သိသောသူမည်ကား ကြားပါစေ . . .( ၂၅ ) @ သိုးဆောင်း

 


"ဒီနယ်မှာ သတင်းကြီးလှသည် . . . မင်းသမီးလေး ရွှေသုန္ဒရီ

အဆိုရော အကရော ရုပ်ချောသဘောညီ . . . လူတိုင်း ချစ်နေပြီ။

ဒီနယ်မှာ သတင်းကြီးလှသည် . . . မင်းသမီးလေး ရွှေသုန္ဒရီ

လူတိုင်းနှုတ်ဖျား မနားတမ်း . . . ရေပန်းစားနေပြီ . . ."

ဟား . . . ဟား . . .  ရေပန်းစားနေပြီ သုန္ဒရီ။ မင်းအကြောင်းကတော့ လူတိုင်း ပါးစပ်ဖျားမှာကို ရေပန်းစားနေပြီ။ မင်း ဘယ်သူနဲ့ ဖောက်ပြန်နေတာတွေ ၊ ကာမပိုင် လင်ယောကျ်ားရှိရက်နဲ့ နောက်ကွယ်မှာ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေ ၊ မင်းအကောင်ကို မင်း ဘယ်လိုလျော်ခဲ့တာတွေ . . . မင်းယောကျ်ား ငါက ဘယ်လောက် နွားကျနေတာတွေ . . . လူတွေရဲ့ ပါးစပ်ဖျားမှာကို ရေပန်းစားနေပြီ သုန္ဒရီရေ။

အခုကြည့်စမ်း . . . ရောဂါမပေါ်ဘဲ မင်း အိပ်ရာထဲ လဲနေပြီ။ လူတွေ ဘယ်လိုထင်ကြလဲ။ မင်းကို ဘယ်လိုပြောနေကြလဲ သိလား။ မြန်မြန်သေ အေးရောတဲ့။ ဟား . . . ဟား . . . မင်းကို ဘယ်သူမှ မချစ်တော့ဘူး။ မချစ်တဲ့အပြင် အကုန်ရွံနေကြပြီ။ အခု လူတွေ သနားနေကြတာ ငါ့ကိုကွ။ ငါ့ကို။ နိုင်ငံရပ်ခြားမှာ ပိုက်ဆံတွေ ကုန်းရုန်းပြီးရှာ။ ပြန်လာတော့ မိန်းမက နေမကောင်းဖြစ် ၊ ဘာမှမသိရှာဘဲ မိန်းမအတွက် အပူမီးတွေဝိုင်း ၊ ယူကျုံးမရတွေဖြစ်၊ လူနာကို ပြုစုရတာလည်း ဖတ်ဖတ်ကိုမော ၊ ဟိုဆေးခန်းပြေးရ ၊ ဒီဆေးခန်းပြေးရ ၊ ဟိုဆရာပင့်ရနဲ့ . . . အဟင်း . . . ပင်တော့ပင်ပန်းတာပေါ့ . . . သုန္ဒရီရယ်။ ဒါပေမဲ့ ငါ ပျော်တယ်ဟေ့ . . . ဘာတဲ့ . . .


"တျာနီမြန်း ချစ်နှုတ်ခမ်းပလီ . . .

သမင်မျက်လုံး ရှုမက် မဆုံးပြီ . . .

အမရာ ၊ ကိန္နရီ ၊ မဒီ ၊ သမ္ဘူ ထူးမြတ်တဲ့ ဆုတွေအညီ . . .

ဘယ်ရှေးဆုတောင်း ဘယ်အကြောင်းငယ်ဖန်သည် "


မင်းကိုမင်း ကြည့်စမ်းပါဦး . . . သုန္ဒရီ ၊ ဘယ်ရုပ် ပေါက်နေပြီလဲလို့။ နှုတ်ခမ်းတွေက မသာနှုတ်ခမ်းလို ဖြူဖွေးနေပြီ။ မျက်ကွင်းတွေညိုလို့။ ချိုင့်လို့ ၊ ပါးချောင်နားချောင်တွေ ကျလို့။ လူရုပ်တောင် ကောင်းကောင်း မပေါ်တော့ဘူး။ ဒါနဲ့များ မင်းက နေပြန်ကောင်းရင် ကျောင်းသွားချင်သေးတယ် . . . ဟုတ်လား။

အမရာ ၊ ကိန္နရီ ၊ မဒီ ၊ သမ္ဘူ တော်လေးဝ ဝင်တွေတဲ့။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းရှာတာတောင် ဒီလေးယေက်ပဲ တွေ့ခဲ့တယ်တဲ့။ ငါကတော့ ယုံသွားပြီ . . . သုန္ဒရီရေ။ ငါတော့ တော်တော်ယုံသွားပြီ။ ငါလည်း မထင်ရလောက်အောင် ရူးနှမ်းခဲ့တဲ့ ကောင်ပဲ။ မင်းလို မိန်းမမျိုးကိုမှ သွားပြီး အမရာ ၊ ကိန္ဒရီ ၊ မဒီ ၊ သမ္ဘူနဲ့ နှိုင်းမိလိုက်သေးတယ်။ ကိုယ့်ကိုယ်ကို ခံပြင်းလို့ မဆုံးဘူး။

