သိသောသူမည်ကား ကြားပါစေ . . .( ၁၉ ) @ သိုးဆောင်း
ဖွင့်ထားသော တီဗီကိုကြည့်ပြီး လူတစ်ယောက် မျက်ရည်ဖြိုင်ဖြိုင် စီးကျနေတယ်။ သူ့ရင်တစ်ခုလုံးက သမုဒ္ဒရာလေးစင်းမှာ ပေါလောမျောပါသော ဖော့ဆိုတစ်ခုလို နိမ့်လိုက်မြင့်လိုက် ၊ မြှုပ်လိုက် ပေါ်လိုက် ၊ အကာအကွယ်မရှိ အကူအညီမဲ့ပြီး ဖြစ်ချင်တိုင်း ဖြစ်လို့
ဝမ်းနည်းလိုက်တာလေ . . .
ခံပြင်းလိုက်တာလေ . . .
အံကို ဖိကြိတ်တော့ ကျလုလုမျက်ရည်တွေက ဆည်တာတမံကျိုးသလို ဝေါခနဲ စီးကျလာတယ်။ ဆတ်ဆတ်ခါ နာလာတဲ့ထိ ဖိကိုက်ပြီးတော့မှ နှုတ်ခမ်းကို ချမ်းသာပေးလိုက်တယ်။
သူ့ရှေ့စားပွဲပေါ်မှာ ဓားတစ်လက်။
အသွားက ဖွင့်ထားသော မီးရောင်အောက်မှာ လက်လက်ထကာ နေတယ်။ ဓားကို လှမ်းယူတော့ ရင်တွင်းမှာ စူးအောင့်သွားတယ်။ ကိုင်ထားတဲ့ သူ့လက်တွေတောင် တဆစ်ဆစ် တုန်လာသလားပဲ။ အကြိမ်ကြိမ်စဉ်းစားပြီးသာ ကိစ္စတစ်ခုဖြစ်သော်လည်း တကယ်လက်တွေ့ ရင်ဆိုင်ရတော့ နောက်တွန့်ချင်စိတ်အချို့ ဖြစ်မိသေးရဲ့။ ဒါပေမဲလည်း ရင်ထဲက ခံပြင်းမှုအရှိန်ကို မလွန်ဆန်နိုင်ခဲ့ဘူး။
ဒီနည်းနဲ့ပဲ အဆုံးသတ်ရမှာပါ။ ဒီနည်းနဲ့ပဲ ဘဝတစ်ခုကို အဆုံးသတ်ပစ်ရမယ်။ အံကို နောက်တစ်ကြိမ် ဖိကိုက်တော့ ပြတ်ကွဲသွားတဲ့ နှုတ်ခမ်းသားတွေ ပြန်နာလာတယ်။ အချိန်တန်ပါပြီ . . .
ဘဝတစ်ခုကို အဆုံးသတ်ပစ်ဖို့ အချိန်တန်နေပြီ။ အဆုံးသတ်ဖို့အတွက်လည်း လက်နက်တွေလိုနေပြီ။ ကုတ်ပေါ်ဝဲကျနေတဲ့ ဆံပင်ကို ဆွဲလို့ လက်ထဲက ဓားနဲ့ လှီးဖြတ်လိုက်တယ်။
"ရွှိ" ဆိုတဲ့ အသံသဲ့သဲ့လေးထွက်လာပြီး လက်ပေါ်ကို ဆံပင်တစ်ထွေး ပြုတ်ကျလာတယ်။ ကိုယ့်ဆံပင်ကိုယ်ကြည့်ပြီး နှုတ်ခမ်းမှာ မဲ့ပြုံးတစ်ခု ဖြစ်တည်သွားတယ်။
ထိုဆံပင်ကို စားပွဲပေါ် ဆန့်ဆန့်တင်။
ပြီးတော့ လက်မှာ ကိုင်ထားသော ဓားနဲ့ တစ်ချက်ချင်း . . .
"တောက် . . . တောက် . . . တောက်"
တိတ်ဆိတ်နေသော အခန်းကျဉ်းလေးထဲမှာ ဓားဖြတ်သံတစ်ခု စည်းချက်ကျကျ ထွက်ပေါ်လာတယ်။
အပိုင်းပိုင်းပြတ်တောက်သွားသော ဆံပင်တွေကို ကြည့်ပြီး နာကြင်စိတ်တွေ ပိုးတိုးလာတယ်။ ဝမ်းနည်းမှု မျက်ရည်တွေလည်း ခုနထက်စီးက ကျလို့ . . .
အမှန်က လူ့စိတ်ဓာတ်များ ဇာတ်သိမ်းချိန်။
ကမ္ဘာဦးခေတ်ဆီ ပြန်ရောက်ချိန်ကို အရသာခံပြီး ထိုင်ကြည့်နေရမှာပါ။ ဒါပေမဲ့ . . . သူ မနေနိုင်ခဲ့ဘူးလေ။
အဲဒီနောက်ပိုင်းတော့ မိုးဝေ ဘယ်မှ မသွားဖြစ်တော့ပါဘူး။ တစ်နေကုန် တစ်နေခန်း အခန်းထဲမှာပဲ ကုပ်နေဖြစ်တယ်။ ကြိုတင်အကြောင်းကြားထားတဲ့ သင်္ဘောဆင်းရက်ရောက်ဖို့ စောင့်ရဦးမယ်လေ။ ကြားထဲတော့ ဟန်မပျက် အွန်လိုင်းမှာ သုန္ဒရီနဲ့ စကားပြောပေးဖြစ်တယ်။ ရယ်ဖို့လည်း ကောင်းပါတယ်။ သူပြန်တော့မယ့်အရေးကို အတိုင်းထက်အလွန် ပျော်ပြနေသးရဲ့။
တော်တော်ရွံ့ဖို့ကောင်းတဲ့ မိန်းမ . . .
ဟိုတယ်မှာ အချိန်ပြည့် သူလုပ်ဖြစ်တဲ့ နောက်အလုပ်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ကိုယ့်ဆံပင်ကိုယ်ဖြတ်ပြီး ဓားနဲ့နုတ်နုတ်စင်းတာပါ။ ဘယ်လောက်ထိ ဆင်းရလဲဆို ကော်ဖီမှုန့် အရွယ်နီးပါးလောက်ရတဲ့အထိ စင်းရတယ်။ မလွယ်လှပါဘူး။
ထိုကိစ္စ ပြုလုပ်နေတိုင်းလည်း ရိုက်ယူထားတဲ့ မြန်မာဗီဒီယိုကားကို အချိန်ပြည့် ဖွင့်ထားပါတယ်။ ဒါမှ စင်းရတာ ပိုအသက်ပါမယ်လေ။ ကိုယ့်က အသည်းနင့်အောင် ချစ်ထားဖူးတော့ အကောင်းမြင်စိတ်နဲ့ ခွင့်လွှတ်သွားမိမှာ (သို့) နာကျည်းစိတ် အနည်းငယ် လျှော့သွားမိမှာကို ပူတာ။
နာကျည်းစိတ်လျှော့လို့ မဖြစ်ဘူး။ ဒါကြောင့် ဆံပင်တွေကို နုတ်နုတ်စင်းတိုင်း တီဗီကို ဖွင့်ထားတာပေါ့။ ဆတ်ခါဆတ်ခါ နာကျည်းနေရမယ်။ ဆတ်ခါဆတ်ခါ မုန်းတီးနေရမယ်။ ဒါမှ …
ကြိုရောက်နေခဲ့တဲ့ တစ်လအတွင်း သူ့ဆံပင်တွေလည်း တစ်စထက် တစ်စတိုသွားလိုက်တာ နောက်ဆုံး ဘိုကေသာသာပဲ ကျန်တော့တယ်။
ကိစ္စမရှိပါဘူး။ အဓိကက မှုန့်ညက်နေဖို့ပဲ မဟုတ်ပါလား။ ဒီနည်းကို ပြောပြခဲ့တဲ့ ပုဂ္ဂိုလ်ကိုတော့ လုံးဝကျေးဇူးတင်ထားတယ်။ မမေ့ပါဘူး။ ဘရာဇီး ဆပ်ကမ်းမှာ သင်္ဘောဆိုက်ကပ်ခဲ့တဲ့အချိန်ကို ဘယ်တော့မှ မမေ့ဘူး။ ဘားဆိုင်မှာ အရက်သောက်ရင်း ဆုံခဲ့တဲ့ ပုဂ္ဂိုလ်ကိုလည်း လုံးဝ မမေ့ဘူး။
အခု သူပေးတဲ့ နည်းအတိုင်း လုပ်ဆောင်နေတာလေ။
"တောက် . . . တောက် . . . တောက်"
စင်းနေတယ်။ ကိုယ့်ဆံပင်ကိုယ်ဖြတ်ပြီး ကိုယ်ကိုယ်ကို နုတ်နုတ်စင်းနေတယ်။ တွေ့ကြပြီပေါ့။
ဒီလကုန်တာနဲ့ မင်းနဲ့ငါ တွေ့ပြီပေါ့ . . . သုန္ဒရီ။
အံကို ကြိတ်ထားမိတယ်။ အရင်လို မျက်ရည်မကျတော့ဘူး။ ကျစရာ မျက်ရည်လည်း မကျန်တော့ဘူး။ တီဗီကိုတော့ ဖွင့်ထားဆဲပဲ။ ဒါပေမဲ့ အဲဒီကပေးတဲ့ ရသကို ခံနိုင်ရည်ရှိသွားပြီ။ မတုန်လှုပ်တော့ဘူး။
မင်းကို ချီးမွမ်းပါတယ် . . . သုန္ဒရီ။ အမှန်က အင်ဂျင်နီယာမလုပ်ဘဲ မင်းသမီးလုပ်ရမှာ။ သေချာပေါက် အောင်မြင်နိုင်တဲ့ အရည်အချင်းတွေ မင်းမှာရှိနေတယ်။ မင်းအိုက်တင်တွေက မြင်သူတကာ အသက်ရှုမှားလောက်အောင် မတရားအသက်ပါနေတာကိုး။ ဖြစ်နိုင်ရင် ဒီဗီဒီယိုကို ရုပ်ရှင်ပြောင်းပြီး အကယ်ဒမီတောင် ပေးလိုက်ချင်တာ။
ရှက်မှုရေးရာ အကင်းမဲ့ဆုံး ၊ ပြည်သူတွေကို လမ်းမှားအပို့ဆုံးဆု ၊ ပရိတ်သတ်ကိ အဆိပ်ခတ်ဆုံး စံပြမင်းသမီးတစ်လက်အနေနဲ့ မင်းကို ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်တွေ တသီကြီး ပေးအပ်ချင်တာ။
အခုခေတ်မင်းသမီးအချို့လို့ပေါ့။ သူတို့မှာ ပရိတ်သတ်ကို ဆွဲဆောင်ညှို့ယူနိုင်တဲ့ အနုပညာမရှိတော့ ရှိတာလေးတွေ ဗန်းပြပြီး အောက်လမ်းနည်းနဲ့ နာမည်ရှာကြတယ်။ မင်းကိုလည်း အဲဒီထဲထည့်ပေးလိုက်ရင် အချိန်တိုအတွင်း နာမည်ကြီးလာမှာ သေချာတယ်။
အပြစ်လည်း မတင်ပါဘူး . . . သုန္ဒရီ။
ဘာဖြစ်လို့လည်းဆိုတော့ ဘယ်နေရာ ဘယ်နယ်ပယ်မှာမှ လူကောင်းချည်းပဲ ရှိမနေတာလေ။ လူဆိုးကြီးပဲလည်း မရှိနေဘူး။ လောကသဘာဝအရ လူကောင်းလူဆိုး အမြဲပဲ ဒွန်တွဲရှိနေတတ်တာကိုး။ ဒါပေမဲ့ ငါးခုံးမတစ်ကောင်ကြောင့်တော့ တစ်လှေလုံး မပုပ်ပါစေနဲ့။
ငါကတော့ အပုပ်မခံဘူး။ အခု မင်းကြောင့် ငါ့လှေပုပ်နေပြီ။
ပတ်ဝန်းကျင်မှာ မင်းရဲ့ လင်ယောကျ်ား ငါ့ကို လက်ညှိုးတွေ ဝိုင်းထိုးနေပြီ။ မြက်စားတဲ့ နွားကြီးတစ်ကောင်လို ငါ့ကို ဝိုင်းသရောကုန်ကြပြီ။
ဟင်း . . . ဟင်း . . . တွေ့ကြပြီပေါ့။
ရပြီ။
ဒီလောက်ဆို ရပြီ။
ဒီလောက် မှုန့်ညက်ရင် ကော်ဖီနဲ့ ရောဖို့ အဆင်ပြေပြီ။
ဝယ်လာသော ကော်ဖီသုံးဘူးကို အဖုံးဖွင့်လိုက်ပါတယ်။ ပြီးတော့ ညက်ညက်စင်းထားသော သူ့ဆံပင်တွေပေါ် လောင်းချလိုက်တယ်။
ဒါပဲလား . . . မဟုတ်ဘူး။ ကျန်သေးတယ်။ ဒီလောက်နဲ့ မလုံးလောက်သေးဘူး။ စက္ကူပတ်ထားသော အထုပ်လေးတစ်ထုပ်ကို ကော်ဖီထဲ ဖောက်ချဖို့ ကျန်သေးတယ်။ ခက်ခက်ခဲခဲ ယူလာခဲ့ရတဲ့ ပစ္စည်း ၊ ဈေးကြီးပေးဝယ်ခဲ့ရတဲ့ ပစ္စည်း။
အခြားမဟုတ်ပါဘူး။ ဘိန်းအပျော့စားလေး တစ်မျိုးပါ။ ဒါကိုပါ ကော်ဖိထဲ ရောထည့်ရမယ်။ ဒါမှ သူတိုက်တဲ့ ကော်ဖီကို သောက်ပြီးရင်း သောက်ချင်မှာလေ။ သောက်လေ သောက်လေ ငတ်မပြေပေါ့။ ဟား . . . ဟား . . . ဆားငံရည်တော့ မဟုတ်ဘူး။ ကော်ဖီခါးခါး။
ဓားနဲ့ခွဲတော့ စက္ကူပတ်ထဲမှ အမည်းရောင် အမှုန့်တချို့ ထွက်ကျလာတယ်။ ပြီးပြီလေ။ ကော်ဖီရောင်နဲ့ သိပ်မကွာတာမို့ သံသယဖြစ်စရာ တစ်ကွက်မှ မရှိတော့ဘူး။
အချိုးညီညီရောတယ်။ သမအောင် မွှေတယ်။
မရိပ်မိစေရဘူး။ မသိသာစေရဘူး။
ပြီးတော့ သောက်လို့လည်း ကောင်းရမယ်။ အဟွန်း . . . ဟွန်း။
စိတ်ပါလက်ပါကို မွှေပေးနေလိုက်တယ်။ 'အာဠာဝက' အင်းလေးတောင် ချလိုက်ချင်တာ။ မရဏဂါထာကိုတောင် နှုတ်တိုက်ရွတ်ပေးလိုက်ချင်တာ။ သနားလို့။
စိတ်ကြိုက်ရောမွှေပြီး နောက်မှာ ကော်ဖီသုံးဘူးတွင်းကို အညီအမျှ ပြန်ထည့်လိုက်တယ်။ ပိုတာကိုလည်း အိတ်တစ်လုံးမှာ ထည့်ပြီး သိမ်းထားလိုက်တယ်။ လိုရမည်ရ ဆောင်ထားရဦးမယ်လေ။ ထို့နောက်မှာတော့ ရက်ပေါင်းများစွာ လုပ်လာခဲ့တဲ့အလုပ် ဆုံးခန်းတိုင်ခဲ့ပြီ။
မင်းနဲ့တွေ့မယ့်အချိန်ကို သွေးအေးအေးနဲ့ ထိုင်စောင့်နေရုံပဲ။ မလိုတော့ပါဘူး။
လွန်ရော ကျွံရော နောက်တစ်ပတ်ပေါ့။ အဲ့ဒီနေ့မှာ မင်းရဲ့ ရွံရှာပတ်စက်နေတဲ့ ခန္ဓာကိုယ်ကြီးကို အစွမ်းကုန် ခြယ်သလို့ လေယာဉ်ကွင်းမှာ လာကြိုလိမ့်မယ်။
အဲဒီအတွက် ငါက တစ်ရက်ကြိုပြီး အိမ်ရောက်နှင့် နေဖို့ လိုတယ်။ ဘာအတွက်လဲ . . .
. . .
Comments
Post a Comment