မနက်ဖြန်အစီအစဉ် - ၅ @ မင်းခိုက်စိုးစန်


နောက်တစ်နေ့မနက် မိုးနှောင်း အိပ်ယာကနိုးတော့ ခြောက်နာရီခွဲနေပြီ။ ထုံးစံအတိုင်း ရေချိုးခန်းထဲဝင်ကာ သွားတိုက် မျက်နှာသစ်ပြီး ရေပါချိုးလိုက်၏။

ပြီးတော့ စောစောကတည်းက မမယုထည့်ထားခဲ့သော ဆန်ပြုတ်တွေကို မိုက်ခရိုဝေ့ဗ် မီးဖိုထဲထည့်ပြီး နွှေးသည်။

ဖွေးအိနူးညံ့ကာ ခပ်ပျစ်ပျစ်ကလေးဖြစ်နေသော ဆန်ပြုတ်ပန်းကန်ထဲသို့ မွမွကလေး ကြော်ထားသော ငါးခူ အသားဖတ်တွေကို စိတ်ရှည်လက်ရှည် နွှင်ပြီး ထည့်သည်။ ပြီးတော့ ကြက်သွန်ကြော်၊ ဆီချက်ကို ရွှေရောင်ဝေ့နေအောင် ဆမ်းကာ အနံ့မွှေးသည့် ငရုတ်ကောင်းမှုန့် ခပ်လိုက်၏။ ပုဇွန်ခြောက်ထောင်းကြော်နှင့် ကြက်သွန်မြိတ်စိမ်းစိမ်း ကလေးတွေကို ခပ်ပါးပါး ဖြူးလိုက်သည်။

နောက် အောက်ခံပန်းကန်ပြားထဲမှာ ဂျူးမြစ်၊ ငရုပ်သီးဆီသတ်နှင့်ရောထားသော ကြက်သွန်ဖြူဥတစ်လုံး အချဉ်တို့ကို အကန့်လိုက် ထည့်သည်။

ပြီးတော့ ကြွေဇွန်းသန့်သန့်ကို တစ်ရှူးစက္ကူစဖြင့် ခေါက်ပတ်ကာ ကိုင်ရင်း ကသစ်ဖြူ၏ အခန်းဆီသို့ လာခဲ့သည်။ အခန်းတံခါးကို ခပ်ဖွဖွ ခေါက်လိုက်၏။

“ဒေါက် .. ဒေါက် .. ဒေါက်"

“ကသစ်ဖြူ. . . ကသစ်ဖြူ. . . "

လန့်ပြီးနိုးသွားမည်ကို စိုးသောကြောင့် ကြားသာသည်ဆိုရုံမျှ ခပ်တိုးတိုး ခေါ်လိုက်သည်။

အခန်းထဲမှ တုံ့ပြန်သံမကြားရ။

မိုးနှောင်းက ထပ်ပြီး .

“ကသစ်ဖြူ. . . ကိုယ်ပါ. . . မိုးနှောင်းပါ. . . ဝင်ခဲ့မယ်နော်”

ဘာသံမှမကြားရ။

မိုးနှောင်း စိုးရိမ်လာ၏။ တံခါး Lock ကို ကိုင်ကြည့်တော့ အသာပင်လည်ကာ တံခါးပွင့်သွားသည်။

မိုးနှောင်း အခန်းထဲသို့ လှမ်းဝင်လိုက်၏။

“ဟင် ..”

အခန်းထဲမှာ ကသစ်ဖြူ၏အရိပ်အယောင်ကို မတွေ့ရ။ ဘယ်ရောက်နေတာပါလိမ့်။ ရေချိုးခန်းထဲမှာလား။

မိုးနှောင်း၏အကြည့်က ကုတင်ခြေရင်းဆီသို့ ရောက်သွားသည်။ သူဝယ်လာခဲ့သော ဖိနပ်နှစ်ရံအနက် အနီရောင်ဖိနပ်လေးတစ်ရံသာ ကျန်တော့သည်။

ဒါဆိုလျှင်တော့ အပြင်သွားတာပဲ ဖြစ်ရမယ်။ မနက်စောစော စီးစီး ဘာဖြစ်လို့များပါလိမ့်။ သိပ်လည်း နေကောင်းသေးတာ မဟုတ်ဘဲနဲ့။

ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက မိုးနှောင်း၏ အသိအာရုံထဲသို့ မီးလှံသွားဖြင့် ထိုးဆွလိုက်သလို ပူလောင် စူးရှစွာ ဝင်ရောက်လာ၏။

“သူ. . . သူ. . . ငါ့ကိုအသိမပေးဘဲ တိတ်တိတ်ကလေး ထွက်သွားတာများလား”

