သိသောသူမည်ကား ကြားပါစေ . . .( ၂၂ ) @ သိုးဆောင်း

 


လူသေတစ်ယောက်ရဲ့ အေးစက်မှုမျိုးနဲ့ ရွံရှာဖွယ် ခန္ဓာကိုယ်တစ်ခု သူ့ဘေးမှာ ရှိနေတယ်။ သူ့ရင်ဘက်ပေါ် လက်တစ်ဖက်လှမ်းတင်လို့ ၊ အဆီတဝင်းဝင်းပြောင်နေသော မသတီဖွယ် မျက်နှာက သူ့ပခုံးစွန်းပေါ် မေးတင်ထားတယ်။ စိတ်ကုန်လိုက်တာလေ။

မနက်လင်းနေပါပြီ။ အလင်းရောင်အချို့ အခန်းထဲထိ ထိုးဖောက်ဝင်ရောက်နေပြီ။ မိုးဝေ ဆက်အိပ်လို့ မရတော့ဘူး။ ရင်ဘတ်ပေါ်တင်ထားသော လက်ကို ဖယ်လို့ အိပ်ရာမှ ထတယ်။ အပြင်ဘက်ကို ကြည့်တော့ ကျေးဇူးရှင်ရေစင်ကြီးကို အရင်ဆုံးမြင်ရရဲ့။ ထိုစဉ်မှာပဲ စက်ဆုပ်ဖွယ် မိန်းမတစ်ဦး လူးလွန့်လှုပ်ရှားလာကာ . . .

"ကို . . . ဘယ်လဲ . . ."

"ထတော့မယ်လေ"

စားပွဲတင်နာရီကို တစ်ချက်လှမ်းကြည့်ပြီး . . .

"အာ . . . အစောကြီးရှိသေးတာကို"

"ဆက်အိပ်လို့ မရတော့ဘူး။ သင်္ဘောပေါ်နဲ့က မိုးလင်းချိန်မတူတော့ အစောကြီးနိုးနေတာ။ သုန္ဒရီ ဆက်အိပ်ရင် အိပ်လေ။ စောသေးတာပဲ"

မချစ်ပေမဲ့ အောင့်ကာနမ်းပေါ့လေ။ ခေါင်းကို ပုတ်လို့ အိပ်ခန်းတွင်းမှ ထွက်ခဲ့လိုက်တယ်။ ရေချိုးခန်းဝင်ကာ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး ရေပါတစ်ခါတည်း ချိုးတယ်။ ရေချိုးပြီး အိပ်ခန်းတွင်းပြန်ရောက်တော့ မယ်မင်းကြီးမက ပြတင်းတံခါးတွေ ဘာတွေဖွင့်လို့ အိပ်ရာတောင် သိမ်းနေပါပြီ။

"ကျောင်းသွားမှာလား . . . သုန္ဒရီ"

"သွားရမယ် . . . ကို ၊ ဒီနေ့ ကျူတိုရီရယ် ရှိတယ်"

"လိုက်ပို့ပေးရမလား"

"ရပါတယ် . . . ကိုရဲ့။ ဖယ်ရီနဲ့ သွားမှာပဲ။ ဒီနေ့ ဘာဟင်းစာချင်လဲ . . . ပြော။ သုန္ဒရီ ကျောင်းအပြန် တစ်ခါတည်း ဝယ်ခဲ့မယ်"

"မဝယ်နဲ့တော့လေ။ ညနေမှပဲ အပြင်တစ်ခုခု ထွက်စားကြတာပေါ့"

"မဟုတ်ဘူးလေ . . . နေ့လည်စာကို ပြောတာ"

"သုန္ဒရီက ဘယ်အချိန် ပြန်လာမှာမလို့လဲ"

"ကျူတိုရီရယ် ပြီးတာနဲ့ ပြန်လာမှာလေ။ အဲဒါကြောင့် ဘာစားချင်လဲ မေးတာပေါ့"

မင်း မဆိုးဘူးဘဲ . . . သုန္ဒရီ ၊ ထုံးစံမပျက်တော့ ဂရုစိုက်တတ်သားပဲ။ ဒါဆို ငါက မင်းထက် ပိုပြီး ဂရုစိုက်ပြရလိမ့်မယ်။

"အဲလိုဆိုရင်တော့ ငါခူနဲ့ ရဲယိုရွက် ချက်စားရအောင်။ မစားရတာ တစ်နှစ်ကျော်နေပြီ"

ရယ်စရာမပါဘဲ တခစ်ခစ် ရယ်ပါလေရဲ့။

"ခစ်ခစ် . . . ဟုတ်ပြီ။ ဟုတ်ပြီ။ သုန္ဒရီ မြန်မြန်ဝယ်ပြီး ပြန်လာခဲ့မယ်နော်"

အဝတ်လဲပြီးနောက်မှာ မိုးဝေ အိမ်အောက် ဆင်းခဲ့ပါတယ်။ ထမင်းစားပွဲပေါ်မှာ မနက်စာအတွက် အသင့်ဖြစ်နေပြီ။ သူ့ကို ဖားနေကြတာလေ။ တစ်ခုပဲ။ လိုတာထက် ပိုဖုံးရင် အလိုလို ပေါ်တတ်တယ်ဆိုတာကို သူတို့ မသိကြဘူး။

မီးဖိုချောင်ဝင်လို့ ရေနွေးတစ်အိုး တည်တယ်။ ပြီးတော့ ချစ်စွာသော ဇနီးသောက်ဖို့ ကော်ဖီတစ်ခွက်ကို ကိုယ်တိုင်ဖျော်ပါတယ်။ မေတ္တာဆိုတာ စူးတတ်တယ် . . . သုန္ဒရီရဲ့။ အခု မင်းသောက်မယ့် ကော်ဖီထဲမှာ ငါ့ရဲ့ မေတ္တာစူးတွေ ပါနေတယ်။

အဲဒါတွေက မင်းရဲ့ အူလမ်းကြောင်းတစ်လျှောက်နဲ့ အစာအိမ်နံရံကို စူးလိမ့်မယ်။  ချက်ချင်းတော့ သိသာမှာ မဟုတ်ဘူး။

ထမင်းစားပွဲမှာထိုင်လို့ သုန္ဒရီ ထွက်အလာကို စောင့်နေလိုက်တယ်။ ကျောင်းမှာ အငယ်နဲ့ တွေ့ရမှာဆိုတော့ အစွမ်းကုန် ပြင်ဆင်လာမှာပေါ့လေ။ ငါကတော့ အိမ်ကမထွက်ခင် မင်းကို ကော်ဖီတစ်ခွက် တိုက်လွှတ်လိုက်မယ်။

"ဟင်း . . . ဟင်း . . . စူးကြ ၊ စိုက်ကြလေရော့ . . ."

Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်