဒီအတိုင်းပဲ ဖြစ်သလို ကုပ်ကပ်တက်ရမှာပါ။

နားစိုက်ထောင်တော့ အိပ်ခန်းတွင်းမှ သုန္ဒရီစကားသံ တိုးတိုးကို ကြားရတယ်။ ဖုန်းပြောနေခြင်း ဖြစ်ပါလိမ့်မယ်။ အသံကို လုံအောင်ထိန်းရင်း ရေစင်ပေါ်တွယ်တက်ရာ အပေါ်ရောက်ရောက်ချင်း မြင်ရတာက . . . ဪ . . . ဇနီးသည်ရယ် ၊ တလောကလုံးကို မေ့နေပါပေါ့လား ။ ညအိပ်ဝတ်စုံလေးနဲ့ ခုတင်ပေါ် ဝမ်းလျားမှောက်ပြီး ဖုန်းပြောနေပုံက ၊ စာကြည့်မီးလုံးလေးထွန်းထားလို့ သုန္ဒရီ လှုပ်ရှားမှုအားလုံးကို မြင်နေရတယ်။ ဘယ်သူနဲ့ ပြောနေတာလဲဆိုတာတော့ စဉ်းစားဖို့ မလိုတော့ဘူး။

ပြတင်းတံခါးဖွင့်ထားလို့ တစ်ခါတစ်ခါ အသံအချို့တောင် လွင့်စင်လာပါသေးတယ်။ သူကကတော့ သူကြည့်နေတယ်ဆိုတာ လုံးလုံး သိပုံ မပေါ်ဘူး။ ပြုံးရွှင်သော မျက်နှာထားနဲ့၊ ခရာတာတာစကားတွေနဲ့ ၊ စိတ်လွတ်ကိုယ်လွတ်။

ဘာရယ်မဟုတ်ပါဘူး။ လပေါင်းများစွာ ခွဲနေရတဲ့ ဇနီးသည်ကို စိတ်မကောင်းခြင်းကြီးစွာနဲ့ အချိန်အတော်ကြာအောင် ထိုင်ကြည့်နေဖြစ်တယ်။ ဝမ်းနည်းစိတ်တွေ တရိပ်ရိပ်တက်လာတော့မှာ သက်ပြင်းကို ချရင်း အကြည့်လွှဲရပါတယ်။ အခုတော့ သိပ်ချစ်ပါတယ် ဆိုသော ဇနီးသည်က သူ့ကို မေ့နေပြီ။ သူမရဲ့ ကာမပိုင် လင်ယောကျ်ားကို မေ့နေပြီ။

မိန်းမတွေများ ကြောက်ဖို့ကောင်းလိုက်တာလေ။ ဝါးလုံးရှည်နဲ့ သိမ်းယမ်းတာတော့ မဟုတ်ပါဘူး။ အမျိုးကောင်းသမီးလေးတွေကိုတော့ အားနာပါတယ်။ ဒါပေမဲ့ . . . သူ တော်တော်ကြောက်သွားပြီ။

ဆင်ထားသော ကင်မရာကို ဖြုတ်တော့ လက်တွေ တဆတ်ဆတ်တုန်လာတယ်။ ဒီထဲမှာ ဘာတွေရှိနေမှာလဲ။ ဘာတွေ မှတ်တမ်းတင်ထားမှာလဲ။ စနေ ၊ တနင်္ဂနွေနှစ်ရက်လုံး ဟိုကောင် သူ့အိမ်ကို စာလာသင်တယ်။ ပြီးတော့ ထုံးစံအတိုင်း နေစောင်းမှ ပြန်တယ်။

ဟိုတယ်ကို မြန်မြန် ပြန်ရောက်ချင်နေပါပြီ။ ရိုက်ကူးထားတဲ့ Video File တွေကို ကြည့်ချင်နေပြီ။

ကိုယ့်အရှက် ကိုယ်ခွဲလို့ပေါ့။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းလို့ပေါ့။ အောက်ပြန်ဆင်းမည်လုပ်တော့ အခန်းထဲက စကားသုံးလုံး သူ့ဆီ ပြေးထွက်လာတယ်။ ပြီးတော့ အသည်းကို တစ်ချက်ချင်း ထိုးမွှေသွားတယ်။

နာလိုက်တာလေ . . .

"ကဲ . . . ဘယ်လိုဖြစ်နေတာလဲ . . . ချစ်တယ် . . . ချစ်တယ် . . . ချစ်တယ်"


. . .

အပိုင်း - ၁၈ သို့

Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်