မိုးနှောင်းရင်ထဲမှာ စိုးရိမ်စိတ်က အဆိပ်လို တဖျဉ်းဖျဉ်း တက်လာ၏။ သူ ဆန်ပြုတ်ပန်းကန်ကို နီးရာခုံပေါ်တွင် တင်ပစ်ခဲ့ပြီး ပြေးထွက်ခဲ့တော့သည်။


*****


ကွန်ဒိုအိမ်ယာရှေ့ လူသွားလမ်းကလေးပေါ်တွင် ကသစ်ဖြူ တစ်ယောက်တည်း အားအင်ဖျော့တော့စွာဖြင့် တရွေ့ရွေ့ လျှောက်နေသည်။

သူမကို နောက်မှ လှမ်းမြင်လိုက်ရပြီဆိုသည်နှင့် မိုးနှောင်းက အလောတကြီး .

“ကသစ်ဖြူ. . . ကသစ်ဖြူ”

အော်ခေါ်ပြီး ပြေးလိုက်လာသည်။

ကသစ်ဖြူက မကြားချင်ယောင်ဆောင်ပြီး ဇွတ် ရှေ့ဆက်သွား၏။ သို့သော် သူမ၏ ခြေထောက်တွေက ပြေးဖို့အားမရှိ။ မိုးနှောင်းက ခဏအတွင်းမှီလာပြီး ကသစ်ဖြူ၏လက်ကို လှမ်းဆွဲကာ …

“ကသစ်ဖြူ. . . ဒါ ဘယ်သွားမလို့လဲ”

ကသစ်ဖြူက သူမ၏လက်ကို ဆောင့်ရုန်းလိုက်ရင်း . . . 

“လွှတ်ပါ၊ ကျွန်မဖါသာကျွန်မ ဘယ်သွားသွား၊ ရှင့်အပူမပါဘူး”

“ရှင့်အပူမပါဘူး” ဆိုသော ကသစ်ဖြူ၏ စကားကြောင့် မိုးနှောင်း တစ်ချက် တွေဝေသွား၏။

ငါ ဘာကြောင့် ပူပန်နေရတာလဲ။ အဲဒီ‘အပူ’တွေဟာ ငါ့ရင်မှာ လူဖြစ်ကတည်းက “ပါလာတဲ့အရာကော ဟုတ်ရဲ့လား။ ဟင့်အင် ..မွေးတုန်းက လူမှာ အပူရယ်လို့ ပါလာတာမဟုတ်ဘူးထင်ပါရဲ့။

စိုးရိမ်ခြင်း စိတ်သောကရောက်ခြင်းများကို ပူပန်သည်၊ အပူဟု ခေါ်ဝေါ်ကြသည်၊ ဘယ်သူက စတီထွင်ခဲ့တဲ့ စကားလုံးပါလိမ့်။

နဂိုသဘာဝအတိုင်း ‘ပူ’တာမဟုတ်ဘူးဆိုလျှင် အပူဆိုတာ မီးလိုမွှေးယူရတာပဲဖြစ်မည်။ ကျောက်ခဲနှစ်လုံးကို အကြိမ်ကြိမ် ပြင်းထန်စွာ တိုက်ခတ်သလိုမျိုး မီးခြစ်ကျောက်နှင့် သံဘီးတို့ ဖိပွတ်မိကြသလိုမျိုး အပူကို လုပ်ယူရတာပေါ့။

ငါ့နှလုံးသားဟာ ဘာနဲ့များ ပြင်းပြင်းထန်ထန် တိုက်ခတ်ဖိ ပွတ်ခဲ့ပါသလဲ။

မိုးနှောင်း တွေဝေနေစဉ်မှာပင် ကသစ်ဖြူက သူ့ကို သူစိမ်းတစ်ယောက်လိုကြည့်ကာ နှုတ်မဆက်ဘဲ လှည့်ထွက်သွား၏။ မိုးနှောင်းက …

“ကသစ်ဖြူ. . . ကသစ်ဖြူ. . . နေဦးလေ. . . ကိုယ်. . . " 

“ကျွန်မနောက်ကို မလိုက်နဲ့နော်၊ ရှင်နေခဲ့ . . 

“မဟုတ်သေးဘူး ကသစ်ဖြူ၊ ကိုယ်နဲ့ ပြန် …

“ရှင့်ကို ‘နေခဲ့’လို့ ပြောနေတယ်နော်"

ကသစ်ဖြူ၏ လေသံက မာကြောလှသည်။ မိုးနှောင်းမှာ ဖျောင့်ဖျစရာစကားလုံး မရှိတော့။ ကျောခိုင်းသွားသောသူမကို ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။

ဒီလောက် မြန်မြန်ဆန်ဆန် ခွဲခွာလိုက်ကြရုံနဲ့တော့ ငါ့ရင်ထဲက မီးတောက်ကလေး ငြိမ်းသွားမှာမှ မဟုတ်ဘဲကွယ်။


*****


ကျောက်ခေတ်ကလူတွေ (မီးကို ရှာဖွေ တွေ့ရှိပြီးသည့်နောက်မှာ) အသားငါးတွေကို အစိမ်းလိုက် မစားတော့ဘဲ မီးမြိုက်ပြီးမှ စားရသည့် အရသာကို ဘာကြောင့် စွဲမက်သွားရသလဲဆိုတာ မိုးနှောင်း နားလည်သလိုလိုဖြစ်လာ၏။

တစ်ဖက်သတ် သံယောဇဉ်ရှိနေရတာဟာလည်း ရင်ခုန်သံကို အစိမ်းလိုက် စားနေရသလိုပါပဲ။

ဒါကြောင့်ပဲ လူတွေဟာ ‘အချစ်’ ဆိုတဲ့မီးကို မွှေးကြတာပေါ့။ 

ရင်ခုန်သံကို မီးနဲ့ချက်ပြုတ်ဖို့ ကြိုးစားကြတာပေါ့။


မိုးနှောင်းက သူ့နှလုံးသားထဲက မီးဖိုလေး မငြိမ်းသွားအောင် ဂရုတစိုက် မီးစာမပြတ်အောင် ကျွေးပြီး မွေးထားဖို့ ဆုံးဖြတ်လိုက်၏။

သူ. . . မီးကို ကိုးကွယ်ချင်သည်။

အင်း. . . ငါတော့ ကမ္ဘာဦးလူသားဖြစ်နေပြီ. . . ဟု သူ့ဖာသာ သူတွေးရင်း ပြုံးလိုက်၏။

မိုးနှောင်းက ကသစ်ဖြူမသိအောင် သူမသွားရာနောက်သို့ တိတ်တိတ်ကလေး လိုက်ကြည့်ဖို့ ခြေလှမ်းစလိုက်သည်။


*****


Poly ကျောင်း၏အပေါ်ထပ် ခေါင်မိုးပေါ်မှနေပြီး ကသစ်ဖြူ အောက်သို့ ငုံ့ကြည့်လိုက်၏။

မြင့်လွန်းရာကနေ ငုံ့ကြည့်မိတော့လည်း လူတွေကို မသဲကွဲ။ ဘယ်သူဘယ်ဝါတွေမှန်းလည်း မသိရ။

‘လူ’ဆိုတဲ့အရာကကော အစကတည်းက တစ်ယောက်နဲ့တစ်ယောက် သဲသဲကွဲကွဲ ဖြစ်တည်နေခဲ့ကြတာ ဟုတ်လို့လား။ သူသူငါငါ မကွဲပြားကြဘူး မဟုတ်လား။

မြေပြင်ပေါ်မှာ လူတွေအားလုံးသည် အမှိုက်စလေးတွေလို ဟိုဟိုဒီဒီ လွင့်ပါ ရွေ့လျားနေကြသည်။ အသက်ရှိနေတဲ့ အမှိုက်သရိုက် လေးတွေပေါ့။ လူတွေအများကြီး တစ်နေရာမှ နောက်တစ်နေရာဆီ ဖြည်းဖြည်းချင်း စီးဆင်း ရွေ့မျောသွားနေကြပုံကို ငုံ့ကြည့်ရသည်မှာ အညစ်အကြေးတွေ ပြည့်ကျပ်ကာ ပေါလောမျောနေသော မြစ်ကြီးတစ်မြစ်ကို မြင်နေရသည်နှင့်တူ၏။

အရာရာမှာ အနှစ်သာရ မရှိ။ ပညာ မတောက်တခေါက် တတ်သူတို့ ဖွဲ့နွဲ့အလင်္ကာဆင်ထားသော အခွံသက်သက်သာရှိသည်ဟု သူမ ခံစားရသည်။

သစ္စာကိုသာ တန်ဘိုးထားစရာဟု ဖွဲ့နွဲ့သူက ဖွဲ့နွဲ့သည်။ ဒါပေမယ့် သစ္စာဆိုတာ ဘာကိုပြောမှန်း ဖွဲ့နွဲ့သူကိုယ်တိုင်က ရေရေရာရာမသိ။ အဲဒီတော့ မခက်ဘူးလား။

နွေရောက်ပြီဆိုလျှင် ဥဩငှက်တို့ လွမ်းတေးသီကြသည့် အကြောင်း သီချင်းလုပ်ဆိုသူက ဆိုသည်။ ကဗျာရေးသူကရေးသည်။ ဝတ္ထုဖွဲ့သူက ဖွဲ့သည်။ ခံစားသူကလည်း အဲဒါကိုပင် အဟုတ်လုပ်ကာ ခံစားပစ်လိုက်ကြသည်။

တကယ်တော့ ဥဩငှက်သည်လည်း နွေနှင့် သိပ်ပြီး ပတ်သက်လှသည် မဟုတ်။ ဥဩငှက် လွမ်းသလား မလွမ်းသလားလည်း ဘယ်သူမှ မသိ။ ဥဩငှက်တေးဆိုသလား ဒါမှမဟုတ် ဘာသာစကား မရှိသောကြောင့် အော်ရုံသက်သက် အော်နေရသည်လား ဆိုတာကိုလည်း ဘယ်သူမှမသိ။

သို့သော် အဖွဲ့အနွဲ့တွေကို ယုံကြည်ပစ်လိုက်ကြသည်။ အနှစ်သာရမရှိသော လူ့လောကကြီးထဲမှာ အဲဒီလို လုပ်ကြံ တန်ဆာဆင်ယင်ထားတဲ့ အဖွဲ့အနွဲ့ အလင်္ကာတွေကြောင့်သာ နေပျော်သလိုလို ထင်နေရတာ မဟုတ်လား။

သူမအတွက် အခက်အခဲကတော့ အဲဒီအဖွဲ့အနွဲ့ အလင်္ကာတွေကို ဘယ်လိုမှ ယုံကြည်ခံစားလို့ မရတော့ခြင်းပင် ဖြစ်၏။

ကဲ. . . အစကတည်းက ရှိမနေခဲ့တဲ့အရာတွေကို အဆုံးသတ်လိုက်ကြပါစို့. . . ။


*****


မိုးနှောင်းဆိုတဲ့လူ ပြောသလို “ဘဝဆိုတာ အဆုံးအစမရှိတဲ့ ခရီးလား' ဟု ကသစ်ဖြူ တွေးလိုက်သေးသည်။

ဒိုင်လင်တောမတ်(စ်)၏ ကဗျာတစ်ပုဒ်ကို သတိရမိသည်။


“ပန်းကို ပွင့်စေခဲ့တဲ့ ကာလတရားကပဲ. . . 

အပင်ရဲ့အမြစ်တွေကို ပုပ်ဆွေးစေခဲ့တာပါ. . .

စမ်းချောင်းကို စီးဆင်းစေခဲ့တဲ့ ကာလတရားကပဲ …

ရေကို ခြောက်ခမ်းစေခဲ့တာပါ. . .

ဘယ်လိုပြောရမလဲ. . .

ကောင်းကင်ဘုံတောင်မှ အချိန်(ခေတ်) ကိုလိုက်ပြီး ပြောင်းလဲရတာပဲ”


သူမကတော့ “ဘဝဆိုသည်မှာ အချိန်ကာလတစ်ခုကို ဖြတ်သန်းရခြင်း' ဟု ထင်သည်။ အချိန်ကာလဆိုတာ အဆုံးအစမရှိဘူးလား။


ခေါင်မိုးစွန်းမှနေ၍ အောက်ကို နောက်တစ်ကြိမ် ငုံ့ကြည့်ဖို့ ဟန်ပြင်လိုက်စဉ်မှာပင် သူမ၏ခန္ဓာကိုယ်ကို လေတိုးဝှေ့သံတစ်ဟူးဟူး ကြားရ၏။

ဟင့်အင်း . . . လေတိုးသံကြားရတာမှ မဟုတ်ဘဲ။ ငါ့နားထဲက လေတွေ အူပြီးထွက်နေတာပါ။

ပျို့ချင်အန်ချင်သလိုလို ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာ၏။ တစ်ကိုယ်လုံး ယိမ်းယိုင်သွားသည်။ ဗြုန်းခနဲ တစ်ကိုယ်လုံးက အားအင်တွေ စုပ်ထုတ်ခံလိုက်ရသလို ပျော့တော့သွား၏။

ရုတ်တရက် …

ခေါင်းထဲမှာ မိုက်ခနဲဖြစ်ပြီး ချာချာလည်သွားသည်။ ခြေတောက်တွေ ပျော့ခွေကာ အပေါ်ပိုင်းခန္ဓာကိုယ်အလေး ချိန်ကြောင့် ဦးစိုက်ပြောင်းပြန် ထိုးလဲကျအသွား . . 

“ကသစ်ဖြူ”

စိုးရိမ်တကြီး လှမ်းအော်လိုက်သော မိုးနှောင်းဆိုသူ၏အသံကို ကြားလိုက်ရပြီးနောက်

သူမ ဘာကိုမှ မသိတော့ချေ။


အပိုင်း - ၆ ဖတ်ရန်

Comments