သက်ငြိမ်ည @ အေထူးအောင်၊အဏ္ဏဝါ၊


ညတွင် အခန်းငယ်သည် လှုပ်ရှားမှုမရှိ၊ တိတ်ဆိတ် ငြိမ်သက်နေသည်။ ပြတင်းမှန်တွင် တပ်ဆင်ထားသော လိုက်ကာသည် တိတ်ဆိတ်ခြင်းကို အားကူပေးသည်။ လှုပ်ရွခြင်း ပကတိ ကင်းမဲ့လျက်။ ဦးမောင် ခုတင်ပေါ်တွင် ပက်လက်အနေထားဖြင့် လဲလျောင်းကာ မျက်လုံးကို စေ့စေ့မှိတ်ထားသည်။ နားထဲတွင် အိမ်မြှောင်စုတ်ထိုးသံကို တစ်ချက်တစ်ချက် ကြားရသည်။ တစ်ခါတစ်ရံ လမ်းထိပ်မှ ခွေးဟောင်သံ စူးစူးကိုလည်း ခပ်သဲ့သဲ့ ကြားရသည်။ ထိုအသံတို့သည် တိတ်ဆိတ်နေသော ဦးမောင်၏ အခန်းငယ်ကို ပို၍ တိတ်ဆိတ်စေခဲ့သည်။ မျက်လုံးကို စေ့စေ့မှိတ်ထားသော်လည်း ဦးမောင်၏ စိတ်ထဲတွင် အတွေးပေါင်းစုံတို့ ရှုပ်ယှက်ခတ် ပြေးလွှားနေကြသည်။ ညသည် မှောင်မိုက်လျက်ရှိသည်။ အတွေးတို့သည် အဖော်မဲ့စွာ ပျင်းရိရိ ခြောက်ကပ်ကပ်။ ဤညမျိုးကို ဦးမောင် မုန်းတီးသည်။ မုန်းတီးသည်ဆိုရာထက် ကြောက်ရွံ့သည်။ ချောက်ချားမိသည်။ တိတ်ဆိတ်ခြင်းကို ဦးမောင် မနှစ်မြို့။ ထို့ထက် တိတ်ဆိတ်ခြင်းကို ခုတုံးလုပ်၍ သောင်းကျန်းသော အတွေးတို့ကို ပို၍ မနှစ်မြို့။ ခေါင်းရင်းမှ မီးခလုတ်ကို ဖွင့်လိုက်သည်။ အိပ်မပျော် သည့်အချိန် အတွေးတို့၏ နှောင့်ယှက်ခြင်းကို ခံရခြင်းထက် လက်ရှိအခြေအနေကို လှုပ်ရှားသက်ဝင်စေခြင်းက ဦးမောင်ကို အနည်းငယ် .. စိတ်သက်သာစေမည်ဟု ဦးမောင် တွေးမိသည်။ ဝါကြင့်ကြင့် မီးရောင်ကြောင့် ခုတင်ဘေး စားပွဲပေါ်မှ ဇီဇဝါပန်းအိုးကို ဝါးတားတား လှမ်းမြင်နေရသည်။ စိမ်းဖန့်ဖန့် ဖန်ပန်းအိုးထဲတွင် အပွင့်ဖြူဖားဖားကြီးတစ်ပွင့်တည်းသာ ရှိသည်။ သင်းကြူကြူ ဇီဇဝါဖြူရနံ့ကို ခပ်ဖျော့ဖျော့ရသည်။ ရနံ့တော့ မွှေး၏။ သို့သော် ပန်းကိုကြည့်ပြီး ဦးမောင် စိတ်မချမ်းသာ။ ပန်းသည် အပွင့်ကြီးသည်။ ကြည့်၍လှသည်။ သို့သော် ပန်းအိုးထဲတွင် တစ်ပွင့်တည်း အထီးကျန်နေသည်၊ အားငယ်နေသည်။ ဆိတ်ငြိမ်နေသည်၊ လွမ်းဆွေးနေသည်။ သူ့ကို အတန်ကြာ ဦးမောင် စိုက်ကြည့်မိသည်။ ဇီဇဝါသည် တဖြည်းဖြည်း မှုန်၍မှုန်၍သွားသည်။ 

လေးပင်သော ကိုယ်ကို လက်ဖြင့် ဖြည်းဖြည်းချင်း အားယူထောက်ကာ ဦးမောင် ထႇသည်။ မျက်လုံးကို မွတ်သပ်၍ မျက်မှန်ကို ကောက်တပ်လိုက်သည်။ ခြေထောက်ကို ကြမ်းပြင်ပေါ်ထိသောအခါ "ရှပ်” ဆိုသော အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဧည့်ခန်းရှိရာဘက်သို့ ဦးမောင် တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ ခြေသံတို့သည် ခြောက်သွေ့သွေ့နှင့် မြင်ပြင်းကတ်စရာ ကောင်းသည်။ အခန်းတွင်း ပဲ့တင်များ ထပ်လျက်ရှိသည်။ ယခုအချိန်တွင် အသံတစ်ခုခု သို့မဟုတ် လှုပ်ရှားမှုတစ်ခုခု ရှိလျှင် အခန်းသည် တိတ်ဆိတ်ခြင်းမှ ခေတ္တရုန်းထွက် နိုင်လိမ့်မည်ဟု ဦးမောင် ထင်သည်။ ထို့ကြောင့် ဧည့်ခန်းရှိ တီဗွီရှေ့ဆိုဖာတွင် ထိုင်လိုက်ကာ တီဗွီကိုဖွင့်သည်။ မြန်မာ့အသံလိုင်းတွင် အစီအစဉ်များ အားလုံးပြီး၍ တူးဆိုသော အသံသာ ကြားရသည်။ ထို့ကြောင့် နိုင်ငံခြားရုပ်သံလိုင်းတစ်ခုကို ဖွင့်သည်။ မကြာမီပင် တီဗွီပေါ်တွင် လှုပ်ရှားသော ရုပ်ပုံနှင့်အသံများ ထွက်ပေါ်လာသည်။ ဦးမောင် သက်ပြင်းကို ရှူးခနဲ ချလိုက်သည်။ ရုပ်သံတို့သည် ဦးမောင်၏ ခြောက်ကပ်မှုကို ခဏလွှမ်းမိုးထားမည်ဟု ဦးမောင်မျှော်လင့်သည်။ ညသည် အခန်းအပြင်ဘက်တွင် နက်သထက် နက်လာသည်။

တီဗွီထဲတွင် ရုပ်ပုံတို့သည် ဟိုဟိုသည်သည် ပြေးလွှားနေကြသည်။ အသံဗလံတို့ ဆူညံနေသည်။ သို့သော် အခန်းငယ်၏ တိတ်ဆိတ်ခြင်းကို အပြည့်မထိုးဖောက်နိုင်။ အသံတို့၏ ပဲ့တင်သံ ပို၍ ကျယ်လာလေလေ ဦးမောင်၏ စိတ်သည် ပို၍ ချောက်ချားလာလေလေ ဖြစ်သည်။ ထို့ကြောင့် အာရုံလွှဲရန် တစ်ခုခုလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ မီးဖိုဘက်သို့ ဦးမောင် ထွက်လာခဲ့သည်။ ရေခဲသေတ္တာထဲမှ စားစရာတစ်ခုခုကို ရှာဖွေသည်။ စားလက်စ တစ်ဝက်သာသာ ကျန်သော ပန်းသီးတစ်ခြမ်းကို ယူသည်။ ထို့နောက် ဧည့်ခန်းဘက်သို့ ပြန်လှည့်ထွက်လာခဲ့သည်။

“ခြောက်”

အခန်းငယ်သည် ရုတ်ခြည်း မှောင်မိုက်သွားသည်။ ဦးမောင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ရုတ်တရက်ဖြစ်သောကြောင့် ကြောက်စိတ်က ချက်ချင်း ကြီးစိုးလာသည်။ ပန်းသီးခြမ်းကို လက်တစ်ဖက်တွင် ကိုင်၍ အခြားတစ်ဖက်ဖြင့် ဟိုစမ်းသည်စမ်း ပြုသည်။ ဧည့်ခန်းရှိရာဘက် စိတ်နှင့်မှန်း၍ တဖြည်းဖြည်း လျှောက်လှမ်းလာရသည်။ မမြင်မစမ်းနှင့် ဟိုတိုက်သည် တိုက်တိုက်မိမည်စိုးသည်။ ထို့ကြောင့် ကိုယ်ကို ကုန်း၍ စမ်းရသည်။ ဧည့်ခန်းသို့ ရောက်နိုင်ခဲလှသည်ဟု ဦးမောင် ထင်သည်။ ထိုစဉ် ပျော့စိစိ အေးစက်စက် အရာတစ်ခုကို ထိသောအခါ ဦးမောင် ကြောက်လန့်တကြား အော်လိုက်မိသည်။

‘အား …”

အမှောင်ထဲတွင် ဦးမောင် ချော်လဲကျသည်။ လက်ထဲမှ ပန်းသီးခြမ်းသည် ဦးမောင် မမြင်နိုင်သော နေရာတစ်ခုသို့ လွင့်စဉ် လိမ့်သွားသည်။ ခါးနားတွင် မျက်ခနဲ ဖြစ်သွားသည်။ နောက် ထိုနေရာမှ တစစ်စစ် နာကျင်လာသည်။ ဦးမောင် မျက်ရည်ကျလုမတတ် ညည်းညူသည်။ သို့သော် ဦးမောင်၏ ညည်းသံတို့သည် တိတ်ဆိတ်သော အခန်းငယ်ထဲသာ ပဲ့တင်ထပ်ခဲ့သည်။ ကိုယ်ကို အားနှင့် ထ,ရန် ဦးမောင် ကြိုးစားသည်။ မရ။ ခါးသည် နာကျင်သထက် နာကျင်လာသည်။ ထို့ကြောင့် အနာမပျက်ရုံ ကိုယ်ကို ငြိမ်ငြိမ်ထား၍ ဖင်နှင့် တရွတ်တိုက် ရွှေ့သည်။ ဆိုဖာကို လက်နှင့် စမ်းမိသောအခါ လက်နှင့် အသာတွယ်ယူပြီး ဆိုဖာပေါ် တက်ရန် အားပြုသည်။ မရမက အနာခံ၍ ခုံပေါ်သို့ အတင်းတွယ်ဖက် တက်သည်။ ဦးမောင်၏ တစ်ကိုယ်လုံး ချွေးစေးတို့ ရွှဲရွှဲစိုနေပြီဖြစ်သည်။ သို့သော် တဖြည်းဖြည်း အားယူတက်သောအခါ လိမ်ဖည်လိမ်ဖည်နှင့် ဆိုဖာပေါ်ရောက်လာသည်။ ဆိုဖာပေါ်တွင် ပက်လက်ဆန့်ကာ လက်နှစ်ဖက်ကို ရင်ဘတ်တွင် ကပ်ထားသည်။ အသက်ရှူလိုက်သော အသံတို့သည် ဦးမောင်၏ ကိုယ်နားတွင် တဝဲလည်လည် ထွက်ပေါ်နေလျက်။ ဦးမောင် မျက်လုံးနှစ်လုံးကို ပြူးဖွင့်ထားသည်။ မျက်လုံးကို ပိတ်သည်ဖြစ်စေ၊ ဖွင့်သည်ဖြစ်စေ အခန်းငယ်သည် မှောင်သထက် မှောင်မြဲပင် ဖြစ်သည်။ 

ညဉ့်နက်လာသည်နှင့် အမျှ အခန်းအတွင်းသို့ အအေးဓာတ်က တစ်စတစ်စ စိမ့်ဝင်လာသည်။ ချွေးစိုနေသော ဦးမောင်၏ ကိုယ်သည် ကျောဘက်တွင် စိမ့်လာသည်။ ရင်ဘတ်ပေါ်ရှိ ဦးမောင်၏ လက်နှစ်ဖက်သည် အေးစက်နေသော ချွေးစေးတို့နှင့် တဆတ်ဆတ် တုန်ယင်လျက် ရှိသည်။ ဦးမောင် စိတ်ကို ဖြေလျှော့သည်။ တရိပ်ရိပ် တက်လာသော ဒေါသကို မျိုသိပ်သည်။ အေးစက်နာကျင်နေသော ခါးနှင့် ကျောပြင်တစ်ဝိုက်မှ စိတ်ကို ဖယ်ထုတ်သည်။ နာသည်ကို နာသည်ဟု မမှတ်နိုင်အောင် အတွေးတို့ကို ကစားသည်။ ထိုအခါ တိတ်ဆိတ် အတွေးတို့သည် ဦးမောင်ထံ တစ်ကျော့ပြန်ကာ နှောင့်ယှက်သောင်းကျန်းလာကြသည်။ တစ်ယောက်တည်းမို့ ဦးမောင်တွင် ခုခံ နိုင်စွမ်းနည်းလှသည်။ သို့သော် ထိုအတွေးတို့ကို ခုခံ ရင်ဆိုင်ရန်မှတစ်ပါး ဦးမောင်တွင် ရွေးချယ်စရာ အခြားမရှိ။

အမှောင်ထုကို ဖြတ်၍ ဦးမောင်၏ မြင်လွှာတွင် သူ၏ မျက်နှာသည် ဘွားခနဲ ပေါ်လာသည်။ ထိုအခါ ဦးမောင်၏ ဒေါသသည် ထောင်းခနဲထွက်ပေါ်လာသည်။ အရာအားလုံးသည် သူ့ကြောင့်ဖြစ်သည်။ သူသည် ပြဿနာအားလုံး၏ တရားခံ။ တည်ငြိမ်အေးဆေးနေသည့် ကန်ရေပြင်ထဲသို့ ခဲလုံးကို အလုံးလိုက် ပစ်ချသူ။ ဦးမောင် အံကိုကြိတ်သည်။ သူ အခု ပျော်နေရော့ မည်။ ခလောခလောမြည်သံ ထွက်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတော့မည်။ မိမိသာ တစ်ယောက်တည်း အထီးကျန် ခံစားနေရသည်။ သူကမူ ယခုလောက်ဆို သုခ ကမ္ဘာတွင် က,ခုန်နေရော့မည်။ ထိုသို့ တွေးမိသောအခါ ဦးမောင် ခံပြင်းမိသည်။ မိမိသည် သူ့ကို တုန်နေအောင် ချစ်ခဲ့ရသည်၊ အလိုလိုက်ခဲ့သည်။ သို့သော် သူက ဦးမောင် ချစ်သည်ကို အခွင့်ကောင်းယူ၍ အလိုလိုက် အမိုက် စော်ကားသည်။ ဦးမောင် ရင်ထဲ တစစ်စစ် နာကျင်လာသည်။ သူ့မျက်နှာကို တခွပ်ခွပ်မြည်အောင် ဆွဲထိုးပစ်လိုက်ချင်သည်၊ တွေ့ရာနှင့် ကောက်ပေါက်ပစ်ချင်သည်။ သူသည် ဦးမောင်၏ ဘဝကို တစ်စစီ ရိုက်ချိုးပစ်ခဲ့သူ။ ဦးမောင်ကို ရက်ရက်စက်စက် ပစ်ရက်ခဲ့သူ။ 

မိဘနှစ်ပါး ဆုံးသွားကတည်းက သူ့ကို အဖေလိုရော အမေလိုပါ စောင့်ရှောက် ပေးခဲ့သည်။ အစ်ကိုကြီး အဖရာပင်မက အမိရာ၊ အဘိုးရာ၊ အဘွားရာ ရာနိုင်သမျှ ရာပေးခဲ့သည်။ အသက် ၁၉ နှစ်တိတိ ကွာသောကြောင့် သူ့ကို ညီလေးတစ်ဦးထက် သားလေးတစ်ဦးပမာ အချစ် ပိုခဲ့ရသည်။ ပိုးမွေးသလို မွေးခဲ့သည်။ တုန်နေအောင် သည်းသည်းလှုပ်ခဲ့ရသည်။ အရာအားလုံး သူ့စိတ်တိုင်းကျ ဖြစ်စေခဲ့သည်။ ထိုသို့ ပေးဆပ်ခဲ့မှုများ အားလုံးအတွက် သူ့ဆီမှ ဦးမောင် တောင်းဆိုသည်မှာ များများစားစားမဟုတ်။ တစ်ခုတည်း ရယ်သာဖြစ်သည်။ မည်သည့်အချိန်၊ မည်သည့် အကြောင်းကြောင့် ဖြစ်စေ ဦးမောင်နှင့် တစ်သက်လုံး အတူနေပေးရန်သာ ဖြစ်သည်။ သို့သော် သူသည် ဦးမောင်၏ တစ်ခုတည်းသော ထိုတောင်းဆိုမှုကိုပင် မလိုက်လျောပေးနိုင်ခဲ့။ အင်းပါ၊ အင်းပါဟု တစ်သက်လုံး ကတိပေးလာခဲ့သည်ကို သူကိုယ်တိုင် မဖျောက်ပစ်ခဲ့သည်။ 

အမှန်မူ သူ့စနက် မကင်းသကဲ့သို့ သူ့ဇနီး၏ ပယောဂလည်း မကင်းသည်ကို ဦးမောင် သိနေသည်။ မနေ့တစ်နေ့ကထိ ဤအခန်းသည် စိုစိုပြည်ပြည် သိုက်သိုက်ဝန်းဝန်း ရှိခဲ့သေးသည်။ ထိုအချိန်တို့ကို ဦးမောင် ပြန်လည် တမ်းတ လွမ်းဆွတ်သည်၊ သတိရသည်။ သူသည် ညဘက်တိုင်း ဦးမောင်နှင့်အတူ အိပ်သည်။ ဦးမောင်ကို ညစဉ်ညတိုင်း ကန်တော့၍ နင်းနှိပ်ပေးသည်။ ဦးမောင် အရင် အိပ်နှင့်လျှင်မူ သူ့ရုံးမှ အလုပ်တို့ကို ဤဧည့်ခန်းဘက်တွင် တစ်ယောက်တည်း လာလုပ်လေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ သူရှိသည်ဟူသော အတွေးနှင့် ခေါင်းချလိုက်ချင်း ဦးမောင် ချက်ချင်း အိပ်ပျော်သည်။ လုံခြုံမှုရှိသည်ဟု ခံစားရသည်။ ညဉ့်နက်သန်းခေါင်ထိ အလုပ်ပြန် နောက်ကျလျှင်လည်း ဦးမောင်မပူ။ သူ ပြန်လာလိမ့်မည်ဟူသော အတွေးနှင့် ဦးမောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည်။ သူရှိနေလျှင် ဦးမောင်ဘဝတွင် မည်မျှ ပင်ပန်းပင်ပန်း ရင်တွင်းမှ တိတ်တဆိတ် ကြည်နူးရသည်။ သို့သော် သူသည် ဦးမောင်၏ အနားမှ ထွက်ခွာခဲ့သည်။

တစ်သက်လုံး အိမ်ထောင်မပြုဘဲ အသက်လေးဆယ်ရောက်မှ ဂြိုဟ်ထဖောက်ရသည်ဟု သူ့ကို အပြစ်မတင်လိုပါ။ ဆေးပေးမီးယူ စကားကို အကြောင်းပြ၍ ပေးသော ဆင်ခြေဆင်လက်တို့ကို ဦးမောင် မျက်စိမှိတ် လက်ခံပေးခဲ့ပါသေးသည်။ သို့သော် အိမ်ပါခွဲနေမည်ဟု ဆိုလာသည်ကိုမူ ဦးမောင် ခွင့်မလွှတ်နိုင်ပါ။ ၁၂ ပေ၊ ၅၀ ပေ နှစ်ခန်းတွဲသည် ပိုလာသော လူတစ်ယောက်အတွက် မည်မျှမှ အပန်းမကြီးသည်ကို ဦးမောင် ရှင်းပြသည်။ လိုအပ်ပါက သူတို့နှစ်ဦးအတွက် အခန်း သေချာပြင်ဆင်၍ ပရိဘောဂများပါ အလှဆင်ပေးရန် စဉ်းစားထားပြီးသား ဖြစ်သည်။ သူပြောခဲ့သော ကတိကို သူကိုယ်တိုင် ဖျက်သည်။ 

“ခင်က အိမ်ခွဲနေချင်တယ်လို့ ပြောတယ် အစ်ကိုကြီး”

ခင်ကခင်ဖြစ်သည်။ သူကသူဖြစ်သည်။ သူက မခွဲချင်လျှင် မဖြစ်။ လက်ခုပ်သည် နှစ်ဖက်တီးမှ မြည်သည်သာဖြစ်သည်။ ခင့်ကို သူပြောရမည်၊ နားချရမည်။ ဤတာဝန်ကို သူ ပျက်ကွက်သည်။ မိန်းမက ဒါဆိုလျှင် သူ လိုက်ဒါစရာမလို။ ဦးမောင် သူ့ကို ချော့ပြောသည်။ ခင့်မိဘများပါ လာနေမည်ဖြစ်သောကြောင့်ဟု ထပ်မံ အကြောင်းပြသည်။ လာနေပါ။ ဦးမောင် ပို၍ပင် ကြိုဆိုသည်။ နှစ်ယောက်တည်း မိသားစုဝင်နည်းခဲ့ရာမှ ယခု ပို၍ သိုက်သိုက်ဝန်းဝန်းဖြစ်လာမည်။ နောင်များဆို တူ တူမများနှင့် ပို၍ပင် စိုပြည်လာဦးမည်။ ဦးမောင် လက်ခံပေးမည်၊ နေရာထိုင်ခင်း စီစဉ်ပေးမည် စသဖြင့် သူ မထွက်သွားရေး ဦးမောင် အကုန်လုပ်ပေးမည်ဟု ဦးမောင် ဖျောင်းဖျသည်။ 

"ခင်က အားနာလို့ ဘေးချင်းကပ်က တိုက်မှာ တစ်နှစ်စာ ကြိုငှားထားပြီ”

ဦးမောင် ဆက်၍ သည်းမခံနိုင်တော့။ အရိပ်ပြလျှင် အကောင်မြင်သင့်သည် ဆိုသည်ကို ဦးမောင် သဘောပေါက်လာသည်။ ဦးမောင် အကောင်ကို အစောကတည်းက မြင်သည်။ မြင်ပါလျက် တစ်သက်လုံးနေခဲ့သည့် သံယောဇဉ်ကြိုးလေးကို အမျှင်တန်းမိရန် ကြိုးစားမိခြင်းဖြစ်သည်။ ဤသည်ကို သူက မိန်းမစကားမှ မိန်းမစကားဖြစ်နေသည်။ ဦးမောင် အော်ထုတ်ပစ်သည်။ အသံနက်ကြီးဖြင့် စူးစူးဝါးဝါး အော်ထုတ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ အော်ခြင်းသည် ဦးမောင် ဘဝတွင် သူ့အပေါ် ပထမဆုံးနှင့် နောက်ဆုံးပင် ဖြစ်သည်။

“သွား.. ဆင်းသွား၊ ဘယ်တော့မှ ပြန်မလာနဲ့”

သူသည် ဦးမောင်ကို ကြောင်သူငယ်လေးပမာ စိုးထိတ်စွာ ကြည့်သည်။ သူ့မျက်ဝန်းတွင် မျက်ရည်တို့လဲ့နေသည်။ သူ့မျက်နှာလေးသည် သိသိသာသာ ညှိုးသွားသည်။ ဦးမောင် သူ့ကို မသနား။ ဦးမောင် သူ့မျက်နှာကို မကြည့်တော့ဘဲ ကျောခိုင်းထားလိုက်သည်။ ကျွီ ဆိုသော တံခါးသံနှင့်အတူ သူသည် ဦးမောင်၏ အခန်းတွင်းမှ တိတ်တဆိတ် ပျောက်ကွယ်ခဲ့သည်။

*****

ဦးမောင် ပါးပြင်တွင် စိုခနဲ ပူနွေးသွားသည်။ အတွေးတို့သည် ပူပူနွေးနွေး မြင်ကွင်းများကို သယ်ဆောင် လာသည်။ ဦးမောင် ကျိတ်၍ ငိုချမိသည်။ ဆိတ်ငြိမ်သော အခန်းအတွင်းဝယ် ဦးမောင် ၏ ဒေါသများသည် ကြောက်ရွံ့ဝမ်းနည်း အားငယ်မှုများ အဖြစ်သို့ ပြောင်းလဲလာသည်။ ဦးမောင်၏ ကိုယ်လေး တဆတ်ဆတ် သိမ့်သိမ့်တုန် လျက်ရှိသည်။ ချွေးစိုနေသော အဝတ်တို့သည် ဦးမောင်၏ တစ်ကိုယ်လုံးကို အေးစက် နစ်မွန်းထားသည်။ ချွေးတို့၏ အေးစက်ဒဏ်ကို ဦးမောင် ခံနိုင်ရည်ရှိသည်။ သို့သော် သူ၏ အေးစက်စက် မျက်နှာကို စိတ်ထဲမြင်ယောင် မိသည့်အခါ ဦးမောင် သွေးပျက်မတတ် ဖြစ်လာရသည်။ 

တစ်ခါတလေ မိမိ အော်ထုတ်လိုက်သည်ကို မှားများ မှားခဲ့သလားဟု ဦးမောင် နောင်တရသလိုလို ခံစားလာရသည်။ တစ်သက်လုံး အော်ထုတ်ပစ်ဖို့ဝေးစွ ဆူပင် မဆူခဲ့ဖူးသည့် သူ့ကို ပစ်ပစ်ခါခါလုပ်ပစ်မိသည်။ သူ ဦးမောင်အပေါ် နာကြည်းစက်ဆုပ် သွားပြီထင်သည်။ ဦးမောင် ရင်တွေပူလာသည်။ နှလုံးခုန်သံများ တဒိတ်ဒိတ် ကျယ်လောင်လာသည်။ အို သူ့ဘာသာ နာကြည်းကြည်း မကြည်းကြည်း ဦးမောင် အနေသာကြီးဖြစ်သည်။ သည်ကိစ္စကို သူစခြင်းသာ ဖြစ်သည်။ သူမွှေးသောမီး သူချသော အမှိုက်။ ဦးမောင်စ,ခဲ့ခြင်းမဟုတ်။ ထို့ကြောင့် တုန်နေသော ရင်အစုံကို ဦးမောင် လက်ဖြင့်ထုပစ်သည်။ တုန်ရန် မတန်သည့် သူ့အတွက် ဘာမှ တုန်နေစရာ အကြောင်းမရှိ။ သူသည် ခုချိန်လောက်ဆို မိန်းမနှင့် အူမြူးနေလောက်မည် ဖြစ်သည်။ ဦးမောင်သာ တစ်ယောက်တည်း စိုးရိမ်ထိတ် နေရခြင်းဖြစ်သည်။ သူ့အကြောင်း ဆက်မတွေးတာပဲ ကောင်းသည်။ သို့မဟုတ်လျှင် မိမိသာ ခံစားဝမ်းနည်း ရောဂါတိုးမည်ဖြစ်သည်။ ထို့ကြောင့် အမြင်အာရုံတွင် ပေါ် နေသည့် သူ့မျက်နှာကို မျက်တောင် တဖျပ်ဖျပ်ခတ်၍ ဖျောက်ထုတ်ပစ်သည်။ သို့သော် သူ့မျက်နှာသည် ဦးမောင်၏ မြင်ကွင်းထဲတွင် ကွင်းကွင်းကွက်ကွက် ပေါ် နေမြဲဖြစ်သည်။

‘ကျွီ’

တံခါးဘက်မှ အသံကြောင့် ဦးမောင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ အသံသည် သံရှည်ဆွဲသကဲ့သို့ လေးလေးပင်ပင် ဖြစ်သည်။ ညနေက တံခါးကို အသေအချာ လော့ချထားသည်။ တံခါးသည် ပွင့်လာရန် အကြောင်းမရှိ။ သို့သော် ယခု ကြားလိုက်သော အသံသည် တံခါးဖွင့်လိုက်သော အသံ ဖြစ်သည်။ တစ်ယောက်တည်း စိတ်ချောက်ချားနေစဉ် ထိုအသံသည် ဦးမောင်၏ ကြောက်ရွံ့မှုတို့ကို အဆုံးထိ တွန်းတင်လိုက်သကဲ့သို့ ဖြစ်သည်။ ဦးမောင်၏ အတွေးထဲသို့ ယခင်က အဖြစ်အပျက်တစ်ခုသည် ထောင်းခနဲ ဝင်ရောက်လာသည်။ 

လွန်ခဲ့သည့် တစ်လခန့်က ဖြစ်သည်။ ညဉ့်နက်သန်းခေါင်ယံ ခုလိုအချိန်တွင် သူခိုးဝင်ဖူးသည်။ ထိုအချိန်တွင် သူက အလုပ်မှ ပြန်မလာသေး။ သူခိုးဝင်လာသည့် အချိန်တွင် ဦးမောင် တစ်ယောက်တည်းမို့ မီးမဖွင့်ရဲ။ အော်လိုက်လျှင်လည်း မိမိအော်သည်ကို အခြားအခန်းများမှ ကြားမည်မဟုတ်။ သူခိုးလက်ထဲတွင် လက်နက်ကိရိယာ တစ်ခုခု ယူလာခဲ့သော်ဆိုသည့် အတွေးနှင့် ဦးမောင် အခန်းတံခါးကြားမှ တိတ်တဆိတ်သာ ချောင်းကြည့်နေခဲ့သည်။ သို့သော် ဦးမောင် ကံကောင်းခဲ့သည်။ သူသည် တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်တွင် ပြန်ရောက်လာခဲ့သောကြောင့် သူခိုးသည် ပြတင်းတံခါးမှ ခုန်ဆင်းကာ ပြေးသွားသည်။ ခု တံခါးဖွင့်၍ ဝင်လာသူမှာ ထိုသူခိုးဖြစ်နိုင်သည်။ အိမ်တွင် ဦးမောင်တစ်ယောက်တည်း ရှိသည်ကို သိသောကြောင့် အခွင့်ကောင်းရတုန်း တစ်ဖန် ပြန်လာခိုးခြင်း ဖြစ်နိုင်သည်။ ဤသို့တွေးမိသောအခါ ဦးမောင်၏ အေးစက်နေသော ကိုယ်လေးမှာ ဆိုဖာပေါ်တွင် သိမ့်သိမ့်ခါလျက်ရှိသည်။ သို့သော် သူခိုး မရိပ်မိစေရန် တတ်နိုင်သမျှ ကိုယ်ကို ကျုံ့၍ ငြိမ်နေအောင် အားစိုက်ထုတ်သည်။ အားစိုက်ထုတ်လေလေ ကိုယ်သည် ပို၍ တုန်ခါလာလေလေ ဖြစ်သည်။ သူခိုးဝင်လာသည်မှာ ကျိန်းသေသလောက် ဖြစ်သွားပြီဖြစ်၏။ တံခါးဘက်မှ ခြေသံကို ဦးမောင် နားနှင့်ဆတ်ဆတ် ကြားနေရသည်။ သူခိုးသည် ခြေသံကို ဖွသထက် ဖွလျှောက်နေသည်ကို ဦးမောင် သိနေသည်။ ဦးမောင် အသက်ကို အသံမထွက်အောင် ရှူသည်။ သို့သော် တရှူးရှူးသံ ထွက်နေသဖြင့် သူခိုးရိပ်မိမည်ကို ဦးမောင် စိုးရိမ်လာသည်။ ဦးမောင်ကို ကြောက်ရွံ့မှုက ပို၍ပို၍ ကြီးစိုးလာသည်။ ဦးမောင် အရမ်းအားငယ်နေမိပါသည်။

ခြေသံသည် ဧည့်ခန်းဘက်သို့ ရွှေ့မလာဘဲ ဦးမောင်၏ အိပ်ခန်းဘက်သို့ ဦးတည် သွားသည်။ ဦးမောင်၏ ထိတ်လန့်မှုသည် ဒီရေအလား တရိပ်ရိပ် မြင့်တက်လာသည်။ သူခိုးသည် တော်တော်လည်သည့်ပုံ ပေါ်သည်။ မည်သည့်နေရာတွင် ဘာရှိသည်ကို သေသေချာချာ လေ့လာထားပုံ ပေါ်သည်။ ဦးမောင်၏ အတွင်းပစ္စည်းများ အားလုံးကို အိပ်ရာခုတင်အောက်တွင် သိမ်းဆည်းထားသည်။ ဤသည်ကို သူခိုး သိပုံရသည်။ ထိုသို့သော လက်ရဲဇက်ရဲ သူခိုးများသည် လူတစ်ယောက်ကို သတ်ပစ်ရန် ဝန်လေးသူများ မဟုတ်။ ထိုသို့သော သတင်းများကိုလည်း သတင်းစာ၊ ဂျာနယ်တို့တွင် ခဏခဏ ဖတ်ကြားသိ နေရသည်။ ဦးမောင် ငိုချင်လာသည်။ အသံထွက်မည် စိုးသောကြောင့်သာ ငိုမချမိအောင် ကြိုးစားနေရခြင်း ဖြစ်သည်။ ဤသည်မှာ သူ့ကြောင့်ဖြစ်သည်။ သူသာရှိလျှင် ဦးမောင် လုံးဝကြောက်မည် မဟုတ်။ ညီအစ်ကို နှစ်ယောက် သူခိုးကို တစ်နည်းနည်းနှင့် နှိမ်နင်းနိုင်မည်ဖြစ်သည်။ ကောင်းကျိုးမပေးသည့်သူ၊ ဥပေက္ခာပြုနိုင်လွန်းသူ။

ထင်သည့်အတိုင်းပင် သူခိုးသည် ဦးမောင် အခန်းသို့ တပ်အပ်ဝင် ရောက်သွားသည်။ ဦးမောင်၏ အခန်းတံခါးကို အသားလေးဖွင့်နေသည့် အသံကို ဦးမောင် ကြားနေရသည်။ ဦးမောင် ဘာလုပ်ရမည်ကို လျှပ်တစ်ပြက်အတွင်း စဉ်းစားသည်။ မည်သည့်အကြံမှ ထွက်ပေါ်မလာ။ ခုချိန် ထ,ပြေးရန် တွေးမိသော်လည်း နာနေသော ခါးဒဏ်ကြောင့် သူခိုးပြန် ထွက်လာပြီး ရန်မူသော် ဦးမောင် ပြေး၍ လွတ်နိုင်မည်မဟုတ်။ တစ်နေရာတွင် ပုန်းနေရန် ကြိုးစားသော် မမြင်မစမ်းနှင့် အချွတ်အချော်ဖြစ်ပြီး အသံထွက်သွားလျှင် ဘာမှတတ်သာတော့မည် မဟုတ်။ ကြံရာမရသည့်အဆုံး ဆိုဖာပေါ်တွင် တိတ်တိတ်ကလေး နေလိုက်ခြင်းသာ အကောင်းဆုံးဖြစ်မည်ဟု တွေးတောမိသည်။ သူခိုးသည် သူခိုးစရာရှိသည်ကို ခိုးပြီး တိတ်တိတ်ကလေး ပြန်ထွက်သွားလျှင် ဦးမောင် အသက်အန္တရာယ်မှ ကင်းလွတ်ခွင့်ရနိုင်သည်။ သို့မဟုတ်လျှင် မြွေပါလည်းဆုံး၊ သားလည်းဆုံးလိမ့်မည်သာ ဖြစ်သည်။ ထို့ကြောင့် အသက်ရှူသံကို တိတ်တိတ်ကလေးလျှော့၍ ကိုယ်ကို လူသေကောင်ပမာ မလှုပ်မယှက် ဖြစ်အောင်နေသည်။ ခဏကြာသော် သူခိုးသည် အခန်းတွင်းမှ တိတ်တဆိတ် ပြန်ထွက်လာသည်။ မှောင်မိုက်နေသော အခန်းတွင် သူခိုးကို သေချာမမြင်ရသော်လည်း အမည်းရောင် အရိပ်ပမာ မှုန်ပျပျတော့ တွေ့မြင်နေရသည်။ အရိပ်သည် ဦးမောင်နားသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။ ခြေသံသည် တစ်စတစ်စ ပို၍ ကျယ်လောင်လာသည်။ ဤအခြေအနေတွင် ဦးမောင် ဘာဆိုဘာကိုမှ မတတ်နိုင်တော့။ အသက်ရှူ ခဏရပ်၍ အသေကောင်ပမာ ဟန်ဆောင်နေလိုက်သည်။ မျက်တောင်နှစ်ဖက်ကို အဆုံးထိ မပိတ်ဘဲ မျက်တောင်ကြားမှ အရိပ်ကို စောင့်ကြည့်နေလိုက်သည်။ အရိပ်သည် ဦးမောင် အိပ်နေသော ဆိုဖာနားတွင် လာရပ်သည်။ အသက်ရှူ ရပ်ထားသောကြောင့် ဦးမောင်၏ ရင်ဘတ်သည် တဒုန်းဒုန်း ခုန်လျက်ရှိသည်။ အရိပ်သည် တုတ်တုတ်မျှမလှုပ်ဘဲ ဦးမောင်ကို စိုက်ကြည့်နေသည်ကို ဦးမောင် သိနေသည်။ ဦးမောင် စိတ်ထဲတွင် ဘုရားစာများကို စုံနေအောင် ရွတ်သည်။ ဘုရားစာများကို အလွဲလွဲ အမှားမှား ရွတ်ဆို နေမိသည် ထင်သည်။ အရိပ်ကို ဦးမောင်အနားမှ အမြန်ဆုံး ထွက်ခွာသွားပါစေဟု ဦးမောင် ဆုတောင်းသည်။ သို့သော် ဦးမောင် ဆုတောင်းသည် အရိပ်ရှေ့တွင် ရုတ်ခနဲ ပျောက်ဆုံးသွားခဲ့သည်။ အရိပ်သည် ဦးမောင်၏ မျက်နှာနားသို့ တိုးကပ်လာနေသည်ကို မျက်တောင်များကြားမှ ထိုးဖောက်မြင်တွေ့နေရသည်။ ဦးမောင် နောက်ဆုံးအနေနှင့် ဆုတောင်းသည်။ နောင်ဘ၀ အဆက်ဆက် တစ်ယောက်တည်း အထီးကျန်သည့်ဘဝမှ ကင်းလွတ်ခွင့်ရပါစေဟု နှစ်နှစ်ကာကာ ဆုတောင်းလိုက်ကာ အနည်းငယ် ဟ,ထားသည့် မျက်တောင်တို့ကို အဆုံးထိ ပိတ်ပစ်လိုက်သည်။ စိတ်ထဲတွင် ဘုရားကိုသာ အာရုံပြုထားသည်။ ထိုစဉ် နူးညံ့သော ထိတွေ့မှုတစ်ခုနှင့်အတူ ဦးမောင်၏ ပါးတစ်ဖက်သည် နွေးခနဲ ဖြစ်သွားသည်။ ဦးမောင် မျက်လုံးကို ဖွင့်လိုက်သည်။ အရိပ်သည် ဦးမောင်နားမှ တဖြည်းဖြည်း ထွက်ခွာသွားသည်။ တံခါးဘက်သို့ ရောက်သောအခါ အရိပ်သည် ကျွီဟူသော အသံနှင့်အတူ မျောလွင့် ပျောက်ဆုံးသွားသည်။ ဦးမောင်၏ ရင်ဘတ်သည် လှုပ်ခါမှုမရှိ၊ ပကတိ ငြိမ်သက်နေသည်။ ဦးမောင် ပြုံးသည်။ တိတ်တခိုး ခိုးပြုံးလိုက်ခြင်းသာ ဖြစ်သည်။ တစ်သက်လုံး ရင်းနှီးခဲ့သော ထို ကိုယ်သင်းရနံ့သည် ဦးမောင်၏ နှာခေါင်းထဲတွင် စွဲထင်ကျန်လျက်ရှိသည်။ သူသည် တော်တော် မလိမ္မာသော ညီဆိုးလေးဖြစ်သည်။ မှောင်မိုက်နေသော အခန်းငယ်သည် တိတ်ဆိတ်ငြိမ် သက်နေဆဲဖြစ်သည်။


အေထူးအောင်၊အဏ္ဏဝါ၊

အမှတ် ၃၆၄၊ ဧပြီ ၂၀၂၀

ရွှေအမြုတေမဂ္ဂဇင်း

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး