အဖေ့သွေးချိုချို @ ကျိုက်စကော ခင်စိုး


ကျွန်တော်တို့ လင်မယား သားဦးလေးဖွားတော့ ပျော်လိုက်တဲ့ဖြစ်ခြင်း၊ မော်လိုက်တဲ့ချစ်ခြင်း။ နှစ်ယောက်လုံးက အသားတော် ညိုတုံးတုံးမို့ မွေးလာတဲ့ကလေးက မည်းတဲတဲလေးများ ဖြစ်နေလား ပူလိုက်ပန်လိုက်ရတာ အမော။ တကယ်လည်း မွေးရော ကံကြမ္မာက မျက်နှာသာ ပေးလိုက်ပါသည်။ သားလေးက နုစိုရွှန်းလင်း ရွှေရောင်ကို ဝင်းနေလေ၏။ သားလေးမျက်နှာ တစိမ့်စိမ့် တသိမ့်သိမ့် စိုက်ကြည့်နေရင်း တစ်လသား၊ နှစ်လသားမှသည် တစ်စတစ်စ ကြာလာသောအခါမှာတော့ လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး မျက်လုံးချင်း စကားပြောမိကြ၏။ ရင်ခုန်သံချင်း ပူးကြည့်ကြ၏။ ဇနီးသည်ကား အခြေအနေကို အောင့်အည်း သည်းမခံနိုင်သည့်အဆုံး ချုံးပွဲချငိုလေတော့သည်။ ကျွန်တော်က အားပေးနှစ်သိမ့်ရပါ၏။

“ကံပေးတဲ့အတိုင်းပေါ့ကွာ”


***


ဇနီးသည်ကား သာမန် မိန်းမသားဘဝမှ ကလေးအမေဖြစ်လာ၊ အိမ်ထောင်ဝါရင့်လာသည်နှင့်အမျှ သင်္ချာပါမောက္ခ ဖြစ်လာခဲ့လေပြီ။ ကိန်းဂဏန်းများ ပေါင်းနုတ်ရာ၌ ဒက်ခနဲ ဒက်ခနဲ စက်သေနတ်ဆွဲသလို ဝက်ဝက်ကွဲမျှ မြန်ဆန် တိကျလှပါပေ၏။

“ဝတ်စုံနှစ်စုံက ရှစ်ထောင်၊ မိုးကာ နှစ်ထောင့်ငါးရာ၊ ဖိနပ် ထောင့်ငါးရာ၊ အားလုံး သောင်းနှစ်ထောင်။

ရှင့်အရည်အချင်းသိလို့ ဈေးဖိုးထဲက စုစုပြီး ဝယ်ထားပြီးပြီ။ အခုလိုနေတာက ကျောပိုးအိတ်၊ ရှင့်သားက ဈေးထဲမှာ လက်ညှိုးထိုးပြတယ်၊ ဒါမျိုးမှတဲ့။ အကောင်းစား သောင်းကျော်မယ်၊ ကျောပိုးအိတ်ရရင် ပြည့်စုံပြီ။ အဲဒါ ရှင့်တာဝန်။ သားအကြောင်း သိတယ်မဟုတ်လား၊ သူလိုချင်တာ ရကိုရမှ၊ သူများကလေးထက် သာမှဖြစ်မှာ”

ဇနီးသည် သင်္ချာ ပါမောက္ခ စကားထွက်ကြောင့် ကျွန်တော် အဖျားတက်ချင်သလို ဖြစ်သွားပါပြီ။ ကျောင်းဖွင့်ရက်ကလည်း နီးပြီ။ သားသမီးတွေ ပညာရေး ကျွန်တော်တို့လို အောက်ခြေ လူတန်းစားများ ဖင်တရော်ညှပ် ပြေးလွှားရသည့် ကျောင်းဖွင့်ရာသီ ရောက်နေပြီ။ ကျွန်တော်တို့ ငယ်ဘဝမှာတော့ ဘေးလွယ်အိတ်ကိုယ်စီ၊ ခုခေတ်မှာတော့ ကျောပိုးအိတ်၊ ဆိုက်စုံ၊ ရောင်စုံ၊ ဈေးမျိုးစုံ။ မိန်းမက မြော်မြင်ကြီးမား ကြိုတင် စီမံထား၍ တော်သေး၏။ သို့သော် ကျွန်တော် အားကောင်း မောင်းသန် ယောက်ျားကြီးက ကျောပိုးအိတ်ကလေး တစ်လုံးတောင်မှ ဝယ်မပေးနိုင်လို့ကတော့ အမေဂုဏ် သိက္ခာ ဗလချာဘဝ ရောက်တော့မည်။ သား လက်ညှိုး ထိုးစေလိုရာ စေခဲ့သမျှ မရ မရှိ ဖြည့်ဆည်းခဲ့ပြီး ခု ကျောပိုးအိတ်လေးတစ်လုံး ကျခါမှ ဖခင်သိက္ခာ မချနိုင်ပါ။ ကျွန်တော့်ဗိုက်ထဲ ဘွိုင်လာအိုးတစ်လုံး ရောက်နေသလို ပူနေပါပြီ။ လူနှင့်အိမ်သာ ဆက်ဆံရေးမကျဲအောင်ပင် မနည်းရုန်းကန်နေရသော ကျွန်တော်တို့လို လက်လှုပ်မှ ပါးစပ်စား ဆင်းရဲသားများမှာ ငွေပိုငွေ လျှံဆိုတာ ဝေးစွ၊ ဝယ်သုံးနေရသဖြင့် ရေပိုရေလျှံတောင် အပိုမရှိပါ။ မည်သို့ပင်ဖြစ်စေ ကျွန်တော် အဖေတာဝန် ကျေပွန်အောင် ထမ်းဆောင်ရပါမည်။ အထူးသဖြင့် ကျွန်တော့်သားလေးလို ကလေးကို လိုလေသေးမရှိ ဖြည့်ဆည်းပေးရမည်။ ဒါမှ ရွှင်လန်းအားတက် ဉာဏ်ရည်ထက်လာမည်။ ကျွန်တော်တို့ လင်မယားသည် အစွမ်းကုန် ရှာဖွေရသမျှ သားကလေး အတွက်ချည်း ပုံအောပြုစုခဲ့ကြ၏။ ထို့ကြောင့် တစ်စ တစ်စ ဉာဏ်ရည်ပြည့်ဝလာပြီး ကကြီး၊ ကခွေး ဗလုံးဗထွေး၊ ကဗျာလေးတွေ ဝိုးတဝါး ဆိုတတ်ပြီ။ သို့သော် မိသားစုဘတ်ဂျက်က အမြဲလိုလို လိုငွေပြနေ၏။ ပေါင်စရာ နှံစရာကအစ ချွတ်ခြုံကျနေချိန်နှင့် ကျောင်း အပ်ရမည့်ကာလ တိုက်ဆိုင် ကျနေသည်။ ကျောပိုးအိတ် တစ်လုံး သောင်းကျော်တန်ကြီး ငါ ဘယ်လိုဖန်တီးရ မည်နည်းဟု တွေးရင်းပေးရင်း ဖျတ်ခနဲ တစ်ရွာတည်းသား ငယ်သူငယ်ချင်း ကျော်မင်းကို သတိရမိလိုက်၏။ 

သူငယ်ချင်းကား ရွာနာမည် ကျော်မင်း မဟုတ်တော့ပြီ။ ယက္ခကြီးနာမည်နှင့် လုပ်စား၊ အသက်မွေးဝမ်းကျောင်း ကြမ်းတမ်းနေသူမှန်း ကျွန်တော် သိပါ၏။ သူ့လို ဘဝနှင့် ကျွန်တော့်လုပ်ငန်းက ရထားသံလမ်းနှစ်ချောင်းလို ဘယ်လိုမှ ပူးပေါင်းရန် မသင့်ကြောင်းလည်း စဉ်းစားမိပါ၏။ သို့သော် ထိုင်နေလို့ကတော့ ဘာမှ ဖြစ်မလာနိုင်သည့် အနေအထားတွင် ယက္ခကြီးဆီ ထ,သွား၊ ရပေါက်ရလမ်းလေး ရှိလျှင်လည်း ဖြစ်ချင်ရာဖြစ် ငွေရ ပြီးရော လှုပ်ရှားရပါတော့မည်။ သားလေးအရေးထက် ဘာအရေးကိုမှ မတွေးနိုင်သော ကျွန်တော်တစ်ယောက် ငယ်သူငယ်ချင်း ကျော်မင်းဆီ ရောက်သွားရခြင်းကပင် သေဝနာစမိပြီး ဗာလာနဘဝ ရောက်သွားရသည့် ဇာတ်လမ်းအစ ဖြစ်ပါတော့သည်။


***


"အားလုံး သေချာနားထောင်”

ကျွန်တော်တို့အားလုံး တန်းစီရပ်နေကြပါသည်။ ရှေ့ဆုံးကတော့ အဖွဲ့ခေါင်းဆောင် ယက္ခကြီး။ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွှေး ထူလပျစ်၊ အဝတ်အဆင် ညစ်ညစ်ဖြင့် သူ့တစ်ကိုယ်လုံး အနုအလှအရွ တစ်နေရာ မှမရှိ၊ ပကတိ လူကြမ်းကြီးပုံ ပေါက်နေ၏။ သူ့ကိုကြည့်ရင်း ကျွန်တော့်စိတ်ထဲ ဤအဖွဲ့နှင့် ကြာရှည်လက်တွဲလို့မဖြစ်ဟု တွေးနေမိပါသည်။ သို့သော် လက်ရှိအနေအထားမှာတော့ ငွေရပြီးရော ဖြစ်ချင်ရာဖြစ် ဝင်လုပ်ရပါပြီ။ အလွန်စမတ်ကျ သားနားလှသော ကုမ္ပဏီ မန်နေဂျာအမည်ခံ ဂဠုန်နက် ဂိုဏ်းခေါင်းဆောင်သည် ကျွန်တော်တို့ရှေ့ ခေါက်တုံ့ ခေါက်ပြန်လျှောက်ရင်း အမိန့်ပေးနေသည်။ 

“ကားအနားရောက်မှ ချုံကွယ်တွေကထွက်၊ ကားရှေ့ ပိတ်ရပ်၊ ဝိုင်းထား၊ ဒရိုင်ဘာနဲ့ ခေါင်းဆောင် ဆင်းလာမယ်။ ရင်ဆိုင်မိတာနဲ့ စရမှာ ယက္ခကြီး၊ ဘယ်လိုက စပြော၊ ဘယ်လိုလှုပ်ရှားရမလဲဆိုတော့ ...” 

ဂိုဏ်းခေါင်းဆောင်က အသေးစိတ် ရှင်းပြနေသည်ကို အားလုံးက စူးစိုက်နားထောင် နေကြသော်လည်း ကျွန်တော့် စိတ်တွေကတော့ ဟိုရောက် သည်ရောက် ယောက်ယက်ခတ်နေပါ၏။ ငယ်စဉ်ကလေးဘဝ စစ်တိုက်တမ်း ကစားခဲ့သည်ကို သတိရမိ၏။ ကျွန်တော်နှင့် ယက္ခ တစ်ဖွဲ့စီခွဲ၍ ရင်ဆိုင်တိုက်ခိုက်ခဲ့ ကြသည်။ ကျွန်တော်ကား ခုန်ပျံသတ်ပုတ် ခေါင်းဆောင်လုပ်၍ အစွမ်းပြခဲ့ပါ၏။ ချောင်းကူးတံတားပေါ်က ဒိုင်ဗင်ထိုးချ ကျွမ်းပစ်ကြရာတွင်လည်း ကျွန်တော်က ယက္ခထက် ကျွမ်းကျင်ပါသည်။ လေထဲမှာတင် ကျွမ်းတစ်ပတ် လည်မွတ်သွားသည့်အပြင် နောက်တစ်ကျွမ်းပစ်ရင်း ရေထဲ ဒိုင်ဗင်ထိုးဆင်းတာမျိုး ကျွန်တော့်လောက် ဘယ်ကောင်မှ မကျွမ်း။ နောက်ပြန်ကျွမ်းမျိုး ကျွန်တော့်လို ဘယ်ကောင်မှ မထိုးနိုင်။ ယခုတော့ ငယ်က ကျွမ်းသည့် ငယ်စွမ်း ငယ်စတွေ ပြရပါတော့မည်။ သို့သော် အလေ့အကျင့် ပြတ်သွားပြီဖြစ်၍ ယက္ခကြီးကိုတော့ မီတော့မည် မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်၏ လျင်မြန်သွက်လက်မှုကို ယုံကြည်သဖြင့် အလုပ်ထဲ ဆွဲသွင်းလိုက်ကြသည်။ လာမည့်ဘေး ပြေးတွေ့ရပါတော့မည်။ ကျွန်တော့်စိတ်အာရုံကို ပြန်လည်စုစည်းပြီး ဂဠုန်နက် ဂိုဏ်းခေါင်းဆောင်၏ အမိန့်ကို နာခံလိုက်ပါ၏။


***


ပစ်မှတ်ဖြစ်သော ကားလေးက လမ်းထိပ်မှ စဝင် လာပါပြီ။ ယက္ခကြီး ဦးဆောင် ကျွန်တော်တို့လေးဦးသည် ကားလည်း အနားရောက် ချုံကွယ်တွေက ခုန်ထွက် ကားရှေ့ ပိတ်ရပ်လိုက်၏။ ကားပေါ်က နှစ်ယောက် ဆင်းလာသည်။ ရှေ့မှ ဆင်းလာသော လူငယ်ကို ယက္ခကြီးက ပြောလိုက်သည်။ 

'မင်းကားပေါ်က သေတ္တာကို အသာတကြည်အပ်ရင် မင်း အသက်ရှူခွင့် ဆက်ရှိမယ်၊ အေး--- လုယူ ရမယ် ဆိုရင်တော့..ဟဲ.....ဟဲ”

ယက္ခက ဓားမြှောင်ကို ထောင်ပြလိုက်၏။ လူငယ်က မခန့်လေးစား ပြုံးလိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ ယက္ခကြီးက ကျွန်တော်တို့ဘက် အချက်ပြလိုက်ရာ ဂိုဏ်းသားတစ်ယောက်က လူငယ်ဆီ ဖျတ်ခနဲဝင် မျက်ခွက်ကို ဖြတ်ထိုးလိုက်၏။ ဒရိုင်ဘာက သူ့ဆရာကို အထိမခံ ကြားမှ ဝင်တားပြီး တိုက်လိုက်သည်။ တိုက်ပွဲအခြေအနေက ရှုပ်ထွေးသွားပါပြီ။ ကျွန်တော်လည်း ဝင်ကြမ်းနေရ၏။ ကျွန်တော့်လက်သီးချက် အဝေ့အ၀ိုက်များက ရန်သူ၏ အရွေ့အတိုက်များထဲတွင် အရာမထင်။ နှစ်ယောက်နှင့် လေးယောက်ဖြစ်သော်လည်း ကျွန်တော်တို့ဘက်က အနိုင်မရဘဲ တစ်ယောက်မှောက်သွားပါပြီ။ ယက္ခကြီးနှင့် တစ်ဦးက ပစ်မှတ်လူငယ်နှင့် တစ်ဆိုင်း တိုက်ခိုက်နေစဉ် ကျွန်တော်နှင့် ဒရိုင်ဘာက တစ်ဆိုင်း ဖြစ်သွား၏။ ကျွန်တော့်ညာခြေ ပိုက်ကန်ချက်ကို တစ်ဖက်က ပွတ်ရှောင်ပြီး သူ့ညာလက်သီး ထိုးဝင်လာသည်ကို ဖျတ်ခနဲ ဘယ်လက်ဖျံနှင့် ကာလိုက်စဉ် လွတ်ထွက်သွားပြီး ကျွန်တော့်ပါးချိတ်ရိုးတည့်တည့် ထိုးမိလိုက်သွား၏။ ကျွန်တော် ကျွမ်းတစ်ပတ်လည်စောင်းပြီး မြေပြင်ပေါ်ပြန်အကျ သစ်မြစ်စောင်းပေါ် ဒုန်းဆို ခေါင်းကျသွားပြီး ရောင်စုံကြယ်ပွင့်လေးများ ဖြာထွက်သွားပြီး မိုက်ခနဲ ဖြစ်သွားသည်။

သတိလေး မျှဉ်းမျှဉ်းရ လာစဉ်မှာတော့ ပါးစပ်တစ်ခုလုံး ကျဉ်တက်၊ သွားတွေ ကျွတ်ထွက်ကုန်သလို ခံစားနေရသည်။ ငန်ငြိငြိသွေးတံ တွေးတွေ မျိုချနေရ၏။ သွားဖုံးတစ်နေရာ ဒဏ်ရာက သွေးထွက်နေပြီ။ လျှာနှင့် အသာထိုးကြည့်ရာ အပေါ် သွားတစ်မြုံလုံး လှုပ်နဲ့နေ၏။ ဒီသွားတွေ ပြန်ခိုင်မှ ခိုင်ပါတော့မလား၊ အကုန်များ နုတ် ပစ်ရမလား၊ တစ်သက်လုံးများ ယိုင်နဲ့နေတော့မှာလား၊ တစ်ခေါင်းလုံးလည်း အုံခဲနာ ကျင်နေပါတော့သည်။ တစစ်စစ်ထွက်နေသော သွေးတံတွေးတွေကို အခါခါမျိုချနေရင်း စိတ်တွင်း မြင်ကွင်းမှာတော့ သား … သားလေး ကျောင်းတက်သွားသည့် ပုံစံ။ မူကြိုကျောင်းသားကြီး ကျွန်တော့်သားလေး၊ ကျောင်းဝတ်စုံအသစ်၊ ဦးထုပ်၊ ဖိနပ်အသစ် ကျောမှာတော့ ကျွန်တော်ဝယ် ပေးထားသော သောင်းကျော်တန် အကောင်းစား ကျောပိုးအိတ်ကြီး။ လူကတော့ နည်းနည်းမျှ မလှုပ်ရဲပါ။ လှုပ်သည်နှင့် ရန်သူက ပြေးကန်လိမ့်မည်။ ထိုစဉ်မှာပင် အသံတစ်ခု ကြားလိုက်ရသည်။

"ကဒ်”

ပြေးလာသော ခြေသံတွေလည်း ကြားလိုက်ရ၏။ 

"ဟေ့ကောင် ထ …ထ ပြီးပြီ”

ယက္ခကြီးက ထူပေး၏။

"ဟေ့ကောင် တကယ် သေသွားပြီလား ဟား..ဟား … ဟား …”

ကျွန်တော့်ကို ဝိုင်းထူပေးကြသည်။ အားလုံးက တပြုံးပြုံး။ လူကြမ်းတစ်ယောက်က ကျွန်တော့်ကို ချီးကျူးသည်။

"ယက္ခကြီး ခင်ဗျား သူငယ်ချင်း တကယ့် အကယ်ဒမီရှော့ပဲဗျ ဟား...ဟား … ဟား၊ ကင်မရာ လုံးဝမကြောက်ဘူး” 

ကျွန်တော် အောင်ပွဲခံပြုံးလိုက်သည်။ ထိုစဉ် မီးအဖွဲ့၊ စက်အဖွဲ့များလည်း ကိုယ့်ပစ္စည်းကိုယ်သိမ်းနေကြ၏။ ယနေ့ ရိုက်ကွင်းပြီးသွားပါပြီ။ ဗီဒီယိုဒါရိုက်တာက ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်သည်။ 

“ကြိုက်တယ် ဗျာ၊ နောက်လိုအပ်ရင် ယက္ခကြီးနဲ့ မှာလိုက်မယ်၊ ကောင်းတယ်၊ အသစ်ဆိုပေမဲ့ လမိုင်းကပ်တယ်။ ကွက်တိပဲ”

ကျွန်တော့်ပါးစပ်ထဲ တံတွေးတွေ ပြည့်လာသဖြင့် ဘေးဘက် ထွေးချလိုက်ရာ နီရဲရဲတွေ ထွက်လာ၏။ 

"ဟာ သွေးတွေ ထိသွားပြီနဲ့တူတယ်၊ ပါးချိတ်လည်း မည်းသွားတယ်။ အတော်နာသွားလား၊ ဆေးခန်းသွားပြဗျာ၊ ရော့ ဆေးဖိုးတစ်သောင်း ထပ်ပေးလိုက်မယ်”

သရုပ်ဆောင်ခ တစ်သောင်း၊ ဆေးဖိုးနှင့် ငွေနှစ်သောင်း လက်ထဲရောက်သည်နှင့် ကျွန်တော့်ရင်ထဲ အပျော်တွေ စိမ့်ခနဲ၊ သိမ့်ခနဲ ဖြန်းဖြန်းတက်လာပါ၏။ သားလေး ကျောပိုးအိတ်က တစ်သောင်းကျော်မည်။ ကျော်ချင်သလောက်ကျော် ပျော်သွားပြီ။ ဆေးခန်းမပြဘဲ အိမ်ပြန်မည်။ ခုနစ်နှစ်သား ရှိမှ မူကြိုအဆင့် ဉာဏ်ရည် ရှိသေးသော အောတစ်ဖင် (ဉာဏ်ရည်နိမ့်သူ) သားလေး မျက်နှာမညှိုးဖို့ ငါ အဖေ သွားတွေကျိုးပါစေ အရေးမကြီးဘူးဟု တွေးရင်း သွားကြား ယိုထွက်လာသည့် သွေး ငန်ပျပျတွေက ချိုမြမြ ဖြစ်လာပြီး အားရပါးရ မျိုချ လိုက်မိပါသည်။ 


ကျိုက်စကော ခင်စိုး

အမှတ် ၃၆၄၊ ဧပြီ ၂၀၂၀

ရွှေအမြုတေမဂ္ဂဇင်း

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး