သိသောသူမည်ကား ကြားပါစေ . . .( ၂၃ ) @ သိုးဆောင်း
"အား . . . အား . . . ကိုရေ . . . လုပ်ပါဦး . . . သုန္ဒရီ ဗိုက်တွေ တအားနာလာလို့"
"ဟင် . . ."
ခေါ်သံကြောင့် အခန်းထဲပြေးဝင်တော့ ဗိုက်ကိုဖိပြီး ခုတင်ပေါ် လူးလှိမ့်နေသော သူမကို မြင်ရတယ်။
"ဟာ . . . သုန္ဒရီ . . .ဘာဖြစ်တာလဲ"
"ဗိုက်တွေ တအားနေနေတာ။ အမယ်လေး . . . ကျွတ် . . . ကျွတ် . . . နာလိုက်တာ"
ဒီပုံစံမြင်ကတည်းက ဘာဖြစ်နေတာ သိလိုက်ပြီ။ ကော်ဖီတိုက်တာ ဒီနေ့နဲ့ပါဆို ငါးရက်ရှိပြီလေ။ ဒါပေမဲ့လည်း ထူပူသွားသော ပုံစံကို ဖမ်းပြီး . . .
"ဘယ်နား . . . ဘယ်နားက နာတလဲ သုန္ဒရီ ၊ ကို့ကို ပြစမ်း"
ဝမ်းဗိုက်ရဲ့ ဘယ်ဘက်ခြမ်းကို ညွှန်ပြတယ်။ အစာအိမ်ပါပဲ။ ကြိုတင်တွက်ဆထားသလို အစာအိမ် နံရံမှာ ဆံပင်မွှေးတွေ အုံနဲ့ ကျင်းနဲ့ စိုက်နေကြပြီ။
"အစာအိမ်ဘက်ခြမ်းပဲ။ ဘာတွေ အစားမှားပြန်ပြီလည်း မသိဘူး။ လာ . . . လာ . . . ဆေးခန်းသွားပြမယ်"
"ဟ . . . မသွားဘူး မသွားဘူး"
အကြောက်အကန် ငြင်းပါတယ်။ ဒါဟာ သူမရဲ့ ပျော့ကွက်ပါပဲ။ ဆေးရုံ ၊ ဆေးခန်းကို သေလောက်အောင်ကြောက်တဲ့ ရောဂါက မင်းရဲ့ အားနည်းချက်ပဲ သုန္ဒရီ။
ဗိုက်ကို ဖိလို့ ရှုံ့မဲ့နေတဲ့ကြားက . . .
"ရတယ် . . . ရေခဲသေတ္တာထဲမှာ ဆေးရှိတယ်။ သုန္ဒရီကို သွားယူပေး။ ဆေးသောက်လိုက်ရင် သက်သာသွားလိမ့်မယ်"
ခုတင်ပေါ်တက်လို့ သူမ ပခုံးစွန်းကို ကပျာကယာ ပွေ့ချီလိုက်ရတယ်။ အခြေအနေ သိပ်မဟန်တော့ဘူးလေ။
"ရပါ့မလား . . . သုန္ဒရီ . . ."
"ရတယ် . . . သုန္ဒရီကို ဆေးသာသွားယူပေး"
"အေးလေ . . . ဒါဆိုလည်း ပြီးရော ၊ ခဏလေးစောင့်"
ခေါင်းအုံးပေါ်ပွေ့ချလို့ အခန်းထဲက ပြေးထွက်ခဲ့လိုက်တယ်။ ပျော်ရွှင်မှုများနဲ့ လှေကားပေါ်က ဆင်းရင်း . . .
"ဒေါ်လေးရေ . . . ဒေါ်လေး"
မီးဖိုခန်းထဲက သူမအဒေါ် ပြေးထွက်လာတော့ . . .
"ဟိုမှာ ဒေါ်လေးတူမ ဗိုက်အောင့်လို့ လူးလှိမ့်နေတယ်။ သွားလိုက်စမ်းပါဦး"
"ဟယ် . . . ဘုရား . . . ဘုရား . . . ဘယ်လိုဖြစ်တာလဲ"
မောကြီးပန်းကြီး ပြေးတက်သွားပါတယ်။ သူကတော့ ရေခဲသေတ္တာထဲက အိမ်သုံးဆေးဘူးကို ယူကာ နောက်က လိုက်တက်လိုက်တယ်။
"ဟယ် . . . သမီးလေး . . . ဘုရား . . . ဘုရား . . . ဘယ်လိုဖြစ်တာလဲ . . . သမီးလေးရယ်"
ကြံရာမငမိုက်သားက ဦးဆောင်သူ အမိုက်မကို စိုးရိမ်တကြီး ပြေးပွေ့ပါတယ်။
"ဒီမှာ . . . ဒီမှာ . . . ဆေး"
သူ့လက်ထဲက ဆေးဘူးကို ဆွဲယူကာ အဖိုးဖွင့်ပြီး ဆေးတစ်ကဒ်ကို အလျင်အမြန် ရှာတယ်။ ထို့နောက် ဆေးတစ်လုံးဖောက်ကာ သောက်တော့ . . .
"ဘယ်လိုလဲ . . . သုနရီ ၊ သက်သာရဲ့လား"
ဗိုက်ကို ဖိကာ ရှုံ့မဲ့နေလို့ သူ့အမေးကို မဖြေနိုင်ဘူး။
သူကတော့ စိုးရိမ်မကင်းသော မျက်လုံးတွေနဲ့သာ ဇနီးသည်ကို ကြည့်နေရတယ်။ အခြေအနေ မထူးခြားရင် ချက်ချင်း ဆေးခန်းသွားရမယ်လေ။ ထင်ထားသလိုပါပဲ။ နာရီဝက်လောက်ကြာအောင် စောင့်ကြည့်ပြီးသည်ထိ ရောဂါအခြေအနေက ထူးခြားမလာဘူး။ ဒီတော့ . . .
"မဖြစ်တော့ဘူး . . . ဆေးခန်းသွားမှ ရမယ်။ ဒီအတိုင်း ဆက်နေရင် ဒုက္ခများသွားလိမ့်မယ်"
သဘောတူညီမှုကို စောင့်မနေဘူး။ မိုးဝေ သွက်လက်ရပါပြီ။
. . .
Comments
Post a Comment