မနက်ဖြန်အစီအစဉ် - ၆ @ မင်းခိုက်စိုးစန်


“ငါမသိဘဲ မင်းကို အပြင်ပေးထွက်ဘို့ စိတ်မချတော့ဘူး၊ မင်း အိမ်မပြန်ချင်ရင်လည်း ငါ့အိမ်မှာပဲ နေလို့ရတယ်၊ အခုလို စိတ်ထင်ရာတွေကို စွတ်ရွတ်ပြီး လျှောက်လုပ်မနေနဲ့”

မိုးနှောင်းက ကရုဏာသံတစ်ဝက် စိတ်တိုတစ်ဝက်ဖြင့် ခပ်ဆတ်ဆတ် ပြောလိုက်သည်။

ကသစ်ဖြူကတော့ သူ့ကို အတင်းပွေ့ချီ ခေါ်ချလာသော မိုးနှောင်းကိုပင် စိတ်တိုနေသလိုမျိုး မျက်နှာ စူပုပ်ပုပ်လုပ်နေ၏။

မိုးနှောင်းက အချိုးမပြေလှသော ကောင်မစုတ်ကလေးကို အပြစ်တင်ချင်သည့် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး . . 

“ဟင်း. . . လူပုံစံကြည့်တော့ ညောင်နာနာနဲ့၊ လုပ်လိုက်ရင်တော့ သေဘေးနဲ့ နီးတဲ့လုပ်ပေါက်တွေချည်းပဲ၊ ထမင်းစားရတာ ငြီးငွေ့နေပြီပေါ့. . . ဟုတ်လား”

ကသစ်ဖြူကလည်း ကက်ကက်လန်အောင် ပြန်ပြီး ရန်တွေ့သည်။

“ရှင်ကရော. . . ဘာဖြစ်လို့ နောက်ကနေလိုက်ပြီး ကျွန်မ လုပ်သမျှကို မျက်စိဒေါက်ထောက် ကြည့်နေရတာလဲ"

မိုးနှောင်းက . . . တအံ့တဩဖြစ်သွားပြီး

“ဟာ. . . ဒါ. . . မင်းကို ဂရုစိုက်တာလေကွာ၊ ကိုယ် မင်းကို တတ်နိုင်သလောက် ဂရုစိုက်မိတာ အပြစ်လားကွာ”

သူ့စကားအနားသတ်ထဲတွင် နှမျောတသ ဝမ်းနည်းသံပါ သွား၏။ ကသစ်ဖြူကတော့ တစ်ဖက်သား ဘယ်လိုခံစားရသည်ကို ဂရုစိုက်ပုံမပေါ်။ လေသံမာမာနှင့်ပင် .

“သူများရဲ့အယုအယကို ခံချင်နေတဲ့လူအဖို့တော့ ဂရုစိုက်တယ်ဆိုတာ ချိုမြိန်တဲ့အရာ ဖြစ်ချင်ဖြစ်နေမှာပေါ့၊ ကျွန်မကတော့ လွတ်လပ်ချင်တယ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ချင်တယ်။

ကျွန်မအတွက်တော့ ဂရုစိုက်တယ်ဆိုတာ ချုပ်ချယ်မှုတစ်မျိုးပဲ။ လူတွေဟာ ကိုယ့်အကျိုးစီးပွားမပါဘဲ တခြားသူတစ်ယောက်ကို ဂရုစိုက်တယ်ဆိုတာ ကျွန်မကတော့ လုံးဝ အယုံအကြည်မရှိဘူး” 

တစ်ဖက်စောင်းနင်း နိုင်လွန်းသောအတွေးဖြင့် ဇွတ်ပြောနေသည်မှာ ယဉ်ပါးအောင် မွေးမြူရခက်သော တောရိုင်းတိရိစ္ဆာန်တစ်ကောင် ရန်လိုနေပုံမျိုးနှင့်ပင် တူနေသေးတော့သည်။ မိုးနှောင်းက

“မင်းစကားတွေက အရမ်းကို တစ်ဖက်သပ် ကျနေပြီလို့ပြောရင် စိတ်ဆိုးမှာလား ကသစ်ဖြူ၊ သားသမီးတွေအပေါ်ထားတဲ့ မိဘတွေရဲ့ ဂရုစိုက်မှုတွေ၊ မေတ္တာတရားတွေကိုကျတော့ မင်း ဘယ်သွားထားမလဲ၊ မိဘမေတ္တာဆိုတာ ပြန်ပြီးတော့ ရယူချင်တဲ့ ကိုယ်ကျိုးစီးပွားမပါဘူးလေ” သူမက ခြောက်ကပ်အက်ကွဲစွာ ရယ်မောသည်။ သို့သော် ရယ်သံဟု မခံစားရ။ နာကျင်မှုကြောင့် ရေရွတ် ညည်းညူလိုက်သံမျိုးနှင့် တူနေ၏။ ပြီးတော့ . . .

“ကျွန်မက မိဘမေတ္တာကိုလည်း နားမလည်တတ်ခဲ့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဟိုးငယ်ငယ်ကလေးတည်းက ကျွန်မက မိဘမဲ့တစ်ယောက် ဖြစ်ခဲ့ရလို့ပဲ။ ကျွန်မ ခြောက်လသမီးအရွယ်မှာကတည်းက ကျွန်မအဖေကော အမေပါ အက်ဆီးဒင့်တစ်ခုဖြစ်ပြီး တစ်ပြိုင်တည်းဆုံး သွားခဲ့တယ်။

ဟင်း. . . ဟင်း. . . ကျွန်မက အဖေနဲ့အမေကို မတွေ့ခဲ့ရဘဲ အဖေနဲ့အမေ ချန်ထားရစ်ခဲ့တဲ့ ပိုက်ဆံတွေကိုပဲ တစ်သက်လုံး တွေ့နေရ တာ။ ပြီးတော့ ကျွန်မကို အုပ်ထိန်းတဲ့ အဒေါ်ဝမ်းကွဲတစ်ယောက်နဲ့ အတူနေခဲ့ရတယ်”

အတွင်းမှာ လှိုက်စားနေသော အနာတစ်ခုမှ ပြည်ပုပ်သွေး ပုပ်တွေကို ညှစ်ထုတ်လိုက်သလိုမျိုး သူမ၏ရင်ဘတ်အခေါင်း ဟောင်းလောင်းပေါက်ထဲမှ စကားလုံးတွေ ထွက်ကျလာ၏။

မိုးနှောင်းက...

“ငါလည်း မင်းလို မိဘမဲ့တစ်ယောက်ပါပဲကွာ”

ဟု ဝင်ပြောလိုက်ရင် ကောင်းမလား စဉ်းစားလိုက်သေးသည်။ သို့သော် သူ မပြောဖြစ်လိုက်။

အခြေအနေချင်းတူတိုင်း ခံစားမှုကိုတော့ အဖြေတိုက်လို့ မရဘူးမဟုတ်လား။

...

ကသစ်ဖြူက နာကျင်စွာ ရယ်မောလိုက်ရင်း “ကျွန်မက ဘယ်သူ့ရဲ့ ဂရုစိုက်မှုကိုမှ မလိုအပ်ခဲ့ဘူး၊ လိုလည်း မလိုချင်ခဲ့ဘူးလေ၊ ဟင်း. . . ဟင်း. . . ကျွန်မကို ဘယ်သူကမှလည်း ဂရုမစိုက်ကြပါဘူးလေ၊ ကသစ်ဖြူဆိုတဲ့ မိန်းမတစ်ယောက် အသက်ရှင် နေတာကို ဒီကမ္ဘာလောကကြီးက သိနေချင်ပုံတောင် မရဘူးနဲ့တူပါ တယ်”

မိုးနှောင်းက ဦးခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း. . .

“လောကကြီးက မင်းကို အသိအမှတ်မပြုတာ မဟုတ်ပါဘူး၊ မင်းကိုယ်တိုင်က လောကကြီးကို ကျောခိုင်းထားတာပါ။ တစ်ဖက်သတ် ကျောခိုင်းထားတဲ့လူတစ်ယောက်ကို ဘယ်လို အသိအမှတ်ပြုရမလဲ၊ ဘယ်လိုနှုတ်ဆက်ရမလဲ။

မင်းဖါသာမင်း လောကကို အခေါ် အပြောမလုပ်ကြေး။ မနှုတ်ဆက်ကြေးဆိုပြီး နေနေတာပါ။ မနက်တုန်းက မင်း ငါ့ကို နှုတ်မဆက်ဘဲ ကျောခိုင်းသွားသလိုမျိုးပေါ့။

သူမက ရွှီခနဲ ခပ်တိုးတိုး လေချွန်လိုက်သည်။ လှောင်ပြောင်ချင်တာလား အနိုင်ရသူတစ်ယောက်ရဲ့ ဝံ့ကြွားမှုလားတော့မသိ။ ပြီးတော့ သူမက

“နှုတ်ဆက်စရာ ဘာလိုအပ်လို့လဲ။ ထွက်ခွာသွားမယ့်သူနဲ့ ကျန်နေရစ်ခဲ့မယ့်သူ နှစ်ဦးရဲ့ကြားမှာ ချည်နှောင်စရာ ဘာကြိုးမှ မလိုဘူး၊ ဥပမာ. . . ကျွန်မသာ. . .”

“ကျွန်မသာ . .” ဟူသောစကားစကို မဆက်ဘဲ ကြာမြင့်စွာ အချိန်ယူနေသည်။ တစ်စုံတစ်ရာကို ပြောသင့်မပြောသင့် ချိန်ဆနေပုံမျိုး ဒါမှမဟုတ် အသင့်တော်ဆုံးဖြစ်အောင် ဘယ်လိုစကားလုံးကို ရွေးချယ်ရမလဲ. . . ဟု ဝေခွဲရခက်နေပုံမျိုး. . . မျက်ခုံးနှစ်ဘက်ကို ခပ်စိုက် စိုက်ကျုံ့ထား၏။

ပြီးတော့မှ

“တကယ်လို့ ကျွန်မသာ ခရီးအဝေးကြီးကို ထွက်သွားရတော့ မယ့်လူဆိုရင် ဘယ်သူ့ကိုမှ နှုတ်ဆက်သွားမှာ မဟုတ်ဘူး” 

“ဒီနေရာမှာတော့ ကိုယ်နဲ့ ခံစားမှုချင်း ဆန့်ကျင်ဘက်ဖြစ်နေကြပြီနဲ့ တူတယ်”

မိုးနှောင်းက ရည်ရွယ်မထားဘဲ နှုတ်မှ အလိုအလျောက် ရေရွတ်မိသလို ဖြစ်သွားသည်။ ချက်ချင်းလိုပင် သူ ပြန်သတိရလိုက်မိသည်က ကသစ်ဖြူနှင့်မတွေ့ခင် East Coast ကမ်းစပ်မှာ သူတွေးနေမိသော လူလူချင်း နှုတ်ဆက်ကြသည့်အကြောင်းတွေကိုပင် ဖြစ်သည်။ အဲသည်တုန်းက မိုးနှောင်းက သူ့အတွက် နှုတ်ဆက်ဖေါ်တစ်ယောက်ကို ငတ်မွတ်စွာ တမ်းတမိနေချိန်လည်း ဖြစ်သည်။

ကသစ်ဖြူကို မြင်မြင်ချင်းမှာပင် မိတ်ဆွေဖွဲ့ပြီး နှုတ်ဆက်ဘို့ ခပ်ကြောင်ကြောင် စိတ်ကူးယဉ်ခဲ့မိသေးသည် မဟုတ်လား။ 

အခုတော့ . . .

မိုးနှောင်းက တွေဝေတွေးဆစွာဖြင့်

“ကိုယ်သာဆိုရင်တော့ ကိုယ်ခရီးသွားတော့မှာကို သိလို့ တကူးတက လာနှုတ်ဆက်တဲ့သူရဲ့ သံယောဇဉ်ကို သိပ်ကို တန်ဖိုးထားမိမှာပဲ"

ကသစ်ဖြူက သူ့ဖက်သို့ ကျောကို ခပ်စောင်းစောင်း လှည့်လိုက်ပြီး နောက်ပြန်အနေအထားမှ စကားတုံ့ပြန်၏။

“ကိုယ့်ခရီးစဉ်ရဲ့ အကောင်းအဆိုးကို လာနှုတ်ဆက်တဲ့သူရဲ့ သံယောဇဉ်က ဘာများ ပြောင်းလဲပေးနိုင်မှာမို့လို့လဲ။

လာနှုတ်ဆက်တဲ့လူ ရှိရှိ မရှိရှိ ကိုယ်သွားရမယ့် ခရီးကိုကော့ ပြောင်းလဲပစ်လိုက်လို့မှ မရတာ။

ကျွန်မသွားရမယ့်ခရီးမှာ ဘယ်သူ့ နှုတ်ဆက်သံကိုမှလည်း ရင်ထဲထည့်ပြီး သယ်မသွားချင်ဘူး၊ ကျွန်မရဲ့ နှုတ်ဆက်သံတွေနဲ့လည်း ဘယ်သူ့ကိုမှ ချည်နှောင်မထားခဲ့ချင်ဘူး”


*****


သူမပုံစံက သံယောဇဉ် သိပ်ကို ပြတ်တောက်နိုင်လွန်းသည့်ပုံ ပေါက်နေတော့လည်း အမြင်ကတ်စရာပင် ကောင်းလာ၏။ 

မိုးနှောင်းက .

“မင်းက ဘယ်ကိုသွားမလို့လဲ၊ မြန်မာပြည် ပြန်မလို့လား"

ခပ်စောင်းစောင်း ကျောခိုင်းထိုင်နေရာမှ သူမက ဖြည်းဖြည်းချင်း မိုးနှောင်းဘက်သို့ ပြန်လှည့်လာ၏။ ပြီးတော့ တီးတိုးဖြေသည်။ 

“လူဆိုတာ ကိုယ်လာခဲ့တဲ့ အရပ်ကိုပဲ ပြန်ကြရမှာပေါ့” 

မိုးနှောင်းက ..

“ကိုယ်တော့ နှုတ်ဆက်ခြင်းတွေနဲ့ အချည်နှောင်ခံချင်တဲ့ လူတစ်ယောက်ပါ ကသစ်ဖြူ၊ မင်း ခရီးသွားခါနီးမှာ ကိုယ့်ကို နှုတ်ဆက် မသွားချင်ဘူးလားဟင်”

“ကျွန်မသာ သစ်ပင်တစ်ပင် ဖြစ်မယ်ဆိုရင် ကိုယ့်ကိုကိုယ် ခုတ်လှဲပစ်လိုက်မယ်၊ ဘယ်သူ့ကိုမှ နှုတ်ဆက်သွားမှာ မဟုတ်ဘူး”

“မင်း နှုတ်ဆက်ချင်တဲ့လူတစ်ယောက်ဖြစ်ဘို့ ကိုယ် ဘယ်လို ကြိုးစားရင် ရနိုင်မလဲ"

မိုးနှောင်းက ဇွတ်ပေကပ်ပြီး ပြောနေသောကြောင့် ကသစ်ဖြူက မျက်မှောင်ကုပ်ကာ ပြန်ကြည့်ရင်း

“ရှင်က ကျွန်မကို ပြောင်းလဲပစ်ဘို့ စိန်ခေါ်နေတာလား” 

“ကိုယ့်အတွက် ပဟေဠိတစ်ပုဒ်လို ဖြစ်နေတဲ့ မင်းရဲ့စိတ်ကို လိုက်ရှာဖို့ ဟိုဒင်း. . . ဘယ်လိုခေါ်မလဲ ‘ကစားနည်း’ တစ်ခုပါ ကသစ်ဖြူ”

သူမ ခပ်တွေတွေ ငိုင်ငိုင်လေး ဖြစ်သွားရာမှ မျက်ဝန်းထောင့်တွင် စူးစမ်းချင်သော အလင်းတစ်ချက် လက်သွား၏။ 

“အင်း...‘ကစားနည်း' ဆိုရင်တော့ ပျော်စရာကောင်းမယ် ထင်တယ်”

မိုးနှောင်းက ကလေးတစ်ယောက်ကို ဆေးသောက်ချင်လာအောင် ချော့မော့ ပြောဆိုသည့် လေသံမျိုးဖြင့်

“ပျော်စရာကောင်းမှာပါ ကသစ်ဖြူ၊ မင်းပေးရမယ့် လျော်ကြေးက ကိုယ့်ကို နှုတ်ဆက်ရမယ့် လူတစ်ယောက်အဖြစ် အသိအမှတ်ပြုပေးဘို့ပါပဲ။ အဲဒါကိုရဘို့ မင်းလိုချင်တာ ကိုယ်ဘာလုပ်ပေးရမလဲ၊ မင်း ခိုင်းတာ ကိုယ် ဘာလုပ်ပေးရမလဲ”

“ကျွန်မလိုချင်တာ. . . ဟုတ်လား. . . အင်း. . . "

သူမစိတ်ထဲမှာ ဘာကိုမှ လိုလိုချင်ချင် မက်မက်မောမော မရှိတာကတော့ သေချာသည်။ သို့သော် အခု စဉ်းစားနေသည့်ပုံကတော့ မိုးနှောင်းကို ညစ်ဘို့ (ဒါမှမဟုတ်) မိုးနှောင်းကို ဒုက္ခပေးဘို့ တိုက်စစ် နည်းဗျူဟာကို ချင့်ချိန်တွက်ဆနေသော စစ်တုရင်သမားတစ်ယောက်၏ မျက်လုံးမျိုး ဖြစ်သည်။

ကသစ်ဖြူက ခဏစဉ်းစားလိုက်ပြီး ..

“အင်း. . . ကျွန်မ လိုချင်တာတွေက အများကြီး ဖြစ်ချင်ဖြစ်နေမှာနော်၊ ကျွန်မက အဓိပ္ပါယ်ရှိတာတွေကိုလည်း တောင်းဆိုချင် တောင်းဆိုမယ်၊ အဓိပ္ပါယ်မရှိတာတွေကိုလည်း တောင်းဆိုချင်တောင်း ဆိုမယ်။ ရှင်က ကျွန်မကို ဘယ်လောက်ထိ ဂရုစိုက်ဖြည့်ဆည်းပေးနိုင် မှာမို့လို့လဲ”

ကစားပွဲ၏ နိဒါန်းစကားက မိုးနှောင်း၏ လည်ပင်းကို စွပ်မည့် ကြိုးကွင်းကို လှပစွာ စတင်ချည်နှောင်လိုက်သည်။ သူမ၏ စကားလုံး မြင်းခုန်ကွက်တွေကြားမှာ မိုးနှောင်းက သူ့နှုတ်ကတိဘုရင်မကို သတိကြီးစွာထားပြီး ရွှေ့ကစားရတော့မည်။

အင်း. . . ကတိတွေ အရမ်းစွတ်ပေးလို့တော့ မဖြစ်ဘူးထင်တယ်၊ ဒီဟာမလေးက ယုံရတာတော့ မဟုတ်ဘူး။

ကသစ်ဖြူကလည်း သူစဉ်းစားချင့်ချိန်နေသည်ကို ရိပ်မိ၏။ သူမက …

“စဉ်းစားနော်. . . စဉ်းစား၊ ကျွန်မက မိုးပေါ်ကကြယ်ကို လိုချင်တယ်လို့ ပူဆာရင် ရှင် ဘယ်လိုလုပ်မလဲ”

“ကြယ်တော့ မရနိုင်ဘူး၊ ခပ်ဆင်ဆင်တူတာဆိုလို့ 'ကြယ်သီး' တော့ရမယ်၊ အင်္ကျီက ဖြုတ်ပေးမယ်လေ. . . ယူမလား”

မိုးနှောင်းက တမင်ရွဲ့ပြောသောအခါ သူမ ရယ်၏။ ဖြူစင်ပေါ့ပါးစွာ ပျံသန်းလာသော ရယ်သံကို သူမထံမှ ရှားရှားပါးပါး ပထမဦးဆုံး အကြိမ် ကြားရခြင်း ဖြစ်လေသည်။

မိုးနှောင်းက သူပြောရမည့် စကားလုံးတွေကို အသေအချာ စဉ်းစားလိုက်ပြီးမှ စာချုပ်တစ်ခုချုပ်ဆိုသလို တိတိကျကျ ရေရွတ်လိုက်၏။

“ဒီကမ္ဘာမြေပြင်ပေါ်မှာရှိတဲ့ ရိုးရိုး သာမန်လူသားတစ်ယောက် လုပ်ပေးလို့ရသမျှ အရာအားလုံး ကိုယ်လုပ်ပေးပါ့မယ်”

သူမက ခေါင်းကိုညိတ်သည်။ ပြီးတော့ . . . 

“ကောင်းပြီလေ၊ ဒါဆိုလည်း ကျွန်မ ဘာလိုချင်သလဲဆိုတာ စဉ်းစားထားလိုက်မယ်။ ကျွန်မတို့ရဲ့ကစားပွဲကို မနက်ဖြန်ကျမှ စကြတာပေါ့”

အနည်းဆုံး မနက်ဖြန်အထိတော့ သူမနှင့်အတူ ရှိနေရလိမ့်ဦးမည်ကို တွေးရင်း မိုးနှောင်းရင်ထဲမှာ ချမ်းမြေ့သွား၏။ တကယ်တော့လည်း လူ့ဘဝဆိုတာ မနက်ဖြန် တစ်ရက်စာသာ သေချာဘို့ လိုအပ်သည် မဟုတ်လား။

အပိုင်း - ၇ ဖတ်ရန်

Comments