သိသောသူမည်ကား ကြားပါစေ . . .( ၂၄ ) @ သိုးဆောင်း

 


Intro . . . For Ending


"တစ်ခါတည်း သေသွားရောလားဗျ . . ."

သည်းမခံနိုင်တော့တဲ့အဆုံး ကျွန်တော် မေးလိုက်မိသည်။ ထိုအခါ ဇာတ်လမ်းပြောပြသူ ပုဂ္ဂိုလ်က မချိပြုံးဖြင့် ခေါင်းကို ယမ်းရင်း . . .

"ဘယ်သေဦးမလဲဗျာ . . . ဒီနည်းက တစ်ခါတည်း အသေသတ်တဲ့နည်းမှ မဟုတ်ဘဲ။ ဖြည်းဖြည်းချင်း သတ်တဲ့နည်း။ အဲတော့ ခုနစကားကို ပြန်ဆက်ရရင် လူနာကို ဆေးခန်းပို့လာလိုက်တယ်ပေါ့။ ဟိုရောက်တော့ ရောဂါအမှန်ကို ရှာမရဘူး။ ဓာတ်မှန်ရိုက်ကြည့်တော့လည်း ဘာပြစ်ချက်မှ မပေါ်ဘူး။ အဲဒါနဲ့ သာမန်အခန့်မသင့် ဖြစ်တာလောက်ပဲ သဘောထားပြီး ဆေးထိုး ၊ ဆေးသောက်ပဲ လုပ်ပေးလိုက်တယ်။ အခြေအနေဆိုးလာရင်တော့ ဆေးရုံတက်ဖို့ ဆရာဝန်က မှာလိုက်ပါတယ်။ လူနာကိုယ်တိုင်က ဆေးရုံးဆေးခန်းကြောက်တာဆိုတော့ ဘယ်တက်လိမ့်မလဲဗျာ။ ဒီလိုပဲ ဆရာဝန်ပေးလိုက်တဲ့ ဆေးသောက်ပြီး သက်သာမလား စောင့်ကြည့်တာပေါ့"

"သက်သာလား"

"နှစ်ရက် သုံးရက်တော့ ဆေးရှိန်နဲ့ သက်သာသလို ရှိလိုက်တယ်ဗျ။ ဒါပေမဲ့ ဆေးပတ်လွန်တော့ ပြန်အောင့်လာတာပါပဲ။ အဲမှာ သူတို့က တစ်နည်း ထပ်စဉ်းစားတယ်။ ရောဂါလည်း မပေါ်ဘူး။ နာတာလည်း မပျောက်ဘူးဆိုတော့ သူ့ကို တစ်ယောက်ယောက်က အောက်လမ်းနည်းနဲ့ ပြုစားထားသလားပေါ့။ ဖြစ်လည်း ဖြစ်နိုင်တယ်လေ။ မဟုတ်တာ လုပ်ထားတဲ့သူဆိုတော့ ချစ်သူထက် မိုးသူက သေချာပေါက် များနေမှာကိုး။ အဓိကကတော့ ရဲရင့်ဆိုတဲ့ ကောင်လေးရဲ့ ဖုန်းထဲက အကြံပေးမှုပေါ့ဗျာ။ ဒါနဲ့ပဲ လူနာက မိုးဝေကို ပယောဂကုတဲ့ ဆရာတစ်ယောက် ပင့်ခိုင်းပါရော။ မိုးဝေကတော့ စိတ်ထဲက ကျိတ်ရယ်နေမှာပေါ့ဗျာ။ ဒါပေမဲ့ လူနာစိတ်ချမ်းသာအောင် နာမည်ကြီး ပယောဂဆရာတစ်ယောက် ပင့်ပြီး ကုပေးပါတယ်"

"ပျောက်လား"

"အံ့ဩဖို့တော့ ကောင်းတယ်ဗျ။ ပယောဂဆရာက ဟိတ်နဲ့ ဟန်နဲ့ လူနာကို စမ်းသပ်ပြီး ပြောသွားတယ်။ အတွင်းလူ လုပ်တာပေါ့ဗျာ။ သုံးတောင်ဝတ်ထဲကပေါ့။ အစားကျွေးပြီး အပင်းထည့်လိုက်တာဆိုလားပဲ။ သူ့ပညာက မသေးဘူးနော်။ ဟပ်ချလောင်းမန်းပြီး လူနာဗိုက်ထဲက ဘလိတ်ဓားတွေတောင် ဘာတွေတောင် ထုတ်ပြသွားတာ။ အကြောင်းမသိရင် ဖျားသွားလောက်တယ်။ အကြောင်းသိတဲ့ မိုးဝေတောင် အဲဒီဆရာကို လက်ဖျားခါသွားတယ်။ ဆရာက ရေမန်းတွေ ဘာတွေ တိုက်ဆေးပေးပြီး ပြန်သွား။ အမယ် . . . နောက်နေ့ လူနာက ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်ဗျ။ ဒါပေမဲ့ လေးငါးရက်ပါပဲ။ ဘယ်လိုလုပ်ပြီး သက်သာနိုင်မလဲဗျာ။ ကော်ဖီက တစ်နေ့ နှစ်ခွက်လောက် ပုံမှန်သောက်ဖြစ်နေတဲ့ဥစ္စာ။ ပိုပြီးဆိုးသွားတာက ကော်ဖီထဲမှာပါတဲ့ ဘိန်းတစ်မျိုးကြောင့် လူနာကိုယ်တိုင်က ကော်ဖီကို အချိန်ကျရင် မသောက်ရ မနေနိုင်တော့ဘူး"

"ဟာ . . . အဲလောက်တောင်"

"ဟုတ်တယ် . . . သူ့အလိုလိုကို သွေးက တောင်းလာတာ။ အဲ့တော့ ပြီးပြီပေါ့။ နောက်ပိုင်းတော့ တဖြည်းဖြည်း အခြေအနေဆိုးသထက် ဆိုးလာတယ်ပေါ့။ စားမဝင် အိပ်မပျော်တော့ဘူး။ ခန္ဓာကိုယ်က တဖြည်းဖြည်း ပိန်လှီပြီး ချွတ်ခြုံကျလာတယ်"

"နောက်ဆုံး ဘယ်လို ဖြစ်သွားလဲ"

သိချင်စိတ်တို့ ပြင်းထန်လာရကာ အလျင်စလို မေးလိုက်သည်။ ထိုအခါမှာတော့ . . .


. . .

အပိုင်း - ၂၅ သို့


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်