သိသောသူမည်ကား ကြားပါစေ . . .( ၁၈ ) @ သိုးဆောင်း
ပေါလှချည်လား . . . သုန္ဒရီရယ်။ မင်းမှာ အချစ်တွေ ပေါလှချည်လား။ တက္ကစီတစ်စီး၏ နောက်ခန်းမှာထိုင်ရင်း မိုးဝေ တွေးလာမိတာပါ။ လက်ထဲမှာ သူမအကြောင်း မှတ်တမ်းတင်ထားတဲ့ ကင်မရာတစ်ခု ရှိနေတယ်။ ကြည့်တော့ မကြည့်ရဲဘူး။ ဒါပေမဲ့ . . . ကြည့်ရမယ်။
ဟိုတယ်ရှေ့ကိုရောက်တော့ ကားပေါ်က ဆင်းလို့ အတွင်းကို သွက်သွက် ဝင်လိုက်တယ်။ စိတ်က တစ်စုံတစ်ရာအတွက် အစောလွန်နေပြီလေ။ တံခါးကို ဆွဲဖွင့်တော့ တစ်နေကုန် ပိတ်ထားသော အခန်းလေးက လှောင်အိုက်နေတယ်။
အပေါ်အင်္ကျီချွတ်ပြီး တီဗီရှိရာကို ပြေးတယ်။ ပြီးတော့ . . . ပြီးတော့ . . .
တပ်ဆင်မှုတစ်ခု အဆုံးသတ်သွားစဉ်မှာ . . .
တီဗီဖန်သားပြင်၌ ပေါ်လာသည်ကား . . .
ပထမ ဝေဝါးနေသော ကင်မရာမြင်ကွင်း ၊ ထို့နောက်မှာ တစ်စထက်တစ်စ ကြည်လင်ပြတ်သားလာသည့် အလင်းရောင် . . .
ကြည့်နေတယ်။ စိတ်ဝင်တစားကို ကြည့်နေမိပါတယ်။ မြင်ကွင်းက ရှင်းလင်းငြိမ်သက်လို့ အခန်းထဲမှာ ဘယ်သူမှ မရှိဘူး။ မှတ်သားထားသော အချိန်ကို လေ့လာတော့ နေ့လည်နှစ်နာရီ သာသာ။ Date မှာ Sat လို့ ထိုးထားတယ်။ ဒီအချိန်ဆို နှစ်ယောက်သား စာသင်နေတုန်းပဲ ရှိပါလိမ့်မယ်။ စိတ်မရှည်နိုင်သည်ကြောင့် ကင်မရာကို ကိုင်ကာရစ်တော့ . . .
မြင်ကွင်းတွေ ရှုပ်ထွေးကုန်တယ်။ ထို့နောက်မှာ . . .
ပထမဆုံး တံခါးတစ်ချပ် ပွင့်လာတယ်။ ပြီးတော့ သူပိုင် အခန်းတွင်းသို့ ပုံရိပ်နှစ်ခု ဝင်ရောက်လာတယ်။ ဘယ်သူတွေပါလဲ . . .
ကတုန်ကယင်ဖြစ်နေသော စိတ်ကို ထိန်းလို့ အားတင်းကြည့်ရှု့တော့ . . .
ရက်စက်လိုက်ကြတာ . . .
ယုတ်မာလိုက်ကြတာ . . .
သူပိုင် အိမ်တစ်လုံးထဲမှာ . . .
သူပိုင် မင်္ဂလာဦး အိပ်ခန်းထဲမှာ . . .
ရမ္မက်ခိုးတွေ ဝေလို့ . . .
စက်ဆုပ်ဖွယ်အတိ ပြီးလို့ . . .
ဟီရိဩတ္တပ္ပ မလို . . .
သိက္ခာ မလို . . .
ကိုယ်ကျင့်တရား မလို . . .
လူဆိုတဲ့ သရုပ်သဏ္ဍာန်ပေါ်ဖို့ ရာစုနှစ်ပေါင်းများစွာ စောင့်ထိန်း
လိုက်နာလာခဲ့တဲ့ လူကျင့်ဝတ်ဆိုတာကြီးလည်း မလိုတော့ . . .
Comments
Post a Comment