တော်လေးဝမဝင်ရင်တောင် ကောင်းသော မိန်းမတစ်ယောက် ၊ ကောင်းသော ဇနီးသည်တစ်ယောက်ဖြစ်ရင် တော်သေးတာပေါ့ကွာ။ တန်ဖိုးရှိသေးတာပေါ့ကွာ။ အခုတော့ . . . လာပြီ ၊ လာပြီး . . . ငါ့အကြိုက်ဆုံးအပိုဒ် လာပြီ။


"ညကမ္ဘာလေးမှာ ပျော်စရာရွှင်စရာ . . .

အထူးသရုပ်ဆောင်သည် . . . လက်ခုပ်ဩဘာ ဆူညံသံတွေ

နဘံမိုးသို့ ညံစီ . . . .ကသာကပါ ရွှေသုန္ဒရီရေ . . .

မောင်လည်း ကြည့်နေသည်  . . .

သူ့အလှတောမှာ စုန်ချည်ဆန်ချည် ရင်မောလှပါသည် . . .

ဒီဘဝမှာ မနီးရရင်ဖြင့် ကြီးဒုက္ခ မီးဖိစီးလိမ့်မည် . . ."


ညရောက်နေပြီ . . . သုန္ဒရီရဲ့ ။ လုပ်စမ်းပါဦး ။ အရင်တုန်းကလို ငါ့ကို တီတီတာတာ စကားတွေ ပြောပြီး အယုံသွင်းစမ်းပါဦး။ ဟိုကောင်နဲ့ ပျော်လို့ကောင်းအောင် ၊ ဟိုကောင်နု့ ဖြစ်ချင်တိုင်း ဖြစ်လို့ကောင်းအောင် ငါ့ကို သကာရည်လောင်းစမ်းပါဦး။

ဟင်း . . . ဟင်း . . . မင်း အခုတော့ ခုတင်ပေါ်မှာ ခွေခွေလေး လဲနေတယ်။ အသက်တောင် အနိုင်နိုင် ရှူနေရတယ်။ လျှော့တွက်တာကိုးကွ။ ငါ့ကို လျှော့တွက်ခဲ့တာကိုး။ မဟုတ်ဘူး။ အဓိကက ငါ့အချစ်ကို လျှော့တွက်ခဲ့တာ။ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ စကားက အလကားပေါ်လာတာ မဟုတ်ဘူးကွ။ နားလည်လား။

ကစမ်း . . . မင်းကြိုက်သလောက်က . . . လိုက်စမ်း။ မင်း အကောင်နဲ့ ကြိုက်သလောက် ပလူးလိုက်စမ်း။ ဟင်း . . . ဟင်း . . . အခု မင်း မကနိုင်တော့ဘူးမလား။ မပလူးနိုင်တော့ဘူးမလား။ ငါကတော့ လက်ခုပ်တီးပေးနေတယ် . . . သုန္ဒရီရေ။ မင်းပုံစံကို ကြည့်ပြီး လက်ခမောင်းခတ်ပြီးတော့ကို အားပေးနေတယ်။ မင်းပုံစံက အခုမှ တော်တော်ကြီးကို ကြည့်လို့ကောင်းသွားတာ။ ဒီလိုပုံနဲ့ပဲ မင်းက ထိုက်တန်တာလေ။ ဖြစ်နိုင်ရင် ဗီဒီယိုတောင် ရိုက်ထားလိုက်ချင်သေးတယ်။ ဒါမှ နှစ်ခွေယှဉ်ကြည့်ပြီး မတည်မြဲခြင်းသဘောကို ငါ နားလည်ရမှာ ၊ သံဝေဂယူနိုင်မှာ။

ဪ . . .လူ့ဘဝဆိုတာ ဒီလိုပါလား . . . သုန္ဒရီရယ် ၊ ဒီလိုပါလားကွယ် . . . သေချာတာကတော့ မင်းရဲ့ ချစ်ပါတယ်ဆိုသော မောင်တော်ဘုရားနဲ့ ဘယ်လိုမှ ဆုံဆည်းနိုင်မှာ မဟုတ်တော့ဘူ။ ဟား . . . ဟား . . .


"ခြေလက်ခေါင်းခါး . . . စည်းဝါးနရီ ပိုင်နိုင်သည် . . .

မိုးမလင်းမီ ရွှေသုန္ဒရီရေ . . . ကကြိုးပျောက်မှာ စိုးမိသည်

ပရိသတ် လက်ခုပ်သံကြား  ယစ်မူးလွန်မှားမှာဖြင့် . . .

ထိန်းမနိုင် ၊ သိမ်းမနိုင် ယိမ်းယိုင်မလားကွယ် . . .

မောင်တွေးမချိပါပြီ . . . အသည်းတယားယား . . .

ရင်တလှပ်လှပ်နဲ့ . . .  မနောဓာတ်ဘဝင်မှာ ကတုန်ကရီ . . .

ရွှေပဒုမ္မာကြာအချပ်ကို လေအဟုန်လာဟပ်သလို ဖြစ်ပြီ"

ပိုင်နိုင်ခဲ့တယ်လေ။ အစကတော့ လေးစားလောက်အောင်ကို ပိုင်နိုင်ခဲ့တာ။ လူတိုင်းမှာ မရှိနိုင်တဲ့ ရိုးသားမှု ၊ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ၊ ထိန်းသိမ်းမှု ၊ သိက္ခာရှိမှု ၊ အဲဒါတွေအားလုံး မင်းမှာရှိခဲ့တာ။ ဒါပေမဲ့ ငါနဲ့ရပြီး နောက်ပိုင်း မင်းက အရင် သုန္ဒရီ မဟုတ်တော့ဘူး။ မဆင်းရဲတော့ဘူး။ တန်းဖိုးကြီးသော အသုံးအဆောင်ပစ္စည်းတွေ ဝတ်စားသုံးဆောင်နိုင်လာပြီ။

ဒီအခါမှာ မင်းကို လူတွေ ဂရုစိုက်လာပြီ။ စောင့်ကြည့်လာပြီ။ ပြီးတော့ ချဉ်းကပ်လာကြပြီ။ အထူးသဖြင့် တန်ဖိုးမဲ့တဲ့ ရဲရင့်လို ယောကျ်ားပျက်တွေ မင်းနားကို ရောက်လာပြီ။ ဟား . . . ဟား . . . အစကတော့  ပြည့်တန်ဆာတို့ ၊ မိန်းမပျက်တို့ ဆိုတာလောက်ပဲ ကြားဖူးတာကွ။ အခုမှ ဒီကောင့်ကို ကြည့်ပြီး လောကမှာ ယောကျ်ားပျက်ဆိုတာလည်း ရှိသေးမှန်း နားလည်သွားတယ်။ အဲဒါတွေမှာ မင်း သာယာသွားတာ။ မသုံးဖူးတာတွေ သုံး ၊ မဝတ်ဖူးတာတွေ ဝတ်၊ အရင်က လှည့်တောင်မကြည့်ခဲ့တဲ့ လူတွေက မင်းကို ဂရုတစိုက် အလေးထားပြီး ကြည့်လာရတာတွေ၊ ရဲရင့်လို ယောကျ်ားပျက်တွေရဲ့ ငြုဆွဲဆွဲစကားတွေမှာ မိန်းမူးသွားတာ၊ ပျော်ဝင်သွားတာ။

စိတ်တော့ မကောင်းဘူး . . . သုန္ဒရီ ၊ နောင်တမရခင် မင်းဘဝဆုံးခန်းတိုင်တော့မယ်။ အခု မင်းရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ ငါ့ဆံပင်တွေ စိုက်နေပြီ။ အဲဒါတွေရဲ့ နှိပ်စက်မှုဒဏ်ကို မင်းအလူးအလဲ ခံနေရပြီ။

ဒီဒဏ်ရာနဲ့ မင်းဘဝ မဆုံးဘူးလား . . . ရတယ်။ ငါ အခု ကော်ဖီ ဖျော်ထားတယ် . . . သုန္ဒရီ အကယ်၍များ မင်းနိုးလာရင် ငါ့ကို သေချာပေါက် ကော်ဖီတောင်းမှာ။ မသောက်လို့ မရတော့ဘူးလေ။ မင်း ငါ့ကော်ဖီကို ဘိန်းစွဲသလို စွဲနေပြီ။

ငါ့ဆံပင်တွေ မင်းအစာအိမ်နံရံမှာ များသထက် များလာတာနဲ့အမျှ အဲဒါတွေက ကောင်းကောင်း ဒုက္ခထပ်ပေးဦးမှာ သုန္ဒရီရေ။ နာတဲ့ ဝေဒနာကနေ ကင်ဆာအဖြစ် ပြောင်းသွားလိမ့်မယ်။ အဲဒီအခါမှာ မင်း ဒီထက် ပိုခံစားရလိမ့်မယ်။

ပြီးတော့ . . . 

ငါပို့ပေးချင်တုံ နေရာကို မင်း အမြန်ဆုံး ရောက်သွားလိမ့်မယ်။


. . .


အခုတော့ . . .

ကမ္ဘာမြေကြီးကို ဖန်တီးတဲ့ စွမ်းအားရှင်ကိုရော . . .

ဖိုမတို့ရဲ့ မိဘနှစ်ပါးကိုရော

ပြောလို့ရရင် စကားတစ်ခွန်းကို 

သုံးခါသုံးချင်တယ်။


ရှိစေတော့လေ . . .

ရှိစေတော့လေ . . .

ရှိစေတော့လေ . . .


ငါ့ဘဝနဲ့ ငါပဲ ရှိပါစေ​တော့ . . . 


သူမကိုတော့ . . . 

နတ်ဘုံနတ်နန်းနဲ့

စံမြန်းခွင့်ပေးတော်မူပါ . . .

အပိုင်း - ၂၆ သို့


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်