မကြင်ရဲလို့ဝေးခဲ့ထင် @ သထုံငယ်ငယ်


ကမ္ဘာဦးလူသားတွေ ဘယ်အချိန်ကစပြီး အုပ်စုဖွဲ့ နေထိုင်ခဲ့ကြသည် ကျွန်တော်မသိ။ လူတွေသာ တစ်ဦးနှင့်တစ်ဦး အမှီသဟဲပြု နေထိုင်တတ်သော ဓလေ့စရိုက်မရှိခဲ့လျှင် ဝေးကွာခြင်းဆိုတာ ရှိလာလိမ့်မည်ဟု ကျွန်တော်မထင်။ ကျွန်တော့်အတွက် ဝေးကွာခြင်းဆိုသည်က ခါးသီးလွန်းသည့် ပျားရည်စက်များသာ ဖြစ်သည်။ အသေချာဆုံးက သူမနှင့် ပတ်သက်သည့် ဝေးကွာခြင်းများက ခါးခါးသီးသီး နိုင်လွန်းလှသည်။ သို့သော် ခါးသီးလွန်းလှသည့် ဝေးကွာခြင်းများကပဲ ကျွန်တော့်ဘဝအတွက် အချိုမြိန်ဆုံး အမှတ်တရတွေ ဖြစ်နေပြန်သည်။

*****

သူမက ကျောင်းမှာ အလှဆုံးဟု ကျော်ကြားသလို စာလည်းတော်သည်။ သူမ၏ သာမန်လှုပ်ရှား ဟန်ကလေးများကပင် စိတ်လှုပ်ရှားတတ်စ ကျောင်းသားများကို ညှို့ယူဖမ်းစား သွားလေ့ရှိသည်။ ကျောင်းသားတိုင်း၏ စကားဝိုင်းတွင် သူမအကြောင်းပါသည်။ ကျောင်းသားတိုင်း၏ ရင်ထဲတွင် သူမ ရှိနေတတ်သည်။ ချောမော ပြေပြစ်သလောက် ဟန်ပန်မလုပ်တတ်သော သူမ၏ သာမန် လှုပ်ရှားမှုတိုင်းသည် ခပ်ကြောင်ကြောင်နိုင်သော ကျွန်တော့် မသိစိတ်ကို ဆွဲခေါ် သွားတတ်သည်။ ကျွန်တော့်ကို သိမ်းသွင်း ညှို့ငင်နေသလို ခံစားရသည်။ ကိုယ့်ဘဝကိုယ် နားလည်သူပီပီ သူမကို အသိစိတ်ထဲက မောင်းထုတ်ပစ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့။ အမြဲတမ်းလိုလို သနပ်ခါးမရှိ ပကတိအတိုင်း ဝင်းဖန့်စိုပြည် နေတတ်သော သူမ ပါးပြင်က ကျွန်တော့်အတွက် ဦးညွှတ်ရာ ဖြစ်နေတတ်သည်။ သွက်လက်ပေါ့ပါးသော သူမ လမ်းလျှောက်ဟန်က ကျွန်တော့် ရင်ခုန်သံနှင့် စည်းချက် ကိုက်နေတတ်သည်။ သူမနှင့် ပတ်သက်လျှင် သူမ ပါးပြင်ပေါ်က အမာရွတ်သေးသေးလေးအထိ ကျွန်တော် အလွတ်ရနေတတ်သည်။ 

သို့သော် သူမနှင့် ဆုံစည်းခွင့်ရဖို့ ကျွန်တော် မကြိုးစားခဲ့မိ။ ပိုင်ဆိုင်မှုများနှင့် တန်ဖိုး ဖြတ်တတ်သော အသိုင်းအဝိုင်း နှစ်ခုကြားတွင် သူမ ရှေ့ရောက်တိုင်း ကျွန်တော် ဆွံ့အ နေတတ်သည်။ မိန်းကလေးများနှင့် ရောရောနှောနှော မနေတတ်သော ကျွန်တော့်စရိုက်ကလည်း သူမနှင့် အကျွမ်းတဝင်ဖြစ်ဖို့ အားနည်းချက်တစ်ခု ဖြစ်ခဲ့သည်။ သိမ်ငယ်စိတ်များနှင့် ပိတ်လှောင်ခံထားရသူ ကျွန်တော် သူမရှေ့မှောက် ရောက်ဖို့ မကြိုးစားဖြစ်ခဲ့ပေမဲ့ သူမရှိရာ အရပ်တိုင်းတွင် ကျွန်တော် ရှိနေတတ်သည်။

ကျောင်းကပွဲမှာ သူမကတော့ သူမ၏ ပျော့ပျောင်းသိမ်မွေ့လွန်းသည့် ခေါင်း၊ ခါး၊ ခြေ၊ လက် လှုပ်ရှားမှုမှန်သမျှကို ငေးမောကြည့်ရင်း အသက်ရှူဖို့ မေ့နေခဲ့သည်မှာ ကျွန်တော်ပင် ဖြစ်သည်။ ရွာကထိန်တွင် သူမနှင့် ကျောင်းက ကျောင်းသူ ကျောင်းသားတွေ အငြိမ့်ထွက်တော့ လူရှေ့ထွက်ရမှာ ရှက်ကြောက်တတ်သည့် ကျွန်တော် အရဲစွန့်ပြီး ဝင်ပါခဲ့သည်။ ကျွန်တော် ပါဝင်သည့် နေရာက ကားလိပ်ဆွဲ။ ဇာတ်စင် ကန့်လန့်ကာ နောက်တွင် ကားလိပ်ဆွဲရင်း သွက်လက်စွဲမက်ဖွယ် သူမ ကဟန်ကို မက်မက်မောမော ငေးကြည့်နေမိသည်။ တစ်ခါတလေ သူမ အကြည့်တစ်ချက်လောက် ကျွန်တော့်ဆီ လွင့်ပျံရောက်လာတိုင်း ကျွန်တော်ဆွဲနေသော ကားလိပ်ကြီးကိုလည်း မေ့သွားတတ်သည်။ လှုပ်ရှားဆူညံနေသော ပွဲခင်းကြီးကိုလည်း မေ့သွားတတ်သည်။ ကျွန်တော့်ကမ္ဘာမှာ သူမနှင့် ကျွန်တော် နှစ်ယောက်တည်း။ 

"ဟဲ့ ဟဲ့ ကားလိပ်ချတော့လေ”

ကျောပြင်ပေါ် ကျလာသော လက်ဝါးရိုက်ချက်နှင့် အတူ ဆရာမ၏ အလောတကြီး အော်သံကြားမှ ယောင်နနဖြင့် ကျွန်တော် ကားလိပ်ချမိသည်။ သူမက ကျွန်တော့်ကို နားမလည်စွာ လှမ်းကြည့်လို့။

*****

ကိုးတန်းအောင်ပြီး ဆယ်တန်းရောက်တော့ သူမရော ကျွန်တော်ပါ မြစ်ကြီးနားသို့ ပြောင်းခဲ့ကြသည်။ ရွာမှာ အချမ်းသာဆုံး စာရင်းဝင်သည့် သူမ မိဘတွေက သူမ ပညာရေးအတွက် မြစ်ကြီးနားမြို့၏ အကောင်းဆုံး ဘော်ဒါဆောင်တွင် သူမကို အပ်နှံခဲ့သည်။ ရွာမှာ၊ အဆင်းရဲဆုံး စာရင်းဝင်သော ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ကျောင်းဆက် မထားနိုင်တော့သဖြင့် မြစ်ကြီးနားရှိ ဦးလေး၏ လက်ဖက်ရည်ဆိုင်သို့ ပို့ခဲ့ကြသည်။ ဦးလေး လက်ဖက်ရည်ဆိုင်တွင် မုန့်ဆရာ၏ အကူလုပ်ရင်း ကျွန်တော် ကျောင်းတက်ခွင့် ရခဲ့သည်။

ကျွန်တော်က မြစ်ကြီးနား အ-ထ-က (၁)၊ သူမက မြစ်ကြီးနား အ-ထ-က (၂)။ တစ်ကျောင်းတည်း ဆုံစည်းခွင့်မရပေမဲ့ မတူညီသော ဘဝနှစ်ခု မြစ်ကြီးနား မြို့ကြီးတစ်မြို့ထဲတွင် အတူတကွရှိဖြစ်နေသည့် ကံကြမ္မာကြောင့် ကျွန်တော် အားတက်လာမိသည်။ ညနေကျောင်းဆင်းချိန်တိုင်း ဦးလေး၏ လက်ဖက်ရည်ဆိုင်သို့ ကျွန်တော် တန်းပြီး မပြန်ဖြစ်ခဲ့။ သူမရှိရာ ထ (၂) ဘက်သို့ ကျွန်တော် သွားခဲ့သည်။ ကျွန်တော် ရောက်သွားချိန်တိုင်း ကျောင်းဆင်းသွားပြီဖြစ်သည့် သူမတို့ ကျောင်းကြီးသည် တိတ်ဆိတ်ငြိမ်သက်လျက်သာဖြစ်သည်။ သို့သော် သူမ တက်နေသော ကျောင်းဟူသော အသိကြောင့် တိတ်ဆိတ် ငြိမ်သက်နေသော ထ (၂) ကျောင်းကြီးသည်ပင် ကျွန်တော့်အတွက် ရင်ခုန်စရာ၊ ကျေနပ်စရာ ဖြစ်နေပြန်သည်။ ကျောင်းကြီးကို တဝကြီး ကြည့်ပြီးလျှင် ဘူတာနောက်က လမ်းလေးအတိုင်း သူမတို့အဆောင်ရှေ့မှ ဖြတ်ပြီး လက်ဖက်ရည်ဆိုင်သို့ ပြန်တတ်မြဲဖြစ်သည်။ ကျွန်တော့်ကို ရူးနေသူဟုပဲ ဆိုချင်ဆို သူမမျက်နှာကို မြင်ခွင့်မရပေမဲ့ သူမရှိရာအရပ်၊ သူမ အငွေ့အသက်များကြောင့် ကျွန်တော့် ညများကို ကြည်ကြည်နူးနူး ဖြတ်သန်းနိုင်ခဲ့သည်။ 

စိတ်ကူးယဉ်ဆန်လွန်းစွာပင် သူမ၏ အငွေ့အသက်လေးများကို အဖော်ပြုရင်း ညပေါင်းများစွာ ကုန်လွန်လာပြီးသည့် တစ်နေ့ သူမကို ကျွန်တော် မျက်နှာချင်းဆိုင် တွေ့ခွင့်ရခဲ့သည်။ ထိုသို့ တွေ့ ခွင့်ရခြင်းသည်ပင် ကျွန်တော့်ဘဝတစ်ခုလုံးကို ပြောင်းလဲ သွားစေခဲ့မည်မှန်း ထိုစဉ်က ကျွန်တော် မသိခဲ့။

*****

စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီးခဲ့ပေမဲ့ ကျွန်တော် ရွာမပြန်ဖြစ်ခဲ့။ ကျောင်းတက်ရက်များ နှစ်ဝက် ကျိုးခဲ့သည့် တစ်ခုသော စနေ၊ တနင်္ဂနွေရောက်တော့ ဦးလေးက ဘာစိတ်ကူးပေါက်သည်မသိ ဒီအပတ် ကျောင်းပိတ်ရက် မင်း ရွာပြန်ချင် ပြန်လေဟု ဆိုကာ ပိုက်ဆံအနည်းငယ် ထုတ်ပေးသည်။ ဦးလေးပေးသော ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဘူတာရုံသို့ ခြေကုန်သုတ်ခဲ့သည်။ ဈေးကြီးနားရောက်တော့ အမေ့အတွက် လိမ္မော်သီးတွေ ဝယ်သွားဖို့ စိတ်ကူးပြီးမှ မဝယ်တော့ဘဲ ပြန်လှည့်ထွက်လာခဲ့သည်။ အဖေ့ သရေစာသာဖြစ်သော လိမ္မော်သီးတွေကို လိုအပ်မည်မဟုတ်။ မိသားစု၏ မီးဖိုချောင်ကို ကျားကန်ဖို့ ပိုက်ဆံကိုသာ လိုအပ်မည်မှန်း ကျွန်တော်သိသည်။ အမေ့ အကြောင်းတွေးမိတော့ မဆီမဆိုင် သူမကို သတိရမိသည်။ ပြီးတော့ အမေ့ဆီ မကြာခဏ အကြွေးလာတောင်းတတ်သော ငွေတိုးပေးသည့် သူမ အမေ၏ မျက်နှာကို မြင်ယောင်မိသည်။ အနိမ့်အမြင့် မညီမျှသော ဘဝထဲမှာ ကျွန်တော့် နှလုံးသားသည် ထာဝရ မြှုပ်နှံထားရမည့် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုသာ ဖြစ်သည်။ ဘူတာရုံထဲရောက်တော့ သူမကို တွေ့လေမလား ဟူသော ရင်ခုန်စိတ်ဖြင့် မသိမသာ လိုက်ရှာမိသည်။ သူမက စနေ၊ တနင်္ဂနွေဆို ရွာပြန်တတ်မှန်း ကျွန်တော် သိသည်။

ဘူတာရုံ၏ စင်္ကြံရှိ ခုံတန်းလေးပေါ်တွင် ထိုင်နေသော သူမကို တွေ့ရသည်။ ကျွန်တော့်ကို မြင်တော့ သူမ ထိုင်နေရာမှ ထ,လာပြီး “နင် ရွာပြန်မလို့လား” ဟု မေးသည်။ သူမျက်နှာက တစ်စုံတစ်ခုကို ဖုံးကွယ်ထားဟန်မျိုး မဝံ့မရဲ နိုင်လွန်းလှသည်။ ကျွန်တော်ကိုယ်တိုင်လည်း “အင်း” ဆိုတာကလွဲပြီး ဘာမှ ပြန်မပြောဖြစ်၊ ဘာပြောရမှန်းလည်း စဉ်းစား၍လည်းမရ။ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲတော့မတတ် တုန်ခါနေသည်။ အနိုင်နိုင် ကြိုးစားပြီးထွက်လာသည့် “အင်း” ဆိုသည့် အသံတောင် ပေါက်ကွဲတော့မည့် မီးတောင်တစ်လုံး၏ တော်လည်းသံမျိုး ဖြစ်သည်။ ငယ်စဉ်ကတည်းက ရွာကျောင်းမှာ ကျောင်းနေဖက် ငယ်သူငယ်ချင်းတွေဆိုပေမဲ့ သူနှင့်ကျွန်တော် မျက်နှာချင်းဆိုင် စကားပြောဖူးသည်က သည်တစ်ကြိမ် ပထမဆုံးဖြစ်သည်။ ကျွန်တော်က "အင်း" ဆိုတော့ သူမက “ငါက အထက်တန်းမှာ” ဟု ပြောပြီး လှည့်ထွက်သွားသည်။ 

လှည့်ထွက်သွားသော သူမကို ကြည့်ရင်း ကျွန်တော့်ရင်တွေ တစစ်စစ် နာကျင်ရသည်။ ရထားစီးဖို့ ကျွန်တော် လက်မှတ်မဝယ်ခဲ့။ ရထားထွက်သည်နှင့် နီးစပ်ရာတွဲ တစ်တွဲသို့ တက်လိုက်ပြီး အတက်အဆင်းအဝတွင် ထိုင်စီးလိုက်ရုံပင်။ ကျောင်းစိမ်းပုဆိုးလေး ဝတ်ထားသော ကျွန်တော့်ကို ဘယ်လက်မှတ် စစ်ကမှလည်း လာစစ်လိမ့်မည်မဟုတ်။ သည်လိုအခြေအနေမှာ ရထားလက်မှတ်ဝယ်ဖို့ ကျွန်တော့် လွယ်အိတ်ထဲရှိ ပိုက်ဆံတချို့ကို အပွန်းအပဲ့ မခံနိုင်။ သည်ပိုက်ဆံတွေက ကျပ်တည်းချို့တဲ့နေသော ကျွန်တော့် မိသားစုအတွက် ခဏတာဖြစ်ဖြစ် အသက်ရှူချောင်ခွင့်ပေးမည့် တန်ခိုးရှင်များ ဖြစ်သည်။ ကျွန်တော်တို့ မိသားစုဘဝ ရှင်သန်ခြင်းကို သက်တမ်း တိုးပေးမည့် ရုပ်ဝတ္ထုတချို့ ဖြစ်သည်။

ဘူတာမှာ သူမနှင့် ဆုံခဲ့ပြီးနောက်ပိုင်း သူမတက်နေသော ထ (၂) ကျောင်းကြီးဘက် ကျွန်တော် မသွားတော့။ ဘူတာရုံအနောက် လမ်းကို ဖြတ်ပြီး သူမတို့ အဆောင်ရှေ့ကိုလည်း ကျွန်တော် ဖြတ်မလျှောက်တော့။ သူမနှင့် ပတ်သက်သမျှကို ကျွန်တော် မေ့နိုင်ဖို့ ကြိုးစားသည်။ အမြဲလိုလို ပျော့ဖပ်ဖပ်၊ တွန့်ဆုတ်တွေဝေတတ်သော ကျွန်တော့်စိတ်ကိုပါ ကျွန်တော် ပြောင်းလဲဖြစ်ခဲ့သည်။ ဘယ်လိုပဲ ကျွန်တော့် အကျင့်စရိုက်ကို ပြောင်းလဲခဲ့ ပြောင်းလဲခဲ့၊ ဘယ်လိုပဲ သူမ အကြောင်းကို မတွေးဖို့ ကြိုးစားခဲ့ ကြိုးစားခဲ့ သူမကို မမေ့နိုင်တာ ကျွန်တော် ဝန်ခံရမည်ဖြစ်သည်။ ကျွန်တော့်နားထဲတွင် 'ငါက အထက်တန်းမှာ” ဆိုသော သူမ စကားသံများကို ထပ်ကာထပ်ကာ ကြားယောင်နေမိသည်။

*****

သူမနှင့်ကျွန်တော် ဖုန်း အဆက်အသွယ် ပြန်ရချိန်တွင် ကျွန်တော်သည် အသက်လေးဆယ့် နှစ်နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်နေပေပြီ။ ကျွန်တော့်ခေါင်းမှ ဆံပင်တချို့ပင် ငွေရောင်သန်းစ ပြုနေပေပြီ။ အများစုက ကျွန်တော့်ကို လူပျိုကြီးဟု ခေါ်တတ်ကြပေမဲ့ အိမ်ထောင်မရှိသူဟု ခေါ်ခြင်းက ပိုမှန်ပေလိမ့်မည်။ အချိုးအကွေ့များလှသော ဘဝနှင့်ထပ်တူ ကျွန်တော်သည် အပြောင်းလဲကြီး ပြောင်းလဲခဲ့ပြီဖြစ်သည်။ ဆယ်တန်းစာမေးပွဲကြီး ဖြေဆိုပြီးသည့်နောက် ကျွန်တော် ရွာသို့ မပြန်တော့ဘဲ ပိုက်ဆံရမည့် အလုပ်မှန်သမျှ အကုန်လုပ်ခဲ့သည်။ တရားသည် မတရားသည် မစဉ်းစားခဲ့၊ ငွေနောက်ကိုသာ ကျွန်တော် သဲကြီးမဲကြီး လိုက်ခဲ့သည်။ ငွေနှင့် ပတ်သက်လာတိုင်း ကျွန်တော် ကြမ်းတမ်း ခက်ထန်သည်။ ငွေနှင့် ပတ်သက်လာတိုင်း ကျွန်တော် သိမ်မွေ့နူးညံ့သည်။ ငွေနှင့်ပတ်သက်လာတိုင်း ကျွန်တော် ကောက်ကျစ်စဉ်းလဲသည်။ ငွေနှင့် ပတ်သက်လာတိုင်း ကျွန်တော် ဖြောင့်မတ်မှန်ကန်သည်။ ပိုက်ဆံတွေ ကျွန်တော့်ဆီဝင်လာမှ သူမ ပြောခဲ့သည့် “ငါက အထက်တန်းမှာ” ဆိုသည့်အသံများ တိုးတိတ် ပျောက်ကွယ်သွားမည်ဟု ကျွန်တော် ယုံကြည်သည်။ 

ကျွန်တော်သည် ဟိုးအရင်ကလို အရှက်အကြောက်ကြီးသည့် ကျွန်တော် မဟုတ်တော့။ ကျွန်တော့် ရင်ခွင်ထဲသို့ မိန်းကလေးများစွာကိုလည်း ခိုဝင်ခွင့်ပေးခဲ့သည်။ ကျွန်တော် ကိုယ်တိုင်လည်း မိန်းကလေးပေါင်းများစွာ၏ ရင်ခွင်ထဲသို့ ခိုဝင်ပျော်ပါးခဲ့သည်။ သို့သော် ဘယ်အရာကိုမှ ကျွန်တော် တန်ဖိုးမထားခဲ့။ ဘယ်အရာကိုမှလည်း ကြာရှည်စွာ ဆုပ်ကိုင်မထားခဲ့။ ကျွန်တော် တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုး ဆုပ်ကိုင်ထားသော အရာသည် ပိုက်ဆံသာဖြစ်သည်။ 

"ဆရာကန်တော့ပွဲ အလှူခံဖြတ်ပိုင်းမှာ နင့်ဖုန်းနံပါတ်တွေ့လို့လေ” ဟု ဆိုပြီး သူမ ဖုန်းခေါ်လာချိန်သည် ကျွန်တော်၏ အထီးကျန်မှုများကို ကျွန်တော်ပိုင်ဆိုင်သော ပိုက်ဆံများနှင့် ဖုံးကွယ်ဖို့ ကြိုးစားနေချိန်လည်းဖြစ်သည်။ သူမနှင့် ကျွန်တော် ဖုန်းပြောခဲ့ကြသည်။ သူမက အသက်လေးဆယ်ကျော် အပျိုကြီး။ သူမ၏ ခြောက်သွေ့ ငြီးငွေ့ဖွယ် အထီးကျန်မှုများကို ကျွန်တော် မျှဝေခံစား ပေးခဲ့သည်။ ပိုက်ဆံကလွဲပြီး ဘာမှ မပိုင်ဆိုင်သော ကျွန်တော့်၏ အထီးကျန်မှုများကို သူမက နားလည်စာနာပေးခဲ့သည်။

သူမနှင့် ကျွန်တော် ညပေါင်းများစွာ ဖုန်းပြောခဲ့ပြီးသည့်နောက် သူမက ကျွန်တော့်ကို “ကိုကို” ဟု ခေါ် သည်။ ကျွန်တော်က သူမကို “မိုး” ဟု မြတ်မြတ်နိုးနိုး ခေါ်ခဲ့သည်။ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြောရင်း တစ်ယောက်၏ ဘဝအမောကို တစ်ယောက် ဖြေသိမ့်ပေးခဲ့ကြသည်။ ရွာမှာ အငြိမ့်ကတုန်းက အကြောင်းတွေ ကျွန်တော်ပြန်ပြောတော့ သူမ ရယ်သံလွင်လွင်လေးကို ဖုန်းထဲမှ အသည်းယားစဖွယ် ကြားရသည်။ "နေဦး နေဦး၊ ဆယ်တန်းကျောင်းသားဘဝတုန်းက ကိုကို မိုးတို့အဆောင်ရှေ့က ဖြတ်ဖြတ်လျှောက်တတ်တာ မိုး သိတယ်” ဟု သူမ ပြောသောအခါ ကျွန်တော် အံ့သြကြည်နူးစွာ ရင်ခုန်ရသည်။

“ပြီးတော့ ဘူတာမှာ ဆုံတုန်းက ကိုကို့ကို မိုး အထက်တန်းတွဲမှာလို့ ပြောခဲ့တယ် မဟုတ်လား။ ကိုကိုဘာလို့ မိုးရှိတဲ့ အထက်တန်းတွဲကို မလာခဲ့တာလဲဟင်၊ ကိုကိုလာခဲ့ရင် ကိုကိုနဲ့ ရထားအတူစီးပြီး စကားတွေ အများကြီး ပြောပစ်လိုက်မယ်လို့ မိုးက စိတ်ကူးထားတာ။ အဲဒီတုန်းက ကိုကိုသာ မိုးရှိတဲ့ အထက်တန်းတွဲကို လာခဲ့ရင် မိုးနဲ့ ကိုကိုက ဟိုးလွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်ကျော်ကတည်းက ဆုံစည်းခဲ့ကြရမှာ” ဟု သူမက ဆွေးဆွေးမြည့်မြည့် ဆက်ပြောသောအခါ ကျွန်တော့်လက်ထဲရှိ ဖုန်းကို ထိတ်လန့်တုန်လှုပ်စွာ ငေးကြည့်နေမိသည်။ 

"ငါက အထက်တန်းမှာ” ဟူသော အသံများ ကျွန်တော့်နားထဲတွင် ပဲ့တင်ထပ်နေကြပြန်သည်။ "ငါက အထက်တန်းမှာ” ဆိုသည့် သူမ၏စကားက သူမနှင့်အတူ ရထားလာစီးဖို့ ဖိတ်ခေါ်လိုက်သည့်စကားတဲ့။ ကျွန်တော့်ရင်ထဲ သူမ ဝင်လာဖို့ ဖွင့်ဟ,လိုက်သည့် စကားတဲ့။ ကျွန်တော် ဘာလို့ နားမလည်ခဲ့ပါလိမ့်။ ဘာလို့များ သိမ်ငယ်မှုတွေကို ရတနာတစ်ပါးလို ကိုးကွယ်မိနေခဲ့ပါလိမ့်။ ကန့်သတ် ချုပ်ချယ်လို့မရသည့် ချစ်ခြင်းတရားက ဘာကြောင့် “အထက်တန်းမှာ” ဆိုသည့် ဝေါဟာရအစုလေး တစ်ခုအပေါ် နာကြည်းမိခဲ့ပါလိမ့်။ ကျွန်တော့် အတ္တတွေ၊ မိုက်မဲမှုတွေ၊ ကျွန်တော့်ပျော့ညံ့မှုတွေက သူမနှင့် ကျွန်တော့်ကို နှစ်ဆယ့်ငါးနှစ်ကျော် ဝေးကွာစေခဲ့သတဲ့လား။ 

"ကိုကို.. ကိုကို မိုးပြောတာ ကြားရဲ့လား၊ ဒီလကုန်ရင် မိုးဆီ ကိုကို လာခဲ့မယ် မဟုတ်လား” ဟု သူမက ပြောသောအခါ "လာခဲ့မယ် မိုး၊ ကိုကို မရောက်ရောက်အောင် လာခဲ့မယ်၊ အရင်လိုအမှားမျိုး ကိုကို ထပ်ကျူးလွန်တော့မှာ မဟုတ်ဘူး။ ကိုကိုနဲ့ မိုးတို့ရဲ့ ဝေးလွင့်ခြင်းတွေကို အဆုံးသတ်ဖို့ မိုးဆီကို ကိုကို လာခဲ့မယ်”

*****

အမြဲတမ်း နွမ်းနယ်နေပြီး တစ်ခါတစ်ခါ ချိုင်းကြား၊ ပေါင်ခြံကြားတွေမှာ အကျိတ်တွေ ထွက်လာတတ်သည်မှာ အတန်ငယ်ကြာခဲ့ပြီဖြစ်သည်။ ပေါင်ခြံကြားမှာ အကျိတ်ထွက်တဲ့အခါ လမ်းလျှောက်ရသည်ပင် အဆင်မပြေချင်။ အသက်အရွယ်၏ ဖောက်ပြန်မှုဟုပင် ထင်ခဲ့မိသည်။

အခုတော့ HIV Positive တဲ့။

ဆေးစစ်ချက်ပေါ်က လက်ရေးကြမ်းကြမ်းဖြင့် ရေးထားသော အင်္ဂလိပ်စာတွေကို မဖတ်တတ်ပေမဲ့ အကြိမ်ကြိမ် ဖတ်နေမိသည်။ မျက်လုံးနှစ်ဖက်ကို စုံမှိတ်လိုက်ပြီး ပျို့တက်လာသည့် တံတွေးတချို့ကို မျိုချလိုက်သည်။ ရုန်းကန်လှုပ်ရှားခဲ့ရသည့် အတိတ်ဘဝ ပုံရိပ်တွေ၊ ပိုက်ဆံကလွဲပြီး ဘာကိုမှ တန်ဖိုးမထားခဲ့သည့် “ ကျွန်တော့် မိုက်မဲမှုတွေ။ ပိုက်ဆံကို တန်ခိုးရှင်တစ်ယောက်လို အသုံးချပြီး ကျွန်တော် ရယူ ပိုင်ဆိုင်ခဲ့သည့် သာယာမှုတွေက ကျွန်တော့်ကို လက်စားချေကြလေပြီ။ ပြီးတော့ ကျွန်တော့်ကို စောင့်မျှော်နေမည့် သူမ မျက်ဝန်းတွေ။

ဆရာဝန်၏ နှစ်သိမ့် ဆွေးနွေးသံတွေက ကျွန်တော့် နားထဲမှာ မကြားတစ်ချက်၊ ကြားတစ်ချက်။ ဆရာဝန်ပြောသလို ART ဆေး မှန်မှန်သောက်ပြီး လူ့သက်တမ်းစေ့ နေနိုင်တယ်ထားဦး၊ သူမနှင့် ကျွန်တော့်ကြားက ဝေးလွင့်ခြင်းများကို အဆုံးသတ်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တော့။ သူမကို ကျွန်တော် လက်ထပ်နိုင်တော့မည် မဟုတ်။ ဆရာဝန်က ရောဂါအတွက် သိမ်ငယ်ရှက်ရွံ့ခြင်းများ မထားဖို့ အားပေးစကားပြောမှ ရုတ်တရက် သိမ်ငယ်လာသလို ကျွန်တော် ခံစားရသည်။

တစ်ချိန်က သူမ ပြောခဲ့ဖူးသော 'ငါက အထက်တန်းမှာ” ဟူသော စကားသံများကို ကျွန်တော့်နားထဲတွင် ပြန်ကြားယောင်လာမိပြန်သည်။ လက်မှတ်မပါဘဲ ရထားခိုးစီးရသူတစ်ယောက်၏ ခံစားချက်မျိုး ကျွန်တော့် ရင်ဘတ်ထဲသို့ ဝင်လာသည်။ ကျွန်တော့်နားထဲတွင် ထပ်ကာ ထပ်ကာ ကြားနေရသော 'ငါက အထက်တန်းမှာ” ဟူသော အသံတွေက သားရဲတစ်ကောင်၏ မာန်ဖီသံလိုမျိုး။ ငယ်ငယ်တုန်းက ခံစားခဲ့ဖူးသည့် သိမ်ငယ်ကြောက်ရွံ့မှုတွေက ကျွန်တော့်နှလုံးအိမ်ကို ဆုပ်ကိုင်ခြေမွှနေကြသည်။ ဆရာဝန်၏ စားပွဲမှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ဆေးခန်းကို ကျွန်တော် ကျောခိုင်း ထွက်လာခဲ့လိုက်သည်။ အပြင်မှာ လူတွေ၊ ကားတွေ ရှုပ်ထွေးစွာ ဥဒဟို သွားလာနေကြသည်။ လူတွေကြားထဲသို့ တိုးဝင်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ပုန်းကွယ်ဖို့ ကြိုးစားကြည့်မိသည်။ ကျွန်တော့်စိတ်နှင့် ခန္ဓာက ဘယ်လိုမှ သဟဇာတ မဖြစ်။ ကျွန်တော့် ခြေထောက်အစုံက ကျွန်တော့်ကို လူတွေနှင့် ဝေးရာသို့ လေးပင်ချည့်နဲ့စွာ ခေါ်ဆောင်သွားနေကြသည်။ နေရောင်က ရွှေတိဂုံစေတီတော်မြတ်ကြီးဆီ ဦးခိုက်ရင်း မှေးမှိန်စပြုလာပြီဖြစ်သည်။ မကြာခင် သူမ ကျွန်တော့်ကို ဖုန်းခေါ်တော့မည်။ ဆရာဝန်၏ စားပွဲပေါ်တွင် ကျွန်တော် တမင် ချန်ထားခဲ့သော ဖုန်းမြည်သံကို ဆရာဝန် ဒါမှမဟုတ် ဆေးခန်းမှ တစ်စုံတစ်ယောက် ကြားလိမ့်မည်။ သူမနှင့် ဖုန်းကိုင်သူတို့ ဘာတွေ ပြောကြမည်ကို ကျွန်တော်သိဖို့ ဘယ်တော့မှ ကြိုးစားမည်မဟုတ်။ သူမ ငိုကြွေးနေမလား၊ သူမ နာကြည်းနေမလား။ ကျွန်တော် မတွေးချင်တော့။

ရက်စက်လွန်းသော ကံကြမ္မာကို ကျွန်တော် ရင်မဆိုင်ချင်တော့။ သူမနှင့် ဝေးရာတွင် ကျွန်တော် မရှင်သန်ချင်တော့။

သို့သော် ကျွန်တော်သည် သူမနှင့် ဝေးရာသို့...။


သထုံငယ်ငယ်

အမှတ် ၃၆၄၊ ဧပြီ ၂၀၂၀

ရွှေအမြုတေမဂ္ဂဇင်း

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး