သိသောသူမည်ကား ကြားပါစေ . . .( ၂၆ ) @ သိုးဆောင်း

 


Ending


"ရက်စက်လိုက်တာဗျာ .  . ."

စကားဆုံးဆုံးချင်း ကျွန်တော့်နှုတ်က ထွက်လာမိသော ရေရွတ်မှုတစ်ခုပါ။

"သူ့နေရာကလည်း ဝင်ကြည့်ဦးလေဗျာ။ ဟိုးအောက်ဆုံးက လူတစ်ယောက်ကို အမြင့်ဆုံးထိ ရောက်အောင် မြှင့်တင်ပေးခဲ့တယ်။ အကောင်းဆုံးအရာ ၊ အကောင်းဆုံး ခံစားမှုတွေကို ခံစားစေခဲ့တယ်။ ဒါတွေ ပြည့်စုံမှ သူ့ကိုပစ်ပြီး နောက်တစ်ယောက်နဲ့ ဖောက်ပြန်တယ်ဆိုတာကြီးက . . . နောက်ပြီး သူ အရမ်းချစ်ရတဲ့သူ ၊ သူ့ကို ချစ်ပါတယ်ဆိုတဲ့ မိန်းမက သူတို့ရဲ့ မင်္ဂလာဦးအိပ်ခန်းထဲ နောက်ယောကျ်ားတစ်ယောက်ခေါ်ပြီး ဖြစ်ချင်တိုင်း ဖြစ်နေတာကို သူကိုယ်တိုင် မျက်ဝါးထင်ထင် မြင်နေရတဗျ။ ခင်ဗျားပဲ စဉ်းစားကြည့်လေ"

ဒီလိုဆိုတော့လည်း ဟုတ်နေပြန်သည့်အတွက် ကျွန်တော် ငြိမ်သွားပါသည်။ ဒါပေမဲ့ . . .

"သုန္ဒရီ . . . သေသွားတာလား"

"ဒါကိုတော့ ကျုပ်မပြောဘူး"

ထင်မှတ်မထားသော အဖြေကြောင့် ကျွန်တော် မော့ကြည့်လိုက်တော့ ပုဂ္ဂိုလ်ကသက်သာပါပင် ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်နေသည်။

"မိုးဝေကရော ထောင်ကျသွားတာလား"

"အဲဒီမေးခွန်းဆို ပိုလိုတောင် မပြောဘူး"

ထိုလူ့မျက်နှာအား ကျွန်တော် စေ့စေ့ကြည့်မိလိုက်၏။ ဘာသဘောပါလဲ။ ဇာတ်လမ်းတစ်ခုလုံး ပြောပြလာပြီးကာမှ . . .

"အမှန်တော့ သုန္ဒရီသာရှေ့မှာ စကားကြီး စကားကျယ်တွေ မပြောခဲ့ဘူး။ ကိုယ့်ကိုယ်ကို ထင်တစ်လုံး မလုပ်ခဲ့ဘူးဆို မိုးဝေ ဒီလောက်ထိ ရက်ရက်စက်စက် လုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သုန္ဒရီက ရှေ့ပိုင်းမှာ အရမ်းကြည်ညိုဖို့ ကောင်းခဲ့တယ်လေ။ နောက်မှ ဘယ်လို ဖြစ်သွားတယ် မသိဘူး။ မိုးဝေကို တကယ်မချစ်လို့လား။ မချစ်ရင်လည်း အစကတည်းက မယူခဲ့သင့်ဘူး။ ကိုယ့်စိတ်ကို မထိန်းနိုင်ဘူးလည်း မိုးဝေကို တရားဝင်ကွာပစ်လိုက်။ အခုဟာကဗျာ . . ."

ကျွန်တော် တိတ်သွားမိသည်။

"မိုးဝေကို ရက်စက်တယ်လို့ပြောရင် ဟိုမိန်းမကရော ရက်စက်တာ မဟုတ်ဘူးလားဗျ။ ပင်လယ်ရပ်ခြားမှာ မိသားစုအတွက် စီးပွားထွက်ရှာနေတာဗျ။ ရှင်းရှင်းပြောရရင် သူ့အတွက် ရှာနေတာ။ ရက်စက်တယ်ဆိုရင် မိုးဝေအတွက်ကရော ဘာလဲ။ မိုးဝေအတွက် အမှန်တရားကရော ဘယ်မှာလဲ"

တိတ်နေရပြန်ပါသည်။ မတိတ်လို့လည်း မရ။ ပြောပြသူ ပုဂ္ဂိုလ်က တဖြည်းဖြည်းနဲ့ ဒေါသသံ ပါလာနေပြီမဟုတ်ပါလား။

"ကဲ . . . စာရေးဆရာ ၊ ခင်ဗျားကို ကျုပ်မေးမယ်ဗျာ . . . အဲဒီ နှစ်ယောက်မှာ တကယ်ရက်စက်တာ ဘယ်သူလဲ"

မေးလာလေပြီ။

ဘယ်လို ဖြေရမည်နည်း။

အဓိကကတော့ သေချာစဉ်းစားဖို့ပါပင်။

ကိုယ်ချင်းစာစိတ်ကို ရင်ဝယ်ထား၍ နှစ်ဖက်စလုံးမှ ဝင်ကာ စဉ်းစားကြည့်ရမည်။

လူဆိုတာ အသိဉာဏ်ရှိရမည်။ ကိုယ်ချင်းစာတတ်ရမည်။

ထို့ကြောင့် ဒီမေးခွန်းအတွက်ကိုတော့ ကျွန်တော် အချိန်ယူရပါလိမ့်မည်။

ကဲ . . . ကျွန်တော့်ရဲ့ ချစ်စွာသော ညီအကိုမောင်နှမများ ၊ သူငယ်ချင်းများ အားလုံးကရော ဒီကိစ္စကို ဘယ်လိုမြင်ပါသနည်း။

မိုးဝေ နှင့် သုန္ဒရီ ဘယ်သူက ရက်စက်သည် ထင်ပါသနည်း။

မိုးဝေဘက်ကလည်း ဝင်ရောက်စဉ်းစားပေးကြပါ။

သုန္ဒရီဘက်ကလည်း ဝင်ရောက်စဉ်းစားပေးကြပါ။

(သို့)

သူတို့နှစ်ဦးကြားမှာ အမှန်တရားတစ်ခု ရှိဦးမည်ဆိုလျှင်လည်း . . .


. . .


သိုးဆောင်း

ကျမ်းကိုး -

ရွှေသုန္ဒရီ (ဂီတစာဆို စိန်မောင်မြင့်)


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်