မနက်ဖြန်အစီအစဉ် - ၇ @ မင်းခိုက်စိုးစန်


ကတ်သီးကတ်သပ် တစ်ခုခု တောင်းဆိုလိမ့်မည်ဆိုသည်ကိုတော့ အစကတည်းက ရိပ်မိသည်။ စာမေးပွဲတစ်ခုလိုပေါ့။ တကယ် မဖြေနိုင်အောင် တကယ်မေးပြီဆိုရင်တော့ ကျောင်းသားအတော်များများ ကျမှာ သေချာသည်။

ဒါပေမဲ့ မေးခွန်းထုတ်သူဘက်က ကိုယ့်ကို ဘယ်လောက် ရာခိုင်နှုန်းအထိ အခွင့်အရေးပေးချင်စိတ်ရှိမလဲဟုသာ စောင့်ကြည့်ရတော့မည်။

ကသစ်ဖြူက. . . “ကျွန်မလိုချင်တာက “သဇင်ပန်း’‘ 

“ဘာ. . . သဇင်ပန်း၊ ဟုတ်လား”

မိုးနှောင်း ခေါင်းမှဆံပင်တွေကို ထိုးဖွမိသည်။ ညစ်တာကတော့ လှလှပပကို ညစ်လိုက်ပြီဖြစ်၏။

မိုးနှောင်းက လျော့တိလျော့ရဲအသံဖြင့် . . . 

“မင်းကလည်းကွာ. . ဒါ. . သဇင်ပန်းပွင့်တဲ့ရာသီမှမဟုတ်ဘဲ

သဇင်ပန်းပွင့်သည့်ရာသီပင်ဖြစ်ဦးတော့ စင်္ကာပူမှာ သဇင်ပန်းရှိ မရှိ သူ ကောင်းကောင်းမသိ။ မြန်မာပြည်ကလာသည့် ပစ္စည်း အတော်များများကို စင်္ကာပူမှာ စင်္ကာပူမှာ ဝယ်၍ရသည်ကတော့ မှန်၏။ သို့သော် သဇင်ပန်းကိုတော့ ရ မရ မသေချာ။

တကယ်လို့ ရနိုင်လျှင်တောင်မှ ဘယ်နေရာမှာသွားဝယ်ရမည်မှန်း သူမသိချေ။

မရဏဖွါးမလေးကတော့ အကြော ခပ်တင်းတင်းပင်။

“ဒါတော့ ကျွန်မလည်း မသိဘူးလေ။ ရှင်ပဲ ကျွန်မရဲ့ နှုတ်ဆက်ဖော်ဖြစ်ခွင့်ရဘို့ ဘာမဆို လုပ်ပေးမယ်. . . ဆို"

“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ကိုယ်ပြောတာက အဲလိုကြီးတော့လည်း မဟုတ်ဘူးလေ၊ ဟို ဘယ်လိုလဲဆိုတော့. . ."

မိုးနှောင်းက စကားတွေကို ဗလုံးဗထွေးလုပ်ရင်း ဘယ်လို အကြောင်းပြရင်ကောင်းမလဲဟု စဉ်းစားနေသည်။ ပြီးတော့...

“မင်းကလဲကွာ၊ သဇင်ပန်းဆိုတာ နာမည်သာကြီးတာ၊ လှလည်းမလှဘူး၊ အပွင့်တွေက ပိစိညှောက်တောက်ကလေး၊ ပြီးတော့ အောက်မှာကလည်း ဥကြီးတွဲလောင်းနဲ့၊ သိပ်အရုပ်ဆိုးတာ" 

“ဒါတွေ ကျွန်မ စိတ်မဝင်စားဘူး”

ကသစ်ဖြူကတော့ ခေါင်းမာမာပင်၊ မိုးနှောင်းက 

“မင်း. . . ဒီ့ပြင်ပန်းကို ပြောင်းပြီး ယူပါလား၊ ဟိုလေ ဥကြီး တွဲလောင်းကျနေတဲ့ တခြားပန်းရှိတယ် ယူမလား"

“ရှင်. . . မမိုက်ရိုင်းနဲ့နော်"

သူမ မျက်နှာကလေး နီရဲသွား၏။ မိုးနှောင်းက 

“အတွေးမချော်စမ်းပါနဲ့ကွာ၊ ကိုယ်က ဂမုန်းပန်းကို ပြောတာပါ၊ ဟဲ. . . နည်းနည်းပိုပြီးတော့များ ဖြစ်နိုင်ဘို့ နီးစပ်မလားလို့"

“ဘာမှလာပြီး လမ်းလွှဲဘို့ ကြိုးစားမနေနဲ့၊ ကျွန်မလိုချင်တာကတော့ သဇင်ပန်းပဲ"

“ဟူး. . .

