ဧည့်ခန်းထဲသို့ မိုးနှောင်း အသာအယာ ခြေကိုဖေါ့ပြီး ဝင်လိုက်သည်။ ဆက်တီပေါ်မှာ ကွေးကွေးကလေးထိုင်နေသော ကသစ်ဖြူကို မြင်ရ၏။
ကသစ်ဖြူကတော့ သူဝင်လာသည်ကို သိပုံမရ။ သူမ၏အာရုံ သူမလက်ထဲမှာ လှည့်ကစားနေသော ရောင်စုံပဟေဠိ ကုဗတုံးကလေးဆီမှာသာ စူးစိုက်ထားပုံရ၏။
သူမ၏လက်အစုံ လှုပ်ရှားမှုက လျင်မြန်သွက်လက်လှသည်။ ကုဗတုံးထဲမှ အရောင်ကွက်တန်းတွေကို ဘေးဘယ်ညာကို ဖျတ်ခနဲ ဖျတ်ခနဲ လှည့်လိုက်၊ အထက်အောက် တည့်အောင် ပြန်လှည့်လိုက်နှင့် မြန်ဆန် အချိုးကျလွန်းလှသည်။
သူမ၏ စိတ်အဆုံးအဖြတ်နှင့် လက်လှုပ်ရှားမှုက တစ်ထပ်တည်း တစ်သားတည်း တညီတညာတည်း ပြိုင်တူ တဖျတ်ဖျတ်နှင့် ပဟေဠိကို ဖြေရှင်းနေကြ၏။ သူမတွက်ဆမှုတွေကလည်း စက္ကန့်ပိုင်း စက္ကန့်ပိုင်းအတွင်းမှာပင် တိကျလွန်းနေသည်။
မျက်စိတစ်မှိက်အတွင်းမှာပင် ကုဗတုံးကလေး၏ မျက်နှာပြင်တိုင်းသည် အရောင်ကွက်တွေ ရောယှက်မနေတော့။ သူ့အရောင်နှင့်သူ သီးသန့်ကွဲကာ တစ်ပြေးညီတည်း ဖြစ်သွားလေတော့သည်။
သူမက ကုဗတုံးကလေးကို စိုက်ကြည့်ရင်း ပဟေဠိတစ်ပုဒ်ကို အောင်မြင်စွာ ဖြေဆိုလိုက်နိုင်သော ကလေးငယ်တစ်ယောက်လို ပြုံးလိုက်သည်။
အဲသည်အပြုံးကတော့ ကြာပန်းပွင့် ဖြူဖြူကလေးနှင့် တူ၏။ မိုးနှောင်းက သူမအနီးသို့သွားကာ ဆိုဖာဘေးတွင် ရပ်လိုက်ပြီး သူမ၏ မျက်စိရှေ့သို့ သဇင်ပန်းကလေးကို ထိုးပေးလိုက်၏။
“ဟောဒီမှာ မင်းလိုချင်တဲ့သဇင်ပန်း၊ ငါ ရအောင်ရှာလာခဲ့ပြီ"
“ဟင်...”
သူမက 'ဟင်’ ဟုသာ ရေရွတ်ပြီး မိုးနှောင်းကိုတစ်လှည့်၊ သူ့လက်ဖဝါးပေါ် တင်ထားသော သဇင်ပန်းကို တစ်လှည့်ကြည့်ကာ. . .
“ရှင့်သဇင်ပန်းကလည်း ကြေမွနေတာပဲ”
ပြောမည်ဆိုလျှင်လည်းပြောချင်စရာ။ သဇင်ပန်းဟု နာမည် တပ်ရရုံမျှသာရှိတော့သည်။ ဥကလည်း လူတွေ တက်နင်းထားသောကြောင့် စိစိညက်ညက်ကြေနေပြီး ပန်းခိုင်မှာ ပန်းပွင့်တွေလည်း မရှိသလောက် ပြုတ်ထွက်နေကြပြီ။
သို့သော် မိုးနှောင်းကတော့ ခပ်တည်တည်နှင့်ပင်
“မင်း. . . မှာတုန်းက အကောင်းအတိုင်း ဖြစ်ရမယ်လို့မှ မပါတာ၊ ကိုယ့်တာဝန်က မင်းလိုချင်တာကို အချိန်မီရအောင် ယူလာဖို့ပဲလေ”
ကောင်စုတ်မလေး နည်းနည်းတော့ ငိုင်သွား၏။ ပြီးတော့မှ ခေါင်းကို မညိတ်ချင်ညိတ်ချင်နှင့် ညိတ်လိုက်ပြီး
“အင်း. . . ထားပါတော့လေ၊ ကျွန်မဘက်က စေ့စေ့စပ်စပ် မှာလိုက်ဖို့ နည်းနည်း သတိလစ်သွားတယ်၊ ဒီတော့ ဒီတစ်ပွဲမှာ ရှင် နိုင်လိုက်တယ်လို့ပဲ သတ်မှတ်လိုက်ရတော့မှာပေါ့”
မိုးနှောင်း ခေါင်းကိုခါယမ်းသည်။ ပြီးတော့
“ကိုယ်က အနိုင်ယူချင်တာ မဟုတ်ပါဘူး၊ မင်းကို စိတ်ချမ်းသာ စေချင်တာပါ”
“ကျွန်မ စိတ်ချမ်းသာသွားတော့ကော ရှင့်အတွက် ဘာအကျိုး အမြတ်ရှိလာမှာမို့လို့လဲ"
ကသစ်ဖြူ၏စကားကြောင့် မိုးနှောင်းက သူမကို စိတ်ထဲမှနေပြီး ‘အမိုက်အမဲမလေး’ ဟုခေါ်ကာ စိတ်ကူးဖြင့်ပင် သူမခေါင်းကို သုံးချက်လောက် ခေါက်လိုက်၏။
ပြီးတော့ . . .
“မင်းမှားနေပြီ ကသစ်ဖြူ၊ ကိုယ့်ဘက်က ရယူလိုက်မှ အကျိုးအမြတ်လို့ ခေါ်တာ မဟုတ်ဘူး”
“မင်းနှလုံးအိမ်ထဲမှာ အလင်းရောင်လေး တောက်ပလာဘို့ ငါက မီးစာ ဖြစ်ပေးရမယ် ဆိုရင်လည်း လောင်ကျွမ်းခံရဲတယ်၊ အဲဒီ ကျေနပ်မှုဟာ ငါရလိုက်တဲ့ အရာပေါ့။
ကဲ. . . ဘယ်လိုလဲ. . . ငါ့ကို မိတ်ဆွေကောင်းတစ်ယောက် အနေနဲ့ နှုတ်မဆက်ချင်ဘူးလား”
မောဟိုက် နွမ်းလျသွားသော မိုးနှောင်း၏ စကားအဆုံးတွင် ကသစ်ဖြူကတော့ တိတ်ဆိတ်နေ၏။
သူမ၏ မျက်လုံးအစုံက ဘာမှမရှိသော လေဟာပြင်ထဲမှ တစ်စုံတစ်ရာကို ငေးမောနေသလိုမျိုး။
အတန်ကြာမှ သူမက ခပ်တိုးတိုးပြောသည်။
“အင်း. . . စဉ်း. . . စား. . . . . .ရာ... ပါ...ပဲ"
သင်တို့ကော တောရိုင်းတိရိစ္ဆာန်တစ်ကောင်ကို လေ့ကျင့်သင်ကြားပေးဖူးကြပါသလား. . . ။


Comments
Post a Comment