သိသောသူမည်ကား ကြားပါစေ . . .( ၂၁ ) @ သိုးဆောင်း

 


"ရော့ . . . ဒါ သုန္ဒရီအတွက် ဘရာဇီးက ဝယ်လာတဲ့ ကော်ဖီ"

"ဘရာဇီးက . . ."

အငွေ့တလူလူထွက်နေသော ကော်ဖီခွက်ကို ကြည့်ပြီး မေးပါတယ်။

"ဟုတ်တယ် . . . ဘရာဇီးမှာ ကမ်းကပ်တုန်း သုန္ဒရီကော်ဖီ ကြိုက်တတ်မှန်းသိလို့ ဝယ်တာတာ။ စျေးတအားကြီးတယ်"

ကြိုတင်ကြံစည်ထားသော ဈေးတစ်ခုကို ပြောပြတော့ သုန္ဒရီ ပါးစပ်ဟောင်းလောင်း ပွင့်သွားတယ်။

"ဘာလို့ အဲလောက် ဈေးကြီးတာ ဝယ်လာရတာလဲ . . . ကိုရယ်။ ကော်ဖီများ ဒီမှာ ဝယ်သောက်လည်း ရတာပဲကို"

"မတူဘူး . . . သုန္ဒရီရဲ့။ ဒါက ကျန်းမာရေးအတွက် တမင်ထုတ်ထားတဲ့ ကော်ဖီ။ မိန်းကလေးတွေအတွက် အဓိက ရည်ရွယ်ပြီး ထုတ်ထားတာ။ သူတို့ပြောတာတော့ သံဓာတ်ကို အားပေးတယ်။ အရိုးပါးရောဂါကို ကာကွယ်တယ်။ ပြီးတော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ၊ ဆံပင်ဖြူတာတွေလည်း မဖြစ်ဘူးတဲ့။ အဓိကကတော့ ဒီကော်ဖီကို တစ်နေ့ နှစ်ခွက်ကနေ သုံးခွက် ပုံမှန်သောက်ရင် စိတ်ကျရောဂါကိုတောင် ကာကွယ်ပေးနိုင်တယ်တဲ့ကွ"

"ကောင်းလှချည်လား"

"ကောင်းလို့လည်း ဒီလောက်ဈေးကြီးတာပေါ့။ ဟိုမှာတော့ ဆရာဝန်တွေကိုယ်တိုင် အာမခံပြီးတော့ကို ရောင်းတာ"

"ဟုတ်လား"

"ပြောပြောဆိုဆို ကော်ဖီခွက်ကို လှမ်းယူကာ အနံ့ခံကြည့်တယ်"

"ကော်ဖီနံ့က မွှေးနေတာပဲ။ ဒါပေမဲ့ ဒီလောက်ဈေးကြီးတာကို သောက်ရမှာ နှမြောစရာကြီး"

"မနှမြောပါနဲ့ . . . သုံးဘူးတောင် ဝယ်လာတာပါ။ ကုန်တော့လည်း နောက်တစ်ခေါက်သွားရင် ထပ်ဝယ်တာပေါ့"

ကော်ဖီနံ့ကို ဒုတိယအကြိမ် ရှူရှိုက်ရင်း သောက်ဖို့ ပြင်တယ်။ နှုတ်ခမ်းဝ တေ့ပြီးကာမှ . ..

"ကို့အတွက်ရော"

"ဟာ . . . ကိုမှ ကော်ဖီမကြိုက်တာ။ နောက်ပြီး ဒါက မိန်းကလေးအတွက်ပါဆိုမှ"

"အဟီး . . . ဟုတ်သားပဲ"

ကော်ဖီကြိုက်သူတို့ရဲ့ ထုံးစံအတိုင်း တစ်ငုံငုံကာ လျှာပေါ် အရင်တင်ကြည့်ပါတယ်။ ပြီးမှ နှစ်ခြိုက်သွားသော အမူအရာဖြင့် လက်မထောင်ပြပြီး . . .

"ဂွတ်တယ်"

ပြီးပြီလေ။ အဓိကက သောက်ဖြစ်သွားဖို့ပဲ လိုတာပါ။ လွန်ရော ကျွံရော သုံးခွက်ပဲ။ သူမ ခန္ဓာကိုယ်ထဲ အဲလောက်ရောက်သွားရင်ကို တော်ပြီ . . . ။ ဒါဆို နောက်ပိုင်း တိုက်စရာမလိုတော့ဘူး။ သူမ ခန္ဓာကိုယ်က အလိုလို တောင်းလာလိမ့်မယ်။

တစ်ငုံချင်းငုံကာ သောက်နေသော သုန္ဒရီကို ကြည့်ပြီး စိတ်တွင်း ပြုံးမိလိုက်တယ်။ မသောက်လို့လည်း မရဘူးလေ။ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ မင်းတို့ ဖောက်ပြားတာတွေ မပေါ်အောင် ငါ့ကို အကောင်းဆုံး အလိုက်သင့်ဆုံး ဆက်ဆံရမှာပေါ့။ ငါ့စိတ်ထဲမှာ မင်းကို သံသယ နည်းနည်းမှ မဝင်အောင် ငါ့အလိုကို လိုက်ရမယ်လေ။

"သောက်စမ်း . . . သုန္ဒရီ . . . ကုန်အောင် သောက်လိုက်စမ်း ။ မင်းကို ဒဏ်ရာ မပေါ်ဘဲ ငါသတ်ပြမယ်"

. . .

အပိုင်း - ၂၂ သို့


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်