မိုးနှောင်း သက်ပြင်းကို မှုတ်ထုတ်လိုက်၏။ သူ့ရှေ့မှာ မျက်နှာကလေး ခပ်မော့မော့နှင့် စိန်ခေါ်သလိုဟန်မျိုး ဝင့်ထည်ကာရပ်နေသော ကသစ်ဖြူကို ဘုကြည့်ကြည့်မိသည်။

ဒင်းသာ ရော်ဘာဖြင့် လုပ်ထားသော အရုပ်ကလေးတစ်ရုပ် ဆိုလျှင် လည်ပင်းဇက်ကို နောက်ပြန်ဆွဲလှည့်၊ လက်ကို လိမ်ချိုးပြီး 'ကဲဟာ... ကဲဟာ' ဟု လုပ်ပစ်လိုက်ချင်ပါသည်။


*****


မြန်မာပြည်မှ သူငယ်ချင်းဖြစ်သူ ထူးကျော်ဆီသို့ မိုးနှောင်း ဖုန်းဆက်ရတော့သည်။ ထူးကျော်က ဖုန်းထဲမှ သူ့အသံကို ကြားကြားချင်း. . .

“အေး. . . မိုးနှောင်းလား၊ ပြော. . . သူငယ်ချင်း၊ ငါ ဘာလုပ် ပေးရမလဲ၊ ဘာလဲ. . မင်း ဖိနပ်လိုချင်ပြန်ပြီလား"

“အဲ. . . ဟိုဒင်းကွာ၊ ငါ. . . ငါလိုချင်တာက သဇင်ပန်းကွ” 

မိုးနှောင်းက သူ့ဖါသာသူ စိတ်မလုံမလဲဖြစ်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြော၏။ ဒါကို ထူးကျော်က သတိမထားမိဘဲ...

“ဟ. . . ငါသိသလောက်တော့ သဇင်ပန်းတံဆိပ်နဲ့ ဖိနပ်မရှိပါဘူးကွာ၊ ဧကန္တ . . တံစဉ်းကို ပြောတာများလား၊ ဟို. . . စပါးရိတ်တဲ့ဟာလေ

“မဟုတ်ဘူး ထူးကျော်၊ မဟုတ်ဘူး၊ မင်းကလည်းကွာ၊ ငါ ဖိနပ် ထွက်ဝယ်တဲ့အကြောင်း တစ်ခါလားပဲ ပြောမိပါတယ်၊ ငါလိုချင်ပြီဆိုရင် ဖိနပ်ပဲလို့ ထင်နေတော့တာကိုး”

“ဟေ. . . မင်းလိုချင်တာက ဖိနပ်မဟုတ်ဘူးလား” 

“မဟုတ်ဘူး. . . . သ. . . ဇင်. . . ပန်း. . . “

သူ့အသံကြောင့် တစ်ဖက်မှ ထူးကျော်က အံ့ဩသွားပြီး ဟုပင် ယောင်ယမ်းရေရွတ်လိုက်မိသည်။ ပြီးမှ ထူးကျော်က 

“နေစမ်းပါဦး မိုးနှောင်းရ၊ မင်းက သဇင်ပန်းကို

ဒီတစ်ခါ အဖြေရခက်သွားသူက မိုးနှောင်း။ ရုတ်တရက်မို့ ဘာပြန်ဖြေရမည်မှန်းမသိ။ ပြီးတော့မှ ဖျတ်ခနဲ အကြံရသွားပြီး. . . 

“ဪ. . . ဟို. . . ယတြာချေဘို့ပါကွာ၊ အဲဒါ ဒီနေ့ စင်္ကာပူကို ထွက်မယ့် Fligh နဲ့ လူကြုံရှာပြီး ပို့ဖြစ်အောင် ပို့လိုက်စမ်းပါ" 

ထူးကျော်က တအံ့တသြဖြ စ်သွားပြီး . . .

“ဟင်. . . အရင်တုန်းကတော့ မင်း ဗေဒင်တွေယတြာတွေ ဝါသနာမပါပါဘူး၊ ခုမှ ဗြုန်းစားကြီးနော်၊ ငါတော့ အံ့ဩတယ်ကွာ၊ စင်္ကာပူမှာ ဘယ်ဗေဒင်ဆရာနဲ့ သွားဆုံနေရတာတုန်း"

မိုးနှောင်းက အနားတွင်ရှိသော ကသစ်ဖြူဘက်သို့ ဖျတ်ခနဲ တစ်ချက်ကြည့်ရင်း . . .

“သဇင်ပန်းရှာခိုင်းတဲ့ ဗေဒင်ဆရာက ဂျစ်ပစီမကြီးပါကွာ၊ တကယ့်ကို ဂျစ်ပစီပါ”

ကသစ်ဖြူက ဖုန်းပြောနေသော မိုးနှောင်းကို မျက်စောင်းတစ်ချက် လှမ်းထိုးပြီး အံကြိတ်ပြ၏။

မိုးနှောင်းက မသိချင်ယောင်ဆောင်လျက်. . .

“ဒါပဲနော် သူငယ်ချင်း၊ ရအောင် ရှာပေးစမ်းပါကွာ၊ ဆယ့်နှစ်ရာသီလုံးလုံး ပန်းပျိုးပြီးရောင်းတဲ့ သဇင်ခြံတွေတော့ ရန်ကုန်မှာ ရှိမှာပါ”

တစ်ဖက်မှ ဘာကိုမှ မသိရှာသော ထူးကျော်ကတော့ မျက်ခုံးမွှေးတွေ တွန့်လိမ်ကာ အသည်းအသန်စဉ် းစားပေးရင်း .

“အင်း. . . ရှိမှာပါကွ၊ ဘွဲ့ယူတာတို့၊ မင်္ဂလာဆောင်တို့ အခမ်းအနားတွေ ဘာတွေကျရင် ရာသီချိန်မဟုတ်ဘဲနဲ့တောင် သဇင်ပန်းတွေ ပန်နေကြတာပဲ၊ လူကြုံအတွက်ကတော့ မပူနဲ့၊ ငါ့ညီမဝမ်းကွဲတွေရဲ့ သူငယ်ချင်းတစ်ယောက် ဒီနေ့ လာဖို့ရှိတယ်၊ ကိုသက်ထွေးတဲ့၊ Admiralty က ငါ့ညီတွေ အတွက်တောင် ပစ္စည်းတွေ သွားပေးရဦးမယ်၊ သူ့ကို မင်း ဖုန်းနံပါတ် ပေးထားလိုက်မယ်လေ၊ သူ ချန်ဂီလေဆိပ်ရောက်တာနဲ့ မင်းဆီကို ဖုန်းဆက်ပြီး အကြောင်းကြားလိမ့်မယ်”

“အိုကေကွာ. . . ကျေးဇူးပဲသူငယ်ချင်း" 

မိုးနှောင်း ၏ရင်ထဲမှ အပူလုံးကြီးတစ်ခု လျောခနဲ ပြုတ်ကျသွားသည်။

စောစောက သူနှင့် မနီးမဝေးမှာထိုင်ပြီး စာဖတ်နေသော ကသစ်ဖြူဘက်ကို လှည့်ကြည့်လိုက်တော့ သူမ မရှိတော့။ 

ဂျင်ပစီမ ဘယ်လစ်သွားပြီလဲမသိ။


*****


ရန်ကုန်မှလာသော လေယာဉ်ဆိုက်မည့် အချိန်လောက်ကို မှန်းကာ မိုးနှောင်းတစ်ယောက် ဖုန်းကို ကောက်ကိုင်လိုက် နာရီကိုကြည့်လိုက်နှင့် ဂဏှာမငြိမ် ဖြစ်နေ၏။

လေယာဉ်ဆိုက်ချိန်ကို တစ်စထက်တစ်စ ကျော်လွန်၍သာလာသည်။ ဖုန်းသံက မမြည်သေး။ မိုးနှောင်း စိတ်ပူစပြုလာ၏။ ကိုသက်ထွေးဆိုတဲ့လူပဲ ဒီနေ့ မလာဖြစ်တော့တာလား။ ဒါမှမဟုတ် လေဆိပ်မှာ ကို့ယို့ကားယား တစ်ခုခုလုပ်လို့ပဲ Immigration က ပေးမဝင်လို့လား။

ကုန်ကုန်ပြောရရင် လေယာဉ်ပျံတက်ကြိတ်လို့များ သေနေပြီလား။


စိတ်ပူရာက ကြာတော့ စိတ်တိုသည့်အဆင့်သို့ပင် ကူးပြောင်းလာသည်။

“ဟူး”

သူတစ်ယောက်တည်း ဧည့်ခန်းထဲမှ ထလိုက် ထိုင်လိုက်နှင့် ဘယ်လိုနေရမှန်းမသိ ဖြစ်နေသည်။ နာရီကို ကြည့်လိုက်တော့ လေယာဉ် ဆိုက်ပြီးတာ နှစ်နာရီကျော်နေလေပြီ။

‘ခစ်’ခနဲ ရယ်သံတစ်ချက်ကြားလို့ လှည့်ကြည့်လိုက်တော့ ဟို မရဏဖွါးလေးက ဧည့်ခန်းထဲကိုလာချောင်းပြီး သူ ယောက်ယက်ခတ်နေသည်ကို မြင်ရသဖြင့် အူမြူးကာ ပြန်လစ်ပြေးသွားခြင်းဖြစ်၏။

ထိုစဉ် . . .

“တီ... တီ... တီ"

လက်ကိုင်ဖုန်း မြည်လာသဖြင့် သူ အားရဝမ်းသာ ကောက်ကိုင်လိုက်ပြီး . .

“Hello အမိန့်ရှိပါ၊ ကျွန်တော် မိုးနှောင်းပါ"

တစ်ဖက်မှ ဖုန်းဆက်သူက

“ကို. . . ကို. . . ကို. . . မိုးနှောင်း. . . ကျွန်. . . ကျွန်. . . ကျွန်. . . ကျွန်တော် သ...သ...ဇင်…”

“ခင်ဗျာ၊ သန့်စင် ဟုတ်လား၊ ဘယ်က ကိုသန့်စင်လဲ မသိဘူး၊ စိတ်မရှိနဲ့နော်၊ ကျွန်တော် မသိလို့ပါ"

“ မ …မ …မ … မဟုတ်ဘူး၊ သ. . . သ...သ...သဇင်ပန်း. . . '

သဇင်ပန်းဆိုသောအသံကို ကြားလိုက်ရရုံဖြင့် မိုးနှောင်း ထခုန် မိမတတ် ဝမ်းသာသွား၏။ ထို့ကြောင့် အလောတကြီးဖြင့် . .

“ဟုတ်ကဲ့. . . သဇင်ပန်း ယူလာပေးတာလား၊ ကျေးဇူးပါပဲဗျာ၊ ထူးကျော် လူကြုံပါးလိုက်တဲ့ ကိုသက်ထွေး ထင်တယ်၊ ကျွန်တော် အခု ချန်ဂီလေဆိပ်ကို လာယူရမှာလားဟင်”

"မ … မ … မ ......မဟုတ်ဘူး. . . ဗျ၊ ကျွန်. . . ကျွန်. . . တော်....... က .... . . ကလီမင်တီမှာ ရောက်. . . ရောက်. . . ရောက်နေပြီ၊ သ. . . သ... . သဇင်ပန်း ကိစ္စကို ကျွန်. . . ကျွန်. . . ကျွန်တော်. . . . အရှည်ကြီး. . . ရှင်း. . . ရှင်း. . . ရှင်းပြ...'

ဟာ . . . သွားပြီဟု စိတ်ထဲက ရေရွတ်လိုက်၏။ ဒီလူ စကား ထစ်နေပုံမျိုးနှင့် အရှည်ကြီး ရှင်းပြရဦးမည်ဆိုပါက မနက်ဖြန် ရောက်သည်အထိ ဇာတ်ရည်လည်တော့မှာ မဟုတ်။ ထို့ကြောင့် မိုးနှောင်းက . . .

“နေ. . . နေပါ၊ မရှင်းပြပါနဲ့တော့၊ ကျွန်တော် ခင်ဗျားဆီကို အခုပဲ လာခဲ့မယ်၊ ခင်ဗျားရောက်နေတဲ့ Clementi က လိပ်စာကိုပဲ ပေးပါတော့ဗျာ”

နောက်ဆုံး တစ်ဖက်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ရွတ်ပြသော လိပ်စာကို မိုးနှောင်းတစ်ယောက် စိတ်ရှည်လက်ရှည်ဖြင့် လိုက်ရေးပြီး ကူးမှတ်ရသည်။

လိပ်စာရွတ်ပြသည်ကိုက တော်တော်ကြာ၏။

တောက်. . . ထူးကျော်ရာ ဘယ်လိုလူနဲ့မှ ပစ္စည်းလူကြုံ ပါးလိုက်ရတာလဲကွာ. . . ဟု စိတ်ထဲက ကျိတ်ပြီး မေတ္တာပို့မိ၏။ 

အစကတည်းက ဒီလူနာမည် ‘သက်ထွေး’ ဆိုတာ ကြားရရချင်းမှာကို နာမည်က ကို့ယို့ကားယား နာမည်ပဲဟု စိတ်က တွေးမိသေးသည်။

အခုတော့ • • •

သူနေသော Dover နှင့် Clementi က သိပ်မဝေးသဖြင့် တော်သေးသည်။ ထိုသူတည်းသော တိုက်ခန်းကို ရောက်တော့ . . . 

“ကို.. . ကို. . . ကို. . . ကိုမိုးနှောင်းလား”

အသားညိုညို၊ မျက်လုံးပြူးပြူး၊ ဆံပင်ထောင်ထောင်နှင့် ဆပ်ကပ်လူရွှင်တော်ရုပ် ပေါက်နေသော ငနဲတစ်ယောက်က ဆီးပြီးမေးသည်။ မိုးနှောင်းက . . .

“ဟုတ်ကဲ့၊ ကိုသက်ထွေးထင်ပါရဲ့၊ ဒါနဲ့ ကျွန်တော့်အတွက် သဇင်ပန်းက အခု ပါလာပြီလား၊ ဒါမှမဟုတ် ကျွန်တော် ဘယ်လိုစီစဉ်” 

“စ. . . စ. . . စာဏကျန. . . နီတိထဲမှာပါတဲ့. . . ကြံ. . . ကြံ. . . ကြံစည်တိုင်းလည်း. . . မ. . . မ . . . ဖြစ်. . . 

“ကျွန်တော် တောင်းပန်ပါတယ် ကိုသက်ထွေးရယ် စာဏာကျ နီတိတစ်အုပ်လုံးကိုတော့ မရွတ်ပြပါနဲ့နော်၊ ဟို. . . ဟို. . . ကျွန်တော့် သဇင်ပန်းလေး ဘယ်လို.......

သက်ထွေးဆိုသည့်ငနဲက “အဟမ်း. . .” ဟု ချောင်းဟန့်သံပြုလိုက်ပြီး .

“ကျေ. . . ကျေ. . . ကျောက်သင်္ဘော ဆ … ဆ … ဆရာတော်ကြီး. . . ဟ. . . ဟ... ဟောကြားမိန့်မြွက်ခဲ့. . . ခဲ့. . . ခဲ့သလို ..လု..လု..လု... လုပ်သမျှဟာ. . . . . ဒ … ဒ … ဒ…. ဒုက္ခတွေ ဖြ. . . ဖြ. . . ဖြစ်နေပါလား. . . လို့. . . . . . .. . . နှလုံးသွင်းပြီးတော့. . . ဆ. . . ဆ. . . ဆင်ခြင်ကြည့်လိုက်မယ်ဆိုရင်. . . 

“ဒုက္ခပါပဲဗျာ”

မိုးနှောင်းက အားငယ်စွာ ငြီးညူလိုက်မိ၏။ နဂိုကတည်းကမှ စကားက လိုရာရောက်ဘို့ တော်တော်ကြာအောင် အချိန်ယူနေသည့် အထဲ နိဒါန်းအပျိုးမှာ နီတိတွေ တရားတော်တွေကိုပါ ရွတ်ဖတ်သရဇ္ဈာယ်ပြီး ခမ်းခမ်းနားနား အစချီချင်နေသေး၏။

ထိုစဉ်. . . အဲဒီတိုက်ခန်းမှာနေသော သက်ထွေး၏ စင်္ကာပူအိမ်ခံ မြန်မာလူရွယ်တစ်ယောက်က မိုးနှောင်း၏ဒုက္ခကို မကြည့်ရက်တော့သောကြောင့် ကြားဝင်ပြီး . . .

“ဒီလိုဗျာ. . . ကျွန်တော်တို့ကို သူ ရောက်ရောက်ချင်း ပြောပြတဲ့ပုံအရဆိုရင်တော့ ခင်ဗျားမှာလိုက်တဲ့သဇင်ပန်းကို ကြေသွားမှာစိုးလို့ သူက Hand Carry နဲ့ပဲ သယ်လာတာတဲ့၊ ချန်ဂီလေဆိပ်က အထွက်မှာ ထုတ်ကြည့်လိုက်တော့တောင် အကောင်းအတိုင်းပဲ ရှိသေးတယ်ဆိုပဲ၊ အဲဒါ လေဆိပ်ကအထွက် ကားငှားပြီး ကားပေါ်တက်မလို့ ပါတဲ့ပစ္စည်းတွေကို စစ်ကြည့်လိုက်တော့ သဇင်ပန်းထည့်လာတဲ့ စက္ကူအိတ် မရှိတော့ဘူးတဲ့ဗျာ၊ အင်း. . . ကျွန်တော့်အထင်ပြောရရင် လေဆိပ်အပေါက်ဝနဲ့ Taxi Stand ကြားထဲက တစ်နေရာရာမှာ ကျပျောက်ခဲ့တယ်ထင်ပါရဲ့” 

“ ဟ … … ဟ … ဟ … ဟုတ်ယ် … အ … အ…. အ… အဲဒီအတိုင်းပဲ"

သက်ထွေးဆိုသူက (သူ့အတိုင်းအတာနှင့်သူ) သွက်လက်စွာ ဝင်ပြီး ထောက်ခံ၏။ မိုးနှောင်းက . . .

“ဒါနဲ့များ ကိုသက်ထွေးရယ်၊ လေဆိပ်က ထွက်ထွက်ချင်း အကျိုးအကြောင်းကို ကျွန်တော့်ဆီ ဖုန်းဆက်လိုက်ရင် ကျွန်တော် ချက်ချင်း လာရှာမှာပေါ့ဗျာ၊ အခုတော့. . .

“ ဆ … ဆ… ဆက်မလို့ပဲ၊ ကျ … ကျ … ကျွန်တော်က စ … စ… စကားထစ်တော့ … ကို … ကို … ကိုယ့်ဖုန်းနဲ့ကိုယ် …ဆ … ဆ … ဆက်ရင်  … ဖ …. ဖ… ဖုန်းခအရမ်း … ကုန် … ကုန်မှာစိုးလို့ … ဒ … ဒ … ဒီရောက်မှ … သူ … သူ … သူများဖုန်းနဲ့ … ဆ … ဆ …ဆက်ရတာ “

အမျှော်အမြင်ကြီးပါပေတယ် ကိုသက်ထွေးရယ်ဟုသာ ဂါရ၀ ပြုလိုက်ချင်တော့သည်။ မိုးနှောင်း လက်ပတ်နာရီကို ငုံ့ကြည့်လိုက်၏။

ရလိုရငြားသဘောထားပြီး ချန်ဂီလေဆိပ်ကို ပြေးမှဖြစ်တော့မည်။

မိုးနှောင်းက ထိုင်နေရာမှ ထရပ်ရင်း …

“ဪ … ဒါနဲ့ ကိုသက်ထွေး၊ ခင်ဗျားနာမည်ကို ‘သက်ထွေး’ လို့ ဘာဖြစ်လို့ ခင်ဗျားအမေက မှည့်ခဲ့တာလဲ။ ဧကန္တ ခင်ဗျားငယ်ငယ်တုန်းက အိပ်ယာထဲမှာ ခဏခဏ ဆီးသွားလို့နဲ့တူတယ်’’

“မ … မ … မ … မဟုတ်ပါဘူး၊ ဒ … ဒ … ဒါက … ဒီ … ဒီ … ဒီလိုရှိပါတယ်၊ ကျွန်တော် … ရှင်း … ရှင်း … ရှင်းပြ ….’’

“ကျွန်တော် သွားလိုက်ပါဦးမယ် . . . တာ့တာ’’

ထိုငနဲသားက အရမ်းကို ရှင်းပြနေချင်ဆဲ အခိုက်အတန့်ကို တမင်ရွေးပြီး နှုတ်ဆက်ကာ လစ်ထွက်ခဲ့တော့သည်။

ဒင်းဖါသာဒင်း ပါးစပ်တပြင်ပြင် တို့လို့တန်းလန်းနှင့် ဆန့်တငံ့ငံ့ဖြစ်ပြီး ကျန်ရစ်ခဲ့ပေတော့ဟု မိုးနှောင်း တွေးလိုက်၏။


*****


ကိုယ့်ဇောနှင့်ကိုယ်မို့လို့သာ လေဆိပ်ကို ဇွတ်အတင်းရောက်အောင် လာမိသည်။ တကယ်တမ်း ရောက်လာတော့လည်း ဘယ်နေရာမှာသွားပြီး ဘယ်လိုရှာရမည်မှန်းမသိ။

လေဆိပ်က အကျယ်ကြီး။ ပြီးတော့ လူတွေကလည်း အရှုပ်ရှုပ် အထွေးထွေး။ သဇင်ပန်း ကျပျောက်ခဲ့သည့် နေရာကိုလည်း အတိအကျသိတာမဟုတ်။

တကယ်တမ်း အတိအကျသိသည်ပဲထားဦး။ ဒီလောက်အချိန် အတောအတွင်းမှာ သန့်ရှင်းရေးသမား တယောက်ယောက်က တွေ့သွားနှင့်ပြီးလော်ပြီ။

စင်္ကာပူလို အမှိုက်သိမ်း စည်းကမ်းကြီးသည့် တိုင်းပြည်မှာ အခုလောက်ဆို သဇင်ပန်း အထုပ်ကလေးသည် အမှိုက်ပုံးထဲ ရောက်နေလောက်ပြီဟု သူတွေးမိ၏။

ငါ … ဘာလုပ်ရင် ကောင်းမလဲ။

အမှိုက်ပုံးတွေထဲ လိုက်ရှာရမလား။ ဒါလည်းမဖြစ်နိုင်။ ကြာကြာတွေးလေ ကိုယ်လုပ်နေသော အချိုးသည် ရူးကြောင်ကြောင်နိုင်မှန်း သိသာလာလေလေ ဖြစ်နေ၏။

ခရီးသည်တွေ တက္ကစီငှားသောနေရာတစ်ဝိုက်မှာ မိုးနှောင်း အဓိပ္ပါယ်ကင်းစွာ ဟိုဟိုဒီဒီ လျှောက်နေမိ၏။

ကြာလာတော့ ဖြတ်သန်းသွားလာနေကြသည့် လူတွေ၏ မျက်နှာကိုသာ ဘာရယ်မဟုတ်ဘဲ ငေးကြည့်နေဖြစ်တော့သည်။ နောက်တော့ စိတ်ကူးပြောင်းကာ အမျိုးသမီး ခရီးသည်တွေ၏ဦ းခေါင်းကို လိုက်ကြည့်ပြန်၏။

တစ်ယောက်ယောက်များ သဇင်ပန်း ပန်လာလေမလားဟူသော စိတ်ကူးနှင့်ဖြစ်သည်။

ဖြတ်သန်းသွားသမျှ အမျိုးသမီးတွေ၏ဦ းခေါင်းကို မိုးနှောင်းက ပြူးတူးပြဲတဲ လိုက်ကြည့်လွန်းသဖြင့် တစ်ချို့ အမျိုးသမီးတွေက စိတ်မလုံမလဲဖြစ်ပြီး သူတို့ခေါင်းကိုသူတို့ ပြန်ပြန် စမ်းကြည့်သွားကြသည်။ ဒီတော့မှ မိုးနှောင်းလည်း . . .

“အင်း .. ငါ့လုပ်ပုံက နည်းနည်းတော့ လွန်နေပြီထင်တယ်၊ ကြာရင် ရဲကပါ မသင်္ကာ ဖြစ်တော့မယ်”

ဟု တွေးပြီး တိုင်တစ်တိုင်အနားသွားကာ ကပ်ပြီးမှီနေလိုက်၏။

သူ့စိတ်ကတော့ အိမ်ပြန်ရောက်၍ ဟိုမရဏဖွါး ကောင်မလေးနှင့်တွေ့လျှင် ဘယ်လိုရှင်းပြရမလဲဆိုသည်ကို စဉ်းစားရင်း ဦးနှောက်ခြောက်နေ၏။

ဘယ်လောက်ထိကြာအောင် ရပ်ပြီး စဉ်းစားမိနေသည်မသိ။ သူ့ခြေသလုံးတွေပါ တောင့်လာ၏။ ထိုစဉ်မှာပင် သန့်ရှင်းရေးဝတ်စုံ ဝတ်ထားသော အလုပ်သမားတစ်ယောက်က သူ့အနီးသို့ကပ်လာပြီး . . 

"Please Mr. Off my way

ဟုဆိုကာ ဘေးသို့ဖယ်ပေးဘို့ ပြောရင်း မိုးနှောင်း၏ နောက်ဘက်သို့လည်း လက်ညှိုးတထိုးထိုးဖြင့် ပြသည်။

ဒီတော့မှ မိုးနှောင်းလည်း သူ့နောက်ဘက်သို့ လှည့်ကြည့်မိ၏၊ 

“ဪ . . ဟုတ်သားပဲ၊ ငါက အမှိုက်ပုံးကိုကွယ်ပြီး ရပ်နေမိတာကိုး’’

ဟု တွေးရင်း ဘေးသို့ နေရာရွှေ့ပေးလိုက်သည်။ သန့်ရှင်းရေးအလုပ်သမားက သူ့ လက်ထဲမှစ က္ကူအိတ်သေး သေးလေးတစ်အိတ်ကို အမှိုက်ပုံးထဲသို့ထည့်ရန် ဟန်ပြင်လိုက်၏။ မိုးနှောင်း၏အကြည့်က သန့်ရှင်းရေးဝန်ထမ်း၏ လက်ထဲမှ စက္ကူအိတ်ကလေးဆီသို့ ရောက်သွားသည်။

စက္ကူအိတ်ကလေးက လူတကာ အနင်းခံထားရသောကြောင့် ပေါက်ပြဲ ကြေမွနေ၏။

အပေါက်အပြဲကြားထဲက ငေါက်တောက်ကလေးပြူထွက်နေသည့်အရာကတော့ နွမ်းကြေနေသည့် သဇင်ပန်းခိုင်ကလေး။

"ဟာ…’’

မိုးနှောင်း ထခုန်မိမတတ် ဝမ်းသာသွားသည်။ ချက်ချင်းလိုလိုပင် အမှိုက်ပစ်တော့မည့်ဆဲဆဲ သန့်ရှင်းရေးဝန်ထမ်းကို . . .

"Halt Please

ဟု အော်ဟစ်လိုက်မိ၏။ ပြီးတော့ ကမူးရူးထိုးဖြင့်

“Please ... Please Leave it with me’’

ကျွန်တော့်ကို အဲဒီစက္ကူအိတ်ကလေးပေးပါဗျာ. . တောင်းလိုက်သည်။

သို့သော် သန့်ရှင်းရေးအလုပ်သမားက မူမမှန်သလို ဖြစ်နေသော မိုးနှောင်းကို သံသယဝင်သလို ကြည့်လိုက်ပြီး . .

Why? I've to litter this bag into the trash can. It's my duty, you know La’’

ဘာဖြစ်လို့လဲ။ ငါ အမှိုက်ပစ်မလို့ဥစ္စာကို … ဟု မကျေမချမ်းဟန်ဖြင့် ပြန်မေးသည်။ စင်္ကာပူ အင်္ဂလိပ်စကားဖြစ်သောကြောင့် ‘လား (La)’ သံကလည်း မပျောက်။

မိုးနှောင်းက ပျာပျာသလဲဖြင့်

“Yes, I know...I know I'll take care of it. May I do it for you.

Because I've never trashed any rubbish into a trash thru out my life. It's my dying wish...Please...Please…’’

“အဲဒီအမှိုက်ကို ကျွန်တော်ပဲ ပစ်ပေးပါရစေခင်ဗျာ၊ ကျွန်တော်လေ ဘဝမှာ တစ်ခါမှ အမှိုက်မပစ်ဘူးဘူးခင်ဗျ၊ အမှိုက်ပစ်ကြည့်ချင်လွန်းလို့ သေလုမျောပါးကို ဖြစ်နေလို့ပါဗျာ”

ဟု ပြောမိပြောရာ စွတ်ပြီးချွဲလိုက်သည်။ သူ့စကားကို နားလည်လား မလည်လားတော့ မသိ။ ဒါမှမဟုတ် ကိစ္စအေးလျှင်ပြီးရောလို့များ သဘောထားသွားသလား မပြောတတ်။ သူ့လက်ထဲသို့ စက္ကူအိတ်ကို ထိုးထည့်ပေးခဲ့ပြီး သန့်ရှင်းရေးအလုပ်သမားက ထွက်သွား၏။ ဒါတောင်မှ ဝေးဝေးထွက်မသွား။ မလှမ်းမကမ်းမှနေပြီး မိုးနှောင်းကို တစေ့တစောင်း အကဲခတ်နေသည်။

မိုးနှောင်းကလည်း ဒါကိုရိပ်မိသောကြောင့် အထုပ်ကို အမှိုက်ပုံးထဲ ထည့်တော့မယောင် ယောင်လိုက်လို့၊ မသိမသာ လက်ကိုပြန်ရုပ်လိုက်နှင့် သုံးလေးငါးခါ ချီတုံချတုံ လုပ်နေသည်။ သန့်ရှင်းရေးအလုပ်သမား လစ်သည်နှင့်တစ်ပြိုင်နက် မိုးနှောင်း တက္ကစီရှိရာဆီသို့ ပြေးလေတော့သည်။

အခန်း - ၈ ဖတ်ရန်

Comments