ထိလုမိုးဆီ @ မောင်အင်း၊ ဥက္ကံ၊


ကျွန်တော့်ဝါသနာက လက်ဝှေ့ထိုးတာပါ။ စည်း၊ ဘောင်၊ ကန့်သတ်ချက်တွေ အတွင်းမှာ လုံးတူဒေါက်တူ အချင်းချင်း ယှဉ်ပြိုင်ထိုး သတ်ရတာကို ကြိုက်လို့ပါ။ ဒါဟာ ပြိုင်ဘက်ရဲ့ အရည်အချင်း ဘယ်လောက်ရှိတယ်။ သက်လုံ ဘယ်မျှ ကောင်းတယ်။ ပြိုင်ဘက်ရဲ့ အားသာချက်၊ ပျော့ကွက်၊ ပြီးတော့ လူတစ်ယောက်ရဲ့ အတွင်းစိတ်ကိုပါ ယှဉ်ပြိုင်ရင်း သိရတတ်တယ်။ ဒါကြောင့် လက်ဝှေ့ထိုးရတာကို ကျွန်တော် နှစ်ခြိုက်တာပါ။

လက်ဝှေ့မျိုးစေ့ ကျွန်တော့်ရင်ထဲမှာ စတင် သန္ဓေတည်တာကတော့ အလယ်တန်းကျောင်းသား အရွယ်မှာပါ။ အဲဒီတုန်းက ကျွန်တော်တို့ရဲ့ မြို့လေးရဲ့ လွတ်လပ်ရေးပွဲတော်မှာ နွှဲပျော်ရင်း မြန်မာ့လက်ဝှေ့ ပြိုင်ပွဲကို ကြည့်မိရာက စ,တာ။ ဖြစ်ချင်တော့ အဲဒီလက်ဝှေ့ပွဲကို အနယ်နယ်အရပ်ရပ်က ဝါသနာရှင်တွေ လာသလို ကလပ်သုံးလေးခုက ဝါသနာရှင် လူငယ်တွေလည်း လာကြတယ်။ 

ပွဲခင်းကို ကျွန်တော်တို့ သူငယ်ချင်းတစ်စု ရောက်တော့ နာမည်ကြီး လက်ဝှေ့သမားတွေ မထိုးသေးပါဘူး။ ဗိန်းဗောင်းသံနဲ့အတူ လက်ဝှေ့ သင်တန်းသားတွေ အလှည့်လိုက် ဟန်ရေးပြနေကြတယ်။ ခဏကြာတော့ ကျွန်တော်တို့အရွယ် သင်တန်းသားတစ်ယောက် ကြိုးဝိုင်းထဲမှာ ဟန်ရေးပြရင်း “ဘက်တူရင်တက်ခဲ့” လို့ စိန်ခေါ်တယ်။ ဒါဟာ ပရိသတ်စိတ်ဝင်စားအောင် သူတို့ သင်တန်းသား အချင်းချင်း စိန်ခေါ်နေတာပါ။ စိန်ခေါ်သူဟာ လက်ပမ်း ပေါက်ခတ်ရင်း ကြိုးဝိုင်းထဲမှာ လူးလာခေါက်တို့ သွားနေပေမဲ့ ဘယ်သူမှ စပ်ပေါ်တက် မလာပါဘူး။ သင်တန်းသား တချို့ကဆို ကြောက်ရွံ့ဟန်ပြရင်း နောက်တွန့်နေတော့ ပရိသတ်က တဝါးဝါးပေါ့။ သူဟာ ပရိသတ် ရယ်သံကြားလေ ဟန်ရေးပိုပြလေပါပဲ။ အဲဒီမှာ မခံချိမခံသာ ကျွန်တော် ဖြစ်တာပါ။

"ငါ တက်ထိုးမယ်ကွာ"

"ဖြစ်မလားကွ” 

“ဘာလို့ မဖြစ်ရမှာပဲ” 

“ချကွာ။ မင်း ဗလ လောက်တောင်မရှိဘူး”


တားသူတား၊ မြှောက် သူမြှောက် လုပ်နေတဲ့ သူငယ် ချင်းတွေကြားမှာ စိန်ခေါ် သူကို ဖျော်ဖြေနေတယ်လို့ ကျွန်တော် မမြင်တော့ဘူး။ ကိုယ့်မြို့ ကိုယ့်ရွာ လာပြီး လေကျယ်နေတယ်လို့ကို မြင်တာ။ ဒါကြောင့် ကြိုးဝိုင်းအနီးက အမှတ်ပေးဒိုင်အဖွဲ့ထံ ကျွန်တော် တိုးကပ်သွားတယ်။

"ကျွန်တော် ထိုးချင်တယ်”

"ဟေ... အခု စိန်ခေါ် နေတဲ့ စောညီညီနဲ့ ထိုးမှာ”

'ဟုတ်' ပွဲစဉ်ဇယားရေးဆွဲနေတဲ့ ဒိုင်အဖွဲ့ဟာ ကျွန်တော့်ကို လူထူးလူဆန်းတစ်ယောက် လို ကြည့်နေကြတယ်။ 

'ဘယ်ဖြစ်မလဲ ကလေးရ၊ ဒါက ပွဲအကြို ဖျော်ဖြေနေတာ 

“သူက စိန်ခေါ်နေတာလေ”

“ဟန်ပြပါကွာ”

"မရဘူး။ ထိုးမယ်" 

ခဏကြာတော့ အတင်း တောင်းဆိုနေတဲ့ ကျွန်တော့်ကြောင့် ဒိုင်တွေအချင်းချင်း တိုင်ပင်ကြတယ်။ 

“သားက ထိုးဖူးလား” 

"မထိုးဖူးဘူး"

“စည်းကမ်းတွေ ပြောပြမယ်။ လဲရှုံး၊ ကွဲရှုံးနော်၊ တစ်ချီပဲ ခွင့်ပြုမယ်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အငြိုးမထားရဘူး”

"ဟုတ်ကဲ့" 

အမှန်ပြောရရင် ဆိုင်းသံတွေရယ်၊ စိန်ခေါ်နေတဲ့ ရွယ်တူ ပြိုင်ဘက်ရယ်ကြောင့် ကျွန်တော် သွေးကြွနေတာပါ။ ခုလို ထိုးဖို့မပြောနဲ့ ရန်တောင်မဖြစ်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ လုံးတူ ဒေါက်တူ စိန်ခေါ်သူကို ကျွန်တော် ယှဉ်ပြီးတော့ ထိုးသတ်ချင်နေမိတယ်။ အနိုင်ထိုးနိုင်မယ်လို့လည်း စိတ်က ထင်နေမိတယ်။ ဒါပေမဲ့ အဲဒီနေ့မှာ အထင်နဲ့ လက်တွေ့ဟာ ကွာခြားကြောင်း ကျွန်တော် သိခဲ့ရတယ်။

စိန်ခေါ်သူဟာ ပွဲစစချင်းမှာ ကျွန်တော့်ကို မထိုးသေးပါဘူး။ ဗိန်းဗောင်းသံကြောင့် မြောက်ကြွကြွဖြစ်နေတဲ့ ကျွန်တော်ကသာ လိုက်ထိုးနေတာပါ။ သူဟာ ကျွန်တော့်ရဲ့ ခြေအလှုပ်၊ လက်အဝိုက်တွေကို ကြိုသိနေသလိုပါပဲ။ ပွတ်ကာသီကာ ရှောင်ထွက်နေတယ်။ ဒါပေမဲ့ ခဏအကြာမှာတော့ ရှောင်ထွက်ရင်း ဖမ်းထောက်လိုက်တဲ့ လက်သီးချက်ဟာ အကာအကွယ်မဲ့နေတဲ့ ကျွန်တော့် နားထင်စပ်ဆီကို တည့်တည့်ကြီး ထိလာပါတယ်။ ပိုဆိုးတာက အင်နဲ့အားနဲ့ အတင်းဝင်တော့ ကိုယ့်အားနဲ့ကိုယ် ထိချက်ပိုပြင်းတာပါ။

"ဟာ... ကွဲသွားပြီ”

ဖြောင်းခနဲ မြည်နေတဲ့ သူ့လက်သီးချက်ကြောင့် ကျွန်တော် ရီဝေဝေဖြစ်ပြီး ယိမ်းယိုင်သွားတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ပြန်ပြီး မတ်မတ်ထားနေချိန်မှာ "ကွဲသွားပြီ” ဆိုတဲ့ အသံတွေ ပရိသတ်ကြားမှာ ညီသွားတယ်။ အဆုံးသတ်မှာတော့ ကျွန်တော့် မျက်ခုံးစပ်က ဒဏ်ရာကို ငါးချက်ချုပ်လိုက်ရပါတယ်။ ပြီးတော့ အမေ့ ဆူပူသံကိုလည်း သုံးရက်လောက် နားထောင်လိုက်ရတယ်။ ဒီမှာတင် လေ့ကျင့်ခြင်းနဲ့ အတတ်ပညာ ဆိုတာကို ကျွန်တော် အလေးထား မိတာပါ။ နောက်တော့ နွေရာသီကျောင်းပိတ်ရက်တိုင်း မြို့နဲ့အနီးဆုံးမှာရှိတဲ့ မြန်မာ့ လက်ဝှေ့သင်တန်းကို ကျွန်တော် တက်တော့တာပေါ့။ လက်ဝှေ့ကို ဝါသနာထုံတဲ့ ကျွန်တော်ဟာ ကျောင်းက ပြန်လို့ အိမ်ရောက်ရင် အမေ့ကို အိမ်မှုကိစ္စကူတယ်။ ပြီးရင် လေ့ကျင့်ပြီ။ အမေဟာ ဖတဆိုးသားလေး ကျွန်တော့်ကို အလိုလိုက်တာမျိုး မဟုတ်ပါပဲ ဝါသနာကိုတော့ မတားခဲ့ပါဘူး။ ဒါကြောင့် ကျောင်းစာရော၊ အိမ်မှုကိစ္စရော မလစ်ဟင်းရအောင် ကျွန် တော်ကလည်း ကြိုးစားခဲ့တယ်။

ပြောရရင် . . . . ကျွန်တော် ဘွဲ့ရပြီးချိန်မှာ အမေ့ဆိုင်လေးက ဆိုင်ကြီးဖြစ်လာပြီ။ အရင်က ဆန်သုံးပြည် ချက်လောက်သာ ကုန်ပေမဲ့ ခုဆို အမေ့ထမင်းဆိုင်ဟာ ရောင်းအားတက်ပြီး ငါးပြည်၊ ခြောက်ပြည်လောက် ချက်နေရပြီ။ ဒါဟာ ကျွန်တော်နဲ့ အကူအလုပ်သမား နှစ်ယောက်ကြောင့်လို့ အမေ အမြဲပြောလေ့ရှိတယ်။ 

အဝေးသင်နဲ့ ဘွဲ့ရခဲ့တဲ့ ကျွန်တော်ဟာ အမေ့ကိုကူရင်း လက်ဝှေ့လည်း ကျင့်သလို ဖိတ်ခေါ်ပွဲတွေရှိတိုင်း ကြိုးဝိုင်းထဲ ဝင်မြဲပါ။ ခုဆို ပွဲချီနှစ်ဆယ်ကျော် ကျွန်တော် ထိုးပြီးပါပြီ။ နိုင်ပွဲတွေ ဆက်ခဲ့သလို ရှုံးပွဲလည်းရှိပေမဲ့ လက်ဝှေ့ကို ကျွန်တော် ရူးသွပ်မြဲပါ။ အမေကတော့ ခု နောက်ပိုင်းမှာ လက်ဝှေ့ကိုလည်း ရင်းနှီးလာပါပြီ။ အထူးသဖြင့် ကျွန်တော် နိုင်ပွဲကြုံရင် သူ့ဆိုင်လာသမျှ ဖောက်သည်တွေရှေ့မှာ ကျွန်တော့်အကြောင်း ကြော်ငြာဝင်လေ့ရှိတယ်။ ပြီးရင် ကျွန်တော့် အရပ်အမောင်း အကြောင်း၊ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်အကြောင်း အမေ့ ဖောက်သည် အမျိုးသမီးတွေရှေ့မှာ ကြွားဝါနေတတ်တယ်။ ကျွန်တော် ငယ်စဉ်က ရှုံးနိမ့်ခဲ့တဲ့ စောညီညီကို ပြန်ပြီး အနိုင်ရခဲ့တဲ့ ပွဲအကြောင်းများ ပြောနေရရင် အမေ့မှာ မမော နိုင်အောင်ပါပဲ။ သားကိုကြည့်ရင်း ဂုဏ်ယူနေရတာ အမေ ပျော်နေပုံပါပဲ။

အမေ အမြဲချီးမွမ်းတဲ့ ကျွန်တော့်အရပ်ဟာ ငါးပေ ဆယ်လက်မပါ။ ဒါပေမဲ့ အမေ့ပါးစပ်ထဲ ရောက်ရင် ခြောက်ပေနီးနီး ဖြစ်သွားရော။ ခန္ဓာကိုယ်ကျစ်လျစ်တာကတော့ ငယ်ငယ်ကတည်းက အသားစားပေမဲ့ အဆီအအိမ့် မစားတာရယ်၊ ဟင်းသီး ဟင်းရွက် များများစားတာရယ်။ ပြီးတော့ နေ့စဉ်မပြတ် စနစ်တကျ လေ့ကျင့်တာတွေ ရယ်ကြောင့်ပါ။ အဆီပိုမရှိဘဲ တုတ်ခိုင်နေတဲ့ လက်မောင်း လက်ဖျံ၊ ခြေသလုံး၊ ပေါင်၊ ကျယ်ပြန်တဲ့ ရင်အုပ် စတာတွေဟာ အားကစားက ပေးတဲ့ အမွေလို့ ပြောလို့ရပါတယ်။ ခံ့ထည်တဲ့ ကျွန်တော့် ခန္ဓာကိုယ်ဟာ အမေအမြဲဆင်တဲ့ ဘဲငန်းတံဆိပ် စွပ်ကျယ်လက်စက ဖြူဖြူလေးကြောင့် ပေါ်ပေါ်လွင်လွင် ရှိနေတတ်ပါတယ်။ ဒါကို သတိထားမိတာက အမေ့ ဖောက်သည် အမျိုးသမီး တစ်စုပါ။ သူတို့ဟာ ဆိုင်ကို လာတိုင်း ကျွန်တော့်ကို ပေးပြီး ကြည့်တတ်တာ၊ ကြည့်လို့ကောင်းကြောင်း ပြောတာတွေ သိတာပေါ့။ ဒါပေမဲ့ ကျွန်တော် မတုန်လှုပ်ခဲ့ပါဘူး။ တုန်လှုပ်တာက "နော် အဲနီတျာနဲ့ တွေ့ပြီးမှ စ,တာပါ။

"ယူက ပန်းချီကားတစ်ချပ်နဲ့တူတယ်"

ဒီစကားမဆိုမီ သူ ကျွန်တော့်ကို စေ့စေ့စပ်စပ် လိုက်ကြည့်နေမှန်း သိကို မသိခဲ့တာပါ။ ထုံးစံအတိုင်း အမေ့ကိုကူရင်း တစ်စားပွဲကနေ တစ်စားပွဲလှည့်ပြီး ထမင်းပွဲချလိုက်၊ သိမ်းလိုက်။ ဟင်းအမယ်လိုရင် ချပေးလိုက်ပြုရင်း သူ့စားပွဲနားအရောက်မှာ အဲနီတျာက ဖျတ်ခနဲ ပြောလိုက်တာပါ။ ဒါကြောင့် သူ့ကို ဝေ့ကြည့်ရင်း ကျွန်တော် ရင်ခုန်သွားမိတယ်။ ပြီးတော့ သူ့      ဘဏ်ဝတ်စုံ အစိမ်းနုလေးပေါ်က “နော်အဲနီတျာ ဆိုတဲ့ နာမည်ကိုလည်း ကျွန်တော် သတိထားလိုက်မိတယ်။ ပြောရရင် ဒီနေ့မှရောက်လာတဲ့ ဖောက်သည်အသစ် နော်အဲနီတျာကို ခဏအတွင်းမှာပဲ ကျွန်တော် သတိထားမိသွားတယ်။ နောက်တော့ နေ့စဉ် ရက်ဆက်ဆိုသလို သူလာတတ်တဲ့အတွက် ကျွန်တော်တို့ ရင်းနှီးလာတယ်။ 

နော်အဲနီတျာဟာ ပွင့်လင်းရိုးသားတဲ့ တိုင်းရင်းသူလေးပါ။ သူဟာ ကျွန်တော် လက်ဝှေ့ထိုးမှန်း သိနှင့် ပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်သား စကားပြော ဖြစ်ရင် လက်ဝှေ့အကြောင်း မပါပါဘူး။ အထူးသဖြင့် ကျွန်တော့် ခန္ဓာကိုယ်ဟာ ကြည့်ကောင်းတဲ့ အနေအထားဖြစ်ကြောင်း၊ လူငယ်တွေ အားကစားတစ်ခုခုကို လိုက်စားသင့်ကြောင်းတွေ လောက်သာ ပြောတတ်သလို သူလုပ်ဆောင်နေတဲ့ ဘဏ်လုပ်ငန်းတွေအကြောင်းပါ အဲနီတျာက ပြောလေ့ရှိပါတယ်။ အဲဒီမှာတင် သူငယ်ချင်းတစ်ယောက် ဖွင့်လှစ်ထားတဲ့ အားကစားခန်းမကို တစ်ပတ်တစ်ကြိမ်လောက် ကျွန်တော် သွားဖြစ်တာပါ။ သူငယ်ချင်းရဲ့ အားကစားခန်းမမှာက ပတ်လည်မှန်တွေ ပါရှိတော့ ကျွန်တော့်ခန္ဓာကိုယ် အချိုးအစားကို မှန်ထဲမှာ ကြည့်ရင်း ကျေနပ်လာမိတယ်။ နော်အဲနီတျာရဲ့ စကားကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်လာတယ်။ တစ်ရက်မှာတော့ သူနဲ့ကျွန်တော် စကားတွေ ပြောကြရင်း နော်အဲနီတာထံက မထင်မှတ်တဲ့ စကားတစ်ခွန်း ကြားလိုက်ရတယ်။ 

"ယူ" တက်တူးထိုးတာ ဝါသနာပါလား”

"ဟင့်အင်း" 

ကျွန်တော်ကိုယ်တိုင် တစ်ခါမှ စိတ်ဝင်စားခြင်း မရှိခဲ့တော့ ချက်ချင်းပဲ ငြင်းလိုက်မိတယ်။

"နော်ကတော့ ဝါသနာပါတယ်။ ဒါပေမဲ့ နော့်ခန္ဓာကိုယ်မှာ ထိုးချင်တာ မဟုတ်ဘူး။ တခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ စိတ်ကြိုက် ထိုးပေးချင်တာ။ ခုလည်း သူ့ကျောပြင်မှာ ဒီပုံလေး ထိုးပေးချင်တယ်။ စိတ်ဝင်စားရင် လာခဲ့နော်” 

အဲနီတျာက ပြောပြောဆိုဆိုပဲ စာရွက်ခေါက်ကလေးတစ်ခုနဲ့အတူ လိပ်စာကတ်လေးတစ်ခုပါ ပေးပြီး ထွက်သွားတယ်။ ကျွန်တော်ဟာ သူပေးခဲ့တဲ့ စာရွက်လေးကို ဖြန့်ရင်း ကတ်ပြားလေးကိုပါ ကြည့်မိတယ်။ စာရွက်ပေါ် မှာကတော့ အတောင်ပံဖြန့်ထားတဲ့ လိပ်ပြာလေးတစ်ကောင်ပါ။ ဒါပေမဲ့ သေသပ်တဲ့ ခဲခြစ်ရုပ် လိပ်ပြာလေးဟာ လေဟုန်စီးတော့မယ့် အတိုင်း ကြွရွနေပါတယ်။ လိပ်စာကတ်ကတော့ `လိပ်ပြာမင်းသမီး ́တက်တူးလုပ်ငန်းတဲ့။ ကတ်ပေါ်မှာ နော် အဲနီတာရဲ့ နာမည်နဲ့ ဖုန်းနံပါတ်အပြင် အိမ်လိပ်စာပါ ပါတယ်။ ဒါပေမဲ့ “ရုံးပိတ်ရက်သာ ဖွင့်လှစ်သည်” ဟူသော မှတ်ချက်ကြောင့် ဒါဟာ နော်အဲနီတျာရဲ့ ဝါသနာအရ ဖွင့်လှစ်တဲ့ဆိုင်လို့ ကျွန်တော် နားလည်လိုက်ပါတယ်။

တကယ်တော့ တက်တူးထိုးခြင်းကိစ္စကို ယောင်လို့တောင် ကျွန်တော် မတွေးဖူးပါဘူး။ အမေကလည်း "ဆေးမင်ရည် စုတ်ထိုး..." လို့ မကြာခဏ ပြောဖူးတော့ စိတ်ဝင်စားမှု မရှိခဲ့ဘူးပေါ့။ ဒါကြောင့် အဲနီတျာရဲ့ ဆန္ဒကို မဖြည့်ပေးနိုင်ပါဘူး။ သူကလည်း ထပ်မံ မတောင်းဆိုတော့ပါဘူး။ တွေ့ဖြစ်တဲ့အခါမှာလည်း အခြား အကြောင်းအရာတွေပဲ ကျွန်တော်တို့ ပြောဖြစ်ခဲ့တယ်။ တစ်ရက်မှာတော့ သူ ပြည်ပခရီးတစ်ခု သွားရမယ်လို့ အဲနီတျာက ပြောပါတယ်။ ဘာအတွက် ရယ်လို့ မပြောပေမဲ့ သူ့မျက် နှာလေး ငယ်နေတာကို သတိ ထားလိုက်မိတယ်။ 

“ဘယ် နေ့သွားမှာလဲ …”

”နောက်တစ်ပတ်ထဲမှာပါ၊ ခွင့်တော့ တင်ထားပြီ” 

"လာမယ့် စနေနေ့ တက်တူးထိုးပေးပါ"

ရုတ်တရက် ထွက်သွားတဲ့ ကျွန်တော့်စကားဟာ သူ့မျက်နှာလေးကို ဝင်းလက် သွားစေတာ ကျွန်တော် သိတာပေါ့။ ဒီလိုနဲ့ပဲ ချိန်းတဲ့ရက်မှာ သူပေးတဲ့ လိပ်စာအတိုင်း ကျွန်တော် ရောက်သွားခဲ့တယ်။ 

နော်အဲနီတျာတို့ရဲ့ အိမ်လေးဟာ ခြံဝန်းကျယ်ကြီးထဲမှာ ဆောက်ထားတာပါ။ သူ့ အလုပ်ခန်းကတော့ သီးသန့်ဖြစ်ပြီး တိတ်ဆိတ် ငြိမ်သက်လှပါတယ်။

“ဆေးရော စက်ပါ ဟိုက ဝယ်လာတာတွေပါ။ အပ်ကလည်း တစ်ခါသုံးအပ်ပဲ သုံးတယ်။ သာမန်ဖောက်သည်တွေကတော့ လက်ခဈေးကြီးတယ် ပြောကြတယ်။ ယူကတော့ ဖရီးပေါ့”

တက်တူးထိုးပေးဖို့ ပြင်ဆင်ရင်း စကားတွေပြောနေတဲ့ အဲနီတျာဟာ တက်ကြွနေသလိုပါပဲ။ 

"နော်တို့က မောင်နှမ နှစ်ယောက်တည်းနေတာလေ။ ပြီးတော့မှ ကိုကိုနဲ့ သူ့ကို တွေ့ပေးမယ်”

သူ့မှာ အစ်ကိုရှိမှန်း ခုမှပဲ ကျွန်တော် သိရတာပါ။

"ကဲ.. အင်္ကျီချွတ်တော့လေ”

စက်မှာ အပ်တပ်ရင်း အဲနီတျာပြောတော့ ကျွန်တော် တုန်လှုပ်သွားတယ်။ အရင်ကတော့ အင်္ကျီချွတ်တဲ့ ကိစ္စဟာ ဘာမှ မဆန်းသလိုရှိခဲ့ပေမဲ့ သူ့ရှေ့မှာ ခုလို ချွတ်ရမယ်ဆိုတော့ ရှပ်အင်္ကျီရဲ့ ကြယ်သီးတွေကိုဖြုတ်ရင်း ကျွန်တော့်လက်တွေ တုန်နေမိတယ်။ အဲနီတျာကတော့ အကြည့်ကို ကျွန်တော့်ထံက ရွှေ့ကိုမရွှေ့တာ။

"ယူ့ဘော်ဒီက တကယ် မိုက်တယ်ကွာ--- ထင်ထားတဲ့အတိုင်းပဲ”

ရှပ်အင်္ကျီကို ချိတ်မှာ ချိတ်ပြီး အတွင်းခံစွပ်ကျယ်ကို ထပ်ချွတ်နေတဲ့ ကျွန်တော်ဟာ အဲနီတျာရဲ့ စကားကြောင့် ငယ်ငယ်က စတင်လက်ဝှေ့ ထိုးဖူးတဲ့ပွဲကို သတိရလိုက်တယ်။ ဗိန်းဗောင်းသံတွေကြောင့် ရင်ခုန်ခဲ့ရတဲ့အဖြစ်ကိုပေါ့။

ကျွန်တော်ဟာ လက်ဝှေ့ပွဲကြီးပေါင်း ပွဲချီနှစ်ဆယ်လောက် ထိုးဖူးသူပါ။ လေ့ကျင့်ဖက်တွေနဲ့ ထိုးဖြစ်တာကတော့ မရေမတွက်နိုင်အောင်ပါပဲ။ အဲဒီလို ထိုးတဲ့အခါ ကျွန်တော် ဦးစွာကြည့်တာ ပြိုင်ဘက်ရဲ့ မျက်စိတွေကိုပါ။ စိတ်ရဲ့ တံခါးပေါက်ဖြစ်တဲ့ မျက်စိဟာ ပြိုင်ဘက်က ကျွန်တော့်ကို ထိတ်လန့်နေလား၊ အထင်သေးနေလား၊ ဘယ်လိုသဘောထား လဲဆိုတာ သက်သေခံနေတတ်ပါတယ်။ ပြီးရင် စတင် တိုက်ခိုက်မယ့် အရာဟာ သူ့ဒူးလား၊ ခြေဖမိုးလား၊ တံတောင်လား စတာတွေကို အထိပါ အနီးစပ်ဆုံး ခန့်မှန်းတော့ လူတစ်ယောက်ကို ကြည့်ရင် မျက်စိကို ဦးစွာ ကြည့်တတ်လာတယ်။ ဒါပေမဲ့ ခု အဲနီတျာကို ကျွန်တော် မကြည့်ဖြစ်ဘူး။ ရင်ထဲမှာလည်း ရေငတ်သလိုလို၊ အစာနင်သလိုလိုနဲ့ တစ်မျိုးကြီးပဲ ဖြစ်နေလို့ပါ။

"ကဲပါ ဝမ်းလျားမှောက်တော့၊ တက်တူးစ - ထိုးမယ်”

အဲနီတျာဟာ ကျွန်တော့် အဖြစ်ကို သိနေသလိုပါပဲ။ ဒါကြောင့် ခုတင်အမြင့် ကလေး တစ်ခုပေါ် ကျွန်တော် လှဲအိပ်စေဖို့ ပြင်ဆင်ပေးတယ်။ သူ့အလုပ်ကိုပဲ အာရုံစိုက်တယ်။

အဲနီတျာရဲ့ အလုပ်ခန်းဟာ လေအေးပေးစက် တပ်ဆင်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော် ချွေးပြန်နေတယ်။ သူဟာ ကျွန်တော့် ကျောပြင်ပေါ်မှာ အာရုံစိုက်ပြီး အရုပ်ထိုးနေတော့ စကားမဆိုတော့ပါဘူး။ တဂျီဂျီမြည်နေတဲ့ စက်သံကြားမှာ ကျွန်တော် ရုတ်တရက်ကြီး တက်တူးထိုး ချင်စိတ်ပေါ်တာ ဘာကြောင့်လဲ စဉ်းစားကြည့်မိတယ်။ ပြည်ပခရီးသွားမယ်ပြောရင်း ကွက်ခနဲ မျက်နှာလေး သူ ပျက်သွားဖူးတယ်။ အဲဒါကြောင့်လား။ ဒါဆိုရင် သူ မျက်နှာညိုမှာကို ကျွန်တော် မလိုလားပြီပေါ့။ ဘာကြောင့်လဲ။ ကိုယ့်ကိုယ်ကို ဝေခွဲမရ ဖြစ်နေမိတယ်။ တစ်ချက် တစ်ချက်မှာ ကျောပြင်က စပ်ဖျဉ်းဖျဉ်း နာနေပါလျက် ကျွန်တော် တက်တူးထိုးမယ်လို့ ကတိပြုချိန်မှာ ပြုံးပျော်သွားတဲ့ အဲနီတျာမျက်နှာလေးက အတွေးပုံရိပ်မှာ စိုးမိုးနေမြဲပါ။ ဒါကို တွေးမြင်တော့ ကျွန်တော့် နာကျင်ခြင်းတွေကို မေ့သွားတယ်။

"ကဲ.. ပြီးပြီ" 

ကျွန်တော် အတွေးတွေ ပွားနေစဉ်မှာ အဲနီတျာကတော့ သူ့လုပ်ငန်းကို အဆုံးသတ်နေပါပြီ။ 

“နတ်သမီးလိပ်ပြာကတော့ စာရွက်ထဲကအတိုင်းပဲ။ အရောင်လေးတွေတော့ ထည့်ထားတယ်။ ပြီးတော့ အောက်မှာ စာတန်းကလေး တစ်ခုလည်း ပါတယ်”

“ဘာရေးထားတာလဲဟင်း”

"တစ်ပတ်လောက် ကြာလို့  အနာကျက်ရင် ယူကိုယ်တိုင် ဖတ်ပေါ့”

အဲနီတျာဟာ ဘေစင်မှာ သူ့လက်ကို ဆေးကြောရင်း ပြုံးစစ အမူအရာနဲ့ဖြေတော့ ကျွန်တော့်ရင်ထဲမှာ လှိုက်ခနဲ ဖြစ်မိပြန်တယ်။ သာမန်အချိန်မှာ မျက်နှာတင်းထားလို့ မသိသာပေမဲ့ ပြုံးလိုက်ရင် ပေါ်လာတတ်တဲ့ ပါးချိုင့်ကလေးဟာ ကျွန်တော့်ကို ပီတိဖြာစေပါတယ်။

"ကဲ.. ကိုကို့ဆီ သွားရအောင်”

အဲနီတျာဟာ ကျွန်တော် ရောက်စ,က ပြောထားတဲ့အတိုင်း သူ့အစ်ကိုနဲ့ တွေ့ပေးဖို့ ဦးဆောင်ခေါ်တော့ ကျွန်တော် ရှပ်အင်္ကျီကို ပြန်ဝတ်တယ်။ စွပ်ကျယ်ကိုတော့ ကျောပြင်မှာ ထိကပ်နေမှာစိုးတဲ့အတွက် ပြန်မဝတ်တော့ပါဘူး။

“ထားခဲ့လေ... နော် လျော်ထားမယ်။ ယူစွပ်ကျယ်ကို မီးပူပါထိုးပြီးမှ ပြန်ပေးမယ်”

ကျွန်တော့်လက်ထဲက စွပ်ကျယ်ကို အသာအယာ ဆွဲယူရင်း ပြောလိုက်တဲ့ စကားဟာ ဘယ်ရွေ့ဘယ်မျှ ကျွန်တော် စိတ်ကျေနပ်မိတယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ။ ပြီးတော့ အချစ်ကိုတွေ့ပြီလားလို့ ကျွန်တော့်ကိုယ် ကျွန်တော် မေးမိတယ်။ ခက်တာက ဖြေမတတ်တဲ့ မေးခွန်းဖြစ်နေတဲ့ အချက်ပါ။ ဒါကြောင့် အဲနီတျာ မမြင်သာအောင် ကျွန်တော် ပြုံးလိုက်မိတယ်။ ဒါပေမဲ့ ကျွန်တော့် ရဲ့ အပြုံးဟာ အဲနီတျာရဲ့ အစ်ကိုကို တွေ့လိုက်ချိန်မှာတော့ အလိုလို ပျက်ပြယ်သွားပါတယ်။

"ဟာ.. စောညီညီ မဟုတ်လား”

အခန်းငယ်တစ်ခုထဲက မီးရောင်မှိန်မှိန်အောက်မှာ စောညီညီဟာ ပက်လက် အနေအထားနဲ့  ရှိနေပါတယ်။ သူ့ကို ကျွန်တော် နိုင်လိုက်တဲ့ ပွဲပြီးကတည်းက မတွေ့ ရတာပါ။ တွေ့မယ့်တွေ့တော့ ဖျော့တော့ပိန်လှီပြီး အိပ်ရာထဲက မ,ထနိုင်တဲ့ အနေအထားပါ။

“ဘယ်လိုဖြစ်ရတာလဲဗျာ”

အေးစက်စက် သူ့လက်ဖဝါးကို ဆုပ်ကိုင်ရင်း ကျွန်တော် မေးတဲ့အခါ သူ့ အကြည့်တွေက ဝေဝါးနေပါတယ်။ ကျွန်တော့်ကို မှတ်မိဟန် မပေါ်ပါဘူး။ ခဏကြာတော့ အဲနီတျာက သူ့ကို မြန်မာလိုရော ကရင်လိုပါ ရှင်းပြတယ်။ ဒီတော့မှ မှတ်မိသွားဟန်နဲ့ ကျွန်တော့်လက်ကို ဖျစ်ညှစ်ရင်း စောညီညီရဲ့ မျက်ဝန်းတွေ အရောင်တောက်လာတယ် ။

နောက်တော့ ကျွန်တော်နဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ဦးခေါင်း ဒဏ်ရာရခဲ့ကြောင်း၊ ထိုဒဏ်ရာကြောင့် ဦးနှောက်သို့ သွားတဲ့ သွေးကြောငယ်များ ပျက်စီးသွားကြောင်း၊ နောက်ပိုင်းတွင် လေဖြတ်သလို ဝေဒနာခံစားရပြီး အိပ်ရာထဲ လှဲနေရကြောင်းတို့ကို အဲနီတျာ ရှင်းပြတယ်။ ကျွန်တော်ဟာ အဲနီတျာရဲ့ စကားကြောင့် မျက်နှာမထားတတ်အောင် ဖြစ်ခဲ့ရသလို စောညီညီကိုလည်း တောင်းပန်စကား အကြိမ်ကြိမ် ပြောမိတယ်။ စောညီညီကတော့ ကျွန်တော့် လက်ကို ပြန်လည်ဖျစ်ညှစ်ရင်း ခွင့်လွှတ်စကားကို ဗလုံးဗထွေး ပြောနေပါတယ်။ ဒီအချိန်မှာ ရှိုက်သံတစ်ချက်တော့ အဲနီတျာထံက ထွက်လာတော့ ကျွန်တော် ခေါင်းမဖော်ဝံ့တော့ပါဘူး။

“ပထမတော့ ကျောင်းပြီးခါစမှာ ဟိုမှာ အလုပ်လုပ်ဖို့နော် အားခဲထားတာ။ ပြီးရင် တက်တူးပညာကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ပေါင်းစပ်ပြီး မြန်မာကို ကမ္ဘာက သိအောင် လုပ်မယ်ပေါ့။ ဒါကို လက်လျှော့ခဲ့ရတာဟာ ကိုကို့ ကျန်းမာရေးကြောင့်ပါ”

ရှိုက်သံလေးစွက်ရင်း ပြောလာတဲ့ အဲနီတျာစကားဟာ ကျွန်တော့်ကို အနေရခက် စေပါတယ်။ နောက်တော့ မိဘတွေဆုံးပါးတဲ့အခါ ဘားအံမြို့မှာရှိတဲ့ အိမ်နဲ့ စိုက်ခင်းတွေကို ရောင်းပြီး ရန်ကုန်မြို့ကို မောင်နှမနှစ်ယောက် ပြောင်းလာတာတွေ။ စာတော်တဲ့ အဲနီတျာကို ဂျာမနီနိုင်ငံမှာရှိတဲ့ အမျိုးတွေထံ ပို့ပြီး ပညာသင်စေတာတွေ။ စောညီညီရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတော့ ရန်ကုန်မြို့က တိုက်ခန်းကို ရောင်းချပြီး မောင်နှမနှစ်ယောက် ကျွန်တော်တို့မြို့ကို ရောက်လာတာတွေပါ ကျွန်တော် သိလိုက်ရတယ်။

'တော်တာက ဒီမှာ ဘဏ်ခွဲလည်းရှိ၊ နော့်ပညာအရည်အချင်းနဲ့လည်း ကိုက်တော့ အလုပ်တစ်ခုရတယ်လေ။ ပြီးတော့ ဝန်းနဲ့ခြံနဲ့ဆိုတော့ ကိုကို့အတွက် ရန်ကုန်လို မမွန်းကျပ်ဘူး။ ခုတော့ ဆေးကုဖို့ ပြည်ပသွားရဦးမယ်”

နော်အဲနီတျာကတော့ သူ့ဘဝအကြောင်း ပြောနေတာဟာ ပေါ့ပေါ့ပါးပါးပါ။ ခက်တာက ကျွန်တော်။ စောညီညီ ရရှိတဲ့ ဝေဒနာဟာ ကျွန်တော့်ကြောင့်လို့ သိလိုက်ရကတည်းက စိတ်ထဲမှာ လေးလံနေမိတယ်။ တစ်ဆက်တည်း တွေးမိတာက အဲနီတျာ ကျွန်တော်တို့ ထမင်းဆိုင်ကို ရောက်လာတာ၊ ကျွန်တော်နဲ့ ရင်းနှီးလာတာ စတာတွေဟာ သူ့အစ်ကိုကို ဝေဒနာဖြစ်အောင် လုပ်ခဲ့သော လူတစ်ယောက်အနေနဲ့ ချဉ်းကပ်တာလား၊ သာမန် တိုက်ဆိုင်မှုလား စတဲ့အချက်တွေပါ။

"ကိုကို့မှာလည်း သူ့လို လိပ်ပြာမင်းသမီး ရှိတယ်။ မြန်မာနိုင်ငံကို ရောက်ရောက်ချင်း ကိုကို့ကို ပေးနိုင်တဲ့ လက်ဆောင်ပေါ့။ ကြည့်မလား”

အဲနီတျာ အမေးစကားကို ကျွန်တော် သွက်သွက် လက်လက်ပဲ ခေါင်းညိတ်မိတယ်။ နောက်တော့ ကျွန်တော့် အကူအညီနဲ့ သူ့အစ်ကိုကို ထိုင်စေပြီး အင်္ကျီချွတ်ပေးကြတယ်။

စောညီညီရဲ့ ကျောပြင်ထက်က လိပ်ပြာမင်းသမီးဟာ ဆေးအစိမ်းရောင်နဲ့ ရေးခြယ်ထားတာပါ။ ပုံက ကြွရွပြီး ထ,ပျံတော့မလို ထင်ရပါတယ်။ ပြီးတော့ ပုံရဲ့ အောက်ခြေနားမှာလည်း ပန်းစာလုံးနဲ့ ရေးထားတဲ့ စာတန်းတစ်ခုပါတယ်။ ‘abhor’ တဲ့။ မုန်းတီးရွံရှာတဲ့ သဘောပေါ့။ ဘာရည်ရွယ်ချက်နဲ့ ရေးတယ်ဆိုတာတော့ တွေးလို့ မရပါဘူး။ 

ညနေစောင်း အိမ်အပြန် လမ်းမှာတော့ ကျွန်တော့်စိတ်တွေ လေးလံနေပါတယ်။ အထူးသဖြင့် သူ့ညီမလေးကို တိုးတက်ထွန်းကားအောင် ဖြည့်တင်းကြံဆောင်ပေးတဲ့ စောညီညီအပေါ် အားနာစိတ်တွေက အမြဲတစေ တက်ကြွခဲ့တဲ့ ကျွန်တော့်စိတ်ကို ထိုင်းမှိုင်းသွားစေခဲ့ပါတယ်။ အဆိုးရွားဆုံး တိုက်ဆိုင်မှုကတော့ ကျွန်တော်နဲ့ ဆုံတွေ့ပြီး နောက်နေ့မှာ စောညီညီ ဆုံးပါးသွားတာပါ။ ဒါပေမဲ့ ဒီအချက်ကို ချက်ချင်း မသိခဲ့ရပါဘူး။ အဲနီတျာ ဆိုင်ကို မလာတာ ငါးရက်လောက်ကြာတော့မှ သူ့အလုပ်ရှိရာ ဘဏ်ကို သွားရောက်ပြီး စုံစမ်းမေးမြန်းလို့ သိလိုက်ရတာပါ။

“သူ့အကိုရဲ့ အလောင်း မြေကျပြီး ညနေမှာ ဘားအံမြို့က အမျိုးတွေထံ အလည်သွားမယ်ပြောပြီး ထွက်သွားတာပဲ။ ခွင့်တော့ ဆယ်ရက်ပဲ ယူထားတာပါ” 

အဲနီတျာရဲ့ လုပ်ဖော်ကိုင်ဖက်ကတော့ သေသေချာချာ ရှင်းပြနေတာပါ။ ဒါပေမဲ့ သူ့စကားကို ဆုံးအောင် ကျွန်တော် နားမထောင်နိုင်တော့ပါဘူး။ ကိုယ့်ကိုယ်ကို မောင်နှမနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကြားက “သပ်” လို့ ယူဆလိုက်ပြီး အလျင်အမြန် ထွက်ခွာလာမိတယ်။ ခဏကြာမှ ဦးတည်ရာမဲ့ ထွက်လာတဲ့ ကျွန်တော့် ခြေလှမ်းတွေဟာ သူငယ်ချင်းဖြစ်သူရဲ့ အားကစားခန်းမထဲ ရောက်လာခဲ့မှန်း သတိထားမိတာပါ။ ခန်းမထဲရောက်တော့လည်း ပထမမှာ ဘာလုပ်ရမှန်း ကျွန်တော် မသိဖြစ်နေတယ်။ နေ့လယ်ပိုင်းဆိုတော့ အားကစားခန်းမမှာ လေ့ကျင့်သူ အတော်နည်းပါးပါတယ်။ နောက်တော့ အပြေးလေ့ကျင့်တဲ့ စက်ပေါ် အလျင်အမြန် တက်လိုက်ပြီး အရှိန်မြင့်စွာ ကျွန်တော် ပြေးနေမိတယ်။ ကိုယ့်ကိုယ်ကို အပြစ်ရှိသူ တစ်ယောက်လို့ ယူဆရင်း မွန်းကျပ်လာတဲ့ စိတ်ဟာ ဆယ်မိနစ်လောက် ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်တော့ နည်းနည်းပေါ့ပါးလာတယ်။ ဒါကြောင့် မရပ်မနားဘဲ ကျွန်တော် ဆက်ပြေးနေမိတာပေါ့။ လှုပ်ရှားချိန်ကြာလာတဲ့ အခါမှာတော့ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးဟာ ချွေးတွေနဲ့ ရွှဲနှင့်လာပါပြီ။ ဒါကြောင့် ချွေးသုတ်ဖို့ ပြင်ဆင်ရင်း မှန်ရှေ့အရောက်မှာ လိပ်ပြာမင်းသမီးကို သတိထားမိသွားတာပါ။

အခန်းပတ်လည် မှန်တွေနဲ့ ပြည့်နေတဲ့ အားကစားခန်းမထဲမှာ ကျွန်တော့်ရဲ့ လိပ်ပြာမင်းသမီးလေးဟာ ထင်းထင်းကြီး ပေါ်နေပါပြီ။ ဖြန့်ကားနေတဲ့ အစိမ်းရောင် တောင်ပံကားကားကြီးတွေဟာ ဝါရွှေတဲ့ ကျွန်တော့် အသားရောင်ကြောင့် မှန်ထဲမှာ ပေါ်လွင်လွန်းလှတယ်လို့ ထင်မိပါတယ်။ ဒီအခါမှာ "စာတန်းလေးတစ်ခု အပိုပါ တယ်နော်” ဆိုတဲ့ စကားသံလေးကိုပါ ဖျတ်ခနဲ ကျွန်တော် ကြားယောင်မိပြန်တယ်။ အဲဒီမှာတင် စာတန်းလေးကို ပီပီသသ ဖတ်လို့ရအောင် ကြည့်မှန်အနီး ကျွန်တော် တိုးကပ်မိတယ်။

'abate'

အမှန်ပြောရရင် ကျွန်တော် အဲနီတျာကို ချစ်နေမိပါ ပြီ။ သူ့အပြုံးတွေ၊ သူ့ဟန်တွေဟာ မတွေ့ရတဲ့ ရက်ကလေးအတွင်းမှာ ကျွန်တော့်ကို ချုပ်ကိုင်ထားပါပြီ။

ဒါပေမဲ့ အပြစ်သားတစ်ယောက်လို ခံစားရင်း ကျွန်တော့် အချစ်စိတ်ဟာ ငုပ်လျှိုးသွားသလိုပါပဲ။ ခုတော့  လိပ်ပြာမင်းသမီးလေးက ပြောနေပါပြီ။ "ဖျက်သိမ်းလိုက်ပြီ" တဲ့။ ဒါကြောင့် နော်အဲနီတျာ မှတ်တမ်းတင်ရေးသားထားတဲ့ စာလေးကို ဖတ်ပြီး ခဏမှာ ကျွန်တော့်စိတ်တွေ တက်ကြွသွားပုံက မိုးကောင်းကင်ကိုပဲ ထိတော့မလိုလို...။

မောင်အင်း ၊ဥက္ကံ၊

အမှတ် ၃၆၄၊ ဧပြီ ၂၀၂၀

ရွှေအမြုတေမဂ္ဂဇင်း

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး