သက်ငြိမ်ည @ အေထူးအောင်၊အဏ္ဏဝါ၊
ညတွင် အခန်းငယ်သည် လှုပ်ရှားမှုမရှိ၊ တိတ်ဆိတ် ငြိမ်သက်နေသည်။ ပြတင်းမှန်တွင် တပ်ဆင်ထားသော လိုက်ကာသည် တိတ်ဆိတ်ခြင်းကို အားကူပေးသည်။ လှုပ်ရွခြင်း ပကတိ ကင်းမဲ့လျက်။ ဦးမောင် ခုတင်ပေါ်တွင် ပက်လက်အနေထားဖြင့် လဲလျောင်းကာ မျက်လုံးကို စေ့စေ့မှိတ်ထားသည်။ နားထဲတွင် အိမ်မြှောင်စုတ်ထိုးသံကို တစ်ချက်တစ်ချက် ကြားရသည်။ တစ်ခါတစ်ရံ လမ်းထိပ်မှ ခွေးဟောင်သံ စူးစူးကိုလည်း ခပ်သဲ့သဲ့ ကြားရသည်။ ထိုအသံတို့သည် တိတ်ဆိတ်နေသော ဦးမောင်၏ အခန်းငယ်ကို ပို၍ တိတ်ဆိတ်စေခဲ့သည်။ မျက်လုံးကို စေ့စေ့မှိတ်ထားသော်လည်း ဦးမောင်၏ စိတ်ထဲတွင် အတွေးပေါင်းစုံတို့ ရှုပ်ယှက်ခတ် ပြေးလွှားနေကြသည်။ ညသည် မှောင်မိုက်လျက်ရှိသည်။ အတွေးတို့သည် အဖော်မဲ့စွာ ပျင်းရိရိ ခြောက်ကပ်ကပ်။ ဤညမျိုးကို ဦးမောင် မုန်းတီးသည်။ မုန်းတီးသည်ဆိုရာထက် ကြောက်ရွံ့သည်။ ချောက်ချားမိသည်။ တိတ်ဆိတ်ခြင်းကို ဦးမောင် မနှစ်မြို့။ ထို့ထက် တိတ်ဆိတ်ခြင်းကို ခုတုံးလုပ်၍ သောင်းကျန်းသော အတွေးတို့ကို ပို၍ မနှစ်မြို့။ ခေါင်းရင်းမှ မီးခလုတ်ကို ဖွင့်လိုက်သည်။ အိပ်မပျော် သည့်အချိန် အတွေးတို့၏ နှောင့်ယှက်ခြင်းကို ခံရခြင်းထက် လက်ရှိအခြေအနေကို လှုပ်ရှားသက်ဝင်စေခြင်းက ဦးမောင်ကို အနည်းငယ် .. စိတ