ဒီစိတ်နှင့် ဒီအရွယ် @ သော်တာဆွေ


ကျွန်တော်သည် ဇာတိဌာနေ မွေးရပ်မြေသို့ပြန်ရန် ကွမ်းခြံဘူတာကြီးသို့ ရောက်ခဲ့သည်။ ရန်ကုန်-ပြည် သွား အမြန်ရထားသည် နာရီပြန်တစ်ချက်တိတိမှာ ထွက်မည်ဖြစ်သော်လည်း ကိုယ်ပိုင်ကား ဘယ်တော့မှ စီးနိုင်မည်လဲဟု စိတ်ကူးမျှ ထည့်နိုင်သူမဟုတ်၍ ကြိုကြိုတင်တင် ၁၁ နာရီခွဲက အိမ်မှထွက်ခဲ့ရာ ငါးပိသိပ် ငါးချဉ်သိပ် ပြည်သူ့ဘတ်စ်ကား စောင့်နေစဉ် သုံးဘီးကား အဆင်သင့်သဖြင့် နှစ်ကျပ်ခွဲလောက်တော့ အပိုကုန်ကျချင် ကုန်ကျပစေတော့ဟု စွန့်ခြင်းကြီးတစ်ပါးဖြင့် ဘူတာကြီးသို့ ၁၂ နာရီတွင် ရောက်ခဲ့တော့၏။ သွားမည့်ရထားက တွဲမျှ မထိုးသေးပေ။

၁၂ နာရီခွဲခန့်၌ မောင်မင်းကြီးသား တွဲထိုးခေါင်းက နောက်ပြန်တွန်း၍ ဝင်လာပါပြီ။ သံဆန်ခါ အပေါက်ဝမှ လူများစုပြုံ တိုးကြိတ်ဝင်ကြသည်။ အချို့ပစ္စည်းတို့ကို စစ်ဆေးကြည့်သေးသည်။ သည်ရထားမှာ ကြိုတင်လက်မှတ်နှင့် တွဲနံပါတ် ခုံနံပါတ်ပါပြီးဖြစ်၍ ကျွန်တော်က လူပါးသွားမှ ခပ်အေးအေးပဲ ဝင်ပါသည်။

အင်း ကျွန်တော့်တွဲနံပါတ် (၄)၊ ခုံနံပါတ် (၅၂) ဖြစ်နေရာ ကျွန်တော့်ရှေ့တည့်တည့် ခုံနံပါတ်(၅၃)က ယခုခေတ်အခေါ် ဆယ်ကျော်သက်အရွယ်မှ ၂ နှစ် ၃ နှစ်မျှကျော်ဦးမည့် ကောင်မလေးတစ်ယောက် တစ်ဦးတည်း ထိုင်နေသည်ဖြစ်ရာ သူ့မှာ အဖော်မပါဟု တွက်ရပေသည်။ မကြာမီ၌ ကျွန်တော်တို့ ခုံနံပါတ် ၄ ယောက် မျက်နှာချင်းဆိုင်ဖြစ်သော (၅၁) (၅၄) သို့ အခြားသူများ ရောက်လာသည်။

စင်စစ် မီးရထားနှင့် ခရီးသွားလျှင် ကျွန်တော်သည် ပြတင်းပေါက်နှင့်ကပ်လျက် ရထားရှေ့ဘက်ကို မျက်နှာပြုကာ ကိုယ်ကို လေတိုးခံရသော ယခု ကောင်မလေးထိုင်နေသည့် နေရာမျိုးကို ကြိုက်သည်။ သို့သော် ရထားလက်မှတ်ယူရာမှာ အစီအစဉ် နံပါတ်အတိုင်း ကျတတ်သည်။ ဒါပေမဲ့ ဒီလို ပြည်နှင့် ရန်ကုန်အကြားမှာ သာယာဝတီ၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ ပေါင်းတည် ၄ ဘူတာရပ်သော အမြန်ရထားတွင် လူအင်မတန် နည်းတတ်သည်။ တိုးလျှိုးပေါက်တွဲတွေမှာ တစ်နေရာရာ၌ ခုံလွတ်တွေ ရှိနေတတ်သဖြင့် ရထားထွက်၍ နောက်ထပ် လူမလာတော့ဘူး သေချာတော့ ကြိုက်ရာနေရာ သွားထိုင်မည်ဟု ကျွန်တော် စိတ်ကူးထား၏။

