မိုးနှောင်းက အနီရောင်နှင့် အဖြူရောင် ဖိနပ်နှစ်ရံကို ကသစ်ဖြူ၏ ကုတင်ခြေရင်းတွင် ချပေးလိုက်သည်။ ပြီးတော့ အဝတ်ဖိနပ်တစ်ရံကိုပါ ဆွဲထုတ်လိုက်ရင်း...
“ဟောဒါက အိမ်တွင်းမှာ စီးဘို့၊ ပြီးတော့ ဒီမှာ မင်းသုံးဖို့ သွားပွတ်တံ၊ ဒါက သနပ်ခါးဗူး၊ လိုမယ်ထင်တာတွေ မှန်းပြီးတော့ ဝယ်ခဲ့တာပဲ၊ အသုံးတည့် မတည့်တော့ မသိဘူး”
မိုးနှောင်းက သူဝယ်လာသော ပစ္စည်းတွေကို ကုတင်ဘေးက စားပွဲပေါ်သို့ တစ်ခုပြီးတစ်ခု တင်သည်။ ထိုသို့ တင်နေရင်း မီးဖိုထဲမှာ မမယု မွှေးထားသော ဆန်ပြုတ်အိုးကို သတိရသွားပြီး ...
“ဪ. . . မင်းအတွက် ဆန်ပြုတ်တောင် အဆင်သင့် ဖြစ်နေပြီလား မသိဘူး၊ ခဏလေး. . . ခဏလေး. . . ငါ သွားကြည့်လိုက်ဦးမယ်"
ပြောပြောဆိုဆိုနှင့် မိုးနှောင်းက အခန်းထဲမှ ထွက်သွားသည်။ ပြီးတော့ သူက မိုက်ခရိုဝေ့ဖ် မီးဖိုထဲမှ ဆန်ပြုတ်ဇလုံကို ထုတ်ကာ ပန်းကန်ထဲသို့ ခွဲထည့်သည်။
ထို့နောက် အောက်ခံ ကြွေပန်းကန်ပြားတစ်ချပ်ပေါ်သို့တင်ကာ လက်သုတ်ပုဝါ ဟင်းရည်သောက် ကြွေဇွန်းတို့ကိုပါယူပြီး ကသစ်ဖြူ၏ အခန်းထဲသို့ ပြန်ဝင်လာခဲ့၏။
ပြီးတော့ သူက ကသစ်ဖြူ၏ ကုတင်ဘေးတွင်ထိုင်ကာ ဆန်ပြုတ်ကို ဇွန်းဖြင့် ခပ်ယူပြီး ကသစ်ဖြူ၏ ပါးစပ်ဆီသို့ ခွံဘို့ တိုးကပ်ပေးလိုက်သည်။
သို့သော် ကသစ်ဖြူ၏ ပါးစပ်က ဆန်ပြုတ်သောက်ဖို့ ပွင့်ဟမလာ။ သူမက နှုတ်ခမ်းတွေကို တင်းတင်း စေ့ထားသည်။ မိုးနှောင်းက
“ပါးစပ်ဟလေ၊ ဘာဖြစ်လို့လဲ”
သူမက ခပ်ဆတ်ဆတ်လေသံဖြင့်
“ကျွန်မက တခြားလူတစ်ယောက်ရဲ့ အပြုအစုပေါ်မှာ မှီခိုပြီးတော့မှ အသက်ရှင် မနေချင်ဘူး၊ အဲဒီလို မှီခိုသူဘဝနဲ့ အသက်ရှင်နေရ တာထက်စာရင် သေခြင်းတရားကိုပဲ ပြေးပြီး ရင်ဆိုင်လိုက်ချင်တော့တယ်”
နှုတ်ခမ်းလေးကိုစူကာ ဘုကျကျ ပြောနေသော ကသစ်ဖြူ၏ စကားတွေကြောင့် မိုးနှောင်း ရယ်ချင်သလိုလို ဖြစ်လာ၏။ ထို့ကြောင့် သူက . . .
“သေတယ်ဆိုတာ ရှောင်ပုန်းနေဘို့ မလိုသလို အလောတကြီး ပြေးတွေ့ရမယ့်အရာလည်း မဟုတ်ပါဘူးကွာ၊ အချိန်တန်ရင် သူ့အလိုလို ရောက်လာမယ့် ရာသီဥတုတစ်ခုပဲ၊ မင်းက ဘာတွေလောနေရတာလဲ”
ကသစ်ဖြူက မိုးနှောင်းဘက်သို့ ဝင်းကနဲ လက်ကနဲ မျက်စောင်း ထိုးကြည့်လိုက်သည်။ အဲသည့်လိုကြည့်သည့် အကြည့်မျိုးကျတော့လည်း သူမ၏ဟန်ပန်က တိုက်ပွဲဝင်တော့မည့် ပင်လယ်ဓါးပြမလေး တစ်ယောက်နှင့် တူနေပြန်သည်။
သူမက . . .
“ရှင်ပဲစဉ်းစားကြည့်လေ၊ တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ သစ်ပင်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့သေခြင်းတရားကို ကိုယ်ကိုယ်တိုင် မစီရင်နိုင်ကြဘူး၊ သေခြင်းတရားကို ကိုယ့်စိတ်ကြိုက် စီမံခန့်ခွဲနိုင်တာဆိုလို့ ‘လူ’ပဲရှိတယ်၊ အဲဒီတော့ ကျွန်မတို့က ဘယ်အချိန်ရောက်လာမယ်မှန်းမသိတဲ့ သေခြင်းတရားကို တိရစ္ဆာန်တွေလို လည်စင်းပြီး စောင့်နေကြမှာလား။
ကိုယ့်ရဲ့ရှင်သန်မှု၊ ကိုယ့်ရဲ့သေဆုံးမှုကို ကိုယ်ကိုယ်တိုင် ရွေးချယ် ဆုံးဖြတ်ရဲလောက်အောင် သတ္တိရှိဖို့တေ ာ့လိုတယ်"
သူမ၏အသံက ခံစားချက်ကင်းမဲ့နေသလိုမျိုး လေသံ အနိမ့်အမြင့် အတက်အကျမပါ။ ကြေညာချက်တစ်ခုကို ရွတ်ပြနေသည်နှင့် တူသည်။ သို့မဟုတ် လူသေတစ်ယောက်ထံမှ နှုတ်ခမ်းမလှုပ်ဘဲ စကားသံချည်းသက်သက် ထွက်လာသည်နှင့်လည်းတူသည်။
သို့သော် ဝါကျတိုင်းကတော့ ဓါးသန်လျက်အသွားတွေလို မာကျောထက်မြိနေသည်ဟု မိုးနှောင်း ခံစားရ၏။ သွားပြီ။ ဒီကောင်မလေး “ဂေါက်” နေပြီ။ မရဏဖွား ကောင်မလေးတစ်ယောက်သည် သေခြင်းတရား၏ ရနံ့ကို ရေမွှေးလို ဆွတ်ဖျန်း နမ်းရှိုက်စရာတစ်ခုဟု သဘောထား နေသလား မပြောတတ်။
မိုးနှောင်းက . . .
“သေရဲတာကို “သတ္တိ” လို့ မင်းက ထင်နေတာကိုး တကယ်တော့ သေခြင်းတရားဆီကို အလောတကြီး ပြေးသွားတာကလည်း သူရဲဘောကြောင်တဲ့ ကြောက်ရွံ့မှုတစ်မျိုးပါပဲကွာ။ မသေခင် တွေ့ကြုံခံစားရမယ့်ဟာတွေကို ရင်မဆိုင်ရဲလို့သာ သေခြင်းတရားကို ရွေးချယ်တာပါ"
ပြီးတော့ မိုးနှောင်း ဘာဆက်ပြောရမည်မှန်းမသိ။ ရင်ထဲမှာ စကားလုံးမဟုတ်သော အဓိပ္ပါယ်တွေက တင်းကျပ် တစ်ဆို့နေကြ၏။ ထို့ကြောင့် သူက . . .
“ငါ့ရင်ထဲက ခံစားချက်တွေကို စကားလုံးနဲ့ ပြောပြလို့မရဘူး ဖြစ်နေတယ်”
ကသစ်ဖြူက ချက်ချင်းပင် ခပ်ရိရိတုံ့ပြန်သည်။
“ဒါဆိုလည်း ပုလွေနဲ့ဖြစ်ဖြစ် မှုတ်ပြပါလား”
မိုးနှောင်း သက်ပြင်းကို အသာရှိုက်ထုတ်သည်။ ပြီးတော့ . . .
“ဒီမှာ. . ကသစ်ဖြူ၊ သေရဲတာဟာ သတ္တိမဟုတ်ဘူး၊ မသေခင် ဖြစ်လာသမျှတွေကို ရင်ဆိုင်ရဲတာကမှ သတ္တိအစစ်ပါကွာ”


Comments
Post a Comment