သိသောသူမည်ကား ကြားပါစေ . . .( ၂၀ ) @ သိုးဆောင်း

 


"Surprise"

သူ့ကို ဗြုန်းခနဲတွေ့လိုက်ရတော့ တံခါးဝမှာ စက္ကန့်ပိုင်းလောက်ကြက်သေ သေသွားတယ်။ ပြီးမှ . . .

"ဟယ် . . . ကို . . . "

သရဲသဘက်တွေ့သလို ထိတ်လန့်အံ့ဩနေရာမှ ဝုန်းခနဲ ပြေးဖက်ပါလေရော။

သုန္ဒရီခါးကို ကောက်ပွေ့ပြီး လေမှာ တစ်ပတ်ပတ်ပစ်လိုက်တယ်။ အပျိုဖော်ဝင်စ မိန်းမတစ်ယောက်ရဲ့ ပေါ့ပျက်ပုံမျိုးနဲ့ ခန္ဓာကိုယ်တစ်ခု လေမှာ ဝဲသွားတယ်။ ပြီးမှ သူမကို အောက်ပြန်ချ ကွယ်ဝှက်ထားသော ပန်းစည်းကို ရှေ့တင်လို့ . . .

"surprise လေ . . . ရော့ . . ."

လက်ထဲမှ ပန်းစည်းကို ကြည့်ပြီးသကာလ၊ သူမမျက်နှာမှာ အဓိပ္ပယ်အမျိုးမျိုးဆောင်သော အကြည့်တွေ တဖျတ်ဖျတ် ပြေးလို့။ တမင်တကာ လုပ်ယူတာလား။ တကယ်ဖြစ်တာလား မသိသော အပျော်တွေ ကွန့်မြူးဖြစ်တည်လာကာ . . .  

"ကို . . . ပြောတော့ မနက်ဖြန်မှ ရောက်မှာဆို . . .အခု ဘယ်လိုလုပ်ပြီး . . ."

ပန်းစည်းကို လှမ်းယူရင်း နောက်တစ်ခေါက် ဖက်ပြန်ပါသေးရဲ့။ မိုးဝေ စိတ်ထဲက ပြုံးမိလိုက်တယ်။ သရုပ်ဆောင်ကောင်းလှချည်လား . . . သုန္ဒရီရယ်။ ငါတော့ လက်ဖျားခါတာပဲ။

"ကို . . . မကောင်းဘူးကွာ။ သုန္ဒရီက နက်ဖြန် လေယာဉ်ကွင်းလာကြိုဖို့ အကုန်စီစဉ်ထားတာ။ ဘယ်အချိန် လေယာဉ်ဆိုက်လဲ။ ဘယ်သူတွေ ပါသေးလဲ"

"အခုပဲ ဆိုက်တာ။ လေယာဉ်ပေါ်က ဆင်းဆင်းချင်း အိမ်တန်းလာတာ။ ဘယ်သူမှ မပါဘူး"

ထို့နောက်တော့ ကိုယ့်အိမ်ကိုယ် ခြေနင်းခွင့် ရလိုက်တယ်။ ရှူရှိုက်ရသော လေက အစ မသန့်ရှင်းပါဘူး။ သူစိမ်းအငွေ့အသက်တွေ တလူလူ လွင့်နေသလိုပဲ။ ပြီးမှ Air Fresher ဖြန်းခိုင်းရမယ်။ ထိုစဉ်မှာပဲ စက်ဆုပ်ဖွယ်ကောင်းလွန်းသော မျက်နှာနဲ့ သုန္ဒရီအဒေါ် ရောက်လာပြီး . . .

"ဟယ် . . . မောင်မိုးဝေ ပြန်လာပြီလား။ မင်းကွယ် အကြောင်းမကြား ဘာမကြားနဲ့။ တူမလေးက လေယာဉ်ကွင်းလာကြိုဖို့ကို အကုန်စီစဉ်ထားတာ"

"အဟင်း . . . အဒေါ်တူမကို တမင်စချင်လို့ 

ပြောပြောဆိုဆို သူမခေါင်းကို လက်နဲ့ပုတ်တော့ အပြစ်ကင်းသော ကလေးငယ်တစ်ဦးလို ဇက်လေးပုလို့ ခံယူပါတယ်။ ရွံဖို့ကောင်လိုက်တာလေ"

"ဒေါ်လေးရော နေကောင်းရဲ့လား။ ဘွားဘွားရော"

"ကောင်းပါတယ်ကွယ်။ ငါ့တူကြည့်ရတာ ဒီတစ်ခေါက် ပိုဝလာသလိုပဲ"

"ဟုတ်တယ် . . . ဝိတ်ချရဦးမယ်"

ဆိုဖာမှာ ဝင်ထိုင်တော့ . . .

"ဒေါ်လေး . . . ကို့အထုပ်အပိုးတွေ ကူသယ်ပေးပါဦး"

အိမ်ဝမှာထားခဲ့တဲ့ သူ့အထုပ်အပိုးတွေကို တူရီနှစ်ဦး မနိုင့်တနိုင် အိမ်ထဲ ဆွဲသွင်းကြတယ်။ ဆိုဖာပေါ်မှာ ဧည့်သည်တစ်ဦးလို ထိုင်နေမိရဲ့။ တစ်မျိုးပဲ။ ကိုယ့်အိမ်ကိုယ်ပြန်လာရတာ ရင်ထဲမှာ အိမ်ရှင်တစ်ဦးလို မခံစားရဘဲ ဧည့်သည်တစ်ဦးလို ခံစားနေရတယ်။

ဧည့်ခန်း အခြေအနေကြည့်ရတာတော့ သူပြန်လာတော့မှာမလို့ ရှင်းလင်းထားဟန် တူပါတယ်။ နံရံကပ် ပန်းချီကား ၊ စားပွဲတင်ပန်းအိုး ၊ တီဗီ ၊ ရေခဲသေတ္တာ စတာတွေအားလုံး သူသွားတုန်းကအတိုင်း မပျက်မယွင်းရှိနေတယ်။ တစ်ခုတော့ ပိုလာပါတယ်။

စာထဲမှာ ရေးထားတဲ့အတိုင်း သူတို့နှစ်ဦးရဲ့ မင်္ဂလာဦးဓာတ်ပုံကို ဗီနိုင်းအကြီးကြီးချဲ့ပြီး အိမ်နံရံ အပြည့်တပ်ထားတာပါ။ ဒါနဲ့များတောင် ယောက်ျားတစ်ဦး အိမ်ခေါ်ပြီး ဖြစ်ချင်တိုင်း ဖြစ်နေကြတာ အံ့ဩလို့ မဆုံးဘူး။

"ဒေါ်လေး . . . ကို့အတွက် သံပုရာ ရေအေးအေးလေးတစ်ခွက်လောက် လုပ်ပေးပါဦး"

သူ့ဘေးဝင်ထိုင်လာပုံက လိုတာထက် ကနွဲ့ကလျနိုင်နေသလို ခံစားရတယ်။ ပြီးတော့ သူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ရင်း . . .

"ကို . . . ကိုက သုန္ဒရီလန့်အောင် တမင်လုပ်တယ်ပေါ့ . . . ဟုတ်လား"

"လန့်သွားတယ်ပေါ့"

"လန့်တာပေါ့ . . . ကို့ကို တွေ့တွေ့ချင်း ယုံတောင် မယုံနိုင်ဘူး"

"ယုံတောင် မယုံနိုင်ဘူးဆိုတော့ ဘာလဲ . . . ကိုယ့်ကို မမှတ်မိတော့လို့လား"

"မဟုတ်ပါဘူး . . . မထင်မှတ်ဘဲ တွေ့လိုက်တာ အံ့ဩသွားတာ။ တအားလည်း ပျော်သွားတယ်"

သူ့ခါးကို တင်းကြပ်စွာ ဖက်ပြီး တီတီတာတာစကားတွေ ပြောလာပါတယ်။

မသိရင်တော့ ​ယောက်ျားဖြစ်သူကို တကယ်ပဲ လွမ်းဆွတ်သတိရနေသော ဇနီးသည် တစ်ဦး၏ အလွမ်းသည်မှုပါ။ ကိုယ်ကလည်း ဒီမိန်းမဘာဆိုတာ သိထားလေတော့ အဖက်ခံရတာတောင် မသတီချင်ဘူး။

မင်းသတိထားမိလားတော့ မသိဘူး သုန္ဒရီ။ အမှန်က ရပ်ဝေးမြေခြားမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အိမ်ဦးနတ်တစ်ယောက်ကို ကြိုဆိုမှုက ဒီထက်ပိုပြီး မြိုင်ဆိုင်နေသင့်တယ်။ အသက်ပါနေသင့်တယ်။ မင်းရော ၊ ငါရောရဲ့ ရင်မှာ ပျော်နေသင့်တယ်။ ဒါပေမဲ့ အခု ဘယ်သူမှ မပျော်ဘူး။ မိသားစုနဲ့ ပြန်လည်တွေ့ဆုံပွဲက အခုလောက်နဲ့ပဲ အေးစက်စက် ပြီးဆုံးသွားခဲ့တာ စဉ်းစားလို့တောင် မရခဲ့ဘူး။

နောက်တော့ တစ်ခုတ်တရဝယ်လာသော လက်ဆောင်တွေကို ထုတ်ပေးဖြစ်တယ်။ သူမဘက်က ဆိုလာတာက ဒီနေ့ ကျောင်းမသွားတော့ပါဘူးတဲ့။ သူ ကြိုက်တဲ့ဟင်းကို ဈေးကိုယ်တိုင်သွားလို့ ချက်ကျွေးပါမယ်တဲ့။ သူဝယ်လာပေးသော အဝတ်ကို ဝတ်လို့ ညနေ အပြင်လျှောက်လည်ပါမယ်တဲ့။

ကိစ္စမရှိပါဘူး။ အားလုံး သူမ သဘောပါ။

မိုးဝေကတော့ ကျန်တာအားလုံးကို မေ့လို့ ညနေရောက်ဖို့သာ စိတ်စောနေမိတယ်။ အပြင်လျှောက်လည်ဖို့ မဟုတ်ပါဘူး။ သူမကို ကော်ဖီတိုက်ဖို့ပါ။ ကိုယ်တိုင်ဖန်တီးထားသော ကော်ဖီကို ညနေမှာ သူမကို စတိုက်ပါမယ်။

ဘရာဇီးကရတဲ့နည်းနဲ့ ပြုလုပ်ထားသော ကော်ဖီဖြစ်လို့ ဘရာဇီးကော်ဖီလို့ နာမည်ပေးထားတယ်။

"အဲ့ဒါဆို ကို ရေချိုးအနားယူလေ။ သုန္ဒရီ ဈေးသွားဖို့ ပြင်လိုက်ဦးမယ်"

ဆန္ဒတော်အတိုင်းပါပဲ။ ထိုင်ရာမှထလို့ သူမအဘွားကို သွားနှုတ်ဆက်တယ်။ အဘွားက ဇရာရဲ့ ထုထောင်းရိုက်ပုတ်မှုကို ကောင်းကောင်းခံနေရပါပြီ။ အကူမပါဘဲ လမ်းမလျှောက်နိုင်တော့ဘူး။ အခန်းထဲမှာ အနေများလို့ အိမ်မှာ ဖြစ်ပျက်မှု အလုံးစုံကိုလည်း ဘာမှသိပုံမပေါ်ပါဘူး။ အဘွားကိုတော့ သနားပါတယ်။ ဒါပေမဲ့လည်း . . .

ထို့နောက်မှာတော့ သူမ ညွှန်ကြားမှုအတိုင်း ရေချိုးခန်း ဝင်ခဲ့တယ်။ စိတ်ထဲကတော့ လှမ်းသတိပေးလိုက်ရဲ့ . . .

"ရေချိုးခန်းဝင်တုန်း . . . ငါ ပြန်ရောက်နေပြီဆိုတဲ့ အကြောင်း မင်းအကောင်ကို လှမ်းအကြောင်းကြားလိုက်ပါဦး . . . သုန္ဒရီ"


. . .


"ခြေလက်ခေါင်းခါး စည်းဝါးနရီ ပိုင်နိုင်သည် . . .

မိုးမလင်းမီ ရွှေသုန္ဒရီရယ် . . . ကကြိုးပျောက်မှာ စိုးမိသည်

ပရိတ်သတ်လက်ခုပ်သံကြား . . .  ယစ်မူးလွန်မှားမှဖြင့် . . . 

ထိန်းမနိုင် ၊ သိမ်းမနိုင် ယိမ်းယိုင်မလားကွယ် . . .

မောင်တွေး မချိပါပြီ . . . အသည်းတယားယား

ရင်တလှပ်လှပ်နဲ့ . . . မနေဓာတ်ဘဝင်မှာ ကတုန်ကရီ

ရွှေပဒုမ္မာကြာ အချပ်ကို လေအဟုန်လာဟက်သလို ဖြစ်ပြီ . . ."


"အဟင်း . . . ငါကတော့ သွေးအေးတတ်သွားပြီ သုန္ဒရီ။ မနောဓာတ်ဘဝင်မှာ ကတုန်ကရီက မင်းပဲဖြစ်ဖို့ ကျန်တော့တယ်"

အပိုင်း - ၂၁ သို့


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်