သို့ဖြင့် ရထားထွက်၍ ၅ မိနစ်မျှအကြာ ကျွန်တော် နေရာရှာတော့မည်ဟု ဟန်ပြင်စဉ် အကြောင်းက တိုက်ဆိုင်ချင်လာတော့ ကောင်မလေးက…

“ဦးလေး… ကျေးဇူးပြုပြီး ကျွန်မနဲ့ နေရာချင်း လဲထိုင်ပါလားရှင်၊ ကျွန်မ ရင်ဘတ်လေတိုးတာ မခံချင်ဘူး”

သည်တော့ ကျွန်တော်က ရွှင်လန်းစွာ…

“ဟာ အဆင်သင့်ပဲဟေ့၊ ငါက နင့်နေရာမျိုး သဘောကျနေတာ”

ကျွန်တော်တို့ နေရာချင်း ပြောင်းထိုင်ကြပြီးနောက် တစ်ယောက် တစ်ယောက် ဘယ်သွားမလဲ၊ မေးကြသည်။ သူက … ကြို့ပင်ကောက်တဲ့။

ထို့နောက် ကျွန်တော်တို့ စကားမဆက်ကြတော့ပေ။ သူက ပထမ ခုံအောက်မှ သူ့ပစ္စည်းထုပ်ကို ယခုခုံအောက်ကို ရွှေ့သည်။ ပြီးလျှင် ခုံပေါ်တက် မတ်တတ်ရပ်၍ စင်ပေါ်ရှိ ကင်းဘတ်စ်အိတ်ထဲမှ စာအုပ်အချို့ကို ယူသည်။ ယင်းသို့ သူ့ကိုယ်လက် လှုပ်ရှားနေပုံကို ကြည့်နေရာမှ ကျွန်တော့်စိတ်ထဲ ကဗျာဉာဏ် ဝင်လာသည်။

ဆယ့်သုံးနှစ်ရွယ်၊ ပျိုပျံသင်စပေမို့

 နွဲ့သုံးကျစ်သွယ်၊ ကိုယ်ဟန်သွင်က ပြပြီပေါ့

 နဂိုသာန်ယဉ်အလှမှာတဲ့ မှုန်နံ့သာခြယ်

 အို… စံတင်ပြရရင်ဖြင့် ဥမ္မာနှယ်…။

ဟဲ ဟဲ… နောက်ဆုံးတစ်ကြောင်းကတော့ လွန်သွားပြီဗျို့၊ ဘယ့်နှယ်ဗျာ၊ မဖြစ်စလောက် အရွယ်မရောက်တရောက် အဖူးအညှောင့် ရှိသေးတာလေးကို အလှထွတ်ချာ မယှဉ်သာသည့် ဥမ္မာဒန္တီစံမမီနဲ့ သွားနှိုင်းလို့ မသင့်လျော်ဘူးပေါ့ခင်ဗျာ၊ သို့သော်လည်းလေ ကဗျာဆိုတာ ကာရန်ခေါ်ရာ ပါတတ်တယ် မဟုတ်လား၊ ကဗျာစပ်ဖူးသူတိုင်း သိကြပါတယ်၊ သည်နောက် သည်ကောင်မလေး မဂ္ဂဇင်းစာအုပ် ဖတ်နေတာကြည့်ပြီးတော့ လှိုင်ထိပ်ခေါင်တင်ရဲ့ တေးထပ် ကျွန်တော့်ခေါင်းထဲ ဝင်လာပြန်တော့တယ်။

အပျိုဖော် ရွယ်မစေ့ခင်က၊ ငယ်ဓလေ့ဂေါရီ

စံပယ်ခက် နှစ်စုံပင်မှာ မငုံခင်တုန်းက အစ

ပန်းဒွါရ ဆင့်စီငယ်၊ မပွင့်မီကာလ

ကျင့်ဝသီဇာဂနဲ့၊ ခါပထမ အရွယ်

ငယ်သွားတွေ ကြွေမလဲခင်က၊ မေအမြဲ ချစ်ဖို့ ကြံရွယ်

ကလေးစိတ် ဓာတ်မပြယ်၊ ခပ်ငယ်ငယ် စာမတတ်ခင်က

ကညာနတ် တောင်းဆုပွေလီ၊ ကောင်းမှုစေတီ

စိတ်မှန်းနဲ့ မေကျောက်ချီသည်၊ သွေဖောက်ပြီနိုင်ဘူးဖျာ့လေး။

စေ့စေ့တွေးတော့ ရေးရေးမကဘူး၊ ထင်းထင်းကြီး ပေါ်လာသနော်။ ဒီကဗျာ အဓိပ္ပါယ်ကတော့ တစ်တစ်ရစ်ရစ်ကြီးပဲ။ ကဲ… မရွှေလှိုင်ထိပ်ခေါင်တင်ဟာက ‘ငယ်သွားတွေ ကြွေမလဲခင်က၊ မေအမြဲ ချစ်ဖို့ ကြံရွယ်’ ဆိုတာက မလွန်ဘူးလားခင်ဗျာ၊ သူလည်း ကာရန်ရတိုင်း ဖိကျိတ်လိုက်တာနဲ့တူရဲ့၊ ငယ်သွားဆိုတာ ၅ နှစ် ၆ နှစ်အရွယ်မှာ လဲတာဗျာ၊ ဒီအရွယ်မရောက်ခင်ကပဲဆိုတော့ သူ့ချစ်လင်ညုရာမှာ ပိုသွားထင်ပါရဲ့။ သို့သော် တစ်ခုတော့ ရှိပါရဲ့၊ သူ့ဘဝအတွက်ကြည့်တော့ သူဟာ နန်းတွင်းသူခင်ဗျာ၊ အချစ်ရေယဉ်ကြောမှာသာ မျောပြီး ‘ချစ်သမျှကို’ စသည့် ပတ်ပျိုးတွေရေးနေတဲ့ မိခင်နန်းမတော်မမြလေး ခန်းဆောင်မှာ ကြီးရတော့ သူဟာ လူမှန်းသိ အမှတ်ရကတည်းက သည်အချစ်စိတ်မှာပဲ တည်နေတယ်လို့ ယူသော်ရတန်ကောင်းရဲ့။

သူ့ဘဝအတွက် ကြည့်ရင်ဖြင့် ဣန္ဒဝံသနန်းတွင်း အချစ်ဝတ္ထုကြီးကို ရေးခဲ့တယ်။ ‘စိန်ခြူးကြာညောင်’ ဘောလယ်တွေ ရေးခဲ့တယ်။ နောက်ဆုံးမှာ…

မြင်မြင်ရာ သင်္ခါရပေမို့

ဘဝကိုတဲ့ ငြီးငွေ့ဖွယ်။

ကြည်မမွေ့နိုင်ဘူ့

ပြည်လေ့ကို တန်ပါပေါ့

ဂန္ဓမာ မာလာပြန့်မှာ

တောသန့်တော့မယ်။

မသေရုံ ရွှေဘုံထီးမှာတော့

သစ်သီးနဲ့ ပွဲတော်တည်မယ်

ဖန်ခြယ်တဲ့ ဝတ်လဲ။

မြိတ်ရစ်ကယ် မြိုင်

အုပ်လုံး စံပယ်ကြိုင်တဲ့

မြကေခိုင် မင်ရည်လဲ့ကို

သိမ်းမယ့် ကြံဆဲ။ ။

ဒါဟာ တကယ် တရားရတာတော့ မဟုတ်ဘူးခင်ဗျာ့။ သည်လို တရားရရဖြင့် ကောင်းရဲ့လို့ သံဝေဂဖြစ်ဟန် တူပါရဲ့။ သူ့ဘဝ အတိုချုပ်ကြည့်တော့ အချစ်နဲ့သာ ဗျာပါပွေသွားရှာတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူ့ကဗျာတွေကို ကျွန်တော်တို့ရလိုက်တာပဲ။ ကဲ ‘ငယ်သွားတွေ ကြွေမလဲခင်က’ နေပြီး ‘မြကေခိုင် မင်ရည်လဲ့ကို သိမ်းမယ့်ကြံဆဲ’ အထိ တွက်ကြည့်စမ်း… သည်ကြားထဲ ဘာတွေများ ဖြစ်ခဲ့သလဲလို့ သူ့ကဗျာတွေဟာ သူ့ဘဝကို ပြသွားတာပဲ။

သည်နေရာမှာ ငယ်သွားတွေ ကြွေမလဲခင်ကပဲ သည်စိတ်မျိုး ပေါ်နိုင် မပေါ်နိုင်ဆိုတာကို အမျိုးသမီး စာရေးဆရာမများဖြစ်တဲ့ ခင်နှင်းယုတို့၊ ယုဝတီ မာလာသိန်းတို့၊ ခင်ဆွေဦးတို့က အမျိုးသမီးဆိုင်ရာကို ရှင်းဖို့ ကောင်းတယ်ဗျ။ ကျွန်တော်တို့ ယောက်ျားဆိုင်ရာ ဆိုရင်ဖြင့် ကျွန်တော်ဟာ ငယ်သွားတွေ လဲပြီးပါပြီ။ ဆယ်နှစ်သားလောက်ရှိမှ လင်မယားလုပ်တမ်း ကစားတတ်ပါတယ် ခင်ဗျာ။ သည်လို ကစားတော့ရင် ကျွန်တော်နဲ့ ရွယ်တူကောင်မလေးတွေပဲ။ ဒါပေမဲ့ တစ်ယောက် တစ်ယောက် ချစ်တဲ့စိတ်၊ နောက် ကြီးတော့ ယူမယ်ဆိုတဲ့စိတ် လုံးဝ မပါပါဘူး။ ဘာကြောင့်လဲဆို ခုကစားပြီး တော်ကြာ ရန်ဖြစ်ချင် ဖြစ်ကြတာကိုးဗျ။

စင်စစ်တော့လည်း လင်မယားလုပ်တမ်း ကစားတဲ့စိတ် လွန်မြောက်တော့မှလည်း အချစ်စိတ်ပေါ်တယ်လို့ ထင်ပါတယ်။

သည်လိုအရွယ်နဲ့ စိတ်အကြောင်းတွေးရင်းနဲ့ ကျွန်တော် အခုန ဖော်ပြခဲ့တဲ့ မီးရထားပေါ်မှာ ကျွန်တော့် ရှေ့ခုံထိုင်နေတဲ့ ကောင်မလေးကို ကြည့်မိပြန်တယ်။

သူ့အရွယ်ဟာ အပျိုဖော်ဝင်သေးဟန် မတူဘူး။ အသက် ၁၂ နှစ် ၁၃ နှစ်လောက်ပဲ ခန့်မှန်းရပါတယ်။ အဝတ်အဆင်ကတော့ ခေတ်ဆန်ဆန် ကြော့ကြော့မော့မော့လေးပါပဲ။ သူ့ခေါင်းကဆံပင်မှာ ဖွတ်မြီးလေးနှစ်ချောင်း ထိုးပြီး နောက်တွဲချထားပါတယ်။ ခုခေတ် မိန်းကလေးတွေဟာ ဒီအရွယ်မှာ သည်လို ဆံပင်ရှည်ထားရင်ထား၊ မဟုတ်ရင် ဆံတိုလည်ရစ်ကလေးတွေပဲ များကြတယ်။

ဟိုယခင် ကျွန်တော်တို့ ငယ်စဉ်ခေတ်ကဆိုရင် ဒီအရွယ်ဟာ ဆံရစ်ကလေး ရှိသေးတာပဲဗျ၊ ဆံတောက်ချတောင် နားရွက်နောက်က မကောက်ရသေးဘူး၊ နားရွက်တစ်ဝက်လောက်၊ ရှေ့နဖူးပြင်က ဆံယဉ်စထက် လက်နှစ်သစ်လောက်ပဲ ရှည်တယ်။ ဒါဟာ အပျိုမဖြစ်သေးဘူးဆိုတဲ့ သင်္ကေတ။ အဲ… ဆံတောက်ဖားဖားချရင်ဖြင့် အပျိုဖြစ်ပြီ၊ အုပ်လုံးသွင်းပြီဆိုရင် ‘ကျွန်မ လင်ယူနိုင်ပါပြီ’ လို့ ကြေညာတာပါပဲ ခင်ဗျာ။

သဟာနှင့် ကျွန်တော်က ကိုယ့်ရှေ့ခုံထိုင်နေတဲ့ ကောင်လေးကို သူ့အရွယ်နဲ့လိုက်အောင် ရှေ့ယခင်ခေတ်က ဆံရစ်ဝိုင်းကလေးနဲ့ ဆံတောက်ကလေး လက်နှစ်သစ်လောက် ချကြည့်လိုက်တယ်ဗျို့၊ လား… လား… ကျွန်တော့်မျက်စိထဲမှာ ကျွန်တော် ၁၂ နှစ်သားအရွယ်က စိတ်ကူးယဉ်ခဲ့ဖူးတဲ့ ‘ညွန့်ညွန့်’ဆိုတဲ့ ကောင်မလေး ပေါ်လာတယ်ဗျ။


* * *


“ကျင်မောင်”

“ဘုရား…”

“ဝက်သားဟင်းနဲ့ ထမင်းစားရအောင် လိုက်မလား”

“တင်ပါ”

“သွား…. အဝတ်လဲချေ”

ကျွန်တော် ဦးသုံးကြိမ်ချပြီး အိမ်သို့ သုတ်ခြေတင်တော့သည်။

“ကျင်မောင်” မှာ ကျွန်တော်၏ ငယ်နာမည်ဖြစ်သည်။ ‘ကြင်ဆွေမှာ ကျွန်တော် ရန်ကုန်ရောက်မှ ‘တင်ဆွေ’ မည်သော သူငယ်ချင်းတစ်ယောက်၏နာမည်နှင့် နဘေထပ် ပြောင်းယူခြင်းဖြစ်သည်။ ဒါနဲ့နောက် ကလောင်နာမည် ‘သော်တာဆွေ’ ဖြစ်လာသည်။

ကျွန်တော်ငယ်စဉ်က ရွာကဘုန်းကြီးကျောင်းတွင် နေရပါသည်။ ဘုန်းကြီးကျောင်းဆိုသော်လည်း ကျွန်တော်တို့ခေတ်မှာ ဘုန်းကြီးစာ မသင်ရတော့ပါ။ ၇ တန်းအထိ သင်၍ လောကဓာတ်ကျောင်းဟု ခေါ်နေပါပြီ။ ဘုန်းကြီးကြီးက ကျောင်းအုပ်ကြီး ဖြစ်ပါသည်။ သူ့လက်အောက်က ကျောင်းဆရာ ၃ ယောက်ရှိပါသည်။ ဘုန်းကြီးကြီးကေေတာ့ ဘာမျှ မသင်တော့ပါ။

ယင်း ၇ တန်းကျောင်းကို ကျောင်းဆရာ ၃ ယောက်ထဲနှင့် နိုင်ပါသည်။ ထိုခေတ်က ကျောင်းနေသူ အလွန်နည်းပါသည်။ သူငယ်တန်းနှင့် ပထမတန်းလောက်တွင်သာ ဆယ့်လေးငါးယောက်မျှရှိ၍ ဒုတိယတန်းလောက်ကစပြီး နည်းလာသည်။ ၄ တန်း ၅ တန်းမှာ ၄-၅ ယောက်မျှ ရှိတော့သည်။ ဒါတောင် ကျွန်တော်တို့ ရွာသားချည်း မဟုတ်ပါ။ နံဘေး၊ ပတ်ဝန်းကျင် ရွာများက လာနေ၍ဖြစ်ပါသည်။

ထိုစဉ်က ကျွန်တော်တို့ရွာမှာ ကျွန်တော်နှင့်အတူ ၇ တန်းအထိ ပညာသင်နိုင်သူမှာ တစ်ယောက်တည်း ရှိပါသည်။ သို့သော် သူ့ခမျာ ၇ တန်းအောင်တဲ့ပြီး ကျွန်တော် မြို့ကျောင်းကူးသောအခါ သူ မလိုက်နိုင်တော့ပါ။

အကြောင်းမှာ ထိုခေတ်က ကျွန်တော်တို့ ရွာသူရွာသားများသည် အလွန်ဆင်းရဲကြ၏။ အိမ်ခြေ ၃၀၀ လောက်ရှိသော ရွာကြီး၌ အိမ် ၅၀ လျှင် တစ်အိမ်လောက်သာ လယ်ပိုင်ရှင် ရှိတော့၏။ သို့သော် များများစားစား ပိုင်ရှင်များ မဟုတ်ကြ။ ချစ်တီးဒဏ်ခံပြီးဖြစ်ကြ၍ တစ်ရှဉ်းလုပ်၊ နှစ်ရှဉ်းလုပ် ပိုင်ရှင်မျှ ဖြစ်တော့၏။ ကျန်လူများကား စိုက်ခ ပျိုးခ လက်ငင်းမရကြဘဲ စပါးပေါ်ပေးမျှဖြစ်၍ စပါးပေးတင်းတိုးတို့ အောက်တွင် ‘ဆင်းရဲလှတစ်သက် လူမသေကြွေးချည်းပဲ’ ဆောင်ပုဒ်နှင့် နေရသူများဖြစ်၏။

ယင်း၌ ကျွန်တော်က အနူတော လူချောတည်း။ လယ်ဧကကလေး အနည်းငယ်မျှရှိသော လယ်ပိုင်ရှင်၏သား။ ရုပ်ရည်လေးလည်း သနားကမားရှိ၍ ဘုန်းကြီး၏ အချစ်တော်ဟု ယူသော်ရ၏။ ဘုန်းကြီးကြီးက ဘယ်သွားသွား ကျွန်တော့်ကို ခေါ်လေ့ရှိ၏။

“ကျင်မောင်”၊ “ဘုရား”၊ “ဝက်သားဟင်းနဲ့ ထမင်းစားလိုက်မလား” ဆိုကတည်းက ဘုန်းကြီးကြီး ဘယ်သွားတော့မည်ကို ကျွန်တော်သိပြီး ဖြစ်ပါသည်။ ပေါင်းတည်မြို့နှင့် ကျွန်တော်တို့ရွာသည် ၃ မိုင်ဝေးပါသည်။ ဤအကြား တစ်မိုင်ခွဲမျှတွင် ‘လက်ပံပင်စု’ ခေါ်သော အရပ်ရှိ၏။ ယင်း လက်ပံပင်စုက ကျွန်တော့်မိဘများလိုပဲ လယ်ပိုင်ရှင်များဖြစ်ကြသော ဦးဖိုးဆင့်-ဒေါ်မယ်မြင့်တို့အိမ်သို့ ဘုန်းကြီးကြီးသည် တစ်လလျှင် တစ်ခေါက် နှစ်ခေါက် သွားလည်လေ့ရှိပါသည်။ ဤအိမ်ကလည်း ပြောလည်းပြောလောက်ပါပေရဲ့၊ ကျွန်တော်နှင့် ဘုန်းကြီးကြီးသွားတိုင်း သွားတိုင်းပဲ ဝက်သားဟင်းနှင့် ဝက်ရိုးဟင်းချိုနှင့် ဆွမ်းကပ်လေ့ရှိပါ၏။

ထိုခေတ်က ကျွန်တော်တို့ မြန်မာပြည်တွင် ဝက်သားဟင်းသည် ဟင်းတကာ့ဟင်းထဲတွင် နာမည်အရဆုံး ဖြစ်ပါ၏။ ဝက်သားဟင်းနှင့် ထမင်းကျွေးသော အလှူသည် ထိပ်တန်းထဲက ဖြစ်၏။ ထို့ကြောင့် ‘ဝက်သားတုံးကြီး ဒူးခေါင်းလောက် သူများစားတာ မြင်ဖူးပါရဲ့’ ဟူသော ဘာကာရန်မှ မမိသည့် သံချပ်ပင် ခေတ်စားခဲ့ပေသည်။ ယခုခေတ်မှာတော့ ‘ဆီရှား ဝက်သားဖိကျိတ်’ဟု ဝက်သားနာမ်နိမ့်ရပါ၏။ ဪ… သင်္ခါရတွေကိုး ခင်ဗျာ့။ ထို့ကြောင့် ဝက်သားဟင်းနှင့် ထမင်းကျိတ်ရမယ်ဆို နိပ်ပလေပေါ့။ ဝက်ဆီလေးများ ဆမ်းရ အဟမ်း… အဟမ်း…။

ဘုန်းကြီးကြီးနှင့် ကျွန်တော်သည် ဤအိမ်သို့ နံနက် ၉ နာရီခန့်တွင် သွားလေ့ရှိပါ၏။ ကျွန်တော်က နောက်မှ ဘုန်းကြီးကြီး သားရေလွယ်အိတ်ကို လွယ်၍ ထီးကြီးထမ်းလိုက်ရ၏။ ဘုန်းကြီးကြီးသည် သင်္ကန်းကိုရုံ၍ မိမိရှေ့လေးတောင်မျှထက် မပိုသော စက္ခုဣန္ဒြေဖြင့် ကြွတော်မူ၏။ တောဘုန်းကြီးသည် အလွန်တန်ခိုးကြီး၏။ တောသားတို့သည် ဘုန်းကြီးကို အလွန်ရိုသေကြ၏။ လမ်းမှာတွေ့ကြလျှင် ဘုန်းကြီးကြီးကို အရိပ်လွတ်အောင်ရှောင်ပြီး ပုဆစ်တုပ်ထိုင်၍ ဝတ်ချကြ၏။ ဘုန်းကြီးလွန်သွားမှ ထိုင်ရာက ထကြရ၏။ ဘုန်းကြီးကြီးသည် မည်သူမည်ဝါလဲဟုတော့ မျက်စိစောင်း၍ ကြည့်တတ်၏။ သို့သော် ဘာတစ်ခွန်းမျှ မပြောချေ။ ကျွန်တော်တို့ ဘုန်းကြီးကြီးသည် လမ်း၌ရပ်ပြီး လူတို့နှင့် စကားပြောလေ့မရှိပေ။

သို့ဖြင့် ကျွန်တော်တို့သည် ၉ နာရီခွဲသာသာလောက်မှာ ဦးဖိုးဆင့်တို့အိမ်သို့ ရောက်ကြ၏။

ဟာ တစ်အိမ်လုံး ပျာယာခတ်ကရော၊ ဦးဖိုးဆင့်ကိုယ်တိုင်က ဗီရိုထဲက ပုဆိုးခေါက်ကိုထုတ်၍ ဘုန်းကြီးကြီးခြေထောက်ကို သုတ်ပေး၏။ ဒေါ်မယ်မြင့်က သင်းဖြူးခင်း၊ ကော်ဇောခင်း၊ ခေါင်းအုံး၊ ကွမ်းအစ်၊ ထွေးခံပြင်၏။ သူတို့၏သမီးလေး ညွန့်ညွန့်က မိခင်ကိုကူညီပေး၏။ တစ်ဦးတည်းသော သမီးလေး၊ ရုပ်ကလေးက ချောပါဘိ…။

အဲသည်တုန်းက ဒီကောင်မလေးဟာ ကျွန်တော်နဲ့ ရွယ်တူလောက်ပါပဲ။ အဲသည်ခေတ်အလျောက် အဲသည်အရွယ်မှာ ဆံရစ်ဆံတောက်ဝိုင်းလေးနဲ့၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း အခုရထားပေါ်မှာ တွေ့နေတဲ့ ကောင်မလေးနဲ့ တူပါဘိ၊ နောက်မကြာမီ အပျိုချောဖြစ်တော့မည်ဆိုတဲ့ ပုံသဏ္ဌာန်၊ သို့ပေမဲ့ အခုလို…

“ဆယ့်သုံးနှစ်ရွယ် ပျိုပျံသင်စပေမို့ နွဲ့လုံးကျစ်သွယ် ကိုယ်ဟန်သွင်က ပြပြီပေါ့၊ နဂိုသဏ္ဌာန်ယဉ်အလှမှာတဲ့ မှုန်နံ့သာခြယ်” ဆိုတဲ့ ကာရန်မျိုးတော့ ကိုယ်တိုင် မစပ်တတ်သေးဘူး၊ သို့သော်…

“ဆံရစ်ဆံတောက်ကလေးဟာမို့၊ အချစ်အညှောက် သွေးတွေဝင်ကာ စွတ်ပါလို့ ခင်ကညာကိုလေ… ကြင်နာချက်ကယ်ကြောင့် ခုတင်မှာ ထင်ရာဖက်တယ်၊ နွမ်းလျက်ခွေ” ဟူသည် ဒဂုန်မဂ္ဂဇင်းကြီးမှာပါသော ကဗျာမျိုးတော့ အလွတ်ကျက်တတ်နေပါပြီ။

ဟုတ်ပါသည်။ ကျွန်တော် ၁၂ နှစ်သားက ဒီလို ရွယ်တူကောင်မလေးကို စိတ်ကူးယဉ်တတ်နေပါပြီ။ မှန်တာပြောလျှင် ၉ နှစ် ၁၀ နှစ်သားလောက် လင်မယားလုပ်တမ်း ကစားတတ်သည့်အရွယ်က လွန်လျှင် ကျွန်တော့်တစ်သက်တာမှာ ပထမဦးဆုံး သမီးရည်းစား အချစ်စိတ်နဲ့ စိတ်ကူးယဉ်မိတာဟာ အဲသည် ညွန့်ညွန့်ပါပဲ ခင်ဗျာ။ သူ့ဘက်က ဘယ်လိုရှိမယ်တော့ ကျွန်တော် မသိခဲ့ပါဘူး။ သူနှင့် ကျွန်တော်ဟာ စကားတစ်ခွန်းမျှလည်း မပြောခဲ့ဖူးပါဘူး။ အဲ… တစ်ခါတော့ မှတ်မှတ်ရရ ခင်ဗျား… အရိုက်ခံရတယ်။ ညနေစောင်း ကျွန်တော်နဲ့ ဘုန်းကြီးကြီးက သူတို့အိမ်က အပြန်၊ သူက ဝင်းခြံပေါက်ဝနား ပန်းချုံလေးဘေး ထိုင်ပြီး အလီပေါင်းကျက်နေတာ။

၁၇ တစ်လီ ၁၇

၁၇ နှစ်လီ ၃၄

၁၇ သုံးလီ x x ဆိုရုံရှိသေး၊ ကျွန်တော်က ဖြတ်ပြီး ၅၁ လို့ဆိုလိုက်မိတော့ ကျွန်တော့်ခြေသလုံး ပေတံနဲ့ ခုတ်လိုက်တာဗျာ၊ လူ့ကို ပူထူသွားတာပဲ။ ဘုန်းကြီးကြီးကလည်း ရှိနေတော့ ကိုယ့်မိုက်ပြစ်နဲ့ကိုယ် ဘာမျှ ပြန်မပြောဝံ့ပဲ လစ်ခဲ့ရတယ်။


* * *


ယင်းသို့ သူကလေး ကြည့်ရင်းဖြင့် ကိုယ်၏ ရှေးဟောင်းနှောင်းဖြစ် ကလေးတွေတွေးရင်း မီးရထားကြီးသည် လှိုင်ထိပ်ခေါင်တင်၏မိခင် နန်းမတော်မမြလေးတို့ရဲ့ ဇာတိမြေ ဥက္ကံသုံးဆယ် အပျိုတွေချောတဲ့ လှိုင်ဘောလယ်ဆိုတာ ကျော်ဖြတ်ခဲ့ပြီး သာယာဝတီမင်းသားစံခဲ့ရာ သာယာဝတီမြို့ ဘူတာဆိုက်၊ နောက်ပြီးတော့ လက်ပံတန်း၊ ထို့နောက် ကြို့ပင်ကောက်လည်းရောက်ကရော ကောင်မလေးဟာ ပြတင်းပေါက်က ခေါင်းပြူတဲ့ပြီး… 

“သမီး ဒီမှာ မေမေ… သမီး ဒီမှာ”

မျက်မှန်နဲ့ ဝဝဖိုင့်ဖိုင့် အဒေါ်ကြီးတစ်ယောက် ကျွန်တော်တို့တွဲနား ရောက်လာတယ်၊ ကျွန်တော့်မြင်တော့…

“ဟင် ကိုကျင်မောင်” တဲ့။

ကျွန်တော်က သူ့ မသိသလိုဖြစ်နေတော့ သူကပဲ စကားဆက်ပြီး “ကျွန်မကိုတော့ ဘယ်မှတ်မိတော့မလဲလေ အဖေ-အမေ နာမည်ပြောမှ သိတော့မှာပဲ၊ လက်ပံပင်စုက ဦးဖိုးဆင့်-ဒေါ်မယ်မြင့်…”

သည်တော့မှ ကျွန်တော်က “အား… မညွန့်ညွန့် ဟုတ်ပြီ၊ ဒါက သမီးနော်၊ ဒါကြောင့် ကျွန်တော်က ဒီကလေးမမြင်တော့ ငယ်ငယ်က ဆံရစ်ကလေးနဲ့ မညွန့်ညွန့်ကို သတိရနေတာဗျ”

“ဟင်… ဟုတ်ရဲ့လား၊ အခုကြီးတဲ့ရုပ်တော့ နည်းနည်းမှ မမှတ်မိဘူးပေါ့”

“ဟင့်အင်း… ဘယ်လိုမှ ဆက်လို့မရဘူး၊ မညွန့်ညွန့်ကတော့ ကျွန်တော့် မှတ်မိတယ်နော်”

“ယောက်ျားရုပ်က မိန်းမတွေလောက် မပြောင်းဘူး၊ နို့ပြီး ကိုကျင်မောင် လူပျိုပေါက်တုန်းကလည်း ပေါင်းတည်ကျောင်းသွားတော့ ကျွန်မတို့အိမ်ရှေ့က ဖြတ်ဖြတ်သွားနေတာပဲ၊ အင်း အခုတော့လည်း ဆံပင်တောင် ဖြူစပြုပြီပဲ၊ ကိုကျင်မောင် အသက်ဘယ်လောက်ရှိပြီလဲ…”

“အဲ ခုနပဲ သတိရလို့ တိုက်တိုက်ဆိုင်ဆိုင် အလီပေါင်းနဲ့ ပြောပြရမှာပဲ၊ ၁၇ တစ်လီ ၁၇၊ ၁၇ နှစ်လီ ၃၄၊ ၁၇ သုံးလီ x x ပေတံနဲ့တော့ မခုတ်လိုက်ပါနဲ့ဗျာ…”

“ကြည့်စမ်း… ကြည့်စမ်း… ကိုကျင်မောင် ဒါကို သတိရသေးတယ်.. ဟုတ်လား…”

“ဟုတ်ကဲ့…”

အမြန်ရထားတို့မည်သည် တစ်ဘူတာမှာ ကြာကြာမရပ်ပါ။

ဘဝသံသရာ… တဲ့။ ရှည်လျား ထွေပြား မနေမနား တစ်သွားထဲ သွားကြတာ။ ။

(၁၉၇၀ ခု၊ ဧပြီလ၊ မြဝတီ